← Chapters

နဝမတောင်နှင့်ပင်လယ်ကို ‌ပွက်လောရိုက်သွားစေသော လေမုန်တိုင်း

Vol. 58 Ch. 806

နဝမတောင်နှင့်ပင်လယ်ကို ‌ပွက်လောရိုက်သွားစေသော လေမုန်တိုင်း

Vol. 58 Ch. 806

ပြီးခဲ့သော ရက်နှစ်ဆယ်တုန်းက မန်ဟို၏အဖေသည် ဓားကို လွှဲရမ်း၍ ဓားချီအား အရှေ့ဘက်နယ်မြေအပေါ်သို့ သက်ဆင်းလာစေခဲ့သည်။ ၎င်းက တောင်တန်းတစ်တန်းကို ထိုးဖောက်၍ ပျက်စီးစုတ်ပြတ်နေသော ကျောင်းပျက်တစ်ခုဆီ ရောက်သွားခဲ့ရာ တာအိုဆရာများဝတ်ပြုဘုရားကျောင်းတစ်ကျောင်း၏ပုံရိပ်ယောင်များ ပေါ်လာခဲ့၏။ တစ်ကျောင်းလုံးကို မန်ဟို့အဖေက အချုပ်အနှောင်ဖွင့်ပေးခဲ့လေသည်။

ထိုကဲ့သို့အရာတစ်ခု ဖြစ်ပျက်သောအခါ ၎င်းမှာ အစသာ ရှိသေးသည်။ ဖြာထွက်သွားသည့် မမြင်ရသောလှိုင်းများမှာ ဖုံးကွယ်ဖို့ရန် အလွန်ခက်ခဲပြီး တောင်ကောင်းကင်ဂြိုဟ်မှ ကြယ်တာရာကောင်းကင်အထိ ထွက်လာခဲ့ရာ အစွမ်းထက်ပုဂ္ဂိုလ်များစွာ ၎င်းတို့ကို အာရုံရသွားကြ၏။

အရှေ့အောင်ပွဲဂြိုဟ်တွင် ဂြိုဟ်၏တစ်ဝက်လုံးမှာ ဖန်မျိုးနွယ်စုအပိုင်ဖြစ်သည်။ ဖန်မျိုးနွယ်စုသာ ဆန္ဒရှိလျှင် တစ်ဂြိုဟ်လုံးကို အလွယ်တကူ အုပ်ချုပ်နိုင်ပေသည်။

မမြင်ရသောလှိုင်းများ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းမှ ဖြာထွက်လာသောအခါ ရှေးဆန်ဆန်အသံတစ်သံသည် အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ရှေးဘုရားကျောင်းတစ်ကျောင်းထဲမှ ပျံ့လွင့်လာ၏။

“ဒီတော့ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းနောက်တစ်ကျောင်း ပွင့်လာခဲ့ပြီ... တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ ... ကံကြမ္မာကောင်းသိမ်းပိုက်ဖို့ မျိုးနွယ်စုရဲ့ ရွေးချယ်ခံတွေကို လွှတ်လိုက်ချည်... ဖန်ရှန်ရှန်း ၊ ဖန်ယွမ်ရီ၊ ဖန်တုံးဟန်။ မင်းတို့ သုံးယောက် အဲဒီမှာ မင်းတို့ရဲ့‌‌ ရေစက်ပါပြီးသား ကံကြမ္မာကောင်းကို သွားရှာကြလော့။ မင်းတို့ရဲ့ မျိုးနွယ်စုဦးလေးဖန်ရှုံ့ဖုန်းလည်း တောင်ကောင်းကင်မှာဆိုတော့ မင်းတို့ကို အကူအညီပေးကောင်းပေးလိမ့်မယ်

“ကျန်တဲ့ဂိုဏ်းသားတွေကတော့ မင်းတို့မှာ ရေစက်မပါကောင်းမပါလောက်ပေမယ့် သွားချင်ရင် ... သွားလို့ရတယ်” အသံသည် တစ်ဂြိုဟ်လုံးတွင် ပဲ့တင်ထပ်သွားပြီး တုံ့ပြန်သည့်အနေဖြင့် အထူးနေရာသုံးနေရာမှ အံ့မခန်းစွမ်းအင်များ ထွက်ပေါ်လာ၏။ သုံးနေရာအနက် တစ်နေရာမှာ မျက်နှာပြင်ထက်တွင် အဖော်မဲ့လှေတစ်စင်း ရှိသော ကန်တစ်ကန်ဖြစ်သည်။ လှေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်ကား နတ်သက်ကြွေလာသည့်နှယ် တင့်တယ်၊လှရက်လွန်းသော အဖြူရောင်အဝတ်အစားများနှင့် အမျိုးသမီးတစ်ဦး။ သူမ၏ ရှည်လျားစိုလဲ့နေသော ဆံနွယ်များက ခြံထည်ပမာ သူမ‌ကျောနောက်တွင် ဖြာဆင်းနေသည်။ သူမမှာ လွန်စွာနူးညံ့ပျော့ပျောင်းသောအသွင် ရှိလေသည်။ သူမ၏ဘေးတစ်ဖက်တစ်ချက်စီတွင် သူမကို တစ်ချိန်လုံး စောင့်ရှောက်ပေးနေခဲ့သော ဝိုးတိုးဝါးစားပုံရိပ်နှစ်ခုရှိ၏။

အမျိုးသမီး၏မျက်တောင်များ တဖျတ်ဖျတ် လှုပ်လာကာ သူမ၏မျက်လုံးလေးများ ပွင့်လာသည်။

“ဒါက ခေါင်းဆောင်ကြီးရဲ့ အမိန့်ဆိုရင် ...ရှန်းအာ ကျိန်းသေ သွားပါ့မယ်”

နောက်တစ်နေရာတွင် ကောင်းကင်ကိုပင် စုတ်ဖြဲပစ်နိုင်လောက်အောင် ထိတ်လန့်စရာကောင်းသည့် သားရဲဟိန်းသံများ အဆက်မပြတ် ဆူညံနေသော တောင်တန်းတစ်တန်းရှိသည်။ ဤနေရာသည် တကယ်တမ်း တားမြစ်နေရာတစ်နေရာဖြစ်ပြီး အတိုင်းထက်အလွန် အန္တရာယ်များ၏။ တောင်များအကြား ရပ်နေသူကား လောလောဆယ်တွင် ဧရာမမျောက်ဝံကြီးတစ်ကောင်နှင့် လုံးထွေးသတ်ပုတ်နေသော အပေါ်ပိုင်းအဝတ်ဗလာဖြင့် လူငယ်တစ်ဦး။ မျောက်ဝံကြီးက ဟိန်းလိုက်ပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဓမ္မဆင်းတုတစ်ခုပေါ်လာသည်။ သို့သော် လူငယ်က မျောက်ဝံကြီးကို နှစ်ပိုင်းဖြဲပစ်လိုက်နိုင်သေး၏။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေသည်။

“အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတဲ့လား” လူငယ်က ပြောသည်။ “အဲဒါဆို အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားတစ်ပြား သေချာပေါက် ပေါ်လာလိမ့်မယ်။ ဖန်ဝေက လေ့ကျင့်ရေးသွားနေတာဆိုတော့ အနှေးနဲ့အမြန် ပြန်လာမှာမဟုတ်ဘူး။ ဒီကံကြမ္မာကောင်းက သေချာပေါက် ငါ ဖန်တုံးဟန်အတွက်ပဲ” လူငယ်က မျောက်ဝံသွေးသောက်ပြီးနောက် ထရပ်လိုက်သည်။ အမျိုးသမီးနှစ်ယောက် ရုပ်လုံးပေါ်လာသည်။ ရုပ်ခန္ဓာများဖြင့်မဟုတ် ၊ စိတ်ဝိညာဉ်ခန္ဓာများဖြင့်ပင်။ အတွေ့အကြုံကြွယ်ဝသော မည်သူမဆို တစ်ချက်လေးကြည့်လိုက်ရုံနှင့် သူတို့သည် လေစိတ်ဝိညာဉ်လူမျိုးများသာ ပိုင်ဆိုင်နိုင်သည့် လေစိတ်ဝိညာဉ်ခန္ဓာများဖြစ်ကြောင်း ပြောနိုင်ပေသည်။ ယခုလိုလူမျိုးများမှာ အနည်းအကျဉ်းသာ ရှိတော့၏။

အမျိုးသမီးနှစ်ယောက်က ခြုံထည်တစ်ခုကို ကောက်ယူ၍ လူငယ်အပေါ် လွှားပေးလိုက်သည်။

တတိယနေရာသည် ကျောက်အစအနများ ပြည့်နှက်နေသော ဧရာမချိုင့်ဝှမ်းကြီးတစ်ခုဖြစ်၏။ ဤကျောက်များကား သာမန်ကျောက်များမဟုတ်ပေ။ အစတစ်စစီသည် အပြင်ဘက်ကြယ်တာရာကောင်းကင်မှ လာပြီး ဥက္ကာခဲများသဖွယ် ဤနေရာသို့ ကျလာခဲ့ခြင်းဖြစ်၏။

ရလဒ်အနေဖြင့် ‌ကြောက်စရာဖိအားကြီးတစ်ခုက ချိုင့်ဝှမ်းတွင် စိုးမိုးနေပြီး အထဲရှိကျင့်ကြံသူတိုင်း ခြေတစ်လှမ်းနှစ်လှမ်း လှမ်းရန်ပင် ခက်ခဲကြောင်း တွေ့ရပေမည်။ အဆိုပါဧရိယာထဲတွင် လူတစ်ယောက်၏ တစ်ကိုယ်လုံးမှာ တင်းတင်းကြပ်ကြပ် တုပ်နှောင်ခံထားရသည့်အလား ခံစားရပြီး လမ်းလျှောက်နိုင်ဖို့ မိမိကိုယ်ကို အတင်းအဓမ္မ ဖိအားပေးလျှင် ခန္ဓာကိုယ် ပေါက်ကွဲသွားပေလိမ့်မည်။

လောလောဆယ်တွင် ချိုင့်ဝှမ်း၏ အနက်ပိုင်းထဲ၌ တင်ပျဉ်ခွေထိုင်နေသော လူငယ်တစ်ယောက်အား မြင်ရနိုင်သည်။ သူ့တွင် ဆံပင်များ ကင်းမဲ့နေပြီး ရွှေရောင်အဝတ်အစားကို ဝတ်ထား၏။ တဂျွတ်ဂျွတ်အသံများက သူ့ကိုယ်ထဲမှ ထွက်ပေါ်နေသည်။ သူ၏အပြင်အားကိုယ်ကား အတိုင်းထက်အလွန် သန်မာပေ၏။ အမှန်တွင် သူသည် သူ့ကို ဝန်းရံနေသော ကြောက်စရာဖိအားကြီးကို ခုခံရန် မိမိကိုယ်ကို အားကိုးနေလေသည်။

အချိန်အနည်းငယ်ကြာသော် သူက မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးတစ်လုံးစီတွင် ဂြိုဟ်တစ်လုံးနှင့် တူသော ပုံရိပ်ရှိနေရာ  ထူးခြားဆန်းကြယ်လှ၏။

“စိတ်ဝင်စားစရာပဲ၊ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား ... ငါ အဲဒါကို ယူပြီး နတ်ဘုရားမလေးကျင်ရှန်းကို ပေးရင် သူမ ငါ့ကို သဘောကျလာလောက်တယ်” ကတုံးလူငယ်က ပြုံးပြီး ထရပ်လိုက်သည်။ သူသည် ချိုင့်ဝှမ်းထဲမှ လမ်းလျှောက်ထွက်လာသည့်အခါ သူ၏ဘေးတစ်ဖက်တစ်ချက်တွင် လာရပ်သော အဘိုးကြီးနှစ်ယောက်နှင့် ဆုံလိုက်သည်။

ဤလူသုံးယောက်အပြင် ဤအခွင့်အရေးကို  ဖမ်းဆုပ်ဖို့ ရွေးချယ်လိုက်ကြသော အရှေ့အောင်ပွဲဂြိုဟ်မှ နောက်ထပ်လူဆယ်‌ယောက်ရှိသည်။

ထိုစဉ် အနောက်ပျော်ရွှင်ဂြိုဟ်ပေါ်ရှိ သဲကန္တာရတစ်ခု၏အလယ်တွင် ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက် ရပ်နေသည်။ သူသည် လေယူရာ လွင့်နေသော စိမ်းဖတ်ဖတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ပတ်ပတ်လည်ရှိ သဲကန္တာရအား ဓားကန်တစ်ကန်ပမာ ဖြစ်စေလောက်အောင် ကြီးမြတ်သော ဓားအရှိန်အဝါကို ထုတ်လွှတ်နေသည့် ဓားအား ကျောတွင် လွယ်ထား၏။ သူကား တစ်စုံတစ်ယောက်၏အသံကို လေးလေးစားစား နားထောင်ရင်း ‌ရပ်နေသယောင်ပင်။ တခဏကြာသော် စူးရှတောက်ပသောအလင်းရောင်တစ်စ သူ၏မျက်လုံးများတွင် ပေါ်လာသည်။ (အစတုန်းက ဆရာအားကန်းက အနောက်နွားဂြိုဟ်လို့ သုံးခဲ့ပြီး အခုအပိုင်းမှာ အနောက်ပျော်ရွှင်ဂြိုဟ်လို့ စပြောင်းသုံးခဲ့ပါတယ်)

“အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း ... မသွားရင် နောက်တရလိမ့်မယ်လို့ ထူးထူးဆန်းဆန်း ခံစားနေရတယ်။ ကဲ ... သွားကြည့်တာပေါ့ကွာ” သူသည် ခပ်ရေးရေး ပြုံးပြီးနောက် အဝေးသို့ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။

အနောက်ပျော်ရွှင်ဂြိုဟ်၊ နောက်တစ်နေရာ မျက်နှာလွှားဇာနှင့် အမျိုးသမီးတစ်ဦးသည် တောင်ထွတ်တစ်ခုအပေါ်တွင် တင်ပျဉ်ခွေထိုင်‌လျက်ရှိသည်။ မိစ္ဆာချီက သူမကို ရစ်သိုင်းနေရာ လေမိုးကြိုးအပေါင်းအား ‌ထစ်ချုန်းသောင်းကျန်းနေစေ၏။ အမျိုးသမီး၏မျက်လုံးများ ပိတ်ထားပြီး သူမ၏အရှိန်အဝါမှ မိစ္ဆာဆန်သလိုလို၊ အင်မော်တယ်ဆန်သလိုလိုရှိသည်။

“အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း” သူမက ဆွဲဆောင်မှုရှိသောအသံလေးနှင့် ရေရွတ်သည်။ “တောင်ပိုင်းဒေသ...” သူမသည် လူငယ်တစ်ယောက်၏ပုံရိပ်ကို မြင်ယောင်မိသွားသဖြင့် ပြုံးလိုက်၏။

“မိတ်ဆွေဟောင်းကြီးတွေနဲ့ ဘာလိုသွားမတွေ့ဘဲ နေဦးမှာလဲ” သူမက ပြောသည်။ “အဲဒီအကောင်စုတ်လေး စိတ်ဝိညာဉ်ခွဲထွက်တာအောင်မြင်ပြီလား မသိဘူး”

တစ်ချိန်တည်းမှာပင် မြောက်ကျူပင်ဂြိုဟ်ပေါ်၌ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

တောင်ပိုင်းဒေသ၏ လီမျိုးနွယ်စုသည် ဆွေမျိုးအခွဲလေးတစ်ခွဲသာ ဖြစ်ခဲ့၏။ တကယ့်လီမျိုးနွယ်စုမှာ နဝမတောင်နှင့်ပင်လယ်တွင် အတိုင်းထက်အလွန် ထင်ရှားကျော်ကြားချေသည်။ လောလောဆယ် ဧရာမလေသင်္ဘောတစ်စင်းက လီမျိုးနွယ်စုမှ ပျံထွက်လာသည်။ ၎င်းသည် မီတာသုံးသောင်းတိတိ ရှည်လျားပြီး သင်္ဘော၏အရှေ့တွင် ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်နေသော မျိုးနွယ်ဝင်ဆယ်‌ယောက် မတ်တပ်ရပ်နေ၏။

ထိုမျိုးနွယ်ဝင်များထဲမှ တစ်ယောက်သည် အဖွဲ့၏ခေါင်းဆောင်နေရာတွင် မားမားမတ်မတ် ရပ်နေသော အေးအေးစက်စက် ၊ မောက်မောက်မာမာ အမျိုးသမီးတစ်ဦးဖြစ်၏။ လရောင်စဉ်က သူမ၏မျက်ဝန်းများတွင် လင်းလက်နေပြီး မိုးမခသစ်ရွက်တစ်ရွက်၏အမှတ်အား သူမနဖူးအပေါ်တွင် မြင်ရနိုင်သည်။ သူမ၏မျက်နှာထားကား ရေခဲတမျှ အေးစက်လှ၏။

“အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားက ငါ့အပိုင်ဖြစ်ရမယ်”

မြောက်ကျူပင်ဂြိုဟ်၊ နောက်နှစ်နေရာတွင် ထိုနည်းတူ အံ့အားသင့်ဖွယ်မြင်ကွင်းများကို မြင်ရနိုင်သည်။ တစ်နေရာတွင် အဘိုးကြီးတစ်ဦးသည် ဧရာမမီးတောင်ကြီး၏ ပါးစပ်ပေါက်၌ ရုပ်လုံးပေါ်လာ၏။ သူက လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

“သခင်လေးလော့တန်။ ခေါင်းဆောင်ကြီးက အမိန့်ထုတ်လိုက်တယ်။ သခင်လေးကို တောင်ကောင်းကင်ဂြိုဟ်ဆီ သွားစေချင်ပါတယ်တဲ့။ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းက အသက်သွင်းခံလိုက်ရပြီ။ ဒါကြောင့် ကံကြမ္မာကောင်းကို သိမ်းပိုက်ဖို့ အကောင်းဆုံးကြိုးစားပါလို့ မှာလိုက်ပါတယ်”

ဂျိန်း

မီးတောက်များကို ခြုံထားသော ပုံရိပ်တစ်ခု မီးတောင်အတွင်းမှ လမ်းလျှောက်ထွက်လာ၏။ သူ အဘိုးကြီး၏အရှေ့ ရပ်လိုက်သည့်အခါ သူ့ပတ်ပတ်လည်ရှိ မီးတောက်များသည် အတူတကွ ပေါင်းစည်းကာ သူ၏ပခုံးအပေါ်တွင် နားနေသော မီးကျီးကန်းတစ်ကောင်ဖြစ်လာသည်။

သူသည် နဖူးမှ လည်ပင်းအထိ ကန့်လန့်ဖြတ်နေသော အမာရွတ်ကြီးကြောင့် ရက်စက်ကြမ်းကြုတ်နေသော မျက်နှာနှင့် ထောင်ထောင်မောင်းမောင်း လူငယ်တစ်ဦးဖြစ်သည်။ သူ၏အဝတ်အစားများက မှော်မီးသင်္ကေတများဖြင့် ဖွဲ့စည်းထားလေသည်။

“နားလည်ပြီ” သူက အေးစက်စက်ပြောပြီးနောက် အဝေးထွက်သွားသည်။

နောက်တစ်နေရာ ၊ ပိတ်ပိတ်ပိန်း မှောင်မည်းနေသော ဝါးတောတစ်တောတွင် သရဲဝိညာဉ်များ ဟိုဟိုသည်သည် လူးလာပျံသန်းရင်း သောင်းကျန်းနေကြသည်။ လူတစ်ယောက်သည် ဝါးပင်စည်အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူကား ဓားသဖွယ် မျက်ခုံးများ၊ ကြယ်စင်များသဖွယ် မျက်လုံးများနှင့် ချောမော၏။ သူ၏မျက်လုံးများက အနီးနားရှိ ဝါးပင်စည်နောက်တစ်ခုကို လှမ်းကြည့်ရင်း တဖျပ်ဖျပ် လက်နေလေသည်။

ထိုဝါးပင်စည်၏အပေါ်တွင် မျောက်တစ်ကောင်နှင့်တူသော အဘိုးကြီးတစ်ယောက်ရှိ၏။ အဘိုးကြီးက လူငယ်ကို အထင်သေးစွာ ‌မတူမတန်သလို ကြည့်နေပြီး လူငယ်ကလည်း သူ့ကို ပြန်ကြည့်နေသည်။

“မင်း ငါနဲ့ လိုက်ခဲ့ရမယ်” လူငယ်က ပြောသည်။

“ဆုတောင်းလေ” အဘိုးကြီးက မောက်မောက်မာမာ ပြန်ဖြေသည်။ “မင်းရဲ့အဘိုးရှုက နှစ်ပေါင်းများစွာ နာမည်ကြီးနေခဲ့တာ။ မင်းလို စုတ်တီးစုတ်ပဲ့ကောင်စုတ်ကလေးနဲ့ လိုက်မယ်ထင်နေလား။ ဆုတောင်း။ အရင်က ငါသာဆိုရင် မင်းကို ချီးထွက်အောင် ရိုက်ပြီးပြီ”

“ငါ့နာမည်က ဝမ်ဆိုတာ မမေ့နဲ့” လူငယ်က အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောသည်။

“ဝမ်ရှမုန့် ခွေး‌သူတောင်းစား” အဘိုးကြီးက စိတ်မရှည်စွာဖြင့် ပြောသည်။ သူသည် လက်ကို ဝှေ့ယမ်းကာ လူငယ်အား သွေးအန်လျက် ဒယိမ်းဒယိုင် လဲကျသွားစေ၏။

လူငယ် မတ်တပ်ရပ်လိုက်သည့်အခါ သရဲတစ်ကောင်က ရွေ့လျားလာပြီး သူ့အနားတွင် ရပ်ကာ နားနားကပ်၍ တီးတိုးပြောသည်။ လူငယ်၏မျက်လုံးများတွင် စိတ်တိုသွားသော အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။

“မင်း စိတ်တိုစရာကောင်းတဲ့ အယုတ်တမာကောင်။ မင်းရဲ့ သခင်လေး ငါ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို ရရင် ဒီကို ပြန်လာပြီး မင်းကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်၊ မင်းက ငါ့အပိုင်”

“သွားစမ်း” အဘိုးကြီးက စိတ်မရှည်သော အသံဖြင့် ပြောသည်။ “အဘိုးရှုပြောတာ နားထောင်၊ ထွက်သွားလိုက်စမ်း”

တောင်ကောင်းကင်ဂြိုဟ်တွင် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုဘုရားကျောင်း ပွင့်လာခြင်းက နဝမတောင်နှင့်ပင်လယ်တစ်ဝန်းလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ အဆင့်မြင့်ဂြိုဟ်များအပြင် ထိုကိစ္စကို သိလိုက်သော အင်အားစုလေးများလည်း ရှိကြ၏။ ဂိုဏ်းသားများအား တောင်ကောင်းကင်ဂြိုဟ်သို့ စေလွှတ်၍ ကံကြမ္မာ‌ကောင်းအတွက် တိုက်ခိုက်စေသော အမိန့်များ ထုတ်ပြန်လိုက်ကြသည်။

‌နဝမတောင်၏ ကျီမျိုးနွယ်စုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူတို့၏မျိုးနွယ်စုသည် နဝမတောင်ထိပ်တွင် တည်ရှိပြီး နဝမတောင်နှင့်ပင်လယ်တစ်ဝန်းလုံးကို အုပ်ချုပ်၏။

ကျီမျိုးနွယ်စုထဲတွင် ပုံရိပ်အမြောက်အမြား နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုဆီ သွားနေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အကန့်အသတ်မဲ့ကံကြွေးအစွမ်းတို့ ရစ်သိုင်းဝန်းရံလျက်ရှိသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးဖြစ်သည်။ သူ၏မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ကျီမျိုးနွယ်ဝင်များမှာ သူ အနားကပ်လာသည့်အခါ ရိုသေလေးစားသော အမူအရာများဖြင့် နောက်ဆုတ်ပေးကြလေသည်။

လူငယ်က ဘာမှမပြောဘဲ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ဝင်ရောက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူ မျက်လုံးပိတ်လိုက်သောအခါ အကန့်အသတ်မဲ့ကံကြွေးသည် သူ၏ပတ်ပတ်လည်တွင် တဖွေးဖွေး လှုပ်လာကာ တစ်မျှင်နှင့်တစ်မျှင် ထိလျှင် လင်းလက်စွာ တောက်ပသွားတတ်သော အမျှင်များအသွင်ပြောင်းသွား၏။ ဤမြင်ကွင်းကို ကြည့်နေသူတိုင်းမှာ မိန်းမောသွားကြပြီး ဝိညာဉ်များ ဆွဲငင်ခံနေရသည့်အလား ခံစားလိုက်ရတော့သည်။

“ဒီအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းက ကျီသားတော် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန် အသက်ဝင်လာတော့ ထွက်လာလို့မရခဲ့ဘူး။ ကျီယင်က သွားဖို့ ရွေးချယ်လိမ့်မယ်လို့ ထင်တောင်မထားဘူး”

“အဲဒီနှစ် ကျီသားတော်ဘွဲ့အတွက် သူတို့သုံးယောက် ပြိုင်ဆိုင်တိုက်ခိုက်ခဲ့တုန်းက ကောင်းကင်နှင့်မြေကြီးဟာ အမှောင်ဖုံးသွားခဲ့ရတယ်။ နေနဲ့လတောင်မှ တုန်ခါသွားရတယ်။ နဝမတောင်နဲ့ပင်လယ်တစ်ခုလုံး တုန်ရီပြီး မရေမတွက်နိုင်တဲ့လူတွေ ကြည့်ရှုခဲ့ကြတယ်... အဆုံးသတ်မှာ ကျီယင် ရှုံးသွားတယ်။ ဒါပေမဲ့ သူက အစွမ်းထက်လွန်းတာကြောင့် ဘုရားကျောင်းသုံးကျောင်း၊ ဂိုဏ်းသုံးဂိုဏ်း၊ မဟာမျိုးနွယ်စုကြီးသုံးစုနဲ့ အထွတ်အမြတ်မြေငါးခုရဲ့ ရွေးချယ်ခံတွေအတွက် အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရတယ်”

“ဒီမျိုးဆက်မှာ ... သူ့လိုလူနဲ့ ရင်ဘောင်တန်းနိုင်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမဲ့ ကျီယင်ကို တိုက်ပွဲတစ်ပွဲမှာ တစ်ခါအနိုင်ယူနိုင်ခဲ့တဲ့ ဖန်မျိုးနွယ်စုရဲ့ မင်းသားဝေဆိုတာရှိတယ် ကြားတယ်။ ဟုတ်လားတော့ မပြောတတ်....”

နဝမတောင်နှင့်ပင်လယ်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မျိုးနွယ်စုများသည် လှုပ်ရှားခဲ့ကြပြီး အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် ကံကြမ္မာကောင်းရယူဖို့ ရွေးချယ်ခံများအား တောင်ကောင်းကင်ဂြိုဟ်သို့‌ စေလွှတ်ခဲ့ကြ၏။

နဝမတောင်နှင့် အဋ္ဌမတောင်ကြား၌ တည်ရှိသော နဝမပင်လယ်ပင်လျှင် အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့လေသည်။ ၎င်းသည် ပင်လယ်တစ်စင်းဟု ပြောနိုင်သော်လည်း တကယ်တမ်း စိတ်ဝိညာဉ်စွမ်းအင်များထုတ်လွှတ်နေသော နက္ခတ်တာရာများအပိုင်းအစများ စုဝေးလာပြီးနောက် မြူပင်လယ်တစ်စင်းအသွင် ပြောင်းလာခဲ့ခြင်းဖြစ်ချေသည်။

ဂျိန်း

ကြယ်တာရာပင်လယ်တွင် ဧရာမတံခါးကြီးတစ်ချပ် ပေါ်ထွက်လာသည်။ တံခါးကြီး ပင်လယ်ထက်တွင်‌ ပေါ်လာစဉ် မရေမတွက်နိုင်သော ပင်လယ်နဂါးများ ပျံထွက်လာကြ၏။ နဂါးများမှာ အဆုံးမဲ့အလင်းရောင်တို့ဖြာထွက်လျက်၊ မဟာတာအိုတစ်ပါး၏တေးသွားကို သီကျူးနေသော တံခါး၏ရှေ့တွင်  ကတုန်ကယင်ဖြင့် ဝပ်တွားခစားလိုက်ကြသည်။ တံခါး၏ပတ်ချာလည်တွင်ကား အင်မော်တယ်နတ်များ မရေမတွက်နိုင်အောင် တင်ပျဉ်ခွေထိုင်နေကြသယောင်ပင်။ စွမ်းအင်မှာ ကြောက်ခမန်းဖွယ်ရာ အတိပြီးသည်။

တဖြေးဖြေး တံခါးသည် ပွင့်လာခဲ့ကာ လောကတစ်ခုအား လှစ်ဟပြသလိုက်သည်။

ထိုလောကထဲမှ အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာသည်။ သူမသည် ခြေသလုံးအထိ ဖြာဆင်းကျနေသော ဆံပင်ရှည်ရှည်များကို ပိုင်ဆိုင်ထား၏။ ကောင်းကင်နှင့်မြေကြီးရှိ အလှတရားအကုန်လုံး သူမတစ်ယောက်တည်းတွင် စုဝေးနေသည့်အလား သူမမှာ အင်မတန် လှရက်လွန်းပေသည်။ သူမသည် သစ်ခွပန်းရနံ့လေးကို ထုတ်လွှတ်လျက် လက်ကို ဝှေ့ယမ်းကာ အနောက်ရှိ တံခါးကို ပိတ်သွားစေပြီး ပင်လယ်အောက်သို့ ပြန်နစ်မြုပ်သွားစေ၏။

“လောလောဆယ် တာအိုဆရာအစည်းအရုံးသုံးခုထဲက အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့မှာ သီးသန့်ဂိုဏ်းသားလေးဦးပဲ ရှိသေးတယ်” အမျိုးသမီးက ရေရွတ်လိုက်သည်။ “အဲ့ဒါက ငါ့ရဲ့ နဝမပင်လယ်နတ်လောကထက် တစ်ယောက်နည်းတယ်ဆိုတော့ အဲဒီတာအိုဆရာများတံဆိပ်ပြားကို သူများလက်ထဲရောက်ခွင့်ပေးလို့ မဖြစ်ဘူး” သူမသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဟိန်းဟောက်နေသော နဂါးတစ်ကောင်က သူမခြေထောက်အောက်သို့ ရိုရိုကျိုးကျိုး ပျံလာပြီးနောက် သူမကို အမြန်ဆုံးနှုန်းဖြင့် အဝေးသို့ သယ်ဆောင်သွားတော့သည်။

နဝမတောင်နှင့်ပင်လယ်ရှိ ရှေးဟောင်းဖန်မျိုးနွယ်စု၊ မျိုးနွယ်စုကြီးသုံးစု၊ တာအိုဆရာအစည်းအရုံးသုံးခု၊ အထွတ်အမြတ်မြေငါးခု၊ ဘုရားကျောင်းသုံးကျောင်းနှင့် ဂိုဏ်းခြောက်ဂိုဏ်းလုံးကား ... လှုပ်ရှားနေကြလေပြီ။ ‌မြောက်များစွာသော ရွေးချယ်ခံအပြုံလိုက်ကြီးက တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်သွားနေကြသည်။

***

All Chapters