← Chapters

ခုနစ်နှစ်မြောက် ပြစ်ဒဏ်

Vol. 57 Ch. 800

ခုနစ်နှစ်မြောက် ပြစ်ဒဏ်

Vol. 57 Ch. 800

“သခင်လေး ၊ အခု စာလုပ်ရမယ်‌လေ...”

“သခင်လေး၊ ဝမ်းကွဲမင်းသားလေးဝေကို အနိုင်မကျင့်ပါနဲ့တော့ာ ။ ကြည့်ဦး ဟိုမှာ သခင်လေးရိုက်လို့ ငိုနေပြီ”

“အီးရား သခင်လေး မင်းသမီးလေးလင်းအာကို အနိုင်မကျင့်ရဘူးလေ။ သူ ... သူက သခင်လေးရဲ့ ဇနီးလောင်း။ ခေါင်းဆောင်ကြီးကိုယ်တိုင် တရားဝင်အမိန့်ထုတ်ထားပြီးပြီ”

မန်ဟိုမှာ ဖြစ်ပျက်နေသောအားလုံးကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေ၏။ ငါးနှစ်အရွယ် သူက ရွယ်တူကောင်လေးကို လက်သီးများဖြင့် ဆင့်ကာဆင့်ကာ ထိုးနေသည်။ ကောင်လေးက မန်ဟို့ကို သူ့အစ်မ‌ရိုက်အောင် တစ်ခုခုတိုင်ပြောခဲ့ပုံပင်။ ဤသည်ကား သူ၏လက်စားချေမှုဖြစ်သည်။‌ နောက်ဆုံးတော့ ကောင်လေးမှာ တအီးအီးငိုရင်း အသနားခံတော့သည်။ နောက်မြင်ကွင်းတစ်ခုတွင် သူနှင့်ရွယ်တူ ကလေးမလေး၏ဆံပင်ကို မီးရှို့နေသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ မန်ဟိုမှာ အတော်လေး အံ့အားသင့်သွားတော့သည်..... ဤ‌ကလေးက သူရော ဟုတ်ရဲ့လား။

သူသည် မရင်းနှီးသောမြင်ကွင်းများစွာနှင့် ခုနစ်နှစ်မပြည့်ခင် နေထိုင်ခဲ့သည့် လွတ်လပ်သောဘဝကို မြင်တွေ့နေရ၏။ သူ နေထိုင်ခဲ့သောဘဝမှာ ရိုးရိုးသားသားပျော်ရွှင်ရသော ဘဝလေးဖြစ်ခဲ့သည်။

သူကား နည်းနည်းလေးမှ စာမကြိုးစားခဲ့ရာ မန်ဟို့အား အရာရှိစာမေးပွဲများတွင် တဖုန်းဖုန်း ကျခဲ့ရသည်ကို ပြန်မှတ်မိသွားစေသည်။

သို့သော် ခုနစ်နှစ်ပြည့်မွေးနေ့တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့၏။

သူ ခုနစ်နှစ်ပြည့်နေသော နေ့တွင် မထင်ထားသောအရာတစ်ခု သူ့တွင် ဖြစ်ပျက်သွားသည်။ ၎င်းသည် ကံကြမ္မာဆိုးဖြစ်ပြီး ဖန်မျိုးနွယ်စုတစ်စုလုံးအား အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့သော်လည်း သတင်းမှာ လျင်မြန်စွာ ဖုံးဖိခံခဲ့ရလေသည်။

ဖန်မျိုးနွယ်စုတွင် သွေးဆက်အမွေ ၊ ကောင်းကင်ဘုံကို အာခံနေသော တာအိုမှော်အစွမ်းတစ်ရပ်ရှိသည်။ ၎င်းသည် သွေးဆက်အပေါ်မူတည်၍ မျိုးနွယ်တစ်ဦးနှင့်တစ်ဦးအကြား ပေါ်ပေါက်လာသည့်ပုံစံမတူပေ။ ၎င်းက ... နိဗ္ဗာနပြန်မွေးဖွားခြင်းကို လေးကြိမ်အထိ ခွင့်ပြုပေးနိုင်သော တာအိုမှော်အစွမ်းတစ်ခုဖြစ်သည်။ ၎င်းသည် သူတို့ကို လေးဘဝအထိ ရှင်သန်နိုင်ခွင့်ပေးသော စွမ်းရည်တစ်မျိုးပင်။

‘ဖန် 方’ စကားလုံးသည် ထိုလေးဘဝဆိုသည့်အတိုင်း စုတ်ချက်လေးချက်ဖြင့် ဖွဲ့စည်းထား၏။ အဆိုပါတာအိုမှော်ပညာရပ်ကြောင့် ဖန်မျိုးနွယ်စုမှာ သခင်ကျီ၏ခေတ်တွင်ဖြစ်စေ၊ သခင်လီ၏ခေတ်တွင်ဖြစ်စေ ‌နဝမတောင်နှင့်ပင်လယ်၌ အင်အားကြီးမားလျက် ကျန်ရစ်နိုင်ခဲ့ခြင်းဖြစ်သည်။

နိဗ္ဗာနအမှတ်တစ်ခုဖြင့် မွေးဖွားလာသော မည်သည့်မျိုးနွယ်ဝင်ကိုမဆို ရွေးချယ်ခံအဖြစ် သတ်မှတ်၍ရနိုင်သည်။ မျိုးနွယ်ဝင်တစ်ယောက်သည် ၎င်းမပါဘဲ မွေးဖွားလာခဲ့လျှင် နောက်ပိုင်းတိုးတက်လာဖို့ ခဲယဉ်း၏။

ထိုမျှသာမက နှစ်ပေါင်းများစွာတစ်လျှောက်လုံး အဆိုပါလေးဘဝလုံး နေထိုင်နိုင်ခဲ့သူဟူ၍ မကြားဖူးသလောက်ပေ။ မျိုးနွယ်စု‌ခေါင်းဆောင်တချို့ပင်လျှင် အိုမင်းပြီးအားနည်းလာသောအခါ နိဗ္ဗာနပြန်မွေးဖွားခြင်းကို တစ်ကြိမ်သာ ကြုံတွေ့ကြရသည်။ နိဗ္ဗာနပြန်မွေးဖွားခြင်းအား နှစ်ကြိမ်ကြုံတွေ့ျခဲ့သူများမှာ လက်ချိုးရေ၍ရသည်။

ထိုသို့ဖြစ်ပွားဖို့ နက်နဲသော ကျင့်ကြံခြင်းအခြေခံရှိဖို့ လိုအပ်ပြီး အလွန်သန့်စင်သော ဖန်မျိုးနွယ်သွေးဆက်စစ်စစ် ဖြစ်ရပေမည်။

နိဗ္ဗာနပြန်မွေးဖွားခြင်းကို ကြုံတွေ့ရတိုင်း နိဗ္ဗာပန်းတစ်ပွင့်ပွင့်လာမည်။ ၎င်းသည် ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားပြီး ထိုလူပုဂ္ဂိုလ်အား နောက်တစ်ဘဝ ထပ်မံရှင်သန်နိုင်စေခြင်းဖြင့် မယုံနိုင်လောက်အောင် အစွမ်းထက်လာ‌စေမည်။

ခုနစ်နှစ်မြောက်မွေးနေ့တွင် .... မန်ဟိုသည် နိဗ္ဗာနပြန်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့၏။

သူ့တွင် အစွမ်းထက်သောကျင့်ကြံခြင်းအခြေခံမရှိသည့်တိုင် ... နိဗ္ဗာနပြန်မွေးဖွားခြင်းကို ကြုံတွေ့ရလေသည်။

ဤကိစ္စက ‌ဖန်မျိုးနွယ်စုတစ်စုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ပြန်မွေးဖွားခြင်းက ကောင်းမွန်သောအရာတစ်ခုဖြစ်ပြီး လူတစ်ယောက်ကို နောက်တစ်ဘဝ ထပ်နေခွင့်ပေးသည်။ ခုနစ်နှစ်အရွယ်ကလေးငယ်လေးအတွက်မူ အရက်စက်ဆုံးအဖြစ်ဆိုးဖြစ်သည်။

သူ့မှာ ဘဝကို နေပင်မနေထိုင်ရ‌သေးပေ။ သူ့အရှေ့တွင် အဆုံးမရှိ‌သောဖြစ်နိုင်ခြေများနှင့် လမ်းတစ်လမ်းရှိသော်လည်း တစ်ခုမှပင် မစူးစမ်းရသေးမီ တားမြစ်ခံလိုက်ရလေပြီ။ သူ၏အသားနှင့်သွေးအဆီအနှစ်အကုန်လုံး၊ သူ၏ ယခုထက်ထိ မရှာဖွေရသေးသော ကံကြမ္မာကောင်းအကုန်လုံး နိဗ္ဗာနပြန်မွေးဖွားခြင်းအတွင်းသို့ စုပ်ယူခံရကာ သူ့မှာ အစမှ ပြန်စရတော့မည်။

သူ၏ခန္ဓာကိုယ်သည် ခုနစ်နှစ်အရွယ်မှ ဆုတ်ယုတ်လာရင်း မွေးကင်းစအရွယ်သို့ ပြန်ရောက်သွား၏။ သူ့လက်ဖမိုးအပေါ်ရှိ နိဗ္ဗာနအမှတ်မှာ တချို့တဝက် ပျောက်ကွယ်သွားခဲ့ပြီး အလွှာတစ်လွှာကွာကျပြီးနောက် အဆိုပါအလွှာက ပန်းတစ်ပွင့်အသွင်ပြောင်းသွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပန်းက .. သစ်သီးတစ်လုံးကို ဖွားမြင်ပေးလိုက်၏။

သစ်သီးက ဖန်မျိုးနွယ်စုကို ပို၍ပင် အံ့ဩတုန်လှုပ်သွားစေသည်။ ‌တံခါးပိတ်ကျင့်ကြံနေသော ခေါင်းဆောင်ကြီးများပင်လျှင် ကြည့်ဖို့ ထွက်လာကြ၏။

ဒဏ္ဍာရီများအရ ဖန်မျိုးနွယ်စု၏ နိဗ္ဗာနပြန်မွေးဖွားခြင်းတာအိုမှော်အစွမ်း၏ အထွတ်အထိပ်မှာ နိဗ္ဗာနသစ်သီးမှတစ်ပါးအခြားမဟုတ်ပေ။

နိဗ္ဗာနပန်းများသည် ရှားပါးသော်လည်း ၎င်းတို့ကို ဖော်ဆောင်နိုင်သူများ မျိုးဆက်တိုင်းတွင် ရှိ၏.... သို့သော် ဖန်မျိုးနွယ်စုတွင် နိဗ္ဗာနသစ်သီးအား ဒဏ္ဍာရီထဲက ပစ္စည်းအဖြစ် ပြောလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ယနေ့မတိုင်ခင်အထိ ဖန်မျိုးနွယ်စုတစ်စုလုံးတွင် နိဗ္ဗာနသစ်သီးတစ်လုံး၏ ခြောက်ကပ်ရွတ်တွနေသော အရှိန်အဝါမဲ့ အခွံတစ်ခုသာ ကျန်ရှိတော့သည်။

နိဗ္ဗာနပန်းများသည် ဖန်မျိုးနွယ်ဝင်တစ်ယောက် နိဗ္ဗာနပြန်မွေးဖွားခြင်းကို ကြုံတွေ့ပြီး နောက်တစ်ဘဝဖြင့် စတင်နေထိုင်သည့်အခါ ဖူးပွင့်လာ၏။ ၎င်းတို့က ခန္ဓာကိုယ်ထဲတွင် ဖွားမြင်ပြီး လူတစ်ယောက်ကို မယုံနိုင်လောက်အောင် အစွမ်းထက်စေနိုင်တယ်။ ထိုမျိုးနွယ်ဝင် နောက်ပိုင်း သေဆုံးသွားလျှင် နိဗ္ဗာနပန်းသည် ခြောက်သွေ့ပြီး ပျောက်ကွယ်သွားမည်ဖြစ်၏။

သို့သော် နိဗ္ဗာနသစ်သီးကား .... ပကတိ အမြင့်ဆုံးစွမ်းအားပင်။ ၎င်းတို့အား ထိန်းသိမ်း၍ ... အမွေအနှစ်များအဖြစ် လက်ဆင့်ကမ်းနိုင်သည်။

ထို့ပြင် ယခု ... မန်ဟိုပေါက်စလေးမှာ နိဗ္ဗာနသစ်သီးတစ်လုံးကို အမှန်တကယ် ထုတ်ပေးခဲ့လေပြီ။

ဤဖြစ်ရပ်က ဖန်မျိုးနွယ်စုကို တုန်လှုပ်သွားစေပြီး မျိုးနွယ်ဝင်အတော်များများမှာ မန်ဟို့အား ထူးခြားသောရွေးချယ်ခံဟု မြင်လာကြသည်။ သို့သော် သူ့အမေနှင့်အမေမှာတော့ စိတ်မချမ်းသာပေ။ ထို့ပြင် သူတို့မှာ သားဖြစ်သူ ခုနစ်နှစ်အရွယ်မှ မွေးကင်းစအရွယ်သို့ ပြန်ဆုတ်ယုတ်သွားသည်ကို ကြည့်ရင်း ပို၍စိတ်မချမ်းမသာဖြစ်လာကြသည်။

ဤကဲ့သို့ ကံကြမ္မာကောင်းမျိုးမှာ သူတို့ သိပ်လေးလေးနက်နက် မစဉ်းစားရဲတော့အရာဖြစ်သည်။  စဉ်းစားမိလျှင် ... ကြောက်စိတ်တို့ကြောင့် ခေါင်းမွှေးပင် ထောင်လာမိ၏။ ဤ ခုနစ်အရွယ်ကလေးငယ်အတွက် ရှစ်နှစ်မြောက်ဘဝမှာ ဘယ်တော့မှ မရှိသည့်အလား ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ပြီမဟုတ်ပါလော။

မန်ဟို့အဖေဘက်မှ အဘိုးက တိတ်ဆိတ်စွာ ကြည့်နေသည်။ တစ်ညတွင် သူ ထွက်သွား၏။ သူက ထွက်မသွားခင် ဘာတွေဖြစ်နေသလဲ ရှင်းပြပေးနိုင်မည့် တစ်ခုတည်းသောပုဂ္ဂိုလ်ဟု သူယုံကြည်သော အပြင်လူတစ်ယောက်အား သွားရှာမည်ဟု မန်ဟို့အဖေနှင့်အမေကို ပြောခဲ့သည်။ မန်ဟို့အမေဘက်မှ အဘိုး၊ အဋ္ဌမတောင်၏မန်မျိုးနွယ်စုမှ အလေးစားခံအဘိုးအိုလည်း သူနှင့်အတူ လိုက်သွား၏။

သူတို့နှစ်ယောက် ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

မန်ဟိုလေးသည် အသက်ပြန်သွင်းခံခဲ့ရသည့်အလား ပြန်ကြီးလာပြန်၏။ သူ့တွင် ယခင်ဘဝမှ မှတ်ဉာဏ်များမရှိတော့သလို၊ ပင်ကိုယ်စရိုက်လည်း အပြောင်းလဲကြီး ပြောင်းလဲသွားသည်။ သူသည် များစွာ တိတ်ဆိတ်လာ၏။ သူ့မှာ မျိုးနွယ်ဝင်များ ဘယ်သူမှ သူတို့ကို ကြည့်မနေလျှင် သူ့ကို ကြည့်တတ်သည့် ထူးထူးဆန်းဆန်းအကြည့်များကို သတိထားမိလေသည်။ ၎င်းက သူ့ကို ကြောက်လန့်စေသည်။

ထိုအကြည့်များမှာ ကလေးတစ်ယောက်ကို ကြည့်နေသော အကြည့်မျိုးမဟုတ်ဘဲ ကောင်းကင်ရတနာ ၊ လောကဓာတ်ရတနာများကို ကြည့်နေသလိုမျိုးဖြစ်သည်။

လူအများ သူ့ကို ထိုသို့ကြည့်လျှင် သူ့အစ်မက ဒေါသူပုန်ထပြီး မန်ဟို့နှင့်အတူ သူတို့ကို သွားရိုက်တတ်သည်။ သူမသည် သူ့ကို စောင့်ရှောက်ရင်း သူ့ဘေးတွင် မကြာခဏ ရှိနေတတ်၏။

“မကြောက်နဲ့ မောင်လေး ။ မမ နင့်ကို ကာကွယ်ပေးဖို့ ဒီမှာရှိတယ်” သူမသည် ယခုတွင် (၁၅)နှစ် ၊ (၁၆)နှစ်အရွယ်ဖြစ်ပြီး ပိန်ပိန်သွယ်သွယ်နှင့် တင့်တယ်ကြော့ရှင်း၏။ သို့သော် သူမ၏ ဒေါသကြီးသောစရိုက်က ပြောင်းလဲမသွားခဲ့ပေ။ တကယ်တမ်း ပို၍ပင် ဒေါသကြီးလာခဲ့သည်။

တစ်ရက်တွင် မျိုးနွယ်စု၏ စီနီယာတစ်ယောက်သည် မန်ဟို့ကို ထူးဆန်းစွာ ကြည့်ရာ သူ့အား အလွန်ကြောက်လန့်သွားစေသည်။

နောက်ပိုင်း သူ အဖေ့ကို ထိုအကြောင်း ပြောပြခဲ့သည်။ သူ့အဖေက ပြုံးပြီး သူ့ဆံပင်များကို ထိုးဖွပြီးနောက် သိပ်ပေးသည်။ မန်ဟို အိပ်ပျော်သွားပြီးနောက်တွင် သူ့အဖေသည် လှည့်ထွက်သွားပြီ မျက်နှာမှာ အတိုင်းထက်အလွန် တင်းမာခက်ထန်နေ၏။ ထိုနေ့တွင် ဖန်မျိုးနွယ်စုတစ်စုလုံး ဆူညံပွက်လောရိုက်သွားပြီး မချိတင်ကဲအော်သံများ ဆူညံလာသည်။ မန်ဟို့အဖေက ဓားကို လက်တွင်ကိုင်ရင်း တစ်မျိုးနွယ်လုံး၌ သောင်းကျန်းခဲ့လေသည်။

ထိုအချိန်မှစ၍ မန်ဟို့ကို ထိုသို့ ကြည့်ရဲသူနည်းပါးလာသည်။

အချိန်များ ကုန်လွန်သွား၏။ တစ်ခါက မန်ဟိုနှင့်ရွယ်တူကလေးများမှာ ကြီးပြင်းလာကြပြီး သူ အနိုင်ကျင့်ခဲ့သူများမှာ ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆင့်တက်ကုန်ကြသည်။ သူသည် လှသထက်လှလာသော မိန်းကလေး၏ဆံပင်များကို မီးရှို့လို့မရတော့ပေ။ သူ အင်မတန် မနှစ်မြို့သော မင်းသားလေးဝေကိုလည်း မထိုးနိုင်တော့။ သူ၏ ယခင်တုန်းက သူငယ်ချင်းများနှင့်လည်း ဆော့ကစားခြင်းမလုပ်နိုင်တော့ပေ။ သူ့ကို မျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက် လာတွေ့ကြသော်လည်း သူ့မှာ အထီးကျန်မှုကို ခံစားနေရဆဲဖြစ်သည်။ နောက်ဆုံးတွင် သူသည် ခုနစ်နှစ်ပြည့်တုန်းက ပြန်မွေးဖွားခဲ့ရသည့်အဖြစ်ကိုလည်း သိရှိသွားခဲ့သည်။

သူ့ကို အမှန်တကယ် အဖော်ပြုပေးသူများမှာ သူ့အဖေ၊ သူ့အမေနှင့် သူ့အစ်မတို့သာ ဖြစ်သည်။ ဤဒုတိယဘဝတွင် မန်ဟိုသည် အပြင်ထွက်ခဲ၏။ ထိုခုနစ်နှစ်လုံး၏ အချိန်အများစုမှာ တိတ်ဆိတ်စွာသာ ကုန်ဆုံးသွားခဲ့လေသည်....

နောက်ဆုံးတော့ သူ့ဒုတိယဘဝ၏ ခုနစ်နှစ်ပြည့်သို့ ရောက်ရှိလာပြီး သူ့မှာ .... နောက်တစ်ကြိမ် နိဗ္ဗာနပြန်မွေးဖွားခြင်းအား ကြုံတွေ့ပြန်သည်။

ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုမှာ အကြောက်တရားနှင့် နာကျင်မှုကို ခံစားရသည်။ သူ၏ခန္ဓာကိုယ်သည် ခြောက်ကပ်လာပြီး အရာအားလုံး ဝေဝါးလာသည်။ သူ့အသွေးအသားတို့ ခမ်းခြောက်‌လာနေသည့်အလားပင်။ သူ့လက်ဖမိုးအပေါ်ရှိ အမှတ်သည် နောက်တစ်ကြိမ် ဆန်းကြယ်စွာ တောက်ပသွားပြန်၏။

ဖန်မျိုးနွယ်စုမှာ ထပ်မံ၍ အုတ်အော်သောင်းနင်းဖြစ်သွားပြန်သည်။ မန်ဟို နိဗ္ဗာနပြန်မွေးဖွားခြင်းကို ကြုံတွေ့နေစဉ် သူ့အမေမှာ သူ့ကို ဖက်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ မန်ဟိုမှာ မှတ်ဉာဏ်များ ဝေဝါးနေသဖြင့် သူ့အမေကို ကြောင်တောင်တောင်လေး ကြည့်ပြီး သူမမျက်နှာအပေါ်ရှိ နာကျင်မှု ၊ ကြေကွဲမှုကို မြင်လိုက်သည်။

မန်ဟိုလေးက အသံအက်အက်လေးဖြင့် ပြောသည်။ “အမေ ... မငိုပါနဲ့ ... ဒါကလေ ခဏ အိပ်သွားသလိုလေးပဲဆို ... သား နည်းနည်း နားပြီးရင် နိုးလာမှာပါ ... သားနိုးလာရင် ပုံပြင်တစ်ပုဒ် ပြောပြရမယ်နော် ဟုတ်ပြီလား....”

သူ့အစ်မမှာ‌လည်း မောင်ဖြစ်သူကို ကြည့်ရင်း တဟင့်ဟင် ငိုရှိုက်ကာ ဘေးတွင် ရပ်နေသည်။ သူမသည် အသက်နှစ်ဆယ်ပြည့်ပြီဖြစ်ပြီး သူမမောင်လေး နှစ်ကြိမ်ကြီးပြင်းလာခဲ့သော်လည်း နိဗ္ဗာနပြန်မွေးဖွားခြင်းကို နှစ်ကြိမ် ကြုံတွေ့ရပြန်သည်ကိုသာ တွေ့မြင်ရခြင်းက သူမကို ရင်ကွဲစေ၏။

သူ့အဖေက သွေးမျက်ရည်များ ကျနေသည့်အလား လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဘေးတွင် ရပ်နေသည်။ ကံဆိုးစွာနှင့် သူ့အတွက် နှလုံးသားထဲက ပူဆွေးသောကကို ဖွင့်ထုတ်ပစ်စရာ နည်းလမ်းမရှိပေ။

နိဗ္ဗာနပြန်မွေးဖွားခြင်းက မုချ ကောင်းကင်ဘုံကို အာခံသည်။ သို့သော် ခုနစ်နှစ်ပြည့်မွေးနေ့တွင် ကလေးငယ်လေးအတွက် နှစ်ကြိမ်ကြုံတွေ့ရခြင်းမှာ ကံကြမ္မာကောင်းမဟုတ်။ ပြစ်ဒဏ်ပင်။

ခုနစ်နှစ်မြောက်ပြစ်ဒဏ်။

၎င်း တတိယအကြိမ်ဖြစ်ပွားပြီး စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့လျှင်တော့ မန်ဟို့ကို ဆီးကြိုနေမည်မှာ သေမင်းသာ ဖြစ်သည်။ သူသည် နိဗ္ဗာနသစ်သီးလေးလုံးကို ချန်ရစ်ခဲ့ပြီး ကမ္ဘာလောကမှ အပြီးတိုင်ချုပ်ငြိမ်းပျောက်ကွယ်သွားလိမ့်မည်။

သူ့ဘဝသည်.... ရှစ်နှစ်အရွယ်တော့ ဘယ်တော့မှ မရောက်နိုင်မည့် ဘဝဖြစ်လာမည်။

ထူးဆန်းသောလေထုက ဖန်မျိုးနွယ်စုအပေါ် ရစ်ဝဲနေသည်။ လူများစွာသည် မန်ဟို နိဗ္ဗာနပြန်မွေးဖွားခြင်းပြီးမြောက်၍ ဒုတိယနိဗ္ဗာနသစ်သီးအား မွေးဖွားပေးမည်ကို စောင့်စားရင်း ကြည့်ရှုနေကြ၏။ သို့သော် သူတို့၏မျက်နှာများတွင် ထူးဆန်းသောအမူအရာများမရှိသလို၊ ဘယ်သူမှလည်း စကားမပြောပေ။

သူတို့ကြည့်နေစဉ် မန်ဟိုသည် တဖြေးဖြေး ဆုတ်ယုတ်လာရင်း ကလေးလေးပြန်ဖြစ်သွား၏... သူ့လက်ပေါ်ရှိ အမှတ်အသားက ပန်းတစ်ပွင့်ကို ထုတ်လုပ်ပေးပြီး ပန်းက နိဗ္ဗာနသစ်သီးကို မွေးဖွားပေးလိုက်သည်။

ဤသို့ဖြင့် မန်ဟို၏ ဒုတိယ မပြည့်စုံသောဘဝမှာ ကန့်လန်ကာကျသွားပြန်သည်။

သူသည် နောက်ဆုံး မွေးကင်းစကလေးအရွယ် ပြန်ဖြစ်သွားသောအခါ မငိုပေ။ သူ့အမေ သူ့ကို ပွေ့ထားစဉ် သူက ကြယ်များကို ကြောင်တောင်တောင်လေး မော့ကြည့်နေ၏။

သူ့အမေက ငိုသည်။ သူ့အဖေက တဆတ်ဆတ်တုန်လျက် ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ ကံဆိုးစွာနှင့် ထိုအခြင်းအရာတစ်ခုမှ မည်သည့်ကိုမဆို မပြောင်းလဲနိုင်ပေ။ သူတို့သည် မန်ဟို့လက်ဖမိုးပေါ်ရှိ နိဗ္ဗာနအမှတ်ကို ကြည့်ပြီး တတိယဘဝပြန်စတော့မည်ကို သိလိုက်ကြ၏။

ဤတစ်ခေါက်တွင် သူသည် ခုနစ်နှစ်မြောက်မွေးနေ့တွင် နိဗ္ဗာနပြန်မွေးဖွားခြင်း ကြုံတွေ့ရပြန်ဖို့ သိသိသာသာ ကံပါနေပြန်သည်။

ဖန်မျိုးနွယ်စု၏ အသက်ကြီးပိုင်းမျိုးနွယ်များမှာ အဖြစ်အပျက်ကို ကြည့်နေကြ၏။ အတော်များများမှာ စိတ်မကောင်းဖြစ်နေကြပုံပေါ်ပြီး တချို့က သက်ပြင်းချလိုက်ကြသည်။

နောက်ဆုံးတွင်သတင်းများ မျိုးနွယ်စု၏အပြင်သို့ ပျံ့သွားခဲ့သည်။ သို့ရာတွင် နိဗ္ဗာနပြန်မွေးဖွားခြင်း၏ လျှို့ဝှက်ချက်ကိုတော့ ထိမ်ချန်ထားကြလေသည်။ အပြင်လူများ သိသည့် တစ်ခုတည်းသောအရာမှာ ဖန်မျိုးနွယ်စု၏ အကြီးဆုံးမြေး ၊ သွေးဆက်၏တိုက်ရိုက်ဆင်းသက်လာသူမှာ ပြစ်ဒဏ်နှင့်အတူ မွေးဖွားလာခဲ့သည်ဟူ၍ဖြစ်သည်။ ခုနစ်နှစ်ကြာတိုင်း သူသည် ထိုပြစ်ဒဏ်ကို ခံစားရမည်ဖြစ်၏။

ထိုကဲ့သို့ကလေးမျိုးမှာ မသန်မစွမ်းနှင့်တူသည်။

မန်ဟို့အမေ့မှာတော့ နေ့တိုင်း မျက်ရည်နှင့်မျက်ခွက်ပင်။ သူ့အစ်မဖြစ်သူ၏ ဒေါသမှာလည်း သူမအား နေ့တိုင်း တိုက်ခိုက်နေစေသည်အထိ ပြင်းထန်လာသည်။ သူမအတွက် ရင်ထဲက ဒေါသကို ပုံချဖို့ ထိုတစ်နည်းသာ ရှိသယောင်ပင်။ သူ့အဖေမှာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာဖို့ အစွမ်းကုန်ကြိုးစားသော်လည်း အကုန်လုံးအချည်းနှီးဖြစ်နေ၏။

အဘိုးနှစ်ယောက်မှာလည်း ဘယ်တော့မှ ပြန်ရောက်မလာခဲ့ပေ။

သူ တတိယဘဝတွင် အသက်တစ်နှစ်ပြည့်သောအခါ လူငယ်တစ်ယောက် အရှေ့အောင်ပွဲဂြိုဟ်သို့ ရောက်လာခဲ့သည်။ သူ၏ရောက်ရှိလာမှုက မျိုးနွယ်စု၏အကြီးအကဲများကို အံ့ဩတုန်လှုပ်သွားစေ၏။ သူတို့မှာ အရိုအသေပေးရန် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

လူငယ်က သူ့အား မန်ဟို့အဘိုးများမှ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ သူသည် မန်ဟို့ကို မြင်လျှင် အကြာကြီး တိတ်ဆိတ်သွား၏။ သူ့မျက်နှာတွင် မှတ်ဉာဏ်များ၊ ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ အံ့ဩမှုတို့ ဖြတ်ပြေးသွားသည်။

“ဘဝမှာ အကုန်လုံးက ကံကြွေး ချခြင်း၊ ရိတ်သိမ်းခြင်းနဲ့ ပတ်သက်ဆက်နွှယ်နေတယ်။ ဥပမာပြရရင် စပါးစိုက်သလိုပေါ့။ မရိတ်သိမ်းခင် ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်... အကျိုးအမြတ်မရခင် အရင်ရင်းနှီးရမယ်

“မင်းတို့ လင်မယားအနေနဲ့ အနာဂတ်‌တက်လမ်းကို စွန့်လွှတ်ပြီး၊ လက်ရှိအဆင့်အတန်းကို စွန့်လွှတ်ပြီး တောင်ကောင်းကင်ဂိတ်ကို နှစ်တစ်သိန်းစောင့်ရှောက်ဖို့ နဝမတောင်ရဲ့ အကျဉ်းဦးစီးဖြစ်လာနိုင်လား။ ‌ကောင်းကင်တုန်လှုပ်စေတဲ့၊ မြေပြင်အက်ကွဲစေတဲ့ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပါစေ၊ အပြင်လောကမှာ ဘယ်လိုကပ်ဘေးတွေ ဆိုက်ပါစေ၊ အဲဒီတစ်နေရာတည်းမှာ နှစ်တစ်သိန်းလုံးနေပြီး တောင်ကောင်းကင်ရဲ့အပြင်ကို မထွက်ဘဲ နေနိုင်လား။ တောင်ကောင်းကင်ရဲ့ဂိတ်ကို စောင့်ရှောက်ပြီး ဘယ်သက်ရှိမှ အဲဒီကနေ အပြင်လောကကို ဖြတ်မသွားနိုင်အောင် တားပေးနိုင်မလား

“မင်းတို့ရဲ့ ကံကြွေးကြောင့် ညစ်ညမ်းခဲ့တဲ့ အရာအားလုံးကို ထားရစ်ခဲ့ဖို့ ဆန္ဒရှိရင် ဒီကလေးကို တောင်ကောင်းကင်ဂြိုဟ်ဆီ ခေါ်သွား။ အဲဒီနေရာက နဝမတောင်တစ်တောင်လုံးရဲ့ မူလအစ။ မင်းတို့ သူ့ကို အဲဒီနေရာဆီ ခေါ်သွားမယ်ဆိုရင် ... ခုနစ်နှစ်မပြည့်ခင် ထွက်သွားမှ ရမယ်။ သူ တာအိုရှာဖွေခြင်းအဆင့်မရောက်မချင်း အဝေးမှာပဲနေ။ သူနဲ့ တွေ့လို့မရဘူး၊ မင်းတို့ရဲ့ ကံကြွေးနဲ့ သူ့ကို ညစ်ညမ်းအောင် လုပ်မရဘူး။ ဒါတွေအကုန်လုံးက မင်းတို့ရဲ့ ရိုးသားမှုအပေါ် မူတည်တယ်။ မင်းတို့ အမှန်တကယ် ရိုးသားရင် အောင်မြင်နိုင်တယ်

“သူ့ကို ဖန်မျိုးရိုးမခံယူစေနဲ့၊ သူ့အမေမျိုးရိုးပေးလိုက်

“ဒါတွေလုပ်ရင် ... သူ အသက်ရှင်ခွင့်ရကောင်းရလောက်မှာပါ”

***

All Chapters