ကန့်သတ်ချက်နှစ်ချက်
Vol. 58 Ch. 810
ဖန်မျိုးနွယ်စုမှအဖွဲ့ တောင်ကောင်းကင်ဂြိုဟ်သို့ ဝင်ရောက်တော့မည်ဆဲဆဲမှာပင် အေးစက်စက်အသံတစ်သံက အောက်မှ ပဲ့တင်ထပ်လာသည်။
“အခု အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း ပွင့်သွားပြီဖြစ်တဲ့အတွက် ဒီနေရာ တောင်ကောင်းကင်မှာ စည်းကမ်းနှစ်ချက်ရှိမယ်။ ပထမအချက် စိတ်ဝိညာဉ်နယ်ပယ်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိမယ်။ ဒုတိယအချက် တောင်ကောင်းကင်တံခါးက တစ်ကြိမ်ပဲ ဖွင့်မယ်။ ဝင်ချင်တဲ့သူအကုန်လုံး ဝင်ရဖို့ တခြားသူတွေကို စောင့်ရမယ်”
အသံကြီး ဖန်မျိုးနွယ်များ၏နားထဲ၌ ပဲ့တင်ထပ်သွားသောအခါ သူတို့၏မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားသည်။
“အဲ့ဒါ မျိုးနွယ်စုဦးလေး ဖန်ရှုံ့ဖုန်းပဲ”
“မျိုးနွယ်စုဦးလေး စည်းကမ်းတွေကို နည်းနည်းလောက် မသိချင်ယောင်ဆောင်ပေးလို့မရဘူးလား။ ခေါင်းဆောင်ကြီးက ကျွန်တော်တို့ကို ဒီနေရာမှာ ကံကြမ္မာကောင်းရယူဖို့ အမိန့်ပေးခဲ့တယ်။ မျိုးနွယ်စုဦးလေး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ”
“အင်မော်တယ်တွေ ဝင်ရောက်လို့မရဘူးတဲ့လား။ အဲ့ဒါက သူများတွေအတွက် ကောင်းမွန်တဲ့စည်းကမ်းတစ်ချက်ဖြစ်ပေမယ့် ကျုပ်တို့အားလုံးက တစ်မျိုးနွယ်တည်းလေ။ ဝင်ရောက်ခွင့်ပြုပေးပါ”,
တည်ငြိမ်သောအသံက တောင်ကောင်းကင်ဂြိုဟ်မှ ထပ်မံဟိန်းထွက်လာသည်။ “ငါက နဝမတောင်ရဲ့ အကျဉ်းဦးစီး။ ငါဟာ တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်တယ်။ ဒီစည်းကမ်းနှစ်ချက်ကို ဖောက်ဖျက်တဲ့ ဘယ်သူမဆို .... သေရမယ်”
အသတ်အဖြတ်စိတ်ဆန္ဒ ထွက်ပေါ်လာရာ ဖန်မျိုးနွယ်ဝင်အကုန်လုံး မူးဝေသွားကြသည်။ အတော်များများမှာ တကယ်တမ်း ဒေါသထွက်နေကြလေသည်။ အင်မော်တယ်နယ်ပယ်အဆင့် မျိုးနွယ်ဝင်များထဲမှ တစ်ယောက်သည် မျက်မှောင်ကြုတ်သွားပြီးနောက် မျိုးနွယ်စုရှိ သူ၏အဆင့်အတန်းကို အားကိုးရင်း တောင်ကောင်းကင်ဂြိုဟ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။
သို့သော် သူ အနားပင် မကပ်နိုင်ခင် ဓားချီအလင်းတန်းတစ်တန်း ဖြစ်ပေါ်လာပြီး မြက်ဓားကို ဖြတ်ပစ်လိုက်သော သံဓားတစ်လက်သဖွယ် သူ့ကို ပိုင်းချလိုက်တော့သည်။ သွေးများ ဖွားခနဲ လွင့်စင်သွားပြီး တစ်ကိုယ်လုံးနှစ်ပိုင်း ပြတ်သွားစဉ် ထိုလူ၏မျက်လုံးများမှာ ပြူးကျယ်လျက်ရှိ၏။ သူကား မသေခင် စကားပြောဖို့ အခွင့်အရေးပင် မရလိုက်ပေ။
ချက်ချင်းဆိုသလို ဖန်မျိုးနွယ်ဝင်အကုန်လုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ ဖန်ရှန်ရှန်း၊ ဖန်ယွင်ရီနှင့် ဖန်တုံးဟန်တို့၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မျက်စိမျက်နှာပျက်သွားကြသည်။
“ဖန်ရှုံ့ဖုန်း ၊ နင်က ငါတို့တာအိုစောင့်ရှောက်သူတွေ တောင်ကောင်းကင်ကို ဝင်ခွင့်မရှိဘူးလို့ ပြောနေတာလား” စကားသံသည် ရှေးဆန်၏။ ၎င်းက ဖန်ရှန်ရှန်း၏အနောက်၌ ရပ်နေပြီး မျက်လုံးများ စူးရှတောက်ပနေသော အဘွားအိုတစ်ဦးနှင့် သက်ဆိုင်သည်။
“မင်းတို့ ဝင်ခွင့်မရှိဘူး”
“ဒီအငယ်ပိုင်းမျိုးဆက်တွေ မတော်တဆ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”
“သူတို့က ရွေးချယ်ခံတွေ၊ ကံကြမ္မာကောင်းရှာဖို့ လာကြတာ။ အသက်ငယ်ငယ်နဲ့ သေဖို့ စိတ်ကို ပြင်ဆင်ထားသင့်တယ်။ ရှင်ခြင်းသေခြင်းဆိုတာ ကံတရားက အဆုံးအဖြတ်ပေးတာပဲ”
“နင့်...နင့်သားက မသန်မစွမ်းဖြစ်နေတဲ့အတွက်ကြောင့်နဲ့ ကျန်မျိုးနွယ်ဝင်တွေအပေါ် နင် စည်းကမ်းတင်းကြပ်ရမယ်မဆိုလိုဘူး။ ဘာပြောပြော သူတို့က နင့်ရဲ့ဂျူနီယာတွေလေ။ သူတို့က....”
“ငါ့သားကို မသန်မစွမ်းလို့ ထပ်ခေါ်ရဲခေါ်ကြည့်စမ်း” ဖန်ရှုံ့ဖုန်း၏အသံသည် ရုတ်တရက် ရေခဲတမျှ အေးစက်သွားရာ အဘွားအိုကို ကျောချမ်းသွားစေ၏။ ချွေးသီးချွေးပေါက်များ သူမ၏နဖူးထက်မှ စီးကျလာပြီး သူမမှာ ထပ်မပြောရဲတော့ပေ။
ဤအခိုက်အတန့်တွင် အာကာသကို ဖြတ်၍ တဟုန်ထိုး လာနေသော လေသင်္ဘောတစ်စင်းအား မြင်လိုက်ရသည်။ ကုန်းပတ်ပေါ်တွင် လူတစ်ရာကျော်ရှိနေ၏။ ဤသည်မှာ မြောက်ကျူပင်ဂြိုဟ်မှ လီမျိုးနွယ်စုဖြစ်သည်။ အရှေ့ဆုံးတွင် ထိုင်နေသည်ကား နဖူးပြင်ထက်၌ လင်းလက်နေသော မိုးမခသစ်ရွက်အမှတ်နှင့် တမူထူးခြားသည့် အမျိုးသမီးပင်။
“လီလင်းအာ”
“လီမျိုးနွယ်စုရဲ့ ဒီမျိုးဆက်မှာ သူက တာအိုသမီးတော်တဲ့။ သူရဲ့ကျင့်ကြံခြင်းအခြေခံက သာမန်ထက် ထူးခြားပြီး တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ထက်တောင် သာတယ်။ သူ့အနေနဲ့ အချိန်မရွေး အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်နိုင်တယ်”
ထို့နောက် နောက်ထပ်ပုံရိပ်တစ်ခု ကြယ်တာရာကောင်းကင်တွင် ပေါ်လာသည်။ ၎င်းသည် ဓားပျံတစ်လက်အပေါ်၌ ရပ်နေသော လူငယ်တစ်ဦးဖြစ်၏။ သူ ပျံသန်းလာနေစဉ် ဓားအလင်းတန်းများက အရပ်မျက်နှာတစ်ခွင် ဖြာထွက်လျက် ရှိချေသည်။
သူ၏အမူအရာသည် တည်ကြည်လေးနက်နေပြီး သူ၏မျက်နှာသွင်ပြင်ကား ခန့်ညားချောမော၏။ သူ၏နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံးအား မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။ သူ အနားရောက်လာသည့်အခါ ဖန်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုမှ အဖွဲ့ဝင်အတော်များများ လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများ ဝင်းလက်သွားကြသည်။
“အဲ့ဒါက တာအိုဆရာအစည်းအရုံးသုံးခုထဲက တစ်ခုဖြစ်တဲ့ မြင့်မြတ်သောရေစီးဓားဂူရဲ့ ကျောက်ရီဖန်းလေ။ မျိုးဆက်တိုင်း ဂိုဏ်းသားနှစ်ယောက်ကိုပဲ အပြင်လောကကို လွှတ်တယ်”
“လူတွေပြောကြတာတော့ သူက စုန့်မျိုးနွယ်စုက စုန့်လော့တန်နဲ့ တစ်ခါတိုက်ခိုက်ခဲ့ပြီး အနိုင်ယူခဲ့ဖူးတယ်တဲ့လေ”
စကားသံများ ဆူညံနေစဉ် အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်လာသည်။ အတွင်း၌ ပုံရိပ်ဒါဇင်ချီမြင်ရနိုင်သော မီးပင်လယ်တစ်စင်းသည် အဝေးရှိ ကြယ်တာရာကောင်းကင်တွင် ပေါ်လာ၏။ ခေါင်းဆောင်နေရာတွင်ကား အနီရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦး။ သူ၏ပခုံးအပေါ်တွင် မီးကျီးကန်းတစ်ကောင်နားနေပြီး သူ၏အမူအရာမှာ စိတ်တိုနေသောဟန်ရှိသည်။ သူကား ပါရာဂွန်တစ်ဦး၏အငွေ့အသက်ကို ထုတ်လွှတ်နေပြီး သူ ပျံသန်းလာစဉ် သူ၏ပတ်ပတ်လည်ရှိ ဧရိယာသည် ပုံပျက်ရှုံ့တွလာ၏။
“ကျောက်ရီဖန်းးး” သူက အော်သည်။ “ငါတို့ အရင်တစ်ခေါက်က တိုက်ပွဲကို လက်စမသတ်ရသေးဘူး။ ကဲ ပြီးခဲ့တဲ့နေရာက ပြန်စရအောင်” လူငယ်ကား စုန့်မျိုးနွယ်စု၏ စုန့်လော့တန်မှတစ်ပါး အခြားမဟုတ်ပေ။ ကျောက်ရီဖန်းကို ကြည့်နေစဉ် သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ဖန်မျိုးနွယ်စု၏ ဖန်တုံးဟန်က စွမ်းအင်များ ဟုန်းဟုန်းတောက်နေလျက် ရှေ့တက်လိုက်သည်။ လီမျိုးနွယ်စု၏ သမီးတော် လီလင်းအာက တည်ငြိမ်စွာ ကြည့်နေသော်လည်း သူမနဖူးထက်ရှိ မိုးမခသစ်ရွက်သည် ရင်သပ်ရှုမောဖွယ် လရောင်ကို ထုတ်လွှတ်နေ၏။
ဤအခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်၏အပြင်၊ ကြယ်တာကောင်းကင်ထဲ၌ နောက်ထပ်နေရာရွှေ့ပြောင်းခြင်းမုခ်ဝနှစ်ခု ပေါ်လာသဖြင့် ထစ်ချုန်းသံများအား ကြားလိုက်ရသည်။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုစီထဲ၌ လူပေါင်းဒါဇင်ချီ ပေါ်လာ၏။ သူတို့ထဲမှ တစ်ယောက်မှာ မျက်နှာလွှားဇာနှင့်အမျိုးသမီးဖြစ်သည်။ သူမသည် ပိန်သွယ်ကြော့ရှင်းပြီး သူမထွက်လာသည်နှင့်တစ်ပြိုင်နက် ထူးခြားဆန်းကြယ်သောအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။
အတော်များများက ဤမျက်နှာလွှားဇာနှင့်အမျိုးသမီးကို လှမ်းကြည့်လိုက်ကြသည်။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝနောက်တစ်ခုတွင်မူ ဓားသဖွယ် မျက်ခုံးများနှင့် ကြယ်သဖွယ် မျက်လုံးများပိုင်ရှင် လူငယ်တစ်ဦးအား မြင်ရနိုင်သည်။ သူ၏ရုပ်ရည်သည် သာမန်မျှဖြစ်ပြီး သူ၏အမူအရာမှာတော့ အေးစက်နေသည်။ သူက ကျန်ရွေးချယ်ခံများအပေါ်သို့ ဖိအားထုတ်လွှတ်လိုသည့်ပုံပေါ်လေရာ သူတို့အားလုံးအား အေးစက်စက် နှာမှုတ်လိုက်စေသည်။
“မိစ္ဆာအင်မော်တယ်ဂိုဏ်းက မိစ္ဆာဧကရီကျင်ရှန်း”
“အဲ့ဒါ .... ဝမ်မျိုးနွယ်စုက မျိုးနွယ်စုမင်းသား ဝမ်မူပဲ။ ပြောကြတာတော့ သူက ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးဆီက စွမ်းအင်ကို ရရှိထားတဲ့အတွက် ဝမ်မျိုးနွယ်စုရဲ့ ရှေးဟောင်းအင်မော်တယ်ဓားစိတ်ဝိညာဉ်ကို သူ့ဆီမှာ အညံ့ခံစေနိုင်တယ်တဲ့”
ထို့နောက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထစ်ချုန်းသံများ မြည်ဟည်းနေစဉ် အထွတ်အမြတ်မြေငါးခု၊ ဘုရားကျောင်းသုံးကျောင်းနှင့် ဂိုဏ်းခြောက်ဂိုဏ်း၊ နဝမတောင်နှင့်ပင်လယ်ရှိ အဓိကအင်အားစုအကုန်လုံးမှ လူများ တောင်ကောင်းကင်ဂြိုဟ်၏အပြင်ဘက် ကြယ်တာရာကောင်းကင်တွင် ပေါ်လာခဲ့ကြလေပြီ။ လှိုင်းများ အရပ်လေးမျက်နှာတွင် ဖြာဆင်းနေပြီး တစ်ဂြိုဟ်လုံးကို ဖိနှိပ်ပစ်နိုင်ပုံရသော စွမ်းအင်များ ဖွေးဖွေး လှုပ်နေသည်။
မည်သည့်အရပ်မျက်နှာတွင်မဆို အာမေဍိတ်သံများအား ကြားရနိုင်သည်။ ဤအဖွဲ့များမှ တစ်ဦးတစ်ယောက်ချင်းစီသည် နဝမတောင်နှင့်ပင်လယ်တွင် ထင်ရှားကျော်ကြားနှင့်ပြီးဖြစ်သည့်အတွက် သူတို့ ဤနေရာတွင် ပေါ်ပေါက်လာမှုကား ရင်သပ်ရှုမောဖွယ်ရာပင်။
ဤအခိုက်တွင် ရုတ်တရက် ပန်းချီကားလိပ်တစ်လိပ်က ကြယ်တာရာကောင်းကင်ကို ဖြတ်၍ စုဝေးနေသော ကျင့်ကြံသူများဆီသို့ ရွေ့လျားလာသည်။ ၎င်းသည် မီတာသုံးသောင်းတိတိ ရှည်လျားပြီး ဧရာမတောင်ကြီးတစ်လုံးအား ဖော်ဆောင်ထားရာ အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းနေ၏။
တောင်ပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များ တင်ပျဉ်ခွေထိုင်နေသည်။ ထိုပုံရိပ်များထဲမှ တစ်ခုသည် လည်ပတ်နေသော ကံကြွေးမျှင်များဖြင့် ဝန်းရံခံထားရ၏။ သူ၏မျက်လုံးများ ပွင့်လာသောအခါ သူ ကြည့်လိုက်သော အရာအားလုံးမှာ ချက်ချင်း စိတ်ချောက်ချားသွားရလေသည်။
“ကျီမျိုးနွယ်စု”
“ကျီမျိုးနွယ်စု ရောက်လာပြီ။ အဲ့ဒါက ... ကျီယင်ပဲ”
“ကျီမျိုးနွယ်စုသုံးယောက် ကျီသားတော်နေရာအတွက် တိုက်ခိုက်ခဲ့တုန်းက ကျီယင်က ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ရွေးချယ်ခံလို့ သတ်မှတ်လို့ရသေးတဲ့အပြင် သူနဲ့ယှဉ်နိုင်တဲ့သူ ဒီမျိုးဆက်မှာ ရှားတယ်”
လူတိုင်းသည် ကျီမျိုးနွယ်စု၏ ရောက်ရှိလာမှုကြောင့် တုန်လှုပ်သွားကြ၏။ သို့သော် ရွေးချယ်ခံအသီးသီး၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်ပနေသည်ကို ထင်ထင်ရှားရှား မြင်ရနိုင်သည်။
ပန်းချီကားလိပ်သည် ကျန်ကျင့်ကြံသူများကို အဖက်မလုပ်ဘဲ ကျော်ဖြတ်ကာ တောင်ကောင်းကင်သို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ၎င်း ဂြိုဟ်အနား မရောက်ခင် ဓားချီက ၎င်းဆီ ပျံသန်းလာသည်။ သို့သော် အဘိုးကြီးတစ်ယောက်က ပန်းချီကားထဲမှ ထွက်လာ၏။ သူက ဓားချီကို ခုခံရန် လက်ကို ဝှေ့ယမ်းလိုက်သော်လည်း သွေးအလုပ်ကြီးတစ်လုပ်အန်ပြီး မီတာသုံးထောင်အထိ ဆုတ်သွားရသည်။ သူက ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်သည်။
“ဖန်ရှုံ့ဖုန်း ဒါ ဘာအဓိပ္ပာယ်လဲ”
မန်ဟို့အဖေ၏အသံအား တောင်ကောင်းကင်ဂြိုဟ်မှ ကြားရနိုင်သည်။ “နှစ်ခုကို ကန့်သတ်ထားတယ်။ စိတ်ဝိညာဉ်နယ်ပယ်အထက်လူတွေ ဝင်လာခြင်းနဲ့ အချိန်မတိုင်ခင် ကြိုဝင်ခြင်းပဲ။ စည်းကမ်းဖောက်တဲ့သူတိုင်း ခေါင်းဖြတ်ခံရမယ်”
အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ “မင်း....”
ကျန်အင်အားစုများမှ ကျင့်ကြံသူများလည်း မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားကြပြီး တောင်ကောင်းကင်ဂြိုဟ်ကို ငုံ့ကြည့်လိုက်ကြသည်။
“ဖန်ရှုံ့ဖုန်း .... ဖန်မျိုးနွယ်စုမှ ထိပ်ဆုံးရွေးချယ်ခံဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြတယ်။ သူက ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေကိုတောင် ဖိန့်ဖိန့်တုန်စေနိုင်လောက်အောင် အစွမ်းထက်တဲ့ပညာရှင်တစ်ဦး”
“သူရဲ့ မသန်စွမ်းတဲ့သားအတွက်နဲ့ တောင်ကောင်းကင်ကို နှစ်တစ်သိန်းစောင့်ရှောက်ပြီး ... ထွက်မသွားဖို့ သဘောတူခဲ့တာ ဆိုးလွန်းတယ်”
“သူ့အကြောင်း ငါလည်း ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်တုန်းက သူ့ရဲ့မသန်စွမ်းတဲ့သား သေသွားတယ်တဲ့လေ။ အဲ့ဒါကြောင့် ဒီရွေးချယ်ခံတွေကို သူ သိပ်သဘောမကျတာ”
“ဟမ့်၊ သူ့မသန်စွမ်းတဲ့သား မသေရင်တောင်မှ ဘယ်ဂိုဏ်းရဲ့ရွေးချယ်ခံနဲ့မှ ယှဉ်နိုင်မှာမဟုတ်ဘူး။ ဖန်ရှုံ့ဖုန်းက ယီးမလို့ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတွေကို ဝင်ခွင့်မပေးတာလား”
ဤသို့ အခြေအနေ တင်းမာနေစဉ် ပင်လယ်နဂါးတစ်ကောင်သည် အာကာသထဲတွင် ပျံသန်းလျက် ပေါ်လာ၏။ ၎င်းက ဟိန်းလိုက်ရာ ကြယ်ပွင့်လေးများအား ပင်လယ်တစ်စင်းဖြစ်သွားစေသယောင်ပင်။ လူတိုင်းမှာ ပင်လယ်နဂါး၏အပေါ်တွင် ရှည်လျားသောဆံနွယ်လေးများ ကျောနောက်တွင် လွင့်မျောနေလျက် တင်ပျဉ်ခွေထိုင်နေသော အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
“နဝမပင်လယ် နတ်လောက,က ဖန်းတုံးအာ”
“နတ်ဘုရားမလေး ဖန်းတုံးအာ”
“သူ ရောက်လာတာ ယုံတောင် မယုံနိုင်ဘူး” လူတိုင်းသည် အထူးသဖြင့် သူမ၊ ဖန်ရှန်ရှန်းနှင့် လီလင်းအာတို့ကို လှမ်းကြည့်နေကြ၏။
ဖန်တုံးဟန်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျောက်ရီဖန်း၏မျက်နှာ ဝင်းပသွားသည်။ ဝမ်မျိုးနွယ်စုမှ ဝမ်မူ၏မျက်လုံးများလည်း တလက်လက် တောက်ပလာသည်။
ဤအခိုက်အတန့်တွင် နဝမတောင်နှင့်ပင်လယ်မှ လာနိုင်သမျှ ရွေးချယ်အကုန်လုံး ရောက်နေကြလေပြီ။
မန်ဟို့အဖေ၏အသံက တောင်ကောင်းကင်ဂြိုဟ်မှ ထပ်မံပျံ့လွင့်လာသည်။ “အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း ပွင့်သွားခဲ့ပြီ။ မင်းတို့အကုန်လုံး ဝင်လို့ရတယ်”
တစ်ယောက်က ကောက်ကာငင်ကာ ထပြောသည်။ “ကျုပ်တို့ အင်မော်တယ်နယ်ပယ်ကလူတွေ ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ပြီး စိတ်ဝိညာဉ်နယ်ပယ်အထိ လျှော့ချလိုက်ရင် ဝင်ခွင့်ရှိမလား”
မန်ဟို့အဖေသည် တခဏ တိတ်ဆိတ်သွားပြီး စဉ်းစားနေပုံရ၏။ ထို့နောက် သူက ပြောသည်။ “ကိုယ့်ကိုယ်ကို ချိတ်ပိတ်ထားမယ်ဆိုရင် ရတယ် ဝင်လို့။ ဒါပေမဲ့ စိတ်ဝိညာဉ်နယ်ပယ်ကို ကျော်လိုက်တာနဲ့ ခန္ဓာရော ၊ ဝိညာဉ်ပါ ဖျက်စီးခံရမယ်”
“သိပ်ကောင်းတယ်” အဖွဲ့များမှာ ဘဝင်မကျသော်လည်း ဤနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော တောင်ကောင်းကင်ဂြိုဟ်ဖြစ်ပြီး အကျဉ်းဦးစီးဖြစ်သည့် ဖန်ရှုံ့ဖုန်းကို စိတ်တိုအောင် မလုပ်ဝံ့ကြပေ။ ထိုမျှသာမက တောင်ကောင်းကင်သို့ မလာခင် သူတို့၏အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများက သတိထားလုပ်ဆောင်ရန် မှာကြားခဲ့၏။
လူပေါင်းတစ်ထောင်ကျော် တောင်ကောင်းကင်ဂြိုဟ်သို့ ပျံသန်းသွားကြသည်။ အင်မော်တယ်နယ်ပယ်ရှိလူများမှာ ကျင့်ကြံခြင်းအခြေခံများကို ချိတ်ပိတ်ထားကြသောကြောင့် စိတ်ဝိညာဉ်နယ်ပယ်အထွတ်အထိပ်အဆင့်တွင် ဖြစ်လေသည်။ သူတို့အား တောင်ကောင်းကင်ဂြိုဟ်သို့ ဦးတည်သွားနေသော အလင်းတန်းအစုအဝေးကြီးဖြစ်လာ၏။
ထိုနေ့တွင် တောင်ကောင်းကင်၏နယ်မြေများရှိ ကျင့်ကြံသူများသည် ကောင်းကင်ကို ဖြတ်သွားနေသော ကြယ်တံခွန်တစ်ထောင်ကျော်ကို မော့ကြည့်နေကြသည်။ ၎င်းတို့က တောင်ကောင်းကင်ကျင့်ကြံသူအကုန်လုံး၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသော ကြောက်မက်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်ရင်း ဥက္ကာခဲကြီးများသဖွယ် ထိုးဆင်းလာကြသည်။
ဂိုဏ်းများစွာသည် သူတို့၏ဂိုဏ်သားများကို အထဲတွင်သာ နေစေပြီး အပြင်မထွက်အောင် ချက်ချင်း အမိန့်ထုတ်လိုက်ကြ၏။
ဂိုဏ်းချုပ်တစ်ချို့ပင်လျှင် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာကြသည်။ သူတို့ဂိုဏ်းရှိ ရတနာတချို့သည် ချဉ်းကပ်လာနေသော သူစိမ်းတချို့ကြောင့် အသံများမြည်ရင်း တလက်လက် တောက်ပနေကြလေသည်။
တောင်ကောင်းကင်၏နယ်မြေများမှာ တုန်လှုပ်နေကြသော်လည်း ဤလူသစ်များက ဂြိုဟ်ကို မနှောင့်ယှက်ပေ။ ဤနေရာသို့ မလာခင် သူတို့သည် တောင်ကောင်းကင်ဂြိုဟ်၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် မလိုအပ်လျှင် မနှောင့်ယှက်မိအောင် တင်းတင်းကြပ်ကြပ် ဆုံးမခံထားရ၏။
ထို့ကြောင့် အလင်းတန်းတစ်ထောင်ကျော်သည် မည်သည့်ဂိုဏ်း၏အနားကိုမှ မသွားဘဲ လေကို ခွင်းလျက် ပျံသန်းနေကြသည်။ မျိုးနွယ်စုခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းချုပ်များ၏ နိမိတ်များကို အားကိုးရင်း သူတို့က အရှေ့ဘက်နယ်မြေသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြလေသည်။
သူတို့သည် အရှေ့ဘက်နယ်မြေ တောင်တန်းများ၏ အနက်ပိုင်းထဲရှိ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတည်ရှိရာ တောင်တန်းသို့ ဝင်ရောက်သွားကြ၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့်မြေကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မည့်အလား တုန်ခါလှုပ်ရမ်းသွားကြသည်။ အံ့မခန်းလိလိမြင်ကွင်းကြီးအား မရေတွက်နိုင်သော ကျင့်ကြံသူများ သတိထားမိသွားကြလေသည်။
အရှေ့ဘက်နယ်မြေတွင် အဖိုးထိုက်ရတနာတစ်ခုခု ပေါ်လာခဲ့ခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြသော ဂိုဏ်းကြီးတချို့ရှိသည်။ ထိုကဲ့သို့အရာမျိုးကသာလျှင် ဤသို့အင်အားများ ပေါ်လာစေလိမ့်မည်။
သို့သော် မည်သူမှ ထွက်မလာကြပေ။ သူတို့သည် ဂိုဏ်းထဲမှ ကြည့်နေစဉ် အများစုမှာ တာအိုရှာဖွေခြင်းအဆင့်သာ ရှိသော လှိုင်းများ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်များကို မြင်လိုက်ကြရသည်။ သို့သော် ... တချို့ကား အင်မော်တယ်ဖြစ်ဖို့ လွန်စွာ နီးကပ်နေပြီး အငယ်ပိုင်းအဖွဲ့ဝင်များကို ကာကွယ်ပေးနေကြကြောင်း သိသာ၏။
လူငယ်များမှာမူ နတ်ဘုရားများအလားပင်။ မကြာမီ သူတို့သည် လူတိုင်းအတွက် ထိတ်လန့်အံ့ဩဖွယ်ကောင်းသော ကြောက်ခမန်းစွမ်းအားတို့ဖြင့် အလေးစားခံအင်မော်တယ်များ ဖြစ်လာကြလိမ့်မည်။ ထို့ကြောင့် အရှေ့ဘက်နယ်မြေရှိ ဂိုဏ်းအားလုံးမှာ တုန်လှုပ်ချောက်ချားနေကြချေပြီ။
“အဲ့ဒါ သေချာပေါက် တောင်ကောင်းကင်ရဲ့အပြင်က ရွေးချယ်ခံတွေပဲ။ ကျီမျိုးနွယ်စုတောင် ပေါ်မလာဘူး ... စောင့်ပဲ စောင့်ကြည့်နေတယ်”
“ဘယ်လိုရတနာမျိုးက ဒီလောက်ကြောက်စရာကောင်းတဲ့ ရွေးချယ်ခံတွေကို ဆွဲဆောင်ခဲ့တာပါလိမ့်။ ကြည့်ဦး ... ငယ်ငယ်လေးတွေ။ အရွယ်နုပျိုကျင့်စဉ်ကျင့်လို့မဟုတ်ဘဲ ကျင့်ကြံအားထုတ်ခဲ့တာ မကြာသေးတဲ့ပုံပဲ။ ဒါတောင် သူတို့ရဲ့ကျင့်ကြံခြင်းအခြေခံတွေက လက်ဖျားခါလောက်တယ် ....”
***