← Chapters

အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား

Vol. 58 Ch. 802

အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား

Vol. 58 Ch. 802

ကြီးမားကျယ်ပြော‌ပါသော အရှေ့ဘက်နယ်မြေတွင် ‌ချန်အန်းဆိုသည့် ရှေးဟောင်းမြို့ရှိလေ၏။

ချန်အန်းသည် တောင်ကောင်းကင်ဂြိုဟ်ရှိ မရေမတွက်နိုင်သော စာပေသမားများ စိတ်ကူးယဉ်ရာ မြို့တစ်မြို့ဖြစ်၏။ သူတို့မှာ ကြီးမြတ်သော တန်နိုင်ငံကို အရိုအသေပြုကာ ချန်အန်း၌ လျှောက်သွားလိုစိတ်များ တဖွားဖွား ဖြစ်ကြလေသည်။

တန်နိုင်ငံတော်၏ စစ်အင်အားသည် မယုံနိုင်ဖွယ်ရာဖြစ်ပြီး ကျင့်ကြံသူများသာ သီးသန့် နေထိုင်ကြသော ခံတပ်မြို့များကိုပင် ပိုင်ဆိုင်ချေ၏။ တောင်ကောင်းကင်ဂြိုဟ်၏ သေမျိုးလောကတွင် တန်နိုင်ငံကို အရိုအသေမပြုသည့် နေရာတစ်နေရာမှ မရှိပေ။

‌အရှေ့ဘက်နယ်မြေ၌ မြောက်မြားစွာသော ဂိုဏ်းများ၊ မျိုးနွယ်စုများ ရှိသည်မှာ အံ့ဩစရာတော့မဟုတ်။ သူတို့၏ အင်အားနှင့် ဩဇာအာဏာက မြောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသ သို့မဟုတ် အနောက်ပိုင်းသဲကန္တာရတွင် တည်ရှိသမျှ အင်အားစုများထက် ကျော်လွန်ချေသည်။ ဂိုဏ်းချည်းပင်လျှင် အဓိကဂိုဏ်းကြီး (၉) ဂိုဏ်း ရှိ၏။

ထို့အပြင် ဂိုဏ်းသား၊ နောက်လိုက်နှင့် မျိုးနွယ်ဝင်တို့‌ ပေါများသော အကြီးစားမျိုးနွယ်စုကြီး (၇) စု ရှိသေးသည်။ အရှေ့ဘက်နယ်မြေမှာ အခြားကုန်းမြေထုများ၌ပင် ထင်ရှားကျော်ကြားသော ရွေးချယ်ခံပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်နေသည့် နေရာတစ်နေရာ ဖြစ်လေသည်။

အင်ပါယာမိသားစုတွင်ပင် ကုန်း‌မြေထုကြီးတစ်ခုလုံးကို ထိန်းသိမ်းအုပ်ချုပ်ဖို့ အသုံးချသော ကိုယ်ပိုင်တာအိုဒေသနာများနှင့် အယူအဆများ ရှိ၏။ တန်ဧကရာဇ်ကိုယ်တိုင်လည်း အင်အားကြီးသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပြီး လူရှေ့သူရှေ့ ထွက်လာခဲသော်လည်း သူ၏အချုပ်အခြာအာဏာစက်က နယ်မြေတစ်ခွင် စိုးမိုးမှုရှိပေသည်။

ချန်အန်းသည် အားလုံး၏အလယ်၌ ခံတပ်ဆယ်ခုဖြင့် ဝန်းရံလျက် တည်ရှိ၏။ အဆိုပါခံတပ်များအနက် ရှစ်ခုသည် တန်နိုင်ငံတော်နှင့် တိုက်ရိုက်သက်ဆိုင်ပြီး ကျန်ခံတပ်များမှာ မျိုးနွယ်စုနှစ်စု၏ အပိုင်ဖြစ်သည်။

ဖန်မျိုးနွယ်စု နှင့် ကျီမျိုးနွယ်စု

ခံတပ်များကို သိမ်းပိုက်ထားသည့်အတွက်ကြောင့်နှင့် ဤမျိုးနွယ်စုနှစ်စုက ဧကရာဇ်၏အာဏာကို ဦးခိုက်သည်ဟု မဆိုလိုပေ။ သူတို့သည် အချုပ်အနှောင်ကင်းမဲ့ပြီး အမှန်တွင် အကုန်လုံး၏အပေါ်၌ ရှိ၏။ သူတို့ကို ဦးခိုက်ရသည်မှာ ကျန်ဂိုဏ်းများ၊ မျိုးနွယ်စုများပင်။

အထူးသဖြင့် ကျီမျိုးနွယ်စု။ မိုးကောင်းကင်ကိုယ်တိုင်ကား ကျီမျိုးနွယ်စု၏အပိုင်ဖြစ်ချေကာ မည်သူက သူတို့ကို ကျော်နိုင်မည်နည်း။

ဖန်မျိုးနွယ်စုအတွက်မူ သူတို့တွင် လိုတရအရင်းအမြစ်များစွာ ရှိသည်။ ပင်မမျိုးနွယ်စု၏ အခွဲလေးတစ်ခုသာ ဖြစ်သော်လည်း နက်ရှိုင်းပြီး ပြိုင်ဘက်ကင်းသည်။ မှန်ပါသည်၊ မျိုးနွယ်စု၏ စည်းမျဉ်းစည်းကမ်းများအရ သူတို့အနေဖြင့် တန်နိုင်ငံတော်ကို လေးစားပြီး တန်မင်းဆက်ကို တစ်ချိန်လုံး စောင့်ရှောက်ပေးမှာဖြစ်၏ .... တန်ဧကရာဇ်မှာ လီမျိုးရိုးမဟုတ်ပါလော။

သို့သော် လောလောဆယ်တွင် ဤအရာများက မန်ဟို့ကို ပတ်ပတ်လည်မှ ဝိုင်းထားသော်လည်း မန်ဟို၏ နိစ္စဒူဝဘဝနှင့် အလှမ်းဝေးကွာသေး၏။

‌ဖန်မျိုးနွယ်စု၊ ခြံတစ်ခြံထဲရှိ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် မန်ဟိုက တင်ပျဉ်ခွေထိုင်နေသည်။ ဘေးတွင် မန်ဟို့အရှေ့၌ တင်ပျဉ်ခွေထိုင်နေ‌သောလူကို အရိပ်တကြည့်ကြည့် အကဲခတ်ရင်း တုန်ရီနေသော မိကျောင်းသေးသေး‌လေးတစ်ကောင် ရှိ၏။

ထိုတင်ပျဥ်‌ခွေထိုင်နေသော လူကား မန်ဟို့အဖေမှတစ်ပါး အခြားမဟုတ်ပေ။

“ဟိုအာ” သူက ပြောသည်။ “သား အနာဂတ်လမ်းက သားတစ်ယောက်တည်း လျှောက်ရမှာ။ သားအမေနဲ့ အဖေက ဘေးက‌နေ အကူအညီပေးနိုင်ပေမယ့် တိုက်ရိုက်တော့ ကူညီပေးမှာ မဟုတ်ဘူး။ သား အာရုံစိုက်သင့်တဲ့ အရေးအကြီးဆုံးအရာက ... အင်မော်တယ်အဆင့်တက်လှမ်းခြင်းပဲ

“သားက အစစ်အမှန်အင်မော်တယ်အဆင့်ကို တစ်ပိုင်းဝင်ရောက်နေပြီ။ နောက်ဆုံးအဆင့်တစ်ပိုင်းပဲ လိုတော့တာ။ ပြီးရင် အင်မော်တယ်နယ်ပယ်ကို သား ရောက်ပြီ

“အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးဆိုတာ နှစ်တစ်သောင်းကြာမှ တစ်ကြိမ်ပဲလာတာ။ အကြီးအပိုင်းမျိုးဆက်က ကျင့်ကြံသူတွေနဲ့ လက်ရှိမျိုးဆက်က ရွေးချယ်ခံတွေအများကြီးရှိတယ်။ အစစ်အမှန်အင်မော်တယ်ကံတရားကို ရယူဖို့လေးအတွက် ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားကြတဲ့သူတွေပေါ့လေ

“အစစ်အမှန်အင်မော်တယ်ဘဝကို ရယူဖို့ အရိုးရှင်းဆုံးနည်းလမ်းက တွေ့ရခဲတဲ့ အင်မော်တယ်လမ်းပြနွယ်ပင်နဲ့ပဲ။ အဲ့ဒါကို အင်မော်တယ်လမ်းစဉ်ရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရဖို့ သုံး။ ဒါဆို သား အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းနိုင်ပြီ

“အင်မော်တယ်လမ်းပြနွယ်ပင်က ရှားပေမယ့်လို့ မရနိုင်တာတော့ မဟုတ်ဘူး။ တကယ်တမ်း လုံလောက်လို့တောင် နှစ်တစ်သောင်းအပိုင်းအခြားတစ်ခုစီမှာ အင်အားအကြီးဆုံးဂိုဏ်းတွေအနေနဲ့ အစစ်အမှန်အင်မော်တယ်တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် မွေးထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နွယ်တွေက အစစ်အမှန်အင်မော်တယ်ကံတရား ပေါ်ထွန်းလာပြီးနောက် နှစ်တစ်ထောင်အတွင်းပဲ ထိရောက်မှုရှိတယ်

“အစစ်အမှန်အင်မော်တယ်အဆင့်တက်ဖို့ ဒုတိယနည်းကတော့ အင်မတန် ခက်တယ်။ နှစ်တစ်သောင်းကြာတိုင်း တစ်ကြိမ် အင်မော်တယ်ကံတရားပေါ်လာရမယ်။ အဲ့ဒါကို သုံးပြီး အစစ်အမှန်အင်မော်တယ်လမ်းစဉ်ကို လျှောက်ရမယ်။ သားရဲ့ ဆရာ ဆေးလုံးမိစ္ဆာအနေနဲ့ အဲဒီလမ်းကို လျှောက်ရမှာ

“ဒီအင်မော်တယ်အမျိုးအစားနှစ်ခုလုံးက အစစ်အမှန်အင်မော်တယ်တွေပဲ

“သားရဲ့ဆရာက အခက်ခဲဆုံးလမ်းကို သွားနေတာ။ အောင်မြင်ခဲ့ရင် သေချာပေါက် အင်အားကြီးအဖွဲ့အစည်းတစ်ခုခုရဲ့ ရွေးချယ်ခံရပြီး သီးသန့်ဂိုဏ်းသား ဖြစ်လာရနိုင်ခြေများတယ်

“ဒါကြောင့် သားရဲ့ ဆရာ အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းတဲ့ နေ့ရောက်ရင် တောင်ကောင်းကင်ရဲ့ နယ်မြေတွေဟာ သိပ်ကို စည်ကားသိုက်မြိုက်လာလိမ့်မယ်။ တောင်ကောင်းကင်ကနေ ထွက်သွားခဲ့ကြတဲ့ ဂိုဏ်းတွေ ၊ မျိုးနွယ်စုတွေအနေနဲ့ အခွင့်အရေးအတွက် လာရောက်ပြိုင်ဆိုင်တိုက်ခိုက်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် အဖေက သားဆရာအတွက် တာအိုစောင့်ရှောက်သူလုပ်ပေးမှာ

“သားကတော့ သားရဲ့ဆရာ ပြစ်ဒဏ်ကို ကျော်လွှားပြီးတဲ့နောက်ကျရင် အရှေ့အောင်ပွဲဂြိုဟ်ကို သွားရမယ်။ အဲဒီမှာ သားအတွက် အင်မော်တယ်လမ်းပြနွယ်ပင်ကို အဖေ ပြင်ဆင်ပေးထားပြီးသား

“ပထမပိုင်းတော့ အင်မော်တယ်လမ်းပြနွယ်ကို သုံးတာက ရလဒ်နည်းနည်းနိမ့်ကျတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာ အစခြေလှမ်းတွေအပေါ်မှာပဲ မူတည်တာမဟုတ်ဘူး ။ ဒီနည်းလမ်းကို အသုံးပြုတာကလည်း သားကို ကြီးမားတဲ့အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်တယ်”

“ဒါဆို အစစ်အမှန်အင်မော်တယ်အဆင့်တက်ဖို့ ဒီနည်းနှစ်နည်းပဲ ရှိတာလား” မန်ဟိုက အတန်ငယ် အံ့အားသင့်သွားသဖြင့် မေးလိုက်သည်။ “ရှင်သန်ခြင်းနှင်းပန်းကရော ဘယ်လိုမျိုး အဲဒါကို ရရှိသွားတာလဲ”

“လူတွေက ပန်းမဟုတ်သလို၊ ပန်းတွေကလည်း လူမဟုတ်ဘူး။ ရှင်သန်ခြင်းနှင်းပန်းရဲ့ လမ်းစဉ်ကို လေ့လာလို့ရပေမယ့် ကျင့်ကြံသူတွေအနေနဲ့ အဲဒီလမ်းကို လိုက်ဖို့ ကြိုးစားရင် ကိုယ့်တာအိုကိုယ် နားလည်ဖို့ ခက်ခဲလိမ့်မယ်

“ဘယ်ဂြိုဟ်၊ ဘယ်အင်မော်တယ်မြေကိုမှ မမှီခိုတဲ့ တတိယနည်းတစ်နည်းရှိတယ်။ အဲဒါက ... သားရဲ့အစွမ်းအစနဲ့သား အစစ်အမှန်အင်မော်တယ်ဘဝကို ရယူဖို့ပဲ

“သိပ်ရှားတယ် အဲဒါမျိုးက။ ဒဏ္ဍာရီတွေအရဆို စတုတ္ထတောင်ရဲ့ မြေဗိမာန်သခင် ခေါင်းဆောင်ကြီးခိတိဂဗ္ဗ တစ်ယောက်ပဲ အဲဒီလမ်းကို လျှောက်ခဲ့တာတဲ့။ သူအပြင် ဘယ်သူမှ မလျှောက်ခဲ့ဖူးဘူး။ သူ အဲဒီလိုလုပ်ခဲ့တုန်းကဆိုရင် တောင်နဲ့ပင်လယ်နယ်ပယ်မှာ ရှိတဲ့ အင်မော်တယ်ချီတွေအကုန်လုံး ‌တဖွေးဖွေး လှုပ်ပြီး သူ့ဆီ စီးမျောသွားလို့ လူတိုင်း သိသွားကြတာ

“အဲဒီလမ်းကို ဘယ်လိုလျှောက်ရမလဲဆိုတာတော့ အဖေတောင် မသိဘူး” မန်ဟို့အဖေက ခေါင်းခါရမ်းလိုက်သည်။ သူသည် မန်ဟို့ကို အထင်ကြီးမျှော်မှန်းထားသော်လည်း မန်ဟို့အတွက် ထိုတတိယလမ်းကို လျှောက်ဖို့ကား မဖြစ်နိုင်ပေ။ “အခုတော့” သူက မန်ဟို့ကို တည်ကြည်လေးနက်စွာ ကြည့်ရင်း ပြောသည်။ “အဖေ့ရဲ့ ဓားကွက်ကိုးကွက်အပေါ် အာရုံစိုက်။ ထဲထဲဝင်ဝင် နားလည်အောင်လုပ်”

စိတ်မကောင်းစွာနှင့် မန်ဟို့အစ်မကြီးဖန်ယုမှာ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်မလာနိုင်သေးပေ။ မန်ဟို၏ ပြန်လည်ရောက်ရှိလာမှုက တောင်ကောင်းကင်၏ ဖန်မျိုးနွယ်အား နိုးနိုးကြားကြား ဖြစ်သွားစေသည်။ သူတို့မှာ သူနှင့် မရင်းနှီးသည့်အတွက် သူ့အကြောင်း မေးမြန်းဖို့ပင် မကြိုးစားရဲကြပေ။

တောင်ပိုင်းဒေသတွင် မန်ဟို၏ လုပ်ဆောင်ခဲ့မှုများမှာ ‌အရှေ့ဘက်နယ်မြေကျင့်ကြံသူများအကြား သတင်းပြန့်နေခဲ့ပြီးဖြစ်သည်။

ကျီမျိုးနွယ်စုမှာတော့ လောလောဆယ်တွင် ဖင်မထိုင်နိုင်ဖြစ်နေသူများ တစ်ပုံကြီးပင်... ထိုလူများသည် ‌မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက မန်ဟို့အပေါ် ဝိညာဉ်ကျောက်တုံးအကြွေးတင်ခဲ့သော ရွေးချယ်ခံများဖြစ်ကြ၏။ မန်ဟိုနှင့်ပတ်သက်၍ ရတက်မအေးဖြစ်နေသော တခြားဂိုဏ်းများမှ ရွေးချယ်ခံများလည်း အရှေ့ဘက်နယ်မြေတွင် ရှိသည်။

သစ်ပင်အောက်တွင် ထိုင်နေစဉ် မန်ဟို့အဖေက လက်ကို ဝှေ့ယမ်းကာ ပြိုးပြိုးပြက်ပြက် လက်နေသော အမိန့်တံဆိပ်ပြားတစ်ပြားအား မန်ဟို့ဆီ ပျံထွက်သွားစေလိုက်သည်။ ၎င်းက မန်ဟို့အရှေ့ရှိ လေထဲတွင် ပျံဝဲနေ‌လေသည်။ မန်ဟို့အတွက် ၎င်းထံမှ ဖြာထွက်နေသော ရှေးကျမှုကို ခံစားရဖို့ တစ်ချက်လေးကြည့်ရုံတာ လိုအပ်လိုက်သည်။

“‌ဒါက အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားတစ်ပြားပဲ” မန်ဟို့အဖေက ပြောသည်။

“နောက်နောင် တောင်ကောင်းကင်ကနေ သားထွက်သွားတဲ့အခါ ဆက်လက်ကျင့်ကြံဖို့ မျိုးနွယ်စုကို ပြန်နိုင်သလို၊ ဒီအမိန့်ပြားကို သုံးပြီး နဝမတောင်ရဲ့ အင်မော်တယ်‌ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို ဝင်ရောက်ပြီး သူတို့ရဲ့တာအိုမှော်ကျင့်စဉ်ကို ကျင့်နိုင်တယ်

“နဝမ‌တောင်နဲ့ ပင်လယ်မှာ အင်မော်တယ်‌ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွေ အများကြီးရှိတယ်။ အဲ့ထဲက ကျောင်းတစ်ကျောင်း ပွင့်သွားတာနဲ့ အာရုံတော်တော် စိုက်ခံရတာ

“လောလောဆယ် နဝမတောင်ရဲ့ အင်မော်တယ်‌ရှေးတာအိုဆရာများအဖွဲ့ပဲ အမွေအ‌နှ‌စ်တွေ ဆက်ပြီး လက်ဆင့်ကမ်းပေးနေတယ်။ ကျင့်ကြံသူတွေအများကြီး အဲဒီမှာ ကျင့်ကြံလာကြရင်နဲ့ သူတို့အဖွဲ့ဟာ နဝမတောင်မှာ အကောင်းဆုံးတာအိုအစည်းအရုံးတွေ ဖြစ်လာတာပဲ။ တာအိုဆရာများဝတ်ပြုကျောင်း‌တစ်ကျောင်းလောက် လောကမှာ ပေါ်လာရင် အဲဒီကျောင်းက ဟိုအရင်ကတည်းက အစွန့်ပစ်ခံထားရတဲ့ ကျောင်းပျက်ပဲ ဖြစ်နေလိမ့်မယ်

“အစွမ်းထက်ဆုံးရွေးချယ်ခံတွေပဲ အင်မော်တယ်‌ရှေးတာအိုဆရာများအဖွဲ့ကို ဝင်ရောက်ခွင့်ရှိတာ။ သခင်လီလည်း ဝင်ရောက်နိုင်ခဲ့သလို၊ သခင်ကျီရောပဲ။ အဲဒီခေတ်က ဖန်မျိုးနွယ်ခေါင်းဆောင်ကြီးလည်း ဝင်ရောက်ခဲ့တယ်။ သူတို့ရဲ့ ဂိုဏ်းသားအဖြစ် လက်ခံတဲ့ သတ်မှတ်ချက်တွေက အရမ်းတင်းကြပ်တယ်။ ဒါပေမဲ့ သားမှာ အင်မော်တယ်‌ရှေးတာအိုဆရာများတံဆိပ်ပြားရှိနေရင် သီးသန့်ဂိုဏ်းသားအ‌ဖြစ် တိုက်ရိုက်ဝင်လို့ရတယ်

“ဒီတံဆိပ်ပြားကို ကောင်းကောင်းစောင့်ရှောက်ပါ

“တံဆိပ်ပြားမှာ နောက်လုပ်ဆောင်ချက်တစ်ခု ရှိတယ်။ အဖေ တိုက်တိုက်ဆိုင်ဆိုင် အင်မော်တယ်‌ရှေးတာအိုဆရာများဝတ်ပြုကျောင်းတစ်ကျောင်း ရှာတွေ့ခဲ့တယ်။ အဲ့ဒါက ပျက်စီးခြောက်ကပ်ပြီး လူသူကင်းမဲ့နေပေမယ့် ဝင်ရောက်လိုက်တာနဲ့ အလိုလို အသက်ဝင်လာလိမ့်မယ်.....

“ဒီတံဆိပ်ပြားရဲ့ ညွှန်ကြားမှုကို လက်ခံပြီး ဝတ်ပြုကျောင်းမှာ ဉာဏ်အလင်းရှာပါ။ အဲ့ဒါက သား အင်မော်တယ်အဆင့်တက်ဖို့အတွက် အခွင့်အရေးပိုများစေလိမ့်မယ်

“ဒါပေမဲ့ အင်မော်တယ်‌ရှေးတာအိုဆရာများဝတ်ပြုကျောင်း အသက်ဝင်လာရင် အခြားသူတွေလည်း သိသွားမှာပဲ။ ဒါကြောင့် တခြားဂြိုဟ်တွေက ဂိုဏ်းတွေ ၊ မျိုးနွယ်စုတွေလည်း ဘုရားကျောင်းမှာ ကံကောင်းမှုတွေ၊ ကံကြမ္မာကောင်းတွေကို ရှာဖွေဖို့ ရောက်လာလိမ့်မယ်

“သူတို့ စိတ်ဝင်အစားဆုံးက အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားပဲ

“အဲ့ဒါက သားအတွက် ကိုယ့်အရည်အသွေးတွေကို မြှင့်တင်ဖို့ အခွင့်အရေးပဲ

မန်ဟိုက တံဆိပ်ပြားကို ကြည့်လိုက်ရာ အထဲတွင် ကျင့်ကြံအားထုတ်နေသည့် ပုံရိပ်များ ပြည့်နှက်နေသော အင်မော်တယ်‌ရှေးတာအိုဆရာများဝတ်ပြုကျောင်းတစ်ကျောင်းကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။ ထိုထဲတွင် တာအိုတရားဟောနေသော အရာင်အဝါများနှင့်အင်မော်တယ်တစ်ဦးလည်း ရှိသည်။

မန်ဟို ပြတ်ပြတ်သားသား မကြားရသော မဟာတာအိုတစ်ပါး၏ တေးသွားသည် လေထဲတွင် ပျံ့လွင့်နေသည်။ ၎င်းက သူ၏ပတ်ပတ်လည်တွင် အင်မော်တယ်ချီတို့ ရစ်သိုင်းသွားစေရင်း သူ့ကို နတ်ရောင်‌နတ်ဝါတို့ဖြင့် သန့်စင်ခံနေရသကဲ့သို့ သာယာမိန်းမောသွားစေသည်။

အချိန်‌အတော်‌လေးကြာမှ မန်ဟိုသည် တုန်ရီသွားပြီး စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ သူက အင်မော်တယ်‌ရှေးတာအိုဆရာများတံဆိပ်ပြားကို မြန်မြန်ဆန်ဆန် လှမ်းကိုင်လိုက်သည်။

“တာအိုဆရာများတံဆိပ်ပြားကို သေချာသိမ်းပြီး အင်မော်တယ်အဆင့်ရအောင် တက်။ အဲဒါတွေက သားအတွက် အဖေ့ရဲ့ စမ်းသပ်ချက်တွေပဲ။ ဒါတွေကို မအောင်ရင်တော့ အဖေရယ် ၊ အမေရယ်နဲ့ ဒီမှာ နေတာ ပိုကောင်းလိမ့်မယ်

“တခြားဂြိုဟ်က ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေနဲ့ အစွမ်းကုန် တိုက်ခိုက်နိုင်ရင်၊ တံဆိပ်ပြားကို စောင့်ရှောက်နိုင်ရင် ၊ အစစ်အမှန်အင်မော်တယ်အဆင့်တက်နိုင်ရင်တော့ ... သား အဖေတို့ကို ထားခဲ့ပြီး ခမ်းနားကြီးကျယ်တဲ့ သားအနာဂတ်လမ်းကို ဖောက်ဖို့ အသင့်ဖြစ်ပြီလို့ သားအမေနဲ့ အဖေ ယုံကြတယ်”

မန်ဟိုသည် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်၍ သူ့အဖေကို မေ့ာကြည့်ကာ ခေါင်းဖြည်းဖြည်း ညိတ်လိုက်သည်။

မန်ဟို့အဖေက သူ့ကို ပြန်ကြည့်ပြီးနောက် ပြုံးလေသည်။ ထိုအပြုံးသည် ချစ်ခြင်းမေတ္တာနှင့် အားပေးမှုတို့ ပြည့်နှက်နေသော အပြုံးတစ်ခုဖြစ်၏။

“သွားတော့” သူက ပြောသည်။ “မိကျောင်းကို ဒီမှာထားခဲ့။ သား အင်မော်တယ်အဆင့်တက်ပြီးမှ အပြင်သွားတဲ့အခါ ဒီကောင့်ကို စီးတော်ယာဉ်အဖြစ် သုံးနိုင်မယ်။ ဟိုအာ ... သားရဲ့ဘေးမှာ အဖေနဲ့အမေ ရှိမပေးနိုင်ခဲ့ဘူး။ သားက အခုအဆင့်ကို သားအစွမ်းအစနဲ့သား ရောက်လာခဲ့တာ

“အဲဒီလိုပဲ နောက်ကျရင် ... အဖေနဲ့အမေ့ဆီက အကူအညီလိုမှာ မဟုတ်တာ အဖေယုံတယ်။ သားလမ်းက သားကို ဒီထက်ဝေးဝေးရောက်အောင် ခေါ်ပေးသွားမှာ ... ပြီးတော့ သားဘာသာပဲ လုပ်ရမှာနော်”

မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး သူ့အဖေကို အရိုအသေးပေးလိုက်သည်။

“ကဲ အခု သွားတော့။ ကျင့်ကြံသူတွေဆိုတာ အသေးအဖွဲတွေကို ဂရုမစိုက်ဘူး။ ဒါ့အပြင် သားလည်း အရွယ်ရောက်နေပြီပဲ” သူ့အဖေ၏အပြုံးမှာ ပို၍တောက်ပလာသည်။ သူ၏မျက်ဝန်းများအရ သူသည် သားဖြစ်သူကို အမှန်တကယ် အောင်မြင်စေလိုကြောင်း ၊ နဂါးတစ်ကောင်ဖြစ်စေလိုကြောင်း မြင်ရပေမည်။ ၎င်းသည် ခဲယွင်ဟို၏မျက်ဝန်းများတွင် မန်ဟို မြင်ခဲ့ရသောအကြည့်နှင့်တူ၏။

မန်ဟိုက ထရပ်ပြီး သူ့အမေ လာနေသည်ကို မြင်လိုက်သည်။ သူမသည် သူ့ဆီ လျှောက်လာ၍ အဝတ်များကို သပ်သပ်ရပ်ရပ် လုပ်ပေးရင်း သူ့ကို ချစ်မြတ်နိုးစွာ ကြည့်လေ၏။ သူမမှာ သူနှင့် မခွဲလိုသည့်အပြင် စိတ်ပူနေပုံလည်း ပေါက်နေသည်။

“အမေ ကျွန်တော် အဆင်ပြေပါတယ်” သူက ရှက်ကိုးရှက်ကန်းအပြုံးနှင့် ဆိုသည်။

မန်ဟို့အမေမှာ အပြုံးကို မြင်လျှင် ခေါင်းခါလိုက်သည်။

“ငယ်ငယ်တုန်းက အပြုံးအတိုင်းပဲ” သူမက ပြောသည်။ “သူများကို သွားမကောင်းကြံတော့တဲ့ အချိန်တိုင်း ပြုံးတတ်တဲ့အပြုံး”

မန်ဟို့အပြုံးမှာ ပို၍ပင် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။ သူသည် သူ့မိဘနှစ်ပါးနှင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်၏။ သူတို့ကို နောက်ဆုံးအကြိမ် အလေးအနက် တစ်ချက်ကြည့်ပြီးနောက် သူကား အဝေးသို့ ထွက်သွားတော့သည်။

နှစ်ယောက်သား သူထွက်သွားသည်ကို ကြည့်ပြီး သူ့အမေက သက်ပြင်းချသည်။

“အဲဒါ ကျင့်ကြံသူတွေ ဘယ်လိုကျင့်ကြံသလဲ ဆိုတာပဲ” သူ့အဖေက တည်ငြိမ်စွာ ပြောသည်။ “ဟိုအာက ယောက်ျားသားတွေကြားက နဂါးတစ်ကောင်။ သူလမ်းက .... သူကိုယ်တိုင်လျှောက်ရမယ့် လမ်း”

“ဒါမဲ့ စိတ်ပူမိတာပေါ့ ရှင်ရယ်....” သူ့အမေက ပြောသည်။

“ကိုယ်တို့အကူအညီမပါပဲ သားက အစစ်အမှန်အင်မော်တယ်တစ်ပိုင်းအဆင့် ဖြစ်နေပြီလေ” သူ့အဖေက ဂုဏ်ယူစွာ ဆိုသည်။ “အရွယ်လည်း ရောက်နေပြီ။ သူ့ပင်ကိုယ်စရိုက်အရဆိုရင် ကိုယ်တို့နဲ့ ဒီမှာ နှစ်တစ်သိန်းအတူနေဖို့ မဖြစ်နိုင်ဘူး။ ကိုယ်တို့‌အနေနဲ့ ထွက်မသွားနိုင်မှတော့ သူ့ကို စိန်ခေါ်မှုတွေနဲ့ လေ့ကျင့်ပေးဖို့ လိုတယ်။ ဒါ့အပြင် ... နဝမတောင်နဲ့ပင်လယ်တစ်ခွင်မှာ သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကျင့်ကြံခြင်းအခြေခံမျိုး ပိုင်ဆိုင်ထားတာ အများကြီး ရှိတယ်လေ”

“ရှင် အသက်သွင်းလိုက်တဲ့ ဒီအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းက စိတ်ဝိညာဉ်နယ်ပယ်အထက်က လူတွေကို ဆွဲဆောင်မိမှာပဲ ကျွန်မ ကြောက်တာပါ...” သူ့အမေက နူးညံ့ညင်သာစွာ ပြောသည်။

မန်ဟို့အဖေက အေးစက်စက် ရယ်သည်။ “ဖန်ရှုံ့ဖုန်းက ဒီတောင်ကောင်းကင်ဂြိုဟ်မှာ ဘုရင် အဲဒီတော့ ကိုယ်ပြောမယ်...စိတ်ဝိညာဉ်နယ်ပယ်အထက် တစ်ယောက်ယောက် ဝင်လာရဲရင် အသက်နဲ့ကိုယ်အိုးစားကွဲ သွားစေရမယ်”

မန်ဟိုသည် ဖန်မျိုးနွယ်စုသို့ ရောက်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထွက်လာခဲ့ခြင်းဖြစ်၏။ ‌လမ်းများကား ပျားပန်းခတ်နေပြီး သွားလာလှုပ်ရှားနေသူများကို ကြည့်လျှင် သေမျိုးများ၏မြို့တစ်မြို့ဖြစ်ကြောင်း သိလိုက်ရသည်။ ကျင့်ကြံသူများလည်း ရှိသော်ငြား အထက်စီးဆန်ဆန် မပြုမူရဲကြပေ။ ကြည့်ရသရွေ့ ကျင့်ကြံသူများမှာ တန်နိုင်ငံတော်အစိုးရနယ်မြေများတွင် ကလန်ကဆန် လုပ်ခွင့်မရှိခြင်းဖြစ်မည်။

မန်ဟို မော့ကြည့်လိုက်သည့်အခါ အဝေးတွင် ဧရာမမြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်.... ချန်အန်း။

ကြည့်ကြည့်ချင်း သာမန်ဟု ထင်ရသော်လည်း မန်ဟိုက အင်မော်တယ်ချီကို လှည့်ပတ်လိုက်သောအခါ မြို့၏အထက် လေထဲတွင် ရွှေနဂါး (၉၅) ကောင် ရစ်ခွေနေသည်အား မြင်လိုက်လေသည်။ ရံဖန်ရံခါ ၎င်းတို့က ကြောက်စရာအသံများကို ထုတ်လွှတ်တတ်ကြသည်။ မှန်ပါသည်၊ ထိုအသံများအား တခြားသူများ မကြားရပေ။

တဖြေးဖြေး နဂါး (၉၅) ကောင်သည် လေလယ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုအဖြစ် ပေါင်းစုသွား၏။။ ထိုပုံရိပ်ကို မန်ဟို ကြည့်လိုက်ရာတွင် ၎င်းက သူ့အကြည့်ကို အာရုံရပြီးနောက် သူ့ကို ပြန်ကြည့်သည်။

ရုတ်တရက် ဩဇာတိက္ကမကြီးမားသော အသံတစ်သံ မန်ဟို့စိတ်ထဲတွင် ပြည့်နှက်သွား၏။ “အစ်ကိုဖန်ရဲ့ သား။ မျှော်လင့်ထားတဲ့အတိုင်း အတော်လေး ထူးခြားပါပေတယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ အင်မော်တယ်ချီတချို့ မင်းရဲ့ ကိုယ်ထဲ ဖြည့်ပေးရင်း ကောင်းချီပေးနိုင်ဖို့ ခွင့်ပြုပေးပါ”

နဂါး (၉၅) ကောင်က အလွန်အသက်ဝင်သော ရွှေနဂါးတစ်ကောင်အသွင် ပေါင်းစည်းသွားသည့် ကြီးမြတ်သော ချီစီးကြောင်းတစ်ကြောင်းစီအား ထွေးလိုက်သည်။ ချီစီးကြောင်းနဂါးက ရွှေရောင်အလင်းတန်းတစ်တန်းအသွင်ဖြင့် လေကိုခွင်းကာ မန်ဟို့ကိုယ်ထဲ ဝင်ရောက်သွား၏။ ၎င်း သူ၏ကိုယ်ထဲ လှည့်ပတ်နေစဉ် မယုံနိုင်လောက်အောင် လန်းဆန်းသွားသော ခံစားချက်တစ်ခု ပြည့်နှက်သွားလေသည်။

သူ့ကိုယ်တွင်းမှ ကျိုးအက်သံများ ကြားလိုက်ရပြီး တခြားကမ္ဘာမှကဲ့သို့ အရှိန်အဝါတစ်ခုသည် သူ့ကို နှစ်ခြင်းမင်္ဂလာသဖွယ် ဆေးကြောသန့်စင်သွားသယောင်ပင်။ သူကား နယ်‌မြေနှင့် သဟဇာတဖြစ်သွားသည့်အလား မည်သည့်နေရာကိုကြည့်ကြည့် တာအိုမှော်အမျိုးမျိုးနှင့် သဘာဝနိယာမများကို မြင်လိုက်ရလေပြီ။

မန်ဟို စိတ်နှလုံး တုန်ရီနေစဉ် ပုံရိပ်က သူထံမှ အကြည့်လွှဲသွားသည်။

“တန်ဧကရာဇ်” မန်ဟိုမှာ ပင့်သက်ရှိုက်မိသွားသည်။ စောစောက ပုံရိပ်သည် ... တန်ဧကရာဇ်ဖြစ်ကြောင်း သေချာ၏။

“တောင်ကောင်းကင်ရဲ့နယ်မြေတွေဟာ ငုပ်လျှိုးနေတဲ့ နဂါးတွေ၊ ဝပ်နေတဲ့ ကျားတွေနဲ့ ပြည့်နေတာပဲ...” သူက တွေးသည်။ “တန်နိုင်ငံတော်ရဲ့ ဧကရာဇ်မှာ ရှိန်လောက်စရာ ကျင့်ကြံခြင်းအခြေခံရှိတယ်။ တောင်ကောင်းကင်တစ်ခုပဲ ဒီလိုလား ၊ တခြားဂြိဟ်တွေရော အတူတူပဲလား။ အဖေနဲ့ နယ်ပယ်တူတဲ့လူတွေပဲ အဲဒါမျိုးတွေကို နားလည်မယ်ထင်တယ်”

မန်ဟိုက လက်ယှက်၍ ချန်အန်းကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားမှ ဝတ်ပြုကျောင်းဆီသို့ လမ်းပြပေးနေမှုအတိုင်း သွားနေသော အလင်းတန်းတစ်တန်းဖြစ်သွား၏။ သူ၏ဒုတိယကိုယ်အစစ်က မည်‌သည့်နေရာသွားသွား ၊ ထပ်ကြပ်မကွာ လိုက်နေသော သူ့အောက်ရှိ အရိပ်တစ်ခုဖြစ်လာသည်။

မန်ဟိုသည် မြို့ပြင်တွင် ယခုလေးတင် ပေါ်လာခဲ့ပြီး အဝေးထွက်သွားတော့မည့်အချိန် မျက်လုံးများ လင်းလက်သွား၏။

“အမေပြောတာ ကြားဖူးတယ်။ ကျီမျိုးနွယ်စုက ဒီကနေ သိပ်မဝေးဘူးတဲ့....” ရှက်ကိုးရှက်ကန်းအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး သူက သိုလှောင်အိတ်ကို ပွတ်သပ်လိုက်သည်။ အထဲ၌ စာချုပ်များစွာ ရှိသေးပြီး တချို့တွင် ကျီမျိုးနွယ်စု၏ရွေးချယ်ခံများနာမည် ရေးထားလေသည်။

“ကဲ အခု စာရင်းရှင်းဖို့ အချိန်ကျပြီထင်တယ်...” မန်ဟိုက ခြောက်ကပ်ကပ်ရယ်ကာ တွေးသည်။ သူသည် အရှေ့ဘက်နယ်မြေ၏ အသေးစိတ်မြေပုံပါရှိသော ‌ကျောက်စိမ်းပြားတစ်ပြားကို ထုတ်လိုက်၏။ ၎င်းကို တခဏ လေ့လာပြီးနောက် သူကား ကျီမျိုးနွယ်စု၏ ခံတပ်ထံသို့ ဦးတည်ထွက်သွားတော့သည်....

***

All Chapters