← Chapters

ငါက မြေအစောင့်အရှောက်

Vol. 58 Ch. 812

ငါက မြေအစောင့်အရှောက်

Vol. 58 Ch. 812

မန်ဟို့ကို မြင်၍ ရပ်လိုက်သောအခါ ရွေးချယ်ခံအရေအတွက်မှာ ဆယ်ယောက်ကျော်နေလေပြီ။ သူတို့သည် သူတို့ထက်ကြို၍ ဤနေရာသို့ ကြိုရောက်နေခဲ့သော တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု သုံးသပ်ခဲ့ကြပြီးဖြစ်၏။ သို့သော် မန်ဟို့ကို မြင်သောအခါ သူ၏အတွေးတန်းကြီးမှာ အဆုံးသတ်သို့ ရောက်သွားခဲ့လေပြီ။

“သူက...”

“သူက ငယ်တဲ့ပုံပေါ်ပေမယ့် သူပေးနေတဲ့ ခံစားချက်အရဆိုရင် ရှေးခေတ်ကနေ ဒီနေ့ထက်ထိ တည်ရှိခဲ့နေသလိုပဲ။ သူက ဘယ်သူပါလိမ့်”

“သူ့ဝတ်ရုံတွေကို ကြည့်စမ်း။ သေချာပေါက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းလာခဲ့တာ သိသာတယ်။ ကြည့်လေ။ ရုပ်ဖျက်ဖို့ တွေ့ကကာအဝတ်စုတ်ကို ကောက်ဝတ်ထားတာ မဟုတ်ဘူး။ ဒီအဝတ်တွေက သူဝတ်နေတဲ့အတောအတွင်း ပျက်စီးဆွေးမြည့်သွားခဲ့တာ”

“သူက ဒီအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ တာအိုစောင့်ရှောက်သူများ ဖြစ်နေမလား”

“သူ့ဆီက ရှေးကျတဲ့အငွေ့အသက်တွေက အတုလုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ သေချာပေါက် အစစ်”

မန်ဟိုပေးနေသော ခံစားချက်မှာ မျက်မှောက်ခေတ်၏ကျင့်ကြံသူများ ပိုင်ဆိုင်သောအရာမျိုးမဟုတ်ပေ။ ယခုတွင် နဝမတောင်နှင့်ပင်လယ်မှ ဂိုဏ်းများ၊ မျိုးနွယ်စုများမှာ အကြီးပိုင်းမျိုးဆက်များ ရောက်လာကြသည်။ သူတို့လည်း မန်ဟို ရှေးဟောင်းဝတ်ပြုကျောင်းရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လျှင် ပင့်သင့်မရှိုက်မိဘဲ မနေပေ။

“ဒီလူရဲ့ ရှေးဆန်တဲ့ အရှိန်အဝါက အဲဒီရှေးဟောင်းဝတ်ပြုကျောင်းနဲ့ တစ်ထပ်တည်းပါလား။ သူက တကယ်ပဲ ... တာအိုစောင့်ရှောက်သူတစ်ယောက်ဖြစ်နေမလား”

“ကျုပ်တစ်ခါက ပုံပြင်တစ်ပုဒ် ကြားဖူးတယ်။ နဝမတောင်နဲ့ပင်လယ်မှာ ကျန်တဲ့အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွေ ပွင့်လာတဲ့အခါ ထူးဆန်းတာတွေ ရှိတယ်။ တစ်ကျောင်းစီမှာ တာအိုစောင့်ရှောက်သူလိုလူတွေ ပေါ်လာတတ်တယ်”

“ဒါပေမဲ့ သူက ... ငယ်လွန်းတယ်။ ငါတို့ထက် စောရောက်ပြီး နှပ်ချဖို့ ကြိုးစားနေတာဆိုရင် ဘယ်လိုလုပ်မလဲ”

မှတ်ချက်အမျိုးမျိုး ကြားရနိုင်သည်။ တချို့က တုန်လှုပ်နေကြပြီး တချို့က သံသယဝင်နေကြသည်။ ရွေးချယ်ခံများမှာမူ ဉာဏ်နီဉာဏ်နက်များပြီး အလွန်ဉာဏ်ကောင်းသူများဖြစ်လေသည်။ လူတစ်ယောက်သည် ထူးချွန်ပြောင်မြောက်သော ရွေးချယ်ခံဖြစ်လာဖို့အတွက် ပင်ကိုယ်စွမ်းရည်တစ်ခုတည်းကိုသာ အားကိုး၍မရနိုင်သည်မဟုတ်ပါလော။

သူတို့သည် အတန်ငယ်အံ့ဩသွားသော်လည်း မန်ဟို့ကို အလျင်အမြန် အကဲခတ်လိုက်ရာတွင် မျက်လုံးများ ထူးဆန်းစွာ တောက်ပသွား၏။

မန်ဟို၏အမူအရာမှာ နဂိုအတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်နေသည်။ သူသည် သူတို့၏ဆွေးနွေးသံများကို ကြားလျှင် စိတ်အားတက်ကြွစွာဖြင့် ရင်တဒိန်းဒိန်း ခုန်လာပြီးနောက် ရှက်ကိုးရှက်ကန်းအမူအရာတစ်ခုက သူ့မျက်ဝန်းများ၏ အနက်ပိုင်းထဲ၌ ပေါ်လာသည်။ သို့သော် ၎င်းသည် တခဏကြာသော် လေးနက်သွားပြီး သူ၏ဓမ္မဓိဋ္ဌာန်ကျသောအကြည့်က လူအုပ်ကြီးကို လွှမ်းခြုံသွား၏။

လေမတိုက်သည့်တိုင် သူ၏ စုတ်ပြတ်နေသော အဝတ်အစားများမှာ လှုပ်ခါနေပြီး ရှေးကျသောအရှိန်အဝါသည် ပို၍အားကောင်းလာ၏။ မန်ဟိုကား မဟာတာအို၏တေးသွားကို တမင်တကာ ကျယ်လောင်လာစေရင်း အလွန်ရှေးကျသောအသံနေအသံထားဖြင့် ဖြေးညင်းစွာ စကားစပြောတော့သည်။

“အင်မော်တယ်ရှေးဟောင်း လွတ်မြောက်သွားခဲ့ပြီး မဟာတာအို သက်ဆင်းလာခဲ့ပြီ။ ဒီဒဏ္ဍရီလာနေရာမှာ ဘယ်လမ်းက မှန်ကန်တဲ့လမ်းလဲဆိုတာ မင်းတို့ ဆုံးဖြတ်ရမယ်.... ဂျူနီယာမျိုးဆက်ရဲ့ ကျင့်ကြံသူတို့ ရှေ့တက်လာခဲ့ပါ ... ငါ မင်းတို့ကို စောင့်နေခဲ့တာ တော်တော်ကြာပြီ....” သူသည် ညာလက်ကို မြှောက်၍ အင်္ကျီလက်စကို ခါလိုက်၏။ သို့သော် သူ၏လက်စခါခြင်းက မည်သည့်အရာကိုမှ မဖြစ်ပွားစေခဲ့ပေ။

လူအုပ်ကြီးသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ရွှန်းရွှန်းစားစား လှည့်ပတ်ကြည့်လိုက်ကြ၏။ မည်သည့်အရာမှ မဖြစ်ပွားနေသဖြင့် ထိုက်ယန်ကျစ်က နှာခေါင်းရှုံ့လိုက်သည်။

“မင်းက အယောင်ဆောင်ပဲ” သူက ရှေ့လျှောက်လာရင်း ပြောသည်။ “လျှောက်စီးနေတဲ့ အဖျက်ကောင်” သို့သော် သူသည် သုံးလှမ်းသာ လှမ်းရသေးပြီး သူ့အရှေ့ရှိ တစ်စုံတစ်ခုကို တအံ့တဩ ကြည့်နေတော့၏။

လူအုပ်ကြီးမှာ ဤသို့ဖြစ်ပျက်သွားသည်ကို မြင်လျှင် မျက်လုံးများ လင်းလက်သွားကြသည်။ ဖန်ရှန်ရှန်းက ရှေ့တစ်လှမ်းတက်လိုက်ပြီး ဖန်ယွင်ရီနှင့် ဖန်တုံးဟန်တို့လည်း ထိုနည်းတူပင်။ သုံးလှမ်းလှမ်းပြီးသော် သူတို့အားလုံး တုန်ရီသွားရင်း တုံ့ခနဲ ရပ်လိုက်ကြကာ အရှေ့ရှိ တစ်စုံတစ်ခုကို စိုက်ကြည့်၍ အသက်ရှူသံများ မြန်လာလေသည်။

မြင့်မြတ်သောရေစီးဓားဂူမှ ကျောက်ရီဖန်း၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်စအား မြင်ရနိုင်သည်။ သူသည် ဝမ်မူနှင့် စုန့်မျိုးနွယ်စုမှ စုန့်လော့တန်တို့နှင့်အတူ ရှေ့တက်လိုက်၏။ သူတို့လည်း သုံးလှမ်းသာ လှမ်းရသေးသည်၊ ရပ်သွားကြလေပြီ။

လီလင်းအာလည်း မျက်လုံးများ တဖျပ်ဖျပ် လက်သွားကာ ကျီမျိုးနွယ်စုကံကြွေးမျှင်များ ရစ်သိုင်းနေသော ကျီယွင်နှင့်တစ်ပြိုင်တည်း လျှောက်လိုက်သည်။ သူတို့နောက်တွင်တော့ နဝမပင်လယ်နတ်လောကမှ ဖန်းတုံးအာ။

နောက်ဆုံးတော့ ရွေးချယ်ခံအားလုံး သူတို့၏တာအိုစောင့်ရှောက်သူများနှင့် ရှေ့တက်သွားကြလေပြီ။ ကျင်ရှန်းတစ်ယောက်တည်းသာ ဝတ်ပြုကျောင်းရှေ့၌ ခပ်တည်တည် တင်ပျဉ်ခွေထိုင်နေသော မန်ဟို့ကို တအံတဩ စိုက်ကြည့်လျက် ကျန်ရစ်ခဲ့သည်။ သူမမှာ မယုံနိုင်စွာဖြင့် မျက်တောင်လေး ပုတ်ခတ်၊ ပုတ်ခတ်လုပ်ပြီးနောက် ... ရယ်မိတော့မတတ် ဖြစ်သွား၏။

ယခုတွင် အကုန်လုံးလိုလို ရှေ့တက်သွားခဲ့လေပြီ။ သူတို့သည် ဝတ်ပြုကျောင်း၏ မီတာသုံးရာပတ်ဝန်းကျင်အတွင်း ဝင်ရောက်သွားလျှင်ချင်း မန်ဟို ဤနေရာသို့ ပထမဆုံးရောက်လာခဲ့စဉ်က မြင်ခဲ့ရသော ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ကြရ၏။

၎င်းက စိမ်းလဲ့လဲ့ကျောက်ပြားအပြည့်ခင်းထားသော ခမ်းနားကြီးကျယ်သည့် ရင်ပြင်ကြီးတစ်ခု၏ မြင်ကွင်းဖြစ်သည်။ မရေမတွက်နိုင်သောပုံရိပ်များ ကျင့်ကြံအားထုတ်နေကြပြီး ခပ်မြင့်မြင့်ပလ္လင်ပေါ်တွင် အဘိုးကြီးတစ်ယောက်သည် တာအိုတရားဟောပြောနေ၏။ သူ၏အသံကား သဲသဲကွဲကွဲ မကြားရသော်လည်း သူ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဧရာမ ‘အင်မော်တယ်’စာလုံးကြီးတစ်လုံး ပေါ်လာသည်။

ကြယ်မြစ်တစ်စင်း ကောင်းကင်ထက်တွင် စီးဆင်းသွားပြီး နေနှင့်လထွက်လာသည်။ လူများက ကောင်းကင်မှ ကြယ်တာရာတို့ကို ခူးဆွတ်ပြီး စိတ်ဝိညာဉ်များ ထုတ်ယူရန် မြေကြီးကို ခြေဆောင့်နင်းလိုက်ကြ၏။ တဂျိန်းဂျိန်း တဂျုန်းဂျုန်း မြည်နေသော စစ်မြေပြင်တစ်ခုအား မြင်ရနိုင်ပြီး လူများ ဉာဏ်အလင်းရနေကြသည်။ လူတစ်ယောက်သည် တဟားဟားရယ်ရင်း ထရပ်လိုက်ကာ သူ၏ခန္ဓာကိုယ်သည် ခြေမကိုသာ မြင်တော့သည်အထိ စိတ်ကူးကြည့်၍မရလောက်အောင် ကြီးထွားသည်။ ခြေမမှအပ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို .... မမြင်ရတော့ပေ။

လူတိုင်းသည် မြင်နေရသောအရာကြောင့် တုန်လှုပ်နေကြ၏။ သူတို့မှာ ရှေးခေတ်သို့ ပို့ဆောင်ခံလိုက်ရသည့်အလား ခံစားရပြီး ၎င်းက သူတို့၏စိတ်များကို ချာချာလည်သွားစေသည်။ အဆုံးသတ်တွင် သူတို့မြင်လိုက်ရသည်မှာ သူတို့၏အရှေ့၌ မန်ဟိုနှင့် ချွတ်စွပ်တူသော ပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်ကိုပင်။

သူတို့အနီးကပ်မကြည့်နိုင်ခင် မြင်ကွင်းမှာ မှေးမှိန်ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုက်ယန်ကျစ်ပင်လျှင် ကတုန်ကယင်ဖြင့် မန်ဟို့ကို လှမ်းကြည့်လိုက်၏။ ယခုတွင် သူ့မှာ စောစောကဲ့သို့ မပြောရဲတော့ပေ ။

စောစောက မန်ဟို အင်္ကျီလက်စခါခဲ့သောအခါ နတ်ဘုရားစွမ်းရည်တစ်မျိုး မဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ထိုအစား ၎င်းက သူတို့အတွက် နားလည်ရခက်ခဲသော တာအိုမှော်သိုင်းတစ်ခု ဖြစ်နေခဲ့သယောင်ပင်။

လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မယုံချင်သော်လည်း ‌ယခုလေးတင် မျက်မြင်တွေ့ခဲ့ရသောပုံရိပ်များကား စစ်မှန်လွန်းလေသည်။

ဂိုဏ်းသူတစ်ယောက်က လက်ယှက်ပြီး မန်ဟို့ကို လေးလေးစားစား အရိုအသေပေးသည်။ “စီနီယာက ... ဒီနေရာရဲ့ တာအိုစောင့်ရှောက်သူလား”

ဤမေးခွန်းကို ကြားလျှင် လူတိုင်းက မန်ဟို့ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ ကျင်ရှန်းတွင်တော့ ထူးဆန်းသော မျက်နှာအမူအရာရှိ၏။

ရွေးချယ်ခံများမှာ လုံးလုံးလျားလျား အာရုံစိုက်နေလေသည်။ သူတို့သည် စောစောက ထိတ်လန့်ခဲ့ကြသော်လည်း ယခုတွင် သူတို့၏မျက်လုံးများမှာ ယခင်အတိုင်း တောက်ပသွား၏။ ကျောက်ရီဖန်းက မန်ဟို့ကို သေသေချာချာ ကြည့်နေပြီး ဓားအလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။

ဖန်းတုံးအာ၏အမူအရာမှာမူ တည်ငြိမ်နေသော်လည်း မန်ဟို့ထံမှ သူ့အနောက်ရှိ ဝတ်ပြုကျောင်းဆီသို့ အကြည့်ပို့လိုက်စဉ် သူမမျက်လုံးများ စူးရှတောက်ပလျက်ရှိ၏။

ကျီယင်တွင် ရေခဲတမျှ ခက်ထန်အေးစက်သော အကြည့်ရှိသည်။ သူသည် ဘာမှမပြောဘဲ ရပ်ကြည့်နေသည့်တိုင် သူ့ထံမှ ထူးထူးဆန်းဆန်းဖိအားတစ်ခု ဖြာထွက်နေပြီး ကံကြွေးက ထုံးစံအတိုင်း သူ့ကို ရစ်သိုင်းနေသည်။

သူတို့အားလုံးသည် မန်ဟို့ကို ကြည့်နေကြ၏။ မန်ဟိုကား ယခုတွင် နဝမတောင်မှ ဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံး၏ အာရုံစိုက်ရာဖြစ်သွားလေပြီ။ အတော်များများက သူ့ကို မျက်လုံးများ ကျဉ်းမြောင်းလျက် ကြည့်နေသည်။

“ငါက ဒီတာအိုဆရာများဝတ်ပြုကျောင်းရဲ့ တာအိုစောင့်ရှောက်သူမဟုတ်ဘူး” မန်ဟိုက တုန်ရီနေသောအသံဖြင့် ပြောသည်။ “ငါက မြေအစောင့်အ‌ရှောက်လေးသာသာပါပဲ” ဝတ်ပြုကျောင်းခန်းမအထဲရှိ အရူးအိုကြီးထံမှ သင်ယူခဲ့သည့်အတိုင်း အတိတ်ကို လွမ်းဆွေးနေသော အမူအရာက သူ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။

သူ၏စကားလုံးများက အတော်များများကို ချက်ချင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ရစေ၏။

“မြေအစောင့်‌‌အရှောက်။ ငါ ပုံပြင်တစ်ပုဒ်ကြားဖူးတယ်။ တစ်ခါတုန်းက ဒီလို ရှေးဟောင်းနေရာမျိုးမှာ အစွမ်းအထက်ဆုံးက တာအိုစောင့်ရှောက်သူတွေမဟုတ်ဘဲ မြေအစောင့်အရှောက်တွေတဲ့”

“ငါလည်း အဲဒီလိုကြားဖူးတယ်...” လူများ ဆွေးနွေးကြသည့်အချိန်မှာပင် မောက်မာထောင်လွှားတတ်ပုံရသော မျက်နှာရှစ်ခေါက်ချိုးနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ သူ လူကြားထဲမှ ထွက်လာစဉ် ကြယ်စင်စွမ်းအားက သူ့ကို ဝန်းရံလှည့်ပတ်နေသည်။

“အဲဒါက အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းက တာအိုကလေးအလောင်းအလျာပဲ”

“သူက တစ်ခါတုန်းက အတုအယောင်အင်မော်တယ်တစ်ယောက်ကို သတ်ခဲ့တယ်ကြားတယ်။ ဒဏ်ရာတော့ ရခဲ့ပေမယ့် အဲ့ဒါက သာမန်စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတွေ ဘယ်တော့မှ လုပ်နိုင်တဲ့အရာမဟုတ်ဘူး”

စကားသံများ ဆူညံနေစဉ် လူငယ်က မန်ဟိုရှိရာသို့ လမ်းလျှောက်လာသည်။ သူ့နောက်မှ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း၏ ဂိုဏ်သားဒါဇင်ချီနှင့်အတူ ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ထားသော အဘိုးကြီးတစ်စု လိုက်လာသည်။ ဤလူများက သွေးအေးသောအကြည့်များကို ဆင်မြန်းထားပြီး မန်ဟို့စကားကို မယုံကြောင်း သိသာသည်။

“မင်းဘာသာမင်း တာအိုစောင့်ရှောက်သူဖြစ်ဖြစ် မြေအစောင့်အရှောက်ဖြစ်ဖြစ် လှည့်စားနေတာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး ။ ဘေးဖယ် ငါ အဲဒီဝတ်ပြုကျောင်းထဲ ဝင်မလို့”

သူတို့ နီးကပ်လာစဉ် မန်ဟို့မျက်နှာကြီး မည်းမှောင်သွားသည်။ သူသည် လက်ကို မြှောက်လိုက်ပြီး လေမတိုက်သည့်တိုင် သူ၏အဝတ်အစားများ လှုပ်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ပုလဲဖြူပုလဲနက်က သူ့လက်ထဲတွင် ပေါ်လာကာ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားသော ရှေးစွမ်းအားတစ်ရပ်အသွင်ပြောင်းသွားသည်။

ထို့နောက် မန်ဟိုသည် ထိုနှစ်တွေတုန်းက လှေပေါ်ရှိ အဘိုးကြီး၏ပုံစံကို ပြန်မြင်ယောင်ပြီး တစ်ပုံစံတည်း တုပလိုက်၏။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ လူငယ်ကို ကြည့်လိုက်စဉ် သူ၏မျက်လုံးများတွင် ရှေးဆန်သောအရှိန်အဝါတစ်ခု ပြည့်သွားသည်။

“အဲဒီမှာ ရပ်လိုက်စမ်း” သူက အေးစက်စက် ပြောသည်။ ပုလဲဖြူပုလဲနက်က စူးရှသောအလင်းရောင်ကို ထုတ်လွှတ်နေပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟိုမှာ ပြင်းထန်သော ရှေးစိတ်ဆန္ဒကို ထုတ်လွှတ်လာသည့်အလား ထင်ရသည်။

အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ တာအိုကလေးအလောင်းအလျာမှာ မျကိနှာရိပ်ခနဲ ဖြစ်သွားရင်း တုံ့ခနဲ ရပ်လိုက်သည်။ ထို့နောက် သူက မန်ဟို့ကို မမှိတ်မသုန် လှမ်းကြည့်လေသည်။

သူ့နောက်မှ လိုက်နေသူများအပါအဝင် အကုန်လုံး မန်ဟိုကို စိုက်ကြည့်နေကြခြင်းဖြစ်သည်။ တစ်ယောက်ချင်းစီမှာ မန်ဟို့ကို မည်သို့မည်သို့လုပ်ရမလဲ မသိ၍ အလျင်စလို မလှုပ်ရှားချင်ကြပေ။

“အင်မော်တယ်ရှေးဟောင်း လွတ်သွားပြီဆိုပေမယ့် လူတိုင်း ဝင်ရောက်ပြီး ဒီတာအိုဆရာများဝတ်ပြုကျောင်းအကြောင်း ဉာဏ်အလင်းရှာခွင့်မရှိဘူး။ တာအိုကို ဖော်ဆောင်ပြနိုင်တဲ့လူတွေပဲ ဝင်ခွင့်ရှိမယ်”

အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ တာအိုကလေးအလောင်းအလျာမှာ ချီတုံချတုံဖြစ်သွားသည်။ သူသည် မန်ဟို့ကို ကြည့်နေစဉ် မန်ဟိုမှာ ထူးဆန်းသောစွမ်းရည်တချို့ ပြည့်နေပုံရသော်လည်း မည်သည့်အရာလဲ သူ အတိအကျ‌မပြောတတ်ပေ။ သူက လူအုပ်ထဲရှိ ကျန်ရှိသူများကို ပြန်ကြည့်လိုက်ရာ သူတို့တွင်လည်း တူညီသောအမူအရာများကို မြင်လိုက်ရသည်။

ဘယ်သူမှ စကားတစ်ခွန်းမပြော။ လက်ရှိတွင် ကောင်းကင်သည် မှောင်မည်းလာပြီး ‌လထွက်လာခဲ့လေပြီ။ ရုတ်တရက် လေတစ်ချက် တိုက်လာပြီး တစ္ဆေ‌ခြောက်သံများအား ကြားလာရသည်။ အမှောင်ထုကား မြေပြင်တစ်ခွင် စိုးမိုးလာလေသည်။ ဤအခိုက်အတန့်တွင် ဖန်တုံးဟန်က အေးစက်စက် ရယ်ပြီး ရှေ့တက်လာ၏။ သူ၏စွမ်းအားကား တဖွေးဖွေး လှုပ်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြင်းထန်သောစွမ်းအားတို့ ထွက်ပေါ်လာသည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ငါ့သိုင်းကွက်တွေကို မင်း မှတ်ချက်နည်းနည်းပါးပါး ပေးဖို့ အချိန်ကျပြီ” သူက အရှိန်တင်လိုက်ပြီး မန်ဟို့ကို တိုက်ခိုက်တော့မည့်အချိန် မန်ဟိုက တစ်ယောက်တည်း တစ်စုံတစ်ခုအား ရေရွတ်လိုက်သည်။ ကောင်းကင်သည် မှောင်းမည်းလာနေပြီး ‌တရှဲရှဲ လေခြောက်သံများက သူ့ကို အကြံတစ်ခု ရစေသည်။ သူက ရုတ်တရက် ဖန်တုံးဟန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

သူသည် တင်ပျဉ်ခွေထိုင်နေရာမှ ထလာရာ ကြည့်နေကြသူအားလုံး၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ အတော်များများသည် အခြေအနေတစ်ခုလုံးနှင့်ပတ်သက်ပြီး သံသယဝင်နေကြသဖြင့် သူ အမှန်‌ပြောနေသည်ဟူ၍ မမြင်ပေ။

ဖန်တုံးဟန်၏မျက်လုံးများပင် ပြူးသွားသည်။ သူ၏လှုပ်ရှားမှုများက တဇွတ်ထိုးဆန်သယောင်ထင်ရသော်လည်း တကယ်တမ်း သူသည် အလွန်သတိရှိသောလူတစ်ယောက်ဖြစ်၏။

လူတိုင်း ကြည့်နေကြစဉ် မန်ဟိုက ရုတ်တရက် ခေါင်းနောက်လှန်ပြီး တဟားဟား အော်ရယ်လေသည်။

“မမှန်ကန်တဲ့လမ်း.... အမွေက ဖြတ်တောက်ခံလိုက်ရတာလား..... အဲဒီစစ်ပွဲပြီးကတည်းက နှစ်တွေအများကြီး ကြာခဲ့ပြီ...” သူသည် ဆက်တိုက်ရယ်နေပြီး မကြာခင် ရယ်သံများတွင် ရူးသွပ်မှုတို့ ရောယှက်လာသည်။

“အကုန်လုံးသေသွားပြီ။ မြေပြင်တွေ ကြေမွသွားပြီ။ ကြယ်မြစ်တွေ ပြတ်တောက်သွားပြီ...” ရုတ်တရက် သူသည် ငိုနေပုံပေါ်လာပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်လာ၏။

“တော်ပါတော့၊ ငါ သက်ရှိတွေကို မထိန်းချုပ်နိုင်ဘူး။ သရဲတွေပဲ ဖိနှိပ်နိုင်တာ ...

“သွားပြီ။ အကုန်လုံးသွားပြီ...

သူ၏စကားလုံးများက သူ၏ပတ်ဝန်းကျင်မှ တုံ့ပြန်မှုတစ်ခုကို လှုံ့ဆော်လိုက်သယောင်ပင်။ လေသည် အေးစက်ပြင်းထန်လာပြီး အမျိုးသမီး‌တစ်ယောက်၏ငိုသံ ပျံ့လွင့်လာသည်။ မြေကြီးသည် တုန်ခါနေပြီး မှောင်မည်းသွားသဖြင့် လူတိုင်း၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် ...

“ကယ်ပါ ၊ အိမ်ပြန်ချင်တယ် ... ပါရာဂွန်ကြီး ကယ်ပါဦး ၊ ကယ်ပါဦး...” နာနာဘာဝအသံများက မြေကြီးပျံ့လွင့်လာပြီး အံ့ဖွယ်အအေးဓာတ်က လေတွင် ပြည့်နှက်လာသည်။ ဆံပင်မည်းမည်းကြီးများက ဝတ်ပြုကျောင်းထဲရှိ ရေတွင်းထဲမှ ဖြာထွက်လာသည်။ နွယ်များက တွဲလျားကျ၍ ရှေ့နောက်ယိမ်းနေသည်။ ငိုလိုက်၊ အသံများက လေတွင် ပြည့်နှက်နေ၏။

မြင်ရသည့် တစ်ခုတည်းသော အလင်းရောင်မှာ ကြေးဆီမီးအိမ်၏ တဖျတ်ဖျတ်လှုပ်နေသော မီအလင်းရောင်သာ။

မန်ဟို၏အသံကိုပါ ထည့်ပေါင်းလိုက်လျှင် ဤတို့အားလုံး မည်သူ့ကိုမဆို ခေါင်းမွှေးထောင်သွားရလောက်အောင် ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခု ဖြစ်သည်။ စောစောက မန်ဟို့ကို သံသယရှိခဲ့သော ရွေးချယ်ခံများမှာ ယခုတွင် တွေးတောနိုင်စွမ်းမရှိတော့သည်အထိ မှင်သက်နေကြ၏။ ဖန်တုံးဟန်မှာ ဦးရေပြားတို့ ထုံကျင်နေပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ တာအိုကလေးအလောင်းအလျာမှာ ပါးစပ်အဟောင်းသားနှင့် ဒယိမ်းဒယိုင်ဖြစ်သွား၏။

မန်ဟိုက သူ့ကိုယ်သူ အတော်လေး ကျေနပ်နေရင်း ဆက်လက်ပြီး တငိုငို၊ တရယ်ရယ်လုပ်နေသည်။

***

All Chapters