← Chapters

နေမရှိလရိပ်ပွဲတော်

Vol. 45 Ch. 638

နေမရှိလရိပ်ပွဲတော်

Vol. 45 Ch. 638

အခန်း (၆၃၈) နေမရှိလရိပ်ပွဲတော်

သူ့မျက်လုံးရှေ့မှ နေဝန်းက တဖြည်းဖြည်းမြင့်တက်လာသော်လည်း မည်သည့်အပူရှိန်နှင့် နွေးထွေးမှုကိုမှ မခံစားရပေ။ အကြောင်းမှာ ထိုနေဝန်းကြီးက အနက်ရောင် ဖြစ်နေသောကြောင့်ပင်။

အဆုံးမရှိအမှောင်ထုကြားတွင် ထိုနေဝန်းက ပကတိနက်မှောင်နေပြီး အမှောင်ထုစီးကြောင်းများကိုသာ အဆက်မပြတ် ထုတ်လွှတ်နေသည်။

ရန်ကျောက်ကဲ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လှမ်းကြည့်လိုက်တော့ အနက်ရောင်နေဝန်းကြီးနံဘေးတွင် မှိန်ဖျော့သောလမင်းပြာပြာက ထိန်ထိန်သာနေ၏။

နေနှင့်လက အတူတကွ လှည့်ပတ်လှုပ်ရှားနေပြီး လဝန်းပြာပြာသည်လည်း အနက်ရောင်နေဝန်းကဲ့သို့ပင် ပုံမှန်မဟုတ်ပေ။ လဝန်း၏ တောက်ပသန့်စင်သောအလင်းရောင်က မိုးမြေတစ်ခွင်ကို လွှမ်းခြုံထားသည်။ လဝန်းက ဖြူဖျော့နေပြီး ရေခဲပြရောင်အလင်းတန်းများထွက်ပေါ်နေလေရာ မြင်ရသူတိုင်း၏စိတ်ထဲ အေးစိမ့်မှုကို ခံစားရစေသည်။

“နေမရှိလရိပ်...”

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ အံ့အားသင့်လျှက် စိတ်ခံစားချက်များလည်း နက်ရှိုင်းစွာ ဖြစ်တည်လာသည်။

‘နေမရှိလရိပ်’ ပွဲတော်ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင် တစ်ခါမှမရှိခဲ့ဖူးသော ရိုးရာထုံးတမ်းပွဲတော်တစ်ခု ဖြစ်သဖြင့် တစ်ခါမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။

အနက်ရောင်နေဝန်းနှင့် ရေခဲပြာရောင်လဝန်းကိုကြည့်ရင်း ထိုအရာများက ယိုးမင်ဂိုဏ်းမှ သိုင်းပညာအမွေအနှစ်များနှင့် ဆက်စပ်နေကြောင်း ရန်ကျောက်ကဲ ရုတ်တရက် နားလည်သွားသည်။ တစ်ဆက်တည်းပင် ယိုးမင်ဂိုဏ်းက ဤ ရိုးရာထုံးတမ်းပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုလည်း သဘောပေါက်သွား၏။

ယိုးမင်ဂိုဏ်းမှလူများက ‘နေမရှိ’ ဆိုသော အနက်ရောင်နေနှင့် လရိပ်ဆိုသော ‘လဝန်းပြာပြာ’ ကို ဖန်ဆင်းတုပ ပြုလုပ်ပြီး ဤစွမ်းအားကို အသုံးပြုကာ နေနှင့်လ၏စွမ်းအားကို ပြောင်းပြန်စီးဆင်းစေလျှက် စွမ်းအားအဟုန်ဖြင့် နှစ်ခြင်းခံယူလိုခြင်းပင်။

ယိုးမင်ဂိုဏ်း၏ လက်ရှိ နံပါတ် (၁) သိုင်းကျင့်ကြံသူမှာ ဂိုဏ်းချုပ်ဖြစ်သူ ‘ကျိုးဟောက်ရှန်း’ ဖြစ်ပြီး ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်နှင့် ကာလရှည်ကြာ ပြိုင်ဘက်ဖြစ်သည်။

သူတို့နှစ်ယောက်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်အဖြစ် အဆင့်တူညီသူများ ဖြစ်သည်။ ကျိုးဟောက်ရှန်းသည် လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ရပ်နားနေသည်မှာ အချိန်အလွန်ကြာမြင့်ပြီ ဖြစ်၏။

ယခု ‘နေမရှိလရိပ်’ ထုံးတမ်းရိုးရာပွဲတော်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းတစ်ဆို့နေသည်ကို ကျော်ဖြတ်လိုခဲ့ပြီး သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်သို့ တက်ရောက်ရန် ဆန္ဒရှိခဲ့သည်။

ရန်ကျောက်ကဲ စဉ်းစားနေစဉ်မှာပင် သူ့အရှေ့မှ ‘နေမရှိ’ နှင့် ‘လရိပ်’ တို့က အနည်းငယ်တုန်ခါသွားပြီး သူရောက်ရှိနေသော အနက်ရောင်ဗလာနယ်သည်လည်း တုန်ခါသွားသည်။

“ဌာနခွဲတွေက ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းလမ်းကြောင်းတွေကတစ်ဆင့် တာ့ရွှမ်တိုင်းပြည်က ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို ရှာဖွေဖို့ စဉ်းစားထားတာပဲ”

ရန်ကျောက်ကဲ သဘောပေါက်သွားသည်။

“ငါ ဒီကိုရောက်လာတာ ဘယ်လောက်တောင် မြန်လိုက်သလဲ”

ကျူတောပင်လယ်ဒေသ အရှေ့တောင်ဘက်ရှိ ကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်အထက် ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုတွင်းနက်ကြီး၏ နက်ရှိုင်းရာနေရာတွင် ကြီးမားသော ချောက်ကမ်းပါးကြီးတစ်ခုနှင့် လေထဲတွင် ပျံသန်းနေသော ခမ်းနားသည့် မြို့တော်တစ်ခု ရှိနေသည်။

မြို့တော်နှင့် ချောက်ကမ်းပါး (၂)ခုလုံး ပိတုံးရောင်ပမာ နက်မှောင်နေပြီး ပတ်ဝန်းကျင်သို့ အဆက်မပြတ် ပျံ့နှံ့နေသည့် အမှောင်ထုနှင့် အံ့သြစရာကောင်းစွာ တစ်သားတည်းကျလျှက် အလင်းရောင်မှန်သမျှကို ဝါးမျိုသွားသည်။

ယခုတော့ ဤမြို့တော်ကြီးနှင့် ချောက်ကမ်းပါးကြီးတို့သည် များပြားလှစွာသော မှိန်ဖျော့သည့်အနက်ရောင်အလင်းတန်းများနှင့် ကွင်းဆက်ကြိုးများပမာ ချိတ်ဆက်လျှက် အမည်မသိ ဗလာနယ်ထဲသို့ အနက်ရောင်မီးခိုးများက ဆန့်ထွက်သွားသည်။ မှိန်ဖျော့သော အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များမှာ အဝေးတွင်ရှိနေသည့် များပြားလှစွာသော ယိုးမင်ဂိုဏ်းခွဲများမှ မြစ်ဖျားခံလာကြောင်း သံသယဝင်စရာ မရှိပေ။

မှိန်ဖျော့သောအနက်ရောင်အလင်းတန်းများက မိုးမြေတစ်ခွင်ဖြတ်ကျော်သွားပြီး ယိုးမင်ဂိုဏ်းအဓိကပလ္လင်တွင် ဆုံစည်းသွားကာ ကြီးမားသော ဝိညာဉ်အစီအရင်ကြီးတစ်ခု ဖြစ်တည်လာစေသည်။ ထိုအစီအရင်ကြီးက ကျူတောပင်လယ်ဒေသနေရာတိုင်းကို ဝန်းရံထားသည့် ယိုးမင်ဂိုဏ်းဌာနခွဲများနှင့် ချိတ်ဆက်နေသည်။

သို့သော် မှိန်ဖျော့ဖျော့အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များက များပြားလှစွာသော ယိုးမင်ဂိုဏ်းဌာနခွဲမှ မြစ်ဖျားခံလာပြီး အဓိကပလ္လင်တွင် စုဝေးလေရာ ယိုးမင်ဂိုဏ်း အဓိကပလ္လင်တည်နေရာကို ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွား၏။

ထိုအချိန် မီးတောက်ပင်လယ်ကြီးတစ်ခုက အစီအရင်ကိုဖြတ်ကျော်လာပြီး ဗလာနယ်တစ်ခုလုံးအား တုန်ခါသွားစေသည်။

မီးတောက်မီးလျှံများ၏စွမ်းအားက ပန်းပွင့်ငြိမ်းချမ်းနယ်မြေတွင် ယိုးမင်ဂိုဏ်းကို လာရောက်တိုက်ခိုက်သော မီးတောက်မီးလျှံများထက် ပိုမိုကြောက်မက်ဖွယ်ဖြစ်သည်။

ထိုမီးတောက်မီးလျှံများက ကောင်းကင်ထက်မှတွင်းနက်ကြီးကို ဝါးမျိုသွားခြင်း မရှိပေ။ သို့သော်တွင်းနက်ကြီးကို ပုံပျက်သွားစေပြီး အမှောင်ထုကို တဖြည်းဖြည်း စုပ်ယူလောင်ကျွမ်းသွားသည်။ အမှောင်ထုကို တဖြည်းဖြည်းလွင့်ပြယ်သွားစေပြီး အနက်ရောင်မြို့တော်နှင့် ချောက်ကမ်းပါးကြီးကိုပင် လင်းလက်လာစေသည်။

ရန်ကျောက်ကဲကတော့ လေထုထဲတွင်ရှိနေပြီး ကောင်းကင်တစ်ခုလုံးလွှမ်းခြုံထားသည့် ‘နေမရှိလရိပ်’ ပွဲတော်မှဖန်ဆင်းထားသော ခမ်းနားသည့်မြင်ကွင်း အနီးကပ်ကြည့်ရှုနေသည်။

ထိုအချိန် မျက်ဝန်းတစ်စုံပွင့်လာပြီး အပြင်ဘက်မှလျှံထွက်နေသော မီးတောက်မီးလျှံများကို စူးစိုက်ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ထံမှထွက်ပေါ်နေသော စွမ်းအားရောင်ဝါက တာ့ရွှမ်တိုင်းပြည် ကာကွယ်သူအရှင်သခင်’ကျန်း’ ထက် ပိုမိုပြင်းထန်၏။

သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ချင်း တူညီကြသည့်တိုင် သူတို့ကြားမှ စွမ်းအားကွာဟချက် ရှိနေဆဲပင်။

ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းက ဝါရင့်သလို တန်ခိုးစွမ်းအားအရာတွင်လည်း အလွန်တရာ ကြီးမားပြင်းထန်သည်မှာ အမှန်ပင်ဖြစ်၏။

သူ၏မျက်ဝန်းများက ရန်ကျောက်ကဲကို စိုက်ကြည့်နေခြင်းမရှိသည့်တိုင် သူ့တစ်ကိုယ်လုံး ထုံကျဉ်သွားသလို ခံစားရသည်။

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို တိတ်ဆိတ်စွာလှည့်ပတ်ရင်း တည်ရှိမှုမှ မရှိမှုသို့ ပြောင်းလဲကာ ဗလာနယ်ထဲမှ မှိန်ဖျော့သောအလင်းတန်းနှင့် တစ်သားတည်းကျအောင် ပေါင်းစပ်လျှက် ပုန်းကွယ်နေလိုက်၏။

လောလောဆယ်တွင် ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း၏ အာရုံစိုက်မှုက ပြင်ပကမ္ဘာဆီ လုံးလုံးလျားလျား ကျရောက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူရင်ဆိုင်ရမည့်ရန်သူက သူ့ထက် စွမ်းအားမြင့်မားနေသောကြောင့်ပင်။

ကြောက်မက်ဖွယ်ရာမီးတောက်ပင်လယ်ကြီး နှစ်ခြမ်းကွဲသွားပြီး အစီအရင်တစ်ခု ထွက်ပေါ်လာသည်။ အစီအရင်ထဲတွင် များပြားလှစွာသော စစ်သည်တော်များ ကောင်းကင်ယံတွင် အတူတကွ မတ်တတ်ရပ်နေကြသည်။

အစီအရင်အလယ်ဗဟိုတွင် နဂါးအလံလွှင့်ထူထားသော နဂါးရထားတစ်စင်းရှိနေပြီး များပြားလှသော တန်ခိုးစွမ်းအားရှင်များက နဂါးရထားကို ကာကွယ်ပေးထားသည်။ နဂါးရထားကို ရွှေထီးတစ်လက်အုပ်မိုးထားပြီး ပတ်ပတ်လည်တွင်လည်း ရောင်စုံအလှဆင်ထားသော နဖူးစည်းစာတမ်းများ လေထဲလွင့်မျောနေ၏။

နဂါးရထားထိပ်တွင် အနက်ရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး ခမ်းနားသောသရဖူကိုဆောင်းထားသော လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသည့် ဧကရာဇ်တစ်ပါးထိုင်နေသည်။ ထိုသူက တာ့ရွှမ်တိုင်းပြည်၏ တတိယမြောက်ဧကရာဇ် ‘ရွှမ်မု’ ပင်။

ဧကရာဇ်ရွှမ်မု‌ဘေးတွင်ထိုင်နေသူက သူ့ထက်ပင် တန်ခိုးစွမ်းအားပိုမိုမြင့်မားပြီး ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ်နေသည်။ ထိုသူ၏အသွင်အပြင်က အပြင်ပန်း အသက် (၂၀) ကျော်ခန့်သာ ရှိဟန်တူသော်လည်း မျက်ဝန်းများက ရှေးကျပြီး လေးလံသည်။

သူက ဧကရာဇ်’ရွှမ်မု’ ဘေးတွင်ထိုင်နေသော်လည်း အခြားသူများအားလုံးထက် အဆင့်အတန်းမြင့်မားသူတစ်ယောက်ပမာ ခံစားချက်ပေးစွမ်းသည်။

ဧကရာဇ်ရွှမ်မုက ထိုသူကိုလှည့်ကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“ကျေးဇူးပြုပြီး ကူညီပေးပါ ဆရာဦးလေး”

လူငယ်က စကားတစ်ခွန်းမဆိုဘဲ လက်တစ်ဖက်မြှောက်လိုက်ပြီး ယိုးမင်ဂိုဏ်း အဓိကပလ္လင်ဆီသို့ ညွှန်ပြလိုက်သည်။ ရေစီး‌ကြောင်းတစ်ခုနှင့်ဆင်တူသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်ချာက်ကမ်းပါးနှင့် မြို့တော်ကြီးဆီသို့ ရှည်လျားသောမြစ်တစ်စင်းပမာ စီးဆင်းသွားသည်။

ယိုးမင်ဂိုဏ်းအဓိကပလ္လင်ပတ်ပတ်လည်တွင် မှိန်ဖျော့သောအလင်းတန်းများလှည့်ပတ်လျှက် အကန့်အသတ်မရှိသောအမှောင်ထုထဲတွင် ကြီးမားသောအစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည်။ အမှောင်ထုနှင့်ထိတွေ့မိသော မီးတောက်မီးလျှံများ ၊ အလင်းတန်းများအားလုံး နေရာမှာပင်ရပ်တန့်သွားကာ အမှောင်ထု၏ ဝါးမျိုခြင်း ခံလိုက်ရသည်။

သို့ပေသိ ရေစီးကြောင်းနှင့်တူသော ဓားအလင်းတန်းကကိုတော့ အမှောင်ထုက တားဆီးနိုင်ခြင်းမရှိဘဲ အချိန်ရေစီးကြောင်းအတွင်း အရာအားလုံးက အိုမင်းဆွေးမြေ့သွားသည့်အလား ထင်မှတ်ရသည်။ ထိုခဏအတွင် အလင်းနှင့်အမှောင်၏ အရေးပါမှုအားလုံး ဆုံးရှုံးသွားပြီး အရာခပ်သိမ်းသည် အချိန်ရေစီးကြောင်းမျက်နှာပြင်မှ အမှတ်သင်္ကေတများသာ ဖြစ်လာသည်။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်တွင် အဖြူရောင်ဝတ်ဆင်ထားသောအဘိုးအိုတစ်ယောက်က ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် မြင်ကွင်းကိုကြည့်နေသည်။ အနက်ရောင်နေဝန်းနှင့် လဝန်းပြာပြာတို့က သူ၏ဦးခေါင်းထက်တွင် ဝဲပျံနေပြီး မှိန်ဖျော့သောအနက်ရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ထက်သို့ ဖြာကျနေသည်။

အဖြူဝတ်အဘိုးအို၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အနက်ရောင်မန္တန်စွမ်းအားများက အဖြူရောင်ဝတ်ရုံအပြင်ဘက်မှ ထွက်ပေါ်လာသည်။

သူက လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ရာ အဆုံးမရှိသောအမှောင်ထုက ယိုးမင်ဂိုဏ်း အဓိကပလ္လင်ကို လွှမ်းခြုံသွားပြီး ဝင်ရောက်လာသောအလင်းတန်းအားလုံးနှင့် ရေစီးကြောင်းပမာ ဓားအလင်းတန်းကိုပါ တားဆီးလိုက်သည်။

ထိုအမှောင်ထုက ကနဦးစကြာဝဠာကာလ မည်သည့်အလင်းမှမရှိသောအချိန်ကာလအလား ထင်မှတ်ရ၏။ ရေစီးကြောင်းပမာဓားအလင်းတန်းသည် အမှောင်ထု၏ပိတ်ဆို့ခြင်းကို ခံလိုက်ရ၏။ သို့သော် ဓားအလင်းတန်းက အမှောင်ထုနှင့်ရိုက်ခတ်မိသည်နှင့် ယိုးမင်ဂိုဏ်း၏ ပင်မအစီအရင်ကြီးဖြစ်သော ‘မူလအမှောင်အစီအရင်’က စတင်လှည့်ပတ်လာ၏။

ထိုအချိန် ဧကရာဇ်’ရွှမ်မု’ ကလည်း စတင်လှုပ်ရှားလိုက်သည်။ သူ၏အာဏာစက်အောက်တွင်ရှိသော တာ့ရွှမ်တိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်များကိုဦးဆောင်ပြီး  ‘မူလအမှေင်အစီအရင်’ ကို ဝင်ရောက်တိုက်ခိုက်သည်။

မီးတောက်မီးလျှံများ နောက်တစ်ကြိမ်ပြန်လည်မြင့်တက်လာချိန် ရေစီးကြောင်းဓားအလင်းတန်းက အမှောင်ထုအလွှာများကို ခုတ်ပိုင်းချလိုက်သည်။

ယိုးမင်ဂိုဏ်း အဓိကပလ္လင်တွင်ရှိနေသော ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း၏ အဖြူရောင်ဝတ်စုံထက်တွင် မန္တန်စွမ်းအားများပြည့်နေပြီး ဝတ်ရုံတစ်ခုလုံး အနက်ရောင်လွှမ်းသွားသည်။

လွန်ခဲ့သော နှစ်ပေါင်းအသင်္ချေက ရှည်လျားသောအမှောင်ညများအားလုံး စုပေါင်းထားသည့် ပကတိအမှောင်ထုက ပြင်ပကမ္ဘာမှတိုက်ခိုက်မှုများကို မရပ်မနား ခုခံလိုက်သည်။ သို့သော် ထိုတိုက်ခိုက်မှုများကိုခုခံရန် ခက်ခဲနေဆဲဟု ခံစားရ၏။

ကျိုးဟောက်ရှန်းက ဧကရာဇ်’ရွှမ်မု’ ကိုမကြည့်ဘဲ ရှေးကျသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားသော လူငယ်ကို လှမ်းကြည့်လိုက်သည်။

“သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်...”

ကျိုးဟောက်ရှန်း တစ်လုံးချင်းရေရွတ်လိုက်သည်။

ဧကရာဇ်’ရွှမ်မု’ ဘေးနားတွင်ထိုင်နေသော လူငယ်က နဂါးရထားထက်မှ မတ်တတ်ထရပ်လိုက်ချိန် သူ၏ဦးခေါင်းထက်တွင် ဝိညာဉ်အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် သူက နဂါးရထားအောက်ဆင်းလိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ယိုးမင်ဂိုဏ်း အဓိကပလ္လင်ဆီသို့ ရောက်လာသည်။

ရေစီးကြောင်းပမာဓားအလင်းတန်း တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး ယိုးမင်ဂိုဏ်းဆီသို့ ရေတံခွန်ပမာ စီးဆင်းလာစဉ် သူ၏ခြေဖဝါးအောက်တွင်လည်း အလင်းတန်းများ လွင့်ပျံထွက်ပေါ်လာလေ၏။

All Chapters