← Chapters

အကြွေးဆိုတာ ပြန်ဆပ်ကို ပြန်ဆပ်ရမယ့်အရာ

Vol. 58 Ch. 804

အကြွေးဆိုတာ ပြန်ဆပ်ကို ပြန်ဆပ်ရမယ့်အရာ

Vol. 58 Ch. 804

ကျီမျိုးနွယ်စုသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် မန်ဟို့ကို ဒေါသတကြီး စိုက်ကြည့်နေ၏။ ဟိုးရှေးရှေးကတည်းက ယနေ့အချိန်အထိ မည်သူမှ ကျီမျိုးနွယ်စု၏ ဂိတ်တံခါးကို မဖျက်စီးရဲခဲ့ဖူးပေ.... ထိုလင်မယားမှလွှဲ၍။

ယခု မန်ဟိုက ထိုသို့ လုပ်ရဲသည့် တတိယမြောက်လူဖြစ်သည်။

“အလိမ်အညာတွေ” ကျီမျိုးနွယ်များကြားမှ အသံတစ်သံက ပြောသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်းလှိုင်းတစ်လှိုင်းက သက်ကြီးပိုင်းမျိုးနွယ်ဝင်သုံးယောက်နှင့်အတူ လိမ့်ထွက်လာသည်။ ထိုသုံးယောက်သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာခဲ့၍ အသက်တစ်ရှိုက်တည်းနှင့် မန်ဟို့အရှေ့ ရောက်ချလာသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများက တာအိုရှာဖွေခြင်းအဆင့်စွမ်းအားကို ထုတ်လွှတ်နေပြီး သူတို့က မန်ဟို့အရှေ့ရောက်လျှင်ရောက်ချင်း နှာမှုတ်ကာ တိုက်ကွက်များ ထုတ်လွှတ်လိုက်ကြ၏။

မန်ဟိုက သာမန်လူမဟုတ်ကြောင်း သိသည့်အတွက်ကြောင့် သူတို့သည် တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ ပူးပေါင်းလိုက်ကြခြင်းဖြစ်သည်။ နေနှင့်လပင် အပါအဝင် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ယဇ်ပလ္လင်တစ်ဆူ၏ ပုံရိပ်ယောင်တစ်ခုသည် မယုံကြည်နိုင်ဖွယ်ဖိအားကို ထုတ်လွှတ်ရင်း မန်ဟို့ဆီ ရွေ့လျားလာ၏။

“မင်းမိဘတွေရဲ့ မျက်နှာကို ထောက်ထားပြီး ငါတို့ မင်းကို ဒီနေ့ မသတ်ဘူး။ ဒါပေမဲ့ ပညာမပေးဘဲနဲ့တော့ ဒီအတိုင်းအလွှတ်မပေးနိုင်ဘူး” ယဇ်ပလ္လင်က မန်ဟို့ဆီ နိမ့်ဆင်းလာရာ မြေကြီးသည် တသိမ့်သိမ့် တုန်ခါလာတော့သည်။

မန်ဟို၏အမူအရာမှာတော့ တည်ငြိမ်ပေးလျက်သာ။ သူက ပြုံး၍ လာနေသော ယဇ်ပလ္လင်ကို ကြည့်ပြီးနောက် ရုတ်တရက် လက်သီးဆုပ်လိုက်၏။ သူ၏လက်သီး လေကိုခွင်းသွားသည့်အချိန်မှာပင် နဝမတောင်သည် အကောင်အထည်ဖြစ်ပေါ်လာကာ ယဇ်ပလ္လင်ကို ဝင်တိုက်လိုက်သည်။

ကြီးမားသောပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး ယဇ်ပလ္လင်မှာ ချာချာလည်ထွက်သွား၏။ နဝမတောင်က အံ့မခန်းဖိအားတစ်ရပ်ကို ထုတ်လွှတ်ရင်း ပျံဝဲနေပြီး အံ့ဩစရာအကောင်းဆုံးမှာ ၎င်းကို အင်မော်တယ်ချီများ ရစ်သိုင်းဝန်းရံထားခြင်းပင်။ ကျီမျိုးနွယ်သုံးယောက်မှာ ပါးစပ်မှ သွေးများ စီးကျနေလျက် ၊ အံ့ဩခြင်းတို့ မျက်နှာတွင် ပြည့်နှက်နေလျက် ‌နောက်သို့ ယိမ်းယိုင်သွားကြသည်။

သူတို့နောက်ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် မျိုးနွယ်စု၏ သက်ကြီးပိုင်းအဖွဲ့ဝင်ခုနစ်ယောက်ကျော်က လေပေါ် ပျံတက်လိုက်ကြသည်။ သူတို့လည်း အတူတူပူးပေါင်းရင်း လက်များကို အောက်သို့ ခါရမ်းကာ ဧရာမကန်ကြီးတစ်ကန် ဆင့်ခေါ်လိုက်သည်။ ကန်ထဲတွင် ဟိုဟိုသည်သည် ကူးခတ်သွားလာနေသော ငါးများအနက်မှ တစ်ကောင်က ခုန်ထွက်လာပြီး ဟိန်းဟောက်၍ မန်ဟို့ဆီ ပြေးဝင်သွားသော နဂါးနီတစ်ကောင်အသွင်ပြောင်းသွား၏။

မန်ဟိုက ခြေထောက်ကို မြှောက်၍ ရှေ့တစ်လှမ်းတက်လိုက်သည်။ ကြီးမားသောအားလှိုင်းကြီးက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသဖြင့် မြေငလျင်တို့ လှုပ်ခတ်သွားသည်။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်သုံးယောက်မှာ သွေးအန်ပြီး မျက်နှာတွင် အံ့အားသင့်မှုတို့ အထင်သားပေါ်လွင်လျက် နောက်ဆုတ်လိုက်ရပြန်သည်။

နဂါးနီကို ဆင့်ခေါ်ခဲ့သော သက်ကြီးပိုင်းမျိုးနွယ်ဝင်ခုနစ်ယောက်ကျော်မှာမူ ပါးစပ်မှ သွေးများ ပန်းထွက်ကာ ကြိုးပြတ်သွားသော စွန်များပမာ လွင့်ထွက်သွား၏။

ထို့နောက် သာမန်မျိုးနွယ်ဝင်များမှာလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်မရတော့ဘဲ ပြင်းပြင်းထန်ထန် တွန်းထုတ်ခံနေရကြောင်း ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားကြသည်။ သူတို့က လူတိုင်းကို လွှမ်းမိုးရင်း မားမားမတ်မတ် ရပ်နေသော မန်ဟို့ကို တအံ့တဩ လှမ်းကြည့်လိုက်ကြသည်။

အပြင်ရှိ လူအုပ်ကြီးလည်း မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ဆက်လက်ရှုစားနေကြသည်။ သူတို့အတွက် ထိုနေရာတွင် ရပ်နေသော မန်ဟိုသည် ပြိုင်ဘက်ကင်းပြီး အနိုင်ယူ၍မရနိုင်သည့် ပါရာဂွန်တစ်ဦးအလားပင်။

“အကြွေးဆိုတာ ပြန်ဆပ်ကို ပြန်ဆပ်ရမယ့်အရာ” မန်ဟို့ ရှေ့ဆက်လျှောက်လာရင်း ပြောသည်။ “အဲ့ဒါက မိုးကောင်းကင်ရဲ့ ဥပဒေတစ်ခု၊ ကမ္ဘာမြေရဲ့ စည်းမျဉ်းတစ်ခုပဲ။ မင်းတို့ အကြွေးမပေးဘဲနေရင် ငါ့ဘာသာငါပဲ ယူရတော့မှာပေါ့” သူ ရှေ့တက်လာလေလေ၊ ကျီမျိုးနွယ်များမှာ နောက်ဆုတ်သွားရလေလေ ဖြစ်သည်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်များကို ထိန်းပင်မထိန်းချုပ်နိုင်တော့ဘဲ ကြောက်စရာအားကြီးတစ်ရပ်၏ တွန်းထုတ်ခြင်းခံနေရသည့်အလားပင်။

သူတို့ထဲမှ လူငယ်တစ်ယောက်သည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်စပြုလာသည့် အံ့ဖွယ်အားတစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ့မှာ ကျန်ကျီမျိုးနွယ်ကြားမှ ဆွဲထုတ်ခံလိုက်ရပြီး မန်ဟို့အရှေ့တည့်တည့်တွင် ထားခံလိုက်ရသည်။

ထိုလူငယ်ကား ကျီရွှယ့်လင်ပင်။

“မန်ဟို၊ မင်း လွန်နေပြီနော်” သူက မန်ဟို့ကို ဒေါသတကြီး စိုက်ကြည့်ရင်း အာကျယ်အာကျယ် ပြောသည်။ သူ့မှာ အပြင်ပန်းတွင် မိုး‌မီးလောင်တော့မည့်ပုံနေသော်လည် တကယ့်တမ်း စိတ်ထဲတွင် ကြောက်ဒူးတုန်နေခြင်းဖြစ်သည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် သူသည် ဖြစ်လာတော့မည့် ဆိုးဆိုးရွားရွားအရာအတွက် အားတင်းလိုက်၏။ သို့သော် သူ့မှာ ထိုသို့ပြောရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ဤသည်မှာ ကျီမျိုးနွယ်စုဖြစ်ပြီး သူ့အနေဖြင့် တစ်ခုခုမပြောလျှင် တစ်မျိုးနွယ်တည်းသားများအရှေ့၌ မည်သို့ ခေါင်းမော့နိုင်တော့မည်နည်း။

“မင်းက ငါ့အပေါ် အကြွေးတင်နေတယ်။ အဲဒီတော့ ငါ လာတောင်းတယ်။ ဘယ်နှယ့်ကြောင့် လွန်တယ်ဖြစ်ရတာတုန်း” အနီးရှိ ကျီမျိုးနွယ်အကုန်လုံး၏ရှေ့မှောက်တွင် မန်ဟိုက ကျီရွှယ့်လင်၏ သိုလှောင်အိတ်ကို ဆွဲယူပြီး ဖွင့်ကြည့်လိုက်၏။ သူ မျက်မှောင်ကြီးကြုတ်သွားသည်။

“မင်းမှာ ဝိညာဉ်ကျောက်တုံး ဆယ်သိန်းကျော်ပဲ ရှိတယ်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မန်ဟို့လေသံက ခက်ထန်သွားသည်။ “ကျီရွှယ့်လင် ၊ ဒါ မလုံလောက်ဘူးကွ ။ ကဲ ကြည့်ရအောင် ... မင်း ငါ့ကို အကြွေးတင်နေတာက ဝိညာဉ်ကျောက်တုံး (၇၆) သိန်း နဲ့မှ (၅) သောင်း.....” သူသည် ကျီရွှယ့်လင်၏ဝတ်ရုံကို ဆွဲပြီး ချွတ်တော့သည်။

“မန်ဟို ၊ မ...မ..မင်း....” ကျီရွှယ့်လင်က အော်လိုက်သည်။ မန်ဟိုကား ယခုလေးတင် သူ၏သိုလှောင်အိတ်ကို လုပြီး ပိုင်ဆိုင်မှုများကို ယူခဲ့ပြီးလေပြီ။ သို့ထိတိုင် မကျေနပ်သေးဘဲ သူ့ကို အဝတ်ချွတ်နေ၏။ ဤအခြင်းအရာက ကျီရွှယ်လင့်ကို တစ်ခါမှ မခံစားခဲ့ရဖူးသော အကြောက်တရားနှင့် အံ့ဩမှုအပြည့်ဖြင့် လိပ်ပြာလွင့်မတတ် လန့်သွားစေသည်။

“မ..မ..မင်း... ဘာလုပ်နေတာလဲ”

သူတစ်ယောက်တည်းသာ လန့်နေခြင်းမဟုတ်။ မန်ဟို ကျီရွှယ့်လင်၏အဝတ်များကို ချွတ်နေစဉ် ကျန်ကျီမျိုးနွယ်များလည်း မျက်လုံးကြီးများပြူးလျက် မယုံနိုင်သလို ကြည့်နေကြသည်။

“မင်း ငါ့အပေါ် အကြွေးတင်နေတယ်။ ဒီအဝတ်အစားတွေ ကြည့်ရတာ တော်တော်ကောင်းမယ့်ပုံပဲ။ ဝိညာဉ်ကျောက်တုံးနည်းနည်းပါးပါးနဲ့ ရောင်းစားလို့ ရလောက်တယ်” မန်ဟိုက အဝတ်အစားများကို သိမ်းပြီးနောက် တုန်ရီနေသော ကျီရွှယ့်လင်ကို ကြည့်သည်။ နောက်ဆုံးတွင် သူက နှမြောတသဖြစ်လျက် သက်ပြင်းချလိုက်သည်။

“ဒီလိုဖြစ်မယ်သာ ကြိုသိခဲ့ရင်” မန်ဟိုက သနားကရုဏာသက်စွာ ခေါင်းခါရင်း ပြောသည်။ “အဲဒီလိုတုန်းက တစ်မျိုးလုပ်ခဲ့ရင် လုပ်ခဲ့မှာပေါ့။ အာ ကလေးတွေ ၊ နောက်ဆို စာချုပ်အလွယ်မရေးနဲ့ သိလား။ မှတ်ထား။ အခု ဘဝကို အစကပြန်စတော့

“ဒါပေမဲ့ ငါ့ကို ပေးစရာရှိသေးတာ မမေ့နဲ့၊ ဒီနေ့ရလိုက်တာလေးကိုတော့ အတိုးအဖြစ် ထားပေးမယ်”

ကျီရွှယ့်လင်မှာ ခံပြင်းပြင်း အော်ပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့မှာ အလွန်ဒေါသထွက်လွန်းသဖြင့် သတိလစ်ပြီး မြေကြီးပေါ် ခွေခေါက်လဲကျသွားတော့သည်။ တကယ်ပဲ သတိလစ်သွားသည်လား၊ ဟန်ဆောင်သည်လားတော့ မပြောတတ်....

ဤအခိုက်အတန့်တွင် အေးစက်စက် နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်သွားသည်  အရိပ်တစ်ခုက စံအိမ်အပေါ်မှ ကျော်ဖြတ်လာပြီး မယုံနိုင်‌လောက်အောင် အေးစက်သောအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ ဧရာမလက်မည်းကြီးတစ်ဖက် ခေါင်းအထက်တွင် ပေါ်လာစဉ် အကန့်အသတ်မဲ့သော အသတ်အဖြတ်စိတ်ဆန္ဒက တလိပ်လိပ် ထလာသည်။ ဖိအားကြီးတစ်ခုက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်စွမ်းအားအသွင်ပြောင်းရင်း အရပ်လေးမျက်နှာတွင် သက်ရောက်လာ၏။ မန်ဟို မော့ကြည့်လိုက်သည့်အခါ လက်ကြီးက သူ့အပေါ် ထိုးဆင်းလာပြီဖြစ်သည်။

လက်ကြီး၏အနောက်တွင် မြင်သည်ဆိုရုံကလေး မြင်ရသည်မှာ ဝတ်ရုံနက်နှင့် အဘိုးကြီးတစ်ဦးပင်။ သူသည် ပိန်ပါးပြီး ‌ယခုလေးတင် သင်္ချိုင်းကုန်းမှ လေးဖက်ထောက် ထွက်လာခဲ့သည့်အလား ပျက်စီးဆွေးမြည့်နေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။

“မင်းက ကျီမျိုးနွယ်စုမှာ သောင်းကျန်းဖို့ အရည်အချင်းမရှိဘူး”

ထစ်ချုန်းသံကြီးက ကောင်းကင်နှင့်မြေပြင်တွင် စိုးမိုးသွားကာ အံ့မခန်းအသတ်အဖြတ်စိတ်ဆန္ဒက လေတွင် ပြည့်နှက်သွားသည်။ ၎င်းသည် အဆုံးစွန်အထိ ဆိုးယုတ်ပြီး နေသာသော နွေဦးကို ဆောင်းလယ်ပမာ ရုတ်တရက်ကြီး အေးစိမ့်သွားစေ၏။ အနက်ရောင် နှင်းပွင့်ချပ်များက တဖွားဖွား ကျလာပြီး တစ်နေရာလုံးမှာ ... ဆောင်းလယ်စစ်မြေပြင်အဖြစ် ပြောင်းလဲသွားသယောင်ပင်။

ရုတ်တရက် စစ်မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အလောင်းများအပြင် အသေအကြေ စစ်ဆင်နွှဲနေကြသည့် ကျင့်ကြံသူအမြောက်အမြား ပေါ်လာသည်။ ဤအခြင်းအရာအကုန်လုံးမှာ မယုံနိုင်လောက်အောင် အသက်ဝင်ပေ၏။ ၎င်းကား ....  တာအိုရှာဖွေခြင်းတလင်းပြင်ပင်။

မန်ဟိုက တလင်းပြင်၏ အလယ်တွင် မျက်နှာကြီး မည်းမှောင်လျက် တင်းမာခက်ထန်စွာဖြင့် ရပ်နေသည်။ ဤအမူအရာက သူတို့ကို ရုတ်တရက် ရင်တဒိန်းဒိန်း ခုန်လာစေသည်။ မန်ဟို၏ ဤပုံစံ၊ သူ့ကိုယ်ထဲတွင် ပုန်းကွယ်ငုပ်လျှိုးနေခဲ့သော သွေးအေးရက်စက်သည့် ဤပုံစံမှာ မန်ဟိုအား တခြားလူတစ်ယောက်လို ပြောင်းလဲသွားစေသည်။

“အသတ်အဖြတ်စိတ်ဆန္ဒလား။ မင်းမှာ ငါ့ထက် ပိုမရှိနိုင်ပါဘူး” သူက အေးစက်စက် ပြောလိုက်သည်။ ရုတ်တရက် သူ့ခြေထောက်အောက်ရှိ အရိပ်သည် လူးလွန့်လာပြီး သူ၏ဒုတိယအစစ်အမှန်ကိုယ် ထွက်လာ၏။ စစချင်း ဒုတိယအစစ်အမှန်ကိုယ်၏ မျက်လုံးများက ပိတ်နေသော်လည်း အပြင်ထွက်လာ၍ ဖွင့်လိုက်သည့်အခါ သွေးရောင်အလင်း ဖြာထွက်လာသည်။ စောစောက အသတ်အဖြတ်စိတ်ဆန္ဒထက် အဆများစွာ အားကောင်း‌သော အသတ်အဖြတ်စိတ်ဆန္ဒ ထွက်လာ၏။ ၎င်းက ကောင်းကင်ကို အရောင်ပြောင်းသွားစေပြီး တိမ်တိုက်များကို တဖွေးဖွေး လှုပ်လာစေသည်။ အသတ်အဖြတ်စိတ်ဆန္ဒ၏ ပြင်းအားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါနေစေစဉ် နေနှင့်လမှာလည်း တုန်ရီလာသည်။

လေလယ်ရှိ ပိန်ချုံးချုံးလူမှာ ပင့်သက်ရှိုက်သွားပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်ရှိ ကျီမျိုးနွယ်အကုန်လုံးလည်း အံ့ဩတုန်လှုပ်နေကြပြီး အတော်များများမှာ သွေးအန်နေကြရလေပြီ။

အပြင်ရှိ လူတိုင်းမှာ ‌ရေခဲရိုက်ခံထားရသည့်အလား ပြင်းပြင်းထန်ထန် တုန်ရီနေကြသည်။

ဤသည်မှာ သူ၏ အကန့်အသတ်မဲ့ နတ်ဆိုးစိတ်ဆန္ဒကို စုပ်ယူခဲ့သော မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ် ဖြစ်ပေသည်။

နတ်ဆိုးစိတ်ဆန္ဒမှာ အံ့ဖွယ်သရဲပင်။ မန်ဟို၏ဒုတိယကိုယ်အစစ်ထံမှ ပေါက်ကွဲထွက်လာသော အနက်ရောင်အရှိန်အဝါသည် တလိပ်လိပ် ထနေသော အနက်ရောင်တိမ်တိုက်များ အသွင်ပြောင်းလာပြီးနောက် ဧရာမမျက်နှာကြီးကို ဖော်ဆောင်လိုက်သည်။ မျက်နှာကြီးကား ပြိုင်ဘက်ကင်းလောက်အောင် ရုန့်ရင်းကြမ်းကြုတ်ပြီး သက်ရှိဟူသမျှကို သုတ်သင်ပစ်နိုင်သော ရူးသွပ်မှုတို့ ပြည့်နှက်နေသယောင်ပင်။

အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒသည် ပိန်ချုံးချုံး အဘိုးကြီးအပေါ် မယုံကြည်နိုင်ဖွယ် ဖိအားတစ်ရပ်အား သက်ရောက်စေလိုက်ရာ ထိုလူ့မှာ ခေါင်းနပန်းကြီးလာတော့သည်။

“ဒါ... ဒါ....” သူ့စိတ်ကား ချချာလည်ချေပြီ။ ဤကဲ့သို့ ရက်စက်ကြမ်းကြတ်သော စိတ်ဝိညာဉ်၊ ဤကဲ့သို့အသတ်အဖြတ်စိတ်ဆန္ဒနှင့် ဤကဲ့သို့ရူးသွပ်မှုမျိုးကား ... ဘဝတွင် မြင်ရခဲသော တစ်စုံတစ်ခု ဖြစ်၏။

မန်ဟိုမှာ စိတ်အချဉ်ပေါက်နေခဲ့ပြီဖြစ်သည်။ သူက အထင်သေးသောလေသံနှင့် ပြောသည်။ “ဒီပုံရိပ်ယောင်စစ်မြေပြင်အတွက်ကတော့ မင်းကို မေးပါရစေ... တကယ့်စစ်မြေပြင်ကို အရင်က မြင်ဖူးရဲ့လား”

ဒုတိယအစစ်အမှန်ကိုယ်၏ ခန္ဓာကိုယ်က အလင်းတန်းများကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း ပုံပျက်ရှုံ့တွသွားကာ .... မတူကွဲပြားသော စစ်မြေပြင်တစ်ခုကို ပေါ်လာစေသည်။

၎င်းသည် သွေး‌မြစ်များ နေရာအနှံ့ စီးဆင်းနေလျက် အစုလိုက်အပြုံလိုက်သေကြနေသော စစ်မြေပြင်တစ်ခုဖြစ်၏။ တောင်သဖွယ် ဘီလူးကြီးတစ်ကောင်က ဟိန်းဟောက်နေပြီး အမျိုးသမီးတစ်ယောက်က မြူစက်လုံးတစ်လုံးထဲတွင် ကွယ်လျှိုးနေသည်။ လူများသည် သူတို့၏မွေးရပ်မြေအား မြေလှန်ခွင့် ပေးမည့်အစား ခန္ဓာဖောက်ခွဲရန် ရွေးချယ်နေကြသဖြင့် တိုက်ပွဲ၏အရှိန်အဟုန်ကား မြင့်တက်နေတော့၏။ မြေပြင်မှာ နီရဲတောက်နေပြီး ကောင်းကင်ထက်တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များကား ထိပ်တိုက်ချနေကြလေသည်။ သူတို့ထဲမှ တစ်ယောက်က တဟားဟား အော်ရယ်၍ ခန္ဓာဖောက်ခွဲပစ်လိုက်သည်။

အဆိုပါမြင်ကွင်းသည် အံ့ဖွယ်ကောင်းလောက်အောင် အသက်ဝင်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤပုံရိပ်များမှာ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရ၏ စစ်ပွဲ၌ အမှန်တကယ်ဖြစ်ပျက်ခဲ့သော ပုံရိပ်များဖြစ်၍ပင်။

“မင်း ဒီလိုစစ်မြေပြင်မျိုးကို ရောက်ခဲ့ဖူးလို့လား” မန်ဟိုက မေးသည်။ သူ၏ ဒုတိယကိုယ်အစစ်သည် မျက်လုံးများ တောက်ပသွားပြီး ရှေ့တစ်လှမ်းလှမ်းလိုက်၏။ သူ၏ရက်စက်ကြုမ်းကြုတ်သော စိတ်ဝိညာဉ်က စစ်မြေပြင်၏စွမ်းအင်နှင့် တစ်သားတည်းဖြစ်သွားပြီးနောက် ကျဆင်းလာနေသော လက်မည်းမည်းကြီးနှင့် ပိန်ချုံးချုံးအဘိုးကြီးအား ဆုံတွေ့ရန် လေပေါ် ထိုးတက်သွားသည်။

အုန်းခနဲ မြည်ဟည်းသွားပြီး လက်မည်းမည်းကြီးမှာ တစစီ ပြိုကွဲသွားသည်။ ပိန်ချုံးချုံးအဘိုးကြီးသည် သွေးအန်ပြီး လွင့်ထွက်သွား၏။ သူ့မှာ လေကို ဖြတ်သွားနေစဉ် သွေးသုံးလုပ် ထပ်အန်လိုက်ရလေသည်။ သူ၏ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားပြီး သက်စောင့်ကျောက်စိမ်းပြားမှာ ခွမ်းခနဲ ကြေမွသွားသည်။ ထိုကျောက်စိမ်းပြားသာမရှိလျှင် သူ သေချာပေါက် သေသွားခဲ့လေပြီ။

အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ကျီမျိုးနွယ်များမှာ မန်ဟို့ကို စိုက်ကြည့်ရင်း အံ့အားသင့်နေကြတော့သည်။ အပြင်ရှိကျင့်ကြံသူများလည်း ထိုနည်းတူပင်။

“အဲ့ဒါ ... မန်ဟိုဆိုတာပဲ”

“သူက တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းသဲကန္တာရစစ်ပွဲမှာ ထွန်းတောက်လာခဲ့တဲ့ ရွေးချယ်ခံတစ်ယောက်ပဲ။ တောင်ကောင်းကင်ဂြိုဟ်ရဲ့ သူ့မျိုးဆက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်....”

“စောစောက စစ်မြေပြင်က အဲဒီစစ်ပွဲက ပုံရိပ်တွေ ဖြစ်ရမယ်...”

ခပ်ဆတ်ဆတ် အသက်ရှူလိုက်သံနှင့်အတူ မန်ဟို၏ ခေါင်းခါနေသော ပုံရိပ်က လိုက်ပါလာသည်။ “အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး” သူက ပြောသည်။

ထို့နောက် သူသည် လက်ယပ်ခေါ်လိုက်သော အမူအရာလုပ်လိုက်ရာ ဒုတိယကိုယ်အစစ်က ပျောက်ကွယ်သွားပြီး သူ၏အရိပ်ပြန်ဖြစ်သွားသည်။ စောင့်ကြည့်နေသူတိုင်း၏ မျက်လုံးထဲတွင် မန်ဟိုက တစ်ဖန် တည်ငြိမ်အေးဆေးသွားလေသည်။

“တော်သင့်ပြီ ကောင်စုတ်ကလေး”

ပဲ့တင်ထပ်လာသော အသံနောက်တစ်သံမှာ ရှေးကျပြီး နက်နဲသည်။ ၎င်းသည် ကျီမျိုးနွယ်ဘိုးဘေးစံအိမ်အတွင်းပိုင်း ၊ လှပစွာ တန်ဆာဆင်ထား‌သော အဆောက်အဦများ ဝန်းရံလျက်ရှိသည့် နေရာတစ်နေရာမှ လာ၏။ ထိုနေရာသည် မည်သည့်ရှုထောင့်မှကြည့်ကြည့် သာမန်သာဖြစ်ပုံရသော သက်ကယ်အမိုးတစ်ထပ်အိမ်လေးတစ်လုံး ဖြစ်၏။ ရုတ်တရက် တစ်ထပ်အိမ်၏တံခါး ပွင့်လာပြီး ဆယ်ကျော်သက်လူငယ်တစ်ယောက် ထွက်လာသည်။

သူကား ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ဖြစ်ဟန်တူသော်လည်း တစ်ခေါင်းလုံး ဖြူဖွေးနေသည်။ သူ၏အမူအရာမှာ အသက်ကြီးကြီးအဘိုးကြီးတစ်ယောက်၏ အမူအရာဟန်ပန်မျိုးဖြစ်၏။ သိသိသာသာပင် သူသည် ခန္ဓာကိုယ်အိုမင်းရင့်ရော်ခြင်းမရှိအောင် ထိန်းသိမ်းပေးသော ကျင့်စဉ်တစ်မျိုးမျိုး ကျင့်ထားပေလိမ့်မည်။

သူ ထွက်လျှင်ချင်း သူ့အရှေ့ရှိ အရာအားလုံး တုန်ခါလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမဓမ္မဆင်းတုတစ်ခုက သူ့အနောက်တွင် ပေါ်လာသည်။

ဓမ္မဆင်းတုသည် လူပုံစံမဟုတ်ဘဲ အနီ၊ အပြာနှင့် အဝါရောင်များ ရစ်ခွေလိမ်ယှက်နေသော ဧရာမဘူးသီးခြောက်ကြီးတစ်လုံးဖြစ်သည်။ ၎င်းပေါ်လာသည်နှင့် အံ့ဖွယ်အလင်းရောင်က ခံတပ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ကျီမျိုးနွယ်ကျင့်ကြံသူများသည် ဘူသီးခြောက်ကို မြင်ပြီး ရှေးဆန်သောအသံကြီးကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စိတ်အားတက်ကြွသွားကြသည်။ အသက်အရွယ်မရွေးအကုန်လုံး ဘူးသီးခြောက်ဘက် လှည့်ကာ လက်ယှက်၍ ဦးညွှတ်လိုက်ကြသည်။

“ဂါဝရပြုပါတယ်၊ ခေါင်းဆောင်ကြီးကိုး”

“ခေါင်းဆောင်ကြီးကိုးပဲ၊ ဂါဝရပြုပါတယ် ခေါင်းဆောင်ကိုး”

တစ်ဆက်တည်းသလို ဆယ်ကျော်သက်ကောင်လေးက ရှေ့တစ်လှမ်းတည်း လှမ်းလိုက်သည်။ ကျီမျိုးနွယ်စုခံတပ်တစ်ခုလုံး ကျုံ့သွားသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း သူကား ကျီမျိုးနွယ်ကျင့်ကြံသူများ၏အရှေ့တည့်တည့်သို့ ရောက်သွားပြီဖြစ်၏။ သူ မန်ဟို့ကို အေးစက်စက် စိုက်ကြည့်နေစဉ် သူ့လက်နှစ်ဖက်က ကျောနောက်ပစ်ထားပြီး သူ၏အဖြူရောင်ဆံပင်များက လွင့်မျောလျက်ရှိလေသည်။

***

All Chapters