တစတစတိုးလာသော ဆွဲဆောင်မှုများ
Vol. 62 Ch. 856
ထန်ရှုက စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိကာ အကြိမ်အဝောာ်များများ ရှိုက်ဖွာလိုက်သည်။ “အားလုံးက အဆင့်သင့်ပဲ။ ထွက်ဖို့ အချိန်ကောင်းကို စောင့်နေဖို့ပဲ လိုတော့တယ်။ ငါလိုအပ်တဲ့ဆေးပင်တွေကို အားဝူ ၀ယ်လာပြီးတာနဲ့ ဒီနေရာကနေထွက်သွားပြီး တာအိုအဆိပ်သခင်ကို ရှင်းပစ်လို့ရပြီ။ ဘေးကင်းဖို့အတွက် အလင်းနှင့်အမှောင်ကို ငါ ခေါ်ထားသေးတယ်”
“အလင်းနဲ့အမှောင်က ဒီကို လာမှာလား သူဌေး” ကျင်းရှီမှာ အံ့အားသင့်သွားသည်။
“အေး။ ငါ မင်းကို ပြောပြမလို့” ထန်ရှုက ခေါင်းညိတ်၍ ဆို၏။ “ငါ အားဝူကို သူတို့ကိုဆက်သွယ်ခိုင်းထားတယ်။ ဒီနေ့ညနေ ချင်းလင်စီရင်စုကို ရောက်မယ်လို့ မှန်းထားတယ်။ ဆိုတော့ မင်း အရင်ကတစ်ခါ ငါတို့တည်းခဲ့ ဟိုတယ်ကို တိတ်တိတ်လေးသွား။ အဲ့ဒီမှာ သူတို့ကို သွားစောင့် ပြီးရင် ဒီကို ခေါ်လာခဲ့”
“နားလည်ပါပြီ” ကျင်းရှီက ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
သူတို့နှင့် မနီးမဝေးတွင် ကျန်းရှင်းယွဲ့က သူမစိတ်သူမ ထိန်းလိုက်ပြီး ထန်ရှုအနား ခပ်သွက်သွက် လျှောက်လာကာ မေး၏။ “ကျွန်မ သူနဲ့ ချင်းလင်စီရင်စုကို လိုက်သွားလို့ရမလား။ ရေမချိုးရသေးတာ ရက်အတော်ကြာနေပြီဆိုတော့ နေရတာ သက်တောင့်သက်သာမရှိလို့”
“မရဘူး” ထန်ရှုက ခေါင်းခါရမ်း၍ ပြောသည်။ “ကျင်းရှီတစ်ယောက်တည်းသွားမှ ငါ စိတ်ဖြောင့်နိုင်လိမ့်မယ်။ မင်းပါ လိုက်သွားရင် ကျင်းရှီအဖမ်းခံရတာနဲ့ တာာအိုအဆိပ်သခင်က မင်းကို နှိပ်စက်မှာ။ သည်းခံလိုက်ပါဦး။ ပြီးတော့ ငါတို့ အများဆုံး နှစ်ရက်လောက်ပဲ နေရတော့မှာပါ”
ကျန်းရှင်းယွဲ့၏မျက်နှာထက်တွင် စိတ်ပျက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက ခါးသီးစွာ ဆို၏။ “ကလေးဘ၀တည်းကနေ အခုထိ ဒီလောက်အကြာကြီး ရေမချိုးဘဲ မနေခဲ့ဖူးဘူး။ တကယ်ကို မနေနိုင်တော့လို့ပါ။ ပြီးတော့ ဒါတွေက ရှင့်ရဲ့ အင်္ကျီနဲ့ အတွင်းခံတွေလေ...”
ထန်ရှုမှာ အားတုံ့အားနာသာ ပြုံးပြလိုက်မိသည်။ သူ့သိုလှောင်လက်စွပ်ထဲ မိန်းကလေးအ၀တ်များနှင့် အတွင်းခံများ ဆောင်ထားရန် တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ သို့သော် သူ့မှာ ကျန်းရှင်းယွဲ့ကို အရှက်စရာအခြေအနေသို့ ရောက်စေခဲ့မိသည့်အတွက် ထပ်မံ၍ အသက်အန္တရာယ်ပါ မကျရောက်စေလိုပေ။
ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက ချိတုံချတုံ ဖြစ်နေပြီးနောက် ပြော၏။ “မင်း ရေချိုးချင်တယ်ဆိုရင် ငါ ကူညီပေးလို့ရပါတယ်။ ဒါပေမဲ့....”
ကျန်းရှင်းယွဲ့မှာ အတန်ငယ် အံ့အားသင့်သွားပြီး မေးသည်။ “ကျွန်မ တကယ် ရေချိုးလို့ရတယ်လား။ ဒါပေမဲ့ဆိုတာက ဘာဖြစ်လို့တုန်း”
ထန်ရှုက မတ်မတ်ရပ်၍ ရှင်းပြ၏။ “အစီအရင်တချို့ စီရင်လိုက်ရင် မင်း ရေချိုးလို့ရပါတယ်။ ဒါပေမဲ့ မင်း ရေချိုးနေတဲ့အတောအတွင်း ၁၀ မီတာအောက် မနည်းတဲ့အကွာအဝေးမှာ ငါ ရှိနေမှရမယ်”
“ဘာရှင့်” ကျင်းရှင်းယွဲ့၏ မျက်နှာလှလှလေးမှာ ရှက်သွေးဖြာသွားသည်။ သို့သော် သူမသည် ထန်ရှုနှင့် ထိတွေ့ခဲ့ဖူးပြီးသား ဖြစ်သဖြင့် သူမ၏အဖြေကား ရိုးရိုးရှင်းရှင်းသာ။ “ရတယ်။ ရှင် ခိုးမကြည့်သရွေ့ အဆင်ပြေတယ်”
ထန်ရှုက သက်မခိုးချ၍ ပြော၏။ “ကောင်းပြီ။ ဂူထဲ ပြန်သွားကြရအောင်။ အပြင်မှာ ဘေးကင်းတယ်ဆိုပေမယ့် အစီအရင်ကြောင့် ရန်သူ ရှာတွေ့သွားနိုင်တယ်”
ထိုသို့ပြောပြီးနောက် သူက ဂူအတွင်း၀င်သွားကာ မင်္ဂလာမိုးစက်အစီအရင်ကို စီရင်ပြီးနောက် ၎င်းပတ်ပတ်လည်တွင် လွှဲပြောင်းအစီအရင်ကို နေရာချထားလိုက်သည်။ ထို့နောက် သူက ပြော၏။ “အထဲ၀င်ပြီးတော့ အ၀တ်တွေချွတ်လိုက်။ ဒါပေမဲ့ မြန်မြန်ချိုးနော်။ အများဆုံး ဆယ်မိနစ်ပဲ အချိန်ရမယ်။ မဟုတ်ရင် ရေနွေး ရတော့မှာမဟုတ်ဘူး”
’ဒီမှာ အ၀တ်ချွတ်ရမှာလား’
ထန်ရှုမည်မျှပင် ဖြောင့်မတ်ပါစေ..သူမမှာ ရှက်ရွံ့ကာ တုံ့ဆိုင်းနေလေသည်။ သူမက မေး၏။ “ရှင် ဟိုဘက် လှည့်နေပါလား။ ကျွန်မ...”
ထန်ရှုက သိုလှောင်လက်စွပ်အတွင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများကို ထုတ်၍ သူမအား ပေးသည်။ “စိတ်မပူပါနဲ့။ မင်းအစီအရင်ထဲ ဝင်လိုက်တာနဲ့ အပြင်ကလူတွေ အထဲကို မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းကတော့ အပြင်ကို မြင်ရလိမ့်မယ်”
“တကယ်လား” ကျန်းရှင်းယွဲ့မှာ တုံ့ဆိုင်းနေသေးလျက် ထပ်မံ အတည်ပြုနိုင်အောင် မေး၏။
ထန်ရှုက မဖြေဘဲ အစီအရင်ထဲ ၀င်သွားသည်။ သူအထဲဝင်သွားသည်နှင့် သူ၏ခန္ဓာကိုယ်မှာ ရုတ်ချည်းပျောက်ကွယ်သွားသဖြင့် ကျန်းရှင်းယွဲ့မှာ အံ့အားသင့်သွား၏။ သူ့မှာ ဤကမ္ဘာမှ ပျောက်ကွယ်သွားသည့်အလားပင်။
တခဏကြာသော် ထန်ရှုက အစီအရင်ထဲမှ ထွက်လာကာ ကျန်းရှင်းယွဲ့အား ကြည့်၍ ပြော၏။ “မင်း အခု ယုံပြီမလား”
ကျင်းရှင်းယွဲ့က အားရ၀မ်းသာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး အစီအရင်ထဲ ၀င်သွားသည်။ သူမ၏အ၀တ်များက အထဲရှိ မိုးစက်များကြောင့် ရွှဲရွဲစိုသွား၏။ သို့သော် သူမှာ ကြက်သီးများ တဖြန်းဖြန်း ထသွားစေသည့် အေးစိမ့်လှသော မိုးရေကြောင့် အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူမက ဒေါသူပုန်ထစွာ ပြော၏။ “ဒီမှာ ရှင်ပြောတော့ အထဲမှာ ရေနွေးရတယ်ဆို။ ဘာလို့ အေးစိမ့်နေတာလဲ”
“မင်းကို မ၀င်ခင် အ၀တ်ချွတ်ဖို့ ပြောခဲ့တယ်မလား” ထန်ရှုက ကူကယ်ရာမဲ့စွာ ပြောသည်။”ဟိုနားက မျဉ်းကြောင်းကို မြင်လား။ အဲ့မျဉ်းကြောင်းကို ဖြတ်သွားပြီး အ၀တ်ချွတ်လိုက်။ ပြီးရင် မိုးရွာပေးမယ့် ဒုတိယမျဉ်းကြောင်းကို ဖြတ်သွား။ မင်း ပထမမျဉ်းကြောင်းကို ဖြတ်ပြီးသွားရင် မိုးရေပူလာဖို့ ဆယ်စက္ကန့်စောင့်ရလိမ့်မယ်”
“အမ်... ဘာလို့လဲ” ကျန်းရှင်းယွဲ့က စူးစမ်းလိုစိတ်အပြည့်ဖြင့် မေး၏။
“ဘာလို့လဲဆိုတော့ ဒီမင်္ဂလာမိုးစက်အစီအရင်ကို သဘာ၀လွန်စွမ်းအားနဲ့ အုပ်ထားလို့” ထန်ရှုက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောသည်။ “မီးတောက်ရဲ့အပူချိန်က အစီအရင် မပျက်စီးတဲ့အချိန်အတွင်း မိုးရေကို ပူလာစေလိမ့်မယ်။ အာ.... ထားလိုက်စမ်းပါကွာ။ ငါ ပြောလည်း မင်း နားလည်မှာမှ မဟုတ်တာ။ ရေချိုးချင်ရင် မြန်မြန်ချိုးတော့။ ငါ့မှာ အကြာကြီးထိန်းထားဖို့ မှော်စွမ်းအားအလုံအလောက်မရှိဘူး”
“အင်းပါ”
ကျန်းရှင်းယွဲ့က အစီအရင်ထဲ ၀င်လိုက်သည်။ သူမ အ၀တ်များကို ချိတုံချတုံ ချွတ်နေသော်လည်း ထန်ရှု ပျောက်ကွယ်သွားခြင်းကို တွေ့ခဲ့ရသဖြင့် သူ့အား ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ဒုတိယမျဉ်းကြောင်းကို အ၀တ်ဗလာဖြင့် ဖြတ်သွားပြီးနောက် ၎င်းမျဉ်းကြောင်းအလွန် နေရာအား မီးတောက်များ လွှမ်းခြုံရန် ချိပ်တံဆိပ်များ ပုံဖော်နေသည့် ထန်ရှုအား မြင်လိုက်ရသည်။
သူမမှာ အ၀တ်ဗလာဖြင့် ရပ်နေရပြီး ထန်ရှုမှာ ၇ မီတာ အကွာတွင် ရှိနေသဖြင့် ရှက်ရွံ့နေမိသေး၏။ သို့သော် သူမသည် ဤမှော်အစီအရင်သာမက အပြင်မှ လွှမ်းခြုံထားသော မီးတောက်များကြောင့် အံ့အားလည်းသင့်နေချေသည်။
ရေအပူချိန် မြင့်တက်လာပြီး အအေးဓာတ်ပျောက်ကွယ်သွားသည့်အချိန်တွင် သူမက အနည်းငယ် ရှက်ရွံ့စွာဖြင့် အလျင်အမြန် ရေချိုးလိုက်သည်။ ဤသည်ကား သူမဘ၀၏အမြန်ဆုံးနှင့် ရှက်ကိုးရှက်ကန်းအနိုင်ဆုံး ရေချိုးခြင်း ဖြစ်၏။ သူမရေချိုးနေစဉ် ၇ မီတာအကွာရှိ ထန်ရှုအား မြင်နေရပြီး သူမနှလုံးသားထဲရှိ ခံစားချက်များကလည်း လှိုင်းထန်နေသည်မဟုတ်ပါလော။
သူမမှာ ထိုညတုန်းက အထိအတွေ့များကို ပြန်တွေးမိသွားသည်...ထိပ်ဆုံးအထိရောက်ခဲ့သည့် ခံစားချက်များ...နှစ်ယောက်အကြားရှိ အရူးအမူး ပွတ်တိုက်မှုများ....
“မြန်မြန် ငါ နှစ်မိနစ်ပဲ ထိန်းထားနိုင်တော့မယ်”
ထန်ရှု၏အပြင်မှ အော်သံအား ကြားလိုက်ရသည်။
ကျန်းရှင်းယွဲ့မှာ ယင်းကို ကြားသည်နှင့် ခပ်သုတ်သုတ် ကိုယ်လက်ဆေးကြောလိုက်ပြီး တစ်မိနစ်ကြာသော် အော်မေးလိုက်၏။ “ကျွန်မ ရေချိုးပြီးပြီ။ ဒါပေမဲ့ ရှင် ထိန်းပေးနေတာကို ရပ်လိုက်ရင် ရေက ချက်ချင်း ပြန်အေးသွားမှာလား”
“မင်း ငါ ပြောပြခဲ့တဲ့ မျဉ်းနှစ်ကြောင်းကို မှတ်မိတယ်မလား။ အဲ့ဒီနေရာကို ဖြတ်လျှောက်လိုက်ရင် ရပြီ” ထန်ရှုက ပြောသည်။
“သိပြီ” ကျန်းရှင်းယွဲ့က ထန်ရှုကို ပြန်ဖြေသည်။ သို့သော် သူမ အပြင်သို့ ရောက်သည့်အချိန်မှသာ ထန်ရှုသည် သူမအား တစ်ကိုယ်ရေသုံးပစ္စည်းများသာ ပေးခဲ့ပြီး အ၀တ်အစားများ မပေးခဲ့ကြောင်း သတိရသွား၏။
ထန်ရှု၏မျက်နှာမှာ အတန်ငယ် ဖြူလျော့နေချေသည်။ သူ့မှာ မှော်စွမ်းအင်ဖြင့် မီးတောက်များ ထုတ်နေခဲ့သဖြင့် အတော်လေးပင်ပန်းသွား၏။ အစီအရင်အား ရပ်တန့်ပြီးနောက် သူက သိုလှောင်လက်စွပ်အတွင်းမှ အ၀တ်အထည်အသစ်တစ်စုံကို ထုတ်ပြီး ကုတင်အပေါ်၌ တင်လိုက်သည်။ ထို့နောက်မှသာ ပြော၏။ “ဒီမှာ မင်းအတွက် အ၀တ်တွေ။ ငါ အရင် သွားပြီ”
ဂူအပြင်တွင်။
ရွှဲ့ရှနှင့် ဟိုက်ရှန်းတို့သည် ချုံပုတ်များအတွင်း၌ ပုန်းနေကြပြီး မှန်ပြောင်းအသေးစားများဖြင့် ပတ်၀န်းကျင်ကို အကဲခတ်နေကြသည်။ သူတို့အနား တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း ခံစားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ထန်ရှုကို မြင်လိုက်ရပြီး ချက်ချင်း တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။ ထို့နောက် ရွှဲ့ရှက ထန်ရှုအနားကပ်၍ ခပ်တိုးတိုးပြော၏။ “ကျွန်တော်တို့နဲ့ မီတာ ၄၅၀ လောက်အကွာက နာရီလက်တံ ၄ နာရီကို ကြည့်လိုက်ပါ သူဌေး။ ချန်းချန်ဘုန်းကြီးကျောင်းက လူတစ်ယောက်ရှိတယ်။ ကျွန်တော်တို့ အဲ့ဒီနေရာကို စောင့်ကြည့်နေတာ ကြာပြီ။ သူက အခု ဟိုနားက မြက်ပင်တွေကြားထဲမှာ တစ်ယောက်တည်း ပုန်းနေပြီး အနားယူနေပါတယ်”
ထန်ရှုက မျက်မှောင်ကြုတ်လျက် မေး၏။ “သူ ဘယ်ဘက်က လာတာလဲ”
“ချင်းလင်စီရင်စုဘက်ကပါ။ ကြည့်ရတာ ချင်းချန်ဘုန်းကြီးကျောင်းဆီ သွားနေတာဖြစ်မယ်” ရွှဲ့ရှက ဖြေသည်။
တခဏ တိတ်ဆိတ်နေပြီးနောက် ထန်ရှုက ဆို၏။ “မင်းတို့နှစ်ယောက် ကျန်းရှင်းယွဲ့ကို ကာကွယ်ဖို့ ဒီမှာနေခဲ့။ ငါ သူ့ရည်ရွယ်ချက်ကို သိရအောင် သူ့နောက်လိုက်သွားမယ်”
“အန္တရာယ်မများဘူးလား သူဌေး” ရွှဲ့ရှက စိုးရမ်ပူပန်စွာ မေး၏။
“စိတ်အေးအေး ထားစမ်းပါကွာ” ထန်ရှုက ခေါင်းခါရမ်း၍ ပြောသည်။ “အားဝူ ပြန်မလာသေးသရွေ့ ငါ တာအိုအဆိပ်သခင်နဲ့ တွေ့တာနဲ့ ပြန်လှည့်လာခဲ့မယ်။ အဲ့အဘိုးကြီး သူ့အဆိပ်ကို မသုံးသရွေ့ ငါ့ကို လွယ်လွယ် မသတ်နိုင်ပါဘူး”
ဆယ်မိနစ်ကြာသော် ထန်ရှုသည် ချန်းချန်ဘုန်းကြီးကျောင်းထံ သွားနေပြီဖြစ်သည့် ချန်းချန်ဘုန်းကြီးကျောင်းမှ ကျွမ်းကျင်သူအား တိတ်တဆိတ် ခြေရာခံလိုက်ခဲ့၏။ နာရီပေါင်းများစွာ ပြေးပြီးနောက် သူသည် မီးတောက်များ ငြိမ်းသွားပြီဖြစ်သည့် ဘုန်းကြီးကျောင်းထံ ရောက်ရှိလာခဲ့သည်။ ထိုလူက အမှောင်ထဲတွင် တခဏ ပုန်းလျက် ပတ်၀န်းကျင်ကို အကဲခတ်ပြီးနောက် ပြာကျနေသည့် ဘုန်းကြီးကျောင်းရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူက မြေပြင်အား အကြိမ်အနည်းငယ် ခေါင်းနှင့်တိုက်ပြီးနောက် မြောက်ဘက်သို့ ခပ်သုတ်သုတ် ထွက်သွား၏။
ထိုလူ၏လှုပ်ရှားမှုများမှာ ပေါ့ပါးပြီး သတိကြီးစွာဖြင့် ပတ်၀န်းကျင်ကို မကြာခဏအကဲခတ်လေသည်။ ယခုတွင် ပြိုကျနေပြီဖြစ်သည့် ဘုန်းကြီးကျောင်း၏အမြင့်ဆုံးအဆောက်အဦးကို ဖြတ်ပြီးသောအခါ သူက မြောက်ဘက်သို့ ဆက်လက်လျှောက်သွား၏။ မိနစ်၀က်မျှကြာသော် နောက်ထပ် ခြံ၀န်းတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။
ထန်ရှုက ထိုလူအဆောက်အဦးတစ်ခု၏အခန်းအတွင်း ၀င်သွားသည်ကို စောင့်ကြည့်နေ၏။ သူ၏စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သောအခါ ထိုလူသည် တစ်မီတာကျော်အရွယ်အစားရှိသည့် ကြွေအိုးတစ်လုံးကို ကိုင်ထားကြောင်း အံ့ဩဖွယ်ကောင်းစွာ တွေ့လိုက်ရ၏။ သူက ၎င်းအိုးကို အားကုန် လှည့်လိုက်ရာ စေ့စေ့ပိတ်နေခဲ့သော နံရံမှာ ပွင့်လာပြီး အောက်သို့ ဆင်းသွားနိုင်သည့် လှေကားထစ်များ ပေါ်လာသည်။
ထန်ရှုက သူ့နောက်မှ လိုက်သွားသည်။ ထိုလူ လှေကားမှ အတော်လှမ်းလှမ်းသို့ ဆင်းသွားသည့်အချိန်တွင် နံရံမှာ ပိတ်စပြုလာ၏။ ထန်ရှုလည်း အလောတကြီး အထဲသို့ ၀င်သွားတော့သည်။
“၀မ်ဖန်လား”
အသံတချို့ကြားလိုက်ရပြီး မကြာခင် ထိုလူ့ရှေ့တွင် လူရိပ်အချို့ ပေါ်လာ၏။
၀မ်ဖန်ဟုခေါ်သော ထိုလူမှာ သူ့အရှေ့ရှိ လူကို တွေ့သည်နှင့် မျက်ရည်များ စီးကျလာတော့သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ခါးသီးစွာ ပြော၏။ “ငါတို့ ချင်းချန်ကျောင်းတော့ တကယ်သွားပြီးပဲ။ အပေါ်မှာ နေတဲ့လူ ၆၄ ယောက်ရှိတာကနေ ၈ ယောက်ပဲ ကျန်တော့တယ်။ မင်းတို့အားလုံး အလဟဿ မသေအောင်လို့ ကျောင်းထိုင်က ဒီအကျဉ်းခန်းတွေကို ဖွင့်ခွင့်မပေးခဲ့ဘူး”
ဗလတောင့်တောင့် သတ်လတ်ပိုင်းလူတစ်ယောက်က အလျင်အမြန် မေး၏။ “ကျောင်းထိုင်ရော”
“သူက ဘေးကင်းပါတယ်။ ဒါပေမဲ့ လက်ထောက်ကျောင်းထိုင်တော့ သေသွားပြီ” ၀မ်ဖန်က ဖြေသည်။ “ဒီကိုလာပြီး ခင်ဗျားတို့ကို လွှတ်ပေးဖို့ ကျောင်းထိုင်က အမိန့်ပေးလိုက်လို့ အမြန်ဆုံးလာခဲ့တာပဲ”
သတ်လတ်ပိုင်းလူအတော်များများမှာ ငြိမ်ကျသွား၏။ သူတို့ထဲမှ တစ်ယောက်က သော့တွဲတစ်ခုကို ထုတ်၍ ပြောလေသည်။ “ငါ အခန်းတံခါးတွေ ဖွင့်လိုက်တော့မယ်။ သူတို့ အရင်က အမှားလုပ်ခဲ့တာနဲ့ပဲ ဒီမှာ သေအောင် မထားခဲ့နိုင်ဘူး”
“အေး” ကျန်လူများက ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်ကြသည်။
မိနစ်အနည်းငယ်ကြာသော် အခန်း ၆ ခန်း၏တံခါးများပွင့်လာပြီး အပြစ်ကျူးလွန်ခဲ့ဖူးသည့် ချင်းချန်ဘုန်းကြီးကျောင်း အဖွဲ့၀င်၊ အမျိုးသား၊ အမျိုးသမီးများက အလျင်အမြန် ထွက်လာကြသည်။ သူတို့ထဲမှ လူငယ်တစ်ယောက်ကား အမြန်ဆုံး ထွက်လာလေသည်။
‘၀မ်ရွီလား'
လှေကားထောင့်တစ်နေရာတွင် ပုန်းနေသော ထန်ရှုမှာ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိုလူငယ်မှာ ၀မ်ရွီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
၀မ်ရွီက ထိုလူများထံ အလျင်အမြန် ပြေးလာပြီး အလောတကြီး မေး၏။ “အပေါ်က အခြေအနေဘယ်လိုပဲ။ ရန်သူတွေ ထွက်သွားပြီလား”
“ထွက်မသွားကြသေးဘူး။ ဒါပေမဲ့ ချင်းချန်ဘုန်းကြီးကျောင်းတစ်ဝိုက်မှာ ငါတို့လူတွေကို ရှာနေကြတုန်းပဲ” ၀မ်ဖန်က ခါးသီးစွာ ပြောသည်။ “ငါအပါအ၀င် အပေါ်ကလူ ရှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ ပြီးတော့ ကျောင်းထိုင်က ရှင်ကျန်ခဲ့တဲ့လူအားလုံး အမြန် ထွက်သွားရမယ်တဲ့”
၀မ်ရွီ၏သူငယ်အိမ်များ ကျုံ့သွားပြီး သူက ၀မ်ဖန်၏လက်မောင်းကို လှမ်းဆွဲကာ မေး၏။ “ကျွန်တော့်အဖေရော။ သူ ဘယ်မှာလဲ”
၀မ်ဖန်၏မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး သူက ပြန်ဖြေ၏။ “၀မ်ရွီ ကျေးဇူးပြုပြီး မင်းရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး အဖြစ်အပျက်တွေကို လက်ခံပေးပါ။ လက်ထောက်ကျောင်းထိုင် ချင်းလင်စီရင်စုကို ထွက်ပြေးနေတုန်း ရန်သူတွေက သူ့ကို လိုက်မှီသွားခဲ့တယ်။ သူ....သူ သေသွားပြီ”
“ဗျာ...” ၀မ်ရွီ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာပြီး သူ့မှာ ထိုနေရာ၌ပင် ကြက်သေသေသွားတော့သည်။