ကူကယ်မရလောက်အောင် တုံးဖျင်းခြင်း
Vol. 62 Ch. 868
ကျန့်ချင်းဖန် စင်မြင့်ထက်မှ ဆင်းလာပြီး ထန်ရှုဆီ သွားနေသည်ကို လူတိုင်း၏မျက်လုံးများက လိုက်ပါကြည့်ရှုနေ၏။ ကျန့်ချင်းဖန်က လက်ဆွဲနှုတ်ဆက်ဖို့ ကိုယ်ကိုရုံ့၍ ပြုံးပြုံးရွှင်ရွှင် ပြောသည်။ “မစ္စတာထန် ကျုပ်ရဲ့ မဖြစ်စလောက်ပွဲလေးကို အခုလိုကြွရောက်လာပေးလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး။ ခင်ဗျားကြောင့် ဒီနေ့ညရဲ့ ရန်ပုံငွေအခမ်းအနားတော့ စည်ကားပြီပေါ့ဗျာ။ ဧည့်သည်စာရင်းမစစ်မိတာတော့ ကျုပ်ကိုယ်ကျုပ်ကို အပြစ်တင်ရမှာပဲ။ မဟုတ်လို့ကတော့ ဒီလိုဘယ်လျစ်လျူရှုဝံ့ပါ့မလဲ”
ထန်ရှုက လက်ဆွဲနှုတ်ဆက်ပြီး ပြုံးသည်။ “ရပါတယ်ဗျာ။ ကျုပ်မိန်းကလေးအစား ကျေးဇူးတင်တဲ့အနေနဲ့ ဒီတိုင်း လာတက်ရောက်ရုံလေးတင်ပါ”
ကျန့်ချင်းဖန်မှာ အပြုံးပန်းများဝေဆာနေပြီး ထန်ရှုက သူပေးခဲ့သည့် မက်မွန်သီးအတွက် မက်မန်းသီးအား ပြန်လက်ဆောင်ပေးနေမှန်း သိလေသည်။ သူ့ကိုယ်တိုင်တက်ရောက်မှတော့ ကျန့်ချင်းဖန်အတွက် မျက်နှာပန်းလှပြီဖြစ်သည်။ ကျန့်လုပ်ငန်းစု၏ ကြော်ငြာတစ်ခုလုံးအား မုဝမ်ရင်၏ ကြော်ငြာကုမ္ပဏီဆီ လက်လွှဲပေးအပ်ခဲ့သည်ကြောင့်လည်း ပါသည်။
‘ယောက်ျားတစ်ယောက်ဆိုတာ ဒီလို ဖြောင့်မတ်တည်ကြည်ပြီး သိတတ်လိမ္မာသင့်တာ’ ကျန့်ချင်းဖန်က သက်ပြင်းခိုးချသည်။
ဤလူငယ်လေး၏အရည်အချင်းက မိတ်ဆွေရင်းချာအဖြစ် ယုံကြည်ဖို့ ထိုက်တန်နေမှတော့ ဘာကြောင့်သူ့စီးပွားရေးလုပ်ငန်များ အလွန်ကြီးမားနေသလဲ ကျန့်ချင်းဖန် နားလည်လိုက်လေပြီ။
“ဒီည တော်တော်လေးရက်ရောခဲ့တာပဲနော် မစ္စတာထန်။ ကျုပ်မှာ အဆက်အသွယ်ကောင်းတဲ့ မိတ်ဆွေတချို့ရှိတယ်။ သူတို့ကုမ္ပဏီတွေမှာ လက်တွဲလုပ်စရာ ကြော်ငြာကုမ္ပဏီမရှိလောက်ဘူး ထင်ရဲ့။ ကျုပ် ခင်ဗျားနဲ့ သူဌေးမုကို သူတို့နဲ့ မိတ်ဆက်ပေးပါဦးမယ်”
ထန်ရှု၏နှုတ်ခမ်းများက တွန့်ချိုးပြုံးလိုက်သည်။ “အားနာစရာဗျာ။ ကျုပ်တော့ သူဌေးကျန့်ကို ကျေးဇူးတင်နေပါ့မယ်”
“အသက်အရဆို ကျုပ်က ခင်ဗျားထက် အတော်လေးတော့ အိုနေပြီ။ ဒါပေမဲ့ စိတ်မရှိဘူးဆိုရင် အစ်ကိုကျန့်လို့ ခေါ်လို့ရတယ်နော်” ကျန့်ချင်းဖန်က အပြုံးဖြင့် ပြောသည်။ “သူဌေးကျန့်ဆိုတာက သူစိမ်းဆန်သလို ခံစားရလို့”
“ဒါဆိုလည်း ကျုပ်ကို မစ္စတာထန်လို့ မခေါ်ပါနဲ့ဗျာ အစ်ကိုကျန့်ရေ” ထန်ရှုက ခေါင်းညိတ်သည်။ “ထန်ရှု ဒါမှမဟုတ် ညီလေးထန်ဖြစ်ဖြစ်ပေါ့။ အစ်ကိုကျန့်နဲ့ အစ်ကိုဂူတို့ကတော့ အဲဒီလိုပဲ ခေါ်ကြတယ်”
ကျန့်ချင်းဖန်၏အပြုံးက တောက်ပလာပြီး သူသည် ခေါင်းညိတ်ကာ ပြော၏။ “ဟုတ်ပြီ။ နောက်ကျ တို့ညီအစ်ကိုတွေ အေးအေးဆေးဆေး စကားပြောတာပေ့ါ။ အခုတော့ ရှုတင်လေးရှိလို့ သွားရဦးမယ် ညီလေးထန်”
“ဟုတ်ကဲ့ပါဗျ” ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန့်ချင်းဖန် ဟိုတယ်ထဲ ပြန်ဝင်သွားစဉ် ထန်ရှုကို မသိသော ရန်ပုံငွေအခမ်းအနား၏ ဧည့်သည်အားလုံးမှာ တီးတိုးတီးတိုး ပြောကြတော့သည်။
“ဒီကောင်လေးထန်က ဘယ်သူတုန်း။ ကျန့်ချင်းဖန်တောင် လေလံတင်နေရင်းတန်းလန်း ဆင်းလာပြီး ကိုယ်တိုင်နှုတ်ဆက်ရတယ်တဲ့။ ဒါ့အပြင် စကားအသွားအလာအရ ကျန့်ချင်းဖန်က ဒီကောင်လေးရဲ့မိန်းကလေးဆီ ကုမ္ပဏီတချို့ရဲ့ ကြော်ငြာတွေ ကမ်းပေးချင်တယ်ဆိုလား။ အဲဒါ ဖားနေတာပဲမဟုတ်လား”
“ကျန့်ချင်းဖန်ရဲ့ ကြွယ်ဝမှုက ဆယ်ဘီလီယံထက် မနည်းဘူးနော်။ ဒါတောင် သူက အဲဒီလူငယ်နဲ့ မိတ်ဆွေဖြစ်ရဖို့ နှိမ့်ချနေတယ်။ ဒီထန်လူငယ်မှာ ဘယ်လိုပိုင်ဆိုင်မှုတွေ ရှိလို့များလဲ။ သူ့ နောက်ခံက ဘယ်သူများလဲ”
“အံ့ဩစရာကြီးဟ။ လေလံလေးတစ်ခုတည်းနဲ့ သူက ကျန်းယွဲ့မင်နဲ့ ဂူချန်းမင်ကို သူ့အတွက် ရပ်တည်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ အခုကြည့်ဦး ကျန့်ချင်းဖန်တောင် သူ့ကို မျက်နှာလုပ်နေရပြီ။ ဒီပေကျင်းရဲ့ လူချမ်းသာတွေတောင် အဲဒီလိုအစွမ်းအစမရှိလောက်ဘူး”
“သူ့ကို မြင်ဖူးသလိုလိုရှိပေမယ့် ဘယ်မှာမြင်ဖူးမှန်း မသိဘူး။ ဒါပေမဲ့ အကောင်ကြီးကြီးတွေ သူ့ကို ဖားနေတာကြည့်ရင် သူက သေချာပေါက် သာမန်လူတော့ မဟုတ်တန်ဘူး”
“ငါသာ သူ့လောက် ချမ်းသာလို့ကတော့ကွာ ငါ့မျိုးဆက်ရဲ့ စံပြဖြစ်လောက်တယ်။ သူကတော့ အခုစပြီး ငါ့အိုင်ဒေါဖြစ်ပြီ”
“ချောလိုက်တာနော်။ ဒီလိုဥစ္စာလည်းပေါ၊ ချောလည်းချောတဲ့ ကောင်လေးကို ရည်းစားတော်ရတာ သူ့ကောင်မလေးတော့ သိပ်ပျော်နေမှာပဲ”
“အဲဒီမိန်းကလေးကို ငါ သိတယ်။ သူက ပေ့ကျင်းရဲ့ ပထမတန်းစားအလှပဂေးလေးလေ။ အိုး ခိုင် မော့။ ဒီလူကတော့ တကယ်မိုက်ချက်ပဲ။ ဒီလိုအလှလေးကို တွဲနိုင်တယ်”
“အဟင့်... သူ့မှာ ကောင်မလေးမရှိရင် ကောင်းမှာပဲဟာ”
“....”
ဧည့်သည့်စားပွဲဝိုင်းတွင်...
မြောင်ချင်းလဲ့သည် မျက်နှာထားတင်းတင်းဖြင့် လက်သီးဆုပ်ထား၏။ ထန်ရှုကို ကြည့်နေသော သူ၏မျက်လုံးများတွင် မနာလိုအူတိုမှုသည် မီးတောက်မီးလျှံများပမာ တဟုန်းဟုန်းတောက်နေ၏။ ထိုလေလံအတွက် ထန်ရှုနှင့် အကြောင်းမဲ့သက်သက် ပြိုင်ခဲ့ခြင်းမဟုတ်ပေ။ ထန်ရှုကို သူ တစ်ခါမှလည်း မမြင်ခဲ့ဖူးသလို၊ သူတို့နှစ်ယောက်အကြား၌လည်း အငြိုးအတေးမရှိ။
သို့သော် ရှန်ဟိုင်းတက္ကသိုလ်၏ အလှဆုံးပန်းလေး၊ သူ အချိန်အတော်ကြာ ပိုးပန်းခဲ့ရသော မုဝမ်ရင်က သူ့ကို တစ်ချက်လေးမှပင် ငဲ့မကြည့်ခဲ့ခြင်းကြောင့် အူတိုနေခြင်းဖြစ်သည်။ သူလည်း ဤရန်ပုံငွေအခမ်းအနားအတွက် မိန်းကလေးတစ်ယောက် ခေါ်လာပြီး သူမသည်လည်း သူ လောလောလတ်လတ်ကမှ လိုက်ခဲ့သော ရှန်ဟိုင်းတက္ကသိုလ်၏ ပန်းတစ်ပွင့် ဖြစ်ချေသည်။ သူ၏ကောင်မလေးအသစ်မှာ ပုံမှန်ဆို လှသော်လည်း မုဝမ်ရင်နှင့် ယှဉ်လျှင်တော့ အပုံကြီးကွာ၏။
‘ခွေးသူတောင်းစား’ ဤအခိုက်အတန့်မှ မြောင်ချင်းလဲ့သည် ထန်ရှုကို သတိထားမိသွား၏။
သူ ကျောင်းပြောင်းနိုင်ဖို့ သူ့ဦးလေးမြောင်ဝမ်ထန် ငွေဖြင့်လိုက်ကာ အဆက်အသွယ်များကို ကပ်ပေးခဲ့ခြင်းကြောင်းသာ မြောင်ကျင်းလဲ့သည် ရှန်ဟိုင်းတက္ကသိုလ်ကို တက်နိုင်ခဲ့၏။ အကြောင်းရင်းက သူ့ကို ထန်ရှုနှင့် မိတ်ဆွေဖွဲ့ဖို့ ဖြစ်ပြီး ဆိုးတူကောင်းဖက်များဖြစ်လာနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
ယင်းက မူလအစီအစဉ်ဖြစ်ပြီး သူ ထန်ရှုနှင့် အမှန်တကယ် သူငယ်ချင်းဖြစ်ချင်ခဲ့၏။ ထန်ရှုနောက်၌ ပေကျင်း၏ ထန်မိသားစု ရှိသည်မဟုတ်ပါလော။ နောက်ခံတောင့်သူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားလျှင် ဒုက္ခရောက်သည့်အချိန်တွင် အကျိုးအမြတ်များ ရရှိနိုင်သည်။ သို့သော် ယနေ့ည၏ ရုတ်တရက် တွေ့ဆုံမှုနှင့် ပဋိပက္ခက ထန်ရှုနှင့်မိတ်ဆွေဖွဲ့လိုသော သူ့အတွေးများကို ပျောက်ကွယ်သွားစေသည်။ ယခု သူ့နှလုံးသားထဲ၌ ရှက်ရွံမှုနှင့် ဒေါသသာ ပြင်းထန်နေချေပြီ။
‘အံ့ဩစရာကောင်းတယ်။ လီးကို အံ့ဩစရာကောင်းတာလား။ မိသားစုနောက်ခံကြောင့်သာမဟုတ်ရင် မင်းက ချီးထုပ်ထက်မပိုဘူး။ ဦးလေး ဘာတွေးနေတာလဲ နားကိုမလည်တော့ဘူး။ ဒီခွေးမသားနဲ့ ငါ့ကို ဘာကြောင့်သူငယ်ချင်း ဖြစ်စေချင်တာလဲ။ ပေကျင်းမှာ အင်အားကြီးပြီး ကြွယ်ဝချမ်းသာတဲ့ မိသားစုတွေမှ တစ်ပုံကြီး။ ဟိုက်ချင်းပြည်နယ်က ငါ့မြောင်မိသားစုရဲ့ အင်အားကြောင့်ဆို သူတို့တွေ ငါ့နဲ့ မိတ်ဆွေဖြစ်ချင်လွန်းလို့ ရွစိထိုးနေရမှာမဟုတ်ဘူးလား’
မြောင်ချင်းလဲ့သည် ထိုအထိ တွေးပြီးနောက် ရုတ်တရက် စားပွဲကို ဒုန်းခနဲ ထု၍ သူ့ရည်းစားလက်ကို ဆွဲကာ တင်းတင်းမာမာ ထွက်သွားလေသည်။
ဤပွဲ၏စီစဉ်သူ ကျန့်ချင်းဖန်က ထန်ရှုကို ဖားခြင်းဖြင့် သူ့မျက်နှာကို ဖြတ်ချခဲ့ပြီဟု သူ တွေးနေသည်။ သို့ဖြစ်၍ သူ့အနေဖြင့် ဆက်နေစရာအကြောင်း မရှိတော့ပေ။ သူ့ဦးလေးက ကျန့်ချင်းဖန်ကို ကူညီဖို့ ဤပွဲတက်ရန် တိုက်တွန်းခဲ့သော်လည်း ကျန့်ချင်းဖန်ကို သူ အဖက်ဆက်မလုပ်နိုင်ပေ။
ဤအချိန်တွင် ဟိုတယ်မှ ယခုလေးတင် ပြန်ရောက်လာခဲ့သော ကျန့်ချင်းဖန်မှာ ချက်ချင်း မှုန်ကုပ်သွားသည်။ သူ့မျက်လုံးများက ထွက်သွားသည့် မြောင်ချင်းလဲ့နှင့် သူ့ကောင်မလေးကို ကျောကို စိုက်ကြည့်နေ၏။ ဒေါသက သူ့နားထင်ကြောများအား ထောင်လာစေသည်။
ထိုစဉ် ရန်ပုံငွေအခမ်းအနားခန်းမထဲရှိ ကျန်ဧည့်သည်များလည်း ကျန့်ချင်းဖန်၏ ပျက်ယွင်းနေသောအမူအရာကို သတိမထားမိဘဲမနေ။ သူတို့သည် လှည့်ကြည့်လိုက်ရာ မြောင်ချင်းလဲ့နှင့်သူ့ကောင်မလေးကို ကျောကို မြင်လိုက်၍ တီးတိုးသံများ ထွက်လာကြ၏။
“ဒီလောက်အလိုက်မသိတာ ဘယ်သူ့သားများလဲ။ မကျေနပ်တာလေးကြောင့်နဲ့ ကျန့်ချင်းဖန်မျက်နှာကိုတောင် မထောက်ဘူးလား”
“ဘယ်မိသားစုက ဒီလိုငတုံးကို ပျိုးထောင်ပေးခဲ့တာလဲ မသိဘူး။ သူ့လုပ်ရပ်ကြောင့် မကျေနပ်ဆုံးက ဘယ်သူထင်လဲ။ ကျန့်ချင်းဖန်ပေါ့။ ပြောရရင် အဲဒီကောင်လေးတော့ ကျန်းယွဲ့မင်နဲ့ ဂူချန်းမင်ကိုပါ တစ်ချက်တည်းပါးရိုက်လိုက်သလိုပဲဟေ့”
“ဟူး ဦးနှောက်မရှိချက်က ကမ်းကုန်တယ်။ တစ်ပြိုင်တည်း ဘီလူးသုံးကောင်ကို ရန်စလိုက်မှန်းတောင် မသိဘူး။ နောက် သူ ရှန်ဟိုင်းမှာ ဘာလုပ်လုပ် ပြိုလဲဖို့ သေချာနေပြီ”
“သူ့ကို မှတ်ထား၊ သိသိမသိသိ နောက်နောင် သူနဲ့ မပတ်သက်မိစေနဲ့နော်။ ဒီလိုအရူးမျိုးက သူ့မိသားစုအတွက် ဂြိုဟ်ဆိုးသယ်သွားမယ့် ကောင်မျိုးပဲ”
“သောက်ရူး”
“...”
ထန်ရှုလည်း မြောင်ချင်းလဲ့ထွက်သွားသည်ကို မြင်၍ သူ့နှုတ်ခမ်းတွင် သရော်အပြုံးဖြစ်ထွန်းလာသည်။ ထို့နောက် သူက မုဝမ်ရင်ဘက် ကိုယ်ကိုကိုင်း၍ မေးလိုက်သည်။ “မင်း အဲဒီလူကို သိလား”
“အင်း သိတယ်။ သူက ငါတို့ရှန်ဟိုင်းတက္ကသိုလ်ကပဲလေ” မုဝမ်ရင်က ရယ်သည်။ “ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြီးပြင်းလာတဲ့အပြင် မိသားစုလည်း ချမ်းသာပေမယ့် သူက မိန်းမရှုပ်တယ်”
“အင် ဒီကောင် မင်းကို လိုက်နေတာများလား” ထန်ရှုက တစ်မျိုးတစ်မည်ဖြစ်သွားသော အမူအရာဖြင့် မေးသည်။
“လိုက်ခဲ့ဖူးတယ်။ ဒါမဲ့ ငါ သူ့ကို အဖက်ကိုမလုပ်ခဲ့တာ” မုဝမ်ရင်က ချိုသာစွာ ပြုံးလျက် ပြန်ဖြေသည်။
“ဒါကမှ ငါ သိတဲ့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ပထမတန်းစားပန်းပွင့်လေး၊ ပေကျင်းရဲ့ ပထမတန်းစားအလှလေးကွ။ မင်း သိလား။ မင်းလေ ဘယ်နေရာသွားသွား မင်းကို လိုက်ခဲ့ဖူးတဲ့သူတွေနဲ့ အမြဲတိုးတာပဲနော်” ထန်ရှုက လက်မထောင်လျက် ပြုံးပြလိုက်သည်။ “ဒါနဲ့ ဒီကောင်က ချမ်းသာတဲ့မိသားစုကဟုတ်လား။ သူ့မိသားစုက ဘာလုပ်တာတဲ့လဲ”
မုဝမ်ရင်သည် ရှက်နေဟန်တူပြီး ခေါင်းကလေးငုံ့ကာ ပြန်ဖြေ၏။ “သူ့မိသားစုက ဟိုက်ချင်းပြည်နယ်က။ သူက မြောင်လုပ်ငန်းစုသူဌေးကြီးမြောင်ဝမ်ထန် ရဲ့ တူပဲ”
“မြောင်ချင်းလဲ့ဆိုတာပေါ့။ ဟူကြီးလိုက်နေတဲ့ နတ်ဘုရားမလေးကို ကြားဖြတ်ခုတ်သွားတဲ့ ဒုတိယမျိုးဆက်သူဌေးပေါ့လေ ဟမ်” ထန်ရှုမှာ အံ့ဩနေသည်။ “ဒီလိုဆိုတော့ သူနဲ့ အတူရှိနေတဲ့ကောင်မလေးက .....”
“နတ်ဘုရားမလေးအတွက် ဟူချင်းစုန့်ရဲ့ တစ်ဖက်သတ်အချစ်အကြောင်းကို ငါလည်း ကြားပါတယ်။ သူ လိုက်နေတာကြာပြီ သိလား” မုဝမ်ရင်က တခစ်ခစ်ရယ်ကာ ဆက်ပြောသည်။ “မနေ့က ယွဲ့ခိုင်နဲ့ ကျန်တဲ့သူတွေကို ခေါ်ပြီး မူးနေတဲ့ပုံပဲ။ မြောင်ချင်းလဲ့ လိုက်နေတဲ့ တစ်ယောက်က အဲဒီမိန်းကလေးဆိုတာတော့ ငါ မသိခဲ့ဘူး”
“သူ ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒီခွေးကောင် မကောင်းတဲ့အကြောင်း မြောင်ဝမ်ထန်ကို ဖုန်းခေါ်ပြောရမယ်။ ကုမ္ပဏီကိုသာ သူ့လက်ထဲ ထည့်လိုက်ရင် မြောင်လုပ်ငန်းစု ခွက်ထိုးခွက်လန်ကို ပျက်စီးလိမ့်မှာ” ထန်ရှုက ပြုံးလျက် မှတ်ချက်ပြုသည်။
“မြောင်ဝမ်ထန်နဲ့ နင် ရင်းနှီးတာ ငါ သိထားပြီးသားပါ” မုဝမ်ရင်က ရယ်သည်။ “ဒါမဲ့ နင့်စကားတွေက အသုံးဝင်ပါ့မလား”
“ပြီးရင် ကြည့်ချင်လား” ထန်ရှုက မဆိုစလောက်ပြုံးကာ မေးသည်။
“ဟမ် ဘာကို ကြည့်ရမှာလဲ” မုဝမ်ရင်မှာ ဇဝေဇဝါဖြစ်သွား၏။
“ကဲ အခုတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ဦး” ထန်ရှုက တစ်ခုခုလျှိုထားသလို လူယုတ်မာပြုံးပြုံးသည်။ “ပြီးရင် ငါ မင်းကို ဒရာမာအကြီးကြီးပြမယ်”
ဤသို့ဖြင့် ရန်ပုံငွေအခမ်းအနားသည် ဆက်လက်ကျင်းပနေ၏။
ကျန့်ချင်းဖန်သည် မြောင်ချင်းလဲ့ ထွက်သွားသည့်အဖြစ်ကို ယနေ့ညရန်ပုံငွေပွဲအပေါ် အသက်ရောက်ခံမည်မဟုတ်ပေ။ သူက တစ်နာရီနီးပါး လေလံဆက်တင်နေသည်။
ထို့နောက် နောက်ခန်းမတစ်ခုတွင် ညစာစားပွဲကျင်းပသည်။
ကျန်းယွဲ့မင်၊ ဂူချန်းမင်နှင့် ထန်ရှုကို သိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဒါဇင်ကျော်က စုဝေးရောက်ရှိလာပြီး စကားလက်ဆုံကြနေသည်။ စီစဉ်သူကျန့်ချင်းဖန်ကလည်း ထန်ရှုနှင့် မုဝမ်ရင်ကို ပင်မစားပွဲတွင် ထိုင်စေဖို့ အတွင်းဆုံးထဲသို့ ဆွဲခေါ်လာသည်။
ညဆယ့်တစ်နာရီ၌ ညစာစားပွဲပြီးဆုံးသွားသည်။
ဟိုတယ်အဝင်ဝတွင်
ထန်ရှုသည် ကျန်းယွဲ့မင်၊ ဂူချန်းမင်နှင့် ကျန်မိတ်ဆွေများကို နှုတ်ဆက်ကာ သူတို့ထွက်သွားသည်ကို ကြည့်နေ၏။ ထို့နောက် သူက ကားမောင်းဖို့ မိုအားဝူအား ချက်ချင်း ဖုန်းခေါ်လိုက်သည်။
မုဝမ်ရင်နှင့် ကားထဲဝင်ထိုင်ပြီးသော် ထန်ရှုသည် သူ့ဖုန်းကို ထုတ်ကာ ပြုံးလျက် ပြော၏။ “စောစောက ငါ ပြောခဲ့တာကို မင်းမှတ်မိသေးလား။ ငါ အခု ပြတော့မယ့် ဒရာမာအတွက် စိတ်ကို ပြင်ဆင်ထားနော်”
“အင်း ငါ မှတ်မိပါတယ်” မုဝမ်ရင်က ခေါင်းညိတ်၍ ပြောသည်။ “မြောင်ဝမ်ထန်ကို ဖုန်းခေါ်မှာမဟုတ်လား”
ထန်ရှုက တဟားတစားရယ်ပြီးနောက် ပြောသည်။ “သူ့ကို ဖုန်းခေါ်ရုံတင်မကဘူး၊ သူ့မျက်နှာ ချက်ချင်း နီရဲသွားစေရမယ်။ မင်း ယုံချင်ရင် မယုံချင်လည်းနေ။ မြောင်ဝမ်ထန် ငါ့ဖုန်းကို ကိုင်တာနဲ့ သေချာပေါက် စိတ်တိုပြီး သူ့တူကို မြောင်မိသားစုကနေတောင် ကန်ထုတ်လိမ့်မယ်”
မုဝမ်ရင်က ခေါင်းခါကာ သိမ်မွေ့စွာ ပြုံးသည်။ “နင် မြောင်ဝမ်ထန် မြောင်ချင်းလဲ့ကို အပြစ်ကြီးကြီးပေးအောင် လုပ်နိုင်တာ ငါ ယုံပါတယ်။ ဒါပေမဲ့ သူ မြောင်ချင်းလဲ့ကို သူ့မိသားစုကနေ မောင်းထုတ်လိမ့်မယ်တော့ မထင်ဘူး။ သွေးက ရေထက်ပျစ်တယ်လေ။ နင် မြောင်ဝမ်ထန်နဲ့ ရင်းနှီးရင်တောင်မှ သူ့မိသားစုဝင်ကို အဲဒီလိုလုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး”
“ဒါဆို မယုံဘူးပေါ့။ ကဲ ထိုင်ကြည့်နေ” ထန်ရှုက တက်ကြွစွာ ပြုံးလိုက်သည်။
ထို့နောက် သူသည် မြောင်ဝမ်ထန်၏ ဖုန်းကို ခေါ်ကာ ဖုန်းကိုင်မည်ကို စောင့်နေလိုက်၏။