← Chapters

အကြွေးသိမ်းဖို့ ကျီမျိုးနွယ်စုကို သွားရောက်ခြင်း

Vol. 58 Ch. 803

အကြွေးသိမ်းဖို့ ကျီမျိုးနွယ်စုကို သွားရောက်ခြင်း

Vol. 58 Ch. 803

ကျီမျိုးနွယ်စုတွင် ဘိုးဘေးစံအိမ်တစ်ခုတည်းမဟုတ်ဘဲ များစွာ ရှိသည်။ ခံတပ်အတွင်း တည်ရှိသော တစ်ခုမှာ ထိုစံအိမ်များထဲမှ တစ်ခုသာ ဖြစ်လေသည်။

၎င်းသည် ဧရာမကြီးမားပြီး ခံတပ်တစ်ခုလုံး၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကို နေရာယူထား၏။ အပြင်ပန်းတွင် သာမန်သာဖြစ်ဟန်တူသော်လည်း အထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ဖျားခါလောက်အောင် လှပသော လက်ရန်းပွတ်တိုင်များ၊ ကျောက်သားလှေကားထစ်များကို မြင်ရပေမည်။

ရှေးကျသော စိတ်ဆန္ဒတစ်သွယ်သည် အရပ်မျက်နှာတစ်ခွင် ပြန့်ကျက်ရှိပေရာ သစ်သားတိုင်း၊ ကျောက်တုံးတိုင်းတွင် အသိရှိနေသယောင် ထင်ရ၏။ ၎င်းကား အရှေ့ဘက်နယ်မြေ၏ ဖန်မျိုးနွယ်စုပင် တန်းတူမယှဉ်နိုင်အောင် တမူထူးခြားလေသည်။

မန်ဟိုသည် မြေပုံအတိုင်း ခံတပ်ကို ဖြတ်လာခဲ့ပြီး ကျီမျိုးနွယ်စု၏ ပင်မဂိတ်တံခါးကို တွေ့လိုက်၏။ သူက ဂိတ်တံခါးထံ လမ်းလျှောက်သွားကာ လည်ချောင်းရှင်းလိုက်သည်။ ဘေးဘီဝဲယာကို စူးစမ်းကြည့်ရာတွင် မည်သည့်အစောင့်ကိုမှ မမြင်ရပေ။

သူက တံခါးခေါက်ကြည့်သော်လည်း အထဲမှ တုံ့ပြန်မှုတစ်စုံတရာ မရှိကြောင်း တွေ့ရသဖြင့် ‌လေပေါ် ပျံတက်ကာ စံအိမ်ထဲ ပျံသန်းဝင်ရောက်ဖို့ ပြင်လိုက်သည်။ သို့သော် သူ လေပေါ် ပျံတက်လျှင် ကြီးမားသော ဖိအားတစ်ရပ်က သူ့အပေါ် သက်ရောက်လာသည်။ လေပိုင်နက်ကား တားမြစ်ခံထားရ၏။

ရုတ်တရက် အနောက်မှ မခိုးမခန့်ရယ်သံအား မန်ဟို ကြားလိုက်ရသည်။

“တာအိုရောင်ရင်း အချိန်ဖြုန်းမနေနဲ့။ နေ့တိုင်း ကျီမျိုးနွယ်စုကို အရိုအသေပေးဖို့ မျှော်လင့်ရင်း ရောက်လာကြတဲ့ ခင်ဗျားတို့လိုလူတွေ ဒုနဲ့ ဒေးပဲ”

ကျင့်ကြံသူနှစ်ယောက်က လမ်းလျှောက်လာရင်း မန်ဟို့ကို မြင်ခဲ့ခြင်းဖြစ်သည်။

“ကျီမျိုးနွယ်စုက တောင်ကောင်းကင်မှ နံပါတ်တစ်မျိုးနွယ်စု” ပထမတစ်ယောက်က ပြောသည်။ “ပြီးတော့ ဒါက သူတို့ရဲ့ ဘိုးဘေးစံအိမ်ထဲက တစ်ခု။ ဒီတိုင်း ဆောင့်ကြွားကြွားနဲ့ ဝင်သွားလို့ရမယ်ထင်လား ရောင်ရင်းရဲ့။ အထဲဝင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကျီမျိုးနွယ်စုရဲ့ ဖိတ်ခေါ်ခံရမှပဲ”

“ဘာလို့ ကြိုးစားကြည့်နေတာတုန်း” ဒုတိယတစ်ယောက်က ပြောသည်။ “ကျီမျိုးနွယ်ဝင်တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်မိနိုင်တယ်နော်။ အသက်ကို ဖက်နဲ့ ထုတ်ထားတော့”

တကယ်တော့ မန်ဟို၏ ချောမောခံညားသော အသွင်အပြင်နှင့် သူမတူသော ပုံစံက ဤကျင့်ကြံသူနှစ်ယောက်ကို အထင်ကြီးမိစေသဖြင့် သူတို့မှာ သူ့ကို ကူညီဖို့ ကြိုးစားနေခြင်းဖြစ်လေသည်။

“ကျုပ်က အရိုအသေပေးဖို့ လာတာမဟုတ်ဘူး” မန်ဟိုက ချောင်းဖွဖွဟန့်ရင်း ပြောသည်။ “အကြွေးသိမ်းဖို့လာတာ” သူသည် ရုတ်တရက် ပင်မဂိတ်တံခါးတွင် တန်ဆာဆင်ထားသော သံလက်ကိုင်ကွင်းနှစ်ကွင်းကို မြင်လိုက်သဖြင့် မျက်လုံးများ တဖျပ်ဖျပ် လက်သွား၏။

သံကွင်းနှစ်ကွင်းမှာ သာမန်သာ ဖြစ်ဟန်တူသော်လည်း မန်ဟိုက သူ၏ကောင်းကင်စက္ခုပညာရပ်ဖြင့် ၎င်းတို့ထံမှ ထုတ်လွှတ်နေသော ရှေးဟောင်းမှော်သင်္ကေတများ၏ အရှိန်အဝါကို ချက်ချင်း အာရုံရလိုက်လေသည်။

“ဒီဟာတွေက မှော်ရတနာတွေပဲဟ” မန်ဟိုက တွေးသည်။ သူသည် ရှေ့တစ်လှမ်းတက်ရင်း သံကွင်းတစ်ကွင်းကို ခပ်ပြင်းပြင်း ဆောင့်ဆွဲလိုက်၏။ ကံဆိုးစွာနှင့် ဂိတ်တံခါးကား တစ်လက်မလေးပင် မရွေ့ပေ။ ကျင့်ကြံသူနှစ်ယောက်မှာတော့ တအံ့တဩ ကြည့်နေကြသည်။

“တာအိုရောင်ရင်း ဘာ... ဘာလုပ်နေ‌တာလဲ”

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာသည်။ သူ သံကွင်းကို ဒုတိယအကြိမ် ဆောင့်ဆွဲဖို့ ကြိုးစားလိုက်သည့်အခါ သူ့အနောက်ရှိ မျက်လုံးပြူးနေသောကျင့်ကြံသူနှစ်ယောက်မှာ နောက်ဆုတ်သွားကြတော့သည်။ သူတို့သည် ဈေးဝယ်ထွက်ဖို့ ခံတပ်ထံ ‌မကြာခဏ လာရောက်တတ်ပြီး အရိုအသေပေးဖို့ မျှော်လင့်ရင်း ကျီမျိုးနွယ်စု၏ ပင်မဂိတ်တံခါးအရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတတ်သော ကျင့်ကြံသူများကို ရံဖန်ရံခါ မြင်ရဖူး၏။

သို့သော် ပင်မ‌ဂိတ်တံခါးမှ သံကွင်းများကို ဆွဲဖြုတ်နေသော တစ်စုံတယောက်ကိုတော့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။ ထိုမြင်ကွင်းလေးနှင့်တင် သူတို့မှာ ခေါင်းကြိမ်းလာလေပြီ။ သူတို့နောက်ဆုတ်သွားစဉ် မန်ဟိုက သံကွင်းကို အားပါပါ ဆောင့်ဆွဲလိုက်သည်။

အဝေးတစ်နေရာတွင် ဟေးလားဝါးလား စကားပြောရင်း အားအားယားယား အချိန်ဖြုန်းနေသော လူငယ်ခုနစ်ယောက်၊ ရှစ်ယောက်အုပ်စု ရှိသည်။ မန်ဟို လုပ်နေသောအရာကို သတိထားမိသောအခါ သူတို့ထဲမှ တစ်ယောက်သည် တခဏ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် ဒေါသတကြီး လှမ်းအော်သည်။ သူက ချက်ချင်းဆိုသလို မန်ဟို့ဆီ ပျံသန်းလာ၏ ။

“တယ် အတင့်ရဲပါလား။ နဂါးနှလုံးသား စားလာတာလား ဟမ်။ ကျီမျိုးနွယ်စုရှေ့မှာ ရိုင်းပျရဲရတယ်လို့”

မန်ဟို့အနားရှိ ကျင့်ကြံသူနှစ်ယောက်မှာတော့ ကြောက်လွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ နောက်မြန်မြန်ဆုတ်သွားကြသည်။

“မကောင်းတော့ဘူး။ အဲဒါ ကျီရွှယ့်မင်။ ကျီမျိုးနွယ်စုရဲ့ အယောင်ဆောင်တပ်သားအဖွဲ့ဝင်”

လေကိုခွင်းလာနေစဉ် ကျီရွှယ့်မင်၏ လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အပြာရောင်အလင်းက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာပြီးနောက် လေဆင်နှာမောင်းသဖွယ် ကြီးကြီးမားမားအားတစ်ရပ်ကို ထုတ်လွှတ်နေသော လှံရှည်တစ်လက်အသွင် ပြောင်းသွားသည်။

မန်ဟိုက ကျီမျိုးနွယ်စု၏ဝင်ပေါက်တွင် ရပ်မြဲရပ်လျက် လာနေသော လှံကို ခေါင်းလှည့်ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်ရာ လှံရှည်သည် တုန်ခါလာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ တုန်ခါလှိုင်းက မန်ဟို၏ဆံပင်လေးတစ်မျှင်ကိုပင် မြှောက်တက်မသွားစေခဲ့သော်လည်း ကျီရွှယ့်မင်မှာတော့ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ သူသည် မီတာသုံးရာခန့်အကွာတွင် မြေကြီးနှင့် မိတ်ဆက်သွားသဖြင့် သွေးအန်ကာ မျက်နှာဖြူလျော်သွား၏။

သူ၏အပေါင်းအပါများက မန်ဟို့ကို အမဲဖြတ်တော့မတတ် လှမ်းကြည့်ကြသည်။

“သေချင်နေလား” ကျီရွှယ့်မင်က ကုန်းရုန်းထရင်း ငေါက်ငမ်းသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်တွင် ဖြစ်ပြီး မန်ဟို့ကျင့်ကြံခြင်းအခြေခံအား မမြင်ရသော်လည်း မည်သို့ဆိုစေ သူကား အမျက်တချောင်းချောင်း ထွက်သွားသေး၏။

“မင်းက ကျီရွှယ့်မင်ပေါ့” မန်ဟိုက ပြောသည်။ “ဟုတ်ပြီ ဒါဆို ခဏ...” မန်ဟိုက ပြောပြောဆိုဆို သိုလှောင်အိတ်ကို ပုတ်ကာ စာချုပ်တစ်ပုံတခေါင်း ထုတ်လိုက်သည်။ ၎င်းတို့ကို ဟိုလှန်သည်လှန် လှန်ပြီးနောက် သူ၏မျက်လုံးများ တလက်လက် တောက်ပသွားပြီး တစ်ရွက်ကို ဆွဲထုတ်လိုက်၏။

“ကျီရွှယ့်လင်နဲ့ အမျိုးတော်လား” သူက မျှော်လင့်နေသောလေသံနှင့် ဆက်မေးသည်။

“ငါ့အစ်ကိုကြီးလေ သူက။ မင်းကများ ရာရာစစ ကျီမျိုးနွယ်စုရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲရတယ်လို့။ သေပြီသာမှတ်” သူသည် စူးစူးဝါးဝါး အော်ရင်း ညာလက်ကို‌ ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များကို တဖွေးဖွေး လှုပ်လာစေပြီး ကျင့်ကြံသူများသာ မြင်ရနိုင်သည့် လှိုင်းများဖြာထွက်သွားစေသည်။

မန်ဟိုက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီးနောက် ကျီရွှယ့်မင်ကို အဖက်မလုပ်ဘဲ သံကွင်းနှစ်ကွင်းကို ပြန်ကြည့်သည်။ သူ့မှာ ၎င်းတို့နှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားသထက် လှုပ်ရှားလာလေသည်။

“ဒါ တကယ် ချစ်စရာကောင်းတဲ့ ရတနာတစ်ပါးပဲ” သူက ကျင့်ကြံခြင်းအခြေံကို စတင်လှည့်ပတ်ရင်း တွေးလိုက်သည်။ သူ၏ဓမ္မဆင်းတုသည် သူ့အနောက်တွင် ပေါ်လာကာ သံကွင်းကို လှမ်းကိုင်၍ ဆောင့်ဆွဲပစ်လိုက်သည်။

ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရပြီး ပင်မဂိတ်တံခါးတစ်ခုလုံး တုန်ခါသွားသည်။ ‌မြေကြီးပင်လျှင် ငလျင်လှုပ်နေစဉ် သံကွင်းကား .... တံခါးထံမှ မန်ဟို၏ဆွဲဖြုတ်ခြင်း ခံလိုက်ရလေပြီ။

စောစောက မန်ဟို့ကို ထွက်သွားဖို့ ဖျောင်းဖျခဲ့သော ကျင့်ကြံသူနှစ်ယောက်မှာ ယခုတော့ မျက်လုံးအပြူးသားနှင့် ကြည့်နေကြသည်။

ကျီရွှယ့်မင်၏အပေါင်းအပါများမှာ သရဲတစ်ကောင်ကို မြင်ခဲ့ရသည့်အလား ပို၍ပင် မျက်လုံးပြူးသွားကြသည်။ ကျီရွှယ့်မင်မှာမူ သူ၏စူးစူးဝါးဝါး အော်သံသည် တိခနဲ ပိတ်သွားပြီး ပါးစပ်အဟောင်းသားနှင့် မန်ဟို့ကို ကြည့်နေ၏။

စောစောက ပေါက်ကွဲသံကြီးမှာ တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားခဲ့၍ ကျင့်ကြံသူအတော်များများမှာ ဘာတွေဖြစ်နေသလဲ ကြည့်ဖို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့သည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် အထိတ်တလန့် အော်လိုက်ကြ၏။

“သူက ... တံခါးလက်ကိုင်ကို ဆွဲဖြုတ်လိုက်တာလား”

“အဲ့ဒါ ... မ... မဖြစ်နိုင်ဘူး”

“အဲဒီလူရူးနေတာလား။ ဘယ်လိုလုပ်ပြီး ကျီမျိုးနွယ်စုကို ရန်စရဲတာလဲ”

“ဒါ ကျီမျိုးနွယ်စုရဲ့ ဘိုးဘေးစံအိမ်လေ၊ မျိုးနွယ်စုတစ်စုလုံးရဲ့ သိက္ခာကို ကိုယ်စားပြုတဲ့နေရာ။ ဒါတောင် .... သူက တံခါးလက်ကိုင်ကို ဆွဲဖြုတ်လိုက်တယ်တဲ့လား”

“ဒီကောင်တော့ ကောင်းကင်ကို ရန်စနေတာပဲ”

စကားသံများ ချက်ချင်း ဆူညံလာသည်။

မန်ဟိုက မပြောင်းလဲသော အမူအရာဖြင့် သံကွင်းကို မြှောက်ကာ အလေးချိန်ဆကြည့်သည်။ ထို့နောက် သူ၏မျက်လုံးများသည် ဆန္ဒပြည့်ဝသွားသည့်အလား တောက်ပလာ၏။

“တကယ့်ကို ချစ်စရာရတနာလေးပဲ” သူက တွေးသည်။ ဤအခိုက်အတန့်တွင် သူ့ခေါင်းသည် ကျန်သံကွင်းကို လှည့်ကြည့်လိုက်သည်။ သူ ၎င်းဆီကို လက်လှမ်းလိုက်သည့်အချိန်တွင် ကျီမျိုးနွယ်စုအတွင်းမှ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်လာသည်။ ထို့နောက် ဂိတ်တံခါးသည် တိတ်ဆိတ်စွာ ပွင့်သွားခဲ့ပြီး လူငယ်တစ်‌ယောက် ‌လမ်းလျှောက်ထွက်လာ၏။

လူငယ်၏ဆံပင်ရှည်ရှည်များက ပခုံးကို ကျော်၍ ကျနေပြီး သူ၏ပုံပန်းသွင်ပြင်မှာ ချောမောသော်ငြား အေးစက်ခက်ထန်နေသည်။ သူ လမ်းလျှောက်ထွက်လာစဉ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါက သူ၏ပတ်ပတ်လည်တွင် လွင့်မျောနေ၏။ ချက်ချင်း ထူးဆန်းသောလှိုင်းများ သူ့ကိုယ်မှ ဖြာထွက်လာသည့်အလား ဂျိန်းခနဲ ထစ်ချုန်းသွားသည်။

“မျိုးနွယ်စုရဲ့ စည်းကမ်းတွေအရ” လူငယ်က လမ်းလျှောက်ထွက်လာရင်း ပြောသည်။ “မျိုးနွယ်စုဂိတ်တံခါးကို ဖျက်စီးတဲ့ ဘယ်သူမဆို ဆွေစဉ်မျိုးဆက်ကိုးဆက်အထိ သုတ်သင်ခံရမယ်” သူသည် မန်ဟို့ကို အေးစက်စက် ကြည့်ပြီးနောက် ရုတ်တရက် ပါးစပ်ကြီးဟောင်းလောင်း ဖြစ်သွား၏။

မီတာသုံးရာအကွာရှိ ကျီရွှယ့်မင်မှာ ထိုအခြင်းအရာကို သတိမထားမိ။ သူက အလွန်တရာ စိတ်လှုပ်ရှားသွားပြီး အားကိုးတကြီး လှမ်းအော်သည်။ “အစ်ကိုကြီး အဲဒီကောင်ကို သတ်လိုက်”

မန်ဟို၏မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားသည်။ သူသည် ဤအသစ်ရောက်ရှိလာသူကို မြင်လျှင်ချင်း ပျော်မသွားဘဲ မနေပေ။ သူက ကျယ်လောင်စွာ ရယ်ပြီး ပြောသည်။ “တာအိုရောင်ရင်းရွှယ့်လင် ၊ ကျုပ်ကို မှတ်မိလား”

ပထမတုန်းက လူငယ်၏အသွင်အပြင်မှာ အေးစက်ခက်ထန်ပြီး မောက်မာဝင့်ကြွားခဲ့သော်လည်း မန်ဟို့ကို စေ့စေ့စပ်စပ် ကြည့်ပြီး သူ့စကားလုံးများကို ကြားလိုက်သည်နှင့် အသေကောင်ကြီးလို မျက်နှာဖြူဆုပ်သွားတော့သည်။ သူ့မှာ သည့်ထက်ပို၍ စိတ်ခိုင်စေလျှင်တောင်မှ အလန်တကြား အော်မိဦးမည်ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်မသွားအောင်လည်း က္ကန္ဒြေမဆည်နိုင်လိုက်ပေ။

“ဟေ့အေး မမှတ်မိဘူး” သူက စူးစူးဝါးဝါး အော်ပြီး တံခါးကို ဂျိန်းခနဲ ပိတ်လိုက်သည်။

မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပသွားရင်း ညာခြေကို မြှောက်၍ တံခါးကို ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်သည်။ ဒုန်းခနဲ တံခါးမှာ ပွင့်သွား၏။ တစ်ဖက်ရှိ ကျီရွှယ့်လင်မှာ ပါးစပ်မှ သွေးများပန်းထွက်လျှက် ကျွမ်းထိုးမှောက်ခုံ လွင့်ထွက်သွား‌လေသည်။ ထို့နောက် သူက အသံဗြဲကြီးဖြင့် အော်တော့သည်။

“မန်ဟို ဒီရောက်လာပြီဟေး၊ မန်ဟို ရောက်လာပြီ”

သူ၏အလောသုံးဆယ် အော်သံက ကျီမျိုးနွယ်အကြီးအကဲများကို မျက်နှာရိပ်ခနဲ ဖြစ်သွားစေသည်။ စံအိမ်ထဲတွင် ရောက်နေသည့် ရွေးချယ်ခံများတွင် ကျီမျိုးနွယ်ရွေးချယ်ခံအကုန်လုံး မရှိပေ။ သို့သော် လေးငါးယောက်လောက်က မန်ဟို့ကို ဝိညာဉ်ကျောက်တုံးအကြွေးတင်နေရာ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုတို့ ပြည့်နှက်သွား၏ ။

ကျီမျိုးနွယ်စု၏ အပြင်၌ စုဝေးနေသော လူအုပ်ကြီးမှာ ကျီရွှယ့်လင်၏ အော်သံကို ကြားလျှင် မှင်သက်သွားကြသည်။ အတော်များများမှာ ဆက်စပ်မစဉ်းစားနိုင်သော်လည်း တချို့ကတော့ နားလည်သွားသည်။

“မန်ဟို ... သူက တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းသဲကန္တာရအကြား စစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ လူပဲ။ အစစ်အမှန်အင်မော်တယ်အဆင့်ကို တစ်ပိုင်းဝင်ရောက်နေပြီး သူ့မျိုးဆက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်”

“သူပဲ... တကယ်ကြီး အရှေ့ဘက်နယ်မြေကို ရောက်နေတာပါလား။ အခု စဉ်းစားကြည့်တော့မှ မန်ဟို့ကို ဘယ်လိုနည်းနဲ့မှ အတိုက်အခံမလုပ်မိဖို့ ဂိုဏ်းက အမိန့်ထုတ်ထားတာ သတိရတယ်။ သူ့ကို တောင်ပိုင်းဒေသမှာပဲ ထင်ထားတာ။ အခုကျ ‌အရှေ့ဘက်နယ်မြေကို ရောက်နေပြီတဲ့လား”

“ဆိုတော့ သူက ... တကယ်ပဲ မန်ဟိုပေါ့”

တောင်ပိုင်းဒေသ၏ စစ်ပွဲသတင်းများသည် နေရာအရပ်ရပ်သို့ ကူးစက်ပျံ့နှံ့နေခဲ့ပြီးဖြစ်၍ မန်ဟို့နာမည်အား နေရာတိုင်းတွင် ကြားရနိုင်ချေသည်။ သူသည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်သိန်းကျော်၏ ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ကာ အနုသုခုမရုပ်ခန္ဓာအဆင့်သို့ တက်ရောက်ခွင့်အား ပိတ်ပင်ခဲ့ပြီး သူတို့ကို အပြစ်သားပြည်သူများ ဖြစ်စေခဲ့၏။ ထိုမျှသာမက သူက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် ငါးယောက်ကို ဖိနှိပ်ချုပ်နှောင်ဖို့ ဧရာမတောင်ကြီးတစ်လုံးကိုလည်း ဆင့်ခေါ်ခဲ့သည်။

ထိုအခြင်းအရာအားလုံးကြောင့် မန်ဟိုကား တောင်ကောင်းကင်တစ်ခွင် ပြဲပြဲစင်အောင် ထွန်းပြောင်ကျော်ကြားလေသည်။

ကျီရွှယ့်မင်သည် မျက်နှာဖြူဖျော့လျက်၊ မျက်လုံးများပြူးကျယ်လျက် ကတုန်ကယင် ရပ်နေ၏။ သူသည် တလောတုန်းက မန်ဟို့ကို ရန်မစဖို့ မျိုးနွယ်စုမှ တားမြစ်ခဲ့သည့်စကားအား ပြန်သတိရလိုက်သည်။

အရာအားလုံး တုန်ရီနေစဉ် မန်ဟိုက ကျီမျိုးနွယ်စုထဲ ဝင်ရောက်သွားသည်။ သူသည် ကျိုးပဲ့သွား‌သော ဂိတ်တံခါးအနားသို့ ရောက်လျှင် ကျန်သံကွင်းကို အေးအေးလူလူ ဆွဲဖြုတ်ပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

ထိုသို့ လုပ်လိုက်သော မြင်ကွင်းက အပြင်မှ ရပ်ကြည့်နေသူများအကြား ပင့်သက်ရှိုက်သံများ ထွက်လာစေသည်။ မန်ဟို၏ အထက်စီးဆန်သော အပြုအမူက သူတို့ကို လေးလေးနက်နက် အထင်ကြီးမိစေခဲ့လေပြီ။ အခြားတစ်ဖက်တွင် ကျီမျိုးနွယ်များ၏ မျက်လုံးထဲ၌ လောင်ကျွမ်းနေသော မီးတောက်များကို မြင်ရနိုင်၏။

သူ့အပေါ် ဝိညာဉ်ကျောက်တုံးအကြွေးတင်နေသူများမှာ အနည်းအကျဉ်းသာ ရှိသည်မဟုတ်ပါလော။ ကျန်ကျီမျိုးနွယ်အားလုံးအတွက် စောစောက မန်ဟို၏အပြူအမူများမှာ ပါးကို ဖိနပ်နှင့် ဖြတ်ချလိုက်သည့်အတိုင်းပင်။

ချက်ချင်းပင် မျိုးနွယ်စု၏ သက်ကြီးပိုင်းမျိုးနွယ်ဝင် ရှစ်ယောက်က အေးစက်စက် နှာမှုတ်ပြီးနောက် ထွက်လာသည်။ လက်များ ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားစွမ်းရည်များ ပေါ်လာ၏။ သို့သော် ၎င်းတို့ မန်ဟို့အနားရောက်သောအခါ သူ၏မျက်လုံးများ လင်းလက်သွားပြီး သူက အင်္ကျီလက်စခါလိုက်သည်။ လေပြင်းတစ်ပြင်းက ဝေါခနဲ တိုက်ခတ်သွား၏။ ၎င်းက အရပ်မျက်နှာတစ်ခွင် ခပ်ပြင်းပြင်း တိုးဝှေ့သွားရာ သက်ကြီးပိုင်းမျိုးနွယ်ဝင်ရှစ်ဦးကို ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားစေသည်။

မန်ဟိုက လည်ချောင်းရှင်းပြီး စာရွက်တချို့ ဆွဲထုတ်လိုက်သည်။

“ဒီကို ရန်ဖြစ်ဖို့ လာတာ မဟုတ်ပါဘူး” သူက စာရွက်များကို လှန်ရင်း ပြောသည်။ “အကြွေးပဲ ပြန်တောင်းချင်တာ။ ကျီရွှယ့်လင်၊ ကျီထျန်းရီ၊ ကျီရှောင်ရှောင်....” တခဏလေးအတွင်း သူက နာမည်ခုနစ်ခု၊ ရှစ်ခု ဖတ်ခဲ့ပြီးလေပြီ။

နောက်ဆုံးတော့ သူက ခေါင်းမော့လာသည်။

“မင်းတို့လူတွေ ငါ့အပေါ် အကြွေးတင်နေတဲ့ ဝိညာဉ်ကျောက်တုံးသန်းချီကို ဘယ်တော့ပြန်ပေးမယ် စဉ်းစားနေတာလဲ။ ပေးတော့”

သူ၏အသံကို ကျီတစ်မျိုးနွယ်လုံးသာမက အပြင်ရှိလူတိုင်း ကြားလိုက်ကြရသည်။ ချက်ချင်းပင် ဤနေရာတွင် မရှိသည့်လူမှလွဲ၍ နာမည်အရွတ်ခံခဲ့ရသူအကုန်လုံး ရုတ်တရက် အမျက်တချောင်းချောင်း ထွက်သွားကြသည်။ မထွက်ဘဲ မည်သို့နေမည်နည်း။ ဝိညာဉ်ကျောက်တုံးပမာဏမှာ များပြားလွန်းလှရာ... သူတို့အတွက် ပြန်ဆပ်ဖို့ မဖြစ်နိုင်ပေ။

“အရှက်မရှိလိုက်တာ မန်ဟို။ မင်းက ငါတို့ကို အဲ့ဒီစာချုပ်ရေးဖို့ အတင်းဖိအားပေးခဲ့တာလေ”

“ငါတို့က ရေးချင်ခဲ့တာမဟုတ်ဘူး။ မင်း အတင်းအကြပ် လုပ်ခိုင်းခဲ့တာ”

“ဟုတ်တယ် မင်း ငါတို့ကို ခြိမ်းခြောက်ခဲ့တာ။ ငါတို့မှာ ရေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလေ ၊ အဲ့ဒါကြောင့် အကျုံးမဝင်ဘူး”

ကျန်ကျီမျိုးနွယ်များမှာ အော်ပြောနေသောအသံများကို ကြားသောအခါ မအံ့ဩဘဲ မနေတော့ပေ။ အပြင်ရှိ ကျင့်ကြံသူများလည်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။

“မန်ဟိုက တော်တော်ရဲတာပဲဟ။ ကျီမျိုးနွယ်ရွေးချယ်ခံတွေကို အတင်းအဓမ္မ စာချုပ်ရေးခိုင်းခဲ့တာပဲ”

“ဝိညာဥ်ကျောက်တုံးသန်းချီတဲ့။ ဘယ်... ဘယ်လိုလုပ်ပြီး အဲဒီလိုစာချုပ်မျိုး ရေးဖို့ ဖိအားပေးခဲ့တာပါလိမ့်”

မန်ဟို၏မျက်လုံးများ မည်းမှောင်သွားသည်။ “အကြွေးမပေးချင်ဘူးပေါ့လေ”

***

All Chapters