မင်းတို့ကို စောင့်နေခဲ့တာ
Vol. 58 Ch. 811
ဂိုဏ်းများမှာ တုန်လှုပ်နေကြပြီး ကျီမျိုးနွယ်စုပင်လျှင် ဘေးမှသာ ကြည့်နေကြသည်။ အရှေ့ဘက်နယ်မြေမှ အဖွဲ့တစ်ဖွဲ့မှ လှုပ်ရှားမှုမရှိပေ။ လူသစ်များသည် အရှေ့ဘက်နယ်မြေမှ ဖြတ်သွားလျှင်ချင်း တန်နိုင်ငံတော်၏ ကြီးမြတ်သောချီကြောင့် အံ့ဩတုန်လှုပ်သွားကြ၏။ တချို့က အတန်ငယ် လောဘကြီးလာပုံရပြီး ထိုဘက်သို့ ဦးတည်သွားကြသည်။ သို့သော် သူတို့ နီးကပ်လာသည်နှင့်တစ်ပြိုင်နက် တန်နိုင်ငံတော်၏ ရွှေနဂါး (၉၅) ကောင်က ဟိန်းဟောက်လိုက်ကာ ထိုလူများအား သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲသွားစေသည်။
မှန်ပါသည်၊ ထိုအခြင်းအရာက အပြင်လူအားလုံးကို ထိတ်လန့်သွားစေသည်။ ဖန်းတုံးအာပင်လျှင် မျက်လုံးကလေးများ ဝိုင်းစက်ပြူးကျယ်သွား၏။
ထိုမတော်တဆမှုပြီးနောက် ဘယ်သူမှ တန်နိုင်ငံတော်အနား မကပ်ရဲတော့ဘဲ သူတို့၏ဦးတည်ရာ တောင်တန်းဆီသို့သာ ဆက်လက်ရှေးရှုသွားကြတော့သည်။
လှုပ်လှုပ်ရွရွ ဖြစ်နေကြစဉ်အတောအတွင်း အရှေ့ဘက်နယ်မြေ၌ တည်ရှိသော သေမျိုးမြို့တစ်မြို့တွင် ပုန်းအောင်းနေသော ပုံရိပ်နှစ်ခုအား မြင်ရနိုင်သည်။ သူတို့သည် ခေါက်ဆွဲများကို တရွှတ်ရွှတ် စားရင်း ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြ၏။
သေမျိုးများအနေဖြင့် ခေါင်းအထက်၌ တရွှီးရွှီးသွားနေသော အလင်းတန်းများကို မမြင်ရသော်လည်း ဤလူနှစ်ယောက်ကတော့ မြင်ရ၏။ တကယ်တမ်း သူတို့ကား စူးစူးစိုက်စိုက် ကြည့်ရင်း သေသေချာချာ လေ့လာနေသေးသည်။ သူတို့နှစ်ယောက်သည် ထိုလူတို့၏ သိုလှောင်အိတ်များ ရှိသည့်နေရာနှင့် ဝတ်ဆင်ထားသော ကျောက်မျက်ရတနာများကို အထူးမှတ်သားနေ၏။
“သူတို့မှာ အမွှေးအတောင်တွေ မရှိတာ ဆိုးလွန်းတယ်” နှစ်ယောက်အနက်မှ လူငယ်က ပြောသည်။ သူသည် ခေါင်းတခါခါနှင့် ဟင်းရည်တစ်ကျိုက် စုပ်သောက်လိုက်သည်။ “အာရုံစိုက်ထား သုံးလေး။ ဒီလူတွေက သေချာပေါက် သူငယ်နှပ်စားလေးတွေပဲ
“လာမယ့်ရက်တွေကျရင် ဒီသိုးဆူဆူဖြိုးဖြိုးတွေ ကျေးဇူးနဲ့ ငါတို့ ဗိုက်ကားအောင် စားနိုင်၊ သောက်နိုင်လိမ့်မယ်။ လာ လာ။ တစ်ယောက်လောက် ရွေးစမ်း”
လူငယ်၏ဘေးရှိ ခပ်ဝဝလူက ရုတ်တရက် ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။ “အဲဒီလူ။ တစ်ချက်ကလေးကြည့်လိုက်တာနဲ့ ဒီကောင် မကောင်းတာ ငါပြောနိုင်တယ်။ အကျင့်ပျက်တယ်၊ လုံးဝအရှက်မရှိဘူး။ သေချာပေါက် အကုသိုလ်နွံထဲ နစ်နေပြီ။ သခင်သုံး သူ့ကို ပြောင်းလဲရမယ်”
သူ လက်ညှိုးထိုးလိုက်သည့်လူမှာ မောက်မာသောမျက်နှာထားနှင့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် ပြောင်ပြောင်လက်လက် ပိုးသားထည်ကို ဝတ်ဆင်ထားပြီး အခြွေအရံတစ်ပြုံကြီးဖြင့် ဝန်းရံခံထားရ၏။ သူကား ခရမ်းရောင်သရဖူကိုပင် ဆောင်းထားရာ သူ့အား အလွန်ဩဇာကြီးမားပြီး ထူးခြားနေစေသည်။
“သူလား ဟုတ်ပြီ။ ကဲ အခု ငါ မင်းကို သင်ပေးထားတဲ့နည်းလမ်းအတိုင်း ခပ်လန်းလန်းစော်လေး ပုံစံပြောင်းလိုက်” ဝတုတ်ကြီး၏ အပေါင်းအဖော်လူငယ်က ပစ်မှတ်ကို ကောက်ကျစ်စဉ်းလဲစွာ ကြည့်ရင်း သူတို့နှစ်ယောက်သား ပျောက်ကွယ်သွား၏။
တောင်တန်းများ၏ အနက်ပိုင်းထဲရှိ ဝတ်ပြုကျောင်းထဲတွင်တော့ မန်ဟိုမှာ တင်ပျဉ်ခွေထိုင်လျက်ရှိသည်။ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
“အဖေကပြောတဲ့ လေ့ကျင့်ရေး စဖို့ အချိန်ရောက်လာပြီ...” သူက ရေရွတ်လိုက်သည်။
“အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းက စမ်းသပ်မှုတစ်ခုပဲ။ ငါ ကျော်လွှားနိုင်သွားပြီး ကြေးမီးအိမ် မငြိမ်းသွားအောင် ထိန်းသိမ်းနိုင်ရင်တော့ စစ်မှန်တဲ့ အင်မော်တယ်အကြောက ငါ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာလိမ့်မယ်
“တောင်ကောင်းကင်ရဲ့အပြင်က ရွေးချယ်ခံတွေ ဘယ်လောက်အစွမ်းထက်မလဲဆိုတာလည်း သိချင်မိသား” သူသည် ဘုရားကျောင်း၏အပြင်၌ နေရာချထားခဲ့သော အခွံနက်ဆေးလုံးများအကြောင်း တွေးလိုက်မိသဖြင့် ရှက်ကိုးရှက်ကန်းအပြုံးက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။
သူက မျက်လုံးများ ပိတ်၍ ဆက်စောင့်နေလိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ ရက်အနည်းငယ်ကြာသော် နဝမတောင်နှင့်ပင်လယ်၏ ရွေးချယ်ခံများစွာသည် ယခုတွင် တောင်တန်းများကို အဝေးမှ လေ့လာရင်း အပြင်၌ စုဝေးနေကြ၏။ သူတို့၏အမူအရာများသည် တင်းမာခက်ထန်နေလေသည်။ သူတို့၏အမြင်အရ ဤနေရာမှာ ပဟေဠိများဖြင့် ပြည့်နှက်လျက်ရှိသည်။ အနားကပ်သွားသည့်အခါ လေပိုင်နက်အား ကန့်သတ်ထားကြောင်း တွေ့ရပြီး ရှေ့ဆက်သွားသည်နှင့်အမျှ ကန့်သတ်မှုမှာ ပို၍ပြင်းထန်လာသည်။ နည်းနည်းလေး အမှတ်တမဲ့ဖြစ်သွားသည်နှင့် ကံဆိုးမိုးမှောင်ကျသွားစေနိုင်မည့် အန္တရာယ်များက နေရာတိုင်းတွင် ပုန်းအောင်းနေလေသည်။
မှန်ပါသည်၊ ဤနေရာသို့ လာရောက်သော မည်သူမဆို ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်သည်။ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးသည် မတူညီသောလမ်းကြောင်းများကို ရွေးချယ်ရင်း ကိုယ့်အဖွဲ့နှင့်ကိုယ် လူစုခွဲကာ တောင်တန်းများအတွင်း ဝင်ရောက်သွားကြ၏။
လူအုပ်ကြားထဲရှိ တချို့ဂိုဏ်းသားများတွင် တင်းမာခက်ထန်သော မျက်နှာထားများရှိသည်။ ကြည့်ရသရွေ့ ပြီးခဲ့သည့်ရက်အနည်းငယ်က သူတို့ကို ရူးသွားမတတ် ဒေါသထွက်စေခဲ့သော တစ်စုံတစ်ခု ဖြစ်ပျက်သွားသယောင်။ မည်သို့ပင်ဖြစ်စေ၊ သူတို့မှာ ထိုအကြောင်းအား ဘယ်သူ့ကို မပြောပြလိုသဖြင့် အံတင်းတင်းကြိတ်ပြီး ခံပြင်းမှုများကို သည်းခံကာ အခြားဂိုဏ်များ၊ မျိုးနွယ်စုများနှင့်အတူ တောင်တန်းများထဲ လိုက်ပါဝင်ရောက်သွားကြ၏။
ထိုကဲ့သို့ ကြိတ်မနိုင်ခဲမရ ဖြစ်နေသော ဂိုဏ်းသားအတော်များသည်။ တကယ်တမ်း ဒါဇင်ချီလေ၏။
မြင့်မြတ်သော ဖန်မျိုးနွယ်စု၊ မဟာမျိုးနွယ်စုသုံးစု၊ တာအိုဆရာအစည်းအရုံးသုံးခု၊ ဘုရားကျောင်းသုံးကျောင်းနှင့် ဂိုဏ်းခြောက်ဂိုဏ်းအပြင် အထွတ်အမြတ်မြေငါးခုလုံးသည် သူတို့၏လူများအား ဤနေရာသို့ စေလွှတ်ခဲ့လေသည်။ စုစုပေါင်း လူတစ်ထောင်ကျော်က အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းသို့ ဦးဆုံးရောက်ရှိဖို့အရေး မှော်ပစ္စည်းများကို လက်တွင် ဆုပ်ကိုင်ရင်း တောင်များကြားထဲ ဝင်ရောက်သွားတော့သည်။
တောင်တန်းများအကြား မှော်သိုင်းကွက် ထုတ်လွှတ်သံများ ပဲ့တင်ထပ်သွားရန် သိပ်မကြာလိုက်ပေ။ မကြာမီ လေပိုင်နက်ကန့်သန့်ချက်က လူတိုင်းအတွက် ပျံသန်း၍မရနိုင်အောင် ဖြစ်လာခဲ့သည်။ မှန်ပါသည်၊ သူတို့သည် ဤအတွက် ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။ သို့သော် အထိအခိုက်၊ အသေအပျောက်များ ဖြစ်ပွားဆဲပင်။
မည်သို့ဆိုစေ တစ်ဖွဲ့လုံးခြုံကြည့်လျှင်မူ မန်ဟို့နှင့် ပို၍နီးကပ်လာခဲ့၏။
“တကယ့်ပြိုင်ပွဲက လမ်းပေါ်မှာ မဟုတ်ဘူး။ အင်မော်တယ်ရှေးတာအိုဆရာများ ဝတ်ပြုကျောင်းမှာ”
“အထဲ အရင်ဆုံး ဝင်နိုင်တဲ့ ဘယ်သူမဆို အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို ရနိုင်ခြေအများဆုံးပဲ”
“တံဆိပ်ပြားအပြင် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွေမှာ တာအို လက်ဆင့်ကမ်းပေးနေတဲ့ တာအိုအရိပ်တွေ အမြဲရှိတယ်။ အဲဒီမှာ သေချာပေါက် နတ်ဘုရားစွမ်းရည်တွေနဲ့ တာအိုမှော်သိုင်းတွေ ရယူနိုင်မှာ”
“ငါနဲ့ ပြိုင်ဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်”
ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီး၏ ရွေးချယ်ခံများက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ရှေ့ဆက်သွားကြသည်။
အထွတ်အမြတ်မြေငါးခုအနက်မှ တစ်ခုသည် နေသူရိန်တောင်ဟုခေါ်သည်။ ဒဏ္ဍာရီများအရ တောင်သည် အမှန်တွင် ကောင်းကင်မှ ကြွေကျလာခဲ့သော နေတစ်စင်းမှ မှော်ဆန်ဆန် အသွင်ပြောင်းလာခဲ့ခြင်းဖြစ်သည်ဟူသတတ်။ ထိုပတ်ဝန်းကျင်ရှိ လူတိုင်းမှာ နှစ်ခြင်းမင်္ဂလာကဲ့သို့ ကြုံတွေ့ခဲ့ရပြီး အထူးသွေးဆက်တစ်ဆက်အဖြစ် ကောင်းချီးပေးခံခဲ့ရသည်။ ထိုသို့ဖြင့် နေသူရိန်တောင်အထွတ်အမြတ်နယ်မြေ ဖြစ်ပေါ်လာခဲ့လေသည်။
သခင်ကျီ ကောင်းကင်ကို တိုက်ခိုက်ခဲ့စဉ်က နေသူရိန်တောင်သည် အင်အားများစွာ ထောင်ပံ့ပေးခဲ့၏။ ထို့ကြောင့် နောက်ပိုင်းတွင် ကျီတျန်း ( ကျီ၏ကောင်းကင်)က နေသူရိန်တောင်ကို အထွတ်အမြတ်မြေဆိုသော အဆင့်အတန်းအား အပ်နှင်းမြှောက်စားခဲ့လေသည်။
တောင်ကောင်းကင်ဂြိုဟ်သို့ လာရောက်ခဲ့သော အဖွဲ့များအနက် နေသူရိန်တောင်မှ ကျင့်ကြံသူဒါဇင်အနည်းငယ်ပါသည်။ သူတို့အားလုံးကြားထဲ အထင်ကြီးစရာအကောင်းဆုံးမှာ ထိုက်ယန်ကျစ်ဆိုသောအမည်ရှိ လူငယ်တစ်ဦးဖြစ်၏။ သူက သူ့ကို နေတစ်စင်းနှင့် အမှန်တကယ် တူစေသော ရွှေရောင်ဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားပြီး သူ မည်သည့်နေရာသွားသွား သူ၏ပတ်ပတ်လည်ရှိ မြေပြင်ကို မီးထတောက်သွားစေသည့် ပြင်းထန်သောအပူလှိုင်းများကို ထုတ်လွှတ်နေသည်။
သူနှင့်အတူ မျိုးနွယ်ဝင်အတော်များများအပြင် သက်ကြီးပိုင်းတာအိုစောင့်ရှောက်သူတချို့လည်း လိုက်ပါလာ၏။
ဤ အင်အားခပ်တောင့်တောင့် အဖွဲ့က အမြန်ဆုံးနှုန်းဖြင့် ရှေ့မှ ဦးဆောင်နေပြီး ဝတ်ပြုကျောင်းနှင့် ပထမဆုံးနီးကပ်သွားသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။
နောက်ဆုံးတော့ သူတို့သည် တောင်ကြားတစ်ခုသို့ ရောက်သွားကြောင်း တွေ့လိုက်ရ၏။ ဦးဆောင်နေသော မျိုးနွယ်ဝင်များအနက်မှ တစ်ယောက်က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီး အတားအဆီးမရှိကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် သူတို့ အထဲ ခြေချလိုက်လျှင်ချင်း ဧရာမပေါက်ကွဲမှုကြီး လိမ့်ထွက်လာပြီး အနက်ရောင်အလင်းတန်းတစ်တန်း လေပေါ် ထိုးတက်သွား၏။ အနက်ရောင်အလင်းထုထဲ ရောက်သွားခဲ့သော နေသူရိန်တောင်ကျင့်ကြံသူမှာ တွန်းထုတ်ခံလိုက်ရသဖြင့် မချိတင်ကဲ အော်ကာ သွေးတစ်လုပ်အန်လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ်ပေါက်ကွဲမှုခုနစ်ခု၊ ရှစ်ခု ဆက်တိုက်ဖြစ်ပျက်သွားသဖြင့် တောင်တန်းများတစ်လျှောက်လုံး ပဲ့တင်သံများ ဆူညံသွားသည်။ နောက်ထပ် သွေးပျက်မတတ်အော်သံများ ကြားလိုက်ရပြန်၏။
ဤသည်က လူတိုင်းကို ရင်တုန်ထိတ်လန့်သွားစေသည်။
ထိုက်ယန်ကျစ်၏မျက်ဝန်းများတွင် လေးနက်သွားသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ လူတိုင်းက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပို၍ပင် သတိကြီးကြီးထားကာ ရှေ့ဆက်သွားကြလေသည်။
ဖန်မျိုးနွယ်ကျင့်ကြံသူများအကြားတွင် ဖန်တုံးဟန်၏မျက်နှာသည် တင်းမာနေပြီး သွေးများ သူ၏နှုတ်ခမ်းထောင့်မှ စီးကျနေ၏။ သူမှာ ယခုလေးတင် နေရာမှားနင်းမိပြီး ဒဏ်ရာရသွားခဲ့သော တစ်ယောက်ဖြစ်လေသည်။ သူသာ မြန်မြန်ဘေးမရှောင်ခဲ့လျှင် အသက်တောင်ရှင်မည်မဟုတ်ပေ။
နောက်တစ်နေရာတွင် လီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်မှာ ကံဆိုးသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကာ ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ပျက်စီးသွားလေ၏။ ဤအခြင်းအရာက ကျန်လီမျိုးနွယ်ဝင်များ၏ရင်ထဲတွင် ကြောက်စိတ်တို့ ပေါက်ဖွားလာစေသည်။
ကျီမျိုးနွယ်စုသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီးနောက်ဆုံးတွင် မျိုးနွယ်တစ်ယောက်မှာ ခြေလှမ်းမှားပြီး တစစီစုတ်ပြတ်သွား၏.....
အဖွဲ့များအကြား ပေါက်ကွဲသံများ ဆူညံလျက်ရှိကာ ဒေါသတကြီး ဟိန်းဟောက်သံများက နောက်မှ လိုက်ပါလာသည်။
ဤအရာအားလုံးမှာ ဝတ်ပြုကျောင်းအနားရောက်လာသည်နှင့်အမျှ ပို၍အားပြင်းပြီး များပြားလာသော တားမြစ်မန္တန်များ၏စွမ်းအားကြောင့် ဖြစ်သည်။ မန်ဟိုသည် ဤနေရာသို့ လာခဲ့စဉ်တုန်းက ခရီးတစ်လျှောက် အန္တရာယ်များသော အခြေအနေများအား ရင်ဆိုင်ခဲ့ရသော်လည်း အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား၏အကူအညီကြောင့် အများစုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့လေသည်။
ယခု မန်ဟိုမှာ ဝတ်ပြုကျောင်းခန်းမအတွင်းရှိ သူ၏နေရာမှနေ၍ ပေါက်ကွဲသံများကို ကြားနေရသည်။ ဤသည်မှာ ကံကြမ္မာကောင်းလုပွဲဖြစ်သည့်အတွက် စစ်မက်ဖြစ်ပွားမည်မှာ ကျိန်းသေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးများတွင် တောက်ပလာသည်။ နောက်ဆုံးတော့ သူသည် ထရပ်လိုက်ပြီး ဆီမီးအိမ်ထဲသို့ သွေးအနည်းထပ်ထည့်လိုက်၏။ ၎င်းက မီးမငြိမ်းစေရန် နေ့စဉ်နေ့တိုင်း သူ လုပ်နေကျအရာဖြစ်သည်။
ထို့နောက် သူသည် သူ၏ဒုတိယကိုယ်အစစ်အား ဝတ်ပြုကျောင်းထဲ၌ တင်ပျဉ်ခွေထိုင်စေခဲ့ပြီး ပရဝုဏ်အတွင်းသို့ လမ်းလျှောက်ထွက်လာ၏။ ပင်မဂိတ်တံခါးသို့ ရောက်ပြီး တွန်းဖွင့်မည်ပြုစဉ် သူက ရပ်၍ ဝတ်ပြုကျောင်းခန်းမသို့ ဦးတည်နေသော တံခါးဆီသို့ ပြန်သွားလိုက်သည်။ ထို့နောက် တွင်းနည်းနည်းပါးပါးတူးပြီး အခွံနက်ဆေးလုံးတချို့အား အထဲ၌ ဂရုတစိုက် ထားလေသည်။ ရလဒ်များနှင့်ပတ်သက်ပြီး ကျေနပ်သွားသည့်အခါ သူသည် ပရဝုဏ်ဂိတ်တံခါး၏အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့ပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။
လူတိုင်းရောက်လာဖို့ အချိန်ကျလေပြီ။
“တိုက်ပွဲဖြစ်တော့မယ်ဆိုရင် ငါ မဆုတ်မနစ် တိုက်ခိုက်မယ်” သူက တွေးလိုက်သည်။ သူသည် အသက်ရှူသံများကို တည်ငြိမ်စေပြီး ထိုသို့လုပ်လိုက်ရာတွင် မဟာတာအိုတစ်ပါးသည် သူ့ထံမှ ထွက်ပေါ်လာ၏။ သူ့ခေါင်းထဲတွင် မည်သည့်အဖျက်အတွေးမှ မရှိပေ။ ဆထက်တိုးလာနေသည့် တိုက်ခိုက်လိုစိတ်များကသာ နေရာယူထားပေသည်။
သူ၏လက်ရှိအခြေအနေသည် ပတ်ဝန်းကျင်နှင့် အတော်လေး သဟဇာတဖြစ်နေသယောင်ပင်။ ရုတ်တရက်ဆိုသလို ရှေးတာအိုဆရာများဝတ်ပြုကျောင်းထဲ၌ အကြိတ်အနယ် တိုက်ခိုက်နေသော ကျင့်ကြံသူပုံရိပ်များကို သူ မြင်လာရသည်။
ဤအခိုက်အတန့်တွင် မန်ဟိုကား လက်ရှိလောကနှင့် မသက်ဆိုင်တော့သည့်အလား ထင်ရ၏။ သူသည် ရှေးခေတ်သို့ ပြန်ရောက်သွားခဲံပြီး ၎င်း၏အရှိန်အဝါက သူ့ကို လွှမ်းခြုံနေသည်။ သူ၏တစ်ကိုယ်လုံးမှ ရှေးကျသောအငွေ့အသက်ကို ထုတ်လွှတ်လာ၏။
စုတ်ပြတ်သပ်နေသော သူ၏အဝတ်အစားများနှင့် ပေါင်းစည်းသွားသောအခါ သူသည် သူ့အနောက်၌ တည်ရှိနေသော ရှေးဝတ်ပြုကျောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပုံပေါ်သည်။ သူ့ကို ကြည့်လိုက်သော မည်သူမဆို သူသည် မျက်မှောက်ခတ်မှလား၊ ရှေးခေတ်မှလား ပြောရခက်လိမ့်မည်။
ပေါက်ကွဲသံများ တရစပ် မြည်ဟည်းနေစဉ် အတောအတွင်း နာရီအနည်းငယ်ကြာသွားသည်။ ရံဖန်ရံခါ ပေါက်ကွဲမှုခုနစ်ခု၊ ရှစ်ခုအား တစ်ပြိုင်တည်းနည်းပါး ကြားရလေရာ မြေပြင်မှာ ငလျင်လှုပ်နေတော့သည်။
ဤအခြင်းအရာအားလုံးကြောင့် ဂိုဏ်းအသီးသီး၏ အစွမ်းထက်မျိုးနွယ်ဝင်များနှင့် ရွေးချယ်ခံများမှာ အရှိန်လျှော့ချခဲ့ရလေသည်။ ထိုမျှသာမက ဝတ်ပြုကျောင်းနှင့်နီးကပ်လာလေလေ၊ လမ်းများ နည်းနည်းလာလေလေဖြစ်ပြီး နောက်ဆုံးတွင် တစ်လမ်းသာ ကျန်ရှိတော့၏။ လာရောက်ခဲ့သော လူတစ်ထောင်ကျော်အနက် အများအပြားမှာ သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရထားကြသည်။ ယခုတွင် အသက်ရှင်ကျန်ခဲ့သူများမှာ အရှေ့ရှိ လမ်းကျဉ်းကျဉ်းလေးကို လှမ်းကြည့်နေကြသည်။ ဘယ်သူမှ ပထမဆုံး မသွားလိုကြသယောင်ပင်။
“ဒီနေရာမှာ တားမြစ်မန္တန်တွေ ရှိနေတဲ့အချက်က အံ့ဩစရာမဟုတ်ဘူး။ ဒါပေမဲ့ ခြေလှမ်းတစ်လှမ်းက မြေကြီးအောက်မှာရှိတဲ့ ဖောက်ခွဲရေးယန္တရားကို အသက်သွင်းလိုက်သလိုပဲ။ အကြောင်းတစ်ခုခုကြောင့် ငါ့အတွက် ဒါတွေက တားမြစ်မန္တန်နဲ့ မတူဘူး”
“တစ်ယောက်ယောက် တမင်တကာ မြှုပ်ထားတာများ ဖြစ်နိုင်မလား”
“ကြည့်ရတာတော့ အဲဒီလိုပဲဖြစ်မယ်။ ဒါဆို ဒါတွေကို မြှုပ်ထားတဲ့သူက ကြိုရောက်နေတဲ့သဘောပေါ့...”
“သောက်ကျိုးနည်းး ။ သောက်ရမ်းတွေ စေတနာပိုနေတာပဲ။ အဲဒီလိုမျိုး ဘယ်လောက်စီရင်ထားလိမ့်မလဲ...”
“ဘယ်သူပဲလုပ်လုပ်၊ ငါတို့ ဝတ်ပြုကျောင်းထဲ ရောက်တာနဲ့ အဲဒီကောင်သေရမယ်”
လူအုပ်ကြီးထံမှ ကျိန်ဆဲသံများ ပိုမိုများလာသည်။
နောက်ဆုံးတော့ နေသူရိန်တောင်မှ ထိုက်ယန်ကျစ်က အေးစက်စက် နှာမှုတ်၍ ရှေ့တက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် စူးရှတောက်ပလာပြီး သူ၏အမူအရာမှာ မထူးခြားနားပေ။ အတော်များများက သူ့ကို လှမ်းကြည့်လိုက်ကြသည်။
“ဟုတ်တယ် တားမြစ်မန္တန်တွေ မဟုတ်ဘူး” သူက အေးစက်စက် ပြောသည်။ “အခွံနက်ဆေးလုံးတွေပဲ” ထိုသို့ပြောရင်း သူက လက်ကို ဆန့်ထုတ်လိုက်သည်။ တောက်ပသောအလင်းရောင်သည် သူ့လက်ဝါးထက်တွင်ပေါ်လာပြီး ထိုအတွင်း၌ အခွံနက်ဆေးလုံးတစ်လုံး ရှိနေသည်။
“ကျုပ် ဟိုးနားက နေရာတစ်နေရာကနေ ဒီဆေးလုံးကို တူးလို့ရခဲ့တာ။ သူ့အထဲမှာ ပရမ်းပတာဖြစ်နေတဲ့ ချီတွေရှိတယ်။ တစ်ယောက်ယောက် တမင်မြှုပ်ထားတာ သိသာတယ်”
ဤအခိုက်အတန့်တွင် မြင့်မြတ်သောရေစီးဓားဂူမှ ကျောက်ရီဖန်းက အေးစက်စက် ဝင်ပြောသည်။ “ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့၊ ဒီအခွံနက်ဆေးလုံးတွေမှာ မတည်ငြိမ်တဲ့ ပရမ်းပတာချီပါနေတာ ထင်ရှားတဲ့အတွက် အရှေ့ကလမ်းမှာ ဒီလိုဆေးလုံးတွေ ပြည့်နေမှာပဲ။ ဒီတော့ ကျုပ်တို့အကုန်ပေါင်းပြီး ဘာလို့လမ်းမရှင်းဘဲ နေဦးမလဲ”
တာအိုဆရာအစည်းအရုံးသုံးခုအနက်မှ တစ်ခု၏ ကိုယ်စားလှယ်ဖြစ်သည့်အားလျော်စွာ သူ့စကားလုံးများက ဖိအားကို သယ်ဆောင်လာသည်။
“အဲဒီဆေးလုံးမှာ ပါဝင်တဲ့ ပရမ်းပတာချီက အင်မတန် သိပ်သည်းတယ်” နမဝပင်လယ်နတ်လောကမှ ဖန်းတုံးအာက ပြောသည်။ သူမအသံသည် တည်ငြိမ်ပြီး သာယာနာပျော်ဖွယ်ကောင်း၏။ တခြားဂိုဏ်းများမှ ရွေးချယ်ခံများမှ သူမအသံကို ကြားလျှင် အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လာကြသည်။
လူတိုင်း သဘောတူလိုက်ကြပြီဖြစ်၍ မှော်ပစ္စည်းများ ကိုယ်စီထုတ်လိုက်ကြသည်။ မဟာတာအိုတစ်ပါးကို ဖော်ကျူးနေသော လှိုင်းများ စီးဖြာလာပြီး နဂါးများနှင့် ဖီးနစ်ငှက်များ၏ အော်သံအား ကြားလာရသည်။ အလင်းတန်းများ ကန့်လန့်ဖြတ်သွားပြီး လှိုင်းများ အတူတကွ စုပေါင်းကာ မြေကြီးကို ဦးတည်သွားသော အားလှိုင်းတစ်လှိုင်းဖြစ်လာ၏။ ၎င်း ဖြတ်သွားစဉ် ၎င်းသည် မြေကြီးကို လှန်ကာ တစ်မီတာနက်သော လမ်းတစ်လမ်းထွင်းလိုက်၏။
ရွေးချယ်ခံများမှာ တတ်နိုင်သမျှ အရှိန်အကုန်ထုတ်ရင်း လမ်းအတိုင်းလိုက်သွားရာ အဆုံးတွင် ဝတ်ပြုကျောင်းအား မြင်လိုက်ရလေပြီ။
သူတို့ရောက်လာသောအခါ ဝတ်ပြုကျောင်း၏အပြင်၌ ခပ်စုတ်စုတ်ဝတ်ရုံတစ်စုံ ဝတ်ထားသော ပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။ သူသည် ရှေးဆန်သောအရှိန်အဝါကို ထုတ်လွှတ်နေပြီး ဝတ်ပြုကျောင်းနည်းတူ ရှေးကျနေသယောင်ပင်။ သူ့အနောက်ရှိ ဝတ်ပြုကျောင်းထဲတွင် ရှေးတာအိုဆရာများဝတ်ပြုကျောင်းတစ်ကျောင်း၏ပုံသဏ္ဌာန်ကို မြင်လိုက်ရရာ လူတိုင်း ရင်သပ်ရှုမောသွားကြလေသည်။
တင်ပျဉ်ခွေထိုင်နေသောလူက မျက်လုံးများ ဖွင့်လိုက်ပြီး ရှေးခေတ်ကို မျှော်ကြည့်နေသည့်အလားပင်။ သူ စကားပြောလိုက်သောအခါ သူ၏အသံသည် ရှေးကျသောအရှိန်အဝါဖြင့် ပြည့်ဝလျက် ပဲ့တင်ထပ်လာ၏။
“မင်းတို့ကို စောင့်နေခဲ့တာ...”
လူတိုင်း ပင့်သက်ရှိုက်သွားပြီး သွားနေရာမှ ရပ်လိုက်ကြ၏။
***