အမည်းတုံးလေးနဲ့ နှင်းနှင်းလေး
Vol. 58 Ch. 813
ကျင်ရှန်းမှအပ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းသို့ ရောက်လာခဲ့သော ရွေးချယ်ခံအကုန်လုံး တုန်လှုပ်သွားကြသည်။ ယခုတွင် သူတို့သည် .... မန်ဟိုနှင့်ပတ်သက်ပြီး ယုံကြည်စပြုလာကြ၏။
ယခင်က တချို့မှာ သံသယဝင်ခဲ့ကြသော်လည်း ဆန်းကြယ်သောအရာတစ်ခုပြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။ ထူးဆန်းသောမြင်ကွင်းများ၊ အေးစိမ့်သော၊ ကြောက်မက်ဖွယ်အရှိန်အဝါတို့က ... သူတို့ကို ယုံကြည်ဖို့မှတစ်ပါး ရွေးချယ်စရာကင်းမဲ့စေသည်။
အထူးသဖြင့် ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်နေသော မန်ဟို၏ အရူးကြီးလို ငိုသံ၊ ရယ်သံများပင်။ ၎င်းက စောင့်ကြည့်နေသူများကို ခေါင်းနပန်းကြီးစေသည်။ ဤနေရာရှိ ထူးဆန်းသော ဖြစ်စဉ်၊ မှင်ကဲ့သို့ နက်မှောင်နေသောဆံပင်များ၊ အလိုအလျောက် လွှဲနေသော နွယ်ဒန်း၊ မြေကြီးမှ ထွက်နေသည့်အသံများ ဤအရာအားလုံးက သူတို့အတွက် မန်ဟို့ကြောင့် ဖြစ်နေခဲ့သည့်အလားပင်။
ကျင်ရှန်းပင်လျှင် မယုံကြည်စွာဖြင့် မျက်ဝန်းကလေးများ ပြူးကျယ်နေသည်။ မန်ဟို့အကြောင်းသာ သူမ မသိခဲ့လျှင် သူမလည်း ကြက်သေသေသွားလိမ့်မည်။
အရာအားလုံး စီစဉ်ထားသည့်အတိုင်း သွားနေလျှင် မန်ဟို့အနေဖြင့် အချိန်ဆွဲကောင်းဆွဲထားနိုင်သော်လည်း သိပ်မသွားလှပေ။ ဤနေရာရှိ လူများသည် သာမန်ထက် ထူးခြားသူများဖြစ်၍ ခြေလှမ်းလေးတစ်ချက် မှားသည်နှင့် သူတို့၏သံသယများကို လှုံ့ဆော်မိနိုင်သည်။ လူတစ်ယောက် သူကို တိုက်ခိုက်လိုက်ရုံနှင့် အသေအကြေသတ်ပွဲကြီး ဖြစ်ပွားလိမ့်မည်။
အမှန်လည်း ဤအခိုက်အတန့်တွင် ကျီမျိုးနွယ်စု၏ အကြီးအကဲတစ်ဦးသည် မန်ဟို့ကို စမ်းသပ်လိုသဖြင့် မျက်လုံးများ တောက်ပလျက် ရုတ်တရက် ရှေ့တက်လာသည်။
ဤလူများမှာ အမှန်တကယ် နှပ်ချဖို့ မလွယ်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟိုမှာ သက်ပြင်းချလိုက်၏။ သို့သော် ထိုစဉ် ကျီမျိုးနွယ်စုမှ အဘိုးကြီးက တုံ့ခနဲ ရပ်လိုက်ပြီး မျက်နှာတွင် အံ့အားသင့်မှုတို့ ပြည့်နှက်သွားသည်။ လူတိုင်းလည်း မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး ပင့်သက်ရှိုက်မိသွားသူ နည်းနည်းနောနော မဟုတ်ပေ။
မန်ဟိုလည်း အံ့ဩသွားပြီး ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ဖြစ်လာအောင် သူ ဘာလုပ်ခဲ့မိသလဲ သိချင်သွား၏။
ဤအခိုက်တွင် ခပ်စိမ့်စိမ့် လေတစ်ချက်က သူ့ကျောကို တိုးဝှေ့သွားသည်။ သူ့ဇက်ပိုးပေါ်သို့ ရေခဲတုံကြီးကျလာသည့်အလားပင်။ သူက အလိုလို လှည့်ကြည့်လိုက်ရာ ....
ရေတွင်းထဲမှ ခေါင်းကြီးသည် သူ့အနောက်တွင် ပျံဝဲနေ၏။ ၎င်းကား ရေတွင်းထဲတွင် နှစ်ပေါင်းသန်းနှင့်ချီ ပုပ်သိုးဆွေးမြေ့နေခဲ့သော ခေါင်းတစ်ခေါင်းဖြစ်သည်။
မန်ဟိုက တစ်ဖက်လှည့်၍ ခေါင်းကို သူ့ဆီ ပျံသန်းလာပြီး သူ့ကို ထိတော့မည်ကို မြင်လျှင် မျက်တောင်ခတ်လိုက်သည်။ ထို့နောက် လူအုပ်ကြီးကို ပြန်လှည့်ကြည့်ပြီး အေးအေးလူလူ ပြောလေ၏။ “ဒါ အမည်းတုံးလေးလေ။ ကြောက်စရာမလိုဘူး”
သူသည် လည်ချောင်းရှင်းပြီး သွေးနက်များ စက်လက်စက်လက် ကျရင်း လွှဲနေသော နွယ်ဒန်းကို လက်ညှိုးထိုးလိုက်၏။ “ဟိုးက နှင်းနှင်းလေး။ လာပါဦး နှင်းနှင်းလေးရေ၊ အကုန်လုံးကို နှုတ်ဆက်လိုက်ပါဦး”
သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် နွယ်က လှုပ်နေခြင်း ရပ်သွားသည်။ ထို့နောက် စက်လက်စက်လက်ကျနေသော သွေးများက ရွေ့လျားလာရာ မမြင်ရသောပုံရိပ်တစ်ခု လမ်းလျှောက်ပြီး မန်ဟို့ဘေးတွင် ရပ်လိုက်သည့်အလားပင်။
မန်ဟိုပင်လျှင် ဤအခြင်းအရာကြောင့် လန့်ဖျပ်သွားသည်။ သူက သူ့ဘေးရှိ မြေကြီးအပေါ် စက်လက်စက်လက် ကျနေသာ သွေးမည်းမည်းများကို ကြည့်ပြီး မတ်တပ်နေသည့် ကလေးတစ်ယောက်၏ပုံရိပ်ကို မြင်သည်ဆိုရုံကလေး မြင်ရလိုက်သော်လည်း လူအုပ်ကြီးကို ကြည့်နေသည်လား၊ သူ့ကို ကြည့်နေသည်လား မထင်ရှားပေ။
မန်ဟိုမှာ ဤကဲ့သို့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မည်လဲ မသိတော့ချေ။ သူက လူတစ်ထောင်နီးပါးရှိသော လူအုပ်ကြီးကို တစ်ချက်ကြည့်ရင်း တင်ပျဉ်ခွေထိုင်ချကာ တရားထိုင်ရန် မျက်လုံးများ ပိတ်လိုက်သည်။
သူ့မှာ နည်းနည်း ဘောင်ကျော်မိသွားပြီဟု ခံစားနေရလေပြီ ....
ကြည့်နေသူအားလုံး၏မျက်လုံးထဲတွင် စုတ်ပြတ်နေသောဝတ်ရုံ၊ တည်ကြည်သောအမူအရာ၊ ရှေးကျသောအငွေ့အသက်နှင့် မန်ဟိုသည် ဘုရားကျောင်းနှင့်တစ်သားတည်း ဖြစ်နေသယောင်ယောင်။ သူ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေစဉ် ဖြူဖပ်ဖပ်ခေါင်းကြီးက မှင်ရည်တမျှ မည်းနက်နေသောဆံပင်များဖြင့် ဝန်းရံလျက် သူ့အနောက်တွင် ပျံဝဲနေသည်။
မန်ဟို့ဘေးတွင်မူ မြေကြီးပေါ် စက်လက်စက်လက် ကျနေသော သွေးမည်းမည်းများဖြင့် မမြင်ရသောပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ သွေးစက်များက မြေကြီးပေါ်သို့ ထူးဆန်းသောစွမ်းအားဖြင့် ပေါက်ခနဲ ပေါက်ခနဲ ကျနေရာ သူတို့ကို ချောက်ချားစေလေသည်။
ဘယ်သူမှ ကြွက်သားလေးပင် မလှုပ်ရဲပေ။ မြင့်မြတ်သောရေစီးဓားဂူမှ ကျောက်ရီဖန်းပင်လျှင် ချီတုံချတုံ ရပ်နေသည်။ ခပ်လှမ်းလှမ်းတွင် ဖန်းတုံးအာသည် စူးရှသောမျက်ဝန်းလေးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေ၏။
ကျီယင်က အဝေးတွင် တင်ပျဉ်ခွေထိုင်နေသည်။ ကံကြွေးက သူ့ကို ရှင်းရှင်းလင်းလင်းပင် မမြင်ရအောင် ရစ်သိုင်းလှည့်ပတ်နေသည်။
ဖန်မျိုးနွယ်စုမှ ရွေးချယ်ခံသုံးယောက်လုံး ထိုင်လိုက်ကြသည်။ ရံဖန်ရံခါ ဖန်ယွင်ရီသည် ကျင်ရှန်းကို ချစ်ကျွမ်းဝင်သောအကြည့်ဖြင့် လှမ်းကြည့်တတ်၏။ ဖန်တုံးဟန်က ဝတ်ပြုကျောင်းကို လှမ်းကြည့်ပြီး မျက်လုံး၌ တပ်မက်သောအလင်းရောင်တို့ တောက်ပသွားတတ်သည်။
စုန့်လော့တန်သည် စုန့်မျိုးနွယ်နှင့်အတူ မောက်မာဝင့်ကြွားစွာ ထိုင်နေ၏။ တစ်ခါတစ်ရံ သူသည် မန်ဟို့ကို လှမ်းကြည့်တတ်ပြီး တိုက်ခိုက်လိုစိတ်များအား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။
လီလင်းအာမှာမူ သူမ ဘာတွေးနေသလဲ ပြောရခက်၏။ သူမက ခေါင်းငုံ၍ သူမအရှေ့ရှိ မြေကြီးကို လေ့လာနေသယောင်ပင်။ တစ်ခါတရံ သူမသည် မြေကြီးကို အသာအယာပွတ်သပ်တတ်၏။ ကြည့်ရသရွေ့ နိမိတ်ဖတ်နေပုံထောက်သည်။
ဝမ်မူက မျက်လုံးများ လင်းလက်နေလျက် ထိုင်နေသည်။ သူ့အတွေးကို ဖတ်ဖို့ မဖြစ်နိုင်။
အခြားဂိုဏ်းများ၊ ဘုရားကျောင်းများနှင့် အထွတ်အမြတ်နယ်မြေများမှ ရွေးချယ်ခံအားလုံး ညအမှောင်ထုထဲတွင် အတွေးထဲ နစ်မြောနေကြသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့သည် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း၏ အပြင်၌ တစ်ညလုံး ထိုင်နေခဲ့ကြလေသည်။
အရုဏ်တက်သော် မီးငြိမ်းသွားသည်။ ညတာကုန်လျှင် ဆီမီးငြိမ်းသွားမည်ကို မန်ဟို သိ၏။ သို့သော် ၎င်း အမှန်တကယ် ငြိမ်းသွားမှ နတ်မီးလျှံစမ်းသပ်ပွဲက ပြီးဆုံးမှာ ဖြစ်ချေသည်။
ကောင်းကင်ကြီး ပြန်လင်းလာသည်နှင့် မန်ဟိုက မျက်လုံးဖွင့်လိုက်သည်။ ပျံဝဲနေသောခေါင်းကြီး ပျောက်ကွယ်သွားခဲ့ပြီး စက်လက်စက်လက် ကျနေသော သွေးတို့လည်း မရှိတော့ပေ။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။ လူအုပ်ထဲရှိ အတော်များများက မျက်လုံးများဖွင့်၍ မန်ဟို့ကို ကြည့်လိုက်ကြသည်။
ကျောက်ရီဖန်းသည် ပထမဆုံး ထလာပြီး မန်ဟို့ထံ ချဉ်းကပ်လာ၏။ ဖန်းတုံးအာလည်း တစ်ပြိုင်တည်းဆိုသလို ထပြီး မတူသောဘက်မှ ချဉ်းကပ်လာသည်။ လီလင်းအာလည်း မန်ဟို့ကို အေးတိအေးစက် လှမ်းကြည့်ပြီး သူ့ဆီ ရွေ့လျားလာသည်။
ထို့အပြင် ကျီယင်လည်း ကံကြွေးဖြင့် ရစ်သိုင်းလျက် မန်ဟို့ဆီ လျှောက်လာသည်။
ကျန်ရွေးချယ်ခံများလည်း ဒေါသထွက်နေသောမျက်နှာထားများဖြင့် မန်ဟို့ထံ ချဉ်းကပ်လာကြသည်။
“ရပ်လိုက်စမ်း” မန်ဟိုက အေးတိအေးစက် ပြောသည်။
သူတို့သည် ဘာမှပြန်မပြောဘဲ အရှိန်တင်လိုက်ကြ၏။ ကျောက်ရီဖန်းက အမြန်ဆုံးဖြစ်ပြီး မန်ဟို့ဆီ လာနေစဉ် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားချီစီးကြောင်းတစ်ကြောင်းအား ပေါ်လာစေသည်။ နဂါးသဖွယ် ဓားချီက ကြောက်မက်ဖွယ် နဂါးကိုးကောင်အသွင်ပြောင်းရင်း ဖြာထွက်လာ၏။ သူတို့ တစ်ကောင်နှင့်တစ်ကောင် လိမ်ယှက်ရင်း မန်ဟို့ဆီ ပြေးဝင်လာသည့်အခါ သူတို့၏ဟိန်းဟောက်သံက လေထုကို တုန်ခါသွားစေသည်။
“တာအိုရောင်ရင်း” ကျောက်ရီဖန်းက ပြောသည်။ “မင်းအပေါ်မှာ တောင်ကောင်းကင်ရဲ့အရှိန်အဝါကို ငါ အာရုံရထားတယ်။ မင်းက မြေအစောင့်အရှောက်မဟုတ်ဘူး”
သူ စကားပြောပြီးသည့်အချိန်တွင် ဓားနဂါးများက မန်ဟို့အပေါ် ရောက်လုနီးလေပြီ။
“ဓားတာအိုက နှလုံးသားနဲ့ စိတ်ဆန္ဒအတွင်းမှာ တည်ရှိတယ်” ကျောက်ရီဖန်းးက ဆက်ပြောသည်။ ဓားနဂါးကိုးကောင်က မန်ဟို့ကို ထိုးချလိုက်သော ဓားကိုးလက်အသွင် ပြန်ပြောင်းသွား၏။
မန်ဟို၏တိုက်ခိုက်လိုစိတ်တို့ ပေါက်ကွဲထွက်လာသည်။ သူသည် ထရပ်ရင်း ညာလက်သီးကို ဆုပ်ကာ ဓားကိုးလက်ကို ထိုးချလိုက်၏။
သူ ထိုးချလိုက်သည့်အခါ သူ၏လက်သီးရှေ့တွင် ဓားကိုးလက်ကို ပြေးဝင်တိုက်လိုက်သော တောင်တစ်လုံးပေါ်လာသည်။ ကြီးမားသော ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားပြီး ဧရာမလှိုင်းကြီးများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
“မင်းရဲ့ကံကြွေးက ရှေးခေတ်က လူတစ်ယောက်ရဲ့ ကံကြွေးမဟုတ်ဘူး” အေးစက်စက်အသံပိုင်ရှင်ကား ကျီယင်ဖြစ်သည်။ ၎င်း ပဲ့တင်ထပ်သွားစဉ် ကျီယင်၏ခန္ဓာကိုယ်က ဝါးသွားပြီးနောက် မန်ဟို့အနောက်တွင် ပြန်ပေါ်လာသည်။ သူ၏ညာလက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လျှပ်စီးလိုအမြန်နှုန်းဖြင့် မန်ဟို့နောက်ကျောကို ထိုးချလိုက်၏။
အဆိုပါလှုပ်ရှားမှုက မန်ဟို့ဝိညာဉ်ကို တုန်ခါသွားစေသည်။ သူ့ဘဝရှိ မှတ်ဉာဏ်အကုန်လုံး ပေါ်လာကာ သူ့စိတ်ထဲတွင် လှုပ်ရှားသွားသော ကံကြွေးအသွင်ပြောင်းသွား၏။
မန်ဟို၏အမူအရာသည် တည်ငြိမ်လျက်ရှိပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ ဟန်ဆောင်မှု ပေါ်သွားပြီဆိုမှတော့ ဆက်လက်လှည့်စားနေစရာ အကြောင်းမရှိတော့ပေ။ သူ၏ဘယ်လက်က မုဒြာလက်ကွက်ဖော်ပြီး ကျီယင်ကို လက်ညှိုးထိုးလိုက်သည်။
ခြောက်သွေ့စာလုံးမန္တန် ထွက်ပေါ်လာပြီး မန်ဟိုနှင့်ကျီယင်အကြားရှိ လေထုမှာ ပျက်စီးသွားကာ တွင်းနက်ကြီးတစ်တွင်း ပေါ်လာ၏။ ၎င်းက တဂျုန်းဂျုန်းမြည်နေသော အံ့ဖွယ်ဆွဲအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သတ်ဖြတ်လိုစိတ်ကြောင့် ခက်ထန်သော မျက်နှာလှလှလေးနှင့် လီလင်းအာက အရှေ့တွင် ပေါ်လာသဖြင့် မန်ဟိုသည် နောက်သို့ ခုန်လိုက်၏။
“ဒီမြေရဲ့ မှတ်ဉာဏ်က နင် ငါတို့ထက် တစ်လပဲ စောပြီး ရောက်နေတာလို့ ပြောတယ်” သူမက ပြောသည်။ သူမ၏ကြောရှင်းသောလက်ကလေးများက မုဒြာလက်ကွက်ဖော်လိုက်ပြီး သူမနဖူးပြင်ထက်ရှိ မိုးမခသစ်ရွက်အမှတ်မှာ တဖျတ်ဖျတ် လက်သွားလေသည်။ ရုတ်တရက် မိုးမခသစ်ရွက်တစ်ရွက် သူမလက်တွင် ပေါ်လာသည်။
မိုးမခသစ်ရွက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မဲ့သော အသက်စွမ်းအားတို့ ပေါ်ထွက်လာသည်။ အထွတ်အထိပ်သို့ ရောက်သောအခါ ၎င်းသည် သေဆုံးလာသောလက္ခဏာများ စပြလာ၏။ မိုးမခသစ်ရွက်သည် မည်းနက်သွားပြီးနောက် မန်ဟို့ထံသို့ ပျံသန်းလာလေပြီ။
“ချုပ်လိုက်” လီလင်းအာက အေးစက်စက် ပြောသည်။ မိုးမခသစ်ရွက်သည် ဝုန်းခနဲ ပေါက်ကွဲသွား၏။ ၎င်းက ပိုက်ကွန်ကဲ့သို့ အနက်ရောင်အမျှင်ကွန်ရက်တစ်ခု အသွင်ပြောင်းကာ မန်ဟို့ဆီ ထိုးဆင်းသွားသည်။
အချုပ်ခံရတော့မည်ကို မြင်လျှင် မန်ဟိုက နှာမှုတ်ပြီး လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်သည်။ သူက ခေါင်းထောင်ပြီး ဟစ်အော်ကာ သူ့ကို အမွှေးများပေါက်စေ၍ အရေခွံထွက်လာစေသည့် တာအိုမှော်သိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား အနက်ရောင်ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ ၎င်း၏ အနက်ရောင်အကြောကြီးများ ထောင်နေသော အသွင်အပြင်မှာ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို ဖန်တီးနေသည်။
သူသည် လေပေါ် ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်နားဝင်ချိုသောအသံလေးတစ်သံကို ကြားလိုက်ရ၏။
“တာအိုအစ်ကို၊ ရှင်ကလေ တော်တော်လေး ထူးခြားပါပေတယ်။ တုံးအာတောင် အရူးလုပ်ခံရတော့မလို့” အသံအား သူ့ဆီကို ပေးပို့လိုက်သဖြင့် မန်ဟိုမှာ ရုတ်တရက် ခေါင်းမွှေးများထောင်လာပြီး အလွန်ကြီးမားသောအန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မိုးကြိုးဒယ်အိုးကို ထုတ်ကာ လီလင်းအာနှင့် နေရာလဲလိုက်၏။
သူသည် နေရာလဲပြီးလျှင်ချင်း ဖန်းတုံးအာကို လှမ်းကြည့်လိုက်ရာ သူမလက်ထဲ၌ အပြရောင်ကြာတစ်ပွင့်ရှိနေသည်ကို မြင်လိုက်ရ၏။ စောစောက ကြာပန်းပေါ်တွင် လူငယ်တစ်ဦးသည် သူ့ပါးစပ်ထဲသို့ ထည့်ဖို့ မန်ဟို့ကို ကြာစေ့တစ်စေ့အသွင်ပြောင်းလိုသည့်အလား လက်ယှက်ခေါ်ရင်း ရပ်နေခဲ့လေသည်။
စုန့်မျိုးနွယ်စု၏ စုန့်လော့တန်ဘေးတွင် ရပ်နေခဲ့သော အဘိုးကြီးတစ်ယောက်မှ သူ့ဆီ လှမ်းပစ်လိုက်သော ပျက်စီးဆွေးမြည့်ခြင်းအရှိန်အဝါ ထုတ်လွှတ်နေသည့် အနက်ရောင်အပ်လည်း ရှိသေးသည်။ ထိုသံချေးတက်နေသောအပ်သာ သူ့ကို စိုက်သွားလျှင် သူ့မှာ သွေးအိုင်ဘဝရောက်နေခဲ့ပြီဖြစ်၏။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း မီးတစ်ခတ်စာလေးအတွက် ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မန်ဟိုသည် ယခုလေးတင် တာအိုဆရာအစည်းအရုံးတစ်ခုဖြစ်သည့် မြင့်မြတ်သောရေစီးဓားဂူမှ ကျောက်ရီဖန်း၊ ကျီမျိုးနွယ်စု၏ ကျီယင်၊ လီမျိုးနွယ်စု၏ လီလင်းအာနှင့် နဝမပင်လယ်နတ်လောကမှ ဖန်းတုံးအာတို့နှင့် တိုက်ကွက်များ ဖလှယ်ခဲ့ပြီးလေပြီ။
၎င်းကား အကဲစမ်းမှုလေးဟုသာ ထင်ရသော်လည်း တကယ်တမ်း အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်သျှံနေသည်။ ခြေလှမ်းတစ်ချက်လေး မှားလိုက်သည်နှင့် မန်ဟို့သွေးတို့မှာ မိုးသဖွယ် တဖွားဖွား လွင့်စင်သွားလေလိမ့်မည်။ လီလင်းအာမှာ မျက်ဝန်းများ၌ သတ်ဖြန်လိုစိတ်တို့ တောက်လောင်လျက်ရှိစဉ်မှာပင် မျက်နှာပျက်သွားသည်။ သူမနဖူးပေါ်ရှိ မိုးမခသစ်ရွက်သည် လျင်မြန်စွာ တဖျပ်ဖျပ် လက်လာပြီး ဖန်းတုံးအာမှာ အာမေဍိတ်သံထွက်သွားပြီး တိုက်ကွက်ကို ချုပ်တည်းလိုက်၏။ ထို့ကြောင့် လီလင်းအာမှာ သေစေနိုင်သော ကြာပန်းပြာမှော်သိုင်းကို ရှောင်နိုင်သွားလေသည်။
စောင်ကြည့်နေသူများမှာ လုံးဝ အံ့သြမှင်သက်သွားကြသည်။ ရွေးချယ်ခံတစ်ချို့၏မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားပြီး သူတို့က မန်ဟို့ဆီ ပျံသန်းသွားကြသည်။
“ဒီလူက ဘယ်သူလဲ။ ကျောက်ရီဖန်းနဲ့ ကျန်တဲ့သူတွေအကုန်လုံး တစ်ပြိုင်တည်း တိုက်ကြတာတောင်မှ သူ့ကြည့်ရတာ အခြေအနေမဟန်တဲ့ပုံမပေါ်ဘူး”
“သူက တော်ရုံတန်ရုံတော့ မဟုတ်လောက်ဘူးဟ။ ကျင့်ကြံခဲ့တာ ဘယ်လောက်ကြာပြီလဲမသိဘူး။ နှစ်တစ်ထောင်ထက် နည်းရင်တော့ သေချာပေါက် ထူးချွန်တာပဲ”
“သူ အခုလေးတင် နဝမတောင်နတ်လောကာ နတ်ဘုရားလေးဖန်းတုံးအာရဲ့ ကြာပန်းပြာမှော်သိုင်းကို ရှောင်လိုက်တာလား။ မိုးကြိုးဒယ်အိုးမှာ နေရာလဲအစွမ်းရှိနေတာပဲ”
“မင်း အရေးကြီးဆုံးအပိုင်းကို ကျန်ခဲ့ပြီ ... သူက ငါတို့ထက် ကြိုရောက်နေတာလေ။ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ ကံကြမ္မာကောင်းကို ရထားတာပဲ ဖြစ်မယ်”
***