← Chapters

တောင်းပန်ပါတယ်

Vol. 62 Ch. 865

တောင်းပန်ပါတယ်

Vol. 62 Ch. 865

စိတ်ရှုပ်ထွေးနားမလည်မှုများအပြည့်ဖြင့် ထန်ရှုသည် ယွဲ့ခိုင်နှင့်အခြားသူများနောက်မှ လိုက်ကာ ရှန်ဟိုင်းတက္ကသိုလ်မှ ထွက်လာခဲ့သည်။ သူတို့သည် လမ်းမကြီးပေါ်ရှိ အချိုးအကွေ့များစွာကို ဖြတ်ပြီးနောက် လမ်းကြားလေးတစ်ခုကို ‌ကျော်ကာ တံတိုင်းမြင့်များဖြင့် ကာရံထားသော ခြံ၀န်းတစ်ခုရှေ့ ရောက်လာခဲ့ကြ၏။

“ဒီနေရာက ဘာလဲ” ထန်ရှုက နာမည်ကျောက်ပြားကို ကြည့်လိုက်ရာ အံ့အားသင့်သွား၏။

နာမည်ကျောက်ပြားတွင်  ရွှေရောင်စာလုံးသုံးလုံးအား ခမ်းနားလှပ‌သော လက်ရေးပုံစံဖြင့် တစောင်းရေးသားထား၏။

“အစ်ကိုကြီးထန် ဒီနေရာကို ပထမဆုံးရောက်ဖူးတာမလား” ယွဲ့ခိုင်က သွားများပေါ်အောင် ပြုံးလျက် ပြောသည်။ “အတော်ဆုံးဂီတပညာရှင်တွေက ဒီနေရာမှာ ပညာသင်ခဲ့လို့ နာမည်ကြီးအဆိုတော်တွေကတောင် ဒီနေရာကို မြင့်မြတ်တဲ့နေရာအဖြစ် သတ်မှတ်ထားကြတာ။ ကံကောင်းထောက်မပြီး ဒီနေရာမှာ ပညာသင်ခွင့်ရတဲ့သူတွေဆို ဂီတလောကမှာ နာမည်ကြီးတွေ ဖြစ်လာတတ်ကြတယ်”

“ဟုတ်ပါပြီ။ စကားပလ္လင်ခံမနေပါနဲ့တော့” ထန်ရှုက ဖြတ်ပြောသည်။ “လိုရင်းပဲ ပြောပါကွာ”

“မင်းသိလား။ ဒီမှော်တေးသမိုင်းမုခ်၀မှာ အဘိုးကြီးတစ်ယောက် နေတယ်။ ကော‌လဟာလတွေအရ သူ ဒီနေရာမှ တော ဆယ်စုနှစ်ချီနေပြီး တစ်ခါမှ အပြင်မထွက်ဘူးတဲ့” ယွဲ့ခိုင်က ရှင်းပြသည်။ “ဒါပေမဲ့ သူက နာမည်ကြီးလွန်းလို့ နိုင်ငံခြားကအဆိုတော်တွေတောင် သူ့ဆီလာလည်ကြတယ်။ ဒီလူက အနုပညာအကျော်အမော်ပဲဗျ။ ပြီးတော့ သူတီးတတ်တဲ့ တူရီယာတွေဆို ဆယ်မျိုးကျော်တယ်။ သူ့ရဲ့အနုပညာအောင်မြင်မှုတွေက ပြိုင်စံရှားပဲ”

“အဲ့ဒါက ဆရာမဟန်နဲ့ ဘာဆိုင်လို့တုန်း” ထန်ရှုက မေးသည်။

“လွန်ခဲ့တဲ့တစ်လမတိုင်ခင်တုန်းကတော့ မဆိုင်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်လကနေစပြီး အခုထိ ဂီတလောကကို လှိုင်းဂယက်ထနေစေတဲ့ သတင်းတစ်ခုကို အဘိုးကြီးက ကြေညာလိုက်တယ်လေ။ သူက ရှန်ဟိုင်းတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဆရာမ ဟန်ကျင်းဝူကို သူ့ရဲ့ဆရာသခင်အဖြစ် တင်မြှောက်လိုက်တယ်တဲ့”

“ဘယ်လို”

ထန်ရှု၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသိထားသရွေ့ ဟန်ကျင်းဝူသည် ဂီတအကြောင်း လားလားမှ မသိချေ။ အရင်ဘ၀တုန်းက ရွှဲ့ကျင်းချန်သည်သာ အနုပညာပါရမီပါသူဖြစ်ပြီး ဂီတတွင် အတော်အောင်မြင်ခဲ့လေသည်။

မဟုတ်မှ.....

ထန်ရှုက သက်မတစ်ချက်ချ၍ မေး၏။ “ဒါဆို ဆရာမဟန်က အခု ဒီမှာပေါ့”

“အင်း ဆရာမဟန်က အဲ့ဒီအဘိုးကြီးကို သင်ပေးဖို့ တနင်္လာနေ့‌တိုင်း လာနေကြ” ယွဲ့ခိုင်က ခေါင်းညိတ်၍ ပြောသည်။ “အရင်လ၀က်လောက်တုန်းက ကိစ္စလေးတစ်ခုရှိလို့ သူ့ဆီ သွားတိုင်ပင်ရင်းနဲ့ သူကိုယ်တိုင် ပြောပြခဲ့တာပဲ။ မင်း ယုံမှာတော့ မဟုတ်ဘူး အစ်ကိုကြီးထန်။ ဒါပေမဲ့ မထင်မှတ်စရာကောင်းလောက်အောင် ငါတို့ဆရာမက တကယ်ကို အနုပညာပါရဂူပဲ”

“အဲ့လိုတော့လည်း မဟုတ်ဘူး” ဟူချင်းစုန့်က ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ “ငါ မှတ်မိတာမှန်ရင် အစ်ကိုထန်လည်း ဂီတမှာ တော်တော်လေးကျွမ်းကျင်တယ်မလား။ ဟုတ်သားပဲ မင်းရဲ့အထက်‌တန်းကျောင်းတုန်းက ဆရာမက ဆရာမဟန်ပဲကို။ မင်း ပထမနှစ်ကြိုဆိုပွဲတုန်းက ဗျပ်စောင်းတီးသွားတာကို ငါ မှတ်မိနေတုန်းပဲ။ မင်း ဆရာမဟန်ဆီက သင်ထားတာလား”

“မဟုတ်ဘူး”

ထန်ရှုက၏လေသံကား အတန်ငယ် အေးစက်နေပြီး သူက တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ထို့နောက် တွန်းဖွင့်ကာ အထဲသို့ ၀င်သွား၏။ ရုတ်တရက် အနုပညာပါရဂူ‌တစ်ယောက် မည်သို့ဖြစ်လာသလဲ ဟန်ကျင်းဝူကို မေးရပေမည်။

ခြံ၀န်းအတွင်း၌။

ဖြတ်လတ်တက်ကြွနေဆဲဖြစ်ပြီး အဖြူရောင်တရုတ်၀တ်စုံကို ၀တ်ထားသည့် ဆံဖြူအဘိုးကြီးတစ်ယောက်က စိမ်းပြာရောင်ဝါးဖျာပေါ်တွင် ထိုင်ကာ ဗျပ်စောင်းတေးသွားစာရွက်တစ်ရွက်ကို ဖတ်နေ၏။ အထဲသို့ တစ်စုံတစ်ယောက် ၀င်လာကြောင်း သတိထားမိသည့်အခါ မလိုမကျဟန်ဖြင့် မော့ကြည့်လာလေသည်။

“မင်းတို့ ဘာလို့ လာပြန်တာတုန်း”

ယွဲ့ခိုင်က သူ၏အိတ်ကပ်ထဲမှ တရုတ်ဆေးလိပ်တစ်လိပ်ကို အလျင်အမြန်ထုတ်ပေးကာ ပြုံးဖြီးလိုက်၏။ “အဘိုးချွီ နတ်ဘုရား၀တ်ရည်ဝိုင်ကို မေ့မရဘူးလို့ ပြောခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော်တို့ လာပို့တာပါဗျ”

“နတ်ဘုရား၀တ်ရည်ဝိုင်ဟုတ်လား။ ဘယ်မှာလဲ” အဘိုးကြီးမှာ စိတ်လှုပ်ရှားသွားပြီး သူ၏အလိုမကျသော မျက်နှာအမူအရာက ‌ချက်ချင်း ပျောက်ကွယ်သွား၏။

ယွဲ့ခိုင်က ထန်ရှုကို လက်ညှိုးထိုး၍ ပြံးနေလျက်နှင့်ပင် ပြောလေသည်။ “ကျွန်တော် အဘိုးကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက ထန်ရှုတဲ့ ခမ်းနားသောထန်လုပ်စုရဲ့သူဌေးလေ။ နတ်ဘုရား၀တ်ရည်ဝိုင်က သူတို့ကုမ္ပကီက ထုတ်တာ။ အဘိုး နေ့တိုင်းသောက်ချင်ရင် သူ့ဆီက တောင်းလို့ရတယ်”

အဘိုးကြီးက ထန်ရှုကို သေချာအကဲခတ်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်၏။ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ရွှဲ့ချောင်တို့သုံးယောက်၏အကြည့်များအောက်တွင် သူက ‌ထန်ရှုအရှေ့သို့ လျှောက်သွားသည်။ ထို့နောက် သူက လက်ယှက်၍ ခေါင်းငုံ့အရိုအသေပေး၏။ “ဒီအဘိုးကြီး ချွီကျင်းက နတ်ဆေးသမားတော်ထန်ကို နှုတ်ဆက်ပါတယ်”

“အဘိုးချွီ”

ထန်ရှုသည် ဤအဘိုးကြီးသူ့ကို တလေးတစား နှုတ်ဆက်ရသည့်အကြောင်းအရင်းကို နားမလည်သော်လည်း အလားတူပင် ရိုသေစွာ နှုတ်ဆက်လိုက်သည်။

“မင်းရဲ့နာမည်ကို ငါ ကြားဖူးနေတာကြာပါပြီ နတ်ဆေးသမားတော်ထန်။ ဒီအဘိုးကြီးက ဒီနေရာကနေ တစ်သက်လုံး ထွက်မသွားဘူးလို့ သစ္စာဆိုထားခဲ့လို့ နှမြောဖို့ကောင်းစွာနဲ့ပဲ မင်းနဲ့ တွေ့ခွင့်မရခဲ့တာ။ ဒီလိုနိမ့်ကျနေရာကို အလည်လာတာ ဂုဏ်ယူမိပါတယ်” အဘိုးအိုက ပြုံးလျက် ပြောသည်။

“အဘိုးချွီ ကျွန်တော် အဘိုးရဲ့အိမ်ကို ဒီတစ်ခါ လာခဲ့တာ ဆရာမဟန်နဲ့ တွေ့ချင်လို့ပါ” ထန်ရှုက ဆို၏။

အဘိုးအိုက ရုတ်တရက် ကြောင်သွားပြီး ယွဲ့ခိုင်တို့အဖွဲ့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချ၍ ပြော၏။ “အခုမှ သတိရမိတာ။ မင်းလည်း ဆရာမရဲ့တပည့်ပဲကို”

ထိုအခိုက်အတန့်တွင် မုခ်၀အ၀င်၌ မိန်းမလှလေးတစ်ယောက် ပေါ်လာ၏။ သူမကား ရိုးရိုးရှင်းရှင်းဂါ၀န်လေးကို ၀တ်ထားသည့် ဟန်ကျင်းဝူပင်။ သူမ၏မျက်လုံးလေးများသည် ထန်ရှုကိုမြင်သည်နှင့် ပျော်ရွှင်မှုများဖြင့် တောက်ပသွားပြီး သူမက ထန်ရှုအနားလျှောက်လာကာ ပြော၏။ “ပြန်လာပြီပဲ ထန်ရှု။ နှစ်ဆုံးစာမေးပွဲကိုတောင် မဖြေတော့ဘူးထင်နေတာ”

“တစ်မိနစ်လောက် နှစ်ယောက်တည်း စကားပြောလို့ရမလား” ထန်ရှုက မေးသည်။

ဟန်ကျင်းနှလုံးသားမှာ တင်းကြပ်သွားသော်လည်း သူ၏မျက်နှာအမူအရာကား တည်ငြိမ်နေ၏။ “ဘာအကြောင်းများ ပြောချင်လို့လဲ”

“ကိုယ်ရေးကိုယ်တာကိစ္စပါ” ထန်ရှုက ဖြေသည်။

ဟန်ကျင်းဝူမှာ တခဏ တိတ်ဆိတ်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။ “ငါနဲ့လိုက်ခဲ့”

ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ရွှဲ့ချောင်တို့က ထန်ရှုကို လေးစားအားကျစွာ ကြည့်လိုက်ကြပြီး လက်မထောင်လိုက်ကြ၏။ ထန်ရှုမှာ မိန်းကလေးများကြား၌ အင်မတန်စန်းပွင့်ကြောင်း သူတို့သိထားသည့်တိုင် သူ၏မိန်းကလေးများကို ပိုးပန်းသည့်နည်းက ဤမျှ မိုက်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူတို့အရှေ့၌ပင် ဆရာမဟန်အား သီးသန့်စကားပြောခွင့် တောင်းသွားခဲ့ချေသည်။

“ငါတို့ အစ်ကိုကြီးလို့ ခေါ်ထိုက်ပါပေတယ်။ ဆရာမဟန်တောင် သူ့ကို ကြွေနေပြီ”

“မင်းသိလား။ သူ့ရဲ့ပိုးပန်းနည်းထဲက ဆယ်ပုံတစ်ပုံလောက်သာသိရင် အသည်းကွဲလို့ မင်းနဲ့အတူ သောက်နေစရာလိုမှာမဟုတ်ဘူး”

“.....”

အဘိုးချွီမှာမူ အတွေ့အကြုံရင့်သန်နေသူဖြစ်ရာ ထန်ရှုနှင့်ဟန်ကျင်းဝူတို့ကြားရှိ ဆက်ဆံရေးသည် သာမန်မဟုတ်ကြောင်း သတိထားမိ၏။ သူက ယွဲ့ခိုင်တို့ပြောနေသည်ကို ကြားလျှင်ချင်း ဆူပူကြိမ်းမောင်းလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ မ‌ပြောစမ်းနဲ့ ခွေးကောင်လေးတွေ။ ဆရာမဟန်က မင်းတို့ဆရာမဆိုတာလည်း သတိရဦး။ တပည့်တစ်ယောက်အနေနဲ့ သူ့ကို လေးစားမှပေါ့ကွ”

“ကျွန်တော်တို့ ပြောတာက အဓိပ္ပာယ်ရှိပါတယ် အဘိုးချွီရဲ့” ဟူချင်းစုန့်က ပြုံးလျက် ပြောသည်။ “ကျွန်တော်တို့ဆရာမက ထန်ရှုကို ကြိုက်နေမှန်း လူတော်များများ သိပြီးသား။ ပြီးတော့ ဆရာမတစ်ယောက်ကို လေးစားရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီနေ့ခတ်မှာ ဆရာမနဲ့ကျောင်းသား ချစ်ကြိုက်လို့ရနေပြီလေ။ လက်‌ထပ်သွားတဲ့လူတွေတောင် ရှိတယ်ဗျ”

ချွီကျင်းက ‌ခေါင်းခါရမ်းကာ အပြုံးတုဖြင့် ပြုံးလိုက်၏။ သူသည် ရှေးရိုးစွဲစည်းကမ်းများကို လိုက်နာသည့် ခေတ်နောက်ကျသူမဟုတ်သလို တစ်ယူသန်သူလည်း မဟုတ်ချေ။ ခေတ်ပေါ်ရေစီးကြောင်းများကိုပင် နားလည်၏။ သူ လက်မခံနိုင်သော အရာများရှိသော်လည်း ၎င်းတို့ပြောင်းလဲသွားအောင် သူ မလုပ်နိုင်ပေ။

ခြံ၀န်း၏ဘယ်ဘက်တွင် အခန်းများစွာရှိသည့် အဆောက်အဦးတစ်ခုရှိ၏။ ဟန်ကျင်းဝူက အခန်းတစ်ခန်းထဲသို့ ထန်ရှုအား ခေါ်လာပြီး လက်ဖက်ရည်တစ်ခွက်ချကာ‌ ပြောသည်။ “ငါနဲ့‌ ဘာများ ပြောချင်လို့လဲ”

ထန်ရှု၏အကြည့်ကား စူးရှနေ၏။ “ကျွန်‌တော့်ကို ရှင်းပြစရာများ မရှိဘူးလား”

“ငါ ဘာကို ရှင်းပြရမှာလဲတောင် မသိဘူး” ဟန်ကျင်းဝူက ခေါင်းခါလိုက်သည်။

“ခင်ဗျားကို ဟန်ကျင်းဝူလို့ ခေါ်ရမလား ဆရာမဟန်လို့ခေါ်ရမလား ဒါမှမဟုတ် အခုစကပြီး ရွှဲ့ကျင်းချန်လို့ ခေါ်ရတော့မှာလား” ထန်ရှုက မဲ့ပြုံးပြုံးလိုက်သည်။

ဟန်ကျင်းဝူ၏ကိုယ်လေးမှာ တုန်ရီသွားပြီး သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားသည်။ ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးလေးများက ထန်ရှု၏အကြည့်အား‌ ရှောင်လွှဲဖို့ ကြိုးစားနေသယောင်ပင်။

“ဒီလိုဖြစ်နေ‌ပုံထောက်ရင် မှတ်ဉာဏ်တွေ ပြန်ရသွားပြီမလား” ထန်ရှုက အေးစက်စွာ ဆက်ပြော၏။

ဟန်ကျင်းဝူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းခါရမ်း၍ ‌ခါးသီးစွာ ပြောလေသည်။ “အတော်များများ မှတ်မိပေမယ့် မမှတ်မိသေးတာတွေ ရှိသေးတယ်။ အခုထိ ငါနဲ့ရွှဲ့ကျင်းချန်ကို ဘာက ဆက်နွယ်နေစေတာလဲ မသိသေးဘူး”

“ဒါဆို ဘာတွေ မှတ်မိပြီလဲ” ထန်ရှုက လေးနက်စွာ မေး၏။

ဟန်ကျင်းဝူက အခန်းထဲရှိ တူရိယာများကို လက်ညှိုးထိုး၍ ပြောသည်။ “ငါ မြင်ကွင်းတွေအများကြီး မြင်ခဲ့ရတယ်။ ပြီးတော့ ရုတ်တရက်ကြီး ဂီတနဲ့အက ကျွမ်းကျင်လာခဲ့တယ်။ ပြီးတော့ အင်မော်တယ်ကမ္ဘာလို့ ခေါ်တဲ့ ကမ္ဘာသစ်တစ်ခုကိုလည်း မြင်လိုက်ရတယ်။ အရင်တုန်းက ဘာလို့ကျင့်စဉ်တွေ ငါ့ခေါင်းထဲမှာ ပေါ်‌လာပြီး သန်မာလာတာလဲ နားမလည်ခဲ့ဘူး။ အခု ရွှဲ့ကျင်းချန်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေက ငါ့ခေါင်းထဲ ရောက်နေမှန်း သဘောပေါက်သွားပြီ။ ဒါပေမယ့် အတော်‌များများကို မှတ်မိပေမယ့် ငါ့စိတ်ထဲမှာ အပိုင်းအစတွေ ရှိနေသေးတယ်။ ရင်းနှီးသလိုခံစားနေရပေမယ့် ဘာကြောင့်ရင်းနှီးနေမှန်း မသိတာတွေအများကြီးပဲ”

“ကျွန်တော့်‌အကြောင်း ဘယ်လောက်မှတ်မိထားလဲ” ထန်ရှုက ခပ်ဩဩလေသံဖြင့် မေးသည်။

“ငါ သေချာမမြင်ရဘူး” ကျီချွင်းဝူက ခေါင်းခါ၍ ခါးသီးစွာ ပြောသည်။ “ငါ့စိတ်ထဲမှာ ယောက်ျားတစ်ယောက် အမြဲတမ်းပေါ်လာပေမယ့် သူကျောပြင်ပဲမြင်ရတယ်။ သူ့မျက်နှာကို အမြဲတမ်း မမြင်ရဘူး။ ဒါပေမဲ့ နင်နဲ့အဲ့ဒီ‌ယောက်ျားတစ်ခုခု ပက်သက်နေမယ်လို့တော့ ခံစားရတယ်”

စိတ်ပျက်မှုများက ထန်ရှု၏မျက်၀န်းများတွင် ဖြတ်ပြေးသွားသည့်တိုင် သူ့မှာ အနည်းငယ် စိတ်အေးသွား၏။

သူ အဖြေရှာချင်မိသည်။ အဘယ်ကြောင့် ရွှဲ့ကျင်းချန် သူ့ကို သစ္စာဖောက်ခဲ့ရသလဲ သိချင်မိ၏။ သို့သော် အ‌ဖြေကိုသိရပါက ပြိုလဲသွားလိမ့်မည်ကို ကြောက်မိပေသည်။

ဂူယန်အာသည် သူ့အား ရွှဲ့ကျင်းချန်နှင့်ပက်သက်သည့် ကောလဟာလ အတော်များများကို ပြောပြခဲ့၏။ သို့သော် ၎င်းတို့က ယုံကြည်ရပြီး မှန်၊မမှန်မသိသလို သူမ၏ရည်ရွယ်ချက်ကိုလည်း မသိချေ။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်း၍ ဖြည်းညင်းစွာ ပြောလေသည်။ “ကျွန်တော် လှည့်စားတာကို မုန်းလွန်းတဲ့အတွက် ဆရာမ လိမ်မပြောခဲ့ဖို့ မျှော်လင့်ပါတယ်”

သူက ထိုသို့ပြောပြီးနောက် ချာခနဲ လှည့်ကာ ထွက်သွားတော့သည်။

ဟန်ကျင်းဝူသည် ထွက်သွားသော ထန်းရှု၏ကျောပြင်အား မျက်ရည်များဝိုင်းလျက် ကြည့်ကာ ကျန်ရစ်ခဲ့၏။ ထန်ရှု၏ကျောပြင် ပျောက်ကွယ်သွားပြီး တခဏကြာမှသာ သူမက ရေရွတ်လိုက်လေသည်။

“တောင်းပန်ပါတယ်”

ထန်ရှုမှာ ခြံ၀န်းအရှေ့သို့ ရောက်သွားပြီး ချွီကျင်းကိုပင် နှုတ်မဆက်ခဲ့ချေ။ ယွဲ့ခိုင်အား လုပ်စရာကိစ္စရှိ‌သေးသည်ဟု ပြောကာ အလျင်အမြန် ထွက်သွား၏။ သူ့ကို လှမ်းခေါ်ကြသော်လည်း သူက လှည့်မကြည့်ပေ။

ဟန်ကျင်းဝူ အမှန်မပြော၊မပြော သူမသိချေ။ သို့သော် သေချာသည့်အရာတစ်ခုတော့ ရှိ၏။ ဟန်ကျင်းဝူ မှတ်ဉာဏ်အားလုံးပြန်ရမည့် အချိန်ကား သိပ်ကြာတော့မည်မဟုတ်ပေ။

မည်သို့ဆိုစေ သူ၏နှလုံးသားနှင့်စိတ်အစဉ်အား မုန်းတီးစက်ဆုပ်မှုတို့ ဖုံးလွှမ်းထားသေး၏။

သူ ဖြစ်ကြောင်းကုန်စင်ကို သိရန်လိုသည်။ အနည်းဆုံးတော့ သစ္စာဖောက်သည့်အကြောင်းအရင်းကို သိရမှဖြစ်မည်။ နောက်ထပ်မေးခွန်းတစ်ခု ရှိသေး၏။ အဘယ်ကြောင့် သူမသည် ကမ္ဘာမြေ၌ ပြန်၀င်စားခဲ့ရသနည်း။

ထိုအရာများကြောင့် ထန်ရှု၏စိတ်အခြေအနေမှာ ဆိုးရွားလာပြီး သူသည် တက္ကသိုလ်သို့ပင် မသွားတော့ဘဲ အိမ်သို့ တန်းပြန်လာခဲ့၏။ ထို့နောက် တင်းရှန်းမီဒီယာ၏သူဌေး ဂူချန်းမင်ကို ဖုန်းခေါ်လိုက်သည်။

“အစ်ကိုဂူ ရှန်ဟိုင်းတက္ကသိုလ်မှာ အသိမိတ်ဆွေရှိလား”

“အေး ရှိတယ်။ ဘာလို့လဲ” ဂူချန်းမင်၏အဖြေမှာ တိုတုတ်ပြတ်သား၏။

“သိတဲ့အတိုင်း ကျွန်တော်က အဲ့ဒီမှာ ပထမနှစ်ကျောင်းသားလေ။ ဒါပေမဲ့ ဒီနှစ်က တော်တော်အလုပ်များတော့ ကျောင်းကို သိပ်မတက်ဖြစ်ဘူး” ထန်ရှုက ရှင်းပြသည်။ “ဆိုတော့ အပန်းမကြီးရင် အစ်ကို့ကို တောင်းဆိုချင်တာလေး နှစ်ခုရှိလို့”

“ဘာလို့ စကားပလ္လင်တွေ ခံနေတာလဲ ညီလေးထန်ရဲ့။ ငါတို့ကြားမှာ ဒီလိုတွေမလိုပါဘူး။ မင်း တစ်ခုခု လိုအပ်ရင် ပွင့်ပွင့်လင်းလင်းသာပြော” ဂူချန်းမင်က ခပ်ဟဟရယ်၍ ပြောသည်။ “အင်း ဟုတ်တယ်။ ငါနဲ့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့‌ လက်ထောက်ကျောင်းအုပ်လီက ရင်းနှီးတာပေါ့”

All Chapters