← Chapters

တာအိုလက်ဆင့်ကမ်းပေးနေသော အရိပ်များ

Vol. 58 Ch. 808

တာအိုလက်ဆင့်ကမ်းပေးနေသော အရိပ်များ

Vol. 58 Ch. 808

အချိန်မည်မျှ ကြာသွားပြီလဲ ပြောဖို့ခက်သည်။ ကြာလည်းကြာ၊ မကြာလည်းမကြာသည့်အလားပင်။ အပြင်တွင် ကောင်းကင်သည် တစတစ မှောင်မိုက်လာပြီး မှိန်ပျပျလရောင်ခြည်က အမှောင်ထုထဲ ဖြာထွက်လာသည်။

ညအမှောင်၏အောက်ဝယ် ကြေးဆီမီးအိမ်ရှိ မီးတောက်သည် ယိမ်းထိုးကခုန်နေပြီး မီးစာထဲ၌ လကို မော့ကြည့်နေသော လူတစ်ယောက် ရှိနေသယောင်ယောင်။

မီးအလင်းရောင်၏ဖော်ပြပြသမှုကြောင့် အရိပ်များ ဝတ်ပြုကျောင်းထဲတွင် ပေါ်စပြုလာသည်။ မီးအိမ်၏ မီးတောက် ကခုန်နေစဉ် အရိပ်များမှာ တင့်တယ်ကြော့မော့စွာ ရှေ့နောက်ယိမ်းနေကြသည်။

မန်ဟိုမှာ သတိမထားမိသော်လည်း သူ့အဝတ်အစားအရောင်မှာ မီးခိုရောင်အဖြစ် ‌အရောင်လွင့်ပျယ်လာပြီး တစတစ စုတ်ပြတ်ပျက်စီးလာသည်။ သူ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသည့်အချိန် သူ၏အဝတ်များသည် အချိန်ကို ဖြတ်သွားနေရသည့်အလား အိုမင်းဟောင်းနွမ်းလာ၏။

သူ့တစ်ကိုယ်လုံးမှလည်း ဤခံစားချက်ကို ထုတ်လွှတ်နေသည်။ သူ၏ဝိညာဉ်သည် ရှေးတာအိုဆရာများဝတ်ပြုကျောင်းထဲ၌ တာအိုတေးသွားအား နားဆင်ဖို့ အချိန် နောက်ပြန်ပို့ဆောင်ခံလိုက်ရသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်အပေါ် သက်ရောက်မှုများက သူ၏ခန္ဓာကိုယ်အထိ ပျံ့နှံ့လာခဲ့ပြီး ၎င်းအား အိုမင်းရှေးကျလာစေသည်။

ညဉ့်နက်ပိုင်း.....

ရုတ်တရက် တဟင့်ဟင့် ငိုရှိုက်သံ ပျံ့လွင့်လာသည်။ ၎င်းသည် ညလေညင်းနှင့်အတူ ရှင်းလင်းပြတ်သားစွာ မျောလွင့်လာခဲ့၏။ ငိုရှိုက်သံကား ပဲ့တင်ထပ်နေစဉ် ခပ်ဖွဖွ သက်ပြင်းချနေသံအဖြစ် တဖြေးဖြေး ပြောင်းလဲလာသည်။

“ကမ္ဘာပေါ်မှာ အင်မော်တယ်တွေ ရှိနေသေးရဲ့လား...” အသံက မေးသည်။ ထို့နောက် တိတ်ဆိတ်သွား၏။ သစ်ရွက်များ တရှဲရှဲ ပွတ်တိုက်သွားသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြန်သည်။

တစ်ချိန်တည်းမှာပင် ရေတွင်းထဲမှ အငွေ့များ ထလာသည်။ ရေတွင်းဘေး၌ တစ်စုံတစ်ယောက်သာ ရပ်နေခဲ့လျှင် ရေတွင်းတစ်တွင်းလုံး ဆံပင်ရှည်ရှည်များဖြင့် ပြည့်နေသည်ကို ထိတ်လန့်ဖွယ်ကောင်းစွာ မြင်ရပေမည်။

ဆံပင်မည်းမည်းကြီးများက ရေတွင်းထဲမှာ ‌တွန့်လိမ်ကောက်ကွေးထွက်လာပြီးနောက် မြေကြီးထဲ နစ်မြုပ်သွားကာ လျင်မြန်စွာပင် ပရဝုဏ်တစ်ခုလုံးအပြည့် ဖြာထွက်လာ၏။ ဤအခိုက်အတန့်တွင် ဝါးစင်မှ လာနေသော ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများကို ကြားရနိုင်သည်။

ခြောက်ကပ်နေသော နွယ်တစ်ပင်က စက်ဝိုင်းခြမ်းသဏ္ဌာန် အိကျနေရာ ဒန်းတစ်စင်းနှင့် တူနေခဲ့သည်။ ယခုတွင် တစ်စုံတစ်ယောက် နွယ်ပေါ်တွင် ထိုင်ပြီး ဒန်းစီးနေသည့်အလား ... နွယ်ဒန်းက ရှေ့နောက် ရွေ့လျားလာ၏။

ငိုသံက ရေတွင်းထဲမှ လွင့်မျောလာ‌ပြီး ရယ်သံအား ဒန်းထံမှ ကြားနိုင်သည်။ အသံနှစ်သံ ပေါင်းစည်းသွားသည့်အခါ ပရဝုဏ်တစ်ခုလုံးအား ချောက်ချားဖွယ်ကောင်းနေစေသည်။ မန်ဟိုကမူ ပရဝုဏ်ထဲတွင် မျက်လုံးများပိတ်လျက် မလှုပ်မယှက် ထိုင်မြဲထိုင်နေဆဲပင်။

တဖျပ်ဖျပ် လှုပ်နေသော မီးအိမ်အလင်းရောင်နှင့် အရိပ်များသည် သူ့ကို ခြံရံထား၏။ အရိပ်များမှာ တွန့်လိမ်‌စပြုလာပြီးနောက် ပရဝုဏ်ထဲတွင် ဟိုမှသည်၊ သည်မှဟို၊ လမ်းလျှောက်ရင်း ရွေ့လျားလာကြသည်။ တချို့က တင်ပျဉ်ခွေထိုင်ကြသည်။ တချို့က ရှိခိုးနေကြသည်။ တချို့က  ဆေးဖော်နေကြပြီး တချို့က တံမြက်စည်းလှဲနေကြ၏။ တချို့ဆိုလျှင် မန်ဟို ထိုင်နေသောနေရာကိုပင် ရောက်လာကြပြီး သူ့ကို စပ်စပ်စုစု ချောင်းကြည့်ကြသည်။

ပျက်စီးပြိုကျနေခဲ့သော နတ်ရုပ်မှာမူ ယခုအခါ အတိတ်တုန်းကတိုင်း မားမားမတ်မတ်ကြီး ရပ်နေချေပြီ။ ရုပ်တု၏ အောက်တွင် ကျနေသော အရိပ်က ရုတ်တရက် ရုပ်တုထံမှ ခွဲထွက်ပြီး အဘိုးကြီးတစ်ဦးအသွင်ပြောင်းသွား၏။

အဘိုးကြီး၏အဝတ်အစားမှာ မန်ဟို၏ စုတ်ပြတ်နေသောဝတ်ရုံနှင့် လွန်စွာ တူသည်။ သူ့မျက်နှာသည် ဖြူဆုပ်နေပြီး ‌သွေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလျက်ရှိ၏။ သူကား နာနာဘာဝတစ်ကောင်သဖွယ် မန်ဟို့အနားချဉ်းကပ်လာသည်။ မန်ဟို့၏အနောက်သို့ လွင့်မျောလာပြီး ထိုနေရာတွင် ရပ်၍ မန်ဟို့ခေါင်းထိပ်ကို ကြည့်နေစဉ် သူ ဘာတွေးနေသလဲ ပြောရခက်သည်။

တခဏကြာသော် ပရဝုဏ်အတွင်းရှိ အရိပ်အကုန်လုံး မန်ဟို့ကို လှည့်ကြည့်လိုက်ကြ၏။ သူတို့က မန်ဟို့ကို အနီးကပ်ကြည့်ရန် ချဉ်းကပ်လာရင်း ပြုံတိုးနေကြလေသည်။

ကောင်းကင်ထက်တွင် တိမ်မည်းတိမ်စိုင်များက လသော်တာကို တစ်ဝက်ဖုံးနေပြီး ညင်သာညှင်းပျောင်းသော လေလေးသည် ဝမ်းနည်းပက်လက် ရှိုက်နေကဲ့သို့ ပြတ်တောင်း‌ပြတ်တောင်း ငိုသံကို သယ်ဆောင်ရင်း မြေပြင်တစ်လျှောက် တိုက်ခတ်သွား၏။

ဤအခိုက်အတန့်တွင် မြေကြီးသည် တုန်ခါလာပြီး ဝတ်ပြုကျောင်းအတွင်းပိုင်းထဲမှ လာနေသော ဗလုံးဗထွေး ညည်းနေသံများကို ကြားလိုက်ရသည်။

“အိမ် .... ဒီနေရာက ငါ့အိမ်မဟုတ်ဘူး.... အိမ်ပြန်ချင်တယ်...

“အိမ်ပြန်ခေါ်သွားပေးပါ .... ‌အိမ်ပြန်ခေါ်သွားပေးပါ ပါရာဂွန်ကြီးရေ.... အိမ်ပြန်ခေါ်သွားပေးပါ ....”

အသံ ပျံ့လွင့်လာလျှင် ဝတ်ပြုကျောင်းထဲရှိ အရိပ်အကုန်လုံး တုန်ရီသွားကြသည်။ ဝတ်ပြု‌ကျောင်း၏ ပရဝုဏ်ထဲရှိ ရေတွင်းမှ ဖြာထွက်နေသော ဆံပင်မည်းမည်းကြီးများက ရုတ်တရက် လေပေါ် မြောက်တက်သွား၏။ နွယ်ဒန်းလည်း တုံ့ခနဲ ရပ်သွားသည်။

တစ်ချိန်တည်းမှာပင် ခေါင်းကြီးတစ်ခေါင်း ရေတွင်းထဲမှ ပြူထွက်လာသည်။ ၎င်းသည် ဖျော့တော့တော့ ပုံရိပ်ယောင်ဖြစ်ပြီး ၎င်း၏မျက်နှာအပေါ်က အမူအရာမှာ အလွန်တရာ ‌ကြောက်စရာကောင်းပြီး ကြမ်းကြုတ်နေ၏။ ကြည့်ရသရွေ့ ဤသည်မှာ ... ရေတွင်း၏ရေထဲ၌ နှစ်သန်းပေါင်းများစွာကြာ နစ်မြုပ်နေခဲ့သော်လည်း ပုပ်သိုး‌ဆွေးမြည့်မသွားခဲ့သော ခေါင်းတစ်လုံးဖြစ်သယောင်ပင်။ ၎င်းကား မြေကြီးကို အသက်မရှိသလို စိုက်ကြည့်နေသော မျက်ဆံမဲ့မျက်လုံးများဖြင့် မိန်းမတစ်ယောက်၏ ခေါင်းဖြစ်သည်။

ဒန်းအပေါ်တွင်ကား မည်သည့်ပုံရိပ်မှမရှိ။ သို့သော် မည်းနက်နေသော သွေးစက်များက ဒန်းအောက်ရှိ မြေကြီးအပေါ် စက်လက်စက်လက် ကျနေသည်။

ဤအခိုက်အတန့်တွင် မန်ဟို့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီသွားသည်။ ခေါင်းမွှေးထောင်စေသော ကြောက်စိတ်အာရုံက သူ့ကို လွှမ်းမိုးသွားပြီး သူက မျက်လုံးဖွင့်လိုက်သည်။ သူ့မှာ မျက်လုံးဖွင့်ဖွင့်ချင်း မော့ကြည့်လိုက်သောအခါ ခေါင်းနပန်းကြီးသွားရ၏။ သူ့အရှေ့တည့်တည့်တွင် မည်းမည်းကြီး ရပ်နေလေသည်။

အမှန်တွင် သူ့မှာ ပတ်ပတ်လည်မှ အရိပ်များဖြင့် အဝိုင်းခံထားရခြင်းဖြစ်သည်။ အကုန်လုံးကလည်း သူ့ကို ထိလုဆဲဆဲပင်။ မန်ဟို့စိတ်မှာ မူးချာလည်သွားတော့သည်။

အရိပ်များက မန်ဟို နိုးလာခဲ့သည်ကို သိသွားပုံရပြီး ပြန်လွင့်မျောသွားကာ သူ့ထံမှ ခပ်လှမ်းလှမ်းတွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ မန်ဟိုသည် အရိပ်အားလုံးအပြင် ပရဝုဏ်ထဲရှိ ဆံပင်မည်းမည်းကြီးများကို ပြတ်ပြတ်သားသား ‌မြင်နေရ၏။ လွှဲရမ်းနေသော ဒန်း၊ ပျံဝဲနေသောခေါင်းကိုလည်း မြင်လိုက်ရသည်။ သူ့မှာ ပို၍ ကြက်သီးထလာရင်း ဝတ်ပြုကျောင်းမှ ထွက်သွားဖို့ တဖြေးဖြေး ထလိုက်သည်။

ဤနေရာကား ... ယောင်ပေပေ ဆက်လုပ်နေရမည့်နေရာမဟုတ်ဆိုသော ခံစားချက်ကြီးက သူ့ခေါင်းထဲတွင် ပြည့်နေ၏။

သူသည် ထရပ်လိုက်စဉ် ရုတ်တရက် ကျောနောက်မှ စိမ့်ခနဲ အေးသွား၏။ အမှုမဲ့အမှတ်မဲ့ ခေါင်းလှည့်ကြည့်မိလိုက်သည့်အခါ သူ့မျက်နှာနှင့် တစ်လက်မသာ ကွာတော့သည့် မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးတွေစီးကျနေလျက်ရှိသော မျက်နှာကြီးကို မြင်လိုက်ရသည်။ မန်ဟို့မှာ က္ကန္ဒြေမဆည်နိုင်လောက်အောင် လန့်သွားသဖြင့် မျက်လုံးများပြူးကျယ်လျက် ခြေလှမ်းအနည်းငယ် ‌ယိမ်းယိုင်သွား‌၏။

“ဘယ်သူကြီးလဲ” သူက ကျင့်ကြံခြင်းအခြေခံကို ကပျာကယာ လှည့်ပတ်ရင်း အော်လိုက်သည်။ သူ၏ဓမ္မဆင်းတုသည် သူ့အနောက်တွင် ပေါ်လာပြီး သူ့နှလုံးသားမှာ ဒိန်းခနဲ ဒိန်းခနဲ ခေါ်လာတော့၏။ ဤနေရာ၏ထူးဆန်းမှုက သူ့ကို ဘေးမကင်းသလို ခံစားရစေသည်။

အဘိုးကြီး၏ အသက်မပါသောမျက်လုံးများက မန်ဟို့ကို လုံးဝလျစ်လျူရှုထားသည်။ သူက ချာခနဲ လှည့်ထွက်သွားပြီး နတ်ရုပ်ဆီ ပြန်လျှောက်သွားလေသည်။ ၎င်းအနား ရောက်လျှင် သူ၏ခန္ဓာကိုယ်သည် တစတစ မှေးမှိန်လာပြီး ‌ပျောက်ကွယ်သွား၏။

ပတ်ဝန်းကျင်ရှိ အခြားအရိပ်များမှာ တရားထိုင်သူက ထိုင်၊ လမ်းလျှောက်သူက ‌လျှောက်၊ ကျင့်ကြံသူက ကျင့်ကြံရင်း ရှိနေဆဲဖြစ်သည်။

မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပြန်ဖို့ပြင်လိုက်သည်။ သို့သော် သူသည် ဝတ်ပြုကျောင်း၏ အဝင်ဝသို့ ရောက်သောအခါ တုံ့ခနဲ ရပ်ပြီး ဘေး၌ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုကို လှမ်းကြည့်လိုက်၏။ ၎င်းက ဆေးပေါင်းဖိုတစ်လုံးနှင့်အတူ ဆေးဖော်နေသယောင်ပင်။

ထိုမျှသာမက .... ‌ဤဆေးဖော်စပ်ပုံနည်းလမ်းအား မန်ဟို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ၎င်းကား ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုပ်ယူခြင်းမှတစ်ဆင့် ဆေးပင်များသော်လည်းကောင်း၊ တခြား‌ဆေးအမယ်များသော်လည်းကောင်း မလိုအပ်ပုံရသည်။

မန်ဟို့မှာ အံ့ဩမှင်သက်သွားသည်။ တအောင့်ကြာ စိုက်ကြည့်ပြီးနောက်တွင် သူ၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာတော့သည်။ သူသည် ဆေးဝါးတာအို၏ မဟာအကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏ဆေးဖော်စပ်စွမ်းရည်မှာ ဆေးလုံးမိစ္ဆာမှအပ တောင်ကောင်းကင်ဂြိုဟ်တွင် အမြင့်ဆုံးအဖြစ် သတ်မှတ်နိုင်၏။

“နတ္ထိမှ အတ္ထိဖန်တီးခြင်း....” မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ရေရွတ်လိုက်သည်။ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက သူသည် ဗလာနတ္ထိမှ ဆေးလုံးတစ်လုံး ဖန်တီးခဲ့ပြီး ၎င်းက သူ၏သိုလှောင်အိတ်ထဲတွင် ရှိနေ‌သေး၏။ သူက ၎င်းကို ဘယ်တော့မှ မစားခဲ့ပေ။

မန်ဟိုသည် ထိုဆေးလုံးမျိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ်သရဲဖြစ်ကြောင်း ခံစားခဲ့ရ၍ တစ်ခါ ကြေးမုံဖြင့် ပွားဖို့ပင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယခုတော့ ဤနေရာတွင် ဤအရိပ် ဆေးဖော်နေသည်ကို သူ မြင်လိုက်ရလေပြီ။ ၎င်း၏လက်များက ကျွမ်းကျွမ်းကျင်ကျင် ဖြေးဖြေးမှန်မှန် ရွေ့လျားနေသည်။

မန်ဟိုက မျက်တောင်တဖျတ်ဖျတ် ခတ်ပြီးနောက် ထွက်မသွားဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ပတ်ပတ်လည်ရှိ အရိပ်များကို လှည့်ပတ်ကြည့်လိုက်၏။ တချို့က ကျင့်ကြံအားထုတ်နေပြီး တချို့က ဟိုဟိုသည်သည် လမ်းလျှောက်နေသည်။ တချို့က မုဒြာလက်ကွက်များဖော်ကာ ‌တာအိုမှော်သိုင်းအမျိုးမျိုးအား ထုတ်ဖော်နေကြ၏။

ထိုမြင်ကွင်းက မန်ဟို့စိတ်ကို လှုပ်ရှားသွားစေသည်။

“တာအိုတွေ လက်ဆင့်‌ကမ်းနေတာ” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူတို့က တာအိုတွေ လက်ဆင့်ကမ်းပေးနေတာပဲ” သူ့နှလုံးခုန်နှုန်းမှာ ပို၍ပင် မြန်လာတော့သည်။ တာအိုတစ်ခုဆိုသည်မှာ ‘ရော့ .. အင့်’ ဆိုပြီး ပေး၍မရသော်လည်း ဤအရိပ်များက ထိုသို့ လုပ်နေလေသည်။ ၎င်းတို့ကို လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်သည်နှင့် ရယူပိုင်ခွင့်ရှိမည့်အလားပင်။

မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး ဆေးဖော်နေသော အရိပ်ကို ပြန်ကြည့်လိုက်သည်။ သူက ၎င်း၏အရှေ့သို့ လမ်းလျှောက်သွားပြီး ထိုင်ချကာ ၎င်းအလုပ်လုပ်နေသည်ကို စောင့်ကြည့်လိုက်၏။ သူ့၏မျက်ဝန်းများမှာ ပို၍ စူးရှတောက်ပလာတော့သည်။ တခဏကြာသော် သူက သူ၏ကိုယ်ပိုင်ဆေးပေါင်းဖိုကို ထုတ်၍ အရိပ်၏ဆေးဖော်နည်းအတိုင်း လိုက်လုပ်ကြည့်လေသည်။

တစ်ညကုန်သွားသည်။ ၎င်းသည် သိပ်မကြာလိုက်သော်လည်း မန်ဟို့အတွက် အလွန့်အလွန်ကြာသလို ခံစားရ၏။ စိတ်ကူးကြည့်၍မရလောက်အောင် ကြာနေသည့်အလားပင်။ နောက်ဆုံးတော့ နေစထွက်လာသောအခါ အရိပ်သည် ဆေးလုံးတစ်လုံး ဖော်စပ်ပြီးသွားပြီး ဝတ်ပြုကျောင်း၏အပြင်ရှိ တောင်တန်းများထဲသို့ ဂရုမစိုက်သလို လွှင့်ပစ်လိုက်သည်။ တစ်‌နေရာတွင် မန်ဟိုသည် သူလည်း သူ၏ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးသွားကြောင်း သိလိုက်လေသည်။

‌ကောင်းကင်ကား ယခုတွင် လင်းထိန်နေ၏။

ဝတ်ပြုကျောင်းထဲရှိ အရိပ်များ ဝေဝါးပျောက်ကွယ်လာသည်။ ပရဝုဏ်ထဲရှိ ဆံပင်များလည်း လွင့်ပျယ်လာပြီး နွယ်များလည်း မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား မူလအခြေအနေပြန်ဖြစ်သွားသည်။ မန်ဟိုမှာ ‌မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း အမှောင်ထု ရစ်သိုင်းလည်ပတ်လျက်ရှိသော သူ့လက်ထဲရှိ ဆေးလုံးကို ငုံ့ကြည့်လိုက်သည်။

တကယ်တမ်း ၎င်းက ဆေးလုံးအစစ်မဟုတ်။ ရစ်သိုင်းလည်ပတ်နေသော အနက်ရောင်မြူထုသာ ဖြစ်၏။ သို့သော် ‌နေရောင်ခြည်တို့ ၎င်းကို ထိသောအခါ အနက်ရောင်အခွံတစ်ခုက ၎င်းကို မြုံသွားပြီးနောက် အနက်ရောင်အခွံခြုံထားသော ဆေးလုံးတစ်လုံး ဖြစ်လာသည်။

၎င်းတွင် ဆေးရနံ့မရှိဘဲ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်ထား၏။

မန်ဟိုမှာ အနက်ရောင်အခွံနှင့်ဆေးလုံးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ တခဏကြာတွေးပြီးသော် သူက ၎င်းကို ဖြစ်ကြည့်လိုက်ရာ ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။ သူသည် တုံ့ဆိုင်းမနေဘဲ ဆေးလုံးကို သူနှင့်ဝေးရာသို့ လွင့်ပစ်လိုက်၏။ ဆေးလုံးက ‌လေလယ်တွင် အနက်ရောင်မြူများကို ထုတ်လွှတ်ရင်း ဖောင်းခနဲ ပေါက်ကွဲသွားလေသည်။

တုန်ခါလှိုင်းတစ်လှိုင်းက အရပ်လေးမျက်နှာတွင် ရိုက်ခတ်သွား၏။

“မပြည့်စုံတဲ့ ဖော်စပ်မှု ... ဒါက ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ဟာပဲ” သူပတွေးသည်။ “ဒါပေမဲ့ နတ္ထိကနေ အတ္ထိဖန်တီးတာ ဖြစ်နေသေးတယ်” သူ့မှာ တကယ်တမ်း အတော်လေး အံ့အားသင့်နေသည်။ ဆေးလုံး၏ပေါက်ကွဲအားက တိုက်ကွက်တစ်ကွက်အလားပင်။

“မတည်ငြိမ်တာ ဆိုးလွန်းတယ်။ ထိရုံလေးနဲ့ ပေါက်ကွဲတယ်တဲ့လား။ အခုမှ စဉ်းစားကြည့်တော့ ရင်းနှီးနေသလိုပဲ” သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဤရှေးဟောင်းဝတ်ပြုကျောင်းသို့ လာခဲ့ရသော လမ်းကို ပြန်တွေးကြည့်လိုက်သည်။ မြေကြီးပေါက်ကွဲသွားတတ်သည့် နေရာများစွာကို သူ ကြုံတွေ့ခဲ့ရ၏။ ရုတ်တရက်ဆိုသလို သူသည်‌ ‌စောစောလေးက ထိုအရိပ် ဆေးလုံးအား မည်သို့လွှင့်ပစ်ခဲ့သလဲ သတိရလိုက်ပြီး အဖြေပေါ်သွားတော့သည် ...

“ဒီဟာမှာ ... တခြားအသုံးဝင်တဲ့နေရာ ရှိသေးတာပဲ” သူသည် မျက်လုံးများ လင်းလက်နေလျက် တခဏတွေးပြီးနောက် ဆေးပေါင်းဖိုကို ထုတ်ကာ ယမန်နေ့ညက ‌နည်းလမ်းအတိုင်း ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူ၍ ဆေးလုံးများ ထပ်ဖော်တော့သည်။

အကြိမ်ရေအနည်းငယ် မအောင်မြင်ပြီးနောက်ဆုံး ရစ်သိုင်းလည်ပတ်နေသော အနက်ရောင်မြူထု နောက်နှစ်ခုကို ဖန်တီးနိုင်သွား၏။ နေရောင် ထိတွေ့သောအခါ အနက်ရောင်အခွံက ၎င်းတို့ကို မြုံသွားသည်။ သူသည် အတန်ငယ်လေ့လာပြီးနောက် ပေါက်ကွဲခြင်းမှာ ပစ်ပေါက်လိုက်ရုံလေးနှင့် အသက်ဝင်သွားမည်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ၎င်းအား ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြု၍ရလေသည်။

“မြှုပ်ထားရင် အလဟဿဖြစ်လိမ့်မယ်။ ငါမှ မထိန်းချုပ်နိုင်တာ။ တိုက်ရိုက်ပစ်ပေါက်လိုက်တာက သုံးဖို့ အကောင်းဆုံးပဲ။ ဒီလိုဟာမျိုးနဲ့ဆိုရင် ငါ့မှာ စိတ်တိုင်းကျသုံးနိုင်မယ့် အသက်ကယ်နည်းနောက်တစ်နည်း ရှိသွားပြီ။ ဒါပေမဲ့ ဆိုးလွန်းတယ်... ဒီပစ္စည်းတွေက ပေါက်ကွဲတတ်တာ မှန်ပေမယ့် ဒီနေရာရဲ့ ထူးခြားတဲ့အရှိန်အဝါနဲ့ တစ်ခုခု ပတ်သက်နေသလိုပဲ။ အပြင်မှာ ဖော်စပ်နိုင်ပါ့မလား မသိဘူး” အတန်ကြာတွေးပြီးနောက် သူသည် ဝတ်ပြုကျောင်းသို့ ပြန်ဝင်သွားပြီး ဆေးဆက်ဖော်တော့သည်။

ရက်အနည်းငယ် ကြာသွားသည်။ ညတွင် မန်ဟိုသည် အရိပ်များ လက်ဆင့်ကမ်းပေးနေသော တာအိုများနှင့်ပတ်သက်၍ ဉာဏ်အလင်းရှာတတ်၏။ နေ့ဆိုလျှင် ဆေးဖော်သည်။ မကြာမီ သူ့တွင် ဆေးလုံးဒါဇင်များစွာ ရှိလာ၏။ ၎င်းတို့အထဲ နတ်ဘုရားအာရုံအား စိမ့်ဝင်စေကြည့်သော်လည်း မအောင်မြင်ရာ ထိုအကြံအစည်အား သူ လက်လျှော့လိုက်ရတော့သည်။

သူသည် တစ်ခါတွင် ဆေးဖော်ကြည့်ဖို့ တောင်တန်းများ၏အပြင်သို့ပင် ထွက်လာခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ယင်းက သူ၏အယူအဆကို သက်သေပြနေသည်။ ဤဆေလုံးအမျိုးအစားက ... ဝတ်ပြုကျောင်းထဲ၌ တည်ရှိသော စိတ်ဝိညာဉ်စွမ်းအင်နှင့်သာ ဖော်စပ်၍ရလေသည်။

‌ဝတ်ပြုကျောင်းသို့ ပြန်လာပြီးနောက် မန်ဟိုသည် ထူးဆန်းသော အခွံနက်ဖောက်ခွဲရေးဆေးလုံးအားများ ဆက်ဖော်လေ၏။

“တခြားကမ္ဘာက ရွေးချယ်ခံတွေ မကြာမီ ရောက်လာတော့မယ်...” သူတို့ရောက်လာလျှင် ဖြစ်ပေါ်လာမည့် တိုက်ပွဲများကို မျှော်လင့်ရင်း သူ၏မျက်လုံးများက တောက်ပလာသည်။ သူသည် သူတို့နှင့်သူ မည်မျှကွာသလဲ ... သူ မည်မျှ သန်မာသလဲ၊ မည်မျှအားနည်းသလဲ ကြည့်ရဖို့ ပြင်းပြနေတော့သည်။

***

All Chapters