← Chapters

အပူအပင်ကင်းသောဘ၀

Vol. 62 Ch. 863

အပူအပင်ကင်းသောဘ၀

Vol. 62 Ch. 863

ထန်ရှုအရှေ့၌ ထိုင်နေသော ကျန်းရှင်းယွဲ့မှာ လေလယ်တွင် ပေါ်လာသည့် အစားအသောက်များကို မငမ်းမရ စားနေသည့် ထန်ရှုကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေ၏။ သူမ၏အကြမ်းဖြင်းတွက်ချက်မှုအရ ထန်ရှုသည် နှစ်နာရီအတွင်း အစားအသောက်ကီလိုဂရမ်ရာကျော်အား စားသုံးပြီးလေပြီ။

‘တော်တော် စားနိုင်တာပဲ'

ထန်ရှုသည် စားစရာများကိုသာမက ဝိုင်ပုလင်းတစ်ပုလင်းကို လေလယ်တွင် ပေါ်လာစေပြီး အငမ်းမရ သောက်လိုက်ကြောင်း ကျန်းရှင်းယွဲ့‌ တွေ့လိုက်ရ၏။ ထန်ရှုခန္ဓာကိုယ်ကြီး အစားလွန်၍ ပေါက်ကွဲသွားမည်ကို ကျန်းရှင်းယွဲ့မှာ စိုးရိမ်နေခဲ့သော်လည်း သူမစိုးရိမ်မှုမှာ အဓိပ္ပာယ်သိပ်မရှိချေ။ သူမ စကားပြောတော့မည့်အချိန်မှာပင် ထန်ရှုက ထအော်၏။ “ဟေ့ အားဝူ။ တောထဲမှာ သားကောင်တွေ သွားဖမ်းစမ်းကွာ။ ငါ ‌အသားကင်တွေ နောက်ထပ် ပေါင်နဲ့ချီပြီး စားလို့ရသေးတယ်ဟေ့”

ဘိုင်း....

ကျန်းရှင်းယွဲ့မှာ ကုတင်ပေါ်မှ ပြုတ်ကျသွားတော့သည်။ ထန်ရှုက ထရပ်၍ ကြောင်အအမျက်နှာဖြင့် သူ့အနားရောက်လာ၏။ သူမမှာ နှဖူးလေးကို ကိုင်ရင်း ငိုရခက် ရယ်ရခက်ဖြစ်နေ‌သော မျက်နှာလေးဖြင့် ပြောလေသည်။ “ရှင် ဝေသာလီဘီလူးများ ၀င်စားတာလား။ နှစ်နာရီတိတိ တရစပ်စားပြီးတာတောင် နောက်ထပ် စားနိုင်သေးတယ်လား”

ထို့မှသာ ထန်ရှုသည် သူ၏အငမ်းမရစားသုံးနေမှုက ကျန်းရှင်းယွဲ့ကို ထိတ်လန့်သွားစေမိကြောင်း သဘောပေါက်သွား၏။ သူ့သိုလှောင်လက်စွပ်အတွင်းရှိ အစားအစာအားလုံးသာ ကုန်မသွားခဲ့လျှင် သူ စားနေခြင်းအား ရပ်တန့်ခဲ့မည် မဟုတ်ပေ။

သို့သော် အစားအစာမှ ရရှိသော အာဟာရသည်သာ သူ၏ချီနှင့်သွေးကို အားဖြည့်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်၏။ ပြောရလျှင် သူ့ခန္ဓာကိုယ်ထဲရှိ‌ သွေးအားလုံး၏လေးပုံသုံးပုံကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။ သူ အာဟာပြည့်ဖို့ မစားသောက်ပဲနေလျှင် အားပြတ်သွားမည်ကို စိုးရိမ်မိ၏။

“ငါတို့လိုကျင့်ကြံသူတွေအပေါ် သာမန်အတွေးအခေါ်တွေ မသက်ရောက်ဘူး။ အရင်ခေတ်က လူကြီးတွေ ပြောကြတယ်မလား။ ဗိုက်ဆာလွန်းလို့ နွားတစ်ကောင်လုံးတောင် စားပစ်နိုင်တယ်ဆို‌တာလေ။ အဲ့ဒီစကားက အမှန်ပဲ။ ငါ အခုရက်ပိုင်းအတွင်း စွမ်းအင်တွေအများကြီးသုံးခဲ့ရတော့ ငါကုန်သွားတဲ့ အသက်စွမ်းအင်တွေ ပြန်ဖြည့်ဖို့ အစားအစာက အကောင်းဆုံးပဲ” ထန်ရှုက ‌ခပ်ဖွဖွ ပြုံး၍ ရှင်းပြသည်။

“ဒါပေမဲ့ ရှင့်စွမ်းအင်တွေ ကုန်သွားတယ်ဆိုရင်တောင် အဲ့လောက်စားတာကြီးက များလွန်းတယ်မထင်ဘူးလား” ကျန်းရှင်းယွဲ့က ပြန်ချေပသည်။ “ရှင် ကီလိုဂရမ်ရာနဲ့ချီပြီး စားလိုက်တာလေ။ အဲ့လောက်ထိစားတော့ ရှင့်အစာအိမ်က ဘယ်လိုအလုပ်လုပ်တာလဲ။ အစာခြေစနစ်က ကောင်းလွန်းလို့ ဗိုက်ထဲ‌ရောက်လာတဲ့ အစာတိုင်းကို ခြေဖျက်ပေးနိုင်တယ်ဆိုရင်တောင် ရှင် ဘာလို့ အလေးမသွားတာလဲ”

အဟွတ်...အဟွတ်။

ထန်ရှုမှာ ကျန်းရှင်းယွဲ့နှင့် ပြိုင်မငြင်းနိုင်ချေ။ သူသည် အစားအစာများထဲတွင် ပါသည့် အာဟာရ၏ ၉၉.၉၉ ရာခိုင်နှုန်းကို စုပ်ယူလိုက်ကြောင်း ပြောမပြနိုင်ချေ။ ကျန်သည့် ၀.၁ ရာခိုင်နှုန်းက အလေးသွားရန် လုံလောက်သည်လော။ နောက်ထပ် ကီလိုဂရမ်ရာအနည်းငယ် ထပ်စားပြီးလျှင်တော့ လုံလောက်ကောင်း လုံလောက်စေနိုင်သည်။

သို့သော် သူ့မှာ ရှက်လွန်းသဖြင့် ရှင်းမပြနိုင်ချေ။

‌ထန်ရှက ခေါင်းခါ၍ ခြောက်ကပ်ကပ် ရယ်ပြီးနောက် ‌ဖြေ၏။ “ဒီအကြောင်း မပြောကြရအောင်လား။ အတိုချုံးပြောရရင် သာမန်လူတွေအနေနဲ့ ကျင့်ကြံခြင်းလမ်းပေါ် လျှောက်လမ်းနေတဲ့လူတွေကို နားမလည်နိုင်ဘူး။ ပြီးတော့ အားဝူ အသားကင်ပြီးတဲ့အချိန်ကျ လာစားလှည့်”

ကျန်းရှင်းယွဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ထပြော၏။ “ထန်ရှု ရှင် အခုလေးတင် သောက်လိုက်တဲ့ဆေးကို ကျွန်မမြည်းကြည့်လို့ရမလား။ အဲ့ဒီအနံ့‌ကြောင့် ကျွန်မ အခုရက်ပိုင်းအတွင်း တက်ကြွနေ‌လို့။ ပြီးတော့လေ ကျွန်မ အရင်က ကုတင်ကို မရွှေ့နိုင်ဘူးသိလား။ ဒါပေမဲ့ ဟိုတစ်နေ့က ကျွန်မဖုန်း ပြုတ်ကျသွားလို့ဆိုပြီး ကောက်ရင်းနဲ့ ကုတင်ကို အသာလေး ရွှေ့နိုင်လိုက်တယ်။ အဲ့ဒီလိုမျိုးလုပ်နိုင်တယ်ဆိုတာ သတိတောင်မထားမိဘူး။ ကျွန်မ အားတွေသန်လာတာဖြစ်ရမယ်”

“အဲ့ဒီလိုဆေးလုံးရဲ့အနံ့က သာမန်လူတွေအပေါ် အရမ်းကောင်းတဲ့အကျိုးသက်ရောက်မှု ရှိတယ်” ထန်ရှုက ပြုံး၍ ပြောသည်။ “မသိမသာ လွှမ်းမိုးခံလိုက်ရရင် မင်းရဲ့ ခန္ဓာကိုယ်ကိုပါ ပြောင်းလဲစေနိုင်တယ်။ ဒါပေမဲ့ ငါ ဖော်လိုက်တဲ့ ဆေးက မင်းသောက်လို့မရဘူး။ မင်းကို အန္တရာယ်ပေးလိမ့်မယ်”

“ဘာလို့လဲ” ကျန်းရှင်းယွဲ့က မေးသည်။

“မင်းက ကျင့်ကြံသူမဟုတ်လို့” ထန်ရှုက ရှင်းပြ၏။ “အဲ့ဒီဆေးလုံးကို သောက်လိုက်ရင် သူ့ရဲ့စွမ်းအင်က မင်းရဲ့ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားစေလိမ့်မယ်”

ကျန်းရှင်းယွဲ့မှာ ကြက်သီးမွေးညင်းများထသွားပြီး ဆေးလုံးအကြောင်း မပြောတော့ချေ။ သူမက သက်တောင့်သက်တာဖြစ်အောင် ပြောင်းထိုင်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။ “ဒါနဲ့ ကျွန်မတို့ ဒီနေရာကနေ ဘယ်နေ့သွားမှာတုန်း။ ကျွန်မ ရေမချိူးရတာ ရက်နဲ့ချီ‌နေပြီ။ ကျွန်မ ငယ်ငယ်တည်းကနေ အခုချိန်အထိ ဒီတစ်ခါက ရေမချိုးဘဲနေရတဲ့ရက် များလွန်းလို့ စံချိန်တောင်တင်နေပြီ သိရဲ့လား”

“အင်းပါ။ ငါတို့ ဗိုက်၀တာနဲ့ ချင်းလင်စီရင်စုကို ပြန်ပြီး အနားယူကြတာပေါ့” ထန်ရှုက ပြုံး၍ ပြောသည်။

“အင်း” ကျန်းရှင်းယွဲ့က အံ့အားသင့်နေသော်လည်း ၀မ်းသာစွာ ဖြေ၏။

“စကားမစပ် မင်း ချင်းချန်တောင်က ရှုခင်းတွေကို ကြည့်ချင်တယ်လို့ ပြောခဲ့တာမလား။ ဒီတစ်ပတ်လုံး မင်း သွားကြည့်တာလဲ မတွေ့ပါလား”

“အာ...အဲ့ဒါက” ကျန်းရှင်းယွဲ့မှာ ရှက်သွေးဖြာလျက် ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “ရှင်တစ်ယောက်တည်း တစ်ခုခု‌ဖြစ်နေမှာ စိုးရိမ်လို့ မသွားတာ”

ထိုနေ့များတွင် သူမသည် ခံစားချက်များကို ဆန်းစစ်နေခဲ့ရာ သူမ၏အစ်မကဲ့သို့ ဤလူကို ချစ်နေမိကြောင်း သဘောပေါက်သွား၏။ မှန်ပါသည် သူမ၏ “ပထမဆုံးအကြိမ်” ကြောင့် ဤသို့ ခံစားရခြင်းကို မငြင်းနိုင်ပါ။ သို့သော အချစ်က အချစ်ပင် မဟုတ်ပါလော။ သူမ ငြင်းဆိုပါကလည်း ဤသို့ ခံစားနေရသည်ကို မတားနိုင်ချေ။

မည်သို့ဆိုစေ သူမသည် ထို‌အကြောင်း ထပ်ခါထပ်ခါ တွေးနေမိ၏။ သူမသည် စိတ်ကူးယဉ်ဆန်သည့် အချစ်ဟူသော ခံစားချက်အား နောက်ဆုံးတော့ တွေ့ကြုံခဲ့ဖူးလေသည်။ ချင်းချန်တောင်မှ ထွက်သွားသည်နှင့် သူနှင့်အဆက်အသွယ်အားလုံးဖြတ်တောက်ပြီး သူမ၏ခံစားချက်များ ပျောက်ကွယ်သွားအောင် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်၏။

ထိုညတွင် ထန်ရှုသည် ကျန်းရှင်းယွဲ့၊ အားဝူနှင့်ကျန်လူများအား ချင်းလင်စီရင်စုထံ ပြန်ခေါ်လာခဲ့၏။ စီရင်စုတစ်လုံးမှာ ယခုတွင် တိတ်ဆိတ်ငြိမ်သက်နေချေသည်။ သူ စတင်ရောက်ရှိခဲသည့်အချိန်တုန်းက လမ်းသွားလမ်းလာများ၊ ယာဉ်များနှင့် စည်ကားနေခဲ့သည်။ ယခုတော့ ကြယ်ငါးပွင့်ဟိုတယ် ဆန်းပေါင်သို့ သွားရာလမ်းတစ်လျှောက်၌ပင် လူသွားလူလာမရှိချေ။

“ဘာဖြစ်လို့ တစ်ခုခု ထူးဆန်းတယ်လို့ ခံစားနေရတာလဲမသိဘူး ထန်ရှု။ ဒါက ပုံမှန်မဟုတ်ဘူးနော်” ကားထဲမှထွက်၍ လူသူကင်းရှင်းနေသော ညရှုခင်းကို ကြည့်နေသည့် ကျန်းရှင်းယွဲ့က ပြော၏။

ထန်ရှုက အားတင်းပြုံး၍ ဆိုသည်။ “လောလောလတ်လတ် ဖြစ်ထားတဲ့ လူသတ်မှုတွေကြောင့် လူတွေ လန့်နေတာဖြစ်မှာပေါ့။ ပြီးတော့ ညသန်းခေါင်ပဲ ရောက်နေပြီလေ။ အပြင်မှာလူမရှိတာ မဆန်းဘူး”

ကျန်းရှင်းယွဲ့ကမူ သူ၏အဖြေကို သိပ်အယုံအကြည်မရှိချေ။

“ကြိုဆိုပါတယ် မစ္စတာ၊ မစ္စ။ အခန်းဘယ်နခန်းများ ယူချင်ပါသလဲရှင့်”

တာ၀န်ကျနေသည့် ၀န်ထမ်းလေးယောက်က ဟိုတယ်ကောင်တာမှ ကြိုဆို၏။ သူတို့ထဲမှ နှစ်ယောက်က လုံခြုံရေး၀န်ထမ်းများ စောင့်နေသည့်နေရာသို့ မသိမသာ ခိုးကြည့်လေသည်။

“ကျေးဇူးပြုပြီး သမ္မတခန်းနှစ်ခန်း ပေးပါ” ထန်ရှုက ပြော၏။

ဧည့်ကြိုမိန်းကလေး လေးယောက်မှာ အံ့အားသင့်သွား၏။ သို့သော် ထန်ရှုအား တခဏ အကဲခတ်ပြီးနောက် တစ်ယောက်က ရုတ်တရက် ထပြောလေသည်။ “ရှင်က နတ်ဆေးသမားတော် ထန်ရှုလားဟင်။ ရှင့်ကို ကျွန်မရင်းနှီးနေသလိုပဲ”

ထန်ရှုမှာ ရယ်လျက် ဖြေသည်။ “ဟမ်...ဘယ်တုန်းက ကျွန်တော် ဒီလောက် နာမည်ကြီးသွားတာပါလိမ့်။ အရင်တစ်ခါတုန်းကလည်း ဒီဟိုတယ်မှာပဲ တည်းခဲ့တာပါ။ တစ်ယောက်မှ သတိထားမိတဲ့ပုံ‌မပေါ်ပါဘူး”

“တကယ်ပဲ ရှင်ပါလား” ဧည့်ကြိုမိန်းကလေးမှာ အလွန်အမင်း အံ့အားသင့်သွားချေသည်။ “ရှင့်လို ကြီးကျယ်မြင့်မြတ်တဲ့လူမျိုးကို တွေ့ခွင့်ရတဲ့အတွက် ၀မ်းသာလိုက်တာ။ ကျွန်မဦးလေးက သိပ်မကြာခင်လေးခင်က ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲမှာ အဆိပ်ခံရတော့မလို့လေ။ ရှင်ရှိနေခဲ့လို့ ကံကောင်းထောက်မပြီး မသေတာတဲ့။ နတ်ဆေးသမားတော်ထန် ရှင်က ကျွန်မဦးလေးရဲ့ အသက်သခင်ကျေးဇူးရှင် ဖြစ်တဲ့အတွက် ကျွန်မတို့တစ်မိသားစုလုံးရဲ့ ကျေးဇူးရှင်ပါပဲ။ ကျွန်မတို့ တကယ်ကို ‌ကျေးဇူးတင်မိပါတယ်ရှင်”

“အာ” ထန်ရှုက ပြုံး၍ ပြောသည်။ “ရပါတယ်ဗျာ။ လူတွေကယ်ဖို့က သမားတော်တစ်ယောက်ရဲ့ အလုပ်ပဲမလား”

မိနစ်အနည်းငယ်ကြာသွားသည်။ ဧည့်ကြိုမိန်းက‌လေး လေးယောက်၏ နွေးနွေးထွေးထွေး နှုတ်ဆက်မှုများပြီးနောက် သူတို့သည် ကိုယ်ပိုင်အခန်းများထဲသို့ ၀င်သွားကြ၏။ ကျန်းရှင်းယွဲ့သည် ထန်ရှု သူမနှင့်တစ်ခန်းတည်း နေရမည်ဟုပြောခဲ့ခြင်းက ထန်ရှုကို ဆွံ့အနေမိ၏။ သူမကိုယ်တိုင်ပင် အခန်းကို ရွေးထားလေသည်။

“သူဌေး ဘာဆက်လုပ်ကြမလဲ” ထန်ရှုရေချိုးပြီး ထွက်လာသည့်အချိန်တွင် သမ္မတအခန်း၏ဧည့်ခန်းတွင် မိုအားဝူတစ်ယောက်သာ ကျန်ခဲ့၏။ သူက ထန်ရှုကိုမြင်သည်နှင့် မေးလေသည်။

ထန်ရှုက တခဏ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြော၏။ “ငါတို့ရှန်ဟိုင်းကို အရင်ပြန်မယ်။ ပြီးရင် ကမ်းဇတ်၊ လုံကွမ်ပင်လယ်အော်ဆီ သွားကြတာပေါ့။ အဲ့ဒီက အင်မော်တယ်နေအိမ်ကို ငါတို့ မဖွင့်ရသေးဘူးလေ”

မိုအားဝူက ခေါင်းညိတ်၍ ပြောသည်။ “နောက်ကိစ္စတစ်ခုရှိပါသေးတယ် သူဌေး။ ကြည့်ရတာ သူဌေး မကြာခင် ကောလိပ်က စာမေးပွဲ ဖြေရတော့မယ်ထင်တယ်။ သူဌေး ဆေးဖော်နေတုန်းက အတန်းပိုင်ဆရာမ ဖုန်းခေါ်လို့ ကျွန်တော် ကိုင်လိုက်ပါတယ်”

စာမေးပွဲလား

ထန်ရှုမှာ ကြောင်အသွာပြီး သူ၏ချောမောသောမျက်နှာပေါ်တွင် အပြုံးတုတစ်ခု ဖြစ်ပေါ်လာ၏။ သူ ရှန်ဟိုင်းတက္ကသိုလ် တက်နေသည့်တစ်နှစ်အတွင်း တက္ကသိုလ်ပရိဝုဏ်အတွင်း ခြေချခဲ့သည့်ရက်များက နှစ်လပင် မပြည့်ချေ။ ပထမနှစ်သင်ရိုးအားလုံး သင်ယူပြီးဖြစ်သော်လည်း သူကျောင်းခေါ်ကြိမ်ကား....စိတ်၀င်စားစရာပင်။

‘ဘာသာရပ်ဆရာမတွေ ငါ့ကို အောင်ပေးဖို့ အဆက်အသွယ်တွေ သုံးရတော့မှာပဲ။ မဟုတ်ရင် ငါ့ရဲ့အမှတ်တွေ၊ GPA တွေနဲ့ တက္ကသိုလ်အောင်လက်မှတ်ကို ထိခိုက်လာနိုင်တယ်”

ထန်ရှုက စီးကရက်တစ်လိပ်ကို ဖွာ၍ တွေးလိုက်၏။ အမှန်ဆိုရလျှင် အောင်လက်မှတ်လေးတစ်ခုက သူ့အတွက် အရေးမပါချေ။ သို့သော် သူ့အမေသည် သူ နာမည်ကြီးတက္ကသိုလ်တစ်ခုမှ အောင်လက်မှတ်အား ရယူနိုင်မည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေခဲ့သည်။ ထို့ကြောင့် သူ့မှာ အားတင်းပြုံးလိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

မှန်ပါသည်။ သူ စာဆက်လက်လေ့လာလိုစိတ်မရှိပါက သူ့အမေသည် အပြစ်တင်မည်မဟုတ်ချေ။ အမှန်ပြောရလျှင် ကမ္ဘာပေါ်ရှိ နာမည်ကြီးတက္ကသိုလ်များ၏ မည်သည့်အောင်လက်မှတ်ကမှ သူ၏လက်ရှိအောင်မြင်မှုများကို ရယူပေးနိုင်မည်မဟုတ်ပေ။ သို့‌သော် သူ့တွင် တက္ကသိုလ်အောင်လက်မှတ်မရှိပါက သူ့အမေ စိတ်ပျက်သွားမည်မှာ အသေအချာပင်။။

“သွားနားတော့ အားဝူ။ ငါတို့ မနက်ကျ ရှန်ဟိုင်းကို ပြန်ကြမယ်”ထန်ရှုက ထိုသို့ပြောပြီး ပြတင်းပေါက်မှတဆင့် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တဖျက်ဖျက် တောက်ပနေသော ကြယ်များကို မြင်လိုက်ရ၏။

ဆယ်မိနစ်ကြာသော် ကျန်းရှင်းယွဲ့က ရေစိုနေ‌သော ဆံပင်ဖြင့် အခန်းတွင်းမှ ထွက်လာ၏။ ဆိုဖာပေါ်၌ ထိုင်လျက် အပြင်ကို ငေးကြည့်ရင်း ဘီယာသောက်နေသည့် ထန်ရှုကို မြင်သောအခါ သူမ၏အကြည့်များမှာ နူးညံ့သွားချေသည်။

“တစ်ခုခု စိတ်ညစ်စရာများ ရှိလို့လား”

ထန်ရှုက လှည့်၍ သွယ်လျသော ကျန်းရှင်းယွဲ့၏ခန္ဓာကိုယ်နှင့် ကျန်းရှင်းယာနှင့်တစ်ထပ်တည်းတူသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူက သူမ၏အမေးကို ပြုံး၍ ဖြေ၏။ “အင်း တွေးစရာလေးရှိလို့”

ကျန်းရှင်းယွဲ့က ခပ်ဖွဖွ ပြုံးပြီးနောက် စားပွဲပေါ်ရှိ ဘီယာတစ်ဘူးအား ဖောက်လိုက်သည်။ နှစ်ငုံမျှသောက်ပြီးနောက် သူမက ပြုံး၍‌ ပြော၏။ “ပြောပြချင်လား”

“ငါပြောပြရင်လည်း မင်း နားလည်မှာမဟုတ်ပါဘူး” ထန်ရှုက ခေါင်းခါရမ်းသည်။ “ဒါပေမဲ့ မင်းနဲ့ဆွေးနွေးစရာ ကိစ္စတစ်ခုတော့ရှိတယ်”

ကျန်းရှင်းယွဲ့၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူမက စက္ကန့်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် မေး၏။ “မပြောလို့မရဘူးလား”

“မရဘူး။ တချို့ပြဿနာတွေက ဖြေရှင်းမှဖြစ်မှာ” ထန်ရှုက ခေါင်းခါ၍ ပြောသည်။ “မင်း ဘာတွေပဲ တွေးနေပါစေ မင်းအပေါ်  အကြွေးတင်ထားမိတဲ့အတွက် ငါ မင်းကို အချစ်တွေတော့ မပေးနိုင်ဘူး။ အခြေအနေကြောင့် ဖြစ်သွားခဲ့ရတဲ့ မတော်တဆမှုကြောင့် ငါတို့ကြားမှာ တစ်ခုခု ပေါက်ဖွားလာခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ ငါ မင်းအပေါ် ကျူးလွန်မိတဲ့အတွက်လည်း မင်းကို စိတ်ဒုက္ခမဖြစ်စေချင်ဘူး။ ပြီးတော့ ပိုက်ဆံပေးရအောင်လည်း ဒါက ငါ့အမြင်မှာ စီးပွားရေးကိစ္စမဟုတ်ပြန်ဘူး။ ဒါပေမဲ့ မင်းအပေါ် တင်နေတဲ့အကြွေးအတွက် မင်းတစ်သက်လုံး အပူအပင်မရှိဘဲ နေနိုင်အောင် ‌လုပ်ပေးပါ့မယ်”

“အပူအပင်မရှိတဲ့ဘ၀တဲ့လား”

ကျန်းရှင်းယွဲ့က ပြုံးလျက် သူမကိုယ်သူမ လှောင်ပြောင်ကာ ရေရွတ်လိုက်သည်။ ထို့နောက် သူမက ထရပ်၍ ပြတင်းပေါက်နားသို့ လျှောက်သွားကာ ပြော‌၏။ “ဘယ်လိုနည်းနဲ့များ ကျွန်မ မပူမပင်နေနိုင်အောင် လုပ်ပေးမှာလဲ”

All Chapters