ကျင့်ကြံခြင်းတိုးမြှင့်ခြင်း
Vol. 62 Ch. 862
ထန်ရှု၏အမြင်တွင် လျှပ်စီးမိန်းကလေးသည် ယောက်ျားများ၏ရုပ်ရည်သွင်ပြင်ကိုသာ ဂရုစိုက်ပြီး ကိုယ်ကျင့်တရားကို အလေးမထားသည့် ပေါ့ပျက်ပျက် မိန်းကလေးတစ်ယောက်ဖြစ်ချေသည်။ သူမကို ထန်ရှု ဘယ်တုန်းကမှ မမြင်မကြည်ခဲ့ချေ။ ရေမိန်းကလေးကိုသာ အမြင်ကြည်ခဲ့၏။ အလင်းကို သဘောကျသူက ရေမိန်းကလေးသာ ဖြစ်ခဲ့လျှင် သူ ချက်ချင်း အောင်သွယ်ပေးမိလိမ့်မည်။ သို့သော် လျှပ်စီးမိန်းကလေးကိုတော့....ထန်ရှုသည် ထန်ကွမ်အား ဤအပေါ်ယံဆက်ဆံရေးမျိုးနှင့် ၀န်မပိစေလိုပေ။
“မေ့လိုက်ပါတော့။ မင်းက သူနဲ့ မလိုက်ဖက်ဘူး”
ထန်ရှုက စီးကရက်တစ်လိပ်ထုတ်၍ မီးညှိလိုက်သည်။ အရှိုက်အနည်းငယ် ဖွာပြီးနောက် သူက လှည့်ထွက်သွား၏။ သူမ နောက်ထပ်မေးလာမည့် မေးခွန်းများအား ဖြေလိုစိတ်မရှိချေ။
လျှပ်စီးမိန်းကလေးက သူ့နောက် ပြေးလိုက်လာပြီး ဒေါသတကြီး မေး၏။ “နင်ပြောတာ ဘာအဓိပ္ပာယ်လဲ။ ဘာလို့ ငါတို့က မလိုက်ဖက်ရမှာလဲ။ ငါက စွမ်းရည်အသုံးပြုသူ ပြီးတော့ ဒြပ်စင်ပညာရှင်တစ်ယောက်။ သူက ကျင့်ကြံသူလေ...ငါတို့မှ မလိုက်ဖက်ရင် ဘယ်သူက လိုက်ဖက်တော့မှာလဲ”
ထန်ရှုက တုံ့ခနဲ ရပ်လိုက်ပြီး ခပ်ဖွဖွ ပြုံး၍ ပြော၏။ “ဒြပ်စင်ပညာရှင်တွေက ကျင့်ကြံသူတွေနဲ့ နှိုင်းလို့ရတယ်ထင်နေတာလား။ မင်းက သူ့နဲ့လိုက်ဖက်တယ် ထင်တယ်ပေါ့”
“အင်း” လျှပ်စီးမိန်းကလေးက ပြတ်သားစွာဖြေသည်။
“စွမ်းရည်အသုံးပြုသူတွေက ဂုဏ်ယူစရာစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာ မှန်ပါတယ်။ ခွန်အားကြီးဒြပ်စင်ပညာရှင်တွေကလည်း တချို့ကျင့်ကြံသူတွေလောက် အစွမ်းထက်ကြပါတယ်။ ဒါပေမဲ့ မင်းတို့ ဒြပ်စင်ပညာရှင်ရဲ့သက်တမ်းက ဘယ်လောက်ရှိလဲလို့ ငါမေးချင်တယ်” ထန်ရှုက ခေါင်းခါရမ်း၏။ “နှစ် ၁၀၀ လား။ ဒါမှမဟုတ် နှစ် ၂၀၀ လား။ သူတို့ရဲ့ ကျင့်ကြံခြင်းသာ အားကောင်းသထက် အားကောင်းလာရင် ကျင့်ကြံသူတွေ ဘယ်လောက်သက်တမ်းအထိ နေနိုင်လဲဆိုတာ သိရဲ့လား”
“တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင်ရပြီပေါ့။ သက်တမ်းတွေက အရေးပါလို့လား” လျှပ်စီးမိန်းကလေးက ဒေါသတကြီး ပြောသည်။ “ပြီးတော့ အရင်ကဆိုရင် နှစ် ၂၀၀ အထိ နေသွားခဲ့တဲ့ အရမ်းအစွမ်းထက်တဲ့ ဒြပ်စင်ပညာရှင်တစ်ယောက်ရှိခဲ့တယ်လေ။ ဂျပန်တော်လှန်ရေးခေတ်မှာသာမဟုတ်ရင် ငါ သူနဲ့တွေ့နိုင်ခဲ့မှာ”
“သက်တမ်းတွေက အရေးမပါဘူးဟုတ်လား။ မင်း နောက်နေတာလား” ထန်ရှုက သူမကို ကြိမ်းမောင်းလိုက်သည်။ “ထန်ကွမ်သာ ငါ့ရဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်နာမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက တိုးတက်လာပြီးတော့ အနည်းဆုံး နှစ်ရာဂဏန်းလောက်အထိ သက်တမ်းရှိလိမ့်မယ်။ သူသာ ဝီရိယရှိရှိနဲ့ ကျင့်ကြံပြီး ကံလည်း အထိုက်အလျောက် ကောင်းရင် အင်မော်တယ်တောင် ဖြစ်လာနိုင်တယ်။ အဲ့ဒီအချိန်ကျရင် သူက နှစ်ထောင်သောင်းပေါင်းများစွာအထိ အသက်ရှင်နိုင်လိမ့်မယ်။ မင်းကရော။ မင်း ခွန်အားကြီးဒြပ်စင်ပညာရှင် ဖြစ်လာရင်တောင် အများဆုံး နှစ် ၂၀၀ လောက်ပဲ နေရမှာ။ မင်း သေသွားတဲ့အချိန်ကျ ထန်ကွမ်က ဘယ်လိုနေခဲ့ရမှာလဲ။ တစ်ယောက်တည်း အထီးကျန်နေတဲ့ဘ၀နဲ့ ကျင့်ကြံခြင်းလမ်းကို လျှောက်စေချင်လို့လား”
“ဒါ....”
လျှပ်စီးမိန်းကလေးသည် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူမသည် ကျင့်ကြံသူများအကြောင်း ကြားဖူးနား၀ရှိပြီး အင်အားကြီးကျင့်ကြံသူများမှာ အမှန်တကယ် နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်နိုင်ကြောင်း သိ၏။
သို့သော် သူမသည် ထန်ကွမ်အား မြင်မြင်ချင်း ချစ်နှစ်သက်သွားခဲ့သည်။ သူမမှာ မြင်မြင်ချင်းအချစ်ကို ယခုမှ နားလည်ခဲ့၏။ သူမချစ်ခဲ့ဖူးသော လူအရေအတွက်မှာ ဂဏန်းသုံးလုံးပမာဏတွင် ရှိသော်လည်း မြင်မြင်ချင်းအချစ်ကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ယခုအခြေအနေမှာ မည်သည့်အရာနှင့်မှမတူ။ ထန်ကွမ်ကို မြင်သည့်တခဏလေးမှာပင် သူမ၏နှလုံးသားက လှုပ်ရှားအသက်၀င်လာခဲ့၏။ ထိုခံစားချက်မှာ အလိုအလျောက် ပေါက်ဖွားလာခြင်းဖြစ်ပြီး သူမကိုယ်တိုင်ပင်လျှင် မလွတ်မြောက်နိုင်ချေ။
ထန်ရှု၏မျက်နှာပေါ်ရှိ စက်ဆုပ်မှုကို တွေ့သောအခါတွင်မှ လျှပ်စီးမိန်းကလေးသည် သူမနှင့် ထန်ကွမ်အကြားရှိ ကွာခြားမှုကြီးကို သဘောပေါက်နားလည်သွားတော့သည်။ သို့သော် သူမ လက်မလျှော့လိုပေ။ သူမက တခဏ တုံ့ဆိုင်းနေပြီးနောက် လေးနက်စွာပြော၏။ “ငါ့ကို ဘယ်လိုကျင့်ကြံရမလဲ သင်ပေးလို့ရမလား မစ္စတာထန်။ ငါ ကျင့်ကြံသူတစ်ယောက်ဖြစ်လာရင် ထန်ကွမ်နဲ့ အကြာကြီး အတူရှိနိုင်သွားပြီ”
“မင်း ပါးစပ်လေးလှုပ်လိုက်တာနဲ့ ကျင့်ကြံသူဖြစ်နိုင်တယ်များ ထင်နေတာလား”ထန်ရှုက မျက်လုံးဝေ့၍ ခပ်ဆတ်ဆတ် ပြော၏။ “ကျင့်ကြံခြင်းလောကမှာ မပြဌာန်းထားတဲ့ စည်းကမ်းတစ်ခုရှိတယ်။ ကျင့်ကြံခြင်းအတတ်တွေကို အလွယ်တကူ ပေးလို့မရဘူး။ မင်းမှာ ဘယ်လိုအရည်အချင်းပြည့်မီချက်တွေရှိလို့ ငါ့ဆီက ကျင့်စဉ်တွေရနိုင်မယ်ထင်နေတာလဲ”
ထိုသို့ပြောပြီးနောက် ထန်ရှုက သူမကို ဂရုမစိုက်တော့ဘဲ ဒေါသပေါက်ကွဲနေသော ၀မ်ရွီထံ လျှောက်သွား၏။ သူက ပြောသည်။ “ခင်ဗျားရဲ့ ရန်သူလည်း သေသွားပြီ။ ချင်းချန်ကျောင်းကလည်း ကပ်ဘေးကနေလွတ်မြောက်သွားပြီ။ ကျွန်တော်ပေးထားတဲ့ကတိလည်း တည်ပေးခဲ့ပြီးတော့ ခင်ဗျားကို ကျေးဇူးလည်းဆပ်ခဲ့ပြီးပြီ။ ဆိုတော့ ကျွန်တော်တို့ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”
၀မ်ရွီက သွေးများပေကျံလျက် ထန်ရှုအား မော့ကြည့်၏။ သူ၏နှုတ်ခမ်းများက အနည်းငယ်တုန်ရီသွားပြီးနောက် သူက ရုတ်တရက် မေးလေသည်။ “မင်းပေးခဲ့တဲ့ ကျင့်စဉ်တွေအတိုင်းကျင့်ရင် မင်းအခု ပိုင်ဆိုင်ထားတဲ့ ခွန်အားလိုမျိုး ပိုင်ဆိုင်နိုင်မှာလား”
“ဟင့်အင်း” ထန်ရှုက ခေါင်းခါရမ်းလျက် ဖြေ၏။ “ခင်ဗျား နောက်ထပ်အခွင့်အရေးကောင်းမရသရွေ့ ခင်ဗျားဘ၀မှာ အဲ့ဒီလို ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ချင်းချန်ဘုန်းကြီးကျောင်းမှာက သိုင်းပညာအမွေအနှစ်ပဲရှိတာ။ ကျွန်တော်ပေးခဲ့တာနဲ့ဆိုရင် အဆ ၂၀ သန်မာလာနိုင်တယ်။ အဲ့ဒါကတောင် ခင်ဗျားအတွက် ဆုလာဘ်ကြီး ဖြစ်နေပါပြီ”
၀မ်ရွီမှာ စိတ်ပျက်လက်ပျက်နှင့် တခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ဆို၏။ “ထန်ရှု မင်း ငါ့ကို ကျင့်ကြံခြင်းအတတ်တစ်ခု သင်ပေးအောင် ငါ ဘာပေးရမလဲ။ မင်းလက်အောက်မှာ တစ်သက်လုံး အလုပ်အကျွေးပြုမယ်လေ”
“ဟင့်အင်း။ ခင်ဗျားက တခြားလူရဲ့နောက်လိုက်လုပ်မယ့် လူစားမျိုးမဟုတ်ဘူး” ထန်ရှုက ခေါင်းခါရမ်း၍ ပြော၏။ “ကျွန်တော့်လက်အောက်မှာ အလုပ်လုပ်ဖို့လည်း မလိုပါဘူး။ ပြီးတော့ တာအိုလမ်းစဉ်ဆိုတာ အလွယ်တကူ ပေးလို့ရတာလည်း မဟုတ်ဘူး။ ကျွန်တော် ကျင့်ကြံခြင်းအတတ်ပေးမယ့်လူတွေရဲ့ အခြေအနေကို အမြဲစောင့်ကြည့်ထားတာ။ ခင်ဗျားရဲ့အဖေသာ တာအိုအဆိပ်သခင်ရဲ့ အသတ်မခံရဘူး၊ ချင်းချန်ဘုန်းကြီးကျောင်းလည်း ကပ်ဘေးမကျသွားဘူးဆိုရင် အရင်က ခင်ဗျားက ကျင့်ကြံခြင်းလမ်းကို လျှောက်နိုင်ခဲ့မှာ။ အခုတော့ ခင်ဗျားရဲ့အခြေအနေက မသင့်တော်တော့ဘူး”
“ဘာလို့လဲ” ၀မ်ရွီက လေးပင်စွာ မေး၏။
“ခင်ဗျားရဲ့နှလုံးသားထဲမှာ အမုန်းတရားတွေ၊ အငြိုးအာဃာတတွေ ပြည့်နှက်နေပြီ” ထန်ရှုက ရှင်းပြသည်။ “ကျွန်တော် ခင်ဗျားကို ကျင့်ကြံခြင်းလမ်းပေါ် ခေါ်လာခဲ့ရင် ခင်ဗျားအနေနဲ့ အောင်မြင်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ကျင့်ကြံအဆင့်မြင့်မားလေလေ ခင်ဗျားရဲ့အစွဲအလမ်းတွေက မကောင်းတဲ့လမ်းမှားတွေဆီ တွန်းပို့လေလေ ဖြစ်လာလိမ့်မယ်။ ခင်ဗျားအနေနဲ့ ပြန်လမ်းမရှိတဲ့ နတ်ဆိုးလမ်းပေါ် ရောက်သွားဖို့က အရမ်းလွယ်နေတယ်”
“ငါ နားလည်ပါပြီ” ၀မ်ရွီက ထန်ရှုအား လေးနက်စွာ စိုက်ကြည့်၏။ သူ၏ပုံပန်းသွင်ပြင်က ကျင့်ကြံခြင်းကို လက်လျှော့လိုက်ပြီဟု ထင်ရသော်လည်း စိတ်ထဲတွင်မူ ထန်ရှုကဲ့သို ခွန်အားကြီးကျင့်ကြံသူတစ်ယောက်ဖြစ်လာရမည်ဟု သံဓိဌာန်ချထား၏။
လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့ ရှိနေသဖြင့် ထန်ရှုသည် နောက်ဆက်တွဲကိစ္စများကို ဂရုစိုက်နေစရာမလိုတော့ချေ။ ကျင်းရှီနှင့်ကျန်လူများနှင့်အတူ ထွက်ခွာလာပြီးနောက် သူတို့သည် မိုအားဝူနှင့် ကျန်းရှင်းယွဲ့ရှိရာ လိုဏ်ဂူသို့ ပြန်လာကြလေသည်။
ချင်းချန်တောင်ကို လာခဲ့ရသည့် ရည်ရွယ်ချက်မှာ ပိုးနီပန်းကို ရယူရန်ဖြစ်သော်လည်း ၎င်းပြီးမြောက်သွားသည်နှင့် ချက်ချင်း ထွက်ခွာသွားမည်မဟုတ်ချေ။
၎င်းကား သွေးစုစည်းဆေးလုံးကြောင့် ဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်တက်စေရန် ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖော်စပ်ရပေမည်။ မဟုတ်လျှင် ရွှေအမြုတေအဆင့်ရန်သူတစ်ယောက်နှင့် နောက်တစ်ကြိမ်တွေ့ပါက ဒုက္ခရောက်သွားလိမ့်မည်။
“ထန်ရှု ကျွန်မတို့ ဘယ်တော့ ထွက်သွားကြမလဲ”
ကျန်ရှင်းယွဲ့၏ခံစားချက်များမှာ ရှုပ်ထွေးနေချေသည်။ သူမမှာ ထန်ရှုနှင့်လည်း မခွဲချင်သလို ဤလူသူမရှိသည့် ချင်းချန်တောင်တွင်လည်း ကြာကြာမနေချင်တော့ပေ။ ရက်အတော်ကြာအတူတကွ ဖြတ်သန်းခဲ့ရသည်သာမက သူမတို့နှစ်ယောက်အား ခင်ပွန်းနှင့်ဇနီးပင် ဖြစ်သွားစေနိုင်သော မတော်တဆမှုကို ကြုံတွေ့ခဲ့ရပြီးနောက် သူမ၏နှလုံးသားတွင် ထန်ရှုက နေရာယူထားပြီးဖြစ်သည်ကို သူမပင် သတိမထားမိချေ။
“ငါ ဒီမှာ ထပ်နေရဦးမယ်။ တစ်ပတ်၊ နှစ်ပတ်လောက်ပေါ့” ထန်ရှုက ခေါင်းခါရမ်းလိုက်သည်။ “ဒါပေမယ့် မင်း ဒီမှာမနေချင်လို့ ရှန်ဟိုင်းကို ပြန်ချင်တယ်ဆိုလည်း ငါ လူလွှတ်ပေးလိုက်မယ်လေ။ ရက်တွေလည်း ကြာပြီဆိုတော့ မင်းအစ်မ မင်းကို အတော်လေး စိတ်ပူနေလောက်ပြီ”
ကျန်းရှင်းယွဲ့က တုံ့ဆိုင်းနေပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။ “ဒါဆို ရှင်လုပ်စရာရှိသေးတယ်ဆိုတော့ ကျွန်မလည်း မပြန်သေးဘူး။ ပြီးတော့ မြို့မှာ နေပြီး အမြဲတမ်းအလုပ်လုပ်လိုက်၊ စာလေ့လာလိုက်ဆိုတော့ ကျွန်မလည်း အနားယူဖို့လိုနေတာ။ ချင်းချန်တောင်မှာပဲ သဘာ၀ရဲ့အလှကို ခံစားပြီး အနားယူမလားလို့”
“မင်း အဲ့ဒီလိုလုပ်ချင်တယ်ဆိုရင် မင်းကို စောင့်ရှောက်ဖို့ အားဝူကို တာ၀န်ပေးလိုက်မယ်” ထန်ရှုက ခေါင်းညိတ်၏။ “မင်း ဒီနားက ဘယ်ရှုခင်းကိုပဲ သွားကြည့်ကြည့် သူ မင်းကို လိုက်စောင့်ပေးလိမ့်မယ်”
“ဘာလို့ ကျွန်မအပေါ် အရမ်းသဘောကောင်းနေရတာလဲ” ကျန်းရှင်းယွဲ့က ရုတ်တရက် မေးသည်။ “ရှင့်နှလုံးသားထဲမှာ အကြွေးတင်နေတာကို ဆပ်ချင်လို့လား”
“ငါ...အမ်...”
ထန်ရှု၏ပါးစပ်ပွင့်လာသော်လည်း မည်သို့ ပြန်ဖြေရမလဲ မသိချေ။ အမှန်အတိုင်း ပြောရလျှင် ကျန်းရှင်းယွဲ့အပေါ် တာ၀န်ကျေချင်မိသည်။ သို့သော် မိန်းကလေးတစ်ယောက်အနေဖြင့် မမျှတဟုထင်မည်စိုးသောကြောင့် ထုတ်မပြောခဲ့ခြင်းပင်။
ကျန်းရှင်းယွဲ့၏မျက်နှာအမူအရာက အနည်းငယ်မှိုင်းညို့သွားသော်လည်း သူမက ပြုံး၍ ပြော၏။ “ကဲပါ။ မမေးခဲ့ဘူးလို့ ထားလိုက်တာပေါ့။ ကျွန်မကို ချစ်နေမိလို့ ဒီလိုတွေလုပ်နေတာပဲဖြစ်ဖြစ်၊ မချစ်လို့လုပ်တာပဲဖြစ်ဖြစ် မဖြေချင်လည်းရပါတယ်။ ဘာပဲဖြစ်ဖြစ် ခုနှစ်ရက်ကြာရင် ဒီကိစ္စတွေကို မေ့ပြီး ကိုယ့်ဘ၀ကိုယ် ဆက်လျှောက်ရမှာပဲလေ”
ထန်ရှုမှာ တိတ်ဆိတ်သွား၏။ ကျန်းရှင်းယွဲ့က လွယ်လွယ်လေး ပြောခဲ့သော်လည်း သူတို့နှစ်ယောက်ကြား ဖြစ်ပျက်ခဲ့သည့်အရာများကို သူမ မေ့ပစ်နိုင်မည်လော။
လူနှစ်ယောက်ကြားရှိ သံယောဇဉ်နှင့်ခံစားချက်များကို ဖြတ်တောက်လေလေ ပို၍ ရှုပ်ထွေးလာလေလေ မဟုတ်ပါလော။
ထန်ရှုသည် လွယ်ကူလွတ်လပ်သော လူတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်ကြားရှိ အရာများကို မရှင်းလင်းနိုင်သော်လည်း မပက်သက်လိုပေ။ သူသည် ပြဿနာတိုင်း၌ အဖြေရှိသည်ဟု မြဲမြံစွာ ယုံကြည်သူဖြစ်သည်။ သူ့အနေဖြင့် အနာဂတ်တွင် သေချာဂရုတစိုက် ပြုမူပြောဆိုဆက်ဆံရန်သာ။
သူက ဤဆက်ဆံရေးအကြောင်းအား ခေါင်းရှုပ်ခံစဉ်းစားမနေတော့ဘဲ သူ၏စိတ်အာရုံအလုံးစုံကို သွေးစုစည်းဆေးလုံး ဖော်စပ်ရာတွင် နှစ်မြုပ်ထားလိုက်သည်။ ချင်းချန်တောင်ပေါ်တွင် သူအကျိုးအမြတ် များစွာ ရရှိခဲ၏။ ပိုးနီပန်း၊ ချင်းချန်ဘုန်းကြီးကျောင်းမြေအောက်သိုလှောင်တိုက်မှ ရရှိခဲ့သော ဆေးပင်များစွာက သူ့အတွက်အရေးပါသော ကျင့်ကြံခြင်းအရင်းအမြစ်များပင်။
ဝိညာဉ်နှုတ်ဆူးချွန်လည်း ရှိသေး၏။
ထိုအရာအကြောင်း စဉ်းစားမိသည်နှင့် ထန်ရှုက ချက်ချင်း စိတ်ကိုထိန်းချုပ်၍ နတ်ဆိုးဝိညာဉ်ဝါးမြိုမီးဖိုအား သုံးကာ ဆေးဖော်စပ်တော့သည်။ ဆေးပင်များကို မှန်မှန်ကန်ကန် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထန်ရှု၏ဆေးဖော်ခြင်းလုပ်ငန်းစဥ်က အနည်းငယ် နှေးကွေးနေ၏။ ထို့သော် အရာအားလုံးက အဆင်ပြေချောမွေ့နေသည်။ လေးရက်မြောက်နေ့၌ နောက်ဆုံး ပါ၀င်ပစ္စည်း ပီုးနီပန်းအား နတ်ဆိုးဝိညာဉ်ဝါးမြိုမီးဖိုထဲ ထည့်လိုက်သောအခါ ပေါက်ကွဲသံတစ်သံအား ကြားရနိုင်၏။
သူက ဆေးဖော်ခြင်းနည်းလမ်းများကို သုံး၍ ဆေးလုံးအား စတင်ပုံဖော်တော့သည်။
မီးဖိုအဖုံးကို ဖွင့်လိုက်သောအခါ ပြင်းထန်သောဆေးရနံ့က ဂူတစ်ဂူလုံးတွင် ပြည့်နှက်သွား၏။ လူတိုင်းသည် လေးရက်လုံးလုံး ဂူအတွင်း၌သာ နေခဲ့ကြသည်။ ရှုခင်းတစ်ခုကိုမှ မကြည့်ရသေးသော ကျန်းရှင်းယွဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် ပျင်းကြောဆန့်နေစဉ် ဆေးရနံ့ကြောင့် သူမ၏မွေးညင်းပေါက်များ ကျယ်လာသည်ကို ခံစားလိုက်ရ၏။
နေလို့ကောင်းလိုက်တာ
သူမသည် ကိုယ်တိုင်ပင်သတိမထားမိဘဲ တံတွေးအနည်းငယ်မြိုချ၍ နတ်ဆိုးဝိညာဉ်ဝါးမြိုမီးဖိုကို လှမ်းကြည့်လိုက်မိသည်။
“စုပ်ယူစမ်း”
ထန်ရှုက လျှို့ဝှက်မှော်အက္ခရာတစ်ခုကို အသက်သွင်းလိုက်ပြီး ပဲစေ့အရွယ်ရှိ အနီရောင်သွေးစုစည်းဆေးလုံးအား မြိုချလိုက်သည်။
“အားဝူ ငါ့အမိန့်မရဘဲ ဘယ်သူမှ ဂူထဲမှာ မနေစေနဲ့”
ထန်ရှုက အော်၍ နတ်ဆိုးဝိညာဉ်ဝါးမြိုမီးဖိုအား သိုလှောင်လက်စွပ်ထဲသို့ အလျင်အမြန် ထည့်လိုက်သည်။ ထို့နောက် သူက ထိုနေရာမှာပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သွေးစုစည်းဆေးလုံး၏အကျိုးသက်ရောက်မှုများနှင့် စွမ်းအင်များကို အရူးအမူး စုပ်ယူတော့သည်။
သွေးစုစည်းဆေးလုံး ထန်ရှုခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသောအခါ သွေးများက လှိုင်းဂယက်များအလား ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏။ သွေးလှိုင်းလုံးများက ပြင်းထန်သထက်ပြင်းထန်လာပြီး သူ၏အသားများကို ဆေးကြော၍ အရိုးများကို သန်မာစေကာ အတွင်းအင်္ဂါများ၏ပျော့ပြောင်းမှု၊ သန်မာမှုတို့ကို အဆုံးစွန်အထိ တိုးမြှင့်ပေးနေ၏။
လှိုင်းထန်နေသော သွေးများအား ထန်ရှု၏သွေးကြောများထဲရှိ ဆေးစွမ်းအား၏သွေးစွမ်းအင်က စုပ်ယူနေချေသည်။ ထိုအခါ ပမာဏမှာ ပြောင်းလဲသွားတော့သည်။ အချိန်များကုန်ဆုံးသွားတိုင်း ထန်ရှုသွေးကြောများထဲရှိ သွေးပမာဏမှာ နည်းသထက် နည်းလာ၏။ ဆေးလုံးအားသောက်ပြီး သုံးရက်မြောက်နေ့တွင် သူ့သွေးကြောများထဲရှိ သွေးပမာဏမှာ ယခင်ထက်လေးပုံတစ်ပုံသာ ရှိတော့ချေသည်။
သို့သော် လေးပုံတစ်ပုံသာ ကျန်တော့သည့်တိုင် ထန်ရှုအား ဘေးဒုက္ခမရောက်စေခဲ့ပေ။ ယခင်က အနီရောင်ဖြစ်ခဲ့သော သွေးများမှာ ယခုတွင် အနီရောင်တောက်တောက်နှင့် ရွှေရောင်ရောစပ်ထားသည့်အလား ရွှေအလွှာတစ်လွှာက ဖုံးလွှမ်းထားချေသည်။
“ဗိုက်ဆာလိုက်တာ”
ထန်ရှု မျက်လုံးများ ဖွင့်လိုက်သည့်အချိန်တွင် ပြင်းထန်လှသော ဆာလောင်မှုတစ်ရပ်က သူ့ကို မသက်မသာဖြစ်သွားစေ၏။ သူက စူးစူးစမ်းစမ်းကြည့်နေသော ကျန်းရှင်းယွဲ့ရှေ့၌ အစားအသောက်များစွာ ထုတ်ကာ အငမ်းမရ စားလိုက်သည်။
နှစ်နာရီကုန်ဆုံးသွားသော်လည်း ထန်ရှုမှာ စားမပြီးသေး။ အငမ်းမရစားနေစဉ် သူ၏ခန္ဓာကိုယ်က သူ၏ချီနှင့်သွေးကို အားဖြည့်ပေးရန် စွမ်းအင်များထုတ်ယူပြီး သွေးကြောများထဲသို့ ပေါင်းထည့်ပေးနေ၏။