ငါက မန်ဟိုလို့ ခေါ် တယ်
Vol. 58 Ch. 814
ထိုစကားလုံးများ ပြောနေကြသည့်အခိုက်အတန့်မှာပင် မန်ဟိုက နောက်ဆုတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် အဝေးမှ ပဲ့တင်ထပ်လာသော အေးစက်စက်နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။
“မနေ့ညတုန်းက ငါ သဲလွန်စတွေကို မြင်ခဲ့တယ်” စုန့်လော့တန်က ပြောသည်။ “ဒါပေမဲ့ မင်း အယောင်ဆောင်တာကလွဲပြီး မင်းနောက်က တစ္ဆေတွေက အစစ်အမှန်ပဲ။ အခု ... ငါ မင်းကို သတ်ပြီး ဘယ်သူမှ ငါ့ကို အရူးမလုပ်နိုင်ဘူးဆိုတာ သက်သေပြမယ်”
စုန့်လော့တန်သည် နဖူးမှ လည်ပင်းအထိ ကန့်လန့်ဖြတ်နေသော အမာရွတ်ကြီးနှင့် စုန့်မျိုးနွယ်စုကျင့်ကြံသူဖြစ်၏။ မီးတောက်နေသော မှော်သင်္ကေတများက သူ၏ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်နေပြီး သူ့ပခုံးပေါ်ရှိ မီးကျီးကန်းသည် မန်ဟို့ကို အေးတိအေးစက် စိုက်ကြည့်နေ၏။ စုန့်လော့တန် ရှေ့တက်လာသောအခါ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်စွမ်းအင်က ပေါက်ကွဲထွက်လာသည်။ သို့သော် ဤသည်ကား သာမန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်စွမ်းအားမဟုတ်၊ ထို့ထက်ကျော်သည်။
သူသည် မန်ဟို တိုက်ခိုက်ခဲ့သော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ထက်ပင် အစွမ်းထက်၏။ သူ့တွင် သူ့ကို ဝန်းရံရစ်သိုင်းထားသော အင်မော်တယ်စိတ်ဆန္ဒရှိသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် တာအိုရှာဖွေခြင်းအဆင့်ဖြစ်သည့်တိုင် သူ၏အတိုက်အခိုက်စွမ်းရည်သည် အတုအယောင်အင်မော်တယ်တစ်ဦးနှင့် ယှဉ်၍ရချေသည်။
သူ့အနောက်တွင် အရိုးပေါ်အရေတင်နေသော အဘိုးကြီးတစ်ဦးရှိသည်။ သူ၏မျက်နှာမှာ ခံစားချက်မဲ့နေသော်လည်း သူ၏မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။ သူသည် မန်ဟို့ကို တိုက်ကွက်လေးတစ်ကွက်တည်းနှင့် ဖိနှိပ်ပစ်နိုင်သော အစွမ်းထက်အင်မော်တယ်တစ်ဦးသဖွယ် ကြောက်စရာခံစားချက်ကို ပေးစွမ်းနေသည်။
သူ၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သောအကြောများအား ဖွင့်ထားသော်လည်း အသုံးပြု၍မရအောင် ချိတ်ပိတ်ခံထားရကြောင်း သိသာ၏။ ယခုတွင် သူက အတုအယောင်အင်မော်တယ်တစ်ဦး၏စွမ်းအားကိုသာ အသုံးပြုနိုင်လေသည်။
တကယ်တော့ အတုအယောင်အင်မော်တယ်များသည် မန်ဟို့အဖေ တောင်ကောင်းကင်ဂြိုဟ်သို့ ဝင်ခွင့်ပြုခဲ့သော အမြင့်ဆုံးကျင့်ကြံအဆင့်ဖြစ်၏။
စုန့်လော့တန် ရှေ့တက်လာသည့်အခိုက်အတန့်တွင် မန်ဟိုသည် လေလယ်တွင် ချာခနဲ လှည့်၍ သတ်ဖြတ်လိုသော မျက်လုံးများဖြင့် သူနှင့်အဘိုးကြီးကို လှမ်းကြည့်သည်။
စောစောက စုန့်မျိုးနွယ်စု ပစ်ခဲ့သော အပ်နက်က မယုံနိုင်လောက်အောင် အန္တရာယ်များခဲ့လေသည်။
“မင်းကို သတ်ပစ်မယ်” မန်ဟိုက စုန့်လော့တန်ဆီ ထိုးဆင်းသွားသော ဧရာမဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင်အသွင်ပြောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သိမ်းငှက်ကြီးနှင့် စုန့်လော့တုန်တို့ တိုက်ကွက်တစ်ရာကျော် ဖလှယ်လိုက်ကြသဖြင့် ကြောက်မက်ဖွယ် ထစ်ချုန်းသံများ ဆူညံသွားသည်။
စုန့်လော့တန်ထံမှ မီးတောက်များက နေရာအနှံ့ ဖြာထွက်နေပြီး မီးပင်လယ်တစ်စင်းက တဟုန်းဟုန်း တောက်နေသည်။ သူတို့သည် လေလယ်တွင် တိုက်ခိုက်နေကြသော်လည်း မန်ဟိုမှာ ဘုရားကျောင်း၏ပင်မဂိတ်တံခါးနှင့် ဝေးရာသို့ သိပ်မသွားလိုပေ။ တံတိုင်းတစ်လျှောက်ရှိ ဝင်၍ရပုံပေါ်သော အပေါက်များကိုမူ လျစ်လျူရှုထားသည်။ တစ်စုံတစ်ယောက် ထိုသို့ဝင်ရောက်ဖို့ ကြိုးစားလျှင် သေရမည်ဖြစ်၏။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ကျောက်ရီဖန်းနှင့် အခြားသူများသည် သူတကာနည်းတူ တိုက်ပွဲကို ရပ်ကြည့်နေကြလေသည်။
“ဒီလူက မယုံနိုင်စရာပဲ။ မြင့်မြတ်သောရေစီးဓားဂူက ကျောက်ရီဖန်းနဲ့တောင် တိုက်ခိုက်နိုင်တယ်။ ဉာဏ်ကောင်းတာက သူ့ရဲ့အားသာတဲ့အချက်ပဲ”
အရာအားလုံး တုန်ခါနေပြီး အလင်းများ ပြိုးပြိုးပြက်ပြက် လက်နေသည်။ မီးပင်လယ်ထဲတွင် စုန့်လော့တန်သည် မီးအင်မော်တယ်တစ်ဦးသဖွယ် တည်ငြိမ်အေးဆေးသော်လည်း ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေ၏။ တစ်နေရာတွင် သူက လေပေါ် ပျံတက်ပြီး ညာခြေကို မြှောက်ကာ မန်ဟို့ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းချလိုက်သည်။
“သေစမ်း”
ကန်ချက်က မီးပင်လယ်တစ်စင်းအား ဟုန်းခနဲ တောက်သွားစေပြီးနောက် လေကို စုတ်ဖြဲပစ်နိုင်ပုံပေါ်သော မီးကျီးကန်းနောက်တစ်ကောင် အသွင်ပြောင်းသွားသည်။ မီးတောက်များက အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားပြီး မန်ဟို့ကို ချုပ်နှောင်တော့မည့်အလားပင်။
တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ တာအိုစောင့်ရှောက်သူအဘိုးကြီးက ကောက်ကျစ်စွာ ရယ်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ နောက်ထပ်ပျက်စီးခြင်းအပ်က မန်ဟို့ဆီ ပြေးဝင်သွားသည်။ ချက်ချင်းပင် မန်ဟို့မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွား၏။
သူက ညာလက်ကို မြှောက်၍ စုန့်လော့တန်ကို လက်ညှိုးထိုးရင်း အရေးမစိုက်သလို နှာမှုတ်လိုက်သည်။ ချက်ချင်းပင် သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာပြီး ဝဲကြီးတစ်ခုက တဝေါဝေါ လည်ရင်း စုန့်လော့တန်ကို ဝိုင်းပတ်သွား၏။ နဂါးတစ်ကောင် ရေသောက်လိုက်သည့်အလား ၎င်းသည် မီးပင်လယ်ကို စုပ်ယူလိုက်ရာ စုန့်လော့တန်အား မြင်ကွင်းထဲ ထင်းထင်းလင်းလင်း ပေါ်လာစေသည်။
စုန့်လော့တန်၏မျက်နှာမှာ အံ့အားမှုတို့ဖြင့် ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏ညာခြေသည် ခြောက်သွေ့စပြုလာ၍ သူက ဟိန်းဟောက်လိုက်သည်။ သူသည် သွေးတစ်လုပ်အန်ရင်း အမြန်ဆုံး နောက်ဆုတ်လိုက်၏။ တစ်နည်းနည်းဖြင့်.... ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူကား သွေးမိစ္ဆာမဟာမှော်ဝဲမှ ရုန်းထွက်လိုက်နိုင်သည်။ သူသည် အံ့လည်းအံ့ဩ၊ သတ်လည်း သတ်ချင်နေသော အမူအရာဖြင့် မန်ဟို့ကို ကြည့်ရင်း နောက်ဆုတ်သွား၏။ သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေလေပြီ။
ကြည့်နေကြသူအားလုံး တုန်လှုပ်သွားကြသည်။ လူအုပ်ကြီးကြားတွင် ကျင်ရှန်း၏မျက်ဝန်းလေးများသည် ဝိုင်းစက်နေပြီး အသက်ရှူသံများ မြန်နေ၏။ သူမ ယခုလေးတင် မြင်ခဲ့သော နတ်ဘုရားစွမ်းရည်က ဂိုဏ်း၏ရှေးမှတ်တမ်းများထဲတွင် သူမ ဖတ်ခဲ့ဖူးသော ဒဏ္ဍာရီလာတာအိုမှော်သိုင်း၊ အချိန်ကြောင့် တိမ်ကောပျောက်ကွယ်သွားခဲ့သောအရာတစ်ခုကို သတိရသွားစေခဲ့သည်။
မြင့်မြတ်သောရေစီးဓားဂူမှ ကျောက်ရီဖန်းသည် လင်းလက်နေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ တိုက်ပွဲ၏ မီးတောက်များက သူ၏မျက်လုံးများတွင် ရောင်ပြန်ဟပ်နေ၏။ မြောက်ကျူပင်ဂြိုဟ်မှ လီမျိုးနွယ်စု၏ လီလင်းအာလည်း ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သူမသည် မန်ဟို့ကို အတိုင်းထက်အလွန် အာရုံစိုက်နေ၏။
စောစောက တိုက်ခိုက်ခဲ့ကြသော လေးယောက်မှာ အားကုန်တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်ပေ။ ထို့ကြောင့် မန်ဟို ထိုတိုက်ကွက်များကို ရှောင်တိမ်းနိုင်ခဲ့ခြင်းက သူတို့ကို သိပ်အထင်မကြီးစေခဲ့။ သူတို့အတွက် သူ့ကို အရေးတယူလုပ်ရလောက်သော အရာမျိုး မဖြစ်ပွားခဲ့ခြင်းသာ။
ကံကြွေးက ကျီယင်ကို ရစ်သိုင်းနေ၍ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်သော်လည်း ကျီယင်လည်း သေချာပေါက် အံ့အားသင့်နေသည်။
ဖန်းတုံးအာမှာမူ ထူးဆန်းသောအလင်းရောင်က သူမမျက်ဝန်းများတွင် တောက်ပနေသော်လည်း သူမ၏အမူအရာသည် တည်ငြိမ်လျက်ရှိ၏။ သူမက သန့်ရှင်းစင်ကြယ်သောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး တစ်ချိန်တည်းမှာပင် အေးစက်ပြီး စိမ်းကားပုံပေါ်သည်။ သို့သော် သူမ၏ လက်ချားခါလောက်သော အလှတရားက သူမကို ကြည့်လိုက်သည့် မည်သူ့ကိုမဆို ဇနီးအဖြစ် မြတ်နိုးစွာ ပွေ့ဖက်လိုစိတ်များ တဖွားဖွား မပေါ်ဘဲ မနေနိုင်သည်အထိ ဖြစ်စေသည်။
မန်ဟို အခဲမကြေသည့်လူမှာ စုန့်လော့တန်မဟုတ်လဲ သူ့ဘေးရှိ အဘိုးကြီးဖြစ်သည်။ သူက အပ်နက်ဖြင့် မန်ဟို့ကို နှစ်ကြိမ်ပင် တ်ုက်ခိုက်ခဲ့လေသည်။ မန်ဟိုက ရုတ်တရက် သူမြင်ခဲ့ရသော ကြယ်ခူးသူများ သုံးခဲ့သည့်ပုံစံအတိုင်း လက်ကို လက်သည်းလက်ပုံစံ ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် သူ့လက်သည် ဧရာမကြီးမားလာပြီး အပ်ကို ဖမ်းလိုက်၏။
မန်ဟိုမှာ ကြယ်ခူးသိုင်းနှင့် ပတ်သက်ပြီး ဉာဏ်အလင်းအနည်းငယ်သာ ရထား၏ ။ အပြည့်အဝ နားလည်ပြီး လုံလောက်သော ကျင့်ကြံခြင်းအခြေခံရှိလျှင် ကြယ်တာရာကောင်းကင်ရှိ နက္ခတာရာများကို လှမ်းခူးနိုင်မှာ ဖြစ်သည်။
အပ်ကို ဖမ်းလိုက်လျှင်ချင်း မန်ဟို၏ခန္ဓာကိုယ်က ရိပ်ခနဲ အဘိုးကြီးထံ ပြေးဝင်သွားသည်။ အဘိုးကြီးက စဉ်းလဲစွာ ရယ်လိုက်သည်။ နောက်ဆုတ်မည့်အစား သူက မန်ဟို့ဆီ ရွေ့လျားသွားလေသည်။
“ရှင်ခြင်းနဲ့ သေခြင်း ဘယ်လိုကွဲလဲ မင်း မသိသေးဘူးကိုး။ သင်ကြားပြသပေးရတာပေါ့”
“ဂေါက်ကြောင်ကြီး” မန်ဟိုက သိမ်းငှက်ကို ဆင့်ခေါ်ရင်း ဟိန်းဟောက်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် အဘိုးကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်ချီပါရှိသော မီးခိုးရောင်အရှိန်အဝါကို ပျံ့နှံ့သွားစေသည်။
“ဖိနှိပ်လိုက်” အဘိုးကြီးက အမိန့်ပေးသည်။
“ဖိနှိပ်မှာက ငါ” မန်ဟိုက ပြန်ဖြေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ထစ်ချုန်းသွားပြီး အင်မော်တယ်ချီက တစ်ကိုယ်လုံးအပြည့် နေရာယူသွားသည်။ ရုတ်ခြည်းပင် ပတ်ဝန်းကျင်ရှိ လူတိုင်း လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားတော့သည်။
အင်မော်တယ်ချီက အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက လေတွင် ပြည့်နှက်သွားစေရာ အဘိုးကြီး၏မျက်နှာတွင် အံ့အားသင့်ခြင်းတို့ ဖြတ်ပြေးသွားသည်။
“မင်းက ဘယ်ဂိုဏ်းကလဲ၊ ဘယ်မျိုးနွယ်စုကလဲ”
မန်ဟိုက ပြန်မဖြေ။ အင်မော်တယ်ချီ လည်ပတ်နေစဉ် သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး လက်ကို အရှေသို့ တွန်းလိုက်၏။ နဝမတောင်က အဘိုးကြီးကို အုန်းခနဲ ဝင်တိုက်သွားသည်။
“မပြောဘူးပေါ့လေ” အဘိုးကြီးက နှာမှုတ်လိုက်သည်။ “အေး မင်းကို သတ်တဲ့အတွက် ငါ့ကို အဆိုးမဆိုနဲ့” ရုတ်တရက် ဓမ္မဆင်းတုတစ်ခု သူ့အနောက်တွင် ပေါ်လာသည်။ ၎င်းက မယုံနိုင်လောက်အောင် ဩဇာရှိသော သက်လတ်ပိုင်းလူတစ်ယောက်ပုံစံ အစွမ်းထက်နတ်မင်းတစ်ပါး၏ ပုံရိပ်ဖြစ်၏။ ချက်ချင်းပင် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ဖရိုဖရဲဖြစ်သွားသည်။
မန်ဟိုနှင့် အဘိုးကြီးတို့ လေလယ်တွင် တစ်ယောက်နှင့်တစ်ယောက် နီးကပ်သွားစဉ် မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်ရာ သူ၏ကိုယ်ပိုင်ဓမ္မဆင်းတုပေါ်လာသည်။ အစစ်အမှန်အင်မော်တယ်တစ်ပိုင်းအဆင့်မှ လာသော စွမ်းအားသည် အဘိုးကြီးအပေါ် သက်ရောက်နေသော အံ့ဖွယ်ဖိအားတစ်ခု အသွင်ပြောင်းသွား၏။ အဘိုးကြီးမှာ မျက်နှာပျက်သွားပြီး မှော်သိုင်းတစ်ခုသုံးကာ နောက်ဆုတ်လိုက်သည်။ မန်ဟို့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပသွားပြီး သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်ဆေးလုံးရှစ်လုံးကို ဖြာထွက်သွားစေသည်။ ၎င်းတို့က အဘိုးကြီးကို ထိထိချင်း ပေါက်ကွဲသွားကြသည်။
အဘိုးကြီးပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာပျက်သွားသည်။ သူ့မှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့၍ ထွက်ပြေးတော့မည့်အချိန် မန်ဟိုက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူ့အပေါ် ထိုးဆင်းလာသည်။ သူ၏ညာလက်က ကြယ်ခူးသိုင်းကို ထုတ်လွှတ်လိုက်ပြီး အဘိုးကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ရ၏။ အဘိုးကြီးသည် ညာလက်ကို မြှောက်လိုက်ရာ နေ၊လနှင့် ကျန်နက္ခတ်တာရာများအား သူ့လက်ပေါ်တွင် မြင်ရနိုင်သည်။ သူက ၎င်းတို့ကို မန်ဟို့ဆီ ပစ်လွှတ်လိုက်၏။
အဘိုးကြီးမှာ မချိတင်ကဲ အော်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် သွေးအန်ကာ ဒယိမ်းဒယိုင် ဖြစ်သွား၏။ မိုးကြိုးဒယ်အိုးက သူ့လက်ထဲတွင် ပေါ်လာပြီး တိုက်ပွဲကို အခွင့်အကောင်းယူကာ ဝတ်ပြုကျောင်းထဲ ခိုးဝင်ဖို့ ကြိုးစားနေသော ဖန်းတုံးအာနှင့် သူ နေရာချင်းလဲသွားသည်။
ပြန်ပေါ်လာသောအခါ မန်ဟိုသည် ပါးစပ်မှ သွေးများစီးကျနေလျက် ဝတ်ပြုကျောင်း၏ ပင်မဂိတ်တံခါးအရှေ့တွင် မားမားမတ်မတ် ရပ်နေလေပြီ။ သူကား အရာအားလုံးကို ထိန်းချုပ်နေပုံရပြီး သူ မြေကြီးပေါ် ခြေဆောင့်နင်းလိုက်သည့်အခါ အရာအားလုံး တုန်ခါသွားသည်။ ဤအခိုက်တွင် သူက ညာလက်ကို ဆန့်ထုတ်၍ ကုတ်ခြစ်လိုက်သည့်ဟန် လုပ်လိုက်သည်။
ရှေးသားရဲကြီးတစ်ကောင်ကောင် နိုးထလာနေသည့်အလား လက်သည်းလက်အရိပ်သုံးခုပေါ်လာသည်။ လက်သည်းလက်များက သူ၏ဓမ္မဆင်းတုနှင့်အတူ လေပေါ် ထိုးတက်သွား၏။
ပြင်းထန်သော တိုက်ကွက်က ယခုလေးတင် သူ့ဆီ ပြေးဝင်လာနေခဲ့သော လီလင်းအာနှင့် ဖန်မျိုးနွယ်စုမှ ဖန်တုံးဟန်တို့ထံ ရိုက်ခတ်သွားသည်။
ထစ်ချုန်းနေသော ပေါက်ကွဲသံများအကြားတွင်၊ လေလယ်ရှိ စုန့်လောဟန်၏ တာအိုစောင့်ရှောက်သူမှာ စူးစူးဝါးဝါး ထအော်သည်။ အပ်တစ်ချောင်းက သူ့လက်ထဲ စိုက်ဝင်နေသည်ကို သူ ယခုမှ သတိထားမိခဲ့လေသည်။ ၎င်းကား မန်ဟို့ကို သတ်ဖို့ သူ သုံးခဲ့သော အပ်ဖြစ်နေ၏။
အပ်၏ ပျက်စီးဆွေးမြည့်ခြင်းစွမ်းအားက အဘိုးကြီးအပေါ်လည်း အလားတူ သက်ရောက်သွားသည်။
“မလုပ်နဲ့” သူက ကြောက်လန့်တကြား စူးစူးဝါးဝါး အော်သည်။ သူ့မျက်နှာအပေါ်ရှိ အသားများမှာ ပုပ်သိုးလာပြီး ပြာသဖွယ် ကျလာသည်။ ကြောက်စိတ်တို့က သူ့ကို လွှမ်းခြုံနေသည်။ အပ်၏ ကြောက်စရာကောင်းသောအဆိပ် မည်မျှလျင်မြန်စွာ အလုပ်လုပ်သလဲ သူ ကောင်းကောင်းသိ၏။ မျက်စိတစ်မှိတ်အတွင်း အပ်ကား သူ၏အရှိန်အဝါကို ဝါးမြိုလိုက်လေပြီ။
သူ၏အော်သံများ ပဲ့တင်ထပ်နေစဉ် လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ အဘိုးကြီး၏ခန္ဓာကိုယ်ကား ပျက်စီးသွား၏။ သူ၏အသွေးအသားအကုန်လုံးမှာ လွင့်မျောသွားသော ပြာများထက် မပိုတော့ပေ။
ချက်ချင်းပင် သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။
ဤအဘိုးကြီးသည် သာမန်လူမဟုတ်။ စုန့်မျိုးနွယ်စု၏ တာအိုစောင့်ရှောက်သူတစ်ဦး၊ အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းနှင့် အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်၏။ သူကား အကြောဒါဇင်များစွာကိုလည်း ဖွင့်ထားခဲ့ပြီးလေပြီ။ သို့သော် ဤနေရာတွင် .... စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏လက်တွင် သေဆုံးသွားခဲ့ချေသည်။
မတော်တဆမှုလေး တစ်ခုသာ ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံ ချိတ်ပိတ်ခံထားရသည့်အတွက်ကြောင့်သာ ဖြစ်သွားခဲ့သော ဖြစ်ရပ်လေးတစ်ခုသာ ဖြစ်သည်။ သို့သော် မည်သို့ပင်ဆိုစေ ... သူကား သေသွားခဲ့ပြီ။
မန်ဟို့လက်ချက်ကြောင့် သေသွားခဲ့ပြီ။
“စုန့်လော့တန်ရဲ့ တာအိုစောင့်ရှောက်သူ ... သေသွားပြီ”
“သူက ... တကယ်ကြီး တာအိုစောင့်ရှောက်သူတစ်ယောက်ကို သတ်လိုက်တယ်တဲ့လား”
“ဒီလူက ဘယ်သူလဲ။ တွေ့ကရာလူတော့ မဖြစ်တန်ဘူး။ တောင်ကောင်းကင်ကလည်း မဖြစ်နိုင်ဘူး။ သေချာပေါက် အပြင်ဂိုဏ်းကဖြစ်မယ်”
“ဒါပေမဲ့ မရင်းနှီးဘူး သူ့ကို။ အရင်က တစ်ခါမှ မမြင်ဖူးဘူး...”
စကားသံများ ဆူညံနေစဉ် ကျင်ရှန်းသည် မျက်လုံးအပြူးသားနှင့် တအံ့တသြ ကြည့်နေ၏။ သူမကျင့်ကြံခြင်းအခြေခံမှာ မူလက အင်မော်တယ်နယ်ပယ်တွင် ဖြစ်ခဲ့သော်လည်း မိစ္ဆာအင်မော်တယ်ခန္ဓာကို ရရှိခဲ့ပြီးနောက် သူမက ကျင့်ကြံခြင်းကို ကျစ်လစ်စေဖို့နှင့် နောက်နောင်တွင် အစွမ်းပိုထက်လာစေရန် သူမကိုယ်သူမ ဖိနှိပ်ခဲ့သည်။ သို့ဖြစ်၍ သူမသည် စိတ်ဝိညာဉ်နယ်ပယ်တွင် ဖြစ်ခဲ့စဉ်တုန်းကထက် အဆများစွာ အစွမ်းထက်၏။ သို့သော် အတုအယောင်အင်မော်တယ်တစ်ယောက်ကို ဘယ်နည်းနှင့်မှ တိုက်ခိုက်သတ်ဖြတ်နိုင်ခြင်းမရှိသေးပေ။
“မင်းက ဘယ်သူလဲ” ကျောက်ရီဖန်းက ကောက်ကာငင်ကာ မေးသည်။
ကျီယင်သည် မန်ဟို့ကို ကြည့်နေပြီး လီလင်းအာနှင့် ယခုထိ မလှုပ်ရှားရသေးသော ဝမ်မူလည်း ထိုနည်းတူပင်။ ထိုက်ယန်ကျစ်အပါအဝင် ဂိုဏ်းများနှင့်မျိုးနွယ်စုများမှ ရွေးချယ်ခံအားလုံးကား မန်ဟို့ကို လှမ်းကြည့်နေကြလေပြီ။
စုန့်လော့တန်မှာမူ အံ့ဩထိတ်လန့်စွာ ဟောဟဲလှိုက်နေသည်။ သူ၏ တာအိုစောင့်ရှောက်သူမှာ ယခုလေးတင် အသတ်ခံလိုက်ရရာ စုန့်လော့တန်၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုမိုပြင်းထန်လာသည်။
ဖန်းတုံးအာသည် စောစောက မန်ဟိုရှိခဲ့သော နေရာ၊ လေလယ်တွင် ပျံဝဲနေ၏။ ဒေါသမီးက သူမရင်ထဲတွင် တောက်လောင်နေသော်လည်း သူမမျက်နှာသည် မတုန်လှုပ်သာရှိ၏။ သူမက တည်ငြိမ်စွာ ပြောသည်။ “တာအိုအစ်ကို၊ ရှင်က ဘယ်သူလဲ။ စိတ်မရှိရင် ကျွန်မတို့ကို ပြောပြပေးနိုင်မလား”
မန်ဟိုက ရွေးချယ်ခံများကို လှမ်းကြည့်လိုက်သည်။ ဤလူများသည် သန်မာကြောင်း သူ ဝန်ခံရမည်။ သို့သော် သူသည် တိုက်ခိုက်ချင်ဆဲဖြစ်ပြီး တစ်စုံတစ်ခုကို မျှော်လင့်နေခြင်းဖြစ်၏။
သူ မျှော်လင့်နေသည်ကား တောင်ကောင်းကင်မှ ထွက်ခွာ၍ အပြင်ရှိ ရွေးချယ်ခံများ၏ကမ္ဘာသို့ သွားရောက်မည့်အချိန်ကို ဖြစ်သည်။ သူ့ကြောင့် ပွက်လောရိုက်မည့်အဖြစ်များကို မြင်ရဖို့ မစောင့်နိုင်တော့ပေ။
သူသည် နဝမတောင်နှင့်ပင်လယ်၏ ရွေးချယ်ခံများကို တည်ငြိမ်အေးဆေးစွာ ကြည့်ပြီး ဤတိုက်ပွဲပြီးလျှင် သူ့နာမည်သည် မသိသူမရှိအောင် လျင်မြန်စွာ ပျံ့နှံသွားမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။
“ငါက မန်ဟိုလို့ ခေါ်တယ်”
***