← Chapters

ငါက ဘယ်သူလဲ

Vol. 108 Ch. 1502

ငါက ဘယ်သူလဲ

Vol. 108 Ch. 1502

အချိန်တွေ ကုန်လွန်သွားသည်။ မန်ဟိုသည် မြေထု၏အလယ်တည့်တည့်၌ ရပ်မနေသော်လည်း အားလုံး၏အာရုံစိုက်ရာ ဖြစ်နေချေပြီ။

ဒိုင်းအလွှာကိုး၏အစအနများအလွန်၊ ကြယ်တာရာကောင်းကင်တွင် ထူးခြားဆန်းပြားသော သတ္တဝါများ ပြွတ်သိပ်နေ၏။ သူတို့အားလုံးမှာ မြေထု‌အပေါ် ခြေချလိုစိတ်မရှိသဖြင့် တိတ်ဆိတ်စွာ ငုံ့ကြည့်ရင်းသာ ပျံဝဲနေကြသည်။

ဒိုင်းအလွှာကိုးတွင် အပေါက်ကြီးရှိနေဆဲပင်။ ပြန်ပိတ်မသွားခဲ့သော်လည်း နာရီပေါင်းများစွာ ကြာသည်အထိ မည်သူမှ ဖြတ်ဝင်မလာခဲ့ကြပေ။

မြေထု၏ထူးခြားသောသဘာဝက အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအင်ကို လျော့ခမ်းနေစေသလို၊ အာကာပြင်ကျယ်စကြဝဠာ၏စိတ်ဆန္ဒကိုလည်း အားနည်းနေစေသည်။ ထိုအကြောင်းကြောင့် သတ္တဝါစစ်တပ်ကြီးအား စစချင်းတုန်းကလို ပူးကပ်ထားဖို့ မလွယ်ကူချေ။

သူတို့သည် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်နေသေးသော်လည်း သူတို့အသိစိတ်၏ထိန်းချုပ်မှုအောက် ပြန်ရောက်နေကြပြီဖြစ်၍ ... မြေထုထဲ ဝင်လျှင် သေရလိမ့်မည့်အမှန်တရားကြောင့် တိတ်ဆိတ်နေကြ၏။

ဤအတိုင်းသာ ဆက်သွားလျှင် မန်ဟို သေချာပေါက် အနိုင်ရလိမ့်မည်။ ယခုတွင် ကြေးမုံသည် အလွန်နီးကပ်နေပြီဖြစ်ပြီး များမကြာခင် သူ့အရှေ့သို့ ရောက်တော့မည်ဟု မန်ဟို ခံစားနေရသည်။

“ကြေးမုံ ....ရောက်တော့မယ်”

“ကြက်တူရွေး... ငါ့ဆီ ပြန်လာတော့မယ်” မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ့အနောက်ရှိ မီတာသုံးဆယ်ဒိုင်းဧရိယာအတွင်းတွင် မှန်ကွဲစရှစ်ခုသည် စူးရှတောက်ပသောအရောင်အဝါကို ထုတ်လွှတ်နေ၏။ ၎င်းတို့ထံမှ ထိုးတက်နေသော အလင်းတန်းက ညအမှောင်ထုထဲရှိ မီးတုတ်ပမာ တောက်ပလင်းလက်စွာဖြင့် ကြေးမုံကို ဆက်လက်ဆင့်ခေါ်နေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသည့်အခါ မန်ဟို့မှာ အဝေးသို့ ကြည့်ရင်း အသက်ရှူမြန်လာတော့သည်။ သတ္တဝါစစ်တပ်ကြီးလည်း သူတို့ကို အလွန်စိတ်လေးလံလာစေပြီး ကတုန်ကယင်ပင် ဖြစ်လာစေသော ဖိအားတစ်ရပ် အဝေး၌ ကြီးထွားလာနေသည်ကို ခံစားလိုက်ကြရသည်။

ကြယ်တာရာကောင်းကင်ကို မဟုတ်ဘဲ သီးခြားအမှောင်ထုတစ်ခုကို ဖြတ်သန်းလာနေဟန်တူသော အလင်းတန်းတစ်တန်းကိုလည်း သူတို့ မြင်လိုက်ရသယောင်ပင်။

သို့သော် ဤအခိုက်အတန့်မှာပင် မန်ဟို့အရှေ့၌ လှိုင်းများသည် အုန်းခနဲ ဖြာထွက်သွား၏။ သူ့အရှေ့ရှိ လေထုမှာ စောစောက ငြိမ်သက်နေခဲ့သော်လည်း ယခုတော့ လက်ချောင်းတစ်ချောင်း ပေါ်လာခဲ့ချေပြီ။

လက်ချောင်း၏ပုံသဏ္ဍာန်သည် မည်သည့်ရှုထောင့်မှကြည့်ကြည့် သာမန်နှင့်တူသော်လည်း ပေါ်လာလျှင်ချင်း တစ်ကမ္ဘာလုံးကိုသာမက၊ ကြယ်တာရာကောင်းကင်တစ်ခုလုံးကိုပင် တသိမ့်သိမ့်တုန်ခါလာစေ၏။ လက်ချောင်းက အလင်းအားလုံးကို စုပ်ယူ၍ ကြယ်တာရာကောင်းကင်၏အမှောင်ထုထဲတွင် ထီးထီးတည်း တောက်ပနေသယောင် ထင်ရသည်။

လက်ချောင်းသည် မန်ဟို၏ရင်ဘတ်ဆီသို့ နှေးကွေးစွာ ရွေ့လျားသွားဟန်တူ၏။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် မန်ဟိုမှာ လက်ချောင်းအား လုံးဝမရှောင်နိုင်ပေ။

ဒုန်းးးးးးးးးးး။ မိုးနှင့်မြေ လှုပ်ခတ်သွားသည်။ အက်ကွဲကြောင်းများ အရပ်လေးမျက်နှာတွင် မြွေလိမ်မြွေကောက် ဖြာထွက်သွားသဖြင့် မြေထုထံမှ အက်ကွဲသံများ ကြားရနိုင်သည်။ ဒိုင်းအလွှာကိုးပင်လျှင် ကြေမွသွား၏။

မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ ဒလိမ့်ခေါက်ခွေး လွင့်ကာ ဒိုင်းအလွှာတစ်ဆယ်၏မျက်နှာပြင်အား ဝင်တိုက်လိုက်သည်။ ဒိုင်းသည် တွန့်လိမ်ပုံပျက်သွားပြီး ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲသွား၏။ မန်ဟိုမှာ နှစ်ဆယ့်ငါးမီတာနီးပါး ဆက်လက်လွင့်ထွက်သွားပြီးနောက်မှ ရပ်လိုက်နိုင်လေသည်။ သူက သွေးတစ်ပွက်ထပ်အန်ရင်း သူ့အရှေ့ရှိ လှိုင်းထနေသောဧရိယာကို ဖြည်းဖြည်းချင်း မော့ကြည့်သည်။

ယခု ထိုနေရာတွင် လက်ချောင်းတစ်ချောင်းတည်းကိုသာ မြင်ရခြင်းမဟုတ်တော့။ ပိန်ပါးပါးအရိပ်တစ်ခုသည် ဘွားခနဲ ပေါ်လာခဲ့ပြီး သူ၏ခြေထောက် မြေမျက်နှာပြင်ကို ထိလိုက်သည်နှင့် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။ ကြည့်ရခြင်းအားဖြင့် သူ၏အကြည့်တစ်ချက်သည် ကြယ်တာရာကောင်းကင်၌ တည်ရှိသော ဖြစ်တည်မှုတိုင်း၏ ရှင်ခြင်းသေခြင်းကို ဆုံးဖြတ်ပေးနိုင်ဟန်ပင်။

“ငါက လောကပါလနတ်မင်းရဲ့ တမန်တော်ပဲ” သူက အေးစက်စက် ပြောသည်။ သူ့အသံ၏ ပဲ့တင်လှိုင်းက မန်ဟို ရပ်နေသော မီတာသုံးဆယ်ဧရိယာမှလွဲ၍ မြေထုတစ်ခုလုံးအား ဘာဆိုဘာမှမကျန်တော့သည့်အထိ စိစိညက်ညက် ကြေသွားစေသည်။ ဤလောကပါလနတ်မင်း၏ တမန်တော်ထံမှ စကားလေးတစ်ခွန်းတည်းကြောင့် ကျန်ဧရိယာအားလုံး ဖုန်မှုန့်ဘဝသာ ရောက်သွားခဲ့လေပြီ။

ပတ်ဝန်းကျင်ရှိ သတ္တဝါများသည် မဖော်ပြနိုင်လောက်အောင် လေးစားကြည်ညိုခြင်းတို့ ဖြစ်ပေါ်လာဟန်တူ၏။ သူတို့က ခေါင်းငုံ့၍ ဒူးထောက်လိုက်ကြသည်။

“ဂါဝရပြုပါတယ် တမန်တော်...”

ပိန်ပါးပါးလူသည် သက်လတ်ပိုင်းအရွယ် ထင်ရသော်လည်း ဖြူဆုပ်ဖြူလျော်မျက်နှာနှင့် နက်နဲသောမျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူက အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားပြီး မန်ဟို့အား အေးစက်စွာ ကြည့်နေလေသည်။

“မင်း ဘာလို့ ခုထိ ဒူးမထောက်သေးတာလဲ” သူက မေးသည်။

ဤစကားတစ်ခွန်းတွင် စကားလုံးအနည်းငယ်သာ ပါသော်လည်း သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် စိတ်ကူးဖြင့် မှန်းမကြည့်နိုင်လောက်အောင် ပြင်းထန်သော ဖိအားကို ဖြန့်ကျက်လိုက်သည်။ ဖိအားသည် မန်ဟို့ကို ဝင်တိုက်လိုက်ရာ တအုန်းအုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ မန်ဟို၏ကျင့်ကြံအဆင့်မှာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ဖြစ်သော်လည်း ဖိအားကို တောင့်မခံနိုင်ပုံရသည်။ ဖိအားက လက်ကြီးနှစ်ဖက်သဖွယ် သူ၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် သူ့အား ဒူးထောက်ခိုင်းနေသည့်အလားပင်။

သို့သော် မန်ဟိုက ပြုံးသည်။ အပြုံးသည် ရက်စက်၏။ နီရဲတောက်နေသော သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုကို ပိုမိုအကျည်းတန်သွားစေသည်။ ကြောက်မက်ဖွယ်စွမ်းအားက ကြယ်တာရာကောင်းကင်ကို အနီရောင်စွန်းထင်းစေရင်း ဖြာထွက်လာ၏။

ထိုအနီရောင်အလင်းသည် ကြယ်တာရာကောင်းကင်၏ နက်မှောင်မှုကို မယှဉ်ကောင်းမယှဉ်နိုင်သော်လည်း ဤဧရိယာတွင်တော့ ... မာနကြီးသော လေမုန်တိုင်းတစ်လုံးပမာ စိုးမိုးနေသည်။

“ငါ မန်ဟိုက မိုးကောင်းကင်ကို ဘယ်တော့မှ ဒူးမထောက်ခဲ့ဖူးသလို၊ မြေပြင်ကိုလည်း ဘယ်တော့မှ ဦးမညွှတ်ခဲ့ဖူးဘူး။ ငါက မင်းလို အလကားကောင်ကို ဒူးထောက်လိမ့်မယ် ထင်လား” သူ၏မျက်ဝန်းများက ပိုမိုနီရဲလာပြီး သူ၏အရှိန်အဝါသည် အမျိုးမျိုးအထွေထွေ ပြောင်းလဲလာ၏။ မိစ္ဆာချီလည်း‌ ပေါ်ထွက်လာပြီး မန်ဟိုကား ဒူးမထောက်သည်သာမက ရှေ့တစ်လှမ်းချင်း တက်သွားသည်။

သူ့စွမ်းအားက မြင့်မားလာပြီး အနီရောင်အလင်းက မီးတောက်များသဖွယ် သောင်းကျန်းယိမ်းထိုးနေ၏။ ချက်ချင်းပင် လေးလံသောဖိအားက လောကပါလနတ်မင်း၏ တမန်တော်အပေါ် သက်ရောက်လာလေပြီ။

ထိုလူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

“မင်း တကယ် သေချင်နေတာလား” သူက အေးစက်စက်နှာမှုတ်ရင်း ပြောသည်။ ထို့နောက် သူ၏ညာလက်က မြောက်တက်သွားပြီး မန်ဟို့အား တွန်းထုတ်လိုက်သဖြင့် အသတ်အဖြတ်အငွေ့များ ဟုန်းခနဲ ထကြွလာ၏။ တွန်းအားက အနှစ်သာရ ၉ ခုအဆင့်ထက် ကျော်လွန်လေသည်။ မန်ဟိုသာ သတိရှိမနေခဲ့လျှင် သေချာပေါက် အသက်နှင့်ခန္ဓာ အိုးစားကွဲသွားခဲ့လိမ့်မည်။

သို့ထိတိုင် မန်ဟိုကား လမ်းလျှောက်နေသည်ကို တခဏလေးပင် မရပ်။ အရှိန်ပင်တင်လိုက်သေးသည်။ တစ်ချိန်တည်းမှာပင် သူ၏စွမ်းအားလည်း ဆက်လက်မြင့်တက်လာကာ မိစ္ဆာချီများ ဖွေးဖွေးလှုပ်လာပြီး အနီရောင်အလင်းလည်း ကျယ်ပြန့်လာ၏။

ထို့နောက် သူက လက်သီးဆုပ်၍ နတ်ဆိုးဇီဝိန်ချုပ်လက်သီးအား ပစ်သွင်းသည်။ လက်သီး တမန်တော်အပေါ် ထိုးဆင်းနေစဉ် ပတ်ဝန်းကျင်ရှိ အနီရောင်အလင်းသည် တဂျုန်းဂျုန်းထစ်ချုန်းနေရာ မရေမတွက်နိုင်သောလက်သီးများ တမန်တော်အား ထိုးနှက်နေသကဲ့သို့ ထင်ရ၏။

မန်ဟိုသည် အနက်ရောင်သိမ်းငှက်အသွင်ပြောင်းလိုက်သော်လည်း မိုးပြာရောင်သိမ်းငှက်ဖြစ်လာသည်။ ထိုမိုးပြာရောင်က ကြက်သွေးရောင်အဖြစ် ပြောင်းသွားပြန်၏။ ထို့နောက် သူကား လောကပါလနတ်မင်း၏တမန်တော်ထံသို့ လျှပ်စီးလို ထိုးခွင်းသွားရင်း ချွန်မြသောခြေသည်းများဖြင့် ပိုင်းချလိုက်တော့သည်။

ထို့နောက် မရေမတွက်နိုင်သောတောင်များက တဒုန်းဒုန်း ကျဆင်းလာသည်။ သို့သော် မန်ဟိုက မရပ်သေး။ သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်လိုက်၍ မိစ္ဆာချီက ဧရာမခေါင်းကြီးတစ်ခေါင်းအသွင်ပြောင်းကာ တမန်တော်က ရက်ရက်စက်စက် လှမ်းကိုက်လိုက်သည်။

တအုန်းအုန်းမြည်ဟည်းသံများ ကြယ်တာရာကောင်းကင်တွင် ဆူညံနေ၏။ တဒင်္ဂလေးအတွင်း မန်ဟိုသည် သူ၏အပြင်းထန်ဆုံးတိုက်ကွက်များကို ထုတ်လွှတ်ခဲ့ပြီး မန္တန်ရှစ်ခုအစုအဝေးဖြင့် ပေါင်းစည်းလိုက်လေသည်။

တမန်တော်မှာ ဆက်တိုက်နောက်ဆုတ်နေရသည်သာမက မျက်နှာလည်း ဖြူဖျော့လာသည်။ နောက်ဆုံးတော့ သူက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် ရိပ်ခနဲ ပျံသန်းလိုက်သည်။ သူ၏ရွေးချယ်မှုက မန်ဟို့ကို တိုက်ခိုက်ဖို့မဟုတ်၊ မန္တန်ဝင်္ကပါကို ဖျက်စီးဖို့ပင်။ သို့သော် မန်ဟိုက သူ့ကို လျင်မြန်စွာ တားလိုက်သည်။

နောက်ပြန်ဆုတ်မည့်အစား လောကပါလနတ်မင်း၏ တမန်တော်သည် တိုက်ကွက်နောက်တစ်ကွက် ထုတ်ဖော်လိုက်၏။ ၎င်း မန်ဟို့ကို ဝင်တိုက်လိုက်သောအခါ မန်ဟိုမှာ သွေးတစ်ပွက်အန်လိုက်ရပြီး နောက်သို့မီတာအနည်းငယ် လွင့်ထွက်သွားတော့သည်။ ထိုအခါတွင် တမန်တော်က မှန်ကွဲစရှစ်ခု၏ အရှေ့တည့်တည့်၌ ပေါ်လာလေပြီ။ ထို့နောက် သူသည် ညာလက်ကို မြှောက်၍ အားအပြည့်ဖြင့် တွန်းထုတ်လိုက်၏။

သို့သ်ော မန်ဟိုက ပြုံးနေသေးသည်။ သူ တမန်တော်ဆီ သူ့လက်ချောင်းအား‌ ဝှေ့ယမ်းလိုက်သည့်အခါ ရူးမိုက်မှုက သူ၏မျက်ဝန်းများတွင် ပြည့်နှက်နေ၏။

ထိုစဉ်မှာပဲ အလင်းတန်းတစ်တန်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်အား ခွင်းလာနေသည်။ အလင်းတန်းသည် ၎င်းလမ်းရှိ သတ္တဝါမှန်သမျှကို မီးလောင်ပြာချရင်း ဖောက်ထွက်လာ၏။

မျက်စိတစ်မှိတ်အတွင်း သတ္တဝါပေါင်းများစွာ သေဆုံးသွားကြသည်။ တမန်တော် မျက်နှာပျက်သွားစဉ် အလင်းတန်းက သူ၏ရင်ဘတ်ကို ထိုးဖောက်ကာ မန္တန်ဝင်္ကပါဆီ ဦးတည်သွားလေပြီ။

နောက်ဆုံးတော့ အလင်းရောင်မှေးမှိန်သွားသဖြင့် ... ၎င်းအထဲ၌ ရှေးဆန်သောကြေးမုံတစ်ချပ် ရှိနေကြောင်း ပေါ်လွင်လာသည်။

ကြေးမုံပေါ်လာလျှင်ချင်း မှန်ကွဲစရှစ်ခုသည် အရည်ပျော်ကျသွားပြီး ကြေးမုံ၏ကိုယ်ထည်အတွင်း စီးဆင်းဝင်ရောက်ကာ..... ပြီးပြည့်စုံသော ကြေးမုံတစ်ချပ်အား ဖော်ဆောင်လိုက်၏။

ကမ္ဘာဦးအရှိန်အဝါတစ်ခုက ကြယ်တာရာကောင်းကင်ကို ကိုင်လှုပ်လျက် အဆုံးမဲ့လှိုင်းများကို ဖြန့်ကျက်ရင်း ကြေးမုံထံမှ ထွက်ပေါ်လာသည်။ တမန်တော်မှာ မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။ မန်ဟိုကတော့ ကြေးမုံကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။

“ငါ့ဆီ ပြန်လာခဲ့” သူက ပြောသည်။ ကြေးမုံသည် တုန်ခါလာပြီးနောက် မှန်အတွင်း၌ ဝါးတားတားအရိပ်တစ်ခု ပေါ်လာသည်.... ကြက်တူရွေး။

ကြက်တူရွေးက ဇဝေဇဝါဖြစ်နေသည့်အလား မန်ဟို့ကို သူစိမ်းဆန်ဆန် ကြည့်သည်။ ၎င်းသည် သူစိမ်းတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ခံစားရသော်လည်း ထိုသူစိမ်းက ရင်းနှီးနေသလိုလည်း ရှိပြန်သည်။

သို့ရာတွင် တခဏကြာသော် ထိုရင်းနှီးသောခံစားချက်သည် ပျောက်ကွယ်သွား၏။ ကြက်တူရွေးက မန်ဟို့ထံမှ အကြည့်လွှဲသွားပြီးနောက် ကြေးမုံကို ၎င်းနှင့်ယူ၍ ကြယ်တာရာကောင်းကင်ထဲ လှည့်ထွက်သွားလေသည်။

မန်ဟို့မျက်နှာ သွေးဆုပ်သွားပြီး သူ့မှာ သွေးတစ်လုပ်အန်လိုက်ရသည်။ ကြက်တူရွေး ထွက်သွားသည်ကို မြင်ရခြင်းက သူ့နှလုံးသားအား နာကျင်နေစေသည်။ အထူးသဖြင့် ၎င်း ဘာကြောင့်ဇဝေဇဝါဖြစ်နေမှန်း သူ နားလည်လိုက်သည့်အချိန်တွင် သူ့နှလုံးသားသည် တဆစ်ဆစ် ထိုးအောင့်လာ၏။

“အေးပါလေ ဒီလိုဆိုတော့လည်း ဒီလိုပဲပေါ့။ အနည်းဆုံးတော့ မင်း ပြည့်စုံသွားပြီပေါ့ကွာ။ ငါ့ကို ရေစက်ဖြတ်ပြီး မင်းထွက်သွားပေမယ့်လည်း .... ငါ့ထက်ကောင်းတဲ့ သခင်ကို မင်း ရှာတွေ့ပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ်...”

လောကပါလနတ်မင်း၏ တမန်တော်က တဟားဟား ရယ်သည်။ သူ့ရင်ဘတ်တွင် အပေါက်ကြီးပေါက်နေသော်လည်း မည်သည့်သွေးမှ စီးကျမလာ။ သူသည် တစ်ချိန်လုံး ဟားတိုက်ရယ်ရင်း မန်ဟို့ကို လှည့်ကြည့်၏။

“ကြေးမုံက မင်းအပိုင်မဟုတ်တော့ဘူးလေ။ သူ့စိတ်ကို သူ ဖျက်စီးထားပြီးသား။ မင်းကတော့ သူ့ကို ဆင့်ခေါ်ဖို့ နှစ်ပေါင်းတစ်ထောင်လောက် အချိန်ဖြန်းခဲ့ရတယ်။ အခုတော့ အကုန်လုံး သဲထဲရေသွန်ဖြစ်ကုန်ပြီ ဘယ့်နှယ့်လဲ” တစ်နည်းနည်းဖြင့် ဤတမန်တော်သည် မန်ဟို လုပ်နေခဲ့သမျှ အရာအားလုံးကို သိနေ၏။

“အခု မင်း အာကာပြင်ကျယ်စကြဝဠာထဲကနေ ထွက်သွားချင်နေမှတော့ ငါ မင်းကို ကူညီပေးပါ့မယ်။ ငါ မင်းအတွက် ဟိုးအရင်ကတည်းက ပြင်ဆင်ထားခဲ့တဲ့ ကံကြမ္မာအတိုင်း မင်းနေရအောင် ငါ ကူညီပေးမယ်” တဟားဟားရယ်ရင်း လောကပါလနတ်မင်း၏ တမန်တော်သည် လက်နှစ်ဖက်လုံးဖြင့် မုဒြာလက်ကွက်ဖော်ကာ မန်ဟို့ဆီ ရွေ့လျားလာ၏။ ထို့နောက် သူ၏လက်ချောင်းက ဝှေ့ယမ်းလိုက်ရာ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး ကျုံ့သွားသယောင် ထင်ရသည်။ သူသည် ကြယ်တာရာကောင်းကင်၏စွမ်းအားတချို့ကို ထုတ်ယူနေဟန်တူပြီး ထိုစွမ်းအားကို သူ့လက်ချောင်းထဲ ဝင်ရောက်စေပြီးနောက် မန်ဟို့အား တိုက်ခိုက်လိုက်၏။

မန်ဟိုမှာ ရှိရှိသမျှအားအကုန်ဖြင့် ခုခံသည်။ တအုန်းအုန်းပေါက်ကွဲနေပြီး သွေးမျာက သူ့ပါးစပ်မှ ပန်းထွက်သွားသည်။ သူ့မှာ ဆက်တိုက်အရေးနိမ့်နေရင်း အဖျက်စီးခံရတော့မည့်ပုံပေါ်သည်။ သို့သော် အဝေးရောက်နေပြီဖြစ်သော ကြေးမုံထဲရှိ ကြက်တူရွေး၏မျက်လုံးများ ရုတ်တရက် အရောင်လဲ့လာသည်။ ၎င်းသည် တွေဝေနေပုံပေါ်သော်လည်း တစ်ကိုယ်လုံး တုန်ရီသွား၏။ အကြောင်းတစ်စုံတရာကြောင့် ယခုထွက်သွားလျှင် ဘဝတစ်လျှောက်လုံး ဤဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မည်ဟု ကြက်တူရွေး ခံစားလိုက်ရလေသည်။

“ငါက ဘယ်သူလဲ .... ငါက ဘယ်သူလဲကွာ...” ကြက်တူရွေးသည် တုန်ရီနေပြီး ၎င်းမျက်ဝန်းထဲရှိ တွေဝေမှုများ မှိန်ပျလာသည်။ စိတ်ထဲရှိ မှတ်ဉာဏ်များက ၎င်းကို နိုးဖို့ ကြိုးစားနေသည့်အလား ကြက်တူရွေးမှာ ရုန်းကန်စပြုလာတော့သည်။

All Chapters