← Chapters

ဖန်းတုံးအာ

Vol. 59 Ch. 815

ဖန်းတုံးအာ

Vol. 59 Ch. 815

တောင်ကောင်းကင်ဂြိုဟ်ရှိ ကျင့်ကြံသူတစ်ယောက်မကျန် မန်ဟို့နာမည်ကို သိကြလေသည်။  နဝမတောင်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများလည်း ထိုနေရာတွင် အနေကြာလျှင် သိသွားလိမ့်မည်။

သူတို့အနေဖြင့် မန်ဟို့နာမည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်‌သော်လည်း ထာဝစဉ်တစ်လျှောက်လုံး မေ့တော့မည်မဟုတ်ပေ။

မန်ဟို

ကျင်ရှန်းသည် ဝတ်ပြုကျောင်း၏ ပင်မဂိတ်တံခါးရှေ့တွင် မားမားမတ်မတ် ရပ်နေသော မန်ဟို့ကို ကြောင်စီစီလေး ကြည့်နေ၏။ သူမကြည့်ရသည်မှာ ထိုနှစ်တုန်းက သူမ နှိပ်စက်အနိုင်ကျင့်ခဲ့သော ကျင့်ကြံသူကောင်လေးနှင့် ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်‌မြင်ယောင်နေပုံရသည်။

အတိတ်မှ မှတ်ဉာဏ်အကုန်လုံးကို ပြန်စဉ်းစားရင်း သူမမှာ အသက်ပြင်းပြင်းတစ်ချက် မရှူသွင်းမိဘဲ မနေပေ။ လောလောဆယ်တွင် သူမတစ်ယောက်တည်းသာ မန်ဟို နှစ်ပေါင်းငါးရာမျှပင် ကျင့်ကြံအားထုတ်ခဲ့ခြင်းမရှိသေးကြောင်း သိလေသည်။

“နှစ်ငါးရာတောင် မရှိသေးဘူး ... သူ့မှာ အင်မော်တယ်ချီ ရှိနေတယ်တဲ့လား ... ဒါ့အပြင် သူက ... အစစ်အမှန်အင်မော်တယ်အဆင့်ကို တစ်ပိုင်းဝင်ရောက်နေပြီ

“သူ့ရဲ့ ဓမ္မဆင်းတုကလည်း သူ့ပုံစံအတိုင်းပဲ။ သူရဲ့ အင်မော်တယ်လမ်းစဉ်က....  အတုအယောင်မဟုတ်ဘူး။ သူက အစစ်အမှန်အင်မော်တယ်လမ်းစဉ်ကို လျှောက်နေတာ

“သူ့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ငါတို့အားလုံးလိုပဲ အတုအယောင်အင်မော်တယ် ဖြစ်မလာချင်ဘူး။ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားပြီး အစစ်အမှန်အင်မော်တယ်ဖြစ်ချင်နေတာပဲ

“ဒီနေရာမှာ ဘယ်ဂိုဏ်းကို သူ ကိုယ်စားပြုတာလဲ မသိဘူး။ အင်မော်တယ်လမ်းပြနွယ်တွေက နဝမတောင်နဲ့ပင်လယ်မှာ တော်တော်ရှားတယ်။ နွယ်တစ်ပင်မှမရှိရင် သူရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက အင်မော်တယ်ကံတရားအတွက် အစွမ်းကုန်ကြိုးစားပြီး အင်မော်တယ်အဆင့်တက်လှမ်းဖို့ နှစ်တစ်သောင်းမှ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးကို စောင့်ရမှာ”

ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်နေစဉ် မြောက်ကျူပင်ဂြိုဟ်၏ ဝမ်မျိုးနွယ်စုမှ ဝမ်မူက ကောက်ကာငင်ကာ ပြောသည်။ “မင်း ဒီ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

မန်ဟိုက သူ့ကို လှမ်းကြည့်သော်လည်း ဘာမှမတုံ့ပြန်ချေ။ သူသည် တိုက်ခိုက်လိုစိတ်များ တောက်လောင်မြဲ တောက်လောင်နေလျက် ဝတ်ပြုကျောင်း၏ဂိတ်တံခါးတွင် ရပ်နေသည်။

“သူ ဒီကို ရောက်နေတာ သေချာပေါက် ရက်နဲ့ ချီလောက်ပြီ” စုန့်လော့တန်က လေတွင် ပျံဝဲနေရင်း ပြောသည်။ “ပြီးတော့ အခု ငါတို့ကို တာအိုဆရာများဝတ်ပြုကျောင်းထဲ မဝင်ရောက်နိုင်အောင် ဟန့်တားချင်နေတယ်” ချက်ချင်းဆိုသလို ထိုက်ယန်ကျစ်အပါအဝင် ရွေးချယ်ခံများစွာ လူအုပ်ထဲမှ ပျံထွက်လာသည်။ ရောင်စုံအလင်းများ တဖျပ်ဖျပ် လက်သွားပြီး သူတို့သည် စွမ်းအားများကို ထုတ်ဖော်ရင်း မန်ဟို့ထံ ပြေးဝင်သွားသော အလင်းတန်းရှစ်တန်းအသွင်အပြောင်းသွား၏။

“ဒီနေရာက ထွက်သွားစမ်း” ဤရှစ်ယောက်၏အသံမှာ မိုးခြိမ်းသွားသည့်အလားပင်။

သူတို့အနောက်တွင် အဖြစ်အပျက်များကို တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သော သူတို့၏သက်ဆိုင်ရာ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ တာအိုစောင့်ရှောက်သူများ လိုက်ပါပျံသန်းလာသည်။

မန်ဟို့အနေဖြင့် သည့်ထက်ပို၍ အစွမ်းထက်လျှင်တောင်မှ ထိုမျှများပြားသော အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ မန်ဟို့အဖေပင်လျှင် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို သွားစေခဲ့ခြင်းက မန်ဟို့ကို ယခုလို နတ်မီးလျှံစမ်းသပ်ပွဲမျိုးအတွင်း ရောက်စေခဲ့လိမ့်မည်ဟု တစ်ခါမှ မခန့်မှန်းနိုင်ခဲ့သည်သာ။

မန်ဟို့အဖေမှာ မန်ဟိုလည်း လူတကာနှင့်အတူ ယှဉ်ပြိုင်ရမည်ဟု ယူဆခဲ့သည်။ မန်ဟို့အတွက် စောစောရောက်နေခြင်းက အကျိုးအမြတ်အနည်းငယ် ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ထိုတစ်နေရာလုံး၏ မူလကံကြမ္မာကောင်းကို တစ်လအတွင်း ရယူနိုင်လိမ့်မည်ဟု ‌မည်သို့မျှ စိတ်ကူးမနိုင်ခဲ့ပေ။

သို့ထိတိုင် ... မန်ဟိုကား ထိုအတိုင်း ‌ဖြစ်နေခဲ့ချေပြီ။

ယခု‌တွင် မန်ဟိုမှာ နောက်ဆုတ်မရတော့။ ဝတ်ပြုကျောင်းထဲသို့ မည်သူ့ကိုမှ ဝင်ခွင့်ပြု၍မဖြစ်ပေ။ လူပေါင်းဒါဇင် သူ့အပေါ် ထိုးဆင်းလာစဉ် မန်ဟိုသည် ရုတ်တရက် အခွံနက်ဆေးလုံးအနည်းငယ် ထုတ်ကာ အရှေ့သို့ ပစ်ပေါက်လိုက်၏။ ၎င်းတို့က လေထဲတွင် တစ်လုံးနှင့်တစ်လုံး ထိမိသည်နှင့် ပြင်းပြင်းထန်ထန် ပေါက်ကွဲကုန်သည်။

အဆိုပါဆေးလုံးလေးတစ်လုံးကပင် ကြောက်မက်ဖွယ် ပေါက်ကွဲအားကို ထုတ်လွှတ်ပေးနိုင်ရာ ဒါဇင်ပေါင်းများစွာ ‌ပေါက်ကွဲသွားခြင်းက ‌ပထဝီမြေကြီးကို တသိမ့်သိမ့် တုန်လာစေပြီး တောင်တန်းများကိုပင် ယိမ်းထိုးသွားစေသည်။ နားကွဲလုမတတ်‌‌ ပေါက်ကွဲသံကြီး ဟိန်းထွက်သွားသည့်အခါ ပေါက်ကွဲမှုအနားရှိ လူတိုင်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ နှစ်ယောက်ဆိုလျှင် ခန္ဓာကိုယ်များ တစစီ စုတ်ဖြဲခံလိုက်ရ၏။

သွေးပျက်မတတ် အော်ဟစ်သံများ လေတွင် ပြည့်နှက်သွားသည်။

“ဒီကောင်ပဲ .. အဲ့ဒါ ဒီကောင်ပဲ” ထိုက်ယန်ကျစ်က စူးစူးဝါးဝါး အော်သည်။ “ငါတို့ ကြုံခဲ့ရတဲ့ အခွံနက်ဆေးလုံးတွေ အကုန်လုံးကို ဒီကောင် မြှုပ်ခဲ့တာ” ထိုက်ယန်ကျစ်၏ လက်မောင်းမှာ ပေါက်ကွဲမှု‌အတောအတွင်း ‌အငွေ့ပျံသွားခဲ့လေသည်။

ဝတ်ပြုကျောင်းသို့ လာရာလမ်းတစ်လျှောက်လုံး ထိခိုက်ဒဏ်ရာရခဲ့သော လူများက မန်ဟို့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် လှမ်းကြည့်သည်။ သူတို့သည် စုန့်လော့တန်၏ တာအိုစောင့်ရှောက်သူ သေဆုံးသွားတုန်းက သံသယဝင်ခဲ့ကြသော်လည်း အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် အသေးစိတ် အတည်မပြုနိုင်ခဲ့ပေ။

သို့သော် ယခု‌တွင် ဤအခွံနက်ဆေးလုံးများက အပြင်တွင် မြှုပ်‌ခံထားရသော အခွံနက်ဆေးလုံးများနှင့် တစ်ပုံစံတည်းတူကြောင်း သူတို့ ချက်ချင်း သဘောပေါက်သွားကြသည်။ နဂိုရှိပြီးသား အမုန်းအပေါ် အမုန်းအသစ်တို့ ထပ်လောင်းသွား၏။

ချက်ချင်းပင် မန်ဟို့ကို တိုက်ခိုက်ရန် နောက်ထပ်လူပေါင်းများစွာ လေပေါ် ပျံတက်သွားကြသည်။

ဖန်ယွင်ရီအပါအဝင် ကျန်ရှိသူတချို့က ဝတ်ပြုကျောင်း၏တံတိုင်းကို ဖြတ်၍ ဝင်ရောက်ရန် ကြိုးစားလိုက်ကြသည်။ မဝင်ခင်ဆဲဆဲလေးမှာပင် ဖန်ယွင်ရီမှာ ကြောက်စိတ်တို့ဖြင့် ကြက်သီးတဖြန်းဖြန်း ထသွားပြီး တုံ့ခနဲ ရပ်သွားသည်။ သို့သော် အခြားသူဆယ်ယောက်ကျော်မှာမူ မတုံ့မဆိုင်းဘဲ တံတိုင်းရှိ  အပေါက်များမှတစ်ဆင့် ပျံသန်းသွားကြသည်။

ပျက်စီးယိုယွင်းနေသော ပရဝုဏ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး တုန်ရီလာကြပြီးနောက် မချိတင်ကဲ အော်ဟစ်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် ချက်ချင်း ပုပ်သိုးပျက်စီးလာပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်အရည်အိုင်များဘဝ ရောက်သွားလေ၏။

ဤအခြင်းအရာအားလုံးက စောင့်ကြည့်နေသူအကုန်လုံးကို ချာချာလည်သွားစေပြီး မျက်စိမျက်နှာပျက်သွားစေသည်။ ယခုလေးတင် သေဆုံးသွားခဲ့သော လူတချို့မှာ တာအိုစောင့်ရှောက်သူများဖြစ်ပြီး သူတို့ပင် တန်ပြန်ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်း ကိစ္စချောသွားကြလေပြီ။

“ပင်မဂိတ်ဝကပဲ ဖြတ်လို့ရတယ်။ တခြားလမ်းကနေ ဝင်ခွင့်မရှိဘူးဟ”

“ပင်မဂိတ်က တစ်ခုတည်းသော နည်းလမ်းပဲ”

“မန်ဟိုက ပင်မဂိတ်တံခါးကို ပိတ်ထားတာ။ မယုံနိုင်စရာတွေအကုန်လုံး သေချာ‌ပေါက် တခြားတစ်ဖက်မှာပဲ။ ဝင်လို့ရအောင် သူ့ကို သတ်ကြစို့”

ယခုတွင် ဝင်ပေါက်တစ်ပေါက်တည်းသာ ရှိကြောင်း ပေါ်လွင်သွားပြီဖြစ်၍ မန်ဟို့အပေါ် သက်ရောက်နေသော ဖိအားမှာ ပို၍ပင် ကြီးမားလာသည်။ ပေါက်ကွဲသံများ တရစပ် မြည်ဟည်းသွား၏။ အခွံနက်ဆေးလုံးများဖြင့်ပင်လျှင် မန်ဟို့အတွက် ကြာကြာတောင့်ခံထားဖို့ရာ ခက်ချေသည်။ ‌ဆေးလုံးများလည်း သိပ်မကျန်တော့သည်မဟုတ်ပါလော။။

အသတ်အဖြတ်စိတ်ဆန္ဒများက ဘက်ပေါင်းစုံမှ သူ့ကို တိုက်ခိုက်နေသော်လည်း မန်ဟိုက နောက်မဆုတ်ပေ။ ထိုအစား သူသည် ပင်မဂိတ်ပေါက်နှင့် တတ်နိုင်သမျှ နီးနီးတွင် နေရာယူထား၏။ ကျောက်ရီဖန်း၏ ဓားချီက ခမ်းနားထည်ဝါစွာ ‌တဖွေးဖွေး လှုပ်လာပြီးနောက် ဓားအသေးစားများဖြင့် ခြံရံလျက်ရှိသော ဓားတစ်လက်ပုံသဏ္ဌာန်ပြောင်းသွားသည်။ ထို့နောက် သူသည် မန်ဟို့ဆီသို့ အမြန်ဆုံးရွေ့လျားလာရာ အကုန်လုံး သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ မန်ဟိုမှာမူ ပြင်းထန်သော အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။

“ဒီလူက အစွမ်းထက်လွန်းတယ်” မန်ဟိုက တွေးသည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး နေရာအများအပြားတွင် ဒဏ်ရာရသွား၏။ ဆက်လက်၍ တောင့်ခံထားရမည့်အချိန်မဟုတ်ကြောင်း မြင်သည်နှင့် မန်ဟိုက လာနေသော ကျောက်ရီဖန်းကို ကြည့်ကာ ဂိတ်ဝမှတစ်ဆင့် နောက်ဆုတ်လိုက်သည်။

မန်ဟို ဝတ်ပြုကျောင်းဂိတ်တံခါးထဲသို့ ဝင်သွားလျှင်ချင် ကျောက်ရီဖန်း၏ဓားသည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တောက်ပနေသော ဓားချီများဖြင့် နေလုံးကြီးသဖွယ် ရောက်ရှိလာ၏။ သူ့အနောက်ရှိ လူများမှာ ဂိတ်တံခါးပွင့်သွားသည့်အခါ မျက်လုံးများ တောက်ပသွားကြသည်။ ချက်ချင်းဆိုသလို ဝတ်ပြု‌ကျောင်းထဲ ဝင်ရောက်ဖို့ လူတိုင်း ချီတက်လာကြလေပြီ။

သို့သော် မန်ဟို ဝတ်ပြုကျောင်းထဲ ဝင်ရောက်လိုက်သည့်အခိုက်အတန့်တွင် အလွန်အန္တရာယ်များသော အသတ်အဖြတ်အရှိန်အဝါက သူ့ဘေးတွင် ဖြစ်ပေါ်လာသည်။ နတ်ဆိုးစိတ်ဆန္ဒနှင့်အတူ အသတ်အဖြတ်၏ စိတ်ဆန္ဒ၊ ရေခဲတမျှ အေးစက်မှုတို့ ပေါ်ပေါက်လာ၏။ ညနေခင်း၏ကောင်းကင်အောက်တွင် အနက်ရောင်အခိုးအငွေ့များ တလူလူ ထလာလေသည်။

မန်ဟိုနှင့် တစ်ပုံစံတည်းတူသော ပုံရိပ်တစ်ခုက သူ့အ‌နောက်မှ ရုတ်တရက် လမ်းလျှောက်ထွက်လာသည်။

ဒုတိယအစစ်အမှန်ကိုယ်

သူသည် ဝတ်ပြုကျောင်း၏ ဂိတ်ဝမှ လမ်းလျှောက်ထွက်လာခဲ့ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားအချိန်ဓားကို ပေါ်လာ‌စေသည်။ အချိန်ဓားက ကျောက်ရီဖန်း၏ဓားနှင့် ဆုံတွေ့သွားသဖြင့် အချိန်စွမ်းအားလှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။

ထန်

ကျောက်ရီဖန်း မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်ရသည်။ ဒုတိယကိုယ်အစစ်က နှာတစ်ချက်မှုတ်ကာ ရှေ့တက်လာ၏။ အချိန်စွမ်းအားများ ဖြာထွက်လာရာ စောင့်ကြည့်နေသူအားလုံး၏ မျက်နှာအပေါ်တွင် ထိတ်လန့်အံ့ဩသွားသောအမူအရာများ စိုးမိုးသွားသည်။ သူတို့အကုန်လုံး သူတို့၏သက်တမ်းများ ယုတ်လျော့လာသည်ကို ရှင်းရှင်းလင်းလင်း အာရုံရလိုက်၏။

“အချိန်ကျင့်ကြံသူ”

“သေစမ်း တစ်ယောက်ထဲ မဟုတ်‌ဘူး၊ နှစ်ယောက်တောင်”

ဒုတိယအစစ်အမှန်ကိုယ် ဝတ်ပြုကျောင်း၏အပြင်တွင် ရပ်လိုက်သည့်အခါ မန်ဟိုက ဆေးလုံးတချို့ ထုတ်လိုက်သည်။ ၎င်းတို့ကို စားပြီးနောက် သူသည် အသက်ဆယ်ရှိုက်ကြာ တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် မျက်လုံးများ ဖွင့်ပြီး ပင်မဂိတ်ဝမှ လမ်းလျှောက်ထွက်လာကာ ဒုတိယကိုယ်အစစ်၏ဘေးတွင် ရပ်လိုက်သည်။ သူတို့နှစ်ယောက် စတိုက်ကြသည်နှင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာလေသည်။ ကြီးမားသော တိုက်ပွဲကြီး ဖြစ်ပွားနေသည်အမျှ ထုတ်လွှတ်နေသော စွမ်းအားများမှာ ရင်သပ်ရှုမောဖွယ်အတိပြီးနေတော့သည်။

သူ၏ဒုတိယကိုယ်အစစ်ကို ပထမဆုံး တိုက်ခိုက်သူမှာ ဖန်းတုံးအာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားသူများက ပင်မဂိတ်ကို ဖြတ်နိုင်ဖို့ ကြိုးစားကြ၏။

မန်ဟိုက ဟိန်းဟောက်လိုက်ရာ သွေးရောင်ဝဲကြီးတစ်ခုပေါ်လာသည်။ သွေးမိစ္ဆာမဟာမှော်သိုင်းကား နောက်ဆုံးတော့ စွမ်းအားအပြည့်အဝဖြင့် ထွက်လာခဲ့လေပြီ။ ချက်ချင်း အကုန်လုံး မျက်နှာပျက်သွားကြပြီး နောက်ဆုတ်လိုက်ကြ၏။

မန်ဟိုမှာ အမှန်တကယ်ပင် ရှိရှိသမျှ လူတိုင်းအတွက် စိတ်ညစ်ဖွယ်ကောင်းသော ခေါင်းကိုက်ဝေဒနာကြီးအလားပင်။ သူ၏ဒုတိယကိုယ်အစစ်မှာ ‌အန္တရာယ်များသော အသတ်အဖြတ်စိတ်ဆန္ဒကို ပိုင်ဆိုင်ထားပြီး‌ ကြောက်စရာကောင်းလောက်အောင် အေးစက်ချေသည်။ သူ၏တိုက်ကွက်များက အညှာအတာကင်းမဲ့ပြီး သူ့ကို နတ်ဆိုးစိတ်ဆန္ဒအပြင် အချိန်စွမ်းအားက ဝန်းရံထား၏။ ၎င်းတို့အားလုံးက အလွန်ရင်ဆိုင်ရခက်ပေသည်။

မန်ဟိုသည် ဖန်းတုံးအာနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေ၍ ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေ၏။ မန်ဟိုက ဂိတ်ရှေ့မှ တွန်းထုတ်ခံရတော့မည့်အခါတိုင်း အခွံနက်ဆေးလုံးများကို ပစ်ပေါက်တတ်ရာ မကျေမနပ် ဆဲရေးသံများမှာ နောက်ဆက်တွဲ ထွက်လာတတ်လေသည်။

သူသည် ရွေးချယ်ခံတစ်ဦးဦး ကျောင်းထဲ ဝင်ရောက်‌နိုင်တော့မည့်အချိန်တိုင်းလည်း သူတို့နှင့် နေရာချင်းလဲသွားအောင် မိုးကြိုးဒယ်အိုးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သေး၏။

ကျောက်ရီဖန်း၊ ‌ဖန်းတုံးအာ၊ လီလင်းအာ၊ ဝမ်မူ၊ ထိုက်ယန်ကျစ်၊ ကျီယင်၊ ဖန်ရှန်ရှန်း ... ရွေးချယ်ခံအကုန်လုံးနီးပါး ကျောင်းထဲ ဝင်ရောက်ဖို့ အခွင့်အရေးရခဲ့သော်လည်း မန်ဟိုက လျင်သောမျက်လုံးများဖြင့် သူတို့မြင်ပြီး တစ်ယောက်ယောက် အနားရောက်သွားခဲ့လျှင် လျှပ်စီး ဝင်းခနဲ လက်ကာ နေရာလဲသိုင်းကို အသုံးပြုတတ်သည်။

ယခုတွင် မိုးချုပ်လာနေပြီဖြစ်ပြီး ခပ်စိမ့်စိမ့် လေတစ်ချက်က ဝေ့ဝိုက်တိုက်ခတ်လာသည်။ ‌ပရဝုဏ်ထဲရှိ နွယ်သည် နောက်တစ်ဖန် အိကျလာပြီး ရှေ့နောက်လွှဲရမ်းလာ၏။ မည်းညစ်ညစ်သွေးစက်တို့က စက်လက်စက်လက် ကျနေကာ ရေတွင်းထဲမှ အစိမ်းရောင်အခိုးအငွေ့များ လွင့်မျောတက်လာသည်။

‌‌ဆီမီးအိမ်သည်လည်း ဝတ်ပြုကျောင်းခန်းမထဲတွင် ခပ်မျှင်မျှင် ပြန်လင်းလာပြီး မရေမတွက်နိုင်သော အရိပ်များ ပေါ်လာ၏။ အသစ်ရောက်ရှိလာသူအကုန်လုံးမှာ ဤအခြင်းအရာကို မြင်သော် ပင့်သက်ရှိုက်သွားကြသည်။ မန်ဟိုအတွက်မူ သူလည်း ကျောစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် ဖန်တုံးအာ၏ မျက်လုံးများ ဝင်းလက်သွားသည်။ ရုတ်တရက် တံခါးတစ်ချပ်၏ပုံရိပ် သူမမျက်ဝန်းများတွင် ပေါ်ပေါက်လာလေသည်။

“ယင်နဲ့ယန်ရဲ့အကြား ကွက်လပ်က နဝမပင်လယ်နတ်” ရုတ်တရက် သူမတစ်ကိုယ်လုံးမှာ သူမ၏မျက်ဆံများအတွင်းသို့ စုပ်ယူခံလိုက်ရသယောင်ပင်။ သူမသည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ပရဝုဏ်အတွင်းသို့ ရောက်နေ၏။

ထိုအခိုက်အတန့်တွင် မန်ဟိုက နေရာလဲသိုင်းကို အသုံးပြုဖို့ ကြိုးစားလိုက်သော်လည်း ပထမဆုံးအကြိမ် မအောင်မြင်ပေ။

ဖန်းတုံးအာက မထူးခြားသော မျက်နှာထားဖြင့် ဝတ်‌ပြုကျောင်းခန်းမထဲ ဝင်ဖို့ ပြင်သည်။ မန်ဟိုက ကုစ်ခြစ်တော့မည့် လက်ဟန်အနေအထားဖြင့် လက်ကို ဆန့်ထုတ်ရင်း ချက်ချင်း ပျံသန်းသွားသည်။ ဤအခြင်းအရာက ပင်မဂိတ်ကို ပေါက်ကွဲသွားစေပြီး ဒုတိယကိုယ်အစစ်မှာ တစ်ယောက်တည်း ထိန်းမထားနိုင်တော့ပေ။ ထိုတိုတောင်းလှသောအချိန်လေးအတွင်း တာအိုစောင့်ရှောက်သူတစ်ယောက်က ပရဝုဏ်ထဲသို့ လျှိုဝင်နိုင်သွား၏။

ထိုသို့ဖြစ်ပျက်သောအခါ ထိုလူမှာ ရုတ်တရက် အော်ဟစ်လိုက်ရပြီး အနက်ရောင်အရည်အိုင်ဘဝ ရောက်သွားလေသည်။

ဤအဖြစ်အပျက်က ပရဝုဏ်၏အပြင်ရှိ လူတိုင်းအား ကြက်သေသေသွားစေပြီး ဝင်ရောက်ဖို့ ရည်ရွယ်ချက်မှန်သမျှ စွန့်လွှတ်လိုက်စေသည်။

မန်ဟိုမှာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာနှင့်ပတ်သက်ပြီး စဉ်းစားနေဖို့ အချိန်မရှိပေ။ သူသည် ဖန်တုံးအာဆီသို့ ရန်လိုစွာ ပျံသန်းသွားသော သိမ်းငှက်ကြီး အသွင်ပြောင်းသွား၏။

“သေစမ်း” သူက တွေးသည်။ “အဲ့ဒီ အရူးအိုကြီး ဝတ်ပြုကျောင်းထဲ မဝင်စေနဲ့ ပြောတာလား၊ ဝတ်ပြုကျောင်းခန်းထဲပဲ မဝင်စေနဲ့ ပြောတာလား မေ့သွားတယ်” သူသည် စိတ်တိုတိုဖြင့် သူနှင့်အတူ တိုက်ခိုက်ဖို့ ဒုတိယကိုယ်အစစ်ကို ခေါ်လိုက်သည်။

မန်ဟို၏ဒုတိယကိုယ်အစစ် ချဉ်းကပ်လာနေသည်ကို မြင်လျှင် ဖန်းတုံးအာ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။

“သူက ဒီနေရာကို ဘယ်လိုလုပ် ဝင်လို့ရနေတာလဲ” သူမက ပြောသည်။ “ကျင့်ကြံသူမဟုတ်ဘူး၊ ကိုယ်ပွားလေ”

ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ ဖန်တုံးအာသည် မန်ဟိုနှင့် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေစဉ် က္ကန္ဒြေတစ်ချက်ပျက်ခြင်း မရှိပေ။ မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်းရာချီ ဖလှယ်ပြီးခဲ့ပြီဖြစ်၏။ အပြင်ရှိ လူတိုင်းမှာတော့ မျက်လုံးတလက်လက်တောက်ပနေလျက် စောင့်ကြည့်နေကြသည်။ ကျင့်ကြံသူတစ်ယောက်က အထူးနည်းလမ်းတစ်ခုကို သုံးရင်း ပင်မဂိတ်ဝမှ ဝင်ရောက်ဖို့ ကြိုးစားသော်လည်း ရလဒ်မှာ စူးစူးဝါးဝါး အော်ရင်း သေဆုံးသွားခြင်းသာ ဖြစ်လေသည်။ ယခုတွင် အကုန်လုံး အ‌ခြေအနေကို သဘောပေါက်သွားကြ၏။

“နေ့အချိန်မှာ ဝင်လို့ရတယ်။ ညအချိန်မှာ ဝင်လို့မရဘူး”

“သေစမ်း၊ ဖန်းတုံးအာက စောစောကတည်းက သ‌ဘောပေါက်ထားလို့ ယင်နဲ့ယန် နေရာလဲပြီး ညအစား နေ့ဝင်ရောက်သွားတဲ့အချိန်အပိုင်းအခြား မရောက်မချင်း သူရဲ့ နတ်ဘုရားစွမ်းရည်ကို မသုံးဘဲ နေနေခဲ့တာကိုး။ အဲ့ဒီအချိန်မှာမှ ဝင်လို့ရမှာမလို့”

“သူက နေရာလဲသိုင်း သူ့အ‌ပေါ်မှာ အလုပ်ဖြစ်မယ်ထင်အောင် မန်ဟို့ကို တမင်သုံးခွင့်ပေးထားခဲ့တာပဲ”

“ဉာဏ်နီဉာဏ်နက်များချက်ကတော့ တကယ် လက်လန်တယ်။ နဝမပင်လယ်နတ်လောကက လူတွေကို ငါ မုန်းတယ်”

***

All Chapters