ခံစားချက်များ ပေါက်ဖွားလာခြင်း
Vol. 62 Ch. 855
သူ၏ပြင်းထန်သော အတွင်းဒဏ်ရာများကို ကုသပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်မျာအား ထုတ်ပြီးသောအခါ မှိန်ပျပျဂူအတွင်း၌ စိုထိုင်းထိုင်းအနံ့များနှင့် ပြည့်နေကြောင်း ထန်ရှုသိလိုက်ရသည်။ အပြင်ရှိ ကောင်းကင်မှာ ဖြည်းဖြည်းချင်း မှောင်ရီပျိုးလာပြီး လေအေးတစ်ချက်က မွှေးပျံ့သော ဟင်းရနံ့ကို သယ်ဆောင်လာလေသည်။
“ဟင်”
ထန်ရှု ခန္ဓာကိုယ်ကို လှည့်လိုက်ရာ ဂူနံရံကို မှီ၍ မှိုင်တွေနေဟန်ရှိသော ကျန်းရှင်းယွဲ့အား သူ၏နှလုံးသားမှာ ဖော်ပြရန် ခက်ခဲရှုပ်ထွေးသည့် ခံစားချက်များဖြင့် လွှမ်းမိုးခံလိုက်ရလေသည်။
‘ငါ ဘာလုပ်သင့်လဲ'
သူက ဤကိစ္စကို ဖြေရှင်းရန် ဦးနှောက်ကို အလုပ်ပေးလိုက်သော်လည်း သင့်လျော်သည့် နည်းလမ်းကို ရှာမတွေ့ခဲ့ချေ။ သူသည် ကျန်းရှင်းယွဲ့နှင့် အကြိမ်အနည်းမျှသာ တွေ့ဖူးပြီး မရင်းနှီးချေ။ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့သူသည် ကျန်းရှင်းယာသာ ဖြစ်ပါက သူ သူမအား ၀န်လေးစွာ လက်ခံပေးနိုင်မည်ဖြစ်သော်လည်း ကျန်းရှင်းယွဲ့အတွက် သင့်တော်မည့်နည်းလမ်းကိုတော့ စဉ်းစားမရပေ။
‘ငါ တာ၀န်ယူလိုက်ရမလား'
သူ့အနေဖြင့် သူမကို ချစ်မြတ်နိုးဖို့ ခက်ခဲလိမ့်မည်သာမက ကျန်းရှင်းယာသာ ဤကိစ္စကို သိရှိသွားခဲ့လျှင် ရင်ကွဲမတတ် ခံစားရရှာလိမ့်မည်။ ထိုမျှသာမက မေတ္တာသက်၀င်မှုမရှိဘဲ ကျန်းရှင်းယွဲ့၏ယောက်ျားဖြစ်လာပြီး သူမကို တာ၀န်ယူလိုက်ပါက ကျန်းရှင်းယွဲ့အတွက် ပိုဆိုးစေမည်ဖြစ်သလို သူမအတွက် ၀န်ထုပ်၀န်ပိုးတစ်ခုပင် ဖြစ်လာနိုင်သည်။
“မင်း....နိုးနေပြီပဲ”
ကျန်းရှင်းယွဲ့မှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ ထန်ရှု၏စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာအား သူမ မြင်ရနိုင်သည်။ သူမ၏မျက်နှာပေါ်တွင် အနေခက်နေသော အမူအရာက ချက်ချင်းပေါ်လာပြီး စက္ကန့်ပိုင်းခန့် ကြာသော် ပျောက်ကွယ်သွားသည်။ သူမက အလျင်အမြန် ပြော၏။ “ရှင် ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေကို စိတ်ပူစရာမလိုပါဘူး။ ကျွန်မ...အကြောင်းအရင်းက...ရှင် ကျွန်မအသက်ကို ကယ်ခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ပါ”
“ငါ နားလည်ပါတယ်” ထန်ရှုက ပြော၏။ “ပြီးတော့ ကျေးဇူးတင်ပါတယ်”
သို့ထိတိုင် ကျန်းရှင်းယွဲ့၏နှလုံးသားထဲတွင် ခါးသီးသော ခံစားချက်တစ်ခုက နေရာယူထားသည်။ သူမသည် အမျိုးသမီးတစ်ယောက်အတွက် အရေးပါဆုံးဖြစ်သည့်....အပျိုစင်ဘ၀ကို ဆုံးရှုံးလိုက်ရသော်လည်း ပြန်ရလိုက်သည်က ကျေးဇူးစကားများသာ။
သူမ၏မျက်၀န်းလေးများမှတဆင့် ထန်ရှု၏မျက်နှာပေါ်ရှိ တောင်းပန်တိုလျှိုးနေသော အမူအရာကို မြင်နေရပြီး သူမက ခေါင်းခါရမ်း၍ ပြောလိုက်၏။ “ဒီတိုင်း မေ့လိုက်ကြတာပေါ့။ ရှင် ကျွန်မကို တစ်ခါကယ်ခဲ့တယ် အခုကျွန်မက ရှင့်ကို ပြန်ကယ်လိုက်တယ်ဆိုတော့ ကြေပြီ။ ဒီနေ့ဖြစ်ခဲ့တာတွေကို ရှင် ဘယ်သူ့ကိုမှ မပြောဖို့ မျှော်လင့်ပါတယ်။ ကျွန်မလည်း ချင်းချန်တောင်က ကိစ္စတွေကို ပြန်မပြောပါဘူးလို့ ကတိပေးထားပြီးသားပဲ။ ဒီနေရာက ထွက်သွားတာနဲ့ ကျွန်မတို့ကြားမှာ ဘာမှမဖြစ်လာစေချင်ဘူး”
“ငါ ကတိပေးပါတယ်” ထန်ရှုက ခေါင်းညိတ်ပြီးနောက် တစ်ချက်တစ်ချက် တုန်ရီနေသော သူမ၏ခန္ဓာကိုယ်ကို သတိထားမိသွား၏။ ထို့နောက် သူက ရုတ်တရက် မေးလိုက်သည်။ “ဒါနဲ့ မင်း မနေ့ကနေ အခုထိ တစ်ခုခု စားထားသေးလား”
“မနေ့ညတည်းက ဘာမှမစားရသေးဘူး” ကျန်းရှင်းယွဲ့က ဖြေသည်။
ထန်ရှုက စကားတစ်ခွန်းမပြောဘဲ ခေါင်းသာညိတ်၏။ သူက ချာကနဲ လှည့်၍ ဂူအတွင်းမှ ထွက်သွားပြီး မီတာအနည်းငယ်အကွာ၌ ကျောက်တုံးတစ်တုံးကို မှီလျက် ရပ်နေသော မိုအားဝူကို ကြည့်လိုက်သည်။ “မင်းမှာ စားစရာတစ်ခုခု ပါလာလား”
မိုအားဝူက သူ့အနား ပျံလာပြီး တရိုတသေ ပြော၏။ “မနေ့ညက ရန်သူ သတိထားမိမှာစိုးလို့ မီးမွှေးပြီး အသားမကင်ရဲခဲ့လို့ မြို့ထဲကနေ စားစရာ သွား၀ယ်လာခဲ့ပါတယ်။ သူဌေး ဗိုက်ဆာလို့လား။ ကျွန်တော် အခု ယူပေးမယ်လေ”
ထန်ရှုက ခေါင်းညိတ်ပြီး မိုအားဝူ ထမင်းဘူးအား ယူနေစဉ် ထပ်မေး၏။ “ပိုးနီပန်းရော”
မိုအားဝူက လက်ဝါးဖြန့်၍ သိုလှောင်လက်စွပ်ထဲ၌ ထည့်ထားသော ပိုးနီပန်းအား ထုတ်၍ ပြောသည်။ “ဒီပိုးနီပန်းကို မနေ့ညက ဝမ်ရွှယ့်ကျုံးဆီက ယူနိုင်ခဲ့ပေမယ့် မထင်မှတ်ထားတာ ဖြစ်သွားခဲ့သေးတယ်။ ချင်းချန်ဘုန်းကြီးကျောင်းကို ကလဲ့စားချေတဲ့ လူနှစ်ယောက်ကို ကျွန်တော်တို့ သတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ဘုန်းကြီးကျောင်းကလူတွေက ထွက်ပြေးသွားကြတယ်ဗျ”
“အင်း။ ချင်းလင်မြို့ကို သွားတော့ရော မူမမှန်တာ တွေ့ခဲ့လား” ထန်ရှုက ခပ်ဩဩလေသံဖြင့် မေးသည်။
“ရွှေခွက်အင်ပါယာဗီလာတွေရဲ့ပိုင်ရှင် ၀မ်ရွှယ့်ကန်းက သူ့ရဲ့သက်တော်စောင့်တွေနဲ့အတူ အသတ်ခံလိုက်ရတယ် သူဌေး။ သူတို့ရဲ့ခေါင်းတွေကို အခု ဗီလာဂိတ်၀မှာ ချိတ်ထားတယ်။ ကျွန်တော်တို့ လျှောက်မေးကြည့်တော့ အစိမ်းရောင်၀တ်ရုံ၀တ်ထားတဲ့ အဘိုးကြီးတစ်ယောက် လက်ချက်တဲ့”
တာအိုအဆိပ်သခင်လား...
ထန်ရှ၏မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူက ခေါင်းညိတ်၍ ပြောသည်။ “ဆိုတော့ တာအိုအဆိပ်သခင်က ထွက်မသွားသေးဘူးပေါ့။ ငါတို့ ထောင်ချောက်ထဲ ၀င်ဖို့ ချင်းလင်မြို့မှာ စောင့်နေတာဖြစ်မယ်။ အားဝူ ငါတို့ နောက်ရက်နည်းနည်းကြာတဲ့အထိ ဒီနေရာမှာ ပုန်းနေကြမယ်။ ငါ့ရဲ့ဒဏ်ရာတွေ ပျောက်သွားတဲ့အချိန်ကျရင် ထွက်သွားမယ်။ ဒါပေမယ့် မင်း ငါ့ကို လုပ်ပေးစရာတစ်ခုရှိတယ်”
“အမိန့်သာပေးလိုက်ပါ သူဌေး” မိုအားဝူက ဆို၏။
“မင်းကို ဆေးပင်စာရင်းတစ်ခု ရေးပေးလိုက်မယ်” ထန်ရှုက ပြောသည်။ “ချင်းလင်ဆေးပင်ဈေးထဲသွားပြီး အဲ့ဒီဆေးပင်တွေကို ၀ယ်လာပေး။ ဒီမှာ အကုန်ရှာမတွေ့ရင် တခြားကို သွား၀ယ်။ မှတ်ထား...ငါ လိုတဲ့ဆေးပင်တွေကို သုံးရက်အတွင်းရအောင် ၀ယ်လာခဲ့”
“နားလည်ပါပြီ” မိုအားဝူက ကျိုးနွံစွာ ပြန်ပြောသည်။
ထန်ရှုက ဂူထဲသို့ ပြန်၀င်လာရာ သူ့အ၀တ်များကို ၀တ်ထားသည့် ကျန်းရှင်းယွဲ့ကို တွေ့လိုက်ရသည်။ သူ့အ၀တ်များက သူမ၏စွဲမက်ဖွယ်အလှကို ဖုံးမထားနိုင်ချေ။ သူက သက်ပြင်းခိုးချ၍ သူ၏သိုလှောင်လက်စွပ်အတွင်းမှ ခေါက်စားပွဲတစ်လုံးနှင့် ထိုင်ခုံများကို ထုတ်လိုက်၏။ ထို့နောက် နေ့လည်စာဘူးအား စားပွဲပေါ်တွင် တင်ကာ ပြောသည်။ “ကဲ အရင်ဆုံး စားကြတာပေါ့။ ပြီးတော့ ငါတို့ ဒီမှာ နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေရဦးမယ်”
ကျန်းရှင်းယွဲ့မှာ ရုတ်တရက် ဘွားခနဲ ပေါ်လာခဲ့သော စားပွဲနှင့်ထိုင်ခုံများအား ကြောင်တောင်တောင် ကြည့်ကာ ရေရွတ်လိုက်၏။ “ရှင် မှော်များတတ်သလား။ ဒီစားပွဲတွေ ဘယ်ကရောက်လာတာတုန်း”
“ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ ထုတ်လိုက်တာလေ” ထန်ရှုက ခပ်ဟဟရယ်လျက် ဖြေသည်။ “ငါတို့လို ကျင့်ကြံသူတွေ ပစ္စည်းတွေ သိမ်းထားလို့ရတဲ့ဟာပေါ့။ ငါက မကြာခဏ လေ့လာရေးထွက်ပြီး တောတောင်ထဲမှာ အိပ်နေကြလေ။ အဲ့ဒါကြောင့် ဘယ်အချိန်မဆို သုံးလို့ရအောင် နေ့စဉ်သုံးပစ္စည်းတွေ ထည့်ထားတာ”
ကျန်းရှင်းယွဲ့မှာ မိုအားဝူနှင့် တခြားလူများ ပျံသန်းခဲ့သည်ကို သတိရလိုက်မိသဖြင့် ထန်ရှု၏မှော်ဆန်ဆန်လုပ်ရပ်များနှင့်ပက်သက်ပြီး အနည်းငယ် စိတ်တည်ငြိမ်သွား၏။ သူမ တစ်ခုခု စားခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ရက်က ဖြစ်လေရာ သူမမှာ ဆာလောင်နေချေပြီ။ ထမင်းဘူးအား ဖွင့်လိုက်သည်နှင့် ပူပူနွေးနွေး ဆန်ပြုတ်ရနံ့အား မွှေးခနဲ ရလိုက်၏။ သူမက တစ်ဇွန်းနှစ်ဇွန်း သောက်ကြည့်ပြီးနောက် အားပါးတရ စားတော့သည်။
ယခုအခိုက်အတန့်ရှိ သူမပုံစံက ထန်ရှုကို သဘောကျစွာ ပြုံးမိစေ၏။ သူကိုယ်တိုင်လည်း ဆာလောင်နေသဖြင့် ချက်ချင်း စားသုံးတော့သည်။ ကံကောင်းစွာဖြင့် မိုအားဝူ ၀ယ်လာခဲ့သော ဟင်းလျာများက သူတို့နှစ်ယောက် ၀၀င်လင်လင် စားသုံးနိုင်ရန် လုံလောက်ပေသည်။
“အားး ဗိုက်တင်းလိုက်တာ” အချိန်အနည်းငယ်ကြာသော် ကျန်းရှင်းယွဲ့က အနည်းငယ်ပူနေသော ဗိုက်လေးကိုပွတ်၍ စိတ်ကျေနပ်စွာ ပြောလာ၏။ ထိုသို့ပြောပြီးနောက် သူမက ဟင်းကျန်များကို စွန့်ပစ်ရန် ထလိုက်လေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တွင် သူမ၏ခြေထောက်များမှာ တုန်ရီလာပြီး သူမခမျာ မှောက်ရက်လဲကျသွားရှာ၏။
ထန်ရှုက အလျင်အမြန် သူမဘေး၌ ဒူးထောက်လိုက်ပြီး ဆွဲထူကာ မေးသည်။ “ဘာဖြစ်သွားတာလဲ...မင်း နာသွားသေးလား”
“ဒီလိုဖြစ်ရတာ...ရှင့်ကြောင့်လေ..အရူးကောင်ရဲ့” ကျန်းရှင်းယွဲ့က ထန်ရှုအား မျက်စောင်းကလေးထိုး၍ ဒေါသတကြီး အော်၏။
“ဟမ် ဘာဖြစ်လို့လဲ။ မင်း နာသွားလို့လား” ထန်ရှုမှာ နားမလည်နိုင်ချေ။
“ရှင် ဆက်ပြောရဲသေးတယ်ပေါ့” ကျန်းရှင်းယွဲ့မှာ အမျက်ချောင်းချောင်း ထွက်နေလေပြီ။
ထန်ရှုမှာ သူမ၏ပြောဆိုပုံကြောင့် စိတ်ရှုပ်ထွေးနေ၏။ သူမ ဂရုတစိုက် ထရပ်နေသည်ကို ကြည့်ရင်း သူ့မှာ အချိန်အတော်ကြာ စဉ်းစားလိုက်ရလေသည်။ ထို့မှသာ သူ့ခမျာ အခြေအနေကို သဘောပေါက်သွား၏။
“ငါ.....” ကျန်းရှင်းယွဲ့အတွက် ထိုသို့ “အထိအတွေ့” မှာ ပထမဆုံးဖြစ်ကြောင်း သတိရလိုက်ရသဖြင့် သူ့မှာ အနေခက်သွားသလို ရှက်ကိုးရှက်ကန်းဘည်း ဖြစ်သွားမိသည်။ သူ သတိလစ်နေစဉ်အတွင်း သူမ၏အပျိုစင်ဘ၀ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ရာ သူ၏ခွန်အားနှင့်စည်းချက်ကို မထိန်းချုပ်နိုင်မှုက သူမအား အတော်လေး နာကျင်စေခဲ့ပေလိမ့်မည်။
“ရှင်ပဲ သိမ်းလိုက်တော့” ကျန်းရှင်းယွဲ့က ထိုင်ခုံပေါ်တွင် ပြန်ထိုင်ရင်း ဒေါသတကြီး ပြော၏။
ထန်ရှုက နှာခေါင်းကို ပွတ်လိုက်ပြီး ဟင်းကျန်များအား သယ်ကာ ဂူပေါက်၀သို့ ခပ်သုတ်သုတ် ထွက်သွားသည်။ ဟင်းကျန်များကို ချုံပုတ်များထဲ သွန်ပြီးနောက် အနီး၌ သစ်ပင်ထူထူတစ်ပင်ကို တွေ့သွား၏။ သူက ၎င်းကို သစ်သားပြားများအဖြစ် ပိုင်းဖြတ်လိုက်ပြီး တစ်ယောက်အိပ်ကုတင်တစ်လုံးအဖြစ် ပြောင်းလဲလိုက်သည်။
ဂူအတွင်းရောက်သည်နှင့် ထန်ရှုသည် ကုတင်အား နံရံ၌ မှီကာ သူ၏သိုလှောင်လက်စွပ်အတွင်းမှ အိပ်ယာခင်းနှင့်ခေါင်းအုံးများထုတ်၍ ပြော၏။ “ငါတို့ ဒီမှာ အတော်ကြာ နေဦးမှာဆိုတော့ မင်း ဒီကုတင်မှာ အိပ်လို့ရတယ်။ ရေနဲ့စားစရာက ငါ အများကြီးယူလာတာမလို့ စိတ်မပူနဲ့။ ငါတို့ ရက်နည်းနည်းလောက် စားသောက်ဖို့ လုံလောက်တယ်”
ကျန်းရှင်းယွဲ့မှာ ထန်ရှု၏မှော်အတတ်များကို မြင်ဖူးသော်လည်း စိတ်၀င်စားနေမိ၏။ သို့သော် သူမတို့နှစ်ယောက်ကြားရှိ လောလောဆယ်အခြေအနေမှာ ထူးခြားနေချေသည်။ သို့ဖြစ်၍ သူမမှာ ရှက်ရွံ့စိတ်ကြောင့် ထဲထဲ၀င်၀င် မမေးမြန်းနိုင်ချေ။
ရက်အနည်းငယ် ကုန်လွန်သွား၏။ ထန်ရှုသည် နောက်ထပ်အသက်ပြည့်ဆေးလုံးတစ်လုံးအား စားပြီးသောအခါ သူ၏ဒဏ်ရာများမှာ အရှင်းပျောက်သွားချေသည်။ ချင်းချန်တောင်သို့ လာခဲ့ရသည့် သူ၏ရည်မှန်းချက် ပြည့်ဝသွားသည့်တိုင် သူက အလောတကြီး ထွက်ခွာမသွားသေးချေ။ ဤနေရာမှ ရန်သူများကို ရှင်းပစ်ရဦးပေမည်။ ထိုစဉ်အတွင်း ကျင်းရှီက ချင်းလင်စီရင်စုသို့ ကြိမ်ဖန်များစွာ ခိုး၀င်ပြီး ရရှိခဲ့သော သတင်းများကို ပြန်လည်အစီရင်ခံ၏။
၎င်းသတင်းများထဲမှ တစ်ခုကား ချင်းလင်စီရင်စု၌ လောလောလတ်လတ် ဖြစ်ပွားခဲ့သော လူသတ်မှုများပင်။ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူအားလုံးနီးပါးမှာ ချင်းချန်ဘုန်းကြီးကျောင်းမှလူများ ဖြစ်ကြ၏။ ယခုတွင် စီရင်စုတစ်ခုလုံးအား မာရှယ်လောထုတ်ထားပြီး အစိမ်းရောင်၀တ်ရုံ ၀တ်ဆင်ထားသည့် လူသတ်သမားကို စုံစမ်းရှာဖွေနေကြသည်။ သို့ထိတိုင် သဲလွန်စကား လုံးလုံးလျားလျား မရှိချေ။
“သူဌေး ချင်းချန်ဘုန်းကြီးကျောင်းက ထွက်ပြေးသွားတဲ့ လူဒါဇင်မှာ ခြောက်ယောက်တောင် သေသွားပြီ။ ဒီလိုအတိုင်းသာဆိုရင် အဲ့ဒီကျောင်း မျိုးသုဉ်းသွားလိမ့်မယ်” ကျင်းရှီက ခါးသီးစွာ ပြုံး၍ ပြော၏။
“အကြောင်းရှိရင် အကျိုးဆိုတာ ဖြစ်လာမှာပဲ” ထန်ရှုက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “ချင်းချန်ဘုန်းကြီးကျောင်း အတိတ်က လုပ်ခဲ့တဲ့ အမှားတစ်ခုကြောင့် ၀ဋ်ပြန်လည်တာပဲ။ ဝမ်ရွီက တစ်ခါက ဗီဗီယန်နီကို ကယ်ခဲ့ဖူးတယ်။ ဒါကြောင့် သူက ငါတို့ထာ၀ရခန်းမအဖွဲ့၀င်ဖြစ်လာခဲ့တယ်။ အဲ့အတွက် ငါတို့ သူ့အပေါ် အကြွေးတင်နေတယ်။ ငါတို့ အဲ့ဒီညကို မမြင်ခဲ့ရတာ ကံဆိုးတာပဲ။ သူ့အခြေအနေက ရက်စက်တဲ့ ဖြစ်နိုင်ချေတွေပဲ ရှိတယ်လေ”
“ပြောရရင် ၀မ်ရွီက ကျင့်ကြံခြင်းမှာ အရည်အချင်းရှိတယ်ဗျ” ကျင်းရှီက စားမြုံ့ပြန်သည်။ “သူ့အားနည်းချက်ဆိုလို့ လေကျယ်တာတစ်ခုပဲရှိတယ်။ အဲ့ဒီညက တိုက်ပွဲမှာ သူသေသွားတာ နှမြောစရာပဲ။ မဟုတ်ရင် ချင်းချန်ကျောင်းရဲ့ အားတစ်ရပ် ဖြစ်လာနိုင်တယ်။ သူတို့ ဒီလိုကပ်ဘေးကြုံခဲ့ရပြီဆိုတော့ နောင်ကျ အောင်မြင်လာနိုင်မှာ”
“အမှန်ပဲ။ သူက အရည်အချင်းရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ချင်းချန်ကျောင်းက သူ့အိမ်လေ” ထန်ရှုက ပြုံး၍ ပြောသည်။ “ချန်းချန်ကျောင်းလည်း မျိုးမသုဉ်းဘူး။ သူလည်း မသေဘူးဆိုရင်တောင် ငါတို့အတွက် အသုံးမ၀င်ဘူး။ မင်းကတော့....ဗရုတ်သုတ်ခအမြင်တွေကို မျက်စိစုံမှိတ် ရမ်းမပြောစမ်းနဲ့”
“ဟဲဟဲ။ ကျွန်တော်တို့အတွက် အသုံမ၀င်တာနဲ့ပဲ တကယ်အရည်အချင်းမရှိတာတော့ မဟုတ်ဘူးမလားဗျ” ကျင်းရှီက သွားဖြီးလျက် ရယ်သည်။ “စကားမစပ် ဒဏ်ရာတွေ သက်သာပြီမလား သူဌေး။ ကျွန်တော်တို့ ဘယ်တော့ ထွက်သွားကြမလဲ”
သူတို့နေရာမှ မလှမ်းမကမ်းတွင် ရှိသည့် ကျန်းရှင်းယွဲ့မှာ သူတို့၏ပြောစကာများကို ကြားနေရလေသည်။ ကျင်းရှီ၏စကားကြောင့် သူမ၏မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ သူမစိတ်မှာ ယခုအချိန်တွင် အင်မတန် ရှုပ်ထွေးနေချေသည်။ သူမမှာ အရင်တည်းက ထန်ရှုသည် အရည်အချင်းရှိသော လူငယ်တစ်ယောက်ဖြစ်ကြောင်း သိသော်လည်း ကြိုက်နှစ်သက်ခြင်း မရှိခဲ့ချေ။ ချင်းချန်တောင်မှမတော်တဆမှုသာမက သူမ၏အပျိုစင်ဘ၀အား သူ့ကို ပေးလိုက်ခဲ့ခြင်းတို့ကြောင့် သူမ၏နှလုံးသားထဲတွင် သူ့အတွက် အထူးခံစားချက်တစ်ခု ဖြစ်တည်နေလေပြီ။ ယင်းကား အချစ်ဟုလည်း ခေါင်းစဉ်တပ်မရပေ။ ၎င်းမှလည်း ဝေးကွာနေသေး၏။
သို့သော် ထန်ရှု အချိန်ပြည့်နီးပါး လေ့ကျင့်နေခဲ့သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူမတို့သည် အတူနေထိုင်ခဲ့ရသည်။ သူမ၏အကြည့်များက သူ့အပေါ်တွင်သာ ကျရောက်ခဲ့ပြီး ပို၍ အာရုံစိုက်နေခဲ့မိ၏။ သူမကို ဂရုစိုက်နေစဉ် ထန်ရှုပြသခဲ့သည့် စကားလုံးများ၊ အပြုအမူများ၊ လှုပ်ရှားသည့်ဟန်ပန်များ၊ တောင်းပန်စကားများ၊ နောင်တများကို အထူးတလည် ဂရုစိုက်ကြည့်ခဲ့မိသည်။ ယင်းတို့အားလုံးက သူမ၏နှလုံးသားထဲအထိ ၀င်ရောက်နိုင်ခဲ့လေသည်။
ယခုတွင် ဝေးလံခေါင်ဖျားပြီး တောအုပ်များ ပြည့်နေသည့် ဤတောင်အတွင်းမှ ထွက်သွားမည့်အချိန်ကို မေးသည့် ကျင်းရှီ၏စကားလုံးများက သူမ၏နှလုံးသားထဲတွင် အခြားခံစားချက်တစ်ခုကို ပေါက်ဖွားစေခဲ့ပြန်သည်။ ထန်ရှုနှင့် မိုးလင်းမိုးချုပ် အတူရှိနိုင်သည့် နေ့ရက်များအား ကုန်ဆုံးမသွားစေလိုပေ။
“ဘ...ဘာ...ငါ.....ဘာတွေ တွေးနေမိတာလဲ”
ကျန်းရှင်းယွဲ့မှာ ရုတ်တရက် အသိစိတ်ကပ်သွားပြီး သူမ၏အတွေးများအား ဖြေရှင်းချက်ပေးလိုက်၏။ ငါ ထန်ရှုနဲ့ ပိုပြီးရင်းနှီးချင်တာက သူ့ရဲ့မှော်ကိစ္စတွေကြောင့်ပဲ....ဟုတ်တယ်။ အဲ့ဒါကြောင့်။