← Chapters

တက္ကသိုလ်သို့အပြန်

Vol. 62 Ch. 864

တက္ကသိုလ်သို့အပြန်

Vol. 62 Ch. 864

ထန်ရှုက ထရပ်၍ ကျန်းရှင်းယွဲ့အနားလျှောက်လာပြီး ကျောက်စိမ်ပုလင်းတစ်လုံးအား ထုတ်ကာ ပေးလိုက်သည်။ “အထဲမှာ ခန္ဓာကိုယ်သန့်စင်‌ဆေးရည်တစ်စက်ပါတယ် မင်း ရေချိုးတဲ့အခါ ရေထဲကို အဲ့ဒီအရည်ထည့်လိုက်။ မင်းရဲ့ခန္ဓာကိုယ် တိုးတက်လာတာကို မင်း ရေချိုးပြီးရင် သိရလိမ့်မယ်။ ဒါပေမဲ့ ‌နည်းနည်းတော့ နာကျင်လိမ့်မယ်။ နာရီ၀က်ကျော်လောက် ရေထဲ အကောင်းဆုံးကြိုးစားပြီး စိမ်နေလိုက်”

ချက်ချင်းဆိုသလို ထန်ရှုသည် စာရွက်နှင့်ဖောင်တိန်ကို ထုတ်လိုက်ပြီး ကျင့်စဉ်တစ်ခုကို ချရေးလိုက်သည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာမှ ကျင့်စဉ်မဟုတ်ဘဲ သူ ချန်ရှီမြို့မှ ရရှိခဲ့သော ကျင့်စဉ်တစ်မျိုးဖြစ်ချေသည်။

“ဒါက ‌သန့်စင်ရေခဲအတတ်လို့ ‌ခေါ်တယ်။ မိန်းကလေးတွေနဲ့ သင့်တော်တဲ့ ‌ကျ‌င့်စဉ်တစ်မျိုးပဲ။ ဒီကျင့်စဉ်ရဲ့ စွမ်းအင်စီးကြောင်းနဲ့ လူ့ခန္ဓာကိုယ်မှာရှိတဲ့ မရီဒျာန်တွေ၊ အကြောတွေကို ငါ ပုံဆွဲပြထားတယ်။ မင်း ဒီမှာရေးထားတဲ့ ကျင့်စဉ်ကို လေ့ကျင့်နိုင်ပေမယ့် ဘယ်အဆင့်အထိ ရောက်မလဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်လိမ့်မယ်”

ကျန်းရှင်းယွဲ့က ကျောက်စိမ်းပုလင်းနှင့် ကျင့်စဉ်စာရွက်ကို ယူကာ ထန်ရှုကို ကြည့်၍ မေး၏။ “ရှင်ပြောတဲ့ အပူအပင်ကင်းတဲ့ဘ၀ဆိုတာ ဒါလား”

“မဟုတ်ဘူး။ မင်း ပိုက်ဆံ ဒါမှမဟုတ် တခြားတစ်ခုခု လိုအပ်ရင် ငါ့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်” ထန်ရှုက ခေါင်းခါ၍ ပြောသည်။ “ငါ့ကို ဆက်သွယ်လို့မရရင် ခမ်းနားသောထန်လုပ်ငန်းစုကို သွားပြီး ခန်းရှ ဒါမှမဟုတ် ရှန်ဟိုင်းက သုခဘုံစံအိမ်က အိုးရန်လူလူကို ဆက်သွယ်လို့ရတယ်။ အင်း..နိုင်ငံထဲမှာရှိတဲ့ ထာ၀ရခန်းမရဲ့ဘယ်ဆိုင်ခွဲကိုမဆိုလည်း သွားလို့ရတယ်။ ဆိုင်ခွဲတွေရဲ့ တာ၀န်ရှိသူတွေအားလုံးကို မင်းရဲ့နာမည် မှတ်ထားခိုင်းလိုက်မယ်”

“ပြီးတော့ ငါ ရှန်ဟိုင်းကို ပြန်ရောက်တာနဲ့ အဆောင်တစ်ခုကို ငါကိုယ်တိုင် သန့်စင်ပြီး ပို့ပေးလိုက်မယ်။ အဲ့ဒါကို အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထား။ ဒါပေမဲ့ ငါ့ရဲလက်ရှိကျင့်ကြံအဆင့်ကြောင့် အဆောင်က မင်းကို သုံးခါပဲ ကာကွယ်ပေးနိုင်လိမ့်မယ်။ ကားမတော်ဆမှုတို့၊ အမြင့်ပေါ်က ပြုတ်ကျတာတို့ သေနတ်ပစ်ခံရတာတို့ ဘာတွေပဲဖြစ်ဖြစ် မင်း ဒဏ်ရာရမှာ မဟုတ်ဘူး”

“ပြီတော့.....”

ကျန်းရှင်းယွဲ့က လက်မြှောက်၍ သူ၏စကားစကို ဖြတ်တောက်လိုက်သည်။ “ကျန်တာတွေကို ထားလိုက်တော့။ ကျွန်မကို အဆောင်နှစ်ခု ပေးလို့ရမလား”

အဆောင်နှစ်ခုလား

ထန်ရှုက တခဏ ကြောင်ကြည့်နေပြီး ကျန်းရှင်းယွဲ့ အဆောင်နှစ်ခု တောင်းရခြင်းမှာ သူမအစ်မကျန်းရှင်းယာအား တစ်ခုပေးရန်ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူက ခေါင်းညိတ်၍ ပြောသည်။ “ရပါတယ်။ ငါ အဆောင်နှစ်ခု ပေးပ့ါမယ်”

ကျန်းရှင်းယွဲ့က သူ့ဘက်လှည့်လာပြီး ကျင့်စဉ်စာရွက်နှင့် ကျောက်စိမ်းပုလင်းအား ဘေးရှိခုံပေါ်သို့ အသာအယာတင်လိုက်သည်။ ထို့နောက် သူမက ထန်ရှုအရှေ့သို့‌ လျှောက်လာ၏။ သူမအကြည့်များက နူးညံ့နေပြီး သူမက ညင်သာစွာ ပြောလေသည်။ “ကျွန်မတို့ ရှန်ဟိုင်းကို ရောက်တာနဲ့ ကိုယ့်လမ်းကိုယ်သွားပြီး ချင်းချန်တောင်မှာ ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့ပစ်ရမှာဆိုတော့ ရှင် ကျွန်မရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးနိုင်မလား”

“မင်း ဘာများ တောင်းဆိုချင်လို့လဲ” ထန်ရှုက မေး၏။

ကျန်းရှင်းယွဲ့က ထန်ရှုအား ညင်သာစွာ ဖက်၍ ပြောသည်။ “ကျွန်မတို့ မထွက်ခွာခင် ကျန်တဲ့နေ့တစ်၀က်မှာ ကျွန်မချစ်သူကောင်‌လေးအဖြစ် ဟန်ဆောင်ပေးပါ။ ရိုးရိုးသားသားပြောရရင် ကြိုက်ခဲ့ဖူးတဲ့ကောင်လေးတွေ ရှိပေမယ့် တစ်ယောက်ကိုမှ မချစ်ခဲ့ဖူးဘူး”

ထန်ရှုသည် သူမဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားသော်လည်း အနေခက်မှုနှင့်ရှက်ကိုးရှက်ကန်း ဖြစ်နေမှုအား သူ့မျက်နှာပေါ်တွင် အတိုင်းသား မြင်ရနိုင်၏။ ည၀တ်အင်္ကျီသာ ၀တ်ဆင်ထားသည့် သူမ၏သွယ်လျသော ခန္ဓာကိုယ်လေးအား သူ အတိုင်းသား ခံစားနေရနိုင်၏။ သူက လက်များဆန့်တန်းလိုက်သော်လည်း သူမကို ပြန်မဖက်နိုင်ချေ။ ဖြစ်ပျက်ခဲ့ဖူးသည့် အရာများမှာ မတော်တဆမှုသာဖြစ်ပြီး သူတစ်စုံတစ်ခုမှ မမှတ်မိသည့်အတွက် ကျန်းရှင်းယွဲ့အပေါ် မည်သို့သော ခံစားချက်မျိုးမှ မရှိချေ။

“အဲ့ဒါ ကျွန်မရဲ့ နောက်ဆုံးဆန္ဒပဲ” ထန်ရှု၏ခန္ဓာကိုယ် တောင့်တင်းနေသည်ကို ကျန်းရှင်းယွဲ့ခံစားနေရ၏။ ထန်ရှု၏လည်တိုင်၏၌ သူမ၏မျက်နှာလေးအပ်ထားသဖြင့် သူမ၏နှဖူးလေးက ထန်ရှု၏မေးစေ့နှင့် ထိတွေ့နေချေသည်။ သူမက ခပ်ဖွဖွ ပြောချေသည်။

ထန်းရှုက စိတ်ထဲမှ သက်ပြင်းချ၍ ခန္ဓာကိုယ်အား ဖြေလျှော့ကာ သူမကို ခပ်ဖွဖွ ပြန်ဖက်လိုက်၏။ ထို့နောက် သူက ပြောသည်။ “အခန်းထဲ၀င်ပြီး နားလိုက်တော့။ ငါတို့ မနက်ဖြန် စောစောပြန်ရမှာ”

ထိုညတွင် ထန်ရှုသည် သူ၏ကိုယ်ပိုင်အခန်းသို့ မသွားဘဲ ကျန်းရှင်းယွဲ့ အိပ်မောကျနေသည့် ကုတင်ပေါ်၌ ထိုင်ရင်း သူမ နောက်တစ်နေ့နံနက် ကိုးနာရီတွင် နိုးလာသည်အထိ ‌‌စောင့်ပေးခဲ့သည်။

နောက်တစ်နေ့...

ရှန်ဟိုင်းလေဆိပ်တွင် ခရီးသည်လေယာဉ်တစ်စီး ဆိုက်ကပ်လာပြီး မကြာမီ ထန်ရှု၊ကျန်းရှင်းယွဲ့နှင့် ကျန်လူများ လေထိပ်ထွက်ပေါက်သို့ လျှောက်လာကြ၏။

“ထန်ရှု” သူတို့ လေဆိပ်မှ ထွက်လာစဉ် ကျန်းရှင်းယွဲ့က တုံ့ခနဲ့ရပ်သွားသည်။

“ဘာဖြစ်လို့လဲ” ထန်ရှုက မေး၏။

ကျန်းရှင်းယွဲ့က အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး လေးနက်စွာ ပြော၏။ “ကျွန်မတို့ရဲ့ သဘောတူညီချက်ကို မှတ်မိမယ်ထင်ပါတယ်။ အခုအချိန်ကစပြီး ချင်းချန်တောင်မှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို မေ့ပစ်ပြီးနောက် ဖြစ်နိုင်ရင် နောက်ထပ် မတွေ့ဘဲ နေကြရအောင်”

ထန်ရှုက တခဏ တွေးပြီးနောက် ခေါင်းညိတ်၍ ဖြေသည်။ “ငါ နားလည်ပါတယ်”

ကျန်းရှင်းယွဲ့မှာ ရင်ထဲ၌ အင်မတန် စိတ်ဓာတ်ကျနေမိသည်။ သို့သော် သူမ၏အစ်မသည် ထန်ရှုကို အရူးအမူးချစ်နေကြာင်း သူမကောင်းကောင်းသိ၏။ ကံကြမ္မာက သူမနှင့်ထန်ရှုအား ဤဘ၀၌ ဆုံစည်းပေါင်းဖက်ပေးလိုစိတ် ရှိပုံမပေါ်ချေ။ “ဒါဆို ကျွန်မတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”

“မင်းကို ပြန်ပို့ပေးဖို့ လူတစ်ယောက် ထည့်ပေးလိုက်မယ်လေ” ထန်ရှုက ပြန်ပြောသည်။

“ရပါတယ်။ ကျွန်မ ကားငှားသွားလိုက်မယ်” ကျန်းရှင်းယွဲ့က ခေါင်းခါရမ်း၏။

ထန်ရှုက တုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ကျင်းရှီကို ချင်းလင်စီရင်စုမှာကျန်ခဲ့တဲ့ မင်းရဲ့ကားကို သွားယူခိုင်းလိုက်မယ်။ ပြီးရင် သူနဲ့အတူ အဆောင်ရော၊ ကားရောပို့ပေးလိုက်ပါ့မယ်”

လေဆိပ်၏ထွက်ပေါက်တွင်။

ထန်ရှုသည် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည့် မျက်၀န်းလေးများဖြင့် လှည့်ထွက်သွားသော ကျန်းရှင်းယွဲ့အား ကြည့်လိုက်သည်။ သို့သော် သူမ ခြေလှမ်းအနည်းငယ် လျှောက်ပြီးချိန်တွင် သူမ၏ပါးပြင်လေးပေါ်၌ စီးကျသွားသော မျက်ရည်စက်များအား သူ သတိမထားမိလိုက်ချေ။

“အိမ်ပြန်ကြစို့”

တစ်နာရီ‌ကြာသော် ထန်ရှုသည် ကြယ်ပြာဗီလာသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ အိမ်မှထွက်သွားသည့်အချိန်ကစ၍ တစ်စုံတစ်ခုမှ ပြောင်းလဲမသွားဘဲ သူ၏အိမ်တော်ထိန်းနှစ်ယောက်သည် အိမ်အား စနစ်တကျ ထိန်းသိမ်းထားခဲ့၏။ သူ့အား အနှောင့်အယှက်ပြုကြမည်ကို ကာကွယ်ရန် ပြန်လာ‌ရောက်ကြောင်းအား မည်သူ့ကိုမှ အသိမပေးခဲ့ချေ။ နှစ်ရက်ကုန်သွားပြီး တနင်္ဂနွေနေ့ရောက်သော် သူသည် အဆောင်ဆယ်ခုအထိ ပြုလုပ်ပြီးခဲ့၏။ နှစ်ခုအား ကျင်းရှီကို ပေး၍ ကျန်းရှင်းယွဲ့ထံသို့ သူမ၏ကားနှင့်တကွ ပို့စေသည်။

တနင်္လာနေ့ မိုးသောက်ချိန်ရောက်သည်နှင့် ထန်ရှုသည် အိမ်မှ ထွက်ကာ တက္ကသိုလ်သို့ လမ်းလျှောက်သွား၏။ မနက်စောစောအချိန်ဖြစ်သည့်အတွက် ကန်တင်းမှ နံနက်စာထမင်းဘူးနှစ်ဘူး၀ယ်ကာ သူ၏အဆောင်သို့ သွားလေသည်။ ယွဲ့ခိုင်၏အကျင့်အရ သူသည် ဤအချိန်၌ အိပ်ယာမှ ကုန်းရုန်းထနေလိမ့်မည်။

‌ဒေါက် ဒေါက်။

အဆောင်တံခါး၀သို့ ရောက်သည်နှင့် ထန်ရှုက တံခါးခေါက်လိုက်ရာ တံခါးမှာ သော့မခတ်ထားကြောင်း တွေ့လိုက်ရ၏။ တစ်စုံတစ်ယောက်၏ဟောက်သံမှလွဲ၍ မည်သည့်အသံကိုမှ မကြားရချေ။ သူ တံခါးကို တွန်း၍ အထဲ၀င်လာသာ‌အခါ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ရွှဲ့‌ချောင်တို့သည် အိပ်ယာထဲ၌ ပိုးလိုးပက်လက်အိပ်လျက် ကျယ်လောင်စွာ ဟောက်နေကြောင်း တွေ့လိုက်ရ၏။

‘မနေ့က သောက်ခဲ့ကြတာလား'

ကြမ်းပြင်နှင့် ဗီဒိုများ‌ပေါ်တွင် ဟိုဟိုသည်သည် ပျံ့ကျဲနေသော ပုလင်းများစွာကို ကြည့်ရင်း ထန်ရှုက တွေးသည်။ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်သည် ငပျင်းများဖြစ်‌သော်လည်း ရွှဲ့‌ချောင်ကတော့ ဝီရိယရှိသူဖြစ်လေသည်။ အဘယ်ကြောင့် သူက ...

ထန်ရှု၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက နံနက်စာထမင်းဘူးများကို ကိုင်ထားလျက်ပင် အကျယ်ကြီးအော်လိုက်၏။ “မီးဟေ့ မီးလောင်နေတယ်ဟေ့”

“ဘ..ဘာ..မီး... ဘယ်နားမှာလဲ”

ဟူချင်းစုန့်က ထန်ရှုကိုပင် သတိမထားမိဘဲ ငေါက်ခနဲထိုင်ကာ အလောတကြီး ထခုန်လိုက်၏။ ယွဲ့ခိုင်က ကုတင်ပေါ်မှ ထပြေးတော့မည့်ပုံစံဖြင့် အိပ်ယာခင်းအား လွှင့်ပစ်လိုက်လေသည်။

“ဟမ်...အစ်ကိုကြီးထန်”

ရွှဲ့ချောင်ကတော့ လေးပင်နှေးကွေးစွာဖြင့် ထထိုင်လိုက်သည်။ သို့သော် ထန်ရှုကို မြင်သည်နှင့် သူ၏အိပ်ချင်စိတ်များ လုံး၀ ပျောက်ဆုံးသွား၏။

“အတော်ကို အိပ်မောကျနေတာပဲကွ ဟမ်” ထန်ရှုက ခပ်ဖွဖွရယ်၍ ပြောသည်။ “တစ်ခုခုများ ဖြစ်လို့လား။ မင်းတို့ ကြည့်ရတာ မနေ့ည‌က တော်တော် သောက်ခဲ့တဲ့ပုံပဲ”

“ချီးပဲ....”

“ခွေးကောင်....”

ဟူချင်းစုန့်နှင့် ယွဲ့ခိုင်တို့က ထန်ရှု စနောက်လိုက်ကြောင်း သိသည်နှင့် ဆဲဆိုလိုက်ကြသည်။

သူတို့ မတွေ့ကြသည်မှာ ကြာပြီဖြစ်သည်။ ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီးနောက် ဟူချင်းစုန့်‌ ပိုးပန်းနေခဲ့သည့် ကောင်မလေးက စာတော်သော ခပ်ချောချော သူဌေးသားနောက်ပါသွားသဖြင့် သောက်ခဲ့ခြင်းဖြစ်ကြောင်း ထန်ရှု သိလိုက်ရ၏။

“ဟေ့ ဟူကြီး။ တရုတ်မှာ မိန်းကလေး‌တွေများ ပုံလို့ပါကွာ။ ဘာလို့ တစ်ယောက်တည်းပါသွားပါနဲ့ ခံစားနေရတာတုန်း” ထန်ရှုက ပြုံးလျက် ပြောသည်။ “မင်းရဲ့ဘော်ဒါတွေကို ပိုကောင်းတဲ့ ကောင်မလေးတစ်ယောက် ရှာခိုင်းလိုက်ပေါ့”

“အဲ့ကောင်မလေး သူများလက်ထဲ ပါသွားလို့မဟုတ်ဘူးကွ” ဟူချင်းစုန့်က ခါးသီးစွာ ပြုံးသည်။ “အဲ့ခွေးမသားက နေရာတစ်ကာ ပါလွန်းလို့။ သူက ငါ့ထက်ချမ်းသာတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ သူက အဲ့ဒါကို အခွင့်ကောင်းယူပြီး ငါ့ကို သက်သက်မဲ့ အနိုင်ကျင့်သွားသလိုပဲ။ မင်းတော့ သိမှာမဟုတ်ဘူး အစ်ကိုကြီး။ အဲ့ကောင်က စောက်အမှိုက်ကောင်။ တက္ကသိုလ်မှာလည်း ရှုပ်ပွေလွန်းလို့ နာမည်ကြီးနေတာ။ တက္ကသိုလ်ထဲမှာတင်မဟုတ်ဘူး အပြင်မှာလည်း ရည်းစားတွေအများကြီး။ မနှစ်တုန်းက အဲ့ဒီခွေးကောင် တက္ကသိုလ်အပြင်က လူတစ်ယောက်ကိုတောင် မသေရုံတမယ် ရိုက်ခဲ့သေးတယ်တဲ့”

“အမ်” ထန်ရှုမှာ အံ့အားသင့်သွားပြီး မေး၏။ “တက္ကသိုလ်အပြင်မှာတောင် ရန်ဖြစ်ရဲတယ်ဆိုတော့ သူ့မှာအဆက်အသွယ်တွေရှိလို့လား”

ယွဲ့ခိုင်က ဟူချင်းစုန့်ပခုံးကိုပုတ်၍ ခြောက်ကပ်ကပ် ရယ်ကာ ပြောသည်။ “အင်း သူ့ရဲ့နောက်ခံအင်အားကတော့ အထင်ကြီးစရာပဲ အစ်ကိုကြီး။ ကောလဟာလတွေအရ ဟိုက်ချင်းပြည်နယ်က အင်အားကြီးသူဌေးတစ်ယောက်ရဲ့ သားဆိုပဲ။ ပြောရရင် ငါ့မိသားစုလည်း ချမ်းသာပေမယ့် သူနဲ့ယှဉ်လို့တောင်မရဘူး။ ဟူကြီးလိုက်နေတဲ့ ကောင်မလေးကို ဘယ်လိုဆွယ်ခဲ့လဲသိလား။ သူ့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့အင်အား ရှိမှန်းတောင် မသိခဲ့ဘူး။ ရဟတ်ယာဉ်ကြီးစီးလာ‌ပြီး ငါတို့ တက္ကသိုလ်နားက ကွင်းပြင်မှာ ဆင်းပြီးတော့ အဲ့ဒီကောင်မလေးတွေက ပန်းတွေ၊ လက်နက်တွေ စုံနေအောင် ပေးသွားတာဗျာ။ အဲ့ဒီလိုကောင်မျိုး......”

ထန်ရှုက ဖြတ်ပြော၏။ “မိန်းကလေးတစ်‌ယောက်ကို အပေါ်ယံပကာသနတွေနဲ့ ပိုးပန်းတာမမိုက်ပါဘူးကွာ။ ပြီးတော့ စိတ်အေးအေးထားစမ်းပါ ဟူကြီးရ။ တောအုပ်တစ်အုပ်လုံး ကျန်သေးတာကို သစ်ပင်တစ်ပင်ကြောင့်နဲ့ စိတ်ညစ်မနေပါနဲ့”

“ငါ သူ့ကို နှစ်တစ်၀က်လုံး ပိုးပန်းခဲ့ပေမယ့် လက်ကလေးနဲ့တောင် မထိခဲ့ရဘူးကွာ” ဟူချင်းစုန့်ရ ကူကယ်ရာမဲ့စွာ ပြော၏။ “ကွာ။ ထားလိုက်တော့။ ငါ့ကိုနှစ်မသိမ့်ကြနဲ့တော့ ဟုတ်ပြီလား။ ငါ့အရှေ့မှာ အဲ့ဒီမြောင်မျိုးရိုးနဲ့ကောင် လာပြီး ဘ၀င်မြင့်မပြသရွေ့ ဘာမှမဖြစ်ဘူး”

ဟိုက်ချင်းပြည်နယ်က မြောင်မျိုးရိုး

ထန်ရှုမှာ အနည်းငယ် အံ့အားသင့်သွားပြီး ကြားဖြတ်ပြော၏။ “မင်းတို့ပြောတဲ့လူက ဟိုက်ချင်းပြည်နယ် မြောင်လုပ်ငန်းစုသူဌေးရဲ့သားလား”

“ဘယ်ကသာ။ ဒါပေမဲ့ မြောင်လုပ်ငန်းစုသူဌေးက သူ့ဦးလေးလို့တော့ ကြားဖူးတာပဲ” ဟူချင်းစုန့်က ခေါင်းခါ၏။

“‌ဪ လက်စသတ်တော့ မြောင်၀မ်ထန်ရဲ့တူကိုး။ မြောင်၀မ်ထန်ကလည်း တကယ်ချမ်းသာပြီး အင်အားကြီးတဲ့လူဆိုတော့ သူ ဘ၀င်မြင့်နေတာမဆန်းပါဘူး” ထန်ရှုက ပြုံး၍ ပြောသည်။ “ဘာပဲဖြစ်ဖြစ် ဒီအကြောင်းပြောတာရပ်တော့။ ရေချိုးလိုက်ကြဦး။ ငါ မနက်စာ၀ယ်လာတယ်။ စားပြီးရင် အတန်းတက်ကြမယ်”

“ဒီနေ့အတန်းချိန်မရှိဘူးလေ အစ်ကိုကြီးထန်ရဲ့” ယွဲ့ခိုင်က မျက်လုံးပြူးလျက် ပြော၏။

“ဘာ” ထန်ရှုမှာ အံ့အားသင့်သွားပြီး ကြောင်သွားတော့သည်။ သူ အတန်းမတက်သည်မှာကြာပြီဖြစ်၍ အချိန်ဇယားပြောင်းလဲသွားမည်ဟု ထင်မထားခဲ့ချေ။ ထို့နောက် သူက ကူကယ်ရာမဲ့စွာ ပြော၏။ “အတန်းမရှိရင်လည်း အပြင်သွားကြရအောင်ကွာ။ ငါ တက္ကသိုလ်မရောက်ဖြစ်တာ ‌ကြာတော့ အစိမ်းသက်သက်ကြီး ဖြစ်နေလို့”

“အင်း ပြန်အိပ်လို့လည်း မရတော့ဘူးဆိုတော့ သီချင်းတိုက်တာ သွားနားထောင်ကြရင်ရော” ယွဲ့ခိုင်က ရုတ်တရက် အကြံပြုသည်။

“ကောင်းတယ်(သဘောတူတယ်)”

ဟူချင်းစုန့်နှင့် ရွှဲ့ချောင်က တစ်ပြိုင်တည်း ထောက်ခံကြသည်။

“သီချင်းတိုက်တာ နားထောင်မယ်ဟုတ်လား။ ဘယ်မှာလဲ” ထန်ရှုမှာ ဇဝေဇဝါ ဖြစ်နေရှာ၏။

“ငါတို့ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူလေ။ သူက တကယ်တော်တာ” ယွဲ့ခိုင်က သွားဖြီးလျက် ပြောသည်။ “ရှင်းပြနေရင် လေကုန်တယ်။ ပြောပြရုံနဲ့ သိမှာမှမဟုတ်တာ။ ခဏစောင့်။ ပြီးရင် ငါတို့နဲ့လိုက်ခဲ့။ မင်း သိလာရလိမ့်မယ်”

အတန်းပိုင်ဆရာမ ဟန်ကျင်းဝူလား

ထိုအချက်ကြောင့် ထန်ရှုမှာ ပို၍ ခေါင်းရှုပ်သွားသည်။ ယွဲ့ခိုင်တို့ သုံးယောက် မနက်စာစားပြီးသောအခါ သူတို့အဖွဲ့သည် အဆောင်မှ ထွက်လာခဲ့ကြ၏။

All Chapters