အစီအရင်ထဲသို့စီးမျော့လွင့်စင်
Vol. 45 Ch. 637
အခန်း (၆၃၇) အစီအရင်ထဲသို့စီးမျော့လွင့်စင်
တာ့ရွှမ်တိုင်းပြည်မှ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင် အများအပြား ကျူးကျော်ဝင်ရောက်လာသော်လည်း ယိုးမင်ဂိုဏ်းတွင်လည်း ဝူကျိရှိုးနှင့် နျဲ့စန်းတို့ကဲ့သို့ သိုင်းသူတော်စင်များစွာ ရှိနေသေးသည်။
တုနှိုင်းမရအောင်ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပေါ်လာပြီး ပန်းပွင့်ငြိမ်းချမ်းဒေသတစ်ခုလုံး၏ မိုးနှင့်မြေတစ်ခွင်လုံးအား မှောင်လှန်ပစ်တော့မည့်အလား ထင်ရသည်။
ရန်ကျောက်ကဲ ကြိုတင်ခန့်မှန်းထားသလိုပင် ယိုးမင်ဂိုဏ်းဌာနခွဲ ပင်မအစီအရင်သည် ကောင်းစွာအစွမ်းပြနိုင်ခြင်း မရှိပေ။ ဤသို့သောအခြေအနေအောက်တွင် ဝူကျိရှိုး ၊ နျဲ့စန်းနှင့် အခြားသူများ တိုက်ပွဲအသာစီးမရသည်မှာ သဘာဝပင်။
တာ့ရွှမ်တိုင်းပြည် ကာကွယ်သူအရှင်သခင် ‘ကျန်း’ ထံမှ နောက်ထပ်လှံချက်တစ်ချက် ကျရောက်လာသည့်အခါ ဝူကျိရှိုး၏ခန္ဓာကိုယ်က ပို၍ကွေးညွှတ်သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်ကို တွေ့ရတော့ ဘေးနားမှ ယိုးမင်ဂိုဏ်းသားများ တုန်လှုပ်သွားကြ၏။
နျဲ့စန်းသည်လည်းခပ်တိုးတိုးတစ်ချက်ညည်းညူလိုက်ပြီးး ၏ညာဘက်လက်တွင် ဓားဒဏ်ရာတစ်ချက်ရသွားသည်။ သူက ရန်သူကို တိုက်ထုတ်လိုက်ပြီး ဝူကျိရှိုးဘေးသို့သွားကာ အသံထုတ်လွှတ်စနစ်ဖြင့် စကားဆိုသည်။
“ဒီအတိုင်းဆို ကျွန်တော်တို့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး”
ဝူကျိရှိုးက နှုတ်ခမ်းထောင့်မှသွေးများကို သုတ်ရင်း ခဏမျှ ချောင်းဆိုးနေသည်။
“နေမရှိလရိပ်ပွဲတော်ကျင်းပဖို့ ငါတို့ဂိုဏ်းကပြင်ဆင်နေတဲ့သတင်း ပေါက်ကြားသွားတယ် ၊ တာ့ရွှမ်တိုင်းပြည်က ငါတို့ဂိုဏ်းအဓိကပလ္လင်ရှိတဲ့နေရာကို စုံစမ်းဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေတာပဲ”
နျဲ့စန်းက...
“လေးညှို့မတင်ရင်တောင် မြားထစ်ရာက ရှိနေပြီ ၊ ကျွန်တော်တို့တွေ ပွဲတော်မကျင်းပသေးခင် တာ့ရွှမ်တိုင်းပြည်က သဲလွန်စရသွားတယ် ၊ ဒီလိုဆိုမှတော့ အဆုံးထိ တိုက်ကြရုံပေါ့”
ထိုစကားကိုကြားတော့ ဝူကျိရှိုး အတွေးနက်နဲသွားသည်။
ခေါင်းကိုမော့ကာ ကောင်းကင်ထက်သို့ကြည့်လိုက်တော့ မီးလျှံစီးကြောင်းများကို တွေ့မြင်ရသည်။ မီးလျှံလှိုင်းလုံးများက ကြီးမားသော အလင်းသင်္ကေတများအဖြစ် မြင့်တက်လာနေပြီး မီးတောက်ပင်လယ်ကြီးသဖွယ် ၊ အလင်းရောင်မှန်ချပ်ကြီးသဖွယ် အောက်ဘက်ကမ္ဘာမြေသို့ လင်းထိန်နေစေသည်။
သို့သော် ယိုးမင်ဂိုဏ်းဌာနခွဲမှ အနက်ရောင်အခိုးအငွေ့များက ထိုအလင်းတန်းများ ကျဆင်းမလာအောင် ကာကွယ်ထား၏။
အနက်ရောင်အခိုးအငွေ့များက အပေါ်သို့တည့်တည့်တက်သွားခြင်းရှိဘဲ ယိုးမင်ဂိုဏ်းဌာနခွဲနှင့် ချိတ်ဆက်ထားသော အဆုံးတစ်ဖက်သို့ ကြိုးတစ်ချောင်းပမာ ချိတ်ဆက်လျှက် အမည်မသိ အဝေးတစ်နေရာသို့ ဖြန့်ကျက်ထားသည်။
လူတစ်ယောက်၏အမြင်ကိုသာ ပန်းပွင့်ငြိမ်းချမ်းနယ်မြေတစ်ခုတည်းတွင်သာ ကန့်သတ်မထားဘဲ ကျူတောပင်လယ်ဒေသတစ်ခုလုံးအား လွှမ်းခြုံတွေ့မြင်နိုင်မည်ဆိုလျှင် ယိုးမင်ဂိုဏ်းဌာနခွဲများအားလုံး ထိုသို့ဖြစ်ပေါ်နေကြောင်း သိရှိနိုင်ပေမည်။
ထူးဆန်းစွာပင် တောက်ပသောလရောင်ခြည်သည်လည်း ယိုးမင်ဂိုဏ်း ဌာနခွဲများအားလုံးထက်မှ ထွက်ပေါ်လာသည်။ အနက်ရောင်အခိုးအငွေ့များသည် ဌာနခွဲအသီးသီးမှ ဗလာနယ်လေထုအတွင်းပျံ့နှံ့သွားပြီး ဧရိယာတစ်ခုဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။
ပန်းပွင့်ငြိမ်းချမ်းနယ်မြေကောင်းကင်ထက်မှ အနက်ရောင်အခိုးအငွေ့များကိုကြည့်ရင်း ဝူကျိရှိုး သက်ပြင်းချလိုက်၏။
“သူတို့က ကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာကြတာပဲ”
အဘိုးအို၏မျက်နှာထက်တွင် ဆုံးဖြတ်ချက်ပြတ်သားမှုတစ်ခု ထွက်ပေါ်လာသည်။
“ဒီလိုအချိန်မျိုးမှာ ငါတို့အားလုံး လုပ်နိုင်တာတစ်ခုပဲ ရှိတယ်”
ပြောပြီးသည်နှင့် သူက လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး တာ့ရွှမ်တိုင်းပြည် ကာကွယ်သူအရှင်သခင်’ကျန်း’ ၏ ကြောက်မက်ဖွယ်ရာလှံရှည်ကို တားဆီးလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် မြေပြင်ဆီသို့ ရိုက်ချလိုက်သည်။
သူ့ခြေဖဝါးအောက်တွင် မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်တောက်ပလာပြီး မူလအမှောင်ထု ထွက်ပေါ်လာစေသည်။
ခမ်းနားစွာလှည့်ပတ်နေသော ပင်မအစီအရင်ထဲတွင် စွမ်းအားပြင်းထန်သော အလင်းတန်းတစ်ခု ရုတ်တရက်လင်းလက်လာပြီး အလင်းတန်းဗဟိုချက်အား အမှောင်ထုက ချက်ချင်း လွှမ်းခြုံသွားသည်။
စွမ်းအားကြီးမားသောအလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထု၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။ ယခု အမှောင်ထုက ပိုပြီး နက်ရှိုင်းသည် ၊ ပိုပြီးတိတ်ဆိတ်သလို ပိုပြီး ကြောက်မက်ဖွယ်ရာ ဖြစ်၏။
ဝူကျိရှိုး၏ညွှန်ကြားချက်အတိုင်း ချန်ခဲ့နှင့် ယိုးမင်ဂိုဏ်းမှ အချို့သောသိုင်းကျင့်ကြံသူများ တိုက်ပွဲတွင်ပါဝင်အားဖြည့်ခြင်းမရှိကြဘဲ အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သော ယာဇ်ပူဇော်ပစ္စည်းများကို ထိုအမှောင်ထုအတွင်းသို့ ပစ်ချလိုက်ကြသည်။
နက်နဲသောအမှောင်ထုသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သလို ရေကန်ငယ်တစ်ခုပမာလည်း သေးငယ်သည်။ ယာဇ်ပူဇော်ပစ္စည်းများအားလုံး အမှေင်ထုထဲပစ်ချလိုက်သည့်အခါ လှိုင်းလုံးအနည်းငယ်ဖြစ်ပေါ်လာသော်လည်း အလျှင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
“ငါတို့သာ အချိန်ပိုပေးနိုင်ရင် အဆင်ပြေမှာ...”
ဝူကျိရှိုး ခေါင်းတစ်ချက်ခါယမ်းရင်း ရေရွတ်သည်။
ထို့နောက် လေထဲတွင် နက်နဲသောအင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်ပြီး လက်ချောင်းများဖြင့်အသာထိလိုက်ရာ ထိုအင်းသင်္ကေတသည် ပင်မအစီအရင်အမှောင်ထုအတွင်းသို့ နစ်မြုပ်သွား၏။
အပြောင်းအလဲကို ခံစားမိသည်နှင့် တာ့ရွှမ်စစ်သည်တော်များက ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာကြသည်။ ဝူကျိရှိုး ၊ နျဲ့စန်းနှင့် အခြားသူများက ရန်သူကို အစွမ်းကုန် ခုခံတွန်းလှန်နေကြသည်။
နက်နဲသောအမှောင်ထုသည် စဉ်ဆက်မပြတ် ကျယ်ပြန့်လာကာ အနီးပတ်ဝန်းကျင်မှ အလင်းရောင်အားလုံးကို ဝါးမျိုသွားပြီး ကမ္ဘာလောကကြီးတစ်ခုလုံး မှောင်မိုက်စပြုလာသည်။ ကောင်းကင်ထက်မှ တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များမှာ ပတ်ဝန်းကျင်ကမ္ဘာတစ်ခုလုံး မှောင်မိုက်လာသည်ကို ခံစားကြရသည်။
ကာကွယ်သူအရှင်သခင်’ကျန်း’ နှင့် အခြားသောထိပ်တန်းအဆင့် ကျင့်ကြံသူအနည်းငယ်သာ အမှောင်ထု၏လွှမ်းခြုံမှုကိုမခံစားရဘဲ တောက်ပနေသောမီးတောက်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြေပြင်ထက်တွင်ရှိနေသော ယိုးမင်ဂိုဏ်းဌာနခွဲမှ ပြင်းထန်သောပြောင်းလဲမှုများကို လူတိုင်း အာရုံခံနိုင်ကြသည်။
ထို့နောက်မှာတော့ တောက်ပခြင်းမရှိသော အလင်းတန်းတစ်ခုက အလွန်မှေးမှိန်စွာဖြင့် ပင်မအစီအရင်ဗဟိုချက်မှ ထွက်ပေါ်လာပြီး အထက်သို့တက်မသွားဘဲ အလျားလိုက်အနေအထား ဘေးဘက်သို့ ပျံ့နှံ့သွားသည်။ ထို မှိန်ဖျော့သောအလင်းတန်းသည်လည်း အနက်ရောင်အခိုးအငွေ့များကဲ့သို့ပင် အမည်မသိအဝေးတစ်နေရာသို့ တိုးဝင်သွား၏။
ထိုအလင်းတန်းထွက်ပေါ်လာသည်နှင့်အမျှ ယိုးမင်ဂိုဏ်းဌာနခွဲကို လွှမ်းခြုံထားသောအမှောင်ထုက အဆက်မပြတ် ကျယ်ပြန့်လာသည်။
ဝေဟင်အလယ် မီးတောက်ပင်လယ်ကြားတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အမျိုးသားတစ်ယောက်ပေါ်လာသည်။ ထိုသူက သက်လတ်ပိုင်း လူရွယ်တစ်ယောက်ဖြစ်ပြီး မျက်နှာတစ်ခုလုံး မုတ်ဆိတ်မွေးများဖြင့် ပြည့်နေ၏။
မှိန်ဖျော့ဖျော့အလင်းရောင်ကိုတွေ့သည့်အခါ သူ မနေနိုင်ဘဲ မျက်မှောင်ကြုံ့လိုက်သည်။ စောစောက ထိပ်တိုက်ရင်ဆိုင်နေသည့် ဝူကျိရှိုးကိုပင် အရေးမစိုက်တော့ဘဲ ထိုအလင်းတန်းကို လှံရှည်ဖြင့် ထိုးစိုက်ချလိုက်၏။
မီးလျှံများတောက်ပနေသောလှံရှည် ကျဆင်းလာပြီး ကြယ်တစ်စင်းကြွေကျလာသည့်ပမာ မှိန်ဖျော့သောအလင်းရောင်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားပြီး လှံရှည်သွားရာလမ်းတစ်လျှောက်တွင် မီးပွားများ လွင့်စင်ကျန်ရစ်ခဲ့သည်။
မိုးမြေတစ်ခွင် အရာအားလုံးကို သုတ်သင်ပစ်နိုင်သော လှံရှည်က မှိန်ဖျော့သောအလင်းတန်းဖြင့် ရိုက်ခတ်မိသည့်အခါ ပြန်ကန်ထွက်လာသည်။
အလင်းတန်းက ခဏမျှ တုန်ခါသွားသော်လည်း အဝေးသို့ ဆက်လက် စီးဆင်းထွက်ခွာသွားသည်။
လှံရှည်ကိုင်ထားသောလူရွယ်က တာ့ရွှမ်တိုင်းပြည်၏ ကာကွယ်သူအရှင်သခင်’ကျန်း’ ဖြစ်ပြီး သူက အလင်းတန်းကို စူးစိုက်ကြည့်ရင်း...
“သိပ်ကောင်းတယ်...”
မှိန်ဖျော့သောအလင်းတန်းက မထင်မရှားဖြင့် အားနည်းပြီး ဝေဝါးနေသော်လည်း ၎င်းအတွင်းမှ စွမ်းအားကတော့ လေးလံပြီးမြင့်မားလေရာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဖြစ်သော ကာကွယ်သူအရှင်သခင်’ကျန်း’ သည်ပင် တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ပေ။
သူက နောက်တစ်ကြိမ်လှံရှည်ကို ဝှေ့ယမ်းလိုက်စဉ် ဝူကျိရှိုးနှင့် အခြားသူများက သူ့ကိုတားဆီးရန် ရှေ့သို့ ခုန်ဝင်လာကြသည်။
ကာကွယ်သူအရှင်သခင်’ကျန်း’ က ပြုံးလိုက်ရင်း...
“မင်းတို့ ဘာတွေပဲလုပ်လုပ် အလကားပဲ ၊ မင်းတို့ရဲ့ ထုံးတမ်းရိုးရာပွဲတောင် ပြီးအောင်ကျင်းပနိုင်ရင်တောင် ဘာဖြစ်လာမတဲ့လဲ ၊ မင်းတို့ရဲ့ အဓိကပလ္လင်နဲ့အတူ တစ်ဂိုဏ်းလုံး ပြာကျသွားဖို့သာ စောင့်နေလိုက်”
ဝူကျိရှိုးက တန်ပြန်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် သူ့မျက်နှာထက် အံ့အားသင့်သည့်အမူအရာတစ်ခု ပေါ်လာသည်။
တမင်ရည်ရွယ်သည်လား ၊ မရည်ရွယ်သည်လား မသိသော်လည်း ယိုးမင်ဂိုဏ်းဌာနခွဲမှလူတစ်ယောက်က အစီအရင်၏ အလင်းတန်းနှင့်အတူ မျောပါသွားခဲ့သည်။
ဝူကျိရှိုးလှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရ၏။
“အစီအရင်ရဲ့စွမ်းအားကြောင့် ဒီကောင်လေးတော့ တစ်စစီဖြစ်တောမှာပဲ...”
ဝူကျိရှိုးတွေးနေစဉ်မှာပင် ရန်ကျောက်ကဲက မှိန်ဖျော့သောအလင်းတန်းထဲတွင် ရုန်းကန်ရင်း ပျောက်ကွယ်သွားသည်။
မြင်ကွင်းကိုကြည့်ရင်း ဝူကျိရှိုး အလွန်အံ့အားသင့်သွားသည်။ အစီအရင်ကို ထိန်းချုပ်သူအနေဖြင့် ပကတိအမှောင်ထုထဲမှ မှိန်ဖျော့သောအလင်းရောင်နှင့်အတူ ရန်ကျောက်ကဲတစ်ယောက် မိုးကုတ်စက်ဝိုင်းတည်ရှိရာ အဝေးတစ်နေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အာရုံခံမိသည်။
အစီအရင်အား ထိခိုက်စေခြင်းမရှိသဖြင့် ဝူကျိရှိုး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် ဤသို့ ရုတ်တရက်ဖြစ်သွားသဖြင့် ပျော်ရမည်လား ၊ စိုးရိမ်ရမည်လား မသိခဲ့ပေ။
တာ့ရွှမ်တိုင်းပြည်၏ တန်ခိုးစွမ်းအားရှင်များက ထပ်မံတိုက်ခိုက်လာသဖြင့် ဝူကျိရှိုးမှာ တိုက်ပွဲကို အာရုံစိုက်လိုက်ရပြီး ရန်ကျောက်ကဲအကြောင်း စဉ်းစားချိန် မရတော့ပေ။
***
ရန်ကျောက်ကဲမှာလည်း အလွန်အဆင်မပြေသော အနေအထားတွင်ရှိနေသည်။
ရေစီးနှင့် မျောပါသွားသည့်အလား ခံစားရပြီး သူ့အရှေ့မှ မိုးမြေတစ်ခုလုံး ချာချာလည်ကာ အမြင်များပင် ဝေဝါးလာသည်။
“သေစမ်း... ဒါက ဒီရေပြောင်းပြန်အစီအရင်နည်းစနစ်ပဲ ၊ ချီစွမ်းအားတွေ တကယ့်ကို ပရမ်းပတာ စီးဆင်းနေတာ”
ရန်ကျောက်ကဲ မနေနိုင်ဘဲ ဆဲရေးလိုက်သည်။
သူ အစီအရင်အတွင်းသို့ ဝင်လိုက်ကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ကိုကာကွယ်ရန် ထူးခြားသောနည်းပညာတစ်ခု အသုံးပြုထားသည်။ ယိုးမင်ဂိုဏ်း၏ထုံးတမ်းပွဲတော် တန်ခိုးစွမ်းအားကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်မသွားစေရန်နှင့် ယိုးမင်ဂိုဏ်းအဓိကပလ္လင်တည်ရှိရာ နေရာသို့ အဆင်ပြေပြေရောက်ရှိလာရန် ပြင်ဆင်ခဲ့၏။
သို့ပေသိ ဤခရီးက တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ ရိုလာကိုစတာစီးရသလို ၊ ပင်လယ်လှိုင်းမူးသလို ခံစားချက်မျိုး ဖြစ်၏။
ရန်ကျောက်ကဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး ခေါင်းများလည်းမူးဝေနေသည်။ အချိန်အတန်ကြာမှ ပတ်ဝန်းကျင်က ပြန်လည်တည်ငြိမ်လာ၏။
“ဟင်...”
ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလိုက်ပြီး အနီးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
ထိုအခါ...
သူ့မျက်ဝန်းများရှေ့တွင် တဖြည်းဖြည်း မြင့်တက်လာသော အနက်ရောင်နေဝန်းကြီးတစ်စင်းအား တွေ့မြင်လိုက်ရလေ၏။