← Chapters

အဖိုးတန်ဆေးပင်များနှင့် ကျင့်ကြံခြင်းအတတ်များ လဲလှယ်မည်

Vol. 62 Ch. 857

အဖိုးတန်ဆေးပင်များနှင့် ကျင့်ကြံခြင်းအတတ်များ လဲလှယ်မည်

Vol. 62 Ch. 857

၀မ်ရွီကို အသက်ရှင်လျက် တွေ့ရလိမ့်မည်ဟု ထန်ရှုထင်မထားခဲ့ချေ။ သူ၏စိတ်ဝိညာဉ်အာရုံမှတဆင့် ၀မ်ရွီ၏နာကျင်မှုအား ခံစားရနိုင်လေရာ သူက သက်ပြင်းချ၍ လှေကားထောင့်မှ ထွက်လာခဲ့သည်။ သူသည် ချင်းချန်ဘုန်းကြီးကျောင်းနှင့် ကျောင်းမှအဖွဲ့၀င်များအား ကျရောက်မည့်ကပ်ဘေးမှ ကယ်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် သူ အဆိပ်မိခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့လေရာ ချင်းချန်ဘုန်းကြီးကျောင်း၏ကျန်အဖွဲ့၀င်များ ဒါဇင်နှင့်ချီ၍ အသတ်ခံခဲ့ရပေသည်။

“ဘယ်သူလဲ”

၀မ်ရွီမှလွဲ၍ မြေအောက်ခန်းရှိ ကျန်လူကိုးယောက်မှာ ထန်ရှုကို တွေ့သည်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ခင်များတို့ကို ရန်ပြုလိုတဲ့စိတ်မရှိတဲ့အတွက် မစိုးရိမ်ကြပါနဲ့” ထန်ရှုက‌ ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်သည်။ “တာအိုအဆိပ်သခင်က သူ့ရဲ့အဆိပ်နဲ့ ကျုပ်ကို အလစ်၀င်တိုက်သွားခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် ကျုပ် ချန်းချန်ဘုန်းကြီးကျောင်းရဲ့ ကျန်တဲ့လူတွေကို ကာကွယ်ပေးနိုင်ခဲ့မှာ”

“စီနီယာလား”

၀မ်ဖန်မှာ ထန်ရှုကို မြင်သောအခါ အံ့အား‌‌သင့်ပျော်ရွှင်သွားပြီး ကျန်သူများ ကြည့်နေသည့်တိုင် သူက ထန်ရှုထံ ပြေးသွား၏။ သူက ဒူးထောက်၍ အကြိမ်အနည်းငယ် အရိုအသေပေးပြီးနောက် တရိုတသေ ပြောလေသည်။ “စီနီယာ အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ စီနီယာသာ ၀င်မကယ်ခဲ့ရင် အဲ့ဒီ့ညက ရှင်ကျန်ခဲ့တဲ့လူတွေ သေသွားတာကြာပြီ။ ကျွန်တော်က ချန်းချန်ကျောင်းရဲ့ ၀မ်ဖန်ပါ။ စီနီယာက အခု ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ”

ထန်ရှုက သူ့ပခုံးကိုပုတ်လိုက်ပြီး ၀မ်ရွီအနားလျှောက်လာ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “သေတဲ့လူကို အသက်မှ ပြန်သွင်းမရတော့တာ။ ဒါကြောင့် ၀မ်းနည်းပူဆွေးမနေဘဲနဲ့ ဖြစ်ပြီးသားကို လက်ခံလိုက်ပါတော့။ ခင်ဗျားက တောင်တရုတ်ပင်လယ်မှာ ဗီဗီယန်နီကို ကယ်ခဲ့‌တော့ ကျေးဇူးဆပ်တဲ့အနေနဲ့ တာအိုအဆိပ်သခင်ကို သတ်ဖို့ ကျွန်တော် ကူညီပေးမယ်”

၀မ်ရွီမှာ ဤနေရာ၌ ထန်ရှုကို‌ တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုမျှသာမက ထိုညက ချင်းချန်ကျောင်းကို ကူညီခဲ့သူကလည်း ထန်ရှု ဖြစ်နေလိမ့်မည်ဟု တွေးမထားခဲ့။ သို့ထိတိုင် သူ၏မျက်လုံးများ၌ အမုန်းမီးလျှံများ တောက်လောင်သွားပြီး သူက လှည့်၍ မေးလိုက်သည်။ “မင်း ပြောတာ...ငါ့အဖေကိုသတ်ပြီး ငါတို့ချင်းချန်ကျောင်းကို ဖျက်ဆီးသွားတဲ့လူနာမည်က တာအိုအဆိပ်သခင်ပေါ့လေ”

“ခင်ဗျားတို့ ချင်းချန်ကျောင်းကို ဖျက်ဆီးသွားခဲ့တဲ့လူတွေက တာအိုအဆိပ်သခင်ရဲ့ တပည့်တွေ။ ဒါပေမဲ့ အခု ချင်းချန်ကျောင်းရဲ့ ကျန်ခဲ့တဲ့လူတွေကို လိုက်သတ်နေတာ တာအိုအဆိပ်သခင်ပဲ” ထန်ရှုက ပြောသည်။ “ခင်ဗျားရဲ့ အဖေက အဲ့ဒီညတုန်းက မသေခဲ့ဘူး။ ထွက်ပြေးနေတဲ့အတောအတွင်း တာအိုအဆိပ်သခင် ရှာတွေ့သွားပြီး အသတ်ခံခဲ့ရတာဖြစ်မယ်။ အမုန်းတရားကို ဖယ်ထားလိုက်ပါ ၀မ်ရွီ။ ဒီသွေးကြွေးကို ကလဲ့စားချေနိုင်အောင် ကျွန်တော်ကူညီပေးပါ့မယ်”

၀မ်ရွီမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း မေး၏။ “ဒီတာအိုအဆိပ်သခင်က အဲ့ဒီလောက်တောင် အစွမ်းထက်တာလား”

“သူက ပျံနိုင်ပြီးတော့ ‌တိုက်ကွက်တွေ မထိနိုင်ဘူး။ သာမန်လူတွေ မှန်းဆနိုင်တာထက် အစွမ်းထက်တယ်” ထန်ရှုက ပြောသည်။ “ခင်ဗျားတို့ ချင်းချန်ကျောင်းကလူတွေ အကုန်ပေါင်းလိုက်ရင်တောင် သူ့ကို ယှဉ်မတိုက်နိုင်ဘူး။ ခင်ဗျားတို့ကို လက်ကလေးနဲ့ တောက်ချလိုက်လိမ့်မယ်”

ဘုတ်...

၀မ်ရွီက ထန်ရှုအရှေ့၌ ဒူးထောက်လိုက်ပြီး ခက်ထန်စွာ ပြတ်ပြတ်သားသား ပြော၏။ “ထန်ရှု ငါ့ရဲ့အစွမ်းအစနဲ့ ဒီသွေးကြွေးကို ကလဲ့စားမချေနိုင်ဘူးဆိုတာ မင်းသိပါတယ်။ ဒါပေမဲ့ မင်း တာအိုအဆိပ်သခင်ကို သတ်တဲ့အခါကျရင် ငါ့ကို ခေါ်သွားစေချင်တယ်။ ငါ...ငါ့မျက်လုံးနဲ့ ‌သူသေသွားတာကို မြင်ချင်တယ်”

ထန်ရှုက တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်၍ ပြန်ဖြေသည်။ “ကျွန်တော် ကတိပေးပါတယ်။ ဒါပေမဲ့ ခင်ဗျား အခုဘာဆက်လုပ်မှာလဲ။ အခုထွက်သွားမယ်ဆိုရင် တာအိုအဆိပ်သခင် ခင်ဗျားတို့ကို ရှာတွေ့တာနဲ့ ထွက်မပြေးနိုင်ဘဲ သေရလိမ့်မယ်”

“အခုထိ တာအိုအဆိပ်သခင်ကို မသတ်နိုင်သေးဘူးပေါ့ စီနီယာ”  ၀မ်ဖန်က မေးသည်။

“ဓားတွေ လက်သီးတွေ သုံးရတဲ့ တကယ့်တိုက်ပွဲမှာဆိုရင်တော့ ကျုပ် နိုင်အောင် တိုက်နိုင်လောက်တယ်။ ဒါပေမဲ့ သူ့ကို တာအိုအဆိပ်သခင်လို့ ခေါ်ရတဲ့ အကြောင်းအရင်းက သူ့က အဆိပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လို့ပဲ။ ကျုပ်တောင် မှန်းဆမရတဲ့ ထူးဆန်းတဲ့ အဆိပ်ခတ်နည်းလမ်းတွေကိုလည်း သိသေးတယ်။ ကျုပ် သူ သုံးတဲ့အဆိပ်အကြောင်း မသိလို့ သူ ကျုပ်ကို အလွယ်တကူ အနိုင်ယူနိုင်သွားတာ” ထန်ရှုက ခေါင်းခါရမ်း၍ ဆက်ပြော၏။ “ဥပမာပြောရရင် အဲ့ဒီနေ့ညပေါ့။ ကျုပ်သာ အဆိပ်မမိခဲ့ရင် သူ့ကို အသေသတ်နိုင်ခဲ့ပြီးတော့ ချင်းချန်ကျောင်းက လူတွေကိုလည်း ကာကွယ်ပေးနိုင်ခဲ့မှာပဲ”

“ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ” ၀မ်ဖန်က ခါးသီးစွာ ပြောသည်။

“စိတ်မပူပါနဲ့။ ကျုပ်လူတွေကို ဆေးပင်တွေ ရှာခိုင်းထားပါတယ်။ အဲ့ဒီဆေးပင်တွေရတာနဲ့ အဆိပ်ကာကွယ်ဆေးလုံးကို ကျုပ်ဖော်လို့ရပြီ။ အဲ့ဒီဆေးလုံးကို သောက်ထားရင် အဆိပ်အားလုံးကို မခုခံနိုင်ရင်တောင်မှ သာမန်အဆိပ်ပြင်းတွေက ကျုပ်အပေါ် သက်ရောက်တော့မှာ မဟုတ်ပါဘူး”

“အဲ့ဒါဆိုရင် ဘာဆေးပင်တွေ လိုတာလဲ စီနီယာ” ၀မ်ဖန်က အလျင်အမြန် မေး၏။ “ကျုပ်တို့ ချင်းချန်ဘုန်းကြီးကျောင်းရဲ့ မြေအောက်သိုလှောင်တိုက်ထဲမှာ ဆေးပင်တွေအများကြီးရှိတယ်။ အဲ့ဒီထဲမှာ စီနီယာ လိုတာ ရှိလောက်မယ်”

ထန်ရှု၏မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး သူက သူလိုအပ်သည့် ဆေးပင်များကို အလျင်အမြန် ပြောပြ၏။ ချန်း‌ချန်ဘုန်းကြီးကျောင်းသည် ချင်းချန်တောင်နက်ပိုင်း၌ ရှိနေသည့်အချက်အား သူ သတိမထားမိခဲ့ပေ။ သူတို့အတွက် ဆေးပင်များ အလွယ်တကူ စုဆောင်းနိုင်သည့် အားသာချက် ရှိလေရာ အဖိုးတန်ဆေးပင် အတော်များများ သိုလှောင်ထားပေလိမ့်မည်။

“ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပါ စီနီယာ” ၀မ်ဖန်က ပြောသည်။ “ဒီနားက မြေအောက်သိုလှောင်တိုက်ဆီ သွားကြ‌တာပေါ့။ စီနီယာပြောခဲ့တဲ့ ဆေးပင်အတော်များများ အထဲမှာ ရှိလောက်ပါတယ်”

“သွားကြစို့” ထန်ရှုက အချိန်ဆွဲမနေဘဲ သူတို့နှင့်အတူ အကျဉ်းခန်းထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ချင်းချန်ဘုန်းကြီးကျောင်း၏ မြေအောက်သိုလှောင်တိုက်သည် မြောက်ဘက်တောင့်ရှိ ခပ်မြင့်မြင့် ခြံ၀န်းတွင် ရှိ၏။ ၎င်းသည် အတိတ်တုန်းက ချင်းချန်ဘုန်းကြီးကျောင်း၏ရတနာတိုက်တစ်ခုဖြစ်ပြီး လူအများစုအတွက် တားမြစ်နေရာဖြစ်ချေသည်။ သို့သော် ယခုတွင် ချင်းချန်ဘုန်းကြီးကျောင်းမှာ ပျက်စီးသွားပြီး ဆုံးရှုံးမှုများစွာ ခံစားခဲ့ရလေရာ ထိုအစဉ်အလာလည်း ပျောက်ကွယ်သွားချေပြီ။

မြေအောက်သိုလှောင်တိုက်အတွင်းတွင်။

လှေကားများအောက်ရှိ ကျယ်၀န်းသော ခန်းမ၏ အတွင်းပိုင်းစင်္ကြံ ဘေးတစ်ဖက်တစ်ချက်စီတွင် ချင်းချန်ဘုန်းကြီးကျောင်း၏အဖိုးတန်ရတနာများ သိမ်းဆည်းထားသော ဂိုထောင် ၆ လုံးရှိ၏။ အဖိုးတန်ဆေးပင်များကိုမှု အပြင်ဘက်ဆုံးရှိ ဂိုထောင်နှစ်လုံးတွင် သိုလှောင်ထား၏။ ထန်ရှုသည် ဖွင့်ထားသော ဂိုထောင်များ၏ ပထမဆုံးအခန်းကို ဝင်လိုက်ရာ အဖိုးတန်ဆေးပင်များ‌ ပြည့်နေသည့် ဗီဒိုအတန်းသုံးတန်းကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲရှိ ဆေးပင်အရေအတွက်မှာ ရာချီ၏။ ထန်ရှု ဝေ့ဝဲကြည့်လိုက်ရာ နှစ် ၅၀၀ ဂျင်ဆင်းရိုင်း ဆယ်ပင်ကျော် ရှိကြောင်း‌ တွေ့လိုက်ရသည်။

မိနစ်အနည်းငယ်ကြာပြီးနောကိ ထန်ရှုသည် သူ လိုအပ်သော ဆေးပင်အချို့ကို တွေ့ရှိခဲ့၏။ သို့သော် ဂိုထောင်နှစ်လုံးထဲရှိ ဆေးပင်အားလုံးကို စစ်ဆေးကြည့်လိုက်ရာ သူလိုအပ်သည့် ဘဲရိုင်းကျူပင်နှင့် ဆန်းကြယ်မဲဒီတုတ်ပန်းများ မရှိကြောင်း တွေ့လိုက်ရသည်။

၀မ်ရွီမှာ ထိုဆေးပင်များကို သူတို့  ရှာ‌မတွေ့သေးကြောင်း သိသဖြင့် ထန်ရှုအနား‌ လျှောက်လာ၏။ သူက ပြောသည်။ “ငါတို့ အဲ့ဒီဆေးပင်နှစ်မျိုးကို မကြားဖူးဘူး။ ဘဲရိုင်းကျူပင်နဲ့ ဆန်းကြယ်မဲဒီတုတ်ပန်းဟုတ်လား။ ငါတို့ ရှာရလွယ်အောင် ပုံဆွဲပေးလို့ရမလား”

“ရပါတယ်” ထန်ရှုက စာရွက်နှင့်ဖောင်တိန်တစ်ချောင်းထုတ်ကာ ဆေးပင်နှစ်မျိုးအား အလျင်အမြန် ဆွဲပြလိုက်၏။

သူတို့ထဲမှ အချို့က ပုံများကို ကြည့်လိုက်ကြသည်။ ၀မ်ရွီက မျက်ခုံးများ တွန့်ချိုးလျက် ပြော၏။ “ဒီဆန်းကြယ်မဲဒီတုတ်ပန်းဆိုတာ ရေကရားပင်အမျိုးအစားထဲကပဲ။ ၀က်ရိုင်းမင်တံပင်ဆိုလား။  ချင်းချန်တောင်အနောက်ပိုင်း စိမ့်မြေတွေနားနှာ ပေါက်တဲ့ ရိုးရိုးအပင်ရိုင်းတစ်ခု မဟုတ်လား။ ဟုတ်တယ်။ ငါ သူတို့ကို အရေအတွက်နည်းပေမယ့် အကျဉ်းခန်းထဲမှာ နေတုန်းက မြင်ခဲ့ဖူးတယ်”

၀က်ရိုင်းမင်တံပင်တဲ့လား..

ထန်ရှုက ကြိတ်၍ ပြုံးလိုက်သည်။ သူသည် ဆေးဖက်၀င်ပစ္စည်းများနှင့်ပက်သက်၍ စာအုပ်ပေါင်းများစွာ ဖတ်ခဲ့ဖူးသော်လည်း ဆန်းကြယ်မဲဒီတုတ်ပန်းကို ဖော်ပြထားသည့် စာအုပ်တစ်အုပ်မှ မတွေ့ရှိခဲ့ချေ။ သို့ထိတိုင် ထိုသို့ဆေးပင်မျိုးက ကမ္ဘာပေါ်တွင် အလွယ်တကူ တွေ့ရနိုင်သည့် ရေကရားပင်အမျိုးအစားတစ်ခု ဖြစ်နေချေသည်။ ဆန်းကြယ်မဲဒီတုတ်ပန်းသည် သွေးလည်ပတ်မှုကို အားကောင်းစေသည့် အရည်တစ်မျိုးကို ထုတ်ပေးနိုင်ပြီး အရိုးများနှင့် ကြွက်သားများကိုလည်း သန်မာစေ၏။ ကျင့်ကြံသူများရော သာမန်လူများအတွက်ပါ အကျိုးရှိစေပြီး သက်တမ်းရင့်လျှင် ၎င်းပန်းသည် အင်မော်တယ်များအတွက်ပါ ကောင်းကျိုးများ ပေးစွမ်းနိုင်ချေသည်။

‘ကမ္ဘာမြေက တကယ်ကို ရတနာသိုက်ကြီးပဲ’ ထန်ရှုက စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် မေး၏။ “ကျုပ်တို့ ဆန်းကြယ်မဲဒီတုတ်ပန်းကို ရှာနိုင်တယ်ဆိုတော့ ဘဲရိုင်းကျူပင်ကရော။ ဒီဆေးပင်ကို  သိကြလား”

“မသိဘူး”

“ဒီဆေးပင်‌အကြောင်း တစ်ခါမှ မကြားဖူးဘူး”

သူတို့အားလုံးက ခေါင်းများ ခါရမ်းလိုက်ကြပြီး ခါးသီးစွာ ပြောကြသည်။

“ခင်ဗျားတို့မှာ မရှိရင်လည်း စောင့်ကြရုံပေါ့” ထန်ရှုက ပြောသည်။ “ကျုပ် အဲ့ဒီဆေးပင်ကို ၀ယ်ဖို့ လူတစ်ယောက် လွှတ်ထားတယ်။ သူ ၀ယ်လာနိုင်လောက်မှာပါ”

“အင်း”

သူတို့အားလုံးမှာ ထန်ရှု စေလွှတ်ထားသည့်လူကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းကြရတော့မည်။

ထန်ရှုက ဂိုထောင်အတွင်းမှ ထွက်လာပြီး ရုတ်တရက် မေး၏။ “ခင်ဗျားတို့ ချင်းချန်ကျောင်းက ဒီဆေးပင်တွေကို ရောင်းလား။ ခင်ဗျားတို့ရောင်းမယ်ဆိုရင် ကျုပ် ဈေးကောင်းပေးပြီး ၀ယ်ပါ့မယ်။ ဒါမှမဟုတ် တခြားတစ်ခုခုနဲ့ လဲလှယ်ကြ‌တာပေါ့”

“ငါတို့ မရောင်းဘူး။ ဒါပေမဲ့ လဲလို့တော့ရတယ်” ဝမ်ရွီက စဉ်းစားမနေဘဲ ပြောသည်။ “မင်း တာအိုကျင့်ကြံခြင်းအတတ်တွေ ပေးရင် အဲ့ဒီဂိုထောင်နှစ်လုံးက ဆေးပင်တွေအားလုံး မင်းယူသွားလို့ရတယ်”

ကျန်လူများမှာ ထိုစကားကို ကြားသည်နှင့် စိတ်လှုပ်ရှားသွားကြပြီး ၀မ်ရွီနှင့်သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။

ထန်ရှုက တခဏ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါရမ်းကာ ပြော၏။ “တာအိုကျင့်ကြံခြင်းအတတ်တွေက ပေါ့သေးသေးကိစ္စမဟုတ်တဲ့အတွက် အပြင်လူတွေသိသွားလို့မရဘူး။ ဒါပေမဲ့ ခင်‌ဗျားတို့ သန်မာလာချင်ရင် ကျုပ် ကျင့်စဉ်တချို့တော့ ပေးလို့ရမယ်။ မိုးမြေတွေလှန်ပစ်နိုင်ပြီး ပျံသန်းနိုင်တဲ့ ကျင့်ကြံသူတွေလောက်တော့ အစွမ်းထက်လာမှာမဟုတ်ပေမယ့် အခုထက် ဆယ်ဆမက ပိုသန်မာလာလိမ့်မယ်”

“ယူမယ်” ၀မ်ရွီက ချက်ချင်း သဘောတူလိုက်သည်။

.......

ချင်းလင်စီရင်စုတွင်။

စီရင်စုပြည်သူ့လုံခြုံရေးအဖွဲ့အစည်း၏ ပင်မရုံးခန်းတွင် ရဲချုပ် ကျူဟောင်ကောသည် စီးကရက်တစ်လိပ်သောက်ရင်း အပြင်းအထန် မျက်မှောင်ကြုတ်နေ၏။ သူ့အရှေ့တွင် တရုတ်ကွန်မြူနစ်ပါတီ (CPC)၏အကြီးအကဲ၊ ထိုပါတီ၏ဒုတိယအကြီးအကဲနှင့် မှုခင်းရဲဌာနမှအဖွဲ့ခေါင်းဆောင် လီကန်းဒဲတို့ ထိုင်နေကြသည်။ ထိုအခိုက်အတန့်တွင် CPC ၏ ဒုတိယအကြီးအကဲမှာလည်း မျက်မှောင်ကြုတ်လျက် ဆေးလိပ်သောက်နေချေသည်။

“ခင်ဗျား ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှ ဖြစ်တော့မယ်။ လူသတ်မှုတွေက ထပ်ဖြစ်နေပြီး တရားမျှတမှုနဲ့ အာဏာပိုင်တွေအ‌ပေါ်  ခြိမ်းခြောက်နေပြီ။ ပြီးတော့ ဒီလူသတ်မှုတွေကြောင့် ချင်းလင်စီရင်စု မငြိမ်မသက် ဖြစ်လာပြီးတော့ လူတွေလည်း စိုးရိမ်လာကြပြီ။ ကျုပ်တို့သာ ဒီသားရဲကို မဖမ်းမိဘူး၊ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျုပ်တို့အတွက်လည်း ဘေးမကင်းမှာ စိုးရိမ်မိတယ်” CPC ၏ဒုတိယအကြီးအကဲ ရှောင်ကန်းက စီးကရက်မီးကို ခြေကာ စိတ်ဒုက္ခရောက်နေသော မျက်နှာဖြင့် ပြော၏။

“ကျုပ်တို့လည်း စဉ်စားလို့ရတာမှန်သမျှ လုပ်ပြီးသွားပြီ ဒါပေမယ့် တရားခံက သာမန်လူမဟုတ်ဘူး။ သူ့ကို ဖမ်းပြီး တရားစီရင်ဖို့က မဖြစ်နိုင်သလောက်ပဲ” ကျူ‌ဟောင်ကောက ကူကယ်ရာမဲ့စွာ ပြောသည်။

“ကျုပ် သိပါတယ်။ အထက်လူကြီးတွေလည်း လူတွေလွှတ်ထားပေမယ့် ဘယ်အချိန်ရောက်မလဲဆိုတာ မသိဘူး” ရှောင်ကန်းက ပြောသည်။ “ဒါပေမဲ့ သူတို့ချည်းပဲလည်း အားကိုးနေလို့မဖြစ်ဘူး။ အနည်းဆုံးတော့ အစိုးရလွှတ်လိုက်တဲ့လူတွေ မရောက်ခင် ဒီလူရဲ့သတင်းကို စုံစမ်းထားရမယ်”

“ခင်ဗျား ဆိုလိုချင်တာ...အရင်ဆုံး သတင်းနှိုက်ရမယ်လို့ပြောတာလား” ကျူဟောင်ကောက မေးသည်။

“ဟုတ်တယ်” ရှောင်ကန်းက ခေါင်းညိတ်၏။

ဒေါက် ဒေါက်....

ရုံးခန်းတံခါးခေါက်သံ ကြားလိုက်ရပြီး ရဲယူနီဖောင်း၀တ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က အခန်းတွင်း၀င်လာကာ အလျင်အမြန် အစီအရင်ခံလေသည်။ “ရဲချုပ်ခင်ဗျ။ အထက်လူကြီးတွေ လွှတ်လိုက်တဲ့ အမျိုးသမီးနှစ်ယောက် ရောက်နေပါတယ်။ သူတို့ အခု အပြင်မှာပါ”

အမျိုးသမီးနှစ်ယောက်လား။

အားလုံး၏မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ရှောင်ကန်းက ထရပ်၍ ‌‌အလောတကြီး ပြောသည်။ “သူတို့ဆီ ခေါ်သွားပေးစမ်း”

တစ်မိနစ်ခန့်ကြာသော် ခန်းမအပြင်၌ ရပ်နေသော အမျိုးသမီးနှစ်ယောက်ကို တွေ့လိုက်ရ၏။ ထန်ရှုသာ ဤနေရာ၌ ရှိလျှင် မိတ်ဆွေဟောင်းများကို ချက်ချင်း မှတ်မိပေလိမ့်မည်။ အမျိုးသမီးနှစ်ယောက်ကား လျှပ်စီးမိန်းက‌လေးနှင့် ရေမိန်းကလေးပင်။

“မိန်းကလေးတို့ ကျုပ်က...”

လျှပ်စီးမိန်းကလေးက လက်ဝှေ့၍ ရှောင်ကန်း၏နှုတ်ဆက်မှုကို ဖြတ်ကာ တည့်တိုးပြော၏။ “ရှင်ဘယ်သူလဲ ကျွန်မတို့ သိဖို့မလိုဘူး။ ရှင်တို့လုပ်ရမယ့်အလုပ်က ရိုးရိုးလေးပဲ။ အဲ့ဒီလူသတ်သမား ဘယ်နေရာမှာရှိလဲဆိုတာ ရှာပေး။ အဲ့လူကို ဖမ်းဖို့...ဒါမှမဟုတ် သတ်ပစ်ဖို့က ကျွန်မတို့ တာ၀န်ပဲ။ ဒါက ကျွန်မတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေ”

မိန်းကလေးနှစ်ယောက်က အစိမ်းရောင်စာအုပ်များကို ထုတ်၍ ရှောင်ကန်းအား စစ်ဆေးကြည့်ရန် ပေးလိုက်သည်။

ရှောင်ကန်းမှာ အစိမ်းရောင်စာအုပ်ပေါ်ရှိ စာလုံးများကို ကြည့်ပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ သူ့အရှေ့ရှိ ထိုမိန်းကလေးနှစ်ယောက်မှာ ထူးခြားသူများဖြစ်ကြောင်း သိသွားသည်။ အစိမ်းရောင်စာအုပ်များအား တရိုတသေ ပြန်ပေးပြီးနောက် သူက ပြော၏။ “ကျုပ်တို့ လူသတ်သမားရဲ့ နေရာအတိအကျကို မသိရသေးပါဘူး။ ဒါပေမဲ့ အချိန်နည်းနည်းလောက် ပေးပါ။ ကျုပ်တို့ သူ့ကို အမြန်ဆုံးရှာဖွေပြီး ခင်ဗျားတို့ကို အစီရင်ခံပါ့မယ်”

“ကောင်းပြီလေ။ ဆက်သွယ်ဖို့နည်းလမ်းတွေ ဖလှယ်ကြရအောင်” လျှပ်စီးမိန်းကလေးက ခေါင်းညိတ်‌၍ ပြော၏။ “ကျွန်မတို့လည်း ရှင်တို့ဆီက သတင်းမရခင် ချင်းလင်စီရင်စုမှာ သူ့ကို ရှာထားမယ်။ ရှင်တို့ သူ့ကို ရှာတွေ့ရင် ဒီနံပါတ်ကနေ ကျွန်မတို့ကို ဆက်သွယ်လိုက်ပါ”

All Chapters