အင်မော်တယ်ရှေးတာအိုအကြော
Vol. 58 Ch. 809
အချိန်များ ကုန်လွန်သွားသည်။ ညအချိန်များတွင် မန်ဟိုသည် ဝတ်ပြုကျောင်းထဲရှိ အရိပ်များကို ထဲထဲဝင်ဝင် စောင့်ကြည့်လေ့လာခြင်းပြု၏။ နက်နက်ရှိုင်းရှိုင်း အကဲခတ်ကြည့်လေလေ၊ အကုန်လုံးက တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားလေလေ ဖြစ်သည်။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်စုံသည်။ တချို့အရိပ်များဆိုလျှင် လူပင်မဟုတ်၊ ဆန်းဆန်းပြားပြား သားရဲများအလားပင်။
အချိန်များစွာ ကြာပြီးနောက်တွင်တော့ မန်ဟိုမှာ ဤနေရာနှင့် ပတ်သက်ပြီး ကြောက်လန့်ခြင်းမဖြစ်တော့ပေ။ ဖြစ်ပျက်နေသော ထူးခြားဆန်းကြယ်မြင်ကွင်း အကုန်လုံးနှင့်လည်း အသားကျနေပြီ။ နေ့တိုင်း ညရောက်လျှင် ရေတွင်းထဲမှ အနက်ရောင်ဆံပင်များ ထွက်လာမည်။ နောက်ဆုံးတော့ မန်ဟိုသည် ဆံပင်များကြားထဲ တင်ပျဉ်ခွေထိုင်လျှင် အရိပ်များ လက်ဆင့်ကမ်းပေးနေသော တာအိုများအား ဉာဏ်အလင်းရယူဖို့ ကြိုးစားရာတွင် အထောက်အကူဖြစ်စေသည့် အံ့ဖွာ်အအေးဓာတ်က သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားကြောင်း တွေ့လိုက်ရ၏။
ရေတွင်းထဲမှ လာနေသော ငိုသံမှာမူ ၎င်းကို အချိန်တစ်ခုကြာသည်အထိ နားထောင်ပြီးနောက်တွင် ငိုသံများမှာ ဆွဲဆောင်မှုတစ်ခုရှိနေကြောင်း မန်ဟို သဘောပေါက်လိုက်သည်....
ထို့နောက် နွယ်ဒန်း။ လွှဲနေသော လှုပ်ရှားမှုအတွင်းတွင် မဟာတာအိုတစ်ပါးတည်ရှိနေကြောင်း မန်ဟို ခံစားရသည်။ သူ့စိတ်ထဲတွင် မရပ်မနား ရှေ့နောက်လွှဲနေသော ဒန်းတစ်ဒန်း ပေါ်လာခဲ့၏။
မန်ဟိုမှာ ‘အိမ်ပြန်မယ်’ ပြောနေသော အသံများဖြင့်ပင် ရင်းနှီးနေလေပြီ။ ရံဖန်ရံခါ အသံများက သူ၏ကျင့်ကြံခြင်းအတွက် အနှောင့်အယှက်ဖြစ်လာလျှင် သူသည် မြေကြီးအား ဒေါသတကြီး ခြေဆောင့်နင်းတတ်၏။
ဤသို့ဖြင့် သူကား ဘုရားကျောင်း၌ ဖြစ်ပျက်နေသော အရာအားလုံးနှင့် အသားကျနေခဲ့လေပြီ။ ထိုအထဲတွင် ဒွါရပေါက်များမှ သွေးများ စီးကျနေသော အဘိုးကြီးလည်း ပါဝင်သည်။ မန်ဟို ဉာဏ်အလင်းရှာတိုင်း အဘိုးကြီးက သူ့အနောက်တွင် ရပ်ကာ သူ၏ခေါင်းထိပ်ကို ကြည့်နေတတ်၏။
နောက်ဆုံးတော့ သူ့မှာ အဘိုးကြီးအား ထိုအတိုင်း ဆက်လုပ်ခွင့်သာ ပေးလိုက်ရတော့သည်။
မန်ဟိုသည် အဝတ်ခဏခဏ လဲသော်လည်း မည်မျှသစ်သစ်၊ ဉာဏ်အလင်းထဲ နစ်မျောသွားပြီးနောက် ပြန်နိုးလာသည့်အခါတိုင်း အဝတ်များမှာ ဟောင်းနွမ်းစုတ်ပြတ်နေမည်ဖြစ်၏။ အဆုံးသတ်တွင် သူက လက်လျှော့ပြီး ဆက်လဲမနေတော့ပေ။
ယခုတလော မန်ဟိုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသော အရိပ်တစ်ခုကို စောင့်ကြည့်နေခဲ့၏။ ထိုအရိပ်၏ခန္ဓာကိုယ်မှ ပြင်းထန်သောလှိုင်းများ ထုတ်လွှတ်နေလေသည်။ အချိန်အနည်းငယ်ကြာ လေ့လာပြီးသော် မန်ဟို့အရှေ့ရှိ လေထုသည် ဝေဝါးလာပြီး အရိုင်းဆန်သောစွမ်းအင်တစ်ရပ်အား ထုတ်ဖော်ထားသော အနက်ရောင်သိမ်းငှက်ကြီးတစ်ကောင် ပေါ်လာ၏။
“ဒါက တာအိုဆရာများမှော်အသွင်ပဲ”
၎င်းက မန်ဟို့ကို မြောက်ပိုင်းသဲကန္တာရ၏ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်နှင့် တိုက်ပွဲတုန်းက ထိုလူ သားရဲအမျိုးမျိုးအသွင်ပြောင်းရန် အသုံးပြုခဲ့သော ထူးခြားဆန်းကြယ်နတ်ဘုရားစွမ်းရည်ကို ပြန်သတိရလိုက်စေသည်။ မန်ဟို့အမြင်တွင် ၎င်းသည် အလွန်အမင်းပြောင်မြောက်ခဲ့၏။
သူသည် ဆက်လက်တွေးတောရင်း အတွေးထဲ နစ်မျောသွားတော့သည်။ မဟာတာအို၏တေးသွားကို နားဆင်ဖို့ ရှေးတာအိုဆရာများဝတ်ပြုကျောင်းသို့ ပြန်ရောက်သွားသည့်အလားပင်။ သူက နေထွက်လာသည့်အခါ ဉာဏ်အလင်းများစွာ ပွင့်လျက် ပြန်နိုးလာခဲ့သည်။
ဝတ်ပြုကျောင်းအတွင်းရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံနှင့်ပတ်သက်လျှင် ကြီးမားသောတိုးတက်မှုများကို ရရှိခဲ့ကြောင်း ခံစားလိုက်ရ၏။ သူ၏ကိုယ်ပိုင်တာအိုရှာဖွေခြင်းတွင် ကွဲပြားသောအဆင့်များ မပါရှိခဲ့ပ။ သူ့အဖေ၏ပြောစကားအရ မြူဓားသွားကို သုံး၍ ခွဲထွက်ခြင်းလုပ်ဆောင်ခဲ့သော ရလဒ်က သူ၏တာအိုရှာဖွေခြင်းကို အဆင့်တစ်ဆင့်တည်း ဖြစ်စေခဲ့ပြီး သူ့ကို စိတ်ဝိညာဉ်နယ်ပယ်၏ ထိပ်ဆုံးတွင် ထားပေးခဲ့သည်ဟု ဆိုရမည်။
သူ၏နောက်တစ်ဆင့်ကား အစစ်အမှန်အင်မော်တယ်အဆင့်ပင်။
မန်ဟို့အတွက် ဤထူးဆန်းသောတာအိုများ၏ ဖန်ဆင်းမှုများက သူ၏လက်ရှိအခြေအနေနှင့် လွန်စွာကိုက်ညီ၏။ သိမ်းငှက်အသွင်ပြောင်းတာအိုမှော်သိုင်းကို လေ့လာပြီးနောက် သူသည် တာအိုအရိပ်နောက်တစ်ခုဆီသို့ ရွေ့လျားသွားလေသည်။
ကံမကောင်းစွာနှင့် သူ့အနေဖြင့် တာအိုအရိပ်အကုန်လုံးနှင့်ပတ်သက်ပြီး ဉာဏ်အလင်းမရနိုင်ပေ။ အတော်များများက သူ၏ကိုယ်ပိုင်ဦးတည်ချက်နဲ့ သွေဖယ်နေရာ သူ့အတွက် နားလည်ရန် မဖြစ်နိုင်ချေ။
ယခုတွင် မန်ဟိုသည် ဝတ်ပြုကျောင်း၏တံတိုင်းနားရှိ တာအိုအရိပ်တစ်ခုကို စောင့်ကြည့်နေ၏။ သူ့မျက်လုံးထဲ၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ပုံရိပ်မှာ တိမ်ကင်းစင်သော ကောင်းကင်ထက်၌ ပျံဝဲနေသော ယောက်ျားတစ်ယောက်၏ပုံရိပ်ဖြစ်သည်။ ထိုလူ၏လက်က လက်သည်းလက်သဖွယ် ဖော်ဆောင်၍ လေကို ကုတ်ခြစ်လိုက်ရာ သူ့အောက်ရှိ မြေပြင်အား အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေသည်။
“လက်သည်းသိုင်း”
ထိုပုံရိပ်ကို စိတ်သန္တန်တွင် မှတ်သားခတ်နှိပ်လိုက်သည့်အခါ မန်ဟို၏အသိစိတ် တုန်ရီသွားသည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် တာအိုအရိပ်နောက်တစ်ခုနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရရုံလေးရှိစဉ် အဝေး၌ လက်ကိုဆန့်ထုတ်၍ ကြယ်တစ်စင်းအား ခူးဆွတ်လိုက်သော တာအိုဆရာတစ်ယောက်ကို မြင်လိုက်ရ၏။ တာအိုဆရာက ကြယ်ကို အားပါပါ ဆွဲချလိုက်ရရာ ကြယ်မှာ တုန်ခါသွားပြီး သူ၏လက်ဝါးပြင်ထက်တွင် တောက်ပနေသောအရောင်အဝါတစ်ခုအသွင် ပြောင်းသွားသည်။
“ဒါက ... ကြယ်ခူးဆွတ်ခြင်းမှော်သိုင်းပဲ”
မန်ဟိုသည် ဝတ်ပြုကျောင်းထဲရှိ တာအိုအမွေများမှ ဉာဏ်အလင်းများ ရယူရာတွင် စိတ်ရောကိုယ်ပါ နစ်မျောသွား၏။ နောက်ဆုံးတွင် ကြေးဆီမီးအိမ်အတွင်းရှိ မီးတောက်မှ ငြိမ်းတော့မည့်လက္ခဏာများ ပြသလာသည်။ ငြိမ်းသွားလျှင် ဤရှေးတာအိုဆရာများဝတ်ပြုကျောင်းထဲရှိ ကံကြမ္မာကောင်း ပြီးဆုံးပျောက်ကွယ်သွားလိမ့်မည်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် တရားထိုင်နေရာမှ နိုးလာကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ဤအခိုက်အတန့်တွင် သူကား ဉာဏ်အလင်းရှာဖွေရနိုင်သမျှ တာအိုအရိပ်အကုန်လုံးကို ဆင်ခြင်သုံးသပ်ခဲ့ပြီးလေပြီ။ ကံဆိုးစွာနှင့် ၎င်းတို့မှာ သောင်းပြောင်းထွေနေရာ မန်ဟို အမှန်တကယ် နားလည်ခဲ့သည်မှာ သုံးခုသာရှိပေသည်။
လက်သည်းသိုင်း၊ ဒဏ္ဍာရီသိမ်းငှက်အသွင်ပြောင်းသိုင်းနှင့် ကြယ်ခူးသိုင်း
သို့သော် ဤအရာများသည် တာအိုများမဟုတ် မှော်သိုင်းများသာ ဖြစ်၏။
“မှော်သိုင်းတွေ သန်းပေါင်းများစွာ ရှိပေမယ့် တာအိုပဲ နှလုံးသားထဲမှာ တည်ရှိနိုင်တယ်။ ဒီအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ တာအိုက ဘယ်မှာလဲ” မန်ဟိုက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ့အကြည့်သည် ပျက်စီးပြိုပြက်နေသော နတ်ရုပ်အပေါ် ကျရောက်လာ၏။
နတ်ရုပ်မှာ တစ်ဝက်ကျော် ပျက်စီးနေလေပြီ။ ၎င်းတွင် ခေါင်းမရှိတော့သည်သာမက ၎င်း၏ကိုယ်တစ်ပိုင်းမှာလည်း တစ်ဝက်ပြိုကျနေ၏။ ညာလက်ကို ဆန့်ထုတ်၍ မုဒြာလက်ကွက်ဖော်လျက် တင်ပျဉ်ခွေထိုင်နေကြောင်းသာ ပြောနိုင်သည်။
မန်ဟိုသည် ထိုလက်ဟန်နည်းတူ လုပ်နိုင်သော်လည်း လုပ်ကြည့်သည့်အခါ ရုပ်တုဆီမှ ထူးထူးခြားခြား ခံစားချက်မရပေ။
သူက စိတ်ကသိကအောက် ဖြစ်လာသဖြင့် သူ့အနောက်ရှိ အဘိုးကြီးဘက် လှည့်ပြီး ပြောသည်။ “ခင်ဗျား ကျုပ်နောက် တကောက်ကောက်လိုက်နေတာ လဝက်လောက် ရှိနေပြီ။ ကျုပ်ခေါင်းက အဲဒီလိုစိုက်ကြည့်နေဖို့ စိတ်ဝင်စားစရာကောင်းနေလား”
မန်ဟိုအတွက် အဘိုးကြီးသည် ထုံထုံထိုင်းထိုင်းနှင့် အသက်မပါသည်မှအလွဲ၍ ကြောက်စရာမကောင်းတော့ပေ။ “ခင်ဗျားက ဆီမီးအိမ်ရဲ့ မီးတောက်ကြောင့် ကျလာတဲ့ အရိပ်ကနေ ဖြစ်ပေါ်လာတာ။ ဘာအကြောင်းပြချက်မှမရှိဘဲ ဒီလဝက်လုံး ကျုပ်ကို ကြည့်နေတာလို့တော့ မပြောနဲ့နော်”
“အင်မော်တယ်” အဘိုးကြီးက သံသံချင်း ခြစ်သံကဲ့သို့ အက်ကွဲကွဲ ဩရှရှလေသံနှင့် ရုတ်တရက် ပြောသည်။
မန်ဟို၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသည်မှာ လဝက်လုံးအတွင်း အဘိုးကြီး ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်သည်။
“ဘာပြောလိုက်တာ”
“အင်မော်တယ်” အဘိုးကြီးက ထပ်မံပြောသည်။ “ဒီရုပ်တုက အင်မော်တယ်”
မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“မင်းက အင်မော်တယ်ဖြစ်ချင်တာလား” အဘိုးကြီးက မေးသည်။ မန်ဟို့ကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေ၏။
မန်ဟိုသည် ဤအဘိုးကြီးမှာ တော်တော်ထူးဆန်းသည်ဟု ခံစားရလာပြန်သည်။ သူက မျက်လုံးများ မဆိုစလောက် ကျဉ်းမြောင်းကာ ပြောသည်။ “ကျုပ် အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ တစ်ပိုင်းပဲလိုတော့တာ”
“အင်မော်တယ်တွေက ဘယ်လိုလုပ် အတုနဲ့ အစစ်ဆိုပြီး ကွဲနိုင်မှာလဲ .... အဲ့ဒါကြောင့် မမှန်ကန်တဲ့လမ်းကြောင်း” အဘိုးကြီးက ခေါင်းကို ခါလိုက်ပြီး သူ၏မျက်လုံးများအရ အတိတ်ကို ပြန်ပြောင်းတွေးတောနေသယောင်ပင်။ ထို့နောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မမှန်ကန်တဲ့လမ်း.... အမွေအနှစ်က ဖြတ်တောက်ခံလိုက်ရတာလား .... အဲဒီစစ်ပွဲပြီးကတည်းက နှစ်တွေအများကြီး ကြာခဲ့ပြီ ...”
ရုတ်တရက် အဘိုးကြီး အရူးကြီးလို ရယ်သည်။ “ ဟီးဟီး အကုန်လုံး သေကုန်ပြီ။ မြေကြီးတွေ ကြေမွသွားပြီ။ ကြယ်မြစ်တွေ ပြတ်တောက်သွားပြီ...” ထိုလူသည် မရပ်မနား ရယ်ပြီးနောက် ဝတ်ပြုကျောင်းထဲ၌ ရှေ့လျှောက်နောက်လျှောက်ရင်း ငိုယိုနေပြန်သည် ။
“တော်ပါတော့ ။ ငါ သက်ရှိတွေကို မဖိနှိပ်နိုင်ဘူး။ သရဲတွေကိုပဲ ဖိနှိပ်နိုင်တာ.....
“သွားပြီ။ အကုန်လုံးသွားပြီ...”
မန်ဟိုမှာ ချာချာလည်သွားသည်။ သူသည် ပူဆွေးနေသောအဘိုးကြီး၏ပုံရိပ်ကို ကြည့်ပြီး သူ့တွင် အထီးကျန်သော ဝမ်းနည်းမှုတို့ ပြည့်နှက်နေပုံရသည်ကို သတိထားမိလိုက်၏။ ရေတွင်းထဲမှ ငိုညည်းသံသည် ပို၍ ကျောချမ်းဖွယ်ကောင်းလာပြီး နွယ်ဒန်းမှ သွေးစက်များစွာ စက်လက်စက်လက် ကျလာသည်။
“စီနီယာ၊ ဘယ်စစ်ပွဲကို ပြောနေတာလဲ” မန်ဟိုက မေးသည်။
အဘိုးကြီး ရယ်ပြီး ငိုပြန်သည်။ ကြေးဆီမီးအိမ်ထဲရှိ မီးတောက်သည် ဖျတ်ဖျတ်လူး နေပြီး အရိပ်အကုန်လုံး ကတုန်ကယင်ဖြင့် ထရပ်လိုက်ကြကာ ငိုလိုက်ရယ်လိုက်နှင့် မန်ဟို့ကို ဝိုင်းပတ်လျက် လျှောက်နေကြတော့သည်။
မန်ဟိုမှာ အသက်ရှူသံများ မြန်လာပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ... ကြေးမီးအိမ်သည် ရွှစ်ခနဲ မီးငြိမ်းသွား၏။
အရာအားလုံး ပျောက်ကွယ်သွားသည်။
အမှောင်ထုက မင်းမူနေသည်။ မန်ဟိုမှာ နေထွက်ပြူလာသည်ကို သတိမထားမိဘဲ ပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်လိုက်လေသည်။
မန်ဟိုသည် တစ်နေ့လုံး အူကြောင်ကြောင် ဖြစ်နေ၏။ အဘိုးကြီး၏စကားလုံးများနှင့် မနေ့က အဖြစ်အပျက်များက ဤအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းနှင့် ဆက်နွှယ်နေသော အံ့ဖွယ်လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု သူ့ကို ခံစားရစေသည်။
ထိုလျှို့ဝှက်ချက်က .... တောင်ကောင်းကင်၏ နယ်မြေအကုန်လုံးနှင့် ပတ်သက်ကောင်း ပတ်သက်နေနိုင်သည်။
“ဘာလို့ ဧရာမတာအိုဆရာများဝတ်ပြုကျောင်းက ... အခုလေးတင် ပျောက်ကွယ်သွားတာလဲ”
“အဲဒီအရိပ်တွေ အကုန်လုံး ... ဘယ်သွားကြတာလဲ
“ဘာလို့ကျောင်းရဲ့ခန်းမက ဒီလိုပျက်စီးနေတာလဲ”
တစ်နေကုန်သွားပြီး ညရောက်လာသောအခါ ကြေးမီးအိမ်သည် ပြန်လင်းလာသော်လည်း မီးတောက်ကား အစတုန်းကထက် မှိန်ပျနေခဲ့လေပြီ။ အဘိုးကြီး ပြန်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူသည် ဝတ်ပြုကျောင်းခန်းမတံခါး၏ ဘေးတွင် ရပ်နေ၏။ သူကား ငိုလည်းမငို၊ ရယ်လည်း မရယ်တော့ဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။
တခဏကြာသော် အဘိုးကြီးက မန်ဟို့ကို ရုတ်တရက် လှမ်းကြည့်သည်။ “မင်းအဖေက အစွမ်းထက်တယ်။ ငါ နေခဲ့တဲ့ ခေတ်မှာတောင် အစွမ်းထက်ပညာရှင်အဖြစ် သတ်မှတ်ခံရနိုင်တယ်
“သူလည်း သူ့လမ်းစဉ်က မမှန်တာ သိတယ်။ ဒါပေမဲ့ ပြောင်းလဲဖို့ မတတ်နိုင်တော့ဘူးလေ။ ပြောင်းလဲနိုင်ရင် ဒီထက်တောင် အစွမ်းထက်လာနိုင်တယ်
“မင်းမှာ ငါ့ခေတ်က ကျင့်ကြံသူတွေထက်တောင် ကောင်းမွန်တဲ့ အခြေခံကောင်းကောင်းရှိတယ်။ မင်း ... အင်မော်တယ် ဖြစ်လာချင်လား။ အတုအယောင်၊ အစစ်အမှန်မပြောဘူး။ အင်မော်တယ်ပဲ .... အကြော (၁၀၀) အပြည့် အင်မော်တယ်
“အကြော (၁၀၀) လုံး ဖွင့်ပြီးမှပဲ အင်မော်တယ်လို့ အမှန်တကယ် သတ်မှတ်နိုင်တယ်။ အတိတ်ခေတ်တွေမှာတောင် အကြော (၁၀၀) အပြည့်နဲ့ အင်မော်တယ်တွေဟာ လက်ချိုးရေလို့တောင်ရတယ်။ မဟာတာအိုတွေကို အမွေရထားတဲ့သူတွေပဲ အဲဒီအဆင့်ကို ရောက်ရှိနိုင်တယ်။ ဒါတောင် အင်မတန်ခက်ခဲတဲ့ အတားအဆီးတွေနဲ့”
မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားသည်။ သူ့အဖေ၏ပြောစကားအရ အကြော (၈၀) က ရွေးချယ်ခံဖြစ်စေပြီး၊ အကြော (၉၀)မှာ မြင်ရခဲသည့်အပြင် အကြော (၁၀၀)သည် ... တည်ပင်မတည်ရှိလောက်ဟူ၍။ မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် အဘိုးကြီးကို ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
“မှော်ဆိုတာကို ပေါ့ပေါ့ပျက်ပျက် ပြောလို့မရသလို တာအိုကိုလည်း ကရော်ကမည် လက်ဆင့်ကမ်းလို့မရဘူး။ အခု ဒီနေရာဟာ ပွင့်သွားခဲ့ပြီဆိုတော့ နဝမတောင်နဲ့ပင်လယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေလိမ့်မယ်.... ဒီကြေးဆီမီးအိမ်က ရှေးခေတ်မှာ ထွန်းတောက်လာခဲ့ပေမယ့် ဘာကို အလင်းပြလဲဆိုရင် အတိတ်ကိုပဲ
“လောင်ကျွမ်းနေတာ ဆယ်ရက်ကျော်ပြီဆိုတော့ မကြာခင် ငြိမ်းသွားလိမ့်မယ်။ မင်းသွေးကို ဆီအဖြစ်သုံးလိုက်ရင် ခုနစ်ရက်ခုနစ်ကြိမ်၊ စုစုပေါင်း ၄၉ ရက်ကြာ မငြိမ်းဘဲ လောင်ကျွမ်းနေလိမ့်မယ်။ ဘယ်သူမှ ဝတ်ပြုကျောင်းထဲ ဝင်ပြီး မီးအိမ်ကို မထိစေနဲ့။ မင်းရဲ့အရှိန်အဝါတစ်ခုတည်းပဲ အစကနေ အဆုံးအထိ ရှိနေအောင် လုပ်ပါ
“ဒီလိုလုပ်ရင် ... မီးတောက်က ခုနစ်ရက်ခုနစ်ကြိမ်၊ ၄၉ ရက် လောင်ကျွမ်းနေမယ်ဆိုရင် အင်မော်တယ်ရှေးတာအိုချီရဲ့ အမျှင်တစ်မျှင်ကို ထုတ်ပေးလိမ့်မယ်။ အဲ့ဒါကို မင်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်စေလိုက်တဲ့အခါ အင်မော်တယ်ရှေးတာအိုအကြော ဖြစ်လာလိမ့်မယ်
“တာအိုအကြောကို ပိုင်ဆိုင်ထားရင် ဘယ်လိုအခြေအနေမျိုးမှာမဆို အင်မော်တယ်လမ်းစဉ်ရဲ့တာအိုဉာဏ်အလင်းကို ရယူနိုင်တယ်” အဘိုးကြီးက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီးနောက် လှည့်၍ နတ်ရုပ်ထဲ ဝင်သွားတော့သည်။
မန်ဟို တိတ်ဆိတ်စွာ ရပ်ကျန်ခဲ့စဉ် ခိုင်မာပြတ်သားမှုက သူ၏မျက်လုံးများတွင် တောက်ပလာသည်။ သူသည် မြေကြီးပေါ်၌ ရေးထိုးထားသော ‘အင်မော်တယ်’ စာလုံးကို ငုံ့ကြည့်လိုက်ပြီး ရှေးဆန်သောအရှိန်အဝါတစ်ခုက သူ၏နှလုံးသားထဲမှ ပေါက်ဖွားလာကာ တစ်ကိုယ်လုံးပြည့်နှက်သွားလေ၏။
“အတုအယောင်အင်မော်တယ်၊ အစစ်အမှန်အင်မော်တယ် ...အင်မော်တယ်” သူက ရေရွတ်လိုက်သည်။ ကြေးဆီမီးအိမ်သည် သိသိသာသာ မှေးမှိန်လာပြီး ငြိမ်းတော့မည့်လက္ခဏာများ ပြလာ၏။ မန်ဟိုက ရှေ့သို့လျှောက်လာပြီး လက်ကောက်ဝတ်ကို လှီးကာ သွေးတချို့အား မီးအိမ်ထဲ ထည့်လိုက်သည်။ မီးတောက်ကား ငြိမ်းမည့်အစား ဖြိုးဖြိုးဖြောက်ဖြောက် မြည်ရင်း ပို၍တောက်ပလာတော့သည်။
မန်ဟိုသည် မီးအိမ်၏အရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး စိတ်ထဲတွင် ရှင်းလင်းသွားသည်ကို ခံစားနေရ၏။
ရက်အနည်းငယ်ကြာသော် တောင်ကောင်းဂြိုဟ်၏အပြင်တွင် စူးရှသောအလင်းတန်းများ ရုတ်တရက် ပေါ်လာခဲ့သည်။ ကြယ်အားလုံးအား မှေးမှိန်သွားစေသည့် ဧရာမနေရာရွှေ့ပြောင်းခြင်းမုခ်ဝကြီးအား မြင်ရနိုင်သည်။ ကြယ်အလင်းရောင်စဉ်များ အရပ်လေးမျက်နှာသို့ ဖြာထွက်လာစဉ် နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏အလယ်၌ ပုံရိပ်ဒါဇင်များစွာ ပေါ်လာ၏။
ပထမသုံးခုမှာ ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံများဖြစ်သည်။ သူတို့၏အနောက်တွင် ဖန်မျိုးနွယ်ဝင်ဆယ်ယောက်နှင့်အတူ သူတို့၏တာအိုစောင့်ရှောက်သူများပါသည်။
သူတို့၏ပေါ်ပေါက်လာမှုက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေသည်။ သို့ရာတွင် အများစုမှာ အင်မော်တယ်နယ်ပယ်တွင် မဟုတ်သည့်အတွက် ကြယ်တာရာကောင်းကင်တွင် အချိန်ကြာမြင့်စွာ မနေနိုင်လေရာ သူတို့ကို လိုက်ပါစောင့်ရှောက်ပေးမည့်သူများအား လိုအပ်လေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် တာအိုရှာဖွေခြင်းနှင့် အင်မော်တယ်နယ်ပယ်အကြား ဖြစ်ပြီး ရွေးချယ်ခံသုံးဦးလည်း အလားတူပင်။
သို့သော် စိတ်ဝိညာဉ်နယ်ပယ်အလွန် ဖြစ်သော ကျန်မျိုးနွယ်ဝင်တချို့ ရှိပြီး ရွေးချယ်ခံများမဟုတ်သော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံများက အင်မော်တယ်အဆင့်ဖြစ်ကြသည်။ သူတို့ပေါ်ပေါက်လာမှုကား လုံးလုံးလျားလျား ရင်သပ်ရှုမောဖွယ် ကောင်းလေသည်။
“ငါတို့ရောက်ပြီ။ ဒါ တောင်ကောင်းကင်ဂြိုဟ်ပဲ”
“ကြည့်ရတာ ဖန်မျိုးနွယ်စုက ပထမဆုံးရောက်တာဖြစ်မယ်။ ကဲ သွားစို့ ။ ကံကြမ္မာကောင်းနည်းနည်းပါးပါး သိမ်းပိုက်ဖို့ အချိန်ကျပြီ” တာအိုစောင့်ရှောက်သူများအပါအဝင် အရေအတွက်တစ်ဒါဇင်ကျော်သည် ချက်ချင်းပင် တောင်ကောင်းကင်သို့ အမြန်ဆုံး ရွေ့လျားသွားကြ၏။
သူတို့အကြားတွင် ရွေးချယ်ခံသုံးဦးကား တစ်ယောက်နှင့်တစ်ယောက် ခပ်တန်းတန်း နေကြသည်။ တစ်ယောက်ချင်းစီသည် ကျန်မျိုးနွယ်ဝင်များ လေးစားရိုသေစွာ မော်ဖူးကြရသူများ ဖြစ်၏။ အမျိုးသမီးမှာတော့ ဖန်ရှန်ရှန်း ဖြစ်ကာ ကျန်နှစ်ယောက်တွင် ကြယ်စင်မျက်ဝန်းများနှင့် အံ့ဖွယ်အပြင်အားကိုယ်ပိုင်ရှင် ကတုံးဖန်ယွင်ရီပါဝင်သည်။ နောက်တစ်ယောက်က သားရဲများ၏သွေးနှင့် ရေချိုးသော ဖန်တုံးဟန်ပင်။
ဤသုံးယောက်သည် ဖန်မျိုးနွယ်စု၏ အထင်ကရရွေးချယ်ခံသုံးယောက်အဖြစ် အသိများ၏။ သူတို့က ယခုထက်ထိ အင်မော်တယ်နယ်ပယ်သို့ မရောက်ကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအခြေခံများကို ဖိနှိပ်ရင်း ခိုင်မာသောအခြေခံကို တည်ဆောက်၍ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းလိုကြသည့်အတွက်ပင်။
သူတို့သည် အတုအယောင်အင်မော်တယ်ဖြစ်ဖို့ ငြင်းဆိုကြသူများ ဖြစ်ပေ၏။
***