← Chapters

တန်ခိုးရှင်အဆင့်ချပ်ဝတ်တန်ဆာ

Vol. 108 Ch. 1503

တန်ခိုးရှင်အဆင့်ချပ်ဝတ်တန်ဆာ

Vol. 108 Ch. 1503

“သူကရော ဘယ်သူလဲ....

“ဘာလို့ သူ့ကို ဒီလောက်ရင်းနှီးနေရတာလဲ။ ငါ သူ့ကို သိလည်းမသိပါဘူး....

“သူ ဒဏ်ရာရသွားတာကို မြင်ရတာကရော ဘာလို့  ဒီလောက်နာကျင်ရတာလဲ။ သူက ငါ့ဘဝရဲ့ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းလို ဘာလို့ ခံစားနေရတာလဲ

“ဘာကြောင့်လဲ... ဘာကြောင့်လဲ။ ပြီးတော့ ငါက ဘယ်သူလဲ။ ကြေးမုံရဲ့ အလိုအလျောက်စိတ်ဝိညာဉ်လေ။ မဟုတ်သေးဘူး နေဦး။ ငါက ကြက်တူရွေးတစ်ကောင် .... ဒါဆို သခင်ငါးက ဘယ်သူလဲ။ ဒီသခင်ငါးက ဘယ်သူလဲလို့...

“အားးးးးးးး.....” ကြေးမုံမှာ ပြင်းထန်စွာ တုန်ခါလာသည်။ အထဲတွင် ကြက်တူရွေးသည် မှတ်ဉာဏ်များပလုံစီထနေသကဲ့သို့ မျက်လုံးနီကြီးများဖြင့် အော်ဟစ်နေ၏။

မှတ်ဉာဏ်များကို ရှင်းလင်းစွာ မမြင်ရသော်လည်း ဆင့်ခေါ်ခဲ့သည့်လူကို မျက်နှာလွှဲခဲပစ်မပြုနိုင်ကြောင်း ကြက်တူရွေး သိသည်။ ၎င်းအတွက် သူသည် အရေးပါသလို၊ သူ့အတွက်လည်း ၎င်းက ထပ်တူညီမျှ အရေးပါကြောင်းလည်း ပြောနိုင်သည်။

အလိုအလျောက်စိတ်ဝိညာဉ်အတွင်း၌ ပေါက်ဖွားလာသော ခံစားချက်က ကြက်တူရွေးအား ဤပုဂ္ဂိုလ်သည် ကြေးမုံ၏ပိုင်ရှင် ဖြစ်လိမ့််မည်ဟု တစတစ ယုံကြည်လာစေ၏။

“ငါ ထွက်မသွားနိုင်ဘူး

“ဘယ်လိုလုပ်ထွက်သွားရက်မှာပဲ” ကြက်တူရွေးသည် မျက်‌ထောင့်နီကြီးများဖြင့် ဟိန်းဟောက်လိုက်ပြန်ပြီး ၎င်း၏စိတ်မှာ ဗြောင်းဆန်နေလေသည်။ သို့ထိတိုင် တခဏလေးပင် တွန့်ဆုတ်မနေဘဲ ချာခနဲလှည့်ကာ မီးများပွင့်လာသည့်တိုင်အောင် အရှိန်တင်ရင်း တဟုန်ထိုး ထွက်သွားတော့သည်။

ဤကြယ်တာရာကောင်းကင်သည် လောကပါလနတ်မင်း၏အပိုင် ဖြစ်သော်ငြား ကြေးမုံအရှိန်လျှော့အောင် မလုပ်နိုင်ပေ။ အရာအားလုံး ပြင်းထန်စွာ လှုပ်ခတ်လာပြီး ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။

လောလောဆယ်တွင် မန်ဟိုက သူ့နှုတ်ခမ်းမှ သွေးများကို သုတ်နေသည်။ သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း တိုက်ခိုက်ဖို့ ပြင်၏။ လောကပါလနတ်မင်း၏ တမန်တော်က လှောင်ရယ်ရယ်နေပြီး သူ၏မျက်ဝန်းများက ရင်သပ်ရှုမောဖွယ်ကောင်းစွာ တောက်ပနေသည်။ သူ တိုက်ကွက်နောက်တစ်ကွက် ထုတ်လွှတ်တော့မည့်အချိန်မှာပဲ သူ့မျက်နှာ ပျက်သွားတော့သည်။

ပခုံးကို ကျော်၍ လှည့်ကြည့်လိုက်သည့်အခါတွင် ... အမြန်ဆုံးအရှိန်ဖြင့် ပြန်လှည့်လာနေသော ကြေးမုံနှင့် ကြက်တူရွေးကို သူ မြင်လိုက်ရလေသည်။

တမန်တော်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ချာချာလည်မူးဝေသွားသည်။

မန်ဟိုလည်း ဖြစ်ပျက်နေသောအရာကို မြင်လိုက်ရ၍ စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူသည် ခေါင်းနောက်လှန်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏၊

“ကြေးမုံ ငါ့ဆီ ပြန်လာလော့” သူ၏အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားလေသည်။ ကြက်တူရွေး အနားရောက်လာသည်နှင့်အမျှ တဂျုန်းဂျုန်းမြည်သံများ ကျယ်လောင်သည်။ ၎င်းသည် သူ့ဆီသို့ အမြန်ဆုံးပျံသန်းလာပြီးနောက် သူ့ရင်ဘတ်ကို ဝင်တိုက်ကာ သူနှင့်တစ်သားတည်းဖြစ်လာတော့သည်။

ရင်းနှီးသောခံစားချက်ကြောင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ရယ်သံသည် ပို၍ကျယ်လောင်ပြတ်သားလာ၏။ သူ့မျက်ဝန်းများကမူ နွေးထွေးလာသည်။ ထိုနွေးထွေးမှုသည် လောကပါနတ်မင်း၏တမန်တော်အတွက်မဟုတ်၊ ကြေးမုံနှင့် ကြက်တူရွေးအတွက်ပင်။

တမန်တော်မှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်လွန်း၍ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

ကြေးမုံ ဝင်တိုက်လိုက်သော မန်ဟို၏ရင်ဘတ်နေရာတွင်မူ မည်သည့်ဒဏ်ရာကိုမှ မမြင်ရပေ။ ကြေးမုံအရှင်းပျောက်ကွယ်သွားရန် တခဏသာ ကြာလိုက်လေသည်။ ထို့နောက် အနက်ရောင်အမျှင်များသည် မန်ဟို့တစ်ကိုယ်လုံးကို ဖုံးလွှမ်းရန် စတင်ဖြာထွက်လာ၏။

တစ်ချိန်တည်းမှာပင် မိုးထိုးနေသောဖိအားက သူ့ထံမှ ပေါ်ထွက်လာသည်။

မန်ဟို့နှလုံးသားသည် ဒုန်းစိုင်းခုန်နေ၏။ ယခုတွင် ကြက်တူရွေး၏ တည်ရှိမှုကို သူ ခံစားနေရလေပြီ။ ၎င်းက သူ့ကို သူစိမ်းအဖြစ် မြင်နေသေးသော်လည်း သူတို့၏သံယောဇဉ်မှ အရင်းခံသော ခံစားချက်လေးလည်း ရှိနေသေးသည်။

မန်ဟိုသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် အသက်ပြင်းပြင်းရှူလိုက်ပြီး တဟားဟားရယ်ရင်း လေပေါ်ပျံတက်လိုက်၏။

သူ လက်နှစ်ဖက်လုံးကို ဖြန့်ကားထားစဉ် အနက်ရောင်အမျှင်များကား သူ၏ရင်ဘတ်မှအစပြု၍ ကျန်အစိတ်အပိုင်းအား ဆက်လက်လွှမ်းခြုံနေလေသည်။

မျက်စိတစ်မှိတ်အတွင်း ကမ္ဘာဦးအဆင်တန်ဆာများနှင့် မဟူရာချပ်ဝတ်သည် သူ၏ရင်ဘတ်ကို ဖုံးလွှမ်းသွား၏။ အဆိုပါချပ်ဝတ်တွင် ရှေးအကျဆုံးအရှိန်အဝါအမျိုးအစား ပါရှိနေသယောင်ပင်။ တစ်ချိန်တည်းမှာပင် မန်ဟို၏စွမ်းအားသည် ကြောက်မက်ဖွယ်အတိုင်းအတာသို့ မြင့်တက်စပြုလာ၏။

လောကပါလနတ်မင်း၏ တမန်တော်မှာ မန်ဟို့ဆီ ပြေးဝင်လာဖို့ ပြင်ခဲ့သော်လည်း လေမုန်တိုင်းတစ်လုံးက သူ့အား ချက်ချင်း နှေးကွေးသွားစေသည်။ ချပ်ဝတ်က မန်ဟို၏လက်မောင်းနှစ်ဖက်သို့ ပျံ့နှံ့နေသည်။ အနက်ရောင်အမျှင်များ တစ်မျှင်နှင့်တစ်မျှင် ဆက်သွားသည့်အခါ ချွန်ထက်ထက်ဆူးများက  ကြက်တူရွေးခေါင်းသဏ္ဍာန်ရှိသော ပခုံးကာများသဖွယ် သူ၏ပခုံးကို အုပ်မိုးသွားသည်။

သူ၏စွမ်းအားသည် ထူးဆန်းသောသတ္တဝါအားလုံးကို ဖိန့်ဖိန့်တုန်အောင် လန့်လာစေ၏။

ဤအခိုက်အတန့်တွင် ချပ်ဝတ်ကား အနက်ရောင်အကြေးခွံအလွှာအထပ်ထပ်ဖြင့် သူ၏လက်မောင်းနှစ်ဖက်လုံးအား လွှမ်းခြုံသွားလေပြီ။ ယခုတွင် ချပ်ဝတ်သည် သူ၏ကိုယ်အပေါ်ပိုင်းအပြည့် နေရာယူပြီးဖြစ်၍ ခြေထောက်များထံ လျင်မြန်စွာ စီးဆင်းနေသည်။

တခဏကြာသော် မန်ဟို့ခြေထောက်အောက်တွင် ဝဲကြီးတစ်ဝဲပေါ်လာသည်။ ဝဲတစ်ချက်လည်လိုက်တိုင်း ကြယ်တာရာကောင်းကင်မှာ ပရမ်းပတာဖြစ်သွား၏။

မန်ဟို၏ဖိအားက ပိုမိုပြင်းထန်လာကာ သူ့အား ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ ဗဟိုချက်ပမာ ဖြစ်လာစေသည်။

လောကပါလနတ်မင်း၏တမန်တော်မှာ သွေးမရှိတော့သောမျက်နှာဖြင့် နောက်ဆုတ်သည်။ သူသည် ခပ်တိုးတိုး‌ရေရွတ်နေပြီး သေချာနားထောင်ပါက သူပြောနေသည့်စကားကို ကြားကောင်းကြားရလိမ့်မည်။

“တန်ခိုးရှင်အဆင့်ချပ်ဝတ်တန်ဆာ”

သတ္တဝါစစ်တပ်ကြီးအတွင်းရှိ အကောင်အတော်များများမှာ အနှစ်သာရ ၉ ခုအဆင့်ကို လွန့်၍ တန်ခိုးရှင်အဆင့်နား ကပ်နေသော ဖိအား၏ပြင်းထန်မှုကို မခံနိုင်၍ သွေးအန်လိုက်ကြရသည်။

တဂျုန်းဂျုန်းပေါက်ကွဲသံများ ဆူညံပွက်လောရိုက်နေသည်။ အသံတစ်သံစီတိုင်းက မိုးခြိမ်းသံထက် အဆပေါင်းများစွာ ကျယ်လောင်ပြီး အင်မတန်ကျယ်လွန်းသဖြင့် မန်ဟို့စွမ်းအားက မိုးကောင်းကင်ကြီးကိုပင် ထုနှက်နေသည့်အလား ထင်ရလေသည်။

ချပ်ဝတ်၏နောက်ဆုံးအမျှင်များက မန်ဟို့ခေါင်းကို ဖုံးသွားသည်။ အနက်ရောက်မျက်နှာဖုံးက သူ၏မျက်နှာကို ကာလိုက်ပြီး သူ့အနောက်၌ အနက်ရောင်ခြုံထည်သည် ‌လေအလျဉ်ထဲတွင် တလွင့်လွင့်လှုပ်ခတ်နေ၏။ အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်လျက်၊ လေများ တဝေါဝေါ တိုက်ခတ်နေသော အဆိုပါမြင်ကွင်းကား ခမ်းနားကြီးကျယ်လှပေသည်။ ထို့နောက် မန်ဟို့လက်ထဲ၌ တစ်စုံတစ်ခု ပေါ်လာသည်.... ၎င်းကား စစ်လက်နက်ပင်။

မဟူရာစစ်လက်နက်က ကြယ်တာရာကောင်းကင်ကို ပိုင်းဖြတ်၍ အာကာပြင်ကျယ်စကြဝဠာကို တုန်လှုပ်စေနိုင်သော သွေးအေးအေးအလင်းရောင်ဖြင့် ကွန့်မြူးတောက်ပနေလေသည်။

စစ်လက်နက် ပေါ်လာသောအခိုက်အတန့်တွင် မန်ဟို့မျက်ဝန်းများတွင် လွမ်းမောရိပ်တို့ ဖြတ်ပြေးသွားသည်။ သူက ၎င်းကို ငုံ့ကြည့်ရင်း ခပ်တိုးတိုးပြော၏။

“မိတ်ဆွေကြီးရေ၊ နောက်ဆုံးတော့ ပြန်ဆုံရပြီပေါ့....”

ချပ်ဝတ် ပြည့်စုံသွားသောအခိုက်အတန့်တွင် မန်ဟိုထုတ်လွှတ်နေသော အရှိန်အဝါက အရာအားလုံးကို တသိမ့်သိမ့်တုန်ခါလာစေသည်။ လှိုင်းဂယက်များသည် သူ့ကို ဗဟိုပြု၍ ဖြာထွက်လာကာ လေဆင်နှာမောင်းကြီးတစ်လုံးအသွင်ဖြင့် ကြယ်တာရာကောင်းကင်အား တိုက်ဆောင့်နေ၏။

လေဆင်နှာမောင်းကက ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သောသတ္တဝါများကိုလည်း ရိုက်ခတ်သွားလေသည်။ သူတို့အားလုံးမှာ စူးစူးဝါးဝါးအော်ဟစ်ရုံသာ တတ်နိုင်ကြ၍ ပြာကျသွားကြတော့သည်။ လောကပါလနတ်မင်း၏ တမန်တော်က မလေးနက်စဖူး လေးနက်နေသောအမူအရာဖြင့် နောက်ဆက်ဆုတ်သွားသည်။

မျက်တစ်မှိတ်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံး လေဆင်နှာမောင်း၏ အရေခွံခွာခြင်း ခံလိုက်ရလေပြီ။ အာကာပြင်ကျယ်စကြဝဠာသည် ပြင်းထန်စွာ တုန်ခါနေပြီး စစ်တပ်အတွင်း သတ္တဝါများမှာ ပင့်သက်ရှိုက်မိလိုက်ကြ၏။ သူတို့အားလုံး ဝိညာဉ်အထိ ကြောက်လန့်ကုန်ကြလေပြီ။

မည်သူပထမဆုံး လုပ်လိုက်သလဲ မသိသော်လည်း တစ်ကောင်ပြီးတစ်ကောင် ကရောသောပါး ထွက်ပြးကြေတော့သည်။ မြင့်တက်လာနေသော ဤဖိအား၏စက်ကွင်းမှ မလွတ်မြောက်လျှင် အသက်နှင့်ခန္ဓာအိုးစားကွဲရမည်ဖြစ်ကြောင်း သူတို့ သိကြသည်။

အနှစ်သာရ ၉ ခုပါရာဂွန်များပင် ခြေဦးတည့်ရာ ထွက်ပြေးနေကြ၏။

ဤကြယ်တာရာကောင်းကင်၏အပိုင်းတွင် မန်ဟိုကား ဘုရင်မင်းမြတ်တစ်ပါးပမာပင်။ တစ်ချိန်တည်းမှာပင် သူ့အနောက်၌ ပုံရိပ်ယောင်တစ်ခု ဘွားခနဲ ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် ကြယ်တာရာများကို ကိုင်လှုပ်နိုင်သည်အထိ ဧရာမကြီးမား၏။ ၎င်းကား.... ဧရာမကြက်တူရွေးကြီးတစ်ကောင်ပင်။

ကြက်တူရွေး၏ အမွှေးများသည် ရောင်စုံမဟုတ်၊ အနက်ရောင်လွှမ်းနေ၏။ ၎င်းတွင် လောကပါလနတ်မင်း၏တမန်တော်ကိုပင် ကြောက်ဖျားဖျားသွားစေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရှိနေသည်။ သူ့မှာ ဘာဆိုဘာမှမတွေးနိုင်တော့ဘဲ ပို၍မြန်မြန်ပြေးတော့သည်။

“တန်ခိုးရှင်အဆင့် အပြည့်အဝ မဟုတ်သေးဘူး....” မန်ဟိုသည် သူ့ကိုယ်မှ စိမ့်ထွက်နေသော စွမ်းအားကို ခံစားရင်း တွေးလိုက်၏။ ၎င်းက သူ့ဘဝတွင် ကြုံတွေ့ခဲ့ဖူးသမျှထဲ မယုံနိုင်စရာအကောင်းဆုံးစွမ်းအားအဆင့် ဖြစ်ပေသည်။

“တန်ခိုးရှင်အဆင့်မဟုတ်ပေမယ့် ငါက တန်ခိုးရှင်အဆင့်အောက်မှာ အသန်မာဆုံးဖြစ်နေတုန်းပဲ” မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများ၏ အနီရောင်အလင်းက အနက်ရောင်မျက်နှာဖုံးမှ ဖြာထွက်လာရာ သူ့အား အဆုံးစွန်အထိ ချောက်ချားဖွယ်ကောင်းသွားစေသည်။

“အေးပေါ့ ငါ့ နဝမမန္တန်ကမှ မပြီးမြောက်သေးတာ....” မန်ဟိုက ခပ်တိုးတိုးရေရွတ်ပြီးနောက် ထွက်ပြေးနေသော တမန်တော်ထံ ခြေတစ်လှမ်းလှမ်းလိုက်သည်။ တမန်တော် ဝေးဝေးမပြေးနိုင်ခင် မန်ဟိုသည် သူ့အရှေ့ရောက်လာပြီး ဘယ်လက်ဖြင့် တွန်းထုတ်လိုက်၏။

“မင်း လာတဲ့ နေရာကို ပြန်သွားစမ်း” သူက ဟိန်းဟောက်လိုက်သည်။ လောကပါလနတ်မင်း၏ တမန်တော်မှာ သူ၏ခန္ဓာကိုယ် တုန်ခါလာသည်ကို ခံစားလိုက်ရပြီးနောက် ပေါက်ကွဲသွားတော့သည်။ အာကာပြင်ကျယ်စကြဝဠာ၏ စွမ်းအင်က သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်ဆက်ပေးလိုက်စဉ် ဒေါသတကြီးဟိန်းဟောက်သံ ထွက်လာပြီး တမန်တော်၏မျက်ဝန်းများ၌ အမျက်ဒေါသတို့ တောက်လောင်နေသည်။

မန်ဟိုက ညာလက်ထဲရှိ စစ်လက်နက်ကို မြှောက်၍ ဟင်းလင်းပြင်အား ပိုင်းချလိုက်၏။ ကြယ်တာရာကောင်းကင်ကား ... နှစ်ခြမ်းကွဲသွားလေသည်။ လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်၌ တည်ရှိသော အာကာပြင်ကျယ်စကြဝဠာ၏ စွမ်းအင်မှာ ၎င်း၏ဇစ်မြစ်သို့ ပြန်စီးဆင်းသွား၏။

ကြယ်တာရာကောင်းကင်တစ်ခုလုံး တဝုန်းဝုန်း တုန်ခါလာပြီး အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် အက်ကွဲကြောင်းတစ်ကြောင်းက ချုပ်နှောင်စည်းဝိုင်းတစ်ဝိုင်းအား ဖော်ဆောင်လိုက်သည်။ အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအားမှာ ထိုစည်းဝိုင်းထဲ မဝင်ရောက်နိုင်တော့၍ လောကပါလနတ်မင်း၏တမန်တော်အား စွမ်းအားအရင်းအမြစ်ထံမှ အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရစေသည်။

“မင်းကို သတ်ဖို့က ငါ့လက်လှန်လိုက်သလို အလွယ်လေးပဲ” မန်ဟိုက‌ အေးတိအေးစက် ပြောသည်။ သူသည် ရှေ့လျှောက်လာပြီး ခြေတစ်လှမ်းတိုင်းက ဒုန်းခနဲ ဒုန်းခနဲ နားကွဲလုမတတ် ထစ်ချုန်းနေသည်။ သူ သုံးလှမ်းလှမ်းပြီးနောက် တမန်တော်က လိမ်ကောက်ကောက်အသွားများဖြင့် ခက်ရင်းခွတစ်လက်အား ဖန်ဆင်းဖို့ သူ့ကိုယ်ထဲရှိ အာကာပြင်ကျယ်စွမ်းအင်များကို ဆင့်ခေါ်ရင်း ဟိန်းဟောက်လိုက်သည်။

မန်ဟိုက အေးအေး‌ဆေးဆေးပင် ဘယ်လက်ဖြင့် တွန်းထုတ်လိုက်၏။ ခက်ရင်းခွမှာ တုံ့ခနဲ ရပ်သွားပြီး တုန်ခါလာသည်။ မန်ဟို့လက်က လက်သီးဆုပ်လိုက်သည့်အခါ ခက်ရင်းခွသည် ပုံပျက်ရှုံ့တွလာ၏။ ထို့နောက် ဘန်းခနဲ ခက်ရင်းခွမှာ ပေါက်ကွဲသွားတော့သည်။

တမန်တော်ဆီမှ အနက်ရောင်အငွေ့များ တလိပ်လိပ် ထလာသည်။ သိသိသာသာပင် သူကား အားနည်းသွားလေပြီ။ ပထမဆုံးအကြိမ်အနေဖြင့် သူ့မျက်နှာထက်၌ ကြောက်လန့်နေသောအရိပ်အယောင်အား မြင်ရနိုင်သည်။

“ကြောက်တတ်တယ်ပေါ့လေ ဟမ်” မန်ဟိုက တည်ငြိမ်စွာ ဆိုသည်။ သူက လေးလှမ်းမြောက်လှမ်းကာ တမန်တော်၏အရှေ့၌ ပေါ်လာပြန်၏။

တမန်တော်က မချိတင်ကဲအော်ဟစ်ကာ ထွက်ပြေးဖို့ ကြိုးစားပြန်သည်။ သို့ထိတိုင် သူ မည်မျှပြေးပြေး၊ မန်ဟိုက သူ့ရှေ့၌သာ ပေါ်လာနေသည်။

“ဒီနေရာကို ငါ ပိတ်လိုက်တဲ့ အကြောင်းရင်းက .... မင်းက ဘာလဲ သိပ်သိချင်လို့ပဲ” မန်ဟို့ဘယ်လက်သည် တမန်တော်၏လည်မျိုကို ဆုပ်ကိုင်လိုက်၏။

“အို အရှင်‌လောကပါနတ်မင်းရဲ့ စိတ်ဆန္ဒတော်” တမန်တော်က တအစ်အစ်အော်သည်။ “အိုလောကတစ်ခွင်ရဲ့ အရှင်သခင် .... ကျွန်တော်မျိုးကို ကယ်တင်တော်မူပါ....” သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟိုက ရုတ်တရက် ဝိညာဉ်ဖွေရှာခြင်း စတင်သည်။

သူကား လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်ကို အစိုးရသော တမန်တော်အား ဝိညာဉ်ဖွေရှာနေချေပြီ။

All Chapters