ဖန်ဘူးထဲမှ လိပ်တစ်ကောင်အလား ပိတ်မိနေခြင်း
Vol. 62 Ch. 860
မျက်လုံးတစ်လုံးနဂါး၏ယုံကြည်ချက်နှင့် မာနကား သူ၏ပြောဟန်ဆိုဟန်တွင် သူကိုယ်တိုင်ပင် သတိမထားမိဘဲ အထင်းသား ပေါ်နေ၏။
“ခင်ဗျား သေချာရဲ့လား” ထန်ရှုက ခပ်ဖွဖွပြုံး၍ ပြောသည်။
“ငါ့ကို တားနိုင်တဲ့လူက ဒီကမ္ဘာပေါ်မှာ လက်တစ်ဆုပ်စာပဲရှိတယ်။ အဲ့ဒီထဲမှာ မင်းမပါဘူးဆိုတာ သေချာတယ်” မျက်လုံးတစ်လုံးနဂါးက ဂုဏ်ယူ၀င့်ကြွားစွာ ပြော၏။ “လေကြီးမနေနဲ့ ကောင်လေး။ မင်းသာ ဒီအဘိုးကြီးကို တားနိုင်ရင် ဘာလို့ ငါပေါ်လာတဲ့အထိ စောင့်နေခဲ့ရတာလဲ”
ထန်ရှုက လက်ကို အသာအယာ မြှောက်လိုက်ရာ သူ့လက်ထဲတွင် အစီအရင်ချပ် ၈ ချပ် ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်က ပုံရိပ်များ ထင်ကျန်လျက် ဖြတ်ခနဲ လက်သွားပြီး အစီအရင်ချက်များအား လျှပ်တပြက် ပစ်လွှတ်လိုက်သည်။ သူ၏လက်များက လေထဲတွင် ဝှေ့ရမ်းသွားပြီး နဂါးထောင်ချောက်ရှစ်ထောင့်အစီအရင်ကို မှော်စွမ်းအင် ပေါင်းထည့်၍ တစ်စက္ကန့်အတွင်း အောင်မြင်စွာ အသက်သွင်းလိုက်၏။
ထန်ရှုက သူ၏မူလနေရာကို ပြန်လှည့်သွားပြီး မေးစေ့ကို ဖြည်းဖြည်းချင်း ပွတ်လျက် ပြုံးကာ ပြောသည်။ “အခု ခင်ဗျားဘယ်လိုပြေးမလဲ ကြည့်ရအောင်။ ဒီအစီအရင်ကို ဆယ်မိနစ်အတွင်း ချိုးဖျက်နိုင်ရင် ကျုပ်ခင်ဗျားအသက်ကို ချမ်းသာပေးမယ် မျက်ကန်းအဘိုးကြီး။ ဒါပေမဲ့ ခင်ဗျား မလုပ်နိုင်ရင် ခင်ဗျားရဲ့ဝိညာဉ်ကို ပြန်၀င်စားလို့မရတော့တဲ့အထိ ဖျောက်ဖျက်ပစ်မှာမလို့ ကျုပ် အဆိုးမဆိုနဲ့”
အစီအရင်လား...
မျက်လုံးတစ်လုံးနဂါးနှင့် တာအိုအဆိပ်သခင်မှာ ချွေးသီးချွေးပေါက်များ ကျလျက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မှာ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း အစီအရင်ဆိုသည့်အရာကို ကြားပင်မကြားဖူးကြချေ။
ဆေးဖော်နည်းကိုပင်လျှင် ခပ်ရေးရေးသာ သိကြပြီး သာမန်ဆေးလုံးများကိုသာ ဖော်စပ်နိုင်ကြ၏။
သူတို့သည် ကျင့်ကြံသူများ မဖြစ်မနေကျွမ်းကျင်ထားသင့်သည် ဆေးဖော်စပ်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းကို ပေါ့သေးသေး တွက်ဆထားခဲ့ကြ၏။ သူတို့နှင့် ရင်းနှီးသော ကျင့်ကြံသူများသည် ထူးဆန်းမှော်အတတ်များ၊ အစီအရင်များကို ကျွမ်းကျင်ရန်မဆိုထားနှင့် ဆေးလုံးများ၊ လက်နက်များကိုပင် မဖော်ဆောင်နိုင်ကြချေ။
“မင်း....မင်းက ဘယ်သူလဲ” အစီအရင်ထဲတွင် ပိတ်မိနေသော မျက်လုံးတစ်လုံးနဂါး၏အသံက အစီအရင်၏ရွှေရောင်စွမ်းအင်ကို ဖောက်ထွက်လာ၏။ သူ၏မျက်နှာကား သွေးဆုတ်ဖြူလျော့နေလေပြီ။
“ကျုပ် ဘယ်သူလဲ သိချင်ရင် ခင်ဗျားရဲ့အစွမ်းအစနဲ့ ကျုပ် ယာယီလုပ်ထားတဲ့ အစီအရင်ကို ဖောက်ထွက်လိုက်” ထန်ရှုက ထူးမခြားဟန်ဖြင့် ပြောသည်။ “အင်း ခင်ဗျား ဖောက်ထွက်နိုင်ရင်တောင် ပိုပြီး စိတ်၀င်စားစရာကောင်းတာတွေ ကြုံဦးမှာပေါ့။ အတိုချုံးပြောရရင် ခင်ဗျား ဒီနေ့ မရှုမလှ ခံစားရလိမ့်မယ်။ စိတ်ချ လုံး၀ သက်တောင့်သက်သာ မဖြစ်စေရဘူးလို့ အာမခံတယ်”
သူက ထိုသို့ပြောပြီးနောက် ထိုလူနှစ်ယောက်ကို လျစ်လျူရှုကာ ငေးငိုင်နေသည့် လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့ကို လှည့်ကြည့်လိုက်သည်။ သူက ပြုံး၍ ပြော၏။ “မိန်းကလေးတို့ မတွေ့ရတာကြာပြီနော်။ ငါတို့ တွေ့ခဲ့တဲ့အချိန်ကနေ အခုထိ အဆင်ပြေပါရဲ့လား”
ရေမိန်းကလေး၏နှုတ်ခမ်းများက အနည်းငယ်တွန့်သွားပြီး သူမက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောသည်။ “နင်သာ ဒီမှာ ရှိမှန်း ကြိုသိခဲ့ရင် ငါတို့ လာစရာတောင် မလိုဘူး မစ္စတာထန်။ ပြီးတော့ သူတို့ ကျင့်ကြံသူတွေဆိုတာ ငါတို့ ကြိုမသိခဲ့ရဘူး။ သူတို့ရဲ့ ကြောက်စရာခွန်အားဆို ပြောမနေနဲ့တော့။ ဒီတစ်ကြိမ်လည်း နင် ငါ့ကို အသက်ကို ကယ်လိုက်တာပဲ”
“ငါတို့က လုပ်ကိုင်ဖော်ဖက်တွေလို့ ပြောလို့ရတယ်မလား။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် ကူညီတာ အပန်းမကြီးပါဘူး” ထန်ရှုက ပြုံး၍ ပြောသည်။ “ပြီးတော့ ဒီနေရာကို ငါနဲ့ အပ်ခဲ့လိုက်။ မင်းတို့ အလုပ်ရှိသေးရင် ပြန်လို့ရတယ်နော်”
“ငါတို့ ဒီကိစ္စကို မဖြေရှင်းပဲ ပြန်လို့မရဘူး မစ္စတာထန်” ရေမိန်းကလေးက တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေ၏။ “ပြီးတော့ နင် အလုပ်ရှုပ်ရတာ မကြိုက်တာကို ငါ သိပါတယ်။ ဒါကြောင့် နင်တို့ သူတို့နဲ့ ကိစ္စပြီးသွားရင် ကျန်တဲ့ကိစ္စတွေကို ငါတို့ ရှင်းလိုက်မယ်”
“ကောင်းပြီလေ” ထန်ရှုက ခေါင်းညိတ်သည်။
ထန်ရှုရောက်သည့်အချိန်မှစ၍ လျှပ်စီးမိန်းကလေးမှာ အနည်းငယ် ကြောင်အနေ၏။ ထန်ရှု ဤနေရာသို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့သလို သူမ၏နှလုံးသားကို တဒိန်းဒိန်း ခုန်နေစေသည့် အလွန်ချောမောသော ယောက်ျားနှင့်တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် သူမမှာ တောင်စဉ်ရေမရ ဖြစ်နေတော့သည်။
သူမ စိတ်နှင့်ကိုယ်ကပ်သွားသည့်အချိန်တွင် လျှပ်စီးမိန်းကလေးက အလင်းကို လက်ညှိုးထိုး၍ မေးလိုက်၏။ “မစ္စတာထန် သူက....နင့်ရဲ့ မြေးတပည့်လား”
ထန်ရှုက ချောမောတက်ကြွပြီး တင့်တယ်ကျော့မော့ဟန်ရှိသော်လည်း သမာရိုးကျမဟုတ်သည့် အလင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံး၍ ဖြေ၏။ “အင်း သူက မျိုးဆက်စဉ်အတိုင်းဆိုရင် ငါ့ရဲ့ မြေးတပည့်ပဲ။ ဘာဖြစ်လို့လဲ မင်းက ငါ့မြေးတပည့်ကို စိတ်၀င်စားနေတာလား”
လျှပ်စီးမိန်းကလေးမှာ ရှက်သွေးဖြာသွားပြီး နားရွက်ဖျားကလေးများပင် နီရဲသွား၏။ သို့သော် သူမက လေးနက်တည်ကြည်စွာ ဖြေသည်။ “နင် ငါ့ကို စနေတာပဲ။ ဒါပေမဲ့ သူက တကယ်မိုက်တယ် ငါ့အကြိုက်ပဲ။ နင် သူနဲ့ငါ့ကို အောင်သွယ်ပေးရင် နင့်ကျေးဇူးကို မမေ့ပါဘူး”
“ဟားဟားဟား” ထန်ရှုက တဟားဟား အော်ရယ်လိုက်သည်။ အလင်းမှာတော့ ငိုရခက် ရယ်ရခက် ဖြစ်နေ၏။
“မင်းသိလား။ ဘယ်သူမှ မိန်းမလှလေးကို မလွန်ဆန်နိုင်ပါဘူး။ ပြီးတော့ ငါ့ရဲတပည့်လေးက စိတ်ကျေနပ်စရာကောင်းပါတယ်” ထန်ရှုက ပြုံး၍ ပြောသည်။ “မင်းတို့နှစ်ယောက်ကြားက မိန်းမ၊ ယောက်ျားကိစ္စတွေကိုတော့ မင်းတို့ပဲ ဖြေရှင်းကြ။ ငါ ဝင်မရှုပ်ဘူး ဟုတ်ပြီလား။ ဟေ့ အလင်း။ မင်းကြောင့် ဒီမိန်းမလှလေးရဲ့ နှလုံးသားက ဖရိုဖရဲဖြစ်သွားတာဆိုတော့ သေချာနှစ်သိမ့်ပေးလိုက်နော်။ နာကျင်သွားအောင်လည်း မလုပ်လိုက်နဲ့ဦး။ ဟားဟားဟား.....”
“ဟားဟားဟား.”
ထန်ရှုထံမှ မီတာအနည်းငယ်အကွာရှိ လေထုမှာ ပုံပျက်ရှုံ့တွသွားပြီး အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် အမှောင်က ဆံနွယ်များ လွင့်မြောလျက် ထန်ရှုအနား အသာအယာ ချဉ်းကပ်လာလေသည်။ သူမက ထန်ရှု၏လက်ကို ကိုင်ရင်း ချိုသာစွာ ပြုံးလျက် ပြော၏။ “ဆရာအဘိုးပြောတာမှန်တယ်။ ကျွန်မရဲ့အစ်ကိုက မိန်းမယူပြီး ကလေးမွေးသင့်တဲ့ အရွယ်ရောက်နေပြီ။ ဆရာအဘိုး အောင်သွယ်တော် လုပ်ပေးမှာကို သူမငြင်းရဲလောက်ပါဘူး”
“အမှောင် နင်” အလင်းက ဒေါသတကြီး အော်၏။
ထန်ရှုက အမှောင်၏မျက်နှာဖုံးအား တအံ့တဩ ကြည့်လိုက်ပြီး ခေါင်းခါကာ ရယ်လိုက်သည်။ “ဟားဟားဟား မင်း မြင်တဲ့အတိုင်းပဲ ငါက အောင်သွယ်တော် လုပ်ပေးချင်ပေမယ့် သူကြိုက်တဲ့ မိန်းကလေးမျိုးကို မသိဘူးဖြစ်နေတာ။ ပြီးတော့ မင်းလည်း အမှောင်ထဲမှာပဲ တစ်ချိန်လုံးနေနေလို့ မဖြစ်ဘူးနော် အမှောင်။ ယောက်ျားတစ်ယောက်က အချိန်တန်ရင် အိမ်ထောင်ပြုသင့်တယ်ဆိုပေမယ့် မိန်းကလေးလည်း တူတူပဲ။ မင်း ကြိုက်နေတဲ့လူရှိရင် ငါ့ကို တိတ်တိတ်လေး ပြောပြလို့ရတယ်နော်”
အမှောင်၏မျက်၀န်းလေးများက ပြူးကျယ်သွားပြီး သူမက ဒေါသတကြီး အော်၏။ “ဘာတွေပြောနေတာလဲ ဆရာအဘိုးကလည်း။ ဆရာ့လိုမြင့်မြတ်ကြီးကျယ်တဲ့လူကိုပဲ လက်ထပ်မှာပါဆို”
“ဟားဟားဟား” ထန်ရှုမှာ နောက်တစ်ကြိမ် အားရပါးရ ရယ်လိုက်ပြန်သည်။ “ငါ့လို လူများများစားစား မရှိဘူးကွ။ အင်မော်တယ်ကမ္ဘာမှာတောင် ငါ့လိုလူမျိုးက ခပ်ရှားရှားရယ်။ မင်းရဲ့ စံနှုန်းက.....မြင့်လွန်းနေတော့ နည်းနည်း....လျှော့လိုက်ပါဦးကွာ။ ဟားဟား”
“ခစ်...ခစ်” အမှောင်မှာလည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူမ၏ခန္ဓာကိုယ်လေးက ဖြတ်ခနဲ လေနှင့်အတူ ပျောက်ကွယ်သွား၏။
........
ချင်းလင်စီရင်စု မြောက်ဘက်တွင်။
ဆယ်ထပ်မက မြင့်မားသော အဆောက်အဦးတစ်ခု၏အပေါ်တွင် လီကန်းဒဲ့နှင့် ကျူဟောင်ကောတို့က ဘေးချင်းယှဉ်လျက် ရပ်နေပြီး အဝေးရှိ ချင်းချန်တောင်ပေါ်မှ ကောင်းကင်ကို မှန်ပြောင်းများဖြင့် ကြည့်ရှုနေကြသည်။ သူတို့သည် ရွှေရောင်စွမ်းအင်အကာအရံကိုသာမက ထန်ရှုနှင့် တောင်ပေါ်ရှိ အခြားသူများကိုလည်း မြင်နေရ၏။
“ခင်ဗျားသိလား ကပ္ပတိန်လီ။ ကျုပ် သဘာ၀လွန်ဖြစ်တည်မှူတွေကို ဘယ်တုန်းကမှ မယုံခဲ့ဖူးဘူး။ ဒါပေမဲ့ အခု ဒီကမ္ဘာမှာ အင်မော်တယ်တွေရှိတယ်လို့ ယုံသွားပြီ” ကျူဟောင်ကောက သက်ပြင်းချ၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“အင်း ကျုပ်လည်း ကမ္ဘာပေါ်မှာ ဒြပ်စင်ပညာရှင်တွေလိုမျိုး စွမ်းရည်အသုံးပြုသူတွေရှိတယ်ဆိုတာ သိပါတယ်။ အဲ့ဒီလူတွေက ကြောက်ဖို့ကောင်းတယ်။ နိုင်ငံထဲက အထူးကိစ္စတွေကို ဖြေရှင်းဖို့ အထူးဌာနတစ်ခုက အုပ်ချုပ်နေဝာာ။ ဒါပေမဲ့ အဲ့ဒီလူတွေထက် ပိုပြီး အင်အားကြီးတဲ့လူတွေ ရှိနေလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးဘူး။ ကျုပ်ထင်တာသာ မမှားရင် ဒဏ္ဍာရီတွေအရ ကျင့်ကြံသူတွေလို့ ခေါ်ကြတယ်မလား။ ထူးဆန်းတဲ့ စိတ်ကူးယဉ်အင်မော်တယ်ကမ္ဘာဆီ လျှောက်လှမ်းနေကြတဲ့လူတွေလေ”
“အဲ့ဒါက ယုံတမ်းစကားတွေ မဟုတ်ဘူးလား” ကျူဟောင်ကောမှာ အံ့အားသင့်သွားသည်။ “ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်.....”
လီကန်းဒဲ့က မှန်ပြောင်းကို ချလိုက်ပြီး မြောက်ဘက်ရှိ တောင်ကို ညွှန်ပြကာ ငြင်းဆန်၏။ “စကားလုံးတွေနဲ့တော့ သက်သေမလုံလောက်ဘူးပေါ့။ ဒါပေမဲ့ မျက်စိနဲ့တပ်အပ်မြင်နိုင်ရင်တော့ ယုံရမှာပဲလေ။ ခင်ဗျား သူတို့ကို မယုံဘူးလို့တော့ မပြောနဲ့”
ကျူဟောင်ကောမှာ ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောချေ။ သူက ခေါင်းညိတ်၍ မအီမသာ ပြုံးလိုက်၏။ “မှန်တယ်။ ကျုပ် ယုံတယ်”
“ကျုပ်တို့ အမြဲတမ်း လူသတ်သမားကို ဖမ်းမမိနိုင်ဖြစ်နေခဲ့တာ။ တကယ်တော့ သူက သာမန်လူတစ်ယောက်မဟုတ်ဘဲ မှော်အစွမ်းရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့တာပဲ။ ဒါပေမဲ့ နတ်ဆေးသမားတော်ထန်က ဒီကိစ္စကို ဖြေရှင်းနေတော့ စိတ်အေးအေးထားလို့ ရလောက်ပါပြီ။ ကျုပ်တို့ အထက်လူကြီးတွေ ကျုပ်တို့ကို အပြစ်ပြောမှာ မဟုတ်တော့ဘူး”
“အင်း။ ချင်းလင်မြို့မှာ လူသတ်မှုတွေ များလွန်းတဲ့အတွက် ကျုပ် ထိန်မထားနိုင်လောက်တော့ဘူး ထင်ခဲ့တာ။ ဒီလိုစိတ်အားငယ်စရာအချိန်တွေမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ လူသတ်သမားက သာမန်လူမဟုတ်ဘူးဆိုတော့ ကိစ္စတွေက တစ်မျိုးပြောင်းသွားပြီ။ အထက်လူကြီးတွေသာ ဒီအကြောင်းကို သိသွားရင် ကျုပ်ကို အလုပ်ကို လျစ်လျူရှုတယ်လို့ စွပ်စွဲရဲမှာ မဟုတ်တော့ဘူး”
“ခင်ဗျား အဲ့ဒီအကြောင်းကို စိုးရိမ်စရာ မလိုတော့ပါဘူး” လီကန်းဒဲ့က ခေါင်းညိတ်သည်။
“ဘာပဲဖြစ်ဖြစ် နတ်ဆေးသမားတော် ထန်ကို ကျေးဇူးတင်မိတယ်ဗျာ” ကျူဟောင်က ဆိုသည်။ “သူက အရင်ကလည်း ကျုပ်အသက်ကို ကယ်ခဲ့တယ်။ အခုလည်း လူသတ်သမားကို ဖမ်းနေပြန်ပြီ။ ကျုပ်တို့နိုင်ငံမှာသာ သူ့လို အင်မော်တယ်တွေများများရှိရင် အေးချမ်းနေမှာပဲ”
“ခင်ဗျားကြည့်ရတာ သူ့ကို အတော် လေးစားပုံပဲ” လီကန်ဒဲ့က ပြုံး၍ ပြော၏။
“လေးစားရုံတင်မကဘူး အားကျတာရော၊ ကျေးဇူးတင်မိတာရော အစုံပါပဲဗျို့” ကျူဟောင်ကောက ပြောသည်။
“ဟားဟားဟား...” လီကန်းဒဲ့က အော်ရယ်လိုက်ပြီးနောက် သူ၏မှန်ပြောင်းအား ကောက်ကိုင်လိုက်သည်။
.......
တောင်ထိပ်ပေါ်တွင်။
နဂါးထောင်ချောက်ရှစ်ထောင့်အစီအရင်သည် ပတ်၀န်းကျင်မှ စွမ်းအင်များကို စုပ်ယူပြီး ၎င်းကိုယ်၎င်း တည်ငြိမ်အောင် ထိန်းထားနိုင်၏။ ၎င်း၏လုပ်ဆောင်ချက်ကား တစ်ခုတည်း...ရန်သူကို ပိတ်လှောင်ထားရန်သာ။ လောလောဆယ်တွင် မျက်လုံးတစ်လုံးနဂါးနှင့် တာအိုအဆိပ်သခင်တို့သည် အစီအရင်၏အကာအရံအား သည်းကြီးမည်းကြီး တိုက်ကွက်များ ပစ်သွင်းနေ၏။ သို့ထိတိုင် အစီအရင်ကို ဖောက်ထွက်မသွားနိုင်သေးချေ။
“ဒါက အဓိပ္ပာယ်မရှိဘူး မျက်လုံးတစ်လုံးနဂါး။ ဒီအစီအရင်က ကောင်းကင်နဲ့မြေကြီးစွမ်းအင်ကို ခွဲခြားထုတ်ယူနိုင်တယ်။ ငါတို့ကတော့ စွမ်းအင်ပြန်ဖြည့်ဖို့ နည်းလမ်းမရှိဘူး။ ဒီအတိုင်းသာ ဆက်တိုက်နေရင် ခြေကုန်လက်ပမ်းကျသွားလိမ့်မယ်” တာအိုအဆိပ်သခင်၏ဒဏ်ရာများမှာ သွေးတိတ်သွားပြီဖြစ်သော်လည်း ဒဏ်ရာများက များလွန်းသဖြင့် သူ့မှာ စိတ်ဆတ်နေချေသည်။
“မင်းပြောချင်တာ ငါ သဘောပေါက်တယ်။ ဒါပေမဲ့ ဖောက်ထွက်ဖို့ အဲ့ဒီနည်းလမ်းတစ်ခုပဲ ရှိတော့မယ်ထင်တယ်” မျက်လုံးတစ်လုံးနဂါးက ခါးသီးစွာ ပြော၏။
“မင်းပြောချင်တာ....မင်းရဲ့ဝိညာဉ်နှုတ်ဆူးချွန်လား” တာအိုအဆိပ်သခင်မှာ အံ့ဩမှင်သက်သွားသည်။
“အေး အဲဒီ့ကျိန်စာသင့်ပစ္စည်းပဲ” မျက်လုံးတစ်လုံးနဂါးက ကူကယ်ရာမဲ့စွာ ပြောသည်။ “ငါ အဲ့ဒါကို ထိန်းချုပ်နိုင်အောင်လို့ ငါ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတာကြာပြီ။ ဒါပေမဲ့ ငါ့ကို သုံးခွင့်မပေးသေးဘူး။ ဒီအစီအရင်ကို ဖောက်ထွက်ဖို့ ကပ်သီးလေး သုံးလိုက်နိုင်မယ်ဆိုရင် ငါ့ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားပြီး ဘယ်တော့မှ သုံးဖို့အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”
တာအိုအဆိပ်သခင်မှာ မိနစ်၀က်ခန့် တိတ်ဆိတ်နေပြီးနောက် ခါးသီးစွာ ပြော၏။ “သုံးလိုက်။ ငါတို့ ရတနာတစ်ခု ဆုံးရှုံးလိုက်ရတာက ဒီနေရာမှ ပိတ်မိနေတာထက် ပိုကောင်းတယ်။ ငါတို့ ထွက်သွားနိုင်ရင် မင်းကို ငါ့ရဲ့အဆိပ်မြွေပေးမယ်”
“ဟို ရွှေချည်မျှင်မြွေလား” မျက်လုံးတစ်လုံးနဂါး အံ့အားသင့်စွာ ပြောလိုက်သည်။
“အဲ့ဒီ ရွှေချည်မျှင်မြွေကို နှစ်ပေါင်း ၁၈၀ လောက် မွေးထားခဲ့ရတာ။ ရေလှိုင်းနဂါးအဖြစ် ပုံပြောင်းနိုင်မှာမဟုတ်ပေမယ့် သူက အရွယ်ရောက်လာပြီဆိုတော့ ရေနဂါးတစ်ကောင်လောက်တော့ သန်မာမှာပါ”
“မင်း သေချာရဲ့လား” မျက်လုံးတစ်လုံးနဂါးက မျက်လုံးများမှေးလျက် လေးနက်စွာ မေးသည်။
“သေချာတယ်။ ဒါပေမဲ့ ငါ တင်နေတဲ့အကြွေးအကုန်လုံးကို ချေပေးရမယ်” တာအိုအဆိပ်သခင်က ပြောသည်။
“ကိစ္စမရှိဘူး”
မျက်လုံးတစ်လုံးနဂါးမှာ ကျေနပ်၀မ်းသာသွားသည်။ သူက လေလယ်တွင် ထိုင်ချလိုက်ပြီး လက်များကို ရင်ဘတ်ပေါ် တင်လိုက်၏။ သူ့လက်များ အပေါ်သို့ မြှောက်လိုက်သည့်အချိန်တွင် ချီလုံးတစ်လုံးက သူ၏ခေါင်းထက်တွင် ပုံစံပေါ်လာပြီး မှော်အင်းကွက်များ ပြည့်နေသော ပေ၀က်ခန့်ရှည်သည့် ဆူးချွန်တစ်ခုက ချီလုံးထဲတွင် ပေါ်လာချေသည်။
“ချိုးဖောက်စမ်း”
မျက်လုံးတစ်လုံးနဂါး အပေါ်သို့ ပျံတက်သွားပြီး လက်များကို အပြင်းအထန် ဝှေ့ရမ်း၍ ဆူးချွန်အား အစီအရင်ကို ဖောက်ထွက်သွားစေသည်။ ရွှေရောင်အကာအရံပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး အနီးတစ်ဝိုက်သို့ ပင့်ကူမျှင်များသဖွယ် ပျံ့နှံ့သွားရာ ကွဲအက်သံများ၊ပေါက်ကွဲသံများအား ကြားရနိုင်သည်။ စက္ကန့်အနည်းငယ်အတွင်း အစီအရင်မှာ ပျက်စီးသွားပြီး အစီအရင်ချပ် ၈ ချပ်မှာလည်း ပေါက်ကွဲသွား၏။
ဝီဝီဝီ....
ရုတ်တရက် အနက်ရောင် ဝိညာဉ်နှုတ်ဆူးချွန်ထံမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်သွားပြီး ၎င်းသည် မျက်လုံးတစ်လုံးနဂါးထံမှ ပြေးထွက်သွား၏။