ကျုပ်တို့ ပြန်ဆုံဦးမှာပါ
Vol. 58 Ch. 801
မန်ဟို့အဖေနှင့် အမေမှာ တခဏလေးပင် တုံ့ဆိုင်းမနေပေ။ မန်ဟို ကောင်းမွန်လာဖို့ အခွင့်အရေးရှိနေသရွေ့ သူတို့အနေဖြင့် ဘာမဆို ပေးဆပ်ရန် ဆန္ဒရှိသည်။ ထိုတန်ကြေးက လွတ်လပ်မှုကို ဆုံးရှုံးပြီး သူတို့၏အဆင့်အတန်းနှင့် ဂုဏ်ပကာသနတွေကို စွန့်လွှတ်၍ တောင်ကောင်းကင်ဂြိုဟ်အား နှစ်တစ်သိန်း စောင့်ရှောက်ဖို့ သွားရမည်ဆိုလျှင်ပင် ....
သူတို့ သွားမည်။
သူတို့သည် အရှေ့အောင်ပွဲဂြိုဟ်မှ ထွက်ခွာ၍ မန်ဟိုနှင့်သူ့အစ်မကို ခေါ်သွားမည်။ ဖန်မျိုးနွယ်စုမှ ထွက်သွားမည်။
သူတို့ထွက်မသွားခင် ဖန်မျိုးနွယ်စု၏ အကြီးပိုင်းမျိုးဆက်အကုန်လုံး သူတို့ကို တွေ့ရန် ထွက်လာကြသည်။ ကံကြွေးကြောင့် ညစ်ညမ်းနေသော မည်သည့်အရာကိုမဆို ယူသွား၍မရသည့်အတွက် မန်ဟို့အဖေမှာ အရာရာတိုင်းကို မဖြစ်မနေ ထားရစ်ခဲ့လေသည်။
သူ ယူဆောင်လာသည့် တစ်ခုတည်းသောအရာမှာတော့ သံဓားတစ်လက်သာ။
သူတို့သည် မန်ဟို၏နိဗ္ဗာနသစ်သီးနှစ်လုံးကို တစ်ပါတည်း ယူမသွားခဲ့ပေ။ ခေါင်းဆောင်ကြီးအပါအဝင် မျိုးနွယ်စု၏အကြီးပိုင်းမျိုးဆက်များက ပျက်စီးခြင်းမရှိအောင် ထိန်းသိမ်းထားဖို့ ရွေးချယ်ခဲ့သည်။ မန်ဟို သက်သာ၍ ပြန်ရောက်လာခဲ့လျှင် နိဗ္ဗာနသစ်သီးနှစ်လုံးက သူ့အပိုင်ဖြစ်လိမ့်မည်။
မန်ဟို့အဖေက ဤအခြင်းအရာကို တုံ့ပြန်သည့်အနေဖြင့် မထီပြုံးပြုံးသည်။ ထိုဆုံးဖြတ်ချက်နောက်ကွယ်က ဆိုလိုရင်းအစစ်အမှန်ကို သူ့အနေဖြင့် မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။ သူ၏ မူလအစီအစဉ်တွင် နိဗ္ဗာနသစ်သီးနှစ်လုံးကို ထားရစ်ခဲ့ဖို့ မပါခဲ့ပေ။
“သိပ်ကောင်းတယ် နိဗ္ဗာနသစ်သီးကို မျိုးနွယ်စုခေါင်းဆောင်နဲ့အတူ ဒီမှာ ထားရစ်ခဲ့မယ်” သူက စူးရှစွာ တောက်ပနေသော မျက်ဝန်းများဖြင် ပြောသည်။ “နောင်နှစ်အနည်းငယ်ကြာရင် ဟိုအာကိုယ်တိုင် ပြန်လာယူစေရမယ်” သူသည် ထိုသို့ပြောရင်း နိဗ္ဗာနသစ်သီးများဖြစ်သည့် အဖိုးထိုက်ရတနာများကို ပစ်ပေးလိုက်သည်။
မှန်ပါသည် ၊ အကြီးအကဲများ မသိသည်မှာ မန်ဟို့အဖေအတွက် ဤအဖိုးထိုက်ရတနာနှစ်ခုမှာ နှလုံးသွေးတို့ စက်စက်ယိုမတတ် နာကျင်စရာ အကြောင်းရင်းဖြစ်သည်ကိုပင်။
ရက်အနည်းငယ်ကြာသော် သူတို့သည် မန်ဟိုနှင့် သူ့အစ်မကို ခေါ်ရင်း ထွက်လာခဲ့သည်။ မန်ဟိုမှာ လောလောလတ်လတ် နိဗ္ဗာနပြန်မွေးဖွားခြင်းပြီးကတည်းက ထုံမှိုင်းလေးကန်၍ အတော်လေး ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။
သူတို့က တောင်ကောင်းကင်ဂြိုဟ်သို့ ရောက်သော် အခေါင်အဖျားအကျဆုံးကျိုးပြည်သို့ သွား၍ တာ့ချင်းတောင်အောက်၊ ယွင်ကျဲစီရင်စုတွင် အခြေချခဲ့ကြလေသည်။ မန်ဟို့အစ်မက သူတို့နှင့်မနေ။ သူမသည် အရှေ့ဘက်နယ်မြေရှိ ဖန်မျိုးနွယ်အခွဲကို သွားရောက်ကာ ကျင့်ကြံခြင်းအပေါ် အားစိုက်ခဲ့၏။ သူမမှာ အဖေနှင့်အမေကို မောင်ဖြစ်သူ၏ လက်ကျန်ခုနစ်နှစ်အား သုံးယောက်တည်းအတူတူ ကုန်ဆုံးစေချင်ခဲ့လေသည်။
ထိုခုနစ်နှစ်အတောအတွင်း မန်ဟိုမှာ အပျော်ကြီး ပျော်နေခဲ့သည်။ သူသည် တဖြေးဖြေး ဉာဏ်အလွန်ကောင်းလာခဲ့ပြီး စာပေလေ့လာရာတွင် အာရုံစိုက်ခဲ့၏။ သူ ခုနစ်နှစ်အရွယ်ရောက်သော် ခရမ်းရောင်လေက အပြင်တွင် တိုက်ခတ်လာလေသည်။ သူ့မိဘနှစ်ပါးမှာ နှလုံးကြေကွဲရပြီး စိတ်ပူရပါသော်လည်း သူ့အသက်ကို ကယ်တင်ဖို့အတွက် ထွက်သွားခဲ့ကြရ၏။ သူတို့တွင် ရွေးချယ်စရာမရှိပေ။
မန်ဟို နိုးလာပြီး ငိုလျှင် မိဘနှစ်ပါးမှာ စိတ်တင်းထားသမျှ ပြိုလဲသွားခဲ့ရသည်....
**
မန်ဟို မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်နှာတစ်လျှောက် စီးကျလာခဲ့သော မျက်ရည်များက သူ့အဝတ်အစားများကို စိုရွှဲစေခဲ့ချေပြီ။ မြင်ကွင်းသည် လွင့်ပါးပျောက်ကွယ်သွားပြီး သူ့အရှေ့တွင် ထိုင်နေသော သူ့အဖေနှင့်အမေကို မြင်လိုက်ရ၏ ။
ယခုတွင် အစောပိုင်းတုန်းက မမြင်ခဲ့ရသော ဆံပင်ဖြူဖြူတချို့အား သူ့အမေ၏ခေါင်းတွင် မြင်နေရလေပြီ။ သူ့အဖေမျက်နှာမှာလည်း အတိတ်တုန်းကထက် ရင့်ရော်လျက်ရှိသည်။
သူတို့သည် မန်ဟို့နှလုံးသားကို တုန်ရီစေသော ချစ်ခြင်းမေတ္တာတို့ဖြင့် မန်ဟို့ကို ကြည့်နေကြ၏။
ယခု သူ အကုန်လုံး နားလည်သွားသည်။ သံသယများလည်း ပျောက်ကွယ်သွားသည်။ မေးခွန်းများလည်း အဖြေရသွားသည်။ သူ၏အတိတ်နှစ်ဘဝတွင် ဖြစ်ပျက်ခဲ့သော အရာများမှာ အိပ်မက်အလားပင်။ သို့ရာတွင် ယခု သူ နိုးထလာခဲ့သည့်အချိန်၌ပင် အိပ်မက်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူ့ခေါင်းထဲ ရှိနေဆဲဖြစ်ပြီး ဘယ်တော့မှ ဖယ်ရှား၍ရမည်မဟုတ်ပေ။
“ခုနစ်နှစ်မြောက်ပြစ်ဒဏ်...” သူက တွေးသည်။ “ငါ့မိဘတွေဟာ ဒီဂြိုဟ်ကို နှစ်တစ်သိန်း စောင့်ရှောက်ပေးဖို့ သဘောတူခဲ့တယ် .... ငါ့အတွက် .... နှစ်တစ်သိန်း....” ထိုကဲ့သို့အချိန်ကာလမျိုးအား မန်ဟို စိတ်ကူးကြည့်၍ပင် မတတ်နိုင်ပေ။ သူနှလုံးသားထဲရှိ မတင်မကျဖြစ်သော ခံစားချက်မှာ အလျှင်း ပျောက်ကွယ်သွားခဲ့ချေပြီ။ သူသည် မကျေနပ်မှုကို မခံစားရတော့ဘဲ ထိုအစား နာကျင်မှုနှင့် နောင်တကို ခံစားလိုက်ရ၏။
သူ့မိဘနှစ်ပါးမှာ အပြစ်တင်ခံရဖို့ မထိုက်တန်ပေ။
သူတို့သည် မြောက်များစွာ ပေးဆပ်ခဲ့ပြီး တစ်ကြိမ်တစ်ခါလေးမျှပင် မငြီးငြူခဲ့ပေ။ ဘာမှလည်း မတောင်းဆိုခဲ့သလို ... နစ်နာကြေးလည်း မတောင်းခံခဲ့။ သူတို့မှာ... သူ အသက်ဆက်နိုင်ဖို့ကိုသာ အလိုရှိခြင်းဖြစ်သည်။
မန်ဟို တသိမ့်သိမ့် တုန်ရီလာပြီး မျက်ရည်များက ပိုလို့ပင် စီးကျလာသည်။
“အမေ ...” သူက နူးညံ့ပျော့ပျောင်းစွာ ခေါ်သည်။ “အဖေ...”
သူ့အမေမှာ တုန်ရီနေလျက် သူ့ကို လှမ်းဖက်သည်။ သူမလည်း ငိုနေလေသည်။
“ဟိုအာ သားလေး အကုန်လုံး အဆင်ပြေသွားမှာပါ။ သား ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီ။ အကုန်အဆင်ပြေသွားလိမ့်မယ်နော် ....”
တစ်ခါက ဖန်မျိုးနွယ်စု၏ အကြီးဆုံးသားနှင့် တိုက်ရိုက်သွေးမျိုးဆက်ဖြစ်ခဲ့သူ ၊ အပြင်လောကတွင် အံ့ဖွယ်သရဲလက်ရွေးစင် ဖြစ်နေသေးသူ မန်ဟို့အဖေက သူ့မိန်းမနှင့်သားကို လှမ်းဖက်လိုက်သည်။
“အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ ဟိုအာ၊ အဲ့ဒါတွေအကုန်လုံး အတိတ်မှာ ကျန်ခဲ့ပါပြီ...” သူ့အသံမှာ အသံငယ် တုန်ရီနေပြီး သူလည်း ငိုနေသည်။ ဤသည်မှာ သူ့အတွက် လူကြီးဖြစ်ပြီးနောက် ဒုတိယအကြိမ် ငိုခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်မှာ မန်ဟို နိဗ္ဗာနပြန်မွေးဖွားခြင်းကို ဒုတိယအကြိမ်မြောက် ကြုံတွေ့ရခဲ့စဉ်ကပင်။ သူသည် သူ့သား ခုနစ်နှစ်အရွယ်မှ မွေးကင်းစအရွယ် ပြန်ရောက်သွားသည်ကို ကြည့်ရင်း မန်ဟို့မျက်နှာသေးသေးလေးအပေါ်က နာကျင်မှုကို မြင်၍ သူ့မျက်လုံးလေးများ တဖြေးဖြေး ကြောင်စီလာသည်ကို တွေ့သောအခါ .... ငိုခဲ့မိလေသည်။
“အစ်မကြီးရော...” မန်ဟိုက တိုးညှင်းစွာ မေးသည်။ သူ့ဒုတိယဘဝတွင် သူ့ကို ကာကွယ်ပေးခဲ့သော ဒေါသအိုးအစ်မဖြစ်သူ၏ ပုံရိပ်အား သူ ဘယ်တော့မှ မေ့ရမည်မဟုတ်သလို၊
သူမပြောခဲ့သော စကားလုံးများကိုလည်း မေ့နိုင်မည်မဟုတ်။
မကြောက်နဲ့ မောင်လေး။ မမ နင့်ကို ကာကွယ်ပေးဖို့ ဒီမှာ ရှိတယ်
သူ့အမေက ဝမ်းသာမျက်ရည်တို့ ကျလျက် ပြန်ဖြေသည်။ “အရှေ့ဘက်နယ်မြေမှာ တံခါးပိတ်ကျင့်ကြံနေတယ်။ အမေတို့ ပြန်ရင် သူ ထွက်လာတာစောင့်ပြီး တို့သားအမိလေးယောက် ပြန်ဆုံစည်းနိုင်ပြီ”
“ဘိုးဘိုးမန်နဲ့ ဘိုးဘိုးဖန်ကရော ...” မန်ဟိုက မေးသည်။
သူ ထိုမေးခွန်းကို မေးလိုက်ရာတွင် သူ့အဖေသည် ခေတ္တ တိတ်ဆိတ်သွား၏။ မန်ဟို ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ့အဘိုးနှစ်ယောက်မှာ အပြင်လူတစ်ဦးကို ရှာဖို့ အတူတူထွက်သွားခဲ့ကြသည် မဟုတ်ပါလော။
ထိုအပြင်လူ ရောက်လာခဲ့သော်လည်း အဘိုးနှစ်ယောက်မှာတော့ ဘယ်သောအခါမှ ပြန်ရောက်မလာခဲ့ပေ။
အတန်ကြာပြီးနောက်မှ သူ့အဖေက ပြောသည်။ “ဘယ်အရာအတွက်မဆို ပေးဆပ်ရတာ ရှိစမြဲ မဟုတ်လား။ သား ဘိုးဘိုးမန်နဲ့ ဘိုးဘိုးဖန်ရဲ့ အသက်မီးအိမ်တွေက အခုအထိ လောင်ကျွမ်းနေဆဲပဲ။ အသက်ရှင်နေသေးပေမယ့် ... ဘယ်မှာဆိုတာတော့ အဖေတို့ မသိဘူး”
မန်ဟိုသည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့နှလုံးသားမှာ ဆို့နင့်ကြေကွဲနေလေသည်။ ယခု အရာအားလုံးအတွက် အကြောင်းရင်းကို သိလိုက်ရပြီဖြစ်၍ သူ့မှာ အဘိုးနှစ်ယောက်အတွက် လွန်စွာအပြစ်ရှိသလို ခံစားနေရတော့သည်။
သူတို့ကြောင့်မဟုတ်လျှင် ထိုအပြင်လူ ဘယ်တော့မှ ရောက်လာခဲ့မည်မဟုတ်သလို၊ သူ့မှာလည်း နိဗ္ဗာနသစ်သီးလေးလုံး ချစ်ရစ်ခဲ့ရင်း ဖုန်ဘဝသို့ ရောက်နှင့်နေခဲ့လေပြီ။
သူ့ကြောင့် သူ့အဘိုးနှစ်ယောက် ဘယ်တော့မှ ပြန်ရောက်မလာခဲ့ခြင်းဖြစ်သည်။
ထိုမျှသာမက သူ့မိဘနှစ်ပါးလည်း တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ရင်း နှစ်တစ်သိန်း ပိတ်မိနေသည်။ ဤအရာများကို တွေးမိလျှင် မန်ဟိုမှာ ပိုပို၍ခံစားလာရသည်။ သူသည် သူ့မိဘနှစ်ပါးကို ကြည့်ပြီး ဘာမှမပြောသော်လည်း သူ၏ခံစားချက်များမှာ သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေခဲ့လေပြီ။
သူ့အနေဖြင့် မိဘနှစ်ပါးနှင့် ဆွေမျိုးများမှ သူ့အပေါ် ပြသခဲ့သော ကြင်နာမှုအား ဘယ်တော့မှ အကြေဆပ်နိုင်မည်မဟုတ်ပေ။
သွေးမိစ္ဆာဂိုဏ်းချုပ်သည် တစ်ချက်မှ နိုးထလာခြင်းမရှိခဲ့၍ မကြာမီ မန်ဟို့အတွက် မိဘနှစ်ပါးနှင့်အတူ ထွက်သွားဖို့ အချိန်ကျလာသည်။ သူ့အဖေနှင့်အမေက သွေးမိစ္ဆာတောင်ကို မျက်နှာမူ၍ လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးသည်။
ရက်အနည်းငယ်ကြာ၍ တောင်ပိုင်းဒေသ၏ ပြန်လည်တည်ဆောက်ရေးတို့ အထိုင်ကျသွားသောအခါ မန်ဟိုနှင့် သူ့မိဘနှစ်ပါး ထွက်ခွာသွား၏။ သူတို့က အရှေ့ဘက်နယ်မြေသို့ မပြန်ခင် သူ့ဆရာ၊ ဆေးလုံးမိစ္ဆာဆီ သွားရောက်လည်ပတ်ကြလေသည်။
သူ့အဖေနှင့်အမေမှာ ဆေးလုံးမိစ္ဆာ လုပ်ပေးခဲ့သမျှ အကုန်လုံးအတွက် လွန်စွာကျေးဇူးတင်လှသဖြင့် အဖိုးအနဂ္ဃထိုက်တန်သော လက်ဆောင်ပဏ္ဍာများ ဆက်သလေသည်။ သို့သော် ဆေးလုံးမိစ္ဆာ၏မျက်နှာ မည်းမှောင်သွား၏။ သူသည် အဆင့်မြင့်ကျင့်ကြံခြင်းအခြေခံနှင့် ပုဂ္ဂိုလ်များအား ရင်ဆိုင်နေရစေကာမူ လက်ဆောင်များကို လက်မခံပေ။
“မန်ဟိုက ငါ့တပည့်။ မင်းတို့ဆီက လက်ဆောင်တွေကို ငါက ဘယ်လိုလုပ် လက်ခံရမှာလဲ” သူက ပြောသည်။
မန်ဟို့အဖေက လက်ယှက်ရင်း သူ့ကို လေးလေးနက်နက် အရိုအသေပေးသည်။ ထို့နောက် သူ၏တာအိုစိတ်ဆန္ဒအမျှင်တစ်မျှင်အား ထုတ်လွှတ်၍ ဆေးလုံးမိစ္ဆာ၏ခန္ဓာကိုယ်ထဲတွင် ခိုင်မာစေလိုက်ရာ ဆေးလုံးမိစ္ဆာအား တစ်ကိုယ်လုံး တုန်ရီသွားစေသည်။
ယခုလို တာအိုစိတ်ဆန္ဒမျိုးသည် ဆေးလုံးမိစ္ဆာအတွက် အင်မတန် အရေးပါသောအရာတစ်ခုဖြစ်ပြီး သူ၏ကျင့်ကြံခြင်းလမ်းစဉ် မှန်၊ မမှန် အတည်ပြုနိုင်စေဖို့ ကူညီပေးလိမ့်မည်။
“ကျုပ်တို့ ရိုင်းပျမိသလို ဖြစ်သွားတယ်” မန်ဟို့အဖေက ပြောသည်။ “ဗွေမယူပါနဲ့ မဟာအကြီးအကဲ။ ကျေးဇူးပြုပြီး ဒီတာအိုစိတ်ဆန္ဒမျှင်ကို လက်ခံပေးပါ။ ဟိုအာက တောင်ကောင်းကင်မှာ မွေးဖွားခဲ့တာမဟုတ်တဲ့အတွက် ဒီနှစ်တစ်သောင်းကာလအတွက် အင်မော်တယ်ကံတရားဟာ သူ့အပိုင်မဟုတ်ဘူး။ မဟာအကြီးအကဲရဲ့ တာအိုနဲ့ပတ်သက်ပြီး ထားရှိတဲ့ ရည်မှန်းချက်တွေကို ကျုပ် အင်မတန် လေးစားပါတယ်။ ခင်ဗျားရဲ့ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ် ကျရောက်လာတဲ့အခါ ကျုပ်ကိုယ်တိုင် တာအိုစောင့်ရှောက်သူ လုပ်ပေးပါ့မယ်”
သူတို့သည် ဇီယွင်ဂိုဏ်းတွင် ရက်အနည်းငယ် နေခဲ့၏။ ချူယွီယန်မှာ မန်ဟို့ကို အတွေ့မခံဘဲ ရှောင်နေရာ မန်ဟို့မှာ သက်ပြင်းချနေမိတော့သည်။ သို့သော် သူသည် အတင်းအကြပ် မလုပ်ဘဲ နောက်ဆုံးတွင် မိဘနှစ်ပါးနှင့် ထွက်လာခဲ့သည်။ သူတို့က ခေါင်းဆောင်ကြီးစုန့်ထံ အလည်အပတ်သွားရောက်ပြီးသော် တောင်ပိုင်းဒေသမှ ထွက်သွားကြသည်။
သူတို့ အဝေးသို့ ထွက်သွားသော အလင်းတန်းများ အသွင်ပြောင်းသွားသည့်အခါ ချူယွီယန်သည် ဇီယွင်ဂိုဏ်းရှိ တောင်ထိပ်တစ်ခုအပေါ်၌ မာနကြီးစွာဖြင့် ရပ်နေ၏။ သူမက ဘာမှမပြောဘဲ ရပ်ရုံလေးသာ ရပ်နေသော်လည်း သူမပုံစံမှာ အတော်လေး ဝမ်းနည်းကြေကွဲနေပုံပေါက်နေသည်။ ဆေးလုံးမိစ္ဆာက သူမကို လှမ်းမြင်သော် သက်ပြင်းချလိုက်၏။
ဤသို့ဖြင့် မန်ဟိုကား မိဘနှစ်ပါးနှင့်အတူ တောင်ပိုင်းဒေသမှ ထွက်လာခဲ့လေပြီ။
လမ်းတွင် မန်ဟိုက လိပ်အိုကြီးမှီခိုရာဂိုဏ်းချုပ်ကို ရှာဖို့ နဂါးငွေ့တန်းပင်လယ်တွင် ရပ်လိုကြောင်း ပြောသည်။ မန်ဟို့အမေက အပြုံးလေးဖြင့် ခေါင်းခါလိုက်၏။
“သား ပြောနေတဲ့ လိပ်က ထွက်သွားတာဖြင့် ကြာပေါ့။ တောင်ကောင်းကင်ဂြိုဟ်မှာ မရှိတော့ဘူး”
မန်ဟိုမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မုန်းတီးစက်ဆုပ်သွားသော အမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ “မြန်မြန်ထွက်သွားတာ ကောင်းတယ်” သူက တစ်ယောက်တည်း တွေးနေ၏။ “မဟုတ်ရင် ငါ သူ့ကို လိုက်ရှာပြီး ပညာတစ်ခုနှစ်ခု ပေးတော့မလို့ပဲ”
ထိုစဉ် တောင်ကောင်းကင်ဂြိုဟ်၏ အပြင် ကြယ်တာရာကောင်းကင်တွင် .....
ဧရာမလိပ်ကြီးသည် ကြယ်များအကြား မျောနေ၏။ သူ၏ကျောတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ဂိုဏ်းများအပါအဝင် သက်ရှိများနေထိုင်နေသော ကုန်းမြေထုကြီးရှိသည်။
မှန်ပါသည်၊ ထိုလူများမှာ သူတို့ ကြယ်များအကြား မျောနေသည်ကို မသိကြပေ။ သူတို့ခေါင်းမော့လိုက်လျှင် မှော်တစ်မျိုးဖြင့် ဖန်ဆင်းထားသော ကောင်းကင်ကိုသာ မြင်ရလိမ့်မည်။
လိပ်ကြီးကား မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။ လောလောဆယ်တွင် သူသည် အခွံထဲ၌ ခေါင်းဝှက်ပြီး သီချင်းညည်းနေ၏။ သူ့မှာ ဝမ်းသာပီတိဂွမ်းဆီထိ၍ သူ့ကိုယ်သူ ဂုဏ်ယူနေသယောင်ပင်။
“ဟီးဟီးဟီး။ ငါ ဂိုဏ်းချုပ်က ထပ်ပြီး အံ့ဩစရာအကောင်းဆုံး ဖြစ်ပြန်ပြီ။ အခု ဒီကို ပျံထွက်လာနိုင်ပြီဆိုတော့ ဟိုခွေးသူတောင်းစားလေး ငါ့ကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး
“ဟားဟားဟား အခုကစပြီး ငါ့အနာဂတ်က ပင်လယ်ကြီးနဲ့ ကောင်းကင်ကြီးလို ကျယ်ပြောနေပြီ။ နောက်ဆုံးတော့ လွတ်လပ်ပြီကွ
“အဲဒီခွေးသူတောင်းစားလေး ငါ တောင်ကောင်းကင်ဂြိုဟ်မှ မရှိတော့တာကိုသာ သိသွားရင် ဘာဖြစ်သွားမယ်ထင်လဲ။ ဆွံ့အသွားမှာ ဟားဟားဟား” မန်ဟို နဂါးငွေ့တန်းပင်လယ်တွင် သွားရှာသော်လည်း သူ့ကို ရှာမတွေ့တော့မည့်အဖြစ်ကို တွေးကြည့်သော် မှီခိုရာဂိုဏ်းချုပ်မှာ ချက်ချင်းဆိုသလို ပိုပျော်လာတော့သည်။ သူသည် မန်ဟို လိုက်မမှီနိုင်လောက်အောင် သူ ဘယ်လောက်ဉာဏ်ကောင်းသလဲ ဆက်တွေးနေ၏။
“မင်းက ငါ့ကို မင်းရဲ့ တာအိုစောင့်ရှောက်သူ ဖြစ်စေချင်တယ်ပေါ့လေ။ အိပ်မက်မနေနဲ့ ။ အီး..... ဒါတွေအကုန်လုံးက မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ ဟိုသောက်အဘိုးကြီးတွေကြောင့်။ သူတို့က ငါ့ဦးနှောက်ကို တစ်နည်းနည်းနဲ့ ဖျက်စီးထားတာဖြစ်မယ်။ ဘယ်လိုလုပ်ပြီး အရင်တုန်းက တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်လာဖို့ မစဉ်းစားမိခဲ့တာပါလိမ့်
“ဒါပေမဲ့လည်း ဘယ်တော့မှ မစဉ်းစားမိမှာထက်စာရင် တော်ပါသေးတယ်။ အခု နောက်ဆုံးတော့ တောင်ကောင်းကင်ကနေ ထွက်လာနိုင်ခဲ့ပြီဆိုတော့ ပိုပြီး အထာကျလာသလို ခံစားရတယ် ဟဲဟဲ
“အိုင်းရားးးး ဘယ်သွားရင်ကောင်းမလဲ။ ဘယ်နေရာဖြစ်ဖြစ် ကိစ္စတော့မရှိဘူး။ အခုမှ မှတ်မိတယ်.... ဟိုးအရင်တွေတုန်းက အရှေ့အောင်ပွဲဂြိုဟ်မှာ ငါ မိန်းမတစ်ယောက်ရခဲ့တယ်လေ။ သူ ဘာတွေများ လုပ်နေလောက်မလဲ။ အချစ်ဟောင်းလေးရေ ကိုယ်လာပြီ” မှီခိုရာဂိုဏ်းချုပ်သည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း ကျိုးပြည်ကို သူနှင့်အတူသယ်ကာ အရှေ့အောင်ပွဲဂြိုဟ်သို့ ပျံသန်းသွားတော့သည်။
သူ ပျံသန်းနေစဉ် သူ၏သီချင်းညည်းသံမှာ အတိုင်းထက်အလွန် ပျော်ရွှင်နေသံပေါက်နေသည်။
ကြယ်တာရာကောင်းကင်တွင် တဟုန်ထိုးသွားနေသော နောက်တစ်ယောက်ရှိသေးသည်။ ၎င်းသည် အင်မော်တယ်မဟုတ်သော အရူးအဘိုးကြီးဖြစ်၏။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူက အားကောင်းသော အင်မော်တယ်ချီကို ထုတ်လွှတ်နေရာ ကြယ်များအကြား ပျံသန်းနိုင်နေလေသည်။
“အင်မော်တယ်အဆင့်တက်မယ်.... အင်မော်တယ်အဆင့်တက်မယ်....” သူ၏အသံ ပဲ့တင်ထပ်နေစဉ် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားနေသယောင်ပင်။ သူ၏မျက်နှာသည် အိုမင်းသွားလိုက်... ငယ်ရွယ်သွားလိုက် ဖြစ်နေသည်။
သို့သော် အိုမင်းနေသောမျက်နှာနင့် ငယ်ရွယ်သောမျက်နှာမှာ မတူပေ။ ၎င်းတို့က လူနှစ်ယောက်ဖြစ်သည်။
ဤလူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဖြစ်၏။ သူ၏မျက်နှာပြောင်းနေခြင်းမှာမူ ... မန်ဟိုသာ ဤနေရာတွင်ရှိလျှင် ထိုလူငယ်မျက်နှာကို မှတ်မိလိမ့်မည်။ ၎င်းကား ... ဘိုးဘေးဖြစ်သူ၏ ဝိညာဉ်ဝါးမြိုခြင်းခံခဲ့ရသော ဝမ်တန်ဖေးပင်။
ထိုစဉ် မြောက်ပိုင်းသဲကန္တာရနှင့် အရှေ့ဘက်နယ်မြေအကြား နယ်စပ်တွင် ခိုးကြောင်ခိုးဝှက် သွားနေသော လူရိပ်နှစ်ခု ပေါ်လာသည်။ အရိပ်တစ်ခုက စာပေသမားသဖွယ် နူးညံ့ချောမောသော အသွင်အပြင်နှင့် အနက်ဝတ်လူငယ်ဖြစ်သည်။ အနီးကပ်ကြည့်လျှင် သူသည် မန်ဟိုနှင့် တူ၏။ သို့သော် သူ၏ နှာဘူးကျသောမျက်လုံးများက အသွင်အပြင်တစ်ခုလုံးကို ဖျက်စီးနေသည်။
သူ့ဘေးတွင် ရံဖန်ရံခါ ပွစိပွစိပြောနေတတ်သော အရပ်မြင့်မြင့် ဝဝဖိုင့်ဖိုင့် လူတစ်ယောက် ရှိသည်။
“ဟိုပြေးမယ် ဒီပြေးမယ်။ ပြေးချည်းနေတာ။ ပြေးဖို့ပဲ သိတဲ့ကောင်။ ငါ မင်းကို ပြောနေတာကြာပြီ ဒါ မှားတယ်ကွ။ အကျင့်ပျက်တယ်။ ဒါက လုံးဝလုံးဝ အရှက်မရှိတာပဲ။ အဲဒီတုန်းကတည်းက ဘယ်တော့မှ ထွက်မပြေးခဲ့သင့်တာ... အခုတော့ သေပြီ။ လုံးဝသေပြီပဲ။ မန်ဟိုက မယုံနိုင်လောက်အောင် အစွမ်းထက်လာပြီကွ။ အခု ငါတို့ ဘာလုပ်ကြမလဲ။ သခင်သုံး အခု ဘာလုပ်ရတော့မလဲ”
“သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း” လူငယ်က လူဝကြီးကို မျက်လုံးထောင့်မှ ကြည့်ရင်း မောက်မာစွာ လှမ်းငေါက်သည်။ “သခင်ငါးတောင် ဘာမှမပြောရသေးဘူး မင်းက ဘာအတွက် ပျာယာခတ်နေတာလဲ။ မင်းက ဘာလိုချင်နေတာလဲ ဟမ်။ သုံးထက်ပိုပြီး ရေနိုင်လား မေးပါရစေဦး။ ကိုးအထိရော ရေနိုင်လား
“သခင်ငါးကတော့ ရေနိုင်တယ်ကွ
“သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးက မင်းကို အရှေ့ဘက်နယ်မြေဆီ ခေါ်သွားပေးနေတာ။ မိုးကောင်းကင်ကနေ ကျလာတဲ့ ဒီငှက်မွှေးနဲ့ဆို ငါတို့ သေချာပေါက် ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်ပြီ” လူငယ်သည် ငှက်တစ်ကောင် အမွှေးများဆန့်ထုတ်လိုက်သမျိုး ခန္ဓာကိုယ်ကို လှုပ်လိုက်၏။
***