ကျရောက်လာတော့မည့်ကပ်ဘေး
Vol. 62 Ch. 866
လူအများပြောကြသည့်အတိုင်း မည်သည့်နေရာ၌မဆို အလုပ်ပြီးမြှောက်အောင်လုပ်နိုင်သူတစ်ယောက် ရှိချေသည်။
ရှန်ဟိုင်းမြို့၏နာမည်ကြီးသူဌေးတစ်ယောက် ဖြစ်သည့်အားလျော်စွာ ဂူချန်းမင်၏အဆက်အသွယ်များကား ကျယ်ပြန့်၏။ ဖုန်းတစ်ခါခေါ်လိုက်ရုံနှင့် ထန်ရှု၏ပြဿနာမှာ ဖြေရှင်းပြီးဖြစ်သည်။
အမှန်ပြောရလျှင် ထန်ရှု တောင်းဆိုခဲ့သည်မှာ ရိုးရှင်း၏။ ရှန်ဟိုင်းတက္ကသိုလ်မှ ချောချောမွေ့မွေ့ ဘွဲ့ယူနိုင်အောင် တက္ကသိုလ်ဘက်မှ ခွင့်ပြုပေးလိုသည်။ သူ၏အချိန်ဇယားအတိုင်း အမြဲတစေ အတန်းတက်နေစရာ မလိုပေ။
“စကားမစပ် ငါတစ်ခု နားမလည်ဘူး ညီလေးထန်”
ထန်ရှု ဖုန်းချတော့မည့်ဆဲဆဲတွင် ဖုန်းထဲမှ ဂူချန်းမင်၏အသံ ထွက်လာ၏။
“ဘာကိုလဲဗျ” ထန်ရှုက မေးသည်။
“ဪ မင်းရဲ့နာမည်ရဲ့အဆင့်အတန်းအရဆိုရင် ရှန်ဟိုင်းတက္ကသိုလ်က ဒီလိုကိစ္စသေးသေးလေးနဲ့ ခက်ခဲအောင်လုပ်မှာမဟုတ်ပါဘူး” ဂူချန်းမင်က ပြော၏။ “မင်းကို အထူးတောင်းဆိုခွင့်တောင် ပေးဦးမှာ။ ဘာလို့လဲဆိုရင် မင်းရဲ့အောင်မြင်မှုတွေက ရှန်ဟိုင်းတက္ကသိုလ်ရဲ့ဂုဏ်သတင်းအပေါ် သက်ရောက်မှုရှိတယ်လေ။ မင်းကြောင့်ပဲ တချို့ဆို ပညာရေးကို အာရုံစိုက်လာကြတာ”
“တကယ်ကြီးလား”
ထန်ရှု သေချာတွေးကြည့်လိုက်သည့်အခါတွင် နားလည်သွား၏။ ကိစ္စတစ်ခုခုတွင် ပါ၀င်ပက်သက်နေသော လူများသည် အပြင်လူများလောက် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။
ထို့ကြောင့် သူသည် သူ၏ဖြစ်တည်မှုအား တခဏ မေ့လျော့ကာ ရှန်ဟိုင်းတက္ကသိုလ်မှ သာမန်ကျောင်းသားဟုသာ ထင်နေခဲ့မိ၏။ သို့သော် ပြဿနာအားလုံး၏မြစ်ဖျားခံရာကား ဟန်ကျင်းဝူဖြစ်ကြောင်း ကောင်းကောင်းသိပေသည်။
သူသည် တက္ကသိုလ်၌တက်ရောက်နေသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း သူ၏ကျောင်းခေါ်ကြိမ်ကား ဆိုးရွားလှချေသည်။ သို့ထိတိုင် မည်သည့်ဆရာကမှ သူ့အတွက် ခက်ခဲအောင် လုပ်ခဲ့ခြင်းမရှိသလို တက္ကသိုလ်မှ အထက်လူကြီးများပင်လျှင် လျစ်လျူရှုထားကြ၏။ သူကိုကြောက်လန့်အောင် ရေးကြီးခွင်ကျယ်လုပ်တတ်သူမှာ ဟန်ကျင်းဝူတစ်ယောက်တည်းသာ။
‘အဲ့ဒီမိန်းမပဲ.....’ ၎င်းက ထန်ရှုအား စိတ်ရှုပ်စေသလို တစ်ချိန်တည်းမှာပင် အပျင်းပြေစေ၏။ ဖုန်းချပြီးနောက် သူ၏စိတ်အနေအထားမှာ ပြန်ကောင်းမွန်လာခဲ့သည်။ သူအတန်းမတက်သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် သူ့အတွက် အတန်းတက်၊မတက်က အရေးမပါတော့သဖြင့် နှစ်ဆုံးစာမေးပွဲမဖြေခင်အထိ မသွားရန် ဆုံးဖြတ်လိုက်သည်။ အတန်းမတက်လျှင် သူ၏စာကြည့်နှုန်းမှာ ပို၍ မြန်သဖြင့် ကိုယ့်ဘာသာ စာလေ့လာခြင်းက ပို၍ကောင်း၏။
မှောင်စပျိုးချိန်တွင် ထန်ရှုသည် မေဂျာတစ်ခုလုံး၏သင်ရိုးတစ်ခုလုံးကို လေ့လာပြီးသွား၏။ အောက်ထပ်ရှိ ထမင်းစားခန်း၌ ညစာသွားစားရန် ပြင်နေစဉ် မိန်းမလှလေးတစ်ယောက် စာကြည့်ခန်းအရှေ့သို့ ရောက်လာသည်။
“နင် ပြန်ရောက်ပြီပဲ”
မု၀မ်ရင်က စာကြည့်ခန်း၏တံခါး၀၌ ရပ်ကာ ပြုံး၍ပြော၏။ သူမ၏ကောက်ကြောင်းများကို ပေါ်လွင်နေစေသည့် အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားပြီး သူမဆံနွယ်များက လေယူရာအတိုင်း ယိမ်းနွဲ့နေ၏။
ထန်ရှုက ပြုံး၍ သူမအနားလျှောက်သွားသည်။ “နှစ်ရက်ပဲ ပြန်လာတာ။ ဒီတစ်ခေါက်ခရီးက ပင်ပန်းတော့ အိမ်မှာ ကောင်းကောင်းအနားယူချင်လို့။ ဒါနဲ့ ငါ ပြန်ရောက်နေမှန်း ဘယ်လိုလုပ်သိတာတုန်း”
“ကျန်းဖေးယန်ပြောတာလေ။ နင့်ရဲ့အခန်းဖော်တွေဆီကနေ ကြားခဲ့တာ ဖြစ်မယ်” မု၀မ်ရင်းက ပြုံးလျက် ဖြေ၏။
ထန်ရှုမှာ သဘောပေါက်သွားပြီး မု၀မ်ရင်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့၏။ “အင်း။ ဒီနေ့တက္ကသိုလ်၀င်းထဲ သွားခဲ့သေးတယ်။ ယွဲ့ခိုင်တို့နဲ့ သူတို့ကလွဲပြီး ငါ ပြန်ရောက်နေတာ သိကြတဲ့ပုံမပေါ်ဘူး။ ဒါနဲ့ မင်းရဲ့ကုမ္ပဏီရော အခြေအနေ”
“ကောင်းပါတယ်။ ကုမ္ပဏီအရွယ်အစားကြီးလာတော့ အလုပ်အရမ်းများတယ်” မု၀မ်ရင်က ခပ်ဖွဖွ ပြော၏။ “ဟုတ်သားပဲ။ လူလူတောင် ပြည်တွင်းက ထိပ်တန်းကြော်ငြာဒီဇိုင်နာတွေ ရှာပေးခဲ့သေးတယ်။ သူလည်း တော်ပါတယ်”
“အမ်” ထန်ရှုက ရေရွတ်လိုက်၏။ “မင်းနဲ့သူ ဘယ်လိုတည့်သွားတာတုန်း”
“စီးပွားရေးမိတ်ဆုံပွဲမှာတွေ့ပြီး စကားပြောခဲ့ကြတာလေ” မု၀မ်ရင်က ပြောသည်။ “လူလူနဲ့ငါကအခု စီးပွားဖက်တွေ ဖြစ်နေပြီ။ ငါက သူ့ရဲ့သုခဘုံကလပ်ကို ကြေညာပေးတယ်။ သူက ငါ့ကို ဒီဇိုင်နာတွေ ရှာပေးတယ်လေ”
ထန်ရှုမှာ မိန်းမများစိတ်ကို နားမလည်နိုင်သဖြင့် စိတ်ထဲ၌ ခေါင်းခါမိလိုက်သည်။ အင်မော်တယ်ကမ္ဘာတွင် ရှိခဲ့တုန်းက နားမလည်ခဲ့သလို ယခုလည်း ထိုအတိုင်းပင်။ အိုးရန်လူလူနှင့် မု၀မ်ရင်တို့သည် တစ်ယောက်ကိုတစ်ယောက် တည်ရှိကြောင်းသိကြပြီး သူနှင့်ဆက်ဆံရေးကိုပါ သိထားကြသည်။ သို့ထိတိုင် ဆက်သွယ်မိသွားကြပြီး တိတ်တဆိတ် သူငယ်ချင်းပင် ဖြစ်နေကြသေး၏။
သူတို့ ထမင်းစားခန်းသို့ ရောက်သည့်အခါ မု၀မ်ရင်က ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။ သူမကတုံ့ဆိုင်းနေပြီးနောက် မေးလေသည်။ “ထန်ရှု ဒီည လုပ်စရာရှိသေးလား”
“အင်း...စဉ်းစားမိသလောက်တော့ မရှိဘူး” ထန်ရှုက ခေါင်းခါရမ်း၍ မေး၏။ “ဘာလို့လဲ။ တစ်ခုခုများ စီစဉ်ထားလို့လား”
“အင်း။ ဒီနေ့ည အရေးကြီးတဲ့ ရန်ပုံငွေအခမ်းအနားတစ်ခုကို သွားဖို့ အဖော်မရှိဘူးဖြစ်နေတာ”မု၀မ်ရင်က ဆိုသည်။ ”ငါနဲ့လိုက်ခဲ့မလား”
“ရန်ပုံငွေအခမ်းအနားဟုတ်လား”
ထန်ရှုမှာ တခဏ ကြောင်သွားပြီး ချက်ချင်း အော်ရယ်တော့သည်။ “ဒါဆို မင်းက ငါ့ဆီလာတာ အဲ့ဒီအခမ်းအနားကို တက်ဖို့ လာခေါ်တာပေါ့။ မင်းက တော်တော်လေး ဝိရီယကြီးပါလားဟေ့”
မု၀မ်ရှင်မှာ ရှက်သွားရှာသည်။ “နင့်ကို အရမ်းလွမ်းနေခဲ့လို့ လာခဲ့တာပါနော်။ ပြောရရင် အဲ့ဒီအခမ်းအနားကို မတက်ဘဲနေမလို့။ ဒါပေမဲ့ နင်အဆင်ပြေရင် သွားလို့ရတာပဲဆိုပြီးတော့...”
“ကဲပါ ရှင်းပြမနေပါနဲ့။ မသွားခင် အရင်ဆုံး ညစာစားကြတာပေါ့” ထန်ရှုက ပြုံးလျက် ဖြတ်ပြော၏။ “ဒါမှမဟုတ် အခုသွားချင်လား”
မု၀မ်ရင် တခဏ စဉ်းစားပြီးနောက် ပြော၏။ “အရင်ဆုံး ဗိုက်ဖြည့်ကြတာပေါ့”
ရှန်ဟိုင်းဆန်ကျူရီဟိုတယ်တွင်။
ဇိမ်ခံကားတစ်စီးက ဟိုတယ်အ၀င်၀တွင် ရပ်သွားပြီး ကောင်းမွန်စွာ ၀တ်စားထားသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထွက်လာ၏။ သူတို့က ရန်ပုံငွေအခမ်းအနားကျင်းပနေသည့် ၁၈ ထပ်ရှိ ခန်းမသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ထန်ရှုနှင့် မုဝမ်ရင်တို့ရောက်ရှိချိန်တွင် ၇ နာရီပင် ထိုးလုဆဲဆဲဖြစ်၏။ ထန်ရှုသည် လာရာလမ်း၌ ဤအခမ်းအနားအကြောင်းကို သိရှိပြီးဖြစ်သည်။ ဤအခမ်းအနားအား နိုင်ငံထဲ၌ ပရဟိတသမားအဖြစ် လူသိများသော ရှန်ဟိုင်း၏နာမည်ကြီးသူဌေးတစ်ဦးဖြစ်သူ ကျန့်လုပ်ငန်းစု၏ဥက္ကဌ ကျန့်ချင်းဖန်က ဦးစီးကျင်းပခြင်းဖြစ်သည်။
ကောလဟာလများအရ နှစ်စဉ်နှစ်တိုင်း ကျန့်ချင်းဖန်လျှူဒါန်းသည့် ငွေပမာဏမှာ ဂဏန်း ၉ လုံးပင် ကျော်လေသည်။
၁၈ ထပ် စားပွဲခန်းမရှေ့တွင်။
အနက်ရောင်၀တ်စုံများ ၀တ်ဆင်ထားသည့် လုံခြုံရေးအစောင့်များက ဖိတ်ကြားလွှာများအား စစ်ဆေးနေ၏။ မိန်းမလှလေးတစ်ယောက်ကတော့ ဧည့်သည်များအား မှတ်တမ်းစာအုပ်တွင် လက်မှတ်ထိုးစေပြီး နာမည်ကြီးဧည့်သည်များနှင့် စကားပြောနေ၏။ “တောင်းပန်ပါတယ် လူကြီးမင်းတို့ရှင့်။ ဖိတ်ကြားလွှာမပါရင် အထဲ၀င်ခွင့်မရှိပါဘူး”
“အေးဆေးပေါ့ မိန်းကလေးရယ်။ ဒီတစ်ခါပဲ ခြွင်းချက်လုပ်လိုက်ပါ” ထိုဧည့်သည်အဖွဲ့၏ခေါင်းဆောင် အဘိုးကြီးတစ်ဦးက ပြုံးလျက် ဘေးဘီဝဲယာကို ကြည့်လိုက်၏။
မိန်းကလေးက ခေါင်းခါရမ်း၍ ပြောသည်။ “တောင်းပန်ပါတယ် လူကြီးမင်းရှင့်။ ကျွန်မစည်းကမ်းတွေကို ဖောက်ဖျက်လို့မရလို့ပါ။ ဖိတ်ကြွားလွှာမရှိဘဲ ၀င်ခွင့်မရှိပါဘူး။ ကျွန်မရဲ့အထက်လူကြီး သိသွားရင် ကျွန်မ အလုပ်ပြုတ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်မကို ခက်ခဲအောင် မလုပ်ပါနဲ့ရှင်”
ထန်ရှု အ၀င်ဝသို့ ရောက်သည့်အချိန်တွင် ရင်းနှီးသော လူရိပ်များကို တွေ့လိုက်ရသဖြင့် သူ၏မျက်ခုံးများမှာ သူပင်သတိမထားမိဘဲ တွန့်ချိုးသွား၏။ ထို့နောက် သူက ထိုလူများအနား လျှောက်သွား၍ ပြုံးကာ ပြောသည်။ “ဖိတ်ကြားလွှာမရှိတဲ့အတွက် သူတို့မ၀င်သင့်ဘူး။ အခုခေတ်မှာ နှောင့်ယှက်ပြီး အကျိုးအမြတ်လိုချင်တဲ့လူတွေက များနေတာ။ ဒီကိုလာပြီး အလကားသောက်စားခွင့် မပေးလိုက်နဲ့”
ထိုအခိုက်အတန့်တွင် ခန်းမအ၀င်၀ရှိလူများက ထန်ရှုနှင့်မု၀မ်ရင်ကို လှည့်ကြည့်လိုက်ကြသည်။
အဘိုးကြီးနောက်ရှိ သက်လတ်ပိုင်းလူတစ်ယောက်က ထန်ရှုနှင့်မု၀မ်ရင်ကို စိုက်ကြည့်လိုက်၏။ မု၀မ်ရင်၏အလှကြောင့် တခဏ ကြောင်သွားသော်လည်း သူက ထန်ရှု၏စကားကို လက်မခံနိုင်ဘဲ ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။ “အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့ ကောင်လေး။ ငါတို့ ဘယ်သူလဲဆိုတာ.....”
“တော်စမ်း”
အဘိုးကြီးက ခပ်ရေးရေးပြုံးလျက် လက်မြှောက်ကာ ထိုလူစကားစကို ဖြတ်လိုက်သည်။ ထို့နောက် သူက အပြုံးမပျက်ဘဲ ပြန်ချေပ၏။ “ခွေးကောင်လေး။ ဒီအဘိုးကြီးကို တကူးတက လာပြီး စနောက်တယ်ပေါ့လေ။ ဘာတဲ့ အချောင်သမားတွေတဲ့လား။ ငါ့ပုံစံ အကြောင်းအရင်းမရှိဘဲ သောက်စားမယ့်ပုံ ပေါ်နေလို့လားကွ”
“အ။ ကျွန်ဝောာ်လည်း အလုပ်တွေလုပ်လွန်းလို့ မျက်လုံးတွေ မကောင်းတော့ဘူးထင်ပါတယ်” ထန်ရှုက ခပ်ဟဟရယ်၍ ပြော၏။ “စီနီယာသွမ့်မုဖြစ်နေတာပဲ။ ခင်ဗျားက နိုင်ငံနဲ့ပြည်သူတွေကောင်းစားဖို့ လုပ်နေတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ မဟုတ်မှ...”
သွမ့်မုလင်းက တဟားဟား အော်ရယ်လိုက်ပြီး အသာအယာ ခေါင်းညိတ်ကာ ဆို၏။ “အချိန်မဖြုန်းစမ်းနဲ့ကွာ။ မင်းမှာ ဖိတ်ကြားလွှာပါတယ်မလား။ ငါတို့ကိုပါ ခေါ်သွားပေး”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ လာ သွားကြမယ်”
စကားစပြောသည့်အချိန်မှ ပြီးသည်အထိ ထန်ရှုသည် မု၀မ်ရင်အား သွမ့်မုလင်းနှင့် မိတ်ဆက်မပေးခဲ့ချေ။ သွမ့်မုလင်းက သူမအား နက်နဲသောအကြည့်များဖြင့် ကြည့်ခဲ့သည့်တိုင် သူလည်း ဘာမှမပြောချေ။
သူတို့ခန်းမအ၀င်၀ကို ဖြတ်လာသည့်အချိန်တွင် ထန်ရှုက သွမ့်မုလင်းဘေးသို့လာ၍ ခပ်တိုးတိုး မေး၏။ “ဘာတွေများ ဖြစ်ခဲ့လို့ ဒီနေရာအထိ ရောက်လာရတာလဲ စီနီယာ”
“ဗန်ပိုင်းယားတွေကြောင့်ပေါ့ကွာ” သွမ့်မုလင်းက ပြန်၍ တီးတိုးဖြေ၏။
“တရုတ်က ဗန်ပိုင်းယားတွေကို တားမြစ်ထားတယ်မလား” ထန်ရှုမှာ အံ့အားသင့်သွားပြီး သွမ့်မုလင်းအား စက္ကန့်ပိုင်းမျှ စိုက်ကြည့်လိုက်သည်။ “ဒီဗန်ပိုင်းယားက ဘယ်ကနေ ပေါ်လာတာလဲ။ သေရေး၊ရှင်ရေးကိုတောင် ဂရုမစိုက်ဘဲ ဘယ်လိုတောင် တဇွတ်ထိုး လုပ်ရဲကြတာလဲ”
“ဥရောပက ဗန်ပိုင်းယားအသိုင်းအ၀ိုင်းမှာ တော်တော်လေး ထကြွနေကြတယ်။ နှစ်ရာချီပြီး သိုသိုသိပ်သိပ် နေခဲ့တဲ့ ဗန်ပိုင်းယားဂိုဏ်းသေးသေးလေး တစ်ခုက တခြားဂိုဏ်းတွေ သတ်ဖြတ်ပြီး အမြစ်ဖြတ်နေကြတယ်။ တချို့ ဗန်ပိုင်းယားဂိုဏ်းတချို့က မဟူရာကလပ်ရဲ့ လွှမ်းမိုးမှုအောက်က။ ဖြစ်နိုင်ချေအားလုံးကို ထည့်တွက်ရင် အဲ့အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တဲ့ တချို့ဂိုဏ်းတွေဆို အတော်လေးရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်”
“ရာချီနှစ်နဲ့ချီပြီး ဇာတ်မြုပ်နေတဲ့ ဗန်ပိုင်းယားဂိုဏ်းလေးဟုတ်လား” ထန်ရှုမှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ဂိုဏ်းက သေးသေးလေးဆိုတာ သေချာလိုလား”
“အရင်က သတင်းအချက်အလက်တွေတော့ ဂိုဏ်းသေးသေးလေးဆိုတာ သေချာတယ်” သွမ့်မုလင်းက ခေါင်းညိတ်၏။ “အရင်တုန်းကတော့ အဖွဲ့၀င် ၂၅ ယောက်လောက်ပဲ ရှိခဲ့လိမ့်မယ်။ အခုဆိုရင် အရမ်းအစွမ်းထက်တဲ့အဖွဲ့၀င် ၂၀၀ လောက်ရှိရမယ်။ တစ်ခုသတိထားရမှာက အဲ့ဒီဂိုဏ်းမှာ အရမ်းအင်အားကြီးတဲ့ ဗန်ပိုင်းယားသခင်ရှိတယ်”
“ဟင်....” ထန်ရှုမှာ ပင့်သက်ရှိုက်လိုက်မိ၏။
သူ၏အရင်ဘ၀တုန်းကဆိုလျှင် ဗန်ပိုင်းယားသခင်တစ်ကောင်ကို လက်ကလေးတစ်ချောင်းလှုပ်ရုံနှင့် သတ်ဖြတ်ပစ်နိုင်၏။ သူ၏ယခုကျင့်ကြံခြင်းမှာ သိသိသာသာ တိုးတက်လာကာ မကြာသေးမီကမှ အဆင့်တက်ထားခဲ့သော်လည်း ဗန်ပိုင်းယားသခင်တစ်ယောက်ကို သတ်နိုင်ဖို့ အတော်လေး ကြိုးစားအားထုတ်ရလိမ့်မည်။
“ဥရောပက ဗန်ပိုင်းယားစစ်ပွဲကြောင့် တရုတ်ကို ထွက်ပြေးလာတဲ့ တခြားဗန်ပိုင်းယားဂိုဏ်းတွေရော ရှိလား”
“ဟင့်အင်း အဲ့ဒီဂိုဏ်းတစ်ဂိုဏ်းတည်းပဲ” သွမ့်မုလင်းက ခေါင်းခါရမ်း၏။
“အဲ့ဒီဂိုဏ်းပဲလား” ထန်ရှုက တခဏ ငေးကြောင်နေပြီးနောက် နားမလည်နိုင်စွာ မေး၏။ “သူတို့က တရုတ်မှာ ဘာလုပ်မလို့လဲ။ နိုင်ငံထဲမှာ မငြိမ်မသက်မှုတွေ ဖြစ်စေချင်လို့လား”
“ငါက ဘယ်လိုလုပ်သိမှာတုန်းဟ” သွမ့်မုလင်းက ခေါင်းခါရမ်းရင်း အားတင်းပြုံးလိုက်သည်။။ “ဒီအကြောင်းကို သတင်းရထားလို့ ချက်ချင်းလာခဲ့တာပဲ။ မောင်းမထုတ်နိုင်ရင်တော့ လုပ်စရာက သတ်ပစ်ဖို့ပဲရှိတယ်”
ထန်ရှုက သဘောတူညီစွာ ခေါင်းညိတ်၏။ သူသာ သွမ့်မုလင်းနှင့်မတွေခဲ့လျှင် အလုပ်ရှုပ်မည်မဟုတ်သလို ၀င်ပါစရာလည်းလိုမည်မဟုတ်ပေ။ သွမ့်မုလင်း၏အဖွဲ့၀င်အားလုံးက စွမ်းရည်အသုံးပြုသူများပင် မဟုတ်ပါလော။ သို့သော် ဗန်ပိုင်းယားဂိုဏ်းကသာ သာမန်လူများကို ထိခိုက်ဒဏ်ရာရစေလျှင်တော့ သူ လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။
“ဒါဆိုလည်း စီနီယာ လှုပ်ရှားတော့လေ။ အကူအညီလိုရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လိုက်ပါ”
သွမ့်မုလင်းက အားရဝမ်းသာ ခေါင်းညိတ်၍ ပြော၏။ “ဒါနဲ့ အချိန်ရရင် ပေကျင်းကို လာခဲ့ဦး။ ငါ့ဌာနမှာ ဆုပေးစနစ်ရှိတယ်။ မင်း ချင်းချန်တောင်မှာ လုပ်ခဲ့တာတွေကို သိထားပြီးပြီ။ ကိုယ်တိုင် ဆုလာယူချေ”
“ဘယ်လိုဆုမျိုးလဲ”
မု၀မ်ရင်နှင့်အတူ ထွက်သွားတော့မည့်ထန်ရှုက တုံ့ခနဲရပ်ကာ မေး၏။
“ဘာလဲဆိုတာ လျှို့ဝှက်ထားဦးမယ်ကွာ” သွမ့်မုလင်းက ပြုံးလျက် ဖြေသည်။ “သဲလွန်စပေးရရင် မင်းအတွက် ကောင်းတဲ့ အံ့ဩစရာတစ်ခုဖြစ်လိမ့်မယ်”
ထန်ရှုက နှုတ်ခမ်းတွန့်၍ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ‘ကြောက်စရာကောင်းတာမဟုတ်ရင် ပြီးတာပါပဲ’