← Chapters

ယုံကြည်ချက် လွန်ကဲခြင်း

Vol. 62 Ch. 858

ယုံကြည်ချက် လွန်ကဲခြင်း

Vol. 62 Ch. 858

တောင်ခြေရှိဂူပေါက်၀တွင် ကျန်းရှင်းယွဲ့သည် စိုးရိမ်ပူပန်နေသော မျက်နှာလေးဖြင့် ချင်းချန်ဘုန်းကြီးကျောင်းရှိရာသို့ လှည့်ကြည့်နေမိ၏။ ထန်ရှု သူမတို့အား ထားသွားခဲ့ပြီးနောက် အန္တရာယ်များ ကျရောက်လာမည်ကို စိုးရိမ်ပူပန်နေမိလေသည်။ သူမဘေး၌ မိုအားဝူသည် ဆေးပင်များစွာဖြင့် ပြန်ရောက်နေသည့်တိုင် သူလည်း ဆေးပင်နှစ်မျိုးပါလာခဲ့ဟန်မတူချေ။

“အားဝူ ချင်းချန်ဘုန်းကြီးကျောင်းက တကယ်ပဲ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလားဟင်”

ချင်းချန်ဘုန်းကြီးကျောင်းအား ကျန်းရှင်းယွဲ့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ ထန်ရှုကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေနိုင်သည့် ရန်သူဖြစ်သော်လည်း သူမမှာ ဖြတ်သွားဖြတ်လာတစ်ယောက်သာ ဖြစ်ခဲ့သဖြင့် မည်သို့နည်းနှင့်မှ မကူညီနိုင်ကြောင်း သိချေသည်။ သို့သော် ယခုတွင် သူမမှာ ထန်ရှုကို စိုးရိမ်စိတ်ကြောင့် မမေးမိဘဲ မနေနိုင်ချေ။

“အင်း တော်တော်လေး သနားစရာအခြေအနေကို ရောက်သွားတာ။ မျိုးသုဉ်းသတ်ခံလိုက်ရတာနဲ့တောင် သိပ်မကွာတော့ဘူး” မိုအားဝူက ခေါင်းညိတ်၍ ဖြေသည်။ “ချင်းလင်စီရင်စုတစ်ခုလုံး ကြောက်ဒူးတုန်နေကြပြီ။ အခုဆို အနှောင့်အယှက်လေးတစ်ခုကတောင် လူ့တွေကို လဲပြိုသွားစေနိုင်တယ်။ အင်အားကြီးတဲ့ ရန်သူတစ်ယောက်က ချန်းချန်‌ဘုန်းကြီးကျောင်းကလူတွေကို လိုက်ရှာနေပြီး တွေ့တာနဲ့ သတ်ပစ်နေလို့လဲ ပါတာပေါ့”

ကျန်းရှင်းယွဲ့၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားသည်။ သူမ ထပ်မေးတော့မည့်ဆဲဆဲတွင် အဝေးမှလာ‌နေသော လူရိပ် ၁၀ ခုကို လှမ်းမြင်လိုက်ရသဖြင့် သူမမှာ စိတ်လှုပ်ရှားသွားမိ၏။ ရှေ့ဆုံး၌ ဦးဆောင်လာသူက သူ၏စိုးရိမ်စိတ်များ မြစ်ဖျားခံရာ ထန်ရှုပင်။

“အားဝူ ငါ ရှာခိုင်းလိုက်တဲ့ ဆေးပင်တွေအခြေအနေ ဘယ်လိုလဲ”

ထန်ရှုမှာ အဆိပ်ကာကွယ်ဆေးလုံးကိုသာ စိတ်ရောက်နေသဖြင့် ပြန်ရောက်လျှင်ချင်း မေးတော့သည်။

မိုအားဝူက ချင်းချန်ဘုန်းကြီးကျောင်းအဖွဲ့၀င်ဒါဇင်ခန့်ကို ကြည့်လိုက်ပြီး ၀မ်ရွီကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ ထို့နောက် သူက ချက်ချင်း ဖြေသည်။ “ဆေးပင်နှစ်မျိုးကိုတော့ မရှာနိုင်ခဲ့ပါဘူး သူဌေး။ မြို့အတော်များများက ဆေးပင်ဈေးကွက်တွေဆီရော၊ ဆေးပင်ပညာရှင်တွေရော၊ ဆေးဖော်သမားတွေဆီကိုပါ သွားခဲ့ပေမယ့် လုံး၀ ရှာမတွေ့ခဲ့ပါဘူး”

“ဘယ်ဆေးပင်နှစ်မျိုးလဲ” ထန်ရှုက မျက်ခုံးများ တွန့်ချိုးလျက်‌ မေး၏။

“ဆန်းကြယ်မဲဒီတုတ်ပန်းနဲ့ လိမ္မော်ရောင်နေ့လီလီရွက်ပါ” မိုအား၀ူက ဖြေသည်။

ထန်ရှုက တခဏငိုင်သွားပြီး အလျင်အမြန် မေး၏။ “ဘဲရိုင်းကျူပင်ရော ရှာတွေ့ခဲ့လား”

“ဆေးပင်ဈေးတစ်ခုမှာ ရှာတွေ့လို့ ၀ယ်လာခဲ့ပါတယ်” မိုအားဝူက ခေါင်းညိတ်လျက် ဖြေသည်။ “ဒါပေမဲ့ ပိုင်ရှင်က မဟားတရားဈေးတင်ထားတာ။ ယွမ် ၁၈၀၀၀၀ တောင် ပေးခဲ့ရတယ်။ နည်းနည်းလေးတောင် ဈေးလျှော့မပေးဘူး”

“ယွမ် ၁၈၀၀၀၀ ‌တောင်လို့ မပြောနဲ့။ အဲ့ဒီထက် အဆ ၁၀၀ လောက် ဈေးတင်ထားရင်တောင် တန်တယ်ကွ” ထန်ရှုက ပျော်ရွှင်စွာ ပြောသည်။ “ဘဲရိုင်းကျူပင်ကို အရင်ပေး။ ကျန်တာ သိမ်းထားလိုက်ဦး။ ပြီးတော့ ဒီလူတွေက ကြက်ကန်းဆန်အိုးတိုးပြီး အသက်ရှင်ကျန်ခဲ့တဲ့ ချင်းချန်ဘုန်းကြီးကျောင်းက လူတွေ။ မင်း သူတို့ကို နေရာချပေးလိုက်။ ငါ အချိန်ရတုန်း အဆိပ်ကာကွယ်ဆေးလုံးကို ဖော်ကြည့်ဦးမယ်”

“သူဌေး အလင်းနဲ့အမှောင်လည်း ဒီအနားတစ်ဝိုက်မှာ ရောက်နေပါပြီ” မိုအားဝူက အစီရင်ခံသည်။

“သူတို့ကို ဘယ်အချိန်မဆို လှုပ်ရှားနိုင်အောင် အသင့်စောင့်နေဖို့ ပြောလိုက်” ထန်ရှုက ခေါင်းညိတ်လျက် ဖြေသည်။

ထန်ရှုသည် ဆေးဖော်စပ်နေစဉ် ဆေးပင်များ၏အာနိသင်ပျံ့လွင့်သွားမည်ကို ကာကွယ်ရန်နှင့် အနီးတစ်ဝိုက်ရှိ အခြားသူများများ အာရုံမခံနိုင်အောင် ဂူအတွင်း၌ ချက်ချင်း နေရာကန့်သတ်အစီအရင်ကို စီရင်လိုက်သည်။ နတ်ဆိုးစိတ်ဝိညာဉ်ဝါးမြိုမီးဖိုကို ထုတ်လိုက်ပြီး ထန်ရှုသည် ဂူထဲတွင် နှစ်ရက်တိတိ နေခဲ့၏။ နောက်ဆုံးတွင်တော့ အဆိပ်ကာကွယ်ဆေးလုံး ၁၀ လုံးကျော်ကို ဖော်စပ်နိုင်သွားလေသည်။

“အားဝူ” ထန်ရှုက ဂူအတွင်းမှ ထွက်လာသည်နှင့် အော်ဟစ်လိုက်၏။

မိုအားဝူနှင့် ကျန်လူများ ချက်ချင်း ပေါ်လာသည်။ ချင်းချန်ဘုန်းကြီးကျောင်းမှ အဖွဲ့ဝင်များပင် ပါ၀င်၏။ သူတို့က မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေသော မျက်၀န်းများဖြင့် သူ့ကို ကြည့်နေကြလေသည်။

“အားဝူ မင်းက ငါ့သတင်းစောင့်ဖို့ ဒီမှာနေခဲ့။ ကျင်းရှီနဲ့ ရွှဲ့ရှ မင်းတို့က ငါနဲ့ လိုက်ခဲ့ရမယ်။ ၀မ်ရွီရောပဲ”

“ကျွန်တော်တို့လည်း လိုက်ခဲ့ပါ့မယ် စီနီယာ” ၀မ်ဖန်က အလျင်အမြန်‌ ပြော၏။

“ခင်ဗျားတို့က အားနည်းလွန်းတယ်။ ကျုပ်အတွက် ၀န်ထုပ်၀န်ပိုးပဲ ဖြစ်နေလိမ့်မယ်” ထန်ရှုက လက်ဝှေ့ရမ်း၍ ပြောသည်။ “ကျုပ် တာအိုအဆိပ်သခင်နဲ့ တိုက်နေတဲ့အချိန်မှာ ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ လူပိုရှိမှာမဟုတ်ဘူး။ ပြီးတော့ ၀မ်ရွီက လွဲပြီး ကျန်တဲ့လူတွေက ဒီမှာ နေခဲ့ပြီး ကျုပ်သတင်းစကားကိုသာ စောင့်နေကြ”

ကျန်းရှင်းယွဲ့မှာ သူမအနေဖြင့် မကူညီကြောင်း သိသဖြင့် ထန်ရှု၏လက်ကို စိုးရိမ်တကြီး လှမ်းကိုင်လိုက်သည်။ “ဘိုးဘေးတစ်ယောက်ပြောဖူးတာ ကိုယ့်ဘက်က အခွင့်သာနေတဲ့အချိန်မှာ နိုင်အောင်တိုက်ပြီး အခွင့်မသာရင်တော့ ပြေးသာပြေးပါတဲ့။ ရှင် အသက်ရှင်နေသရွေ့ သူ့ကို သတ်နိုင်တဲ့ အခွင့်အရေးတွေ ရှိလာမှာဆိုတော့ ဘေးကင်းဖို့ကိုသာ သေချာဂရုစိုက်ပါနော်”

“စိတ်မပူပါနဲ။ ငါ့အတွက်လည်း ဘေးကင်းဖို့က အဓိကပါပဲ” ထန်ရှုက ခေါင်းညိတ်သည်။

........

ချင်းလင်စီရင်စု။

နွေးထွေးလှသော နေရောင်ခြည်က တစ်ကမ္ဘာလုံးပေါ်တွင် ဖြာကျနေပြီး လေအေးတစ်ချက်က ခရမ်းရောင်၊ အနီရောင် ပန်းပွင့်များကို ညင်သာစွာ ပွတ်တိုက်သွားလေသည်။ ဤသို့နွေးထွေးလှသာ ရာသီဥတုမှာ သာမန်အခြေအနေတွင်ဆိုလျှင် လူများအတွက် နှစ်သက်ဖွယ်အကောင်းဆုံးနေ့ရက်များဖြစ်ပေသည်။ သို့သော် ယခုတွင် ချင်းလင်စီရင်စုမှာ ကြက်သီးထဖွယ် အသတ်အဖြတ်အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ လမ်းများပေါ်ရှိ ပြည်သူများပင်လျှင် ရင်တထိတ်ထိတ်ဖြင့် နေမထိထိုင်မသာ ဖြစ်နေကြလေသည်။

စီရင်စုပြည်သူ့လုံခြုံ‌‌ရေးအဖွဲ့အစည်းတွင်။

မှုခင်းရေးရာရဲဌာန၏အဖွဲ့ခေါင်းဆောင် လီကန်းဒဲနှင့် ရဲချုပ်ကျူဟောင်ကောတို့သည် အစည်းအဝေးခန်းမအတွင်းတွင် စုံစမ်းရေးအရာရှိနှင့်အတူ အလုပ်အကြောင်း ဆွေးနွေးနေကြသည်။

ဒေါက် ဒေါက်....

အစည်းအဝေးခန်းမ၏တံခါးပွင့်လာပြီး သက်လတ်ပိုင်းရဲတစ်ဦးက အလျင်အမြန် ဝင်လာ၍ အစီအရင်ခံ၏။ “ရဲချုပ်ခင်ဗျ။ အထက်လူကြီးတွေက နောက်ထပ်လူတစ်ယောက် လွှတ်လိုက်ပါတယ်”

လီကန်းဒဲ့နှင့် ကျူဟောင်ကောင်တို့သည် တစ်ယောက်ကို‌တစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာအမူအရာများမှာ ထူးဆန်းသွား၏။ သို့သော် အထက်လူကြီးများ လွှတ်လိုက်သည့်လူဖြစ်သဖြင့် လျစ်လျူရှုမထားနိုင်ချေ။ သူတို့ အစည်းအဝေးခန်းအတွင်းမှ ထွက်လာသောအခါ အပြင်တွင် စောင့်နေသော ထန်ရှု၊ ကျင်းရှီ၊ ရွှဲ့ရှနှင့် ၀မ်ရွီတို့ကို တွေ့လိုက်ရသည်။

“နတ်ဆေးသမားတော်ထန်လား”

ကျူဟောင်ကောမှာ ထန်ရှုကို သိသဖြင့် အံ့အားသင့်သွား၏။ အတိအကျပြောရလျှင် ထန်ရှုသည် ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲတွင် သူ့အသက်ကို ကယ်ပေးခဲ့လေသည်။

“တာအိုအဆိပ်သခင်ကို ဖမ်းဖို့အတွက် အခက်အခဲရှိနေပြီး ခေါင်းကိုက်နေရတယ်ဆိုလို့ ကျုပ်လာကြည့်တာပါ” ထန်ရှုက ခေါင်းညိတ်၍ ဆို၏။ “တာအိုအ‌ဆိပ်သခင် ဘယ်မှာလဲဆိုတာပြောရင် ကျုပ် သူ့ကိုဖမ်းတာပဲဖြစ်ဖြစ်၊ သတ်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်”

“နတ်ဆေးသမား‌တော်ထန် ပြောတဲ့ တာအိုအဆိပ်သခင်ဆိုတာ အစိမ်းရောင်၀တ်ရုံနဲ့ လူသတ်သမားလား” ကျူဟောင်ကောက နားမလည်ဟန်ဖြင့်‌ မေးသည်။ “ပြီးတော့ သူက အရမ်းသန်မာပြီး အစွမ်းထက်တယ်။ သမားတော်ထန်...”

ထန်ရှုက အစိမ်းရောင်စာအုပ်ကို ထုတ်၍ ထိုလူနှစ်ယောက်အား ပေးလိုက်၏။ “အဲ့အဘိုးကြီးက အရမ်းအစွမ်းထက်တယ်ဆိုတာ ကျုပ် သိပါတယ်။ စစ်တပ်အင်အားသုံးရင်တောင် သူ့ကို အနိုင်တိုက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ကတော့ သတ်နိုင်တယ်”

အစိမ်းရောင်စာအုပ်ကို ကြည့်ပြီးသောအခါ ကျူဟောင်ကော၏သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့၀င်သွား၏။ ထန်ရှု၏ဖြစ်တည်မှုက မည်မျှအန္တရာယ်များကြောင်း ယခုမှပင် သဘောပေါက်သွားချေသည်။ နိုင်ငံလုံခြုံရေးအဖွဲ့၏အထူးအဖွဲ့၀င်တစ်ယောက် ဖြစ်လာရန် လူတစ်ယောက်သည် ဆေးပညာတွင်သာမက စီးပွားရေးတွင်လည်း ကျွမ်းကျင်ရပေမည်။ ထို့အပြင် သူ့တွင် ထိန်းသိမ်းမရနိုင်သော ခွန်အားနှင့် အတိုက်အခိုက်စွမ်းရည်လည်း ပိုင်ဆိုင်‌ကောင်း ပိုင်ဆိုင်ထားနိုင်၏။

လီကန်းဒဲ့မှာ ထန်ရှုမည်သူဖြစ်ကြောင်း မသိပေ။ သို့သော် အစိမ်းရောင်စာအုပ်ကြောင့် စိုးရိမ်သွားမိသလို လေးစားမိသွားသည်။ ကျူဟောင်ကော ထန်ရှုကို သိနေကြောင်း တွေ့ရသဖြင့် သူက မေး၏။ “ရဲချုပ်ကျူ ခင်ဗျား သူ့ကို သိတာလား”

“ကပ္ပတိန်လီ ကျုပ် ပြောပြခဲ့ဖူးတာ မှတ်မိသေးလား။ ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲမှာ နတ်ဆေးသမားတော်ထန်က လူ ၁၀၀ ကျော်ကို ကယ်ခဲ့တယ်ဆိုတာလေ” ကျူဟောင်ကောက မေးသည်။ “အဲ့ဒီသမားတော်က အခုခင်ဗျားရှေ့မှာပဲ။ ဒါပေမဲ့ နတ်ဆေးသမားတော်ထန်က အစိုးရရဲ့လူ‌ဖြစ်နေလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး”

လီကန်းဒဲ့သည် ချက်ချင်း နားလည်သွားပြီး တရိုတသေ ပြော၏။ “နတ်ဆေးသမားတော်ထန်။ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားပြောတဲ့ တရားခံကိုတော့ ကျုပ်တို့ အခုရှာနေဆဲပါ။ ရှာရမယ့်ဧရိယာကတော့ တဖြည်းဖြည်း ကျုံ့လာနေပါပြီ။ ကျုပ်တို့ မှန်းတာမှန်ရင် သူ အရှေ့ဘက်နယ်တစ်ဝိုက်မှာ ဖြစ်ရမယ်”

အရှေ့ဘက်နယ်မှာလား

“ဟုတ်ပြီ။ ကျုပ်တို့ သူ့ကို အရင်သွားရှာလိုက်မယ်” ထန်ရှုက ခေါင်းညိတ်၍ ပြောသည်။ “ဒါပေမဲ့ သူ့နေရာအတိအကျကို ခင်ဗျားတို့  ကြိုတင်သိခဲ့ရင် ကျုပ်ကို ချက်ချင်း ဆက်သွယ်ပေးပါ”

“ကျုပ် ပြောစရာတစ်ခုရှိတယ် နတ်ဆေးသမားတော်ထန်” ကျူဟောင်ကောက ဆိုသည်။ “ခင်ဗျားနဲ့ဌာနတစ်ခုတည်းက လူနှစ်ယောက် ခင်ဗျားတို့မရောက်ခင် လာသွားခဲ့တယ်။ သူတို့လည်း အခု ချင်းလင်စီရင်စုမှာ လူသတ်သမားကို ရှာနေကြတယ်”

“သူတို့က ဘယ်သူတွေလဲ” ထန်ရှုမှာ အတန်ငယ် အံ့အားသင့်သွား၏။

“သူတို့ထဲက တစ်ယောက်က လျှပ်စီးမိန်းကလေးလို့ခေါ်ပြီး နောက်တစ်ယောက်က ရေမိန်းကလေး‌တဲ့” ကျူဟောင်ကောက ပြောသည်။

ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုဖြစ်တည်သွားပြီး သူက ခပ်ဟဟ ရယ်လိုက်၏။ “အာ အဲ့ဒီနှစ်ယောက်ကိုး။ ကြည့်ရတာ ချင်းလင်စီရင်စုက လူသတ်မှုတွေကြောင့် အထက်လူကြီးတွေ လန့်နေပြီထင်တယ်။ ဟုတ်ပါပြီ ကျုပ် မှတ်ထားလိုက်ပါ့မယ်။ ပြောစရာမရှိတော့ရင် ကျူပ်တို့ကို ခွင့်ပြုပါဦး”

‌အရှေ့ဘက်နယ်တွင်။

လျှပ်စီးမိန်းကလေးနှင့်ရေမိန်းကလေးတို့မှာ နှစ်ထပ်အဆောက်အဦးတစ်ခုပေါ်တွင် ရပ်နေကြပြီး မှန်ဘီလူးများဖြင့် ပတ်ဝန်းကျင်အ‌ခြေအနေကို အကဲခတ်နေကြသည်။ ပြည်သူ့လုံခြုံရေးအဖွဲ့မှသတင်းအရ လူသတ်သမားသည် ဤနေရာတစ်ဝိုက်၌ ရှိနိုင်၏။ ထို့ကြောင့် သူတို့သည် အားစိုက်ထုတ်စရာမလိုဘဲ လူသတ်သမား ပေါ်လာအောင် စောင့်နေကြခြင်းဖြစ်သည်။

“ဟားဟား ကြည့်ရတာ ဒီအဘိုးကြီးကို လူအတော်များများက စိတ်၀င်စားနေတဲ့ပုံပဲဟေ့”

တာအိုအဆိပ်သခင်မှာ မိန်းကလေးနှစ်ယောက်၏နောက်တွင် ဘွားခနဲ ပေါ်လာ၏။ သူသည် အလောတကြီး မတိုက်ခိုက်ဘဲ ထူးဆန်းစွာ တောက်ပနေသော မျက်၀န်းများဖြင့် ပြုံးရယ်လျက် ကြည့်နေချေသည်။ သူ့မျက်လုံးများထဲတွင် တဏှာရာဂတို့‌ ပြည့်နှက်နေပြီး ထိုမိန်းကလေးများအား မျက်လုံးဖြင့် ပြစ်မှား‌နေသယောင်ပင်။

လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့၏မျက်နှာအမူအရာများမှာ ပြောင်းလဲသွားပြီး သူတို့က တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဖြတ်ခနဲ လှည့်လာကြသည်။ သို့သော် ဆယ်မီတာပင် မဝေးသော တာအိုအဆိပ်သခင်ကို ကြည့်ရင်း မိန်းကလေးနှစ်ယောက်၏နှလုံးသားများမှာ အေးစက်သွား၏။

‘အင်အားကြီးရန်သူပဲ’

‘သူ့ခွန်အားက ကြောက်စရာကောင်းလွန်းတယ်။ ငါတို့နှစ်ယောက်တည်းနဲ့။ အနိုင်ယူနိုင်ပါ့မလား'

မိန်းကလေးများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အတွေးများကို နားလည်လိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ ခေါင်းညိတ်လိုက်ကြသည်။

လျှပ်စီးမိန်းကလေးက ရှေ့တစ်လှမ်းတက်၍ တာအိုအဆိပ်သခင်အား စိုက်ကြည့်ကာ အေးစက်စွာ ပြောလေသည်။ “ရှင်က သာမန်လူတစ်ယောက်မဟုတ်ဘူး။ ဘာကြောင့် သာမန်လူတွေကို သတ်ပြီး စိတ်မအေးနိုင်အောင် လုပ်နေရတာလဲ။ အစိုးရရဲ့ဆန္ဒကို လျစ်လျူရှုရဲတယ်လား”

“အစိုးရဆန္ဒဟုတ်လား။ ဟာသပဲကွ” တာအိုအဆိပ်သခင်က သရော်လိုက်သည်။ “ဒီအဘိုးကြီး တရုတ်မှာနေလာတာ နှစ်တစ်ရာကျော်နေပြီ ငါ့သက်တမ်းတစ်၀က်မှာ ဒီမြေပေါ် ခြေတောင်မချခဲ့ဘူး။ ဆန်ကုန်မြေလေးတပည့်နှစ်ယောက်ကြောင့်သာမဟုတ်ရင် ဒီကို လာစရာမလိုဘူး။ မင်းက ငါ ဒီကို ပျော်လို့လာတယ်များ ထင်နေတာလား”

“ရှင့်မှာ ဘာအကြောင်းပြချက်ပဲရှိရှိ အခု ရှင့်ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမက မခုခံပဲ အညံ့ခံဖို့။ ဒုတိယကတော့ တရုတ်ပြည်ကနေ ထွက်သွားပြီ တရုတ်ပိုင်နက်မှာ ဘယ်တော့မှ ခြေမချဖို့ပဲ”

တာအိုအဆိပ်သခင်က မေးစေ့ကို ပွတ်၍ ပြုံးကာ ပြောသည်။ “မင်းတို့လို ကလေးနှစ်ယောက်က ဒီအဘိုးကြီးကို ‌ခြိမ်းခြောက်နေတယ်ပေါ့။ ဟားဟားဟား...တကယ်ကြီးလား။ ကဲပါ မင်းတို့ ခြိမ်းခြောက်လည်း မင်းတို့ကို နာကျင်အောင် မလုပ်ပါဘူး။ မင်းတို့ ငါ့ကို လိမ်လိမ်မာမာ ပြုစုရင် ချင်းချန်ဘုန်းကြီးကျောင်းက လူတွေကိုတောင် ချမ်းသာပေးဦးမယ်။ ဒါပေမဲ့ ငါ့တပည့်နှစ်ယောက်ကို သတ်သွားတဲ့ ငါ့ကြောင့် ဒဏ်ရာရသွားတဲ့ ခွေးကောင်လေးကိုတော့ ချမ်းသာမပေးနိုင်ဘူး”

လျှပ်စီးမိန်းကလေး၏မျက်လုံးများက အေးစက်သွားပြီး သူမက ဒေါသတကြီး အော်သည်။ “မြေခွေးအိုကြီး။ ရှင်က ခွန်အားကြီးတာနဲ့ပဲ ရှင်လုပ်ချင်တာ လုပ်လို့ရမယ် မထင်နဲ့။ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားက ရှင်တိုက်ခိုက်နိုင်တဲ့အရာမဟုတ်ဘူး”

“ယုံကြည်ချက်တွေ သိပ်ပြင်းထန်နေတယ်ပေါ့လေ”

တာအိုအဆိပ်သခင်က ခေါင်ခါရမ်းလိုက်ပြီး သူ့လက်ထဲရှိ နဂါးခေါင်းတောင်ဝှေးနှင့် လျှပ်စီးမိန်းကလေးအား အဆက်မပြတ် တိုက်ခိုက်တော့သည်။

ဝုန်းးး

ဓားပျံတစ်လက်က လျှပ်စီးမိန်းကလေးရှေ့တွင် ချက်ချင်း‌ ပေါ်လာပြီး နဂါးခေါင်းတောင်ဝှေးမှာ မီးစ‌များနှင့်အတူ ကြေမွသွားတော့သည်။ တာအိုအဆိပ်သခင်မှာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီးနောက်မှ ခန္ဓာကိုယ်ဟန်ချက် ပြန်ထိန်းနိုင်လိုက်၏။

လောလောဆယ်တွင် ခေါင်းအစခြေအဆုံး အဖြူရောင်များသာ ၀တ်ဆင်ထားပြီး ခန့်ညားလှသော ရုပ်ရည်ဖြင့် ထိုနေရာတွင် အလင်းသည် ရပ်နေသည်။ သူ၏အကျင့်စရိုက်ကား ထုံးစံအတိုင်း လွတ်လွတ်လပ်လပ်ပင်။ သူက တာအိုအဆိပ်သခင်အား ပြုံး၍ ပြောသည်။ “သူတို့နှစ်ယောက်က သူတို့လုပ်နိုင်စွမ်းထက်ပိုနေတာကို သတိမထားမိဘဲ ယုံကြည်ချက်လွန်ကဲနေတာမှန်ပါတယ်။ ဒါပေမဲ့ ကျုပ်ပါ ပါလာရင် ဘယ်လိုဖြစ်သွားမလဲ”

“မင်းက ဘယ်ကကောင်လဲကွ” တာအိုအဆိပ်သခင်၏မျက်နှာကြီးမှာ မဲမှောင်နေပြီး သူက ရိုင်းစိုင်းခက်ထန်စွာ အော်လိုက်၏။

“ကျုပ် ဘယ်သူလဲဆိုတာ သိဖို့ ခင်ဗျားက အရည်အချင်းပြည့်မီတယ်မထင်ဘူး” အလင်းက ခပ်ဟဟရယ်လျက် ပြောသည်။ “ခင်ဗျား သိထားရမှာက ဒီနေ့ ခင်ဗျားရဲ့ ဝိညာဉ်အစိတ်အမွှာမွှာ ပျက်စီးဖို့ကလွဲပြီး ခင်ဗျားဆီမှာ တခြားအဆုံးသတ် မရှိဘူးဆိုတာပဲ”

All Chapters