ငါတို့ အကြွေးပြန်ဆပ်မယ်
Vol. 58 Ch. 805
အတုအယောင်အင်မော်တယ်
ဤသည်မှာ အတုအယောင်အင်မော်တယ်တစ်ဦးပင်။
လူငယ်က မော်မော်ကြွားကြွား အေးတိအေးစက် ထွက်လာခဲ့ပြီး ကျန်ကျီမျိုးနွယ်ဝင်များ၏အရှေ့၌ ရပ်လိုက်စဉ် သူ၏မျက်လုံးများက မန်ဟို့အပေါ် ကျရောက်လာသည်။
“သွားစမ်း” သူက ပြောသည်။ သူသည် မန်ဟို့တွင် အင်အားကြီးသောနောက်ခံရှိကြောင်း ကောင်းကောင်း သိထား၍ ရန်မစချင်ခဲ့ပေ။ သို့သော် ဘိုးဘေးစံအိမ်မှာ သူ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်အောက်တွင် ဖြစ်သည်။ ဖန်ရှုံ့ဖုန်း ရောက်လာခဲ့လျှင်တော့ သူ့အနေဖြင့် ဘာမှလုပ်မည်မဟုတ်ပေ။ သို့သော် ဂျူနီယာမျိုးဆက်တစ်ယောက် ယခုလို ပြုမူရဲခြင်းက သူ့ကို အမျက်တစ်ချောင်းချောင်း ထွက်စေသည်။
သူ၏ ပေါ်ပေါက်လာမှုက ကျီမျိုးနွယ်များကို ချက်ချင်း စိတ်လှုပ်ရှားလာစေသည်။ ကျီရွှယ့်လင်မှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ခေါင်းဆောင်ကြီးကိုးကို စိတ်လှုပ်ရှားစွာ ကြည့်၏။ ထို့နောက် လက်စားချေရန် မျှော်လင့်ချက်ဖြင့် မန်ဟို့ကို ပြန်ကြည့်သည်။
“မင်းတော့ ဒီတစ်ကြိမ်တော့ သေချာပေါက် သမခံရတော့မယ်” သူက တွေးသည်။
မန်ဟိုက လည်ချောင်းရှင်းပြီး လေလယ်တွင် ပျံဝဲနေသော ဘူးသီးခြောက်ဆင်းတုကြီးကို မော့ကြည့်လိုက်သည်။
“ဓမ္မဆင်းတုပေါ့လေ ဟမ်....” မန်ဟိုက ပြုံးသည်။ “ကဲ ငါ့မှာလည်း တစ်ခုရှိတယ်” သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ရှေ့တစ်လှမ်းတက်လိုက်၏။ မန်ဟိုမှာ ဤအခိုက်အတန့်အထိ စွမ်းအားအပြည့်အဝ မထုတ်ဖော်ခဲ့ပေ။ ယခုတွင် သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ရာ အင်မော်တယ်ချီထွက်လာသည်။ ၎င်း ထွက်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး လှုပ်ရမ်းတုန်ရီလာပြီး မိုးကောင်းကင်ကိုပင် ထမ်းထားနိုင်ပုံရသော ဧရာမဓမ္မဆင်းတုကြီးတစ်ခုပေါ်လာ၏။
ဤဓမ္မဆင်းတု၏ခွန်အားကား မယုံနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းလေသည်။ ၎င်းသည် မန်ဟိုနှင့် ချွတ်စွတ်တူသော မျက်နှာဖြင့် ကမ္ဘာဦးဘီလူးကြီးတစ်ကောင်အလားပင်။
ဓမ္မဆင်းတု ပေါ်လာသည့်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါဟည်းလာ၏။ သဘာဝနိယာမလည်း အရာအားလုံးအပေါ် သက်ရောက်နေသော ဖိအားကြီးနှင့်အတူ ဖြာကာထွက်လာသည်။ ဘူးသီးခြောက်မှာ တုန်ရီစပြုလာပြီး အစွမ်းအကုန်ထုတ်ရင်း မန်ဟို့ဓမ္မဆင်းတုကို တန်ပြန်တိုက်ခိုက်ဖို့ ရုန်းကန်နေသယောင်ပင်။
ကောင်းကင်ကြီးသည် တစစီ စုတ်ပြဲသွားဝောာ့မတတ် ဖြစ်လာပြီး နားကွဲလုမတတ် ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွား၏။ မယုံကြည်နိုင်ဖွယ်ဖိအားကြီးသည် ကောင်းကင်နှင့်မြေကြီးအား တခြားစီဖြစ်အောင် စုတ်ဖြဲပစ်နိုင်ပုံရပြီး မြေပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့မည့်ပုံပေါ်လာသည်။
ချက်ချင်းဆိုသလို မန်ဟိုနှင့် ဆယ်ကျော်သက်လူငယ်ကား ထိပ်တိုက်တွေ့နေလေပြီ။
ကျီမျိုးနွယ်များမှာ အသက်ပြင်းပြင်းရှူလျက် ကြောင်ကြောင်တောင်တောင် ကြည့်နေကြသည်။ သူတို့မှာ ဦးရေပြားတို့ ထုံကျင်နေပြီး မူးချာလည်နေချေပြီ။ မန်ဟိုက အစွမ်းထက်ကြောင်း သူတို့သိသော်လည်း .... ဤမျှအစွမ်းထက်လိမ့်မည်ဟု မည်သို့ထင်ထားခဲ့မည်နည်း။
သူကား တစ်ချက်လေးပင် မလှုပ်ဘဲ ခေါင်းဆောင်ကြီးကိုးကို တိုက်ခိုက်နိုင်သည်။ ထို့အပြင် ခေါင်းဆောင်ကြီးကိုးသည် .... အင်မော်တယ်တစ်ဦး။
ဆယ်ကျော်သက်လူငယ်၏မျက်နှာ မည်းသွားပြီး မန်ဟို့ကို ကြည့်နေသော သူ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်စ ပေါ်ပေါက်လာသည်။ စိတ်ထဲတွင် သူသည် သက်ပြင်းရှည်ကြီးချလိုက်၏။ မန်ဟိုက ထူးခြားကြောင်း သူ သတိထားခဲ့ပြီးဖြစ်သော်လည်း ကိုယ်တိုင်ရင်ဆိုင်ပြီးနောက်မှ .... သူ့ကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။
“ဒီတော့ သူက ... တကယ်ပဲ အစစ်အမှန်အင်မော်တယ်အဆင့်ကို တစ်ပိုင်းဝင်ရောက်နေပြီကိုး”
ယခုတွင် အနီးရှိ ကျင့်ကြံသူများသည် မန်ဟို ကျီမျိုးနွယ်စုခံတပ်ထဲ ဝင်ရောက်သွားခဲ့ဆိုပြီဆိုသော သတင်းအား ဖြန့်ခဲ့ပြီးလေသည်။ သတင်းသည် ကျန်ဂိုဏ်းများသို့ ရောက်ရှိသွားပြီး မကြာခင် အရှေ့ဘက်နယ်မြေရှိ အစွမ်းထက်ပညာရှင်အကုန်လုံး သိရှိသွားကြ၏။ နတ်ဘုရားအာရုံစီးကြောင်းများ ထွက်လာပြီး မန်ဟို အတုအယောင်အင်မော်တယ်တစ်ဦးနှင့် သတ်ပုတ်နိုင်သည်ကို မြင်လျှင် အရှေ့ဘက်နယ်မြေအနှံ့အပြားရှိ ဂိုဏ်းအသီးသီးထံမှ ပင့်သက်ရှိုက်သံများ ကြားရနိုင်လေသည်။
“ဒီမန်ဟိုက မယုံနိုင်အောင်ပဲ”
“သူ့အဖေ ထူးချွန်ပြောက်မြောက်သလို... သူလည်း အတူတူပဲ”
“ဖန်မျိုးနွယ်စု....”
မရေမတွက်နိုင်သောမျက်လုံးများက ယခုတွင် ကျီမျိုးနွယ်စုနှင့် မန်ဟို့အပေါ်၌ စူးစိုက်နေကြလေပြီ။ မန်ဟို၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေ၏။ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံအဆင့်သို့ တက်ရောက်ခဲ့ပြီးကတည်းက သူ့အနေဖြင့် အတုအယောင်အင်မော်တယ်တစ်ဦးဖြင့် မတိုက်ခိုက်ခဲ့ဖူးသေးပေ။ ထိုကဲ့သို့တိုက်ပွဲတစ်ပွဲက မည်သို့မည်ဖုံဖြစ်လိမ့်မည်လဲ သူ အမှန်တကယ် သိချင်သည်။
သူသည် ဆယ်ကျော်သက်ကောင်လေးကို လက်ညှိုးလိုက်ပြီး သူ၏တိုက်ခိုက်လိုစိတ်မှာ ပေါ်လွင်နေသည်။
“မင်းအကွက် ထုတ်ပြ” သူက ပြောသည်။
ကျီမျိုးနွယ်ကျင့်ကြံသူများမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေကြရပြီး အထူးသဖြင့် ရွေးချယ်ခံအဆင့်အတန်းအား ကြွားလုံးထုတ်တတ်သူများပင်။ သူတို့၏မျက်နှာများသည် ဖြူဖျော့နေပြီး မန်ဟိုနှင့် သူတို့မှာ ယခုတွင် မိုးနှင့်မြေပမာ ကွာခြားသွားပြီဖြစ်ကြောင်း ဝန်ခံရပေမည်။ အလွယ်တကူ စေ့၍မရနိုင်သော ကွာခြားမှုမျိုးဖြစ်သည်။
“သူက ... ငါတို့ထက် အများကြီး အစွမ်းထက်တယ်”
“ငါတို့က သူနဲ့ မျိုးဆက်တူတူပဲလို့ ပြောဖို့တောင် ရယ်စရာကောင်းနေပြီ... သူက ငါတို့ရဲ့ခေါင်းဆောင်ကြီးနဲ့ တိုက်ခိုက်နိုင်တယ်တဲ့လေ”
“သူရဲ့ပြိုင်ဘက်... ဖြစ်ဖို့တောင် အရည်အချင်းမရှိဘူး ငါတို့တွေ....” ဤအချက်က ရွေးချယ်ခံများအတွက် ထိုးနှက်မှုကြီးတစ်ခု ဖြစ်သည်။ အစောတုန်း သူတို့သည် မန်ဟို၏ခွန်အားအကြောင်း ကြားခဲ့ကြသော်လည်း မျက်စိဖြင့် တပ်အပ်မြင်တွေ့ရခြင်းက သူတို့၏လိပ်ပြာကိုပင် တုန်ရီသွားစေ၏။
ခေါင်းဆောင်ကြီးကိုးသည် ကြောက်စရာကောင်းနေသော မန်ဟို့ကို မျက်နှာချင်းဆိုင်နေစဉ် ဆုပ်လည်းစူး၊ စားလည်း ရူးဖြစ်နေပြီဟု သဘောပေါက်လိုက်၏။ ဆိုရိုးတစ်ခုအတိုင်းပင်၊ ကျားတစ်ကောင်ကို တက်ခွပြီးလျှင် ပြန်ဆင်းရခက်ချေပြီ။ သူ ချီတုံချတုံ ဖြစ်နေသည့်အချိန် ရှေးဆန်သောအသံတစ်သံက ကျီမျိုးနွယ်စုတစ်စုလုံးတွင် ဟိန်းထွက်သွားသည်။
“ကျီမျိုးနွယ်စုက ကံကြွေးကို ကျင့်ကြံတယ်။ ဝိညာဉ်ကျောက်တုံးတွေက ရုပ်ဝတ္ထုပစ္စည်းတွေဖြစ်ပြီး ကံကြွေးမျိုးစေ့လို့ သတ်မှတ်နိုင်တယ်။ ကျီမျိုးနွယ်စုအနေနဲ့ အဲဒီလိုကံကြွေးအတင်ခံလို့မရဘူး ။ ဒီပုဂ္ဂိုလ်ကို ဝိညာဉ်ကျောက်တုံးအကြွေးတင်နေတဲ့ ဘယ်သူမဆို ပြန်ပေးကိုပေးရမယ်
“အကုန်လုံး အကြွေးပြန်ဆပ်ကြ။ ကျီမျိုးနွယ်စုရဲ့ ကျင့်စဉ်ဟာ သူများနဲ့ မတူဘူး။ ကံကြွေးကို ကျင့်ကြံဖို့ ကံကြွေးကို လေးစားကိုးကွယ်ရတယ်။ ကံကြွေးကို ဖျက်စီးနိုင်တဲ့ အစွမ်းအစမရှိရင် အရှုံးပေးရမယ်
“ပေးလိုက်ကြ။ ဒီကို သူ ကိုယ်တိုင်လာပြီး ဝိညာဉ်ကျောက်တုံး ပြန်တောင်းနေတာ သူနဲ့ပတ်သက်နေတဲ့ ကံကြွေးကို ဖျက်စီးဖို့ အကူအညီပေးနေတာပဲ။ မင်းတို့ နားမလည်သေးဘူးလား။ ကံကြွေးကို ဖျက်စီးလိုက်တာနဲ့ မင်းတို့ကျင့်ကြံခြင်းက သေချာပေါက် တိုးတက်လာလိမ့်မယ်”
ဤစကားနှစ်ခွန်းသုံးခွန်း လေတွင် ပဲ့တင်ထပ်လျက် ကျန်ခဲ့စဉ် အသံက ပျောက်ကွယ်သွားသည်။ အသံပိုင်ရှင်မှာ ဤနေရာ အရှေ့ဘက်နယ်မြေရှိ ကျီမျိုးနွယ်စု၏ အစစ်အမှန်ခေါင်းဆောင်ကြီးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ခေါင်းဆောင်ကြီးကိုး၏ခန္ဓာကိုယ်မှာ တုံ့ခနဲ ရပ်သွားသည်။ သူ၏စွမ်းအင်သည် ဓမ္မဆင်းတုနှင့် ချက်ချင်း ပျောက်ကွယ်သွားပြီး သူက မန်ဟို့ကို လက်ယှက်အရိုအသေပေးလိုက်သည်။
“ဒီကျီမျိုးနွယ်ကလေးတွေ ကံကြွေးဖျက်စီးနိုင်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မိတ်ဆွေလေး။ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရစရာရှိတာလဲ ပြောပါ။ ကျုပ် ပေးပါ့မယ်
အတော်များများမှာ ဉာဏ်အလင်းရသွားပုံပေါ်ပြီး ကျီမျိုးနွယ်ဝင်များတင် မဟုတ်ပေ။ မန်ဟို့အပေါ် ဝိညာဉ်ကျောက်တုံးအကြွေးတင်နေသော ရွေးချယ်ခံလက်တစ်ဆုပ်မှာ ခန္ဓာကိုယ်များ တုန်ရီလာပြီး စူးရှသော တာအိုအလင်းရောင်က သူတိုထံမှ ဖြာထွက်လာသည်။ မဟာတာအိုတစ်ပါး၏တေးသွားက သူတို့ကို ဝန်းရံလှည့်ပတ်နေရင်း ဤအခိုက်အတန့်တွင် သူတို့၏တာအိုနှလုံးသားမှာ အသာအယာ တွန်းပို့ခံလိုက်ရသယောင်ပင် ။
မန်ဟိုမှာ ဤသို့ကောက်ကာငင်ကာ ပြောင်းပြန်လန်သွားမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ အထူးသဖြင့် ကျီရွှယ့်လင်ထံမှ ဖြာထွက်နေသော တာအိုအလင်း ပိုတောက်ပလာသည့်အခါတွင်။ ၎င်းကို ကြည့်ရသရွေ့ သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်တက်နေပုံရလေရာ မန်ဟို့အား အသက်ပြင်းပြင်း ရှူသွင်းလိုက်မိစေ၏။
“ကျီမျိုးနွယ်စုရဲ့ ကျင့်စဉ်က ဒီလောက် လက်ဖျားခါလောက်စရာဖြစ်လိမ့်မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး” သူက တွေးသည်။ “ကံကြွေးကို ကျင့်ကြံ၊ ကံကြွေးကို လေးစား၊ ကံကြွေးကို ဖျက်စီး ....”
သူ မျက်လုံးအပြူးသားနှင့်ကြည့်နေစဉ် ကျီရွှယ့်လင်က ရုတ်တရက် လက်ယှက်ပြီး သူ့ကို အရိုအသေပေးသည်။
“အစ်ကိုကြီးမန် ၊ အဲဒီနှစ်က ကံကြွေးကို ဖျက်စီးနိုင်အောင် ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”
မန်ဟို့အပေါ် ဝိညာဉ်ကျောက်တုံးအကြွေးတင်နေသော ရွေးချယ်ခံများလည်း ချက်ချင်း လက်ယှက်ပြီး ကျေးဇူးတင်စကားဆိုကာ အရိုအသေပေးကြသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးမန်”
“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးမန်ဟို”
မန်ဟို့မှာ မသိလိုက်ဘဲ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူသည် တကယ်တမ်း စိတ်တိုနေ၏။ အကြွေးတောင်းဖို့လေးအတွက် ရောက်လာခဲ့သည်ကို ဘယ်လိုလုပ်ပြီး သူတို့ကို ကူညီမိသွားလေသနည်း။
“စောစောက စကားပြောသွားတဲ့ ဘဲအိုကြီးက ဘယ်သူပါလိမ့် သူက တွေးသည်။ “အစွမ်းထက်ချက်ပဲ။ စကားတစ်ခွန်းနှစ်ခွန်းနဲ့ ရန်ပြေငြိမ်းစေခဲ့ရုံတင်မကဘူး၊ မျိုးနွယ်ဝင်တွေကို ကံကြမ္မာကောင်းချီးမြှင့်ပေးခဲ့တဲ့အပြင် သူတို့ကံကြွေးဖျက်စီးခြင်းနဲ့ ပတ်သက်ပြီး နားလည်စေဖို့ ငါ့ကို ဓားသွေးကျောက်လို သုံးသွားတယ်
“လခွမ်း” မန်ဟို ထွက်သွားရန် ပြင်လိုက်သည့်အချိန် ခေါင်းဆောင်ကြီးကိုးက ပြုံးရင်း ကရောသောပါး ရှေ့တက်လာသည်။
“မိတ်ဆွေလေး ဘာလုပ်နေတာလဲ” သူက မေးသည်။ “သူတို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်အကြွေးတင်နေတာလဲ။ ပြောပါ ကျုပ် ပြန်ဆပ်ပေးမယ်”
“အာ မလိုဘူး ရတယ်” မန်ဟိုက ကပျာကယာပြောသည်။ “အကုန်လုံးက တကယ်တော့ မိတ်ဆွေကောင်းတွေပါ။ ကျုပ် နောက်နေတာ။ အကြွေးက ဒီတိုင်းထားလိုက်ပါတော့ ဟုတ်ပြီလား။ ကဲ... ပြန်ဦးမှဖြစ်မယ်” ဤအခိုက်အတန့်တွင် သူကား ပင်မဂိတ်တံခါးဆီသို့ ပြန်ရောက်နေလေပြီ။
“ဟာ ဘယ်ဖြစ်မလဲ” ကောင်လေးပုံစံနှင့် ခေါင်းဆောင်ကြီးကိုးက ပြောသည်။ “ဘာမှထပ်မပြောနဲ့တော့ မိတ်ဆွေလေး။ မိတ်ဆွေလေးက သဘောထားကြီးလွန်းနေပြီ” သူက ရွေးချယ်ခံများဘက် လှည့်လိုက်သည်။ “အကုန်လုံး ပြောကြ၊ ဘယ်လောက်အကြွေးတင်နေတာလဲ။ ပြီးတော့ ရှောင်ရှောင်နဲ့ ကျန်တဲ့နှစ်ယောက် ဘယ်လောက်တင်နေတာလဲကိုလည်း ပြော” ခေါင်းဆောင်ကြီးကိုးလည်း ယခုတွင် ဉာဏ်အလင်းပွင့်သွားခဲ့၏။ ကံကြွေးညစ်ညမ်းမှုကို ဖျက်စီးဖို့က ဤရွေးချယ်ခံများအတွက် အလွန်အရေးပါကြောင်း သူ သိလေသည်။
ကျီရွှယ့်လင်နှင့် အခြားသူများအတွက် ကံကြမ္မာကောင်း ရောက်ရှိလာခဲ့သည်မှာ သိသာထင်ရှား၏။ ထိုကဲ့သို့ မဟာအမှန်တရားတစ်ရပ်ကို ဉာဏ်အလင်းပွင့်သွားခဲ့၍ သူတို့က မဆိုင်းမတွ တုံ့ပြန်ကြလေသည်။
“၇၆ သိန်း ၅ သောင်း”
“၉၁ သိန်း ၈ သောင်း”
“သိန်း ၁၄၀”
“၈၃ သိန်း ၃ သောင်း”
“ရှောင်ရှောင်နဲ့ ကျန်တဲ့နှစ်ယောက်ကိုကတော့ ပေါင်းလိုက်ရင် သိန်း ၃၀၀ ထက် မကျော်လောက်ဘူး”
လူငယ်ပုံစံနှင့် ခေါင်းဆောင်ကြီးကိုးမှာ ဝိညာဉ်ကျောက်တုံး မည်မျှပေးရမည်လဲ ကြားသော် အံ့အားသင့်သွားပြီး မန်ဟို့ကို လေးလေးနက်နက် ကြည့်သည်။
“မိတ်ဆွေလေးက သိပ်ကို သဘောထားကြီးတာပဲ၊ နောက်ကျ ချမ်းသာလာမှာ သေချာတယ်”
“ခင်ဗျားလည်း တကယ် ကြင်နာတတ်ပါပေတယ်” မန်ဟိုက လည်ချောင်းရှင်း၍ နောက်ဆုတ်ရင်း ပြောသည်။ “ကျီရှောင်ရှောင်နဲ့ ကျန်တဲ့နှစ်ယောက် ဒီမှာမရှိဘူးဆိုတော့ ပေးစရာရှိတာကို ကိုယ်တိုင် ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ အကြွေးဆပ်တယ်မခေါ်ဘူးပေါ့ဗျာ” မန်ဟို့စဉ်းစားရသရွေ့ ကျီမျိုးနွယ်စုမှ ဤလူများသည် ဂေါက်ကြောင်များဖြစ်၏။ မည်သူက သည်လောက်ဝိညာဉ်ကျောက်တုံးအများကြီး ပြန်ဆပ်မည်နည်း။ သူသာဆိုလျှင် အသက်ထွက်သည်အထိ အရိုက်ခံရလျှင်တောင်မှ ပြန်ဆပ်မည်မဟုတ်ပေ။
“တကယ်ပါ” သူက ပြောသည်။ “လောစရာမလိုပါဘူး။ ဒီလိုဆို ဘယ်လိုလဲ ... အကုန်လုံး ကိုယ်လုပ်စရာရှိတာ ပြန်လုပ်ကြတော့လေ။ ကျုပ်အဖေ အိမ်အလုပ်ကူလုပ်ခိုင်းတာရှိလို့ ပြန်တော့မယ်နော်...” ဤအခိုက်အတန့်တွင် သူကား ပင်မဂိတ်တံခါး၏အပြင်သို့ ရောက်နေချေပြီ။ သို့သော် သူ ထွက်သွားတော့မည့်အချိန်မှာပဲ သိုလှောင်အိတ်တစ်လုံးက ပျံထွက်လာပြီး သူ့အပေါ် ရောက်လာ၏
“အိတ်ထဲမှာ ဒီကလူတွေ ပေးစရာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ ပါတယ်။ အခု သူတို့ရဲ့ကံကြွေးက မင်းနဲ့ မပတ်သက်တော့ဘူး”
ကျီမျိုးနွယ်စု၏ ပင်မဂိတ်တံခါးသည် ဂျိန်းခနဲ ပိတ်သွားလေပြီ။
မန်ဟိုက ခါးခါးသီးသီး ရယ်လိုက်သည်။ သူ့သိုလှောင်အိတ်ထဲရှိ စာချုပ်များသည် ချက်ချင်း ပြာကျသွား၏။ ကံကောင်းထောက်မစွာနှင့် .... ကျီရှောင်ရှောင်နှင့် ကျန်နှစ်ယောက် ကျန်သေးလေသည်။ သူတို့မှာ ဤနေရာတွင် မရှိသည့်အတွက် ကံကြွေးကို ချေနိုင်မည်မဟုတ်ချေ။
မန်ဟိုမှာ အကြွေးပြန်ရသွားသော်လည်း စိတ်ညစ်နေသည်။ မှန်ပါသည်၊ သူ မသိသည့်အရာမှာ ဤအကြွေးတောင်းသောကိစ္စက အရှေ့ဘက်နယ်မြေတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်ကိုပင်။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အကြည့်များက သူရှိရာသို့ ရှုစားနေကြသည်။
သူသည် ကျီမျိုးနွယ်စု၏ ပင်မဂိတ်တံခါးကို ကြည့်ပြီး သူ့သိုလှောင်အိတ်ထဲရှိ သံကွင်းများကို ပြန်တွေးမိလိုက်သည်။ သူ့မှာ တခဏ ချီတုံချတုံသွားသည်။
“သောက်ကျိုးနည်း။ ဘယ်သူက သူပြောသွားတဲ့ ကံကြွေးအကြောင်း ဂရုစိုက်မှာလဲ။ သံကွင်းကို ယူထားမယ်” သူသည် ချာခနဲ လှည့်၍ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လက်ယှက်အရိုအသေပေးပြီးနောက် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွား၏။
သူက အလွန်လျင်မြန်စွာ ရွေ့လျားသွားသဖြင့် မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။ သူသည် ခပ်ဝေးဝေးရှိ အရှေ့ဘက်နယ်မြေအထက် ကောင်းကင်တစ်နေရာတွင် ပြန်ပေါ်လာ၏။ ဘယ်သူမှ သူ့ကို ကြည့်မနေကြောင်း နတ်ဘုရားအာရုံဖြန့်ကြက်လျက် စစ်ဆေးပြီးနောက် သူ၏အမူအရာ မည်းမှောင်သွားသည်။
အတန်ကြာသော် သူ၏မျက်လုံးများ တောက်ပလာသည်။
“နောင်ကျရင် စာချုပ်များများ ရေးခိုင်းမှ။ ကိုယ်တိုင်စာချုပ်ရေးခိုင်းတာက ... ကံကြွေး....
“စိတ်ဝင်စားစရာပဲ။ ဒီစာချုပ်တွေက နောင်တစ်ချိန်ချိန် အသုံးဝင်မယ်ထင်တယ်” မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားအား တာအိုဆရာများဝတ်ပြုကျောင်းသို့ လမ်းညွှန်စေတော့မည့်အချိန် ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။
“ငါ မှတ်မိတာ မှန်ရင် .. ငါလည်း တချို့လူတွေအပေါ် အကြွေးတင်နေသေးတယ်... ဘဏ္ဍာစိုးကျိုးကို ငွေစသုံးစပေးရဦးမှာ ...” သူသည် ဤကိစ္စကို တွေးမိလျှင် တစ်စုံတစ်ခုက မဟုတ်သေးသယောင်ပင်။
“ဒါပေမဲ့ ငါ အရင်က သွားရှာခဲ့တုန်းက ဘဏ္ဍာစိုးကျိုးက သေသွားပြီ။ သူ့မျိုးဆက်တွေကို ရှာသင့်လား။ အာ ... ကျိုးပြည်က ခွေးသူတောင်းစားကြီး မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျောပေါ်မှာလေ။ ပြီးတော့ သူက တောင်ကောင်းကင်ကနေ ထွက်သွားပြီ။ ငါ ဘယ်လိုလုပ် ကံကြွေးကို ချေရတော့မလဲ” တခဏကြာသော် သူက ခါးခါးသီးသီး ပြုံးလိုက်သည်။
သူသည် ခေါင်းတခါခါနှင့် သက်ပြင်းချပြီးနောက် နတ်ဘုရားအာရုံတချို့အား အင်မော်တယ်ရှေးဟောင်းတာအိုဆရာများကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်၏။ ၎င်း၏လမ်းညွှန်မှုအတိုင်း သူကား အဝေးသို့ ထွက်သွားတော့သည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် အရှေ့ဘက်နယ်မြေ၏ အတွင်းပိုင်းရှိ အဆုံးမဲ့တောင်တန်းတစ်တန်း၏ အစွန်နားတွင် ပေါ်လာသည်။ ထို့နောက် သူသည် တောင်တန်းများထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ သူ တရိပ်ရိပ် ပျံသန်းလာနေစဉ် သက်ရှိဟူ၍ အရိပ်အယောင်ပင် မတွေ့ရပေ။ သူသည် ကြောက်မက်ဖွယ်နေရာများစွာ ဖြတ်လာခဲ့ပြီး အန္တရာယ်အတော်များများ ကြုံတွေ့ခဲ့၏။
တောင်များ၏ အတွင်းပိုင်းထဲ ရောက်လာသည်နှင့်အမျှ လေထုသည် တားမြစ်ခံလာရပြီး အနက်ရောင်မြူပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလာသည်။ မန်ဟို့တွင် အံ့ဖွယ်အပြင်အားကိုယ်ရှိသည့်တိုင် ထိုအနက်ရောင်မြူများကြောင့် ဒဏ်ရာမရဘဲ မနေပေ။ အကြိမ်အရေအတွက်များလာသောအခါ မန်ဟို နိုးနိုးကြားကြား ဖြစ်လာ၏။
“တားမြစ်မန္တန်တွေနဲ့လည်း မတူဘူး” သူက တွေးကြည့်သည်။ “တစ်ယောက်ယောက် ဒီနေရာမှာ တစ်ခုခု မြှုပ်ထားတာများ ဖြစ်နိုင်မလား။ ဘာပဲဖြစ်ဖြစ် အန္တရာယ်များလွန်းတယ်” ဂရုတစိုက် လေ့လာပြီးနောက် မန်ဟိုသည် နင်းမိလျှင် ပေါက်ကွဲတတ်သည့် ပစ္စည်းများအား မြှုပ်ထားကြောင်း သေချာသွား၏ ။
ပေါက်ကွဲမှုအတွင်း ဝင်မိသွားလျှင် ကျင့်ကြံခြင်းအခြေခံအဆင့် ကျဆင်းစေမည့် သဘာဝအတိုင်းဖြစ်နေသော တားမြစ်မန္တန်များလည်း ရှိသည်။
ကံကောင်းထောက်မစွာနှင့် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားက မန္တန်ဝင်္ကပါများ နှင့် မြေကြီးအောက် မြှုပ်ခံထားရသော အရာဝတ္ထုများကို ရှောင်တိမ်းရာတွင် လွန်စွာ ထိရောက်ပေသည်။ တံဆိပ်ပြား၏လမ်းညွှန်မှုအတိုင်း သူသည် မတော်တဆမဖြစ်ဘဲ ရက်အနည်းငယ်ကြာ ရှေ့ဆက်လာနိုင်ခဲ့၏။ နောက်ဆုံးတော့ တောင်ကို ဖြတ်ဖောက်ထားသော လမ်းကျဉ်းလေးတစ်လမ်းကို မြင်လိုက်ရသည်။ ကျဉ်းလွန်း၍ ခေါင်းအထက်ရှိ ကောင်းကင်ကို တစ်စနှစ်စသာ မြင်ရတော့သည်အထိ ဖြစ်သည်။ ဤလမ်းမှာလည်း ပေါက်ကွဲတတ်သောပစ္စည်းများ မြုပ်နေ၏။ ကံကောင်းစွာနှင့် တံဆိပ်ပြားအကူအညီနှင့် သတိဝီရိယတို့နှင့်အတူ သူ့မှာ ဘေးမသီရန်မခ ဆက်သွားနိုင်လေသည်။ ပေါက်ကွဲမှုသုံးကြိမ် ဖြစ်သွားခဲ့သော်လည်း အဆုံးသတ်တွင် ... သူသည် ယိုယွင်းနေသော ဝတ်ပြုကျောင်းပျက်တစ်ခုအရှေ့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
***