← Chapters

ထီးနန်းလုခြင်း

Vol. 62 Ch. 867

ထီးနန်းလုခြင်း

Vol. 62 Ch. 867

သွမ့်မုလင်းတို့အဖွဲ့ ထွက်သွားသည့်အချိန်တွင် ထန်ရှုသည် မုဝမ်ရင်အား ခန်းမ၏အနားယူရာ ထောင့်တစ်နေရာသို့ ခေါ်သွား၏။ သူက ဆိုဖာတစ်လုံးပေါ်တွင် ထိုင်ကာ ကောင်းကောင်းမွန်မွန် ၀တ်စားထားကြသည့် အမျိုးသား၊ အမျိုးသမီး ၃ ယောက်မှ ၅ ယောက်အထိ ရှိသည့် အဖွဲ့တစ်ဖွဲ့ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။ “မင်းသိလား ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ ဒီလိုပွဲမျိုးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ ဘာတန်ဖိုးမှမရှိတဲ့စကားတွေကို ဟန်‌လုပ်ပြောပြီး အချိန်ဖြုန်းနေကြသလိုပဲ”

“ဪ လူတွေက အစုအဖွဲ့နဲ့ နေတတ်ကြတာပဲမလား။ ရောမရောက်ရင်တော့ ရောမလို ကျင့်ရမှာပေါ့” မု၀မ်ရင်က တခစ်ခစ် ရယ်သည်။ “ဒီလိုရန်ပုံငွေအခမ်းအနားမျိုးမှာ လူတွေက ထုံးစံအတိုင်း သူတော်ကောင်းယောင်ဆောင်ထားကြတာပဲ။ ဘာအကျိုးမှ ပြုချင်လို့မဟုတ်ဘူး။ တရုတ်လူမျိုးတွေက အဆက်အသွယ်တွေ၊ ရင်းနှီးမှုတွေကို အလေးပေးတယ်လေ။ အဲ့ဒီတော့ ဒီလိုနေရာမျိုးက မိတ်ဆွေဖွဲ့လို့အကောင်းဆုံးပဲ။ ဟိုမှာ ပျော်ရွှင်အူမြူးနေတဲ့ ငါတို့အရွယ် ကောင်လေး၊ ကောင်မလေးတွေကို တွေ့လား။ သူတို့ ဒုတိယမျိုးဆက် ဒါမှမဟုတ် တတိယမျိုးဆက် သူဌေးသား၊သူဌေးသမီးတွေပေါ့။ သူတို့ရဲ့အဖေ၊ အမေတွေက တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့လို့ရအောင် ခေါ်လာကြတာပဲ။ ဒါဆို နောင်ကျရင် သူတို့ရဲ့ကိုယ်ပိုင်အဆက်အသွယ်တွေ ဖြစ်လာမယ်လေ။ ပြောရရင် ဂျူနီယာတွေကို ကျင့်ကြံဖို့ သင်ပေးသလိုပေါ့”

“‌မင်းပြောတော့လည်း အဓိပ္ပာယ်ရှိသားပဲ” ထန်ရှုက ခေါင်းညိတ်၏။

“နင်သိလား။ ငါလည်း ဒီလိုပွဲမျိုးကို မကြိုက်ဘူး” မုဝမ်ရင်က ခပ်ဟဟ ရယ်သည်။ “ဒါပေမဲ့ ကျန့်လုပ်ငန်းစုက ငါ့ရဲ့ဖောက်သည်လေ။ ကျန့်ချင်းဖန်ကိုယ်တိုင်လည်း ဖိတ်ထားလို့ လာတက်ရုံပဲ”

“အမ်” ထန်ရှုမှာ အံ့အားသင့်သွား၏။ “မင်းရဲ့ကြော်ငြာလုပ်ငန်းက ကျန့်လုပ်ငန်းစုနဲ့ အလုပ်လုပ်နေတာလား”

“အဲ့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ နင်ပဲမိတ်ဆက်ပေးခဲ့တာလေ” မု၀မ်ရင်က ထန်ရှုကို လေးနက်စွာ စိုက်ကြည့်၏။ “အဲ့ဒီနောက်ပိုင်း ငါ့ကုမ္ပဏီက ရှန်ဟိုင်းမှာ လူသိများလာတာပဲ။ အများစုကတော့ နင်မိတ်ဆက်ပေးခဲ့တဲ့လူတွေပေါ့။ နောက်ပိုင်း သူတို့က တခြားလူတွေနဲ့ မိတ်ဆက်ပေးတယ်လေ။ ကျန့်ချင်းဖန်ကတော့ သူကိုယ်တိုင် ဆက်သွယ်လာတာ။ နောက်ပိုင်းမှ ရှင်းရန်လုပ်ငန်းစုရဲ့သူဌေး ကျန်းယွဲ့မင် ‌ညွှန်းပေးလိုက်မှန်းသိရတာ။ အခု ကျန့်လုပ်ငန်းစုက ငါ့ကုမ္ပဏီရဲ့ဖောက်သည်ကြီးဖြစ်နေပြီ”

“ဒါဆို ငါ အစွမ်းပြရတော့မယ့်ပုံပဲ” ထန်ရှုက ထိုအကြောင်းကို သိသည်နှင့် ပြုံးလိုက်၏။

“ဟမ် ဘာလုပ်မလို့လဲ” မု၀မ်ရင်မှာ အံ့အားသင့်သွားသည်။

“မင်းကငါ့‌မိန်းကလေးလေ။ ဆိုတော့ ငါ ကျန့်ချင်းဖန်ဆီမှာ မျက်နှာပန်းလှအောင် လုပ်ရမှာပေါ့” ထန်ရှုက ခပ်ဖွဖွပြုံး၍ ဖြေ၏။ “ငါ‌မပြောချင်ပေမယ့် ဒီမှာ နာမည်ကြီးတွေ ရှိတယ်နော်”

မု၀မ်ရင် လှည့်ကြည့်လိုက်ရာ ဖျော်ဖြေရေးလောက၌ နာမည်ကြီး ပထမတန်းနှင့် ဒုတိယတန်းအနုပညာရှင်များကို တွေ့လိုက်ရသည်။ သူတို့က အနောက်တိုင်း၀တ်စုံများ၊ ပွဲတက်ဂါ၀န်များ ၀တ်ဆင်ထားကာ ဘေး၌ အမျိုးသမီး၊ အမျိုးသားတစ်ယောက် ပါတတ်၏။ သူတို့အားလုံးသည် ရယ်ပြုံးလျက် တော်ရုံအခြေအနေတွင် တွေ့ရန်ခက်ခဲသော ပုဂ္ဂိုလ်များနှင့် စကားပြောနေကြချေသည်။

အချိန်များကုန်လွန်သွားပြီး ည ၈ နာရီသို့ ရောက်သွားသည်။ ရန်ပုံငွေအခမ်းအနားစတင်ပြီဖြစ်ပြီး လူအားလုံးက ခန်းမ၏ဘေးတစ်ဖက်ရှိ စားပွဲဝိုင်းများတွင် အသီးသီးနေရာယူလိုက်ကြသည်။ ထန်ရှု၊မု၀မ်ရင်တို့နှင့်အတူ တစ်ဝိုင်းတည်းထိုင်နေသော လူအတော်များများမှာ သူတို့နှစ်ယောက်ကို မမှတ်မိကြချေ။ သို့သော် အင်မတန် ချောမောကြည့်ကောင်းသော အတွဲဖြစ်သဖြင့် သက်လတ်ပိုင်းအမျိုးသား၊ အမျိုးသမီးအတော်များများက လှမ်းကြည့်တတ်ကြလေသည်။

“ခင်ဗျား...ခင်ဗျားက သူဌေးထန်လား” ထန်ရှုရှေ့၌ ထိုင်နေသော သက်လတ်ပိုင်းလူက ရုတ်တရက် ထပြော၏။

“ဟုတ်ပါတယ်” ထန်ရှုက ပြုံး၍ ဖြေသည်။

သက်လတ်ပိုင်းလူမှာ သိသိသာသာ အံ့ဩသွားပုံပင်။ သူက ကပြာကယာ ထရပ်၍ သူ၏ကုမ္ပဏီကတ်အား ထန်ရှုကို ပေး၏။ “တွေ့ရတာ၀မ်းသာပါတယ် မစ္စတာထန်။ ကျုပ်က တျီယန်အိမ်သုံးပစ္စည်းကုမ္ပဏီပိုင်ရှင် ၀မ်မင်ဝေ့ပါ။ ကျုပ်ကို သေချာဂရုစိုက်ပေးပါဦး”

“အာ ကျုပ်မှာ ကတ်မပါလာဘူးဗျာ။ အားနာစရာပဲ” ထန်ရှုက ပြုံး၍ ပြော၏။

၀မ်မင်ဝေ့မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားပြီး သူကစိတ်ထဲတွင် ကသိကအောက်ဖြစ်သွား၏။ သို့သော် သူ၏အမူအရာက ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။ “ရပါတယ်ဗျာ”

ထို့နောက် ထန်ရှုက ဖုန်းကိုထုတ်၍ ‌၀မ်‌မ‌င်ဝေ့၏ကုမ္ပဏီကတ်ပေါ်မှ ဖုန်းနံပါတ်အား ရိုက်ထည့်လိုက်သည်။ ၀မ်မင်ဝေ့၏မျက်နှာမှာ ထိုင်းမှိုင်းသွားပြီး သူက ထန်ရှုအား နားမလည်နိုင်စွာ ကြည့်လိုက်၏။

“အမှန်အတိုင်းပြောရင် ကျုပ်က ကုမ္ပဏီကတ်ကို ဆောင်ထားလေ့မရှိဘူးဗျ။ ဒါက ကျုပ်ရဲ့ဖုန်းနံပါတ်ပါ” ထန်ရှုက ပြုံး၍ ပြောသည်။ “သူဌေး၀မ်သာ ကျွန်တော့်ကို မငြီးငွေ့သွားသရွေ့ တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်”

၀မ်မင်ဝေ့မှာ ထန်ရှုအပေါ် အထင်မှားမိကြောင်း သဘောပေါက်သွားပြီး သူက စိတ်ရင်းဖြင့် ပြုံးလိုက်သည်။ “ဒါပေါ့ဗျာ။ ကျုပ် နောက်အနှောင့်အယှက်လာပေးရင် ဗွေမယူပါနဲ့နော်”

“မယူပါဘူးဗျ” ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မု၀မ်ရင်ဘက်လှည့်ကာ ပြုံး၍ ပြော၏။ “၀မ်ရင် သူဌေး၀မ်ကို ငါ့ရဲ့မိန်းကလေးအနေနဲ့ နှုတ်ဆက်လိုက်လေ”

မု၀မ်ရင်မှာ လန့်သွားသော်လည်း ထန်ရှု၏ရည်ရွယ်ချက်အား သဘောပေါက်လိုက်၏။ သူမက ကုမ္ပဏီကတ်အားထုတ်၍ ၀မ်မင်ဝေ့ထံပေးကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ “တွေ့ရတာ၀မ်းသာပါတယ် သူဌေး၀မ်။ ကျွန်မက မု၀မ်ရင်ပါ”

၀မ်မင်ဝေ့မှာ ကတ်ကို ဖတ်ပြီးနောက် အတော်လေးအံ့အားသင့်သွားပုံရသည်။ ထို့နောက် သူက လေးနက်သောအမူအရာဖြင့် ပြော၏။ “မစ္စဝူက တကယ်ကို သမီးရတနာလေးပဲ။ ငယ်ငယ်လေးနဲ့ ဒီလိုကြော်ငြာကုမ္ပဏီကြီးကို ထူထောင်ထားနိုင်တယ်။ ကျုပ် ပြန်ရောက်တာနဲ့ ကျုပ်ကုမ္ပဏီရဲ့ မားကတ်တင်းဒါရိုက်တာကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်။ ကျုပ်တို့ရဲ့ ကြော်ငြာကိစ္စတွေကို သေချာတာ၀န်ယူပေးပါဦး”

“ဟုတ်ကဲ့ပါရှင်” မုဝမ်ရင် ပြုံးလျက် ဖြေ၏။

ဤအချိန်တွင် စားပွဲဝိုင်းရှိ အခြားလူများမှာ ၀မ်‌မင်ဝေ့၏အပြုအမူနှင့်စကားများ‌ကြောင့် အံ့အားသင့်နေပုံရသည်။ သူတို့သည် ထိုလူနှင့်ရင်းနှီးပြီး သူ့အကျင့်စရိုက်ကို ကောင်းကောင်းသိကြ၏။ သို့သော် ၀မ်မင်ဝေ့စကားလုံးများ၏အဓိပ္ပာယ်ကား ရှင်းလင်းလွန်းပေသည်။ သူ့ကုမ္ပဏီတစ်ခုလုံး၏ကြော်ငြာလုပ်ငန်းများအား ဤမိန်းမလှလေးလက်ထဲသို့ အပ်လိုက်ရန် လိုအပ်သည်လော...

“အစ်ကိုဝမ် ဒီသူဌေးထန်ဆိုတာ ဘယ်သူလဲဗျ” ၀မ်မင်ဝေ့ဘေး၌ ထိုင်နေသော သက်လတ်ပိုင်းလူမှာ မစပ်စုဘဲ မနေနိုင်တော့ချေ။

၀မ်မင်ဝေ့က ပြုံး၍ ဖြေ၏။ “ညီလေးကျု။ မင်း ခမ်းနားသောထန်လုပ်ငန်းစုရဲ့ပိုင်ရှင် ထန်ရှုကိုတောင် မသိဘူးလား။ သူက ဘုရားသခင်ကောင်းချီးပေးထားတဲ့လူ။ စီးပွားရေးလောကရဲ့ အထင်ကရပုဂ္ဂိုလ်ပဲ”

ခမ်းနားသောထန်လုပ်ငန်းစုရဲ့ပိုင်ရှင် ထန်ရှုလား

ထိုအခိုက်အတန့်၌ စားပွဲဝိုင်းရှိလူတိုင်း၏မျက်နှာထက်တွင် အံ့ဩမှုက နေရာယူသွား၏။ သူတို့စီးပွားရေးလုပ်ငန်းများမှာ မကြီး‌မားချေ။ သူတို့ထဲ၌ အအောင်မြင်ဆုံးဖြစ်သော ၀မ်မင်ဝေ့၏ကြွယ်၀မှုမှာ ယွမ်ဘီလီယံအချို့ ရှိ၏။ သူတို့ကဲ့သို့ မီလီယံမျှသာ ပိုင်ဆိုင်မှုရှိသူများသည် ဤကဲ့သို့ ပွဲမျိုးသို့ တော်ရုံတန်ရုံ ဖိတ်ကြားခံရလေ့မရှိချေ။ ထို့ကြောင့် ထန်ရှုအကြောင်း ကြားဖူးနား၀ရှိသော်လည်း မမြင်ဖူးကြ‌ခြင်းဖြစ်၏။

ကျုမျိုးရိုးအမည်ရှိ သက်လတ်ပိုင်းလူက ချက်ချင်းထရပ်ကာ ကုမ္ပဏီကတ်ကို ထုတ်လိုက်ပြီး ပြုံးရယ်ကာ ပြော၏။ “သူဌေးထန် ကျုပ် မမှတ်မိလိုက်တာ တောင်းပန်ပါတယ်။ ကျုပ်က ရွှေတံတားကုမ္ပဏီပိုင်ရှင် ကျုထောင်ပါ”

“သူဌေးထန် ကျွန်မက.....”

“သူဌေးထန်...”

မိနစ်အနည်းငယ်အတွင်း မု၀မ်ရင်မှာ ကုမ္ပဏီကတ်လေးကတ်အထိ ရရှိလိုက်၏။ ထိုလေးယောက်လုံးမှာ ထန်ရှုကို မျက်နှာလိုမျက်နှာရလုပ်လိုသောကြောင့် သူမကုမ္ပဏီနှင့် အလုပ်တွဲလုပ်ကြခြင်းသာဖြစ်ကြောင်း သိသဖြင့် သူမမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေတော့သည်။

ဤအခြေအနေကို မည်သို့ခေါ်ရမည်လဲ မသိတော့ချေ။ သူတို့သည် ဤရန်ပုံငွေအခမ်းအနားကို တက်ရုံသာတက်၍ ပြန်သွားနိုင်သော်လည်း အံ့ဩဖွယ်ကောင်းစွာနှင့် သူမ၏လုပ်ငန်းကိုပါ တိုးချဲ့နိုင်ခဲ့သည်။

မု၀မ်ရင်သည် ထန်ရှု၏လုပ်နိုင်စွမ်းကို သိရှိပြီးဖြစ်သော်လည်း ယခုတွင် လုံးလုံးလျားလျား အံ့ဩမှင်သက်နေမိလေသည်။

ထိုအချိန်တွင် ကျန့်ချင်းဖန်သည် မိုက်တစ်ခု ကိုင်လျက် ဤအခမ်းအနားအတွက် သီးသန့်‌ဆောက်လုပ်ထားသော ခန်းမထဲရှိ စင်မြင့်ပေါ်သို့ တက်သွားသည်။ သူက ပြုံးလျက် ပြော၏။ “ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးတို့။ အလုပ်မအားလပ်တဲ့ကြားကနေ ဒီနေ့ညပွဲလေးကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

စင်‌အောက်၌ ထိုင်နေသော ထန်ရှုသည် ကျန့်ချင်းဖန်အား တိတ်တဆိတ် အကဲခတ်နေ၏။ သူသည် အသက်မကြီးသေးပေ။ အသက် လေးဆယ်၀န်းကျင်မျှသာ ရှိလိမ့်မည်။ သို့သော် သူ၏ပုံစံကား တက်ကြွဖြတ်လတ်နေပြီး အတော်လေးချောကာ စတိုင်ကျကျ ၀တ်စားတတ်ပေသည်။ သူ၏ပြုံးနေသော မျက်နှာက သိမ်မွေ့နေပြီး သူ၏စကားလုံးများနှင့်အပြုအမူများက အခြားသူအများစုထက် ညင်သာကာ စိတ်ရင်းပါကြောင်း သိနိုင်၏။

သူ၏မိန့်ခွန်းပြီးနောက် လေလံတင်ပွဲ စတင်တော့သည်။

ပထမ‌ဆုံးပစ္စည်းငါးခုမှာ လူသိများသည့် သာမန်ပစ္စည်းများ ဖြစ်ချေသည်။ ကျန့်ချင်းဖန်ကို မျက်နှာလိုမျက်နှာရ လုပ်လိုစိတ်ဖြင့် အလုအယက် လေလံတင်သူများရှိ၏။ ဈေးအများဆုံးပစ္စည်းကား ယွမ်သောင်းပေါင်းများစွာဖြင့် ရောင်းထွက်သွားသော ‌ယက်တောင်တစ်လက်ပင်။

“နောက်လေလံပစ္စည်းကတော့ အချိန်အတော်ကြာနေပြီဖြစ်တဲ့ ကျောက်စိမ်းလက်ကောက်တစ်စုပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအချိန်တုန်းက ရှန်ဟိုင်းကမ်းခြေမှာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ၀တ်ခဲ့ဖူးပါတယ်။ လေလံကို ယွမ် ၁၀၀၀၀၀ နဲ့ဖွင့်ထားပါတယ်။ လေလံစတင်ပါပြီ”

ပရိုဂျက်တာစခရင်ပေါ်တွင် ပေါ်လာသော အစိမ်းရင့်ရောင်ကျောက်စိမ်းလက်ကောက်တစ်စုံက အခန်းတွင်းရှိ အမျိုးသမီးဧည့်သည်များ၏အာရုံကို ဖမ်းစားသွား၏။

သူ၏စူးရှသောမျက်လုံးများကြောင့် ‌ဤလက်ကောက်များသည် အရည်အသွေးကောင်းသော်လည်း အကောင်းဆုံးတော့ မဟုတ်ကြောင်း ထန်ရှု သိလိုက်၏။ သို့သော် ကျန့်ချင်းဖန်ရှေ့၌ မျက်နှာပန်းလှရန် မု၀မ်ရင်အား လက်ဆောင်အဖြစ်ပေးရန် ဆုံး‌ဖြတ်လိုက်သည်။

“၁၅၀၀၀၀”

“၁၆၀၀၀၀”

“......”

“၂၄၀၀၀၀”

ဈေးနှုန်းမှာ ယွမ် ၂၄၀၀၀၀ အထိ ခုန်တက်သွား၏။

ထန်ရှုက တိတ်တဆိတ် ပြုံးနေသော မု၀မ်ရင်ကို ကြည့်ပြီးနောက် လက်မြှောက်၍ အော်လိုက်သည်။ “၃၀၀၀၀၀”

ရုတ်တရက် အခန်းတွင်းရှိ မျက်လုံးတစ်စုံ၏အကြည့်က ထန်ရှုအပေါ် ကျရောက်လာ၏။ ထို့နောက် ထန်ရှုကိုသိသည့် အခြားဒါဇင်ကျော်ကလည်း အံ့အားသင့်စွာ လှည့်ကြည့်လာကြသည်။ ၎င်းတို့အထဲ၌ ထန်ရှုနှင့်ရင်းနှီးသော ရှင်းရန်လုပ်ငန်းစုပိုင်ရှင် ကျန်းယွဲ့မင်ပင် ပါ၀င်လေသည်။

“၄၀၀၀၀၀”

လူအားလုံး ထန်ရှုကို ကြည့်နေသည့်အချိန်တွင်း အဝေးရှိ စားပွဲဝိုင်းတစ်ခု၌ ခြေချိတ်လျက် ထိုင်နေသော ခပ်ချောချောလူငယ်တစ်ဦးက အော်လိုက်၏။

ထန်ရှုက သူ့ကိုလှမ်းကြည့်၍ ရုတ်တရက် ပြုံးကာ ထပ်မံအော်လိုက်သည်။ “တစ်သန်း။ ကျုပ်ရဲ့မိန်းကလေးက အဲ့လက်ကောက်တွေကို သဘောကျမယ်ထင်တယ်”

လူငယ်၏မျက်နှာအမူအရာမှာ အကျည်းတန်သွားပြီး သူက ထန်ရှုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်၏။ “နှစ်သန်း။ ကျုပ်ရဲ့မိန်းကလေးကလည်း သဘောကျနေတာ”

ထိုအခိုက်အတန့်တွင် ခန်းမထဲရှိ ကျန်းယွဲ့မင်နှင့် ဂူချန်းမင်နှစ်ယောက်လုံး ထရပ်လိုက်၏။ လူအားလုံးစိုက်ကြည့်နေသည့်အချိန်တွင် ကျန်းယွဲ့မင်က လူငယ်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောသည်။ “ညီလေးထန်ရဲ့မိန်းကလေးက လက်ကောက်တွေကို သဘောကျတယ်ဆိုတော့ ကျုပ် ၁၀ သန်းခေါ်တယ်။ ဒါပေမဲ့ လေလံပွဲပြီးရင် ကျုပ် ညီလေးထန်ကို လက်ဆောင်ပြန်ပေးမယ်”

ဂူချန်းမင်က ထပ်ပြော၏။ “မစ္စတာ ခင်ဗျား ဈေးကို ထပ်တိုးချင်ရင် ကျုပ် ခင်‌ဗျားခေါ်မယ့် ဈေးနှစ်ဆ ခေါ်တယ်”

လူငယ်မှာ ကျန်းယွဲ့မင်နှင့်ဂူချန်းမင်တို့ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းကောင်းသိ၏။ သူ၏မျက်နှာအမူအရာမှာ မကျေမချမ်းဖြစ်သွားသော်လည်း နှုတ်ဆိတ်သွားတော့သည်။

ထန်ရှုက အခြားသူများအားလုံး ကြည့်နေသည့်အချိန်တွင် ထရပ်၍ ကျန်းမင်ယွဲ့နှင့် ဂူချန်းမင်တို့အား လက်ယှက်အရိုအသေပေးလိုက်သည်။ ထို့‌နောက် သူက ပြုံး၍ ပြော၏။ “အစ်ကိုတို့ ‌ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီညရဲ့အဓိကဇာတ်ဆောင်က ဒီပွဲကို ကျင်းပပေးတဲ့ မစ္စတာကျန့်ပါ။ ကျွန်တော်ရဲ့မိန်းကလေးက လက်ကောက်ကို သဘောကျတယ်ဆိုပေမယ့် အစ်ကို့တို့ကို အကုန်အကျခံခိုင်းလို့ မသင့်တော်ပါဘူး။ ကောင်းပါပြီ ကျုပ် ဒီကျောက်စိမ်းလက်ကောက်တွေအတွက် ယွမ် သန်း ၂၀ ဈေးခေါ်ပါတယ်။ တိုးချင်တဲ့လူများ ရှိပါသေးသလား”

ခန်းမတစ်ခုလုံးရှိ ဧည့်သည်များမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ အများစုက တီးတိုးပြောဆိုနေကြလေသည်။

“ဒီလူက ဘယ်သူတုန်း။ သူ့ပုံက မိုက်ပေမယ့် နည်းနည်း ဘဝမြင့်နေသလိုပဲ။ ‌လက်ကောက်တွေက အများဆုံးတန်ဖိုးရှိမှ ယွမ်သိန်းဂဏန်းပဲကို သူက သန်း ၂၀ တောင်ပေးတယ်”

“ဒီ စောက်ရမ်းချမ်းသာတဲ့လူက ဘယ်ကရောက်လာတာလဲ။ ချမ်းသာတဲ့လူတွေတောင် ဒီလောက် မဖြုန်းကြဘူးမလား”

“သူကတစ်ခုခုပဲ။ ကျန်းယွဲ့မင်နဲ့ ဂူချန်းမင်နှစ်ယောက်လုံးက ရှန်ဟိုင်းရဲ့အထင်ကရလူတွေချည်းပဲ။ ဘာလို့ သူ့အတွက် ကာကွယ်ပေးနေတာလဲ။ ဒီလူက အဲ့လောက်တောင် အင်အားရှိတာလား”

“သဘောကောင်းလိုက်တာ။ သူ့ကောင်မလေးတော့ ပျော်နေမှာပဲ”

“တကယ့် အရူးကောင်ပဲ...”

စင်မြင့်ပေါ်ရှိ ကျန့်ချင်းဖန်သည် ထန်ရှုကိုယ်တိုင် ဤနေရာသို့ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ မု၀မ်ရင်ထံ ဖိတ်ကြားလွှာပို့ခဲ့သော်လည်း တက်ရောက်မည်ဟု အတည်ပြုချက်မရခဲ့ပေ။ အံ့ဩဖွယ်ကောင်းစွာနှင့် သူမသည်‌တက်ရောက်လာသည်သာမက ထန်ရှုကိုပါခေါ်လာခဲ့ပြီး သူ့အားမျက်နှာပန်းလှသွားစေ၏။

All Chapters