← Chapters

အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း

Vol. 58 Ch. 807

အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း

Vol. 58 Ch. 807

တောင်ကောင်းကင်ဂြိုဟ် ၊ အရှေ့ဘက်နယ်မြေ

အဆုံးမရှိသည့်အလား သွယ်တန်းနေသော တောင်များ၏အလယ်တွင် အရှေ့ဘက်နယ်မြေကျင့်ကြံသူများမှ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသော နေရာ‌တစ်နေရာရှိသည်။ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူများပင် ထိုနေရာသို့ ဝင်ရောက်သွားပါက ဘယ်တော့မှ ပြန်ထွက်မလာတတ်ပေ။ ကောလဟာလများအရ အထဲရှိ ကြောက်စရာဖြစ်တည်မှုများက မရေမတွက်နိုင်သော ‌စူးစမ်းလေ့လာသူများကို ရပ်လိုက်ရစေပြီး ဘယ်သူမှ မဝင်ရဲအောင် လုပ်ကြသည်ဟု ဆိုသည်။

ကျီမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးတစ်ဦးပင် တစ်ခါက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ကံကြွေးအရှာတော်ပုံဖွင့်ဖို့ အထဲဝင်ရောက်သွားခဲ့ဖူး၏။ သို့သော် သူကလွဲပြီး အကုန်လုံးရှင်းလင်းခံခဲ့ရသည်။ ကျီမျိုးနွယ်ခေါင်းဆောင်ကြီးမှာ က‌ရောသောပါး ပြန်ရောက်လာပြီး ‌ကျီမျိုးနွယ်ဝင်များအား ထိုနယ်မြေအတွင်း ဘယ်တော့မှ ထပ်မံခြေမချမိအောင် သတိပေးခဲ့လေသည်။

အမှန်တွင် ထိုခေါင်းဆောင်ကြီးသည် ကျီမျိုးနွယ်စုအတွင်း၌ ‌ရှိနေဆဲဖြစ်၏။ သူကား ‌လောလောလတ်လတ်ကမှ လက်နှစ်ဖက်ပြတ်သွားခဲ့သော အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် လူငယ်မှတစ်ပါး အခြားမဟုတ်ပေ။

သူပင်လျှင် တောင်တန်းများ၏အနက်ပိုင်းထဲသို့ မထိုးဖောက်နိုင်ပေ။ လမ်းတစ်လျှောက်လုံး သူ၏အဖွဲ့မှာ တားမြစ်မန္တန်များကြောင့် တစ်ယောက်ပြီးတစ်ယောက် သေကြေပျက်စီးခဲ့ရသည်။ ဤနေရာသည် တောင်ကောင်းကင်၏နယ်‌မြေများနှင့် ဆက်နွှယ်နေသော ပဟေဠိတစ်ခုဖြစ်၍ ကျီမျိုးနွယ်စုခေါင်းဆောင်ကြီးသည် ဤကိစ္စကို သူ့အထက်ခေါင်းဆောင်ကြီးများဆီသို့ မတင်ပြခဲ့ပေ။ ‌ဤနေရာနှင့်ပတ်သက်ပြီး ကြောက်စရာကောင်းလွန်းသော အကြောင်းအရာများစွာရှိကြောင်း .. သူ သိလေသည်။

သူ့မှာ ဘယ်တော့မှ ‌ထိုနေရာသို့ ထပ်မံမဝင်ရောက်ခဲ့ပေ။ သူ့အတွက် ထိုသို့လုပ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မျိုးနွယ်စု၏ မယုံနိုင်လောက်‌အောင် အစွမ်းထက်ရတနာများကို အသုံးပြုခြင်းဖြင့်သာ ဖြစ်သည်။ ထိုကဲ့သို့ရတနာများမပါလျှင် မဖြစ်နိုင်သည်သာ။

သို့သော်လည်း အဆိုပါရတနာများသည် ကောက်ရိုးပုံထဲ အပ်ရှာရသကဲ့သို့ ရှားပါး၏။ ထိုမျှသာမက မျိုးနွယ်စုရှိ သူ၏အဆင့်အတန်းအရဆိုလျှင် တောင်ကောင်းကင်ဂြိုဟ်ပေါ်က အင်အားစုကို အုပ်ချုပ်လင့်ကစား ထိုကဲ့သို့အရာများကို ရယူခွင့်မရှိသေးပေ။ အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်သည် ထိုကဲ့သို့ရတနာမျိုးဖြစ်ပါသော်လည်း ယင်းက ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားသည့်အတွက် အတင်းအဓမ္မအသုံးပြုနိုင်သောအရာမဟုတ်။ အခြားရတနာများမှာမူ ....မျိုးနွယ်စု၏ ရွေးချယ်ခံများကိုသာ ချီးမြှင့်ခံရလေသည်။

တောင်ကောင်းကင်ဂြိုဟ်သည် မည်သည့်အတွက်ကြောင့် တမူထူးခြားနေသလဲ မည်သူမှ အမှန်တကယ် နားမလည်ပေ။ တကယ်တမ်း စိုးမိုးမင်းမူနေသော အာဏာစက်ဟူ၍ မရှိချေ။ ကျီမျိုးနွယ်စု၏ အသာစီး‌ရနေသော အနေအထားမှာလည်း သူတို့မျိုးနွယ်စု အင်အား၏ ခြိမ်းခြောက်မှုကြောင့်သာ မြဲမြံနေခြင်းဖြစ်သည်။ ၎င်းက အရှေ့အောင်ပွဲဂြိုဟ်နှင့် တခြားစီပင်။ ဖန်မျိုးနွယ်စုသည် ဂြိုဟ်၏ တစ်ဝက်ခန့်ကို သိမ်းပိုက်ထားပြီး ဆန္ဒသာရှိလျှင် တစ်ဂြိုဟ်လုံးကို အပိုင်သိမ်းပစ်နိုင်၏။

တောင်ကောင်းကင်ဂြိုဟ်တွင် တာအိုဒေသနာများနှင့်အယူအဆများကိုယ်စီဖြင့် အဓိကနေရာလေးနေရာရှိသည်။ အကယ်၍ စူးစမ်း‌လေ့လာကြည့်လျှင် ... တောင်ကောင်းကင်ပေါ်ရှိ ဂိုဏ်းအများစုမှာ ထိုနေရာ၌ မူလအစကတည်းက တည်ရှိခဲ့ခြင်းမရှိကြောင်း သိသာလေသည်။ အများစုက တောင်ကောင်းကင်ဂြိုဟ်၏အပြင်ရှိ ဂိုဏ်းများမှ အခွဲများသာဖြစ်ချေသည်။

အင်အားစုအများစုမှာ သူတို့၏တာအိုဒေသနာများနှင့် အယူအဆများကို ထိုနေရာတွင် ကျန်ရစ်စေခဲ့သည့်အလားပင်။

ထိုမျှသာမက တောင်ကောင်းကင်ဂြိုဟ်တွင် မန်ဟို၏အဖေက နဝမတောင်၏ အကျဉ်းဦးစီးဖြစ်လာခဲ့သည်။ စစချင်း ‘အကျဉ်း/ထောင်” ဆိုသော စာလုံးက များစွာ ရှင်းပြနေသယောင်ထင်ရသည်....

သို့ပင်ငြား မန်ဟို ၎င်းအကြောင်း မေးကြည့်သောအခါ သူ့အဖေက ‘အကျဉ်း/ထောင်” သည် တကယ်တမ်း စာလုံး၏အဓိပ္ပာယ်အတိုင်းမဟုတ်ကြောင်း ပြောပြခဲ့သည်။

ခရေစေ့တွင်းကျတော့ ဆက်လက်မရှင်းပြခဲ့ပေ။ အမှန်တရားက လွန်စွာမယုံကြည်နိုင်ဖွယ်ကောင်းလွန်းသဖြင့် သူကိုယ်တိုင်ပင် ပြောစရာစကားမရှိအောင် ဖြစ်နေသည့်အလား သူ့အဖေ၏အမူအရာမှာ ဝေဝါးနေသည်။

မည်သို့ဆိုစေ တောင်ကောင်းကင်၏နယ်မြေများသည် .... လုံးဝဥဿုံ တမူထူးခြားပေ၏။

မန်ဟိုက ထိုနေရာတွင် ခုနစ်နှစ်မြောက်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီး မိစ္ဆာချုပ်နှောင်သူအဖွဲ့လည်း ထိုနေရာတွင် အမွေကို လက်ဆင့်ကမ်းခဲ့ကြသည်။ သွေးမိစ္ဆာဂိုဏ်းချုပ်သည် ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း ဖျက်စီးခဲ့ရစဉ်က ထိုနေရာသို့ သွားရောက်ပုန်းအောင်းခဲ့သည်။ မန်ဟို့အတွက် ပို၍အံ့အားသင့်စရာကောင်းသည်မှာ ... အင်အားကြီးမားသော သေမျိုးအင်ပါယာ ၊ မဟာတန်နိုင်ငံ တည်ရှိနေခြင်းပင်။

တန်ဧကရာဇ်အကြောင်း တွေးမိလျှင် မန်ဟိုမှာ ပို၍ပင် အံ့ဩရသေး၏။

မန်ဟို ဇဝေဇဝါဖြစ်ရသည့် တစ်ခုမှာတော့ ရှေးဟောင်းတာအိုရေကန်များအောက်က နတ်မီးလျှံစမ်းသပ်ပွဲ ဆင်နွှဲခဲ့ပြီး ကြီးကြပ်ရေးမှူး ရှေဟောင်းသဘောတူစာချုပ်အကြောင်း ဖော်ပြခဲ့သည်ကို ကြားခဲ့ရသော နေရာပင်။ ထို့အပြင် ...  နောက်ဆုံးအဆင့်၏ ကြောက်စရာကောင်းသော အတွေ့အကြုံ။

နတ်မီးတောက်အဆီအနှစ် ။

၎င်းတို့အားလုံးက မန်ဟို့ကို အတော်လေး နားဝေတိမ်တောင် ဖြစ်စေသည်။ ယခု ဤနေရာတွင် သူသည် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား၏ လမ်းညွှန်မှုအတိုင်း ဤတောင်များ၏အနက်ပိုင်းထဲ ရောက်နေရပြန်နေလေပြီ။ ထိုရှေးဟောင်းဝတ်ပြုကျောင်းကို မြင်လျှင် မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်လာ၏။

အဘယ်ကြောင့်ဆိုသော် ရုတ်တရက်ဆိုသလို သူ၏အမြင်အာရုံ ဝေဝါးသွားပြီးနောက်တွင် လုံးဝ ကွဲပြားခြားနားပြီး မယုံကြည်နိုင်ဖွယ် နေရာတစ်နေရာကို မြင်လိုက်ရ၍ပင်။

၎င်းကား အဆုံးမရှိလောက်အောင် ဆန့်တန်းနေလျက် ခမ်းနားကြီးကျယ်သော တာအိုဆရာများဝတ်ပြုကျောင်းတစ်ကျောင်းဖြစ်သည်။ တောင်ထွတ်များ၊ သစ်ပင်ပန်းမန်များ …. သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ပျောက်ကွယ်သွားခဲ့၏။ သူကား ယခုတွင် ထိုဧရာမဘုရားကျောင်းကြီး၏ စိမ်းလဲ့လဲ့ကျောက်ပြားများ ခင်းထားသော ပင်မရင်ပြင်အပေါ်တွင် ရပ်နေလေပြီ။

မရေမတွက်နိုင်သော ပုံရိပ်များသည် သူ၏ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေပြီး တစ်ခုချင်းစီက မန်ဟို့အတွက် ပင့်သက်မရှိုက်မိဘဲ မနေနိုင်အောင် အစွမ်းထက်လွန်းလှသည်။ သူတို့သည် တင်ပျဉ်‌ခွေလျက် တရားအားထုတ်နေသော အင်မော်တယ်နတ်များအလားပင်။ မဟာတာအိုတစ်ပါး၏ တေးသွားက အရပ်လေးမျက်နှာတွင် မျောလွင့်နေပြီး နေနှင့်လသည် ဤနေရာတွင် မည်သည့်အလင်းရောင်မှ ဖြန့်ကျက်နိုင်စွမ်းမရှိသည့်အလား တုန်ရီနေကြသည်။

တာအိုဆရာများဝတ်ပြုကျောင်း‌၏ အလယ်တွင် အဘိုးကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်‌နေသော ပလ္လင်တစ်ဆူရှိသည်။ အဘိုးကြီးသည် တန်ခိုးရှင်တစ်ဦး၏အငွေ့အသက်ကို ထုတ်လွှတ်နေပြီး တာအိုတရားဟောကြားနေစဉ် ခပ်ရေးရေး အပြုံးတစ်စက သူ့နှုတ်ခမ်းထက်တွင် တွဲခိုနေ၏။ သူ၏အသံသည် ‌မသဲမကွဲ ၊ မရှင်းမလင်း‌ဖြစ်နေပြီး ကောင်းကင်နှင့်မြေကြီးဖြင့် သဟဇာတဖြစ်နေသယောင်ပင်။ မန်ဟိုမှာ သူ‌ ဘာပြောနေသလဲ မကြားရသော်လည်း သူ့တရားအား နားဆင်နေကြသူ‌များစွာမှာ ဉာဏ်အလင်းပွင့်‌နေပုံရသည်ကို မြင်ရလေ၏။

ဤအခိုက်အတန့်တွင် အဘိုးကြီးသည် ညာလက်ကို လေပေါ် မြှောက်၍ ဝှေ့ယမ်းလိုက်ရာ .. ဧရာမ ‘အင်မော်တယ် 仙’ စာလုံးကြီးတစ်လုံးအား ပေါ်လာစေသည်။

၎င်းကား မိုးပြာရောင် ‘အင်မော်တယ် 仙 “ စာလုံးတစ်လုံးပင်။

၎င်းသည် စာလုံးလေးတစ်လုံးမျှသာ ဖြစ်ပါသော်လည်း ကောင်းကင်နှင့်မြေကြီးရှိ အရောင်အားလုံးကို မှေးမှိန်လာစေ၏။ နေနှင့်လသည် မှိန်ပျလာပြီး ကောင်းကင်နှင့်မြေကြီးမှာ လူများနည်းတူ ဝပ်စင်းအရိုအသေပေးနေသယောင်ရှိသည်။

မန်ဟိုမှာ သူ၏ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ်ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ရင်း တုန်ရီလာ၏။ သူ့‌ခြေထောက်အောက်ရှိ အစိမ်းရောင်ကျောက်ပြားတစ်ပြားစီမှာ အင်မော်တယ်ချီပြည့်ဝနေသော မယုံကြည်နိုင်ဖွယ်စွမ်းအင်တစ်ရပ်ကို ထုတ်လွှတ်နေသည်။ ထိုအင်မော်တယ်ချီ၏ပြင်းအားက စိတ်ကူးကြည့်ဖို့ရန်ပင် ခက်‌ချေ၏။

တာအိုဆရာများဝတ်ပြုကျောင်းတွင် မတူညီသောနေရာများ၌ ပြန့်ကြဲနေသော ဧရာမဒယ်အိုးကြီးကိုးလုံးလည်း ရှိသည်။ ၎င်းတို့ထံမှ အစိမ်းရောင်မီးခိုးများက အဆုပ်လိုက်၊ အဆုပ်လိုက် မျောလွင့်နေပြီး မီးခိုးများ လေပေါ်သို့ လွင့်တူတက်သွားစဉ် ၎င်းတို့ထဲ၌ မရေမတွက်နိုင်သော ကမ္ဘာလောကများကို မြင်ရနိုင်လေသည်။

ကောင်းကင်ထက်တွင် .... နက္ခတ်တာရာများရှိသည်။ ကြယ်မြစ်တစ်စင်းလည်း စီးဆင်းနေသည်။ နေနှင့်လသည် တက်လိုက်၊ကျလိုက် ဖြစ်နေ၏။ ဟိုဟိုသည်သည် ပျံသန်းနေသော အဆင့်လွန်ပုံရိပ်များကိုလည်း မြင်ရနိုင်သည်။ ရံဖန်ရံခါ ၎င်းတို့က လက်တစ်ဖက် ဆန့်ထုတ်၍ ကြယ်မြစ်ထဲမှ ကြယ်တစ်ပွင့်ကို ခူးဆွတ်တတ်သည်။ ထို့နောက် ကြယ်ကား ဧရာမပုံရိပ်ယောင်လက်ကြီး၏ သန့်စင်ခြင်း ခံရပေမည်။ လက်ကြီး ပိုင်ရှင်ထံ ပြန်ရောက်သွားလျှင် ကြယ်သည် ထိုလူ့လက်ပေါ်၌ တောက်ပနေသော ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။

‌မြေကြီးကို ခြေဆောင့်နင်း၍ ဧရာမအက်ကွဲကြောင်းကြီးများ ပေါ်လာစေသော တခြားလူများလည်း ရှိသည်။ မြေမီးတောက်တို့ ထတောက်ပြီး မြေစိတ်ဝိညာဉ်များနှင့်တူသော သက်ရှိသတ္တဝါများအသွင် ပြောင်းသွားလေမည်။ ကျင့်ကြံသူများက ၎င်းတို့ကို ဖမ်းပြီး စစ်ရထားကို ဆွဲ‌ခိုင်းစေသည်။ ထို့နောက် မြေစိတ်ဝိညာဉ်ထောင်ချီ ဆိုင်းလျက်ရှိသော စစ်ရထားများကား ကောင်းကင်ကို ခွင်းသွားလေမည်။

အားရပါးရ အော်ရယ်ပြီးနောက် စကားတစ်ခွန်းစနှစ်ခွန်းစ ပြောလိုက်သော လူတစ်ယောက်ရှိသည်။ တဖောက်ဖောက် မြည်သံများနှင့်အတူ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား အလွန်ကြီးမားလာခဲ့သဖြင့် တစ်ကိုယ်လုံးပင် မမြင်ရတော့ပေ။ မြင်ရနိုင်သည့် တစ်ခုတည်းသောအရာမှာတော့ .... မျက်စိတစ်ဆုံး နေရာယူထားသည့် ခြေမကြီးကိုသာ ဖြစ်ချေသည်။

သူ၏ခန္ဓာကိုယ် မည်မျှကြီးမားသည်လဲ ဆိုလျှင်တော့ စိတ်ကူးကြည့်၍ပင် မရနိုင်ဟု ‌ပြောရမည်။

ပျံသန်းပြီး ကြယ်များကို ခူးဆွတ်ခြင်း

မြေကြီးထဲမှ စိတ်ဝိညာဉ်များကို သန့်စင်ခြင်း

စကြဝဠာကို ထမ်းရန် ကြီးထွားလာခြင်း

ဤပုံရိပ်များသည် မန်ဟို့မျက်လုံးတွင် ဝဲကဲ့သို့ လည်သွားပြီးနောက်ဆုံး .... ‌ဝတ်ပြုကျောင်းပျက်ကြီးအဖြစ် စုစည်းသွား၏။

ဝတ်ပြုကျောင်း၏ ပင်မတံခါးမှာ ပိတ်နေပြိး မြေကြီးသည် ယိုယွင်းနေသောအခြေအနေတွင် ဖြစ်သည်။ အပြင်တံတိုင်း၏အစိတ်အပိုင်းများလည်း ပြိုကျနေရာ မည်သည့်နေရာမှဝင်ဝင် ရနေသဖြင့် ဂိတ်တံခါးမှ ဖြတ်သွားစရာပင် မလိုချေ။ ဤအပေါက်များမှတစ်ဆင့် အတွင်းဝတ်ပြုကျောင်းခန်းမအား မြင်ရနိုင်သည်။ ထိုနေရာတွင် တင့်တယ်ခမ်းနားသော နတ်ရုပ်တုများ ရှိနေသင့်သော်လည်း လက်ရှိအ‌ချိန်တွင် ရုပ်တုအကုန်လုံးမှာ အမျိုးမျိုးအဖုံဖုံ ပျက်စီးပြိုလဲနေသည်။ တစ်ချိန်က ဂုဏ်ကျက်သရေမှာ နောင်လာနောက်သားမျိုးဆက်များ၏ ချီးကျူးစကားများတွင်သာ တည်ရှိတော့ပြီး သူတို့၏ဒဏ္ဍာရီများကား ဘာမှမရှိတော့သည်အထိ တိမ်ကောနစ်မြုပ်သွားခဲ့လေပြီ။

ထိုနေရာတွင် သံချေးအလိမ်းလိမ်း တက်နေသော ကြေးဆီမီးအိမ်တစ်လုံး ရှိသည်။ သံချေးများက ၎င်း၏ရှေးကျအိုမင်းမှုကို သက်သေထူနေလေသည်။ ဆီက တဖျောက်ဖျောက် မြည်ရင်း မီးအိမ်ထဲတွင် တမြေ့မြေ့ လောင်ကျွမ်းနေ၏။ မီးအလင်းရောင်က အရပ်လေးမျက်နှာတွင် ဖြာထွက်လျက်ရှိကာ အတွင်းထဲ၌ မရေမတွက်နိုင်သော အရိပ်သဖွယ် ပုံရိပ်များအား မြင်ရနိုင်သည်။

ထိုမှတစ်ပါး အရာအားလုံးသည် တိတ်ဆိတ်ခြောက်ကပ်လျက် ရှိချေ၏။

ရေတွင်းတစ်တွင်းအား ပရဝုဏ်အတွင်း၌ မြင်ရနိုင်သည်။‌ ရေတွင်းအောက်ခြေမှာ ပိတ်ပိန်းမှောင်မည်းနေသည်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ကောင်ကောင် ပုန်းအောင်းနေနိုင်သော်လည်း အတပ်ပြောမရပေ။ သို့သော် ရေတွင်းကို တစ်ချက်လေး ကြည့်လိုက်ရုံနှင့် မည်သူမဆို တုတ်တုတ်မှ မလှုပ်ရဲအောင် ကြောက်လန့်သွားရမည်ဖြစ်၏။ တွင်း၏ဘေးတွင် နွယ်ခြောက်များ ဖုံးနေသော ဝါးစင်တစ်စင် ရှိသည်။ ကြည့်ရခြင်းအားဖြင့် ဟိုးလွန်ခဲ့လေပြီးသော နှစ်တွေတုန်းက စပျစ်နွယ်တစ်ပင်သည် ဝါးစင်ကိုလွှမ်းခြုံကာ လူတစ်ယောက် ခေါင်းချအနားယူနိုင်စေဖို့ အရိပ်အာဝါသကောင်းကောင်းနှင့် အေးမြသော‌နေရာတစ်နေရာအား ပေးစွမ်းခဲ့ပေလိမ့်မည်။

ဝါးစင်၏အောက်တွင် သိပ်မထူးခြားလှသည့် ညှိုးနွမ်းနေသော အဖြူရောင်ပန်းများတချို့ရှိသည်။

မန်ဟိုသည် တိတ်ဆိတ်စွာ ရပ်နေ၏။ တိတ်ဆိတ်မှုအလယ်တွင် သူ မြင်တွေ့ခဲ့ရသော အရာအားလုံးက သူ့အား ရုတ်တရက် ခေါင်းနပန်းကြီးလာစေသည်။ သူ့အဖေ သူ့ကို ဤနေရာသို့ လာခိုင်းခဲ့သည့်အတွက်ကြောင့်သာမဟုတ်လျှင် သူ့မှာ ဤနေရာနှင့် ဝေးရာသို့ ထွက်ပြေးလောက်လေပြီ။

သူ့မှာ သည်းထိတ်ရင်ဖိုနေပြီး သက်ရောက်နေသော ဖိအားမရှိပါသော်လည်း အသက်ရှူရခက်နေသည်။ မည်သည့်အန္တရာယ်ကိုမှ မမြင်ရသည့်တိုင် သူ့ရင်ထဲ၌ တစ်ခါမှမခံစားရဖူးသော အန္တရာယ်အာရုံမျိုးကို ခံစားနေရလေသည်။

ဤနေရာနှင့်ပတ်သက်သမျှ အရာအားလုံးကား အလွန်တရာ ထူးခြားဆန်းကြယ်ပေ၏။

ဘာကြောင့် ဤတောင်များတွင် ဝတ်ပြုကျောင်းတစ်ကျောင်း ရှိနေသနည်း။ ဝတ်ပြုကျောင်းမှာ ပတ်ဝန်းကျင်နှင့် မလိုက်ဖက်ပေ။ ၎င်းကား ဟိုးလွန်လေပြီးသောပဝေဏသီက အဝေးတစ်နေရာမှ ဤနေရာသို့ ပျံသန်းရောက်ရှိလာခဲ့သည့်အလားပင်။

မန်ဟိုသည် အသက်ပြင်းပြင်းရှူသွင်းပြီး စိတ်တင်းကာ ရှေ့လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသော် တဟင့်ဟင့် ငိုနေသောအသံတစ်သံကို သူ ကြားလိုက်၏။ ၎င်းက ရှိုက်၍ရှိုက်၍ ငိုနေသော အမျိုးသမီးတစ်ယောက်ပင်။ အသံ ပျံ့လွင့်လာသည့်အခါ မန်ဟိုခေါင်းမွှေးများ ထောင်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ထွက်ပေါ်လာပြီး သူက ခေါင်းလှည့်ကြည့်လိုက်၏။ သို့သော် ထူးထူးဆန်းဆန်းတစ်ခုမှ မတွေ့ရ။

လေပင် တိုက်နေခြင်းမရှိ....

တခဏကြာ တိတ်ဆိတ်နေပြီးနောက် သူ၏မျက်လုံးများက လင်းလက်သွားကာ သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ချက်ချင်းပင် အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား သူ့လက်ထဲတွင် ပေါ်လာသည်။ ၎င်းကြောင့် ဟုတ်လား၊ မဟုတ်လားမသိသော်လည်း တစ်နေရာလုံးမှာ စောစောကလောက် သည်းထိတ်ရင်ဖိုကျောချမ်းစရာမကောင်းတော့‌ကြောင်း မန်ဟို တွေ့လိုက်ရသည်။

သူသည် ဂရုတစိုက် ရှေ့လျှောက်လာခဲ့ပြီးနောက်ဆုံး ပင်မဂိတ်တံခါး၏အရှေ့ ရောက်လာသည်။ ဤနေရာ၏ထူးဆန်းမှုကြောင့် တံတိုင်းကို ခုန်ကျော်ခြင်းသော်လည်းကောင်း၊ တခြားလမ်းမှ ဝင်ခြင်းသော်လည်းကောင်း အကောင်းဆုံးအကြံမဟုတ်ကြောင်း ခံစားရလေသည်။ ဝင်ဖို့ အကောင်းဆုံးနည်းလမ်းမှာ ... တည့်တည့်လျှောက်၍ သမားရိုးကျဝင်ရန်ပင်။

သူသည် အင်္ကျီလက်စကို ခါကာ ဝတ်ပြုကျောင်းတံခါးကို တွန်းလိုက်၏။

တံခါးကို ဖွင့်ရခက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မဟုတ်ပေ။ ၎င်းက ကျွီခနဲ ပွင့်သွားပြီး ပရဝုဏ်၊ ပင်မဝတ်ပြုကျောင်းခန်းမနှင့် ရေတွင်းကို ဖော်ပြလိုက်သည်။

အေးစိမ့်စိမ့် လေတစ်ချက်က တိုက်ခတ်နေရာ တစ်ယောက်ယောက် သူ့ဘေးတွင် လမ်းလျှောက်သည့်အလား ခံစားရစေသည်။ ခံစားချက်က ပိုမိုပြင်းထန်လာသဖြင့် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူသည် ကိုယ်အတွင်းရှိ အင်မော်တယ်ချီကို လှည့်ပတ်ကာ ညာမျက်လုံးအပေါ် စူးစိုက်လိုက်သည်။ မျက်တောင်အနည်းငယ် ခံပြီးနောက် သူက ဘေးဘီဝဲယာကို ကြည့်လိုက်၏။

အပျက်အစီးများမှအပ ဘာမှမရှိ။

မန်ဟိုက ခါးခါးသီးသီး ရယ်လိုက်သည်။

“အဖေ ၊ ကျွန်တော့်ကို ဘယ်နေရာဆီ လွှတ်လိုက်တာတုန်း....”

သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အထဲဝင်လိုက်သည်။ ခြုံကြည့်လျှင် ဝတ်ပြုကျောင်းသည် သိပ်မကြီးသလို၊ ပရဝုဏ်လည်း ထိုနည်းတူပင်။ မန်ဟိုက ရေတွင်းကို လှမ်းကြည့်ပြီး ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက အလွန်ထူးဆန်းနေကြောင်း ခေါင်းထဲမှ ထုတ်မရပေ။ သူသည် ဝါးစင်ကို လေ့လာပြီး ပရဝုဏ်ထဲ လျှောက်သွား‌တော့မည့်အချိန် ရုတ်တရက် ခေါင်းကြိမ်းသွား၏။ သူက တုံ့ခနဲ ရပ်ပြီး ဝါးစင်ကို ဆတ်ခနဲ ပြန်ကြည့်လိုက်သည်။ သူ့မှာ ရင်တဒိန်းဒိန်း ခုန်လျက် ဝါးစင်ဆီ လျှောက်သွားပြီး အနီးကပ်ကြည့်လိုက်ရာ ၎င်းအောက်တွင် ပန်းပွင့်သေးသေးလေးများအား မြင်လိုက်ရသည်။ သူ့မှာ မတုန်လှုပ်မိအောင် က္ကန္ဒြေမဆည်လိုက်နိုင်ပေ။

“ဒါက... ဒါ.... ရှင်သန်ခြင်းနှင်းပန်းတွေပဲ” မန်ဟိုမှာ သူများတကာထက်ပို၍ ရှင်သန်ခြင်းနှင်းပန်းနှင့် ရင်းနှီးလေရာ .... ဤပန်းပွင့်သေးသေးလေးများက ရှင်သန်ခြင်းနှင်းပန်းဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားတော့သည်။

သို့သော် ဤရှင်သန်ခြင်းနှင်းပန်းများမှာ ... ဤနေရာတွင် ဥယျာဉ်ပန်းအမျိုးအစားများသာ ဖြစ်နေသည်။ ထိုမြင်ကွင်းက သူ့ကို အသက်ပြင်းပြင်း ရှူလိုက်ရစေသည်။ ဤပန်းကား အမှန်တကယ် ... ပဟေဠိတစ်ပုဒ်ပင်။

လောလောဆယ်တွင် ည‌နေစောင်းလာသဖြင့် ကောင်းကင်သည် မှောင်မိုက်လာ၏။ မန်ဟိုမှာ ပျက်စီးနေသော နတ်ရုပ်များနှင့် တစ်နေရာလုံးဖုံးနေသော ဖုန်များကို ကြည့်ရင်း တခဏ ချီတုံချတုံ ဖြစ်နေသည်။ ဝတ်ပြုသူများအတွက် ဖျာများပင်လျှင် ဟောင်းနွမ်းစုတ်ပြဲနေ၏။ သို့သော် တခဏကြာသော် သူက ဖျာတစ်ချပ်အပေါ် ဒူးထောက်၍ ပျက်စီးနေသောရုပ်တုတစ်ခုကို ရှိခိုးလိုက်သည်။

“ကျွန်တော့်ကို ကောင်းချီးပေးပြီး စောင့်ရှောက်ပေးတော်မူပါ အရှင်နတ်မင်းကြီးခင်ဗျား။ ‌ကောင်းချီးပေးပြီး စောင့်ရှောက်ပေးတော်မူပါ နတ်မင်းကြီး...” ရှိခိုးပြီးနောက် မန်ဟိုသည် သူ့ကို ဝန်းရံနေသော ကျောချမ်းဖွယ်အငွေ့အသက်များ အတန်ငယ် လျော့သွားသလို ခံစားလိုက်ရသည်။ သူ၏ဆုတောင်းစကားများက အလုပ်ဖြစ်သယောင်ပင်။ သူ ထရပ်လိုက်သည့်အခါ လေတစ်ချက် တိုက်ခတ်သွားပြီး မီးအိမ်အလင်းတောက်ပလာသည်။ မြေကြီးမှ ဖုန်များမြောက်တက်လာရာ မန်ဟို့မျက်လုံးများကို ကျဉ်းမြောင်းသွားစေ၏။ ယခုတွင် ဖုန်တချို့ရှင်းသွားပြီဖြစ်၍ ... မြေကြီးတွင် ဧရာမစာလုံးကြီးတစ်လုံး ထွင်းထားလျက် ရှိသည်ကို မြင်လိုက်ရလေပြီ။

အင်မော်တယ် 仙

၎င်းသည် သူ စောစောက မြင်တွေ့ခဲ့ရသော မြင်ကွင်းတွင် အဘိုးကြီး လက်ကို ဝှေ့ယမ်းခဲ့စဉ်က မြင်ခဲ့သော စာလုံးဖြစ်၏။

လုံးဝ တထေရာတည်း တူချေသည်။

စားလုံးကို သူ မြင်လျှင် တစ်စုံတစ်ယောက် စကားပြောနေသည့်အလား ‌ခပ်ကြမ်းကြမ်း ရှေးအရှိန်အဝါက သူ့မျက်နှာကို ဖြတ်တိုက်သွားသည်။ တစ်ယောက်ယောက် တာအိုတရားဟောနေသယောင်ယောင်။ ရှေးဆန်သောအသံတစ်သံ ရှေးခေတ်မှ ပဲ့တင်ထပ်လာသလိုလို။

သို့သော် မန်ဟိုမှာ သူ၏ကံကောင်းပုံကို တွေးရင်း ရင်ထဲတင်းကြပ်သွားသည်။ သူသည် တင်ပျဉ်ခွေထိုင်ပြီး အင်မော်တယ်ရှေးတာအိုဆရာများကျောက်စိမ်းပြားကို ထုတ်ပြီးနောက် အာရုံအလုံးစုံကို စာလုံးအပေါ် ပေးပို့လိုက်၏။

***

All Chapters