← Chapters

နတ်ဘုရားမလေးကို ဆော်ပလော်တီးခြင်း

Vol. 59 Ch. 816

နတ်ဘုရားမလေးကို ဆော်ပလော်တီးခြင်း

Vol. 59 Ch. 816

အကုန်လုံး ရွှန်းရွှန်းစားစား ကြည့်ရင်း ပရဝုဏ်၏အပြင်တွင် ရပ်နေကြသည်။

ပရဝုဏ်ထဲတွင် မန်ဟိုနှင့် သူ၏ဒုတိယအစစ်အမှန်ကိုယ်သည် နဝမပင်လယ်နတ်လောက၏ နတ်ဘုရားမလေး ဖန်တုံးအာနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြ၏။ ဘေးတွင် နွယ်ဒန်းမှာ ရှေ့နောက်လွှဲရမ်းနေပြီး သွေးမည်းမည်းကြီးများ စက်လက်စက်လက် ကျနေစဉ် ဟီးဟီးဟားဟား ရယ်သံများအား ကြားရနိုင်၏။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဆံပင်များက လေတွင် လွင့်မျောကခုန်နေကြသည်။ မရေမတွက်နိုင်သော တာအိုအရိပ်များလည်း ပေါ်လာခဲ့၏။ တချို့က တရားထိုင်နေသည်။ တချို့က ဆေးဖော်ပြီး တချို့က တာအိုမှော်အစွမ်းများ အသုံးပြုနေကြသည်။ ကြေးမီးအိမ်မှာ မှိန်ပျပျ လှုပ်နေရင်း ပတ်ဝန်းကျင်ကို အလင်းရောင် ပေးလျက်ရှိသည်။ ပျက်စီးပြိုပျက်နေသော နတ်ရုပ်ကြီးမှာလည်း နတ်အရှိန်အဝါ အနည်းအကျဉ်းကို ထုတ်လွှတ်နေသယောင်ယောင်။

ဤလူများအတွက် ယနေ့ညမှာ အ‌င်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း၏ ပတ်ဝန်းကျင်တွင် ကုန်ဆုံးခဲ့ရသော ပထမဆုံးညမဟုတ်သော်လည်း တာအိုအရိပ်များကို မြင်သည်နှင့် တော်တော်များများ အသံအက်အက်များဖြင့် ကောက်ချက်ချလိုက်ကြသည်။

“တာအိုတွေ လက်ဆင့်ကမ်းပေးနေတာပဲ”

“အဲဒီတာအိုပုံရိပ်တွေက တာအိုတွေ လက်ဆင့်ကမ်းပေးနေတာပဲ။ ငါတို့ အထဲကို ဝင်နိုင်ရင် တာအိုအသစ်ရယူနိုင်ပြီ”

“အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းက ကံကြမ္မာကောင်းအပြည့်ပါလား”

“ချီးတဲ့မှ။ မန်ဟို ဒီကို ရောက်နေတာ ဘယ်နှရက်ကြာပြီလဲ မသိဘူး။ ကြည့်ရတဲ့ပုံအရ ဒီကောင် ကံကြမ္မာကောင်းအားလုံးအထဲက အကောင်းဆုံး အင်‌မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို ရထားပြီးနေလောက်ပြီ”

အပြင်တွင် စကားသံများ ဆူညံနေသည်။ အထဲတွင် မန်ဟိုနှင့် သူ၏ဒုတိယအစစ်အမှန်ကိုယ်သည် ဖန်းတုံးအာနှင့် တိုက်ကွက်တစ်ရာကျော် ဖလှယ်ခဲ့ပြီးလေပြီ။ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး ဖန်းတုံးအာမှာ ‌ဝတ်ပြုကျောင်းခန်းမအနား မရောက်အောင် အဆက်မပြတ် တွန်းထုတ်ခံနေရသဖြင့် မျက်မှောင်ကြုတ်နေသည်။ အနားမကပ်နိုင်သည်သာမက ပင်မဂိတ်ပေါက်မှ ‌နှင်ထုတ်ခံတော့ခါနီးအထိ တွန်းထုတ်ခံနေရခြင်းဖြစ်သည်။

မန်ဟိုမှာ အစတုန်းက အတိုင်းထက်အလွန် စိုးရိမ်ကြောင့်ကြနေခဲ့၏။ သို့သော် ဖန်းတုံးအာ ပရဝုဏ်ထဲသို့ ဝင်လာခဲ့ပြီးနောက် ဝတ်ပြုကျောင်းခန်းမရှိ အရာအားလုံး ပုံမှန်အတိုင်း ရှိမြဲရှိဆဲသာ ဖြစ်ကြောင်း မြင်တွေ့ရသည့်အခါမှ စိတ်သက်သာရာရသွားလေသည်။

“အရူးအိုကြီးဆိုလိုတာ ပရဝုဏ်မဟုတ်ဘဲ ဝတ်ပြုကျောင်းခန်းမပဲ ဖြစ်လောက်တယ်” သူက တွေးသည်။ သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် သိမ်းငှက်‌လက်သည်းသဖွယ် လက်ဟန်အနေအထားဖြင့် ဖန်းတုံးအာဆီသို့ လှမ်းလိုက်သည်။

ဖန်းတုံးအာမှာ စိတ်တိုစပြုလာသည်။ သူမသည် အသာအယာ နှာခေါင်းရှုံ့ပြီး သူမလက်ထဲရှိ ‌ကြာပန်းပြာကို မြှောက်လိုက်သည်။ ကောင်းချီးမင်္ဂလာအဖြာဖြာ ပါဝင်နေပုံရသော လင်းရောင်စဉ်က ဖြာထွက်လာ၏။ ၎င်းသည် အင်မော်တယ်ချီဖြစ်လာကာ သူမက မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် စုပ်ယူလိုက်သည်။ ထို့နောက်‌ သူမမျက်ဝန်းများ ရွှေရောင်တောက်လာလေသည်။ သူမသည် ရွှေမျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ပြီး စကားတစ်ခွန်းတည်း ရေရွတ်လိုက်၏။

“ဖိနှိပ်လိုက်”

ထိုစကားလုံးလေးက သူ၏ပတ်ပတ်လည်တွင် အံ့ဖွယ်အားတစ်ရပ် ဖြစ်တည်လာကြောင်း ခံစားလိုက်ရစေသဖြင့် မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားသည်။ အဆိုပါအားက သူ့ကို ချက်ချင်း ရစ်ပတ်တုပ်နှောင်စပြုလာသည်။ သူ၏ဒုတိယကိုယ်အစစ်ပင်လျှင် ၎င်း၏စွက်ဖက်မှုကို ခံစားလိုက်ရ၏။

ဖန်းတုံးအာက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဝတ်ပြုကျောင်းခန်းမသို့ ဝင်ရောက်ဖို့ ပြင်လိုက်သည်။

“ထွက်လာခဲ့” မန်ဟိုက အော်လိုက်ပြီး ဂျိန်းခနဲ အသံကြီးနှင့်အတူ သူ၏ဓမ္မဆင်းတုသည် မဟာတာအိုတစ်ပါး၏ အခြံအရံနှင့်အတူ အဆုံးမရှိသော အရောင်အဝါတို့ ထိန်လင်းတောက်ပလျက် ပေါ်ထွက်လာသည်။ ဓမ္မဆင်းတု၏အရောင်အဝါမှာ မိုးကောင်းကင်ထက်သို့တိုင် ‌ကွန့်မြူးဖြာဆင်းသွားပြီး မရေမတွက်နိုင်သော အင်မော်တယ်နတ်များ ၎င်း၏ပတ်ပတ်လည် တင်ပျဉ်ခွေလျက် တရားထိုင်နေကြသည့်အလားပင်။ မမြင်ရသော အတားအဆီးများ ဖျက်စီးခံလိုက်ရသဖြင့် ဖျောက်ခနဲ အသံတစ်သံအား ကြားလိုက်ရသည်။ မန်ဟိုသည် ရုန်းထွက်လာခဲ့ပြီးနောက် ကြယ်ခူးသိုင်းကွက်အတိုင်း ညာလက်ကို ဆန့်ထုတ်လိုက်သည်။

လှမ်းခူးဆွတ်လိုက်သော လှုပ်ရှားမှုလေးတစ်ခုတည်းနှင့် ‌ဝတ်ပြုကျောင်းခန်းမသို့ ဦးတည်နေသော ဖန်းတုံးအာမှာ သူ့ဆီသို့ ပြန်ဆွဲခေါ်ခံလိုက်ရလေပြီ။

သူမ၏ ခန္ဓာကိုယ်သည် သူမထိန်းချုပ်မှုအောက်တွင်မရှိတော့ဘဲ နောက်ပြန်ပျံသန်းလာရ၏။ မန်ဟိုလက်နှင့် ထိတော့မည့်အခိုက်အတန့်တွင် သူမက အေးစက်စက် နှာမှုတ်ကာ ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်သည်။ ထို့နောက် မြေကြီးသို့ လက်ညှိုးထိုးလိုက်ရာ သူမခြေထောက်အောက်တွင် ကြီးမားကျယ်ပြောသော ပင်လယ်တစ်စင်းပေါ်လာပြီး ၎င်းအတွင်းမှ ပင်လယ်နဂါးဆယ်ကောင်က ဟိန်းဟောက်ရင်း ထိုးထွက်လာသည်။

မန်ဟို၏ ကြယ်ခူးသိုင်းမှာ အစွမ်းလွင့်ပျယ်သွားသော်လည်း သူ၏ဒုတိယကိုယ်အစစ်က အနားရောက်လာခဲ့လေပြီ။ ဒုတိယကိုယ်အစစ်က အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သဖြင့် ဖန်းတုံးအာ၏ပတ်ပတ်လည်ရှိ လေထုမှာ ဖောင်းခနဲ  အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသည်။ သူမ နောက်လွင့်သွားစဉ် သူမနှုတ်ခမ်းထောင့်လေးမှ သွေးတို့စီးကျလာ၏။ ထိုအချိန်တွင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး လက်ညှိုးထိုးလိုက်သည်။

သွေးမိစ္ဆာမဟာမှော်ဝဲက ရုတ်ခြည်း ပေါ်လာသည်။ မန်ဟိုရော၊ ဒုတိယကိုယ်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲ၏ လျင်မြန်သောအပြောင်းအလဲများက အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ မည်သည့်ဘက်ကမှ တုံ့နှေးခြင်းမရှိသည့်အပြင် တိုက်ကွက်များက ယုံကြည်ချက်အပြည့်နှင့် လျင်မြန်သွက်လက်ပေသည်။

ဝုန်းးးးးး

ဖန်းတုံးအာ မျက်နှာပျက်သွားသည်။ မန်ဟို၏ သွေးမိစ္ဆာမဟာမှော်သိုင်းက သူမကို ကြောက်စိတ်တို့ မွှန်ထူသွားစေ၏။ သူမသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ အပေါ်ထက်ကောင်းကင်မှ အလင်းရောင်တစ်ရောင် ဖြာကျလာလေသည်။ အဆိုပါအလင်းရောင်က ဖန်းတုံးအာ၏ နောက်သို့ သက်ဆင်းလာရင်း ရေသူမတစ်ကောင်၏ပုံရိပ် အသွင်ပြောင်းသွားသည်။

ရေသူမတွင် အဆမတန် ရှည်လျားသောဆံပင်များရှိပြီး လက်ဖျားခါလောက်အောင် လှပသည့်အပြင် အဝတ်ဗလာဖြစ်နေသည်မှလွဲ၍ ဖန်းတုံးအာနှင့် တစ်ပုံစံတည်း တူချေ၏။ အကြေးခွံများက သူမကိုယ်အောက်ပိုင်းကို ဖုံးနေသော်လည်း တစ်ကိုယ်လုံး ခြုံကြည့်လျှင် မည်သူ့ကိုမဆို သူမအား စွဲမက်သွားစေမည့် ညှို့အားပြင်းသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

“သိပ်ကြီးကျယ်မြင့်မြတ်တဲ့ပုံ ဖမ်းထားပြီးတော့ ကိုယ်လုံးတီးကြီးကို ဆင့်ခေါ်တယ်ပေါ့လေ” မန်ဟိုက တင်းမာခက်ထန်စွာ ပြောသည်။ “ဘယ်လောက်အရှက်သိက္ခာမဲ့လိုက်သလဲ”

“‌သိမ်ဖျင်းတဲ့ အောက်တန်းစားကောင်” သူမကလည်း အနိုင်မခံ ပြန်ပြောသည်။ “တစ်ချက်ကြည့်လိုက်တာနဲ့ နင်ဟာ အယုတ်တမာကောင်ဆိုတာ ငါ ပြောနိုင်တယ်” သူမသည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ ဓမ္မဆင်းတု၏ မျက်လုံးများအား ရွှေရောင်တောက်လာစေ၏။

“နဝမ ပင်လယ် နတ် မိုးကြိုး” စကားလုံးလေးလုံးက မိုးခြိမ်းသံကြီးသဖွယ် ထစ်ချုန်းသွားပြီး ရွှေရောင်မိုးကြိုးတန်းလေးတန်းက မန်ဟို့ဆီ ထိုးဆင်းလာသည်။

မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ နဝ‌မတောင်နှင့်ပင်လယ်မှ ရွေးချယ်ခံအကုန်လုံး မယုံနိုင်လောက်အောင် အစွမ်းထက်လေသည်။ သူအနေဖြင့် သူတို့ကို အထင်မသေးတော့သည်မှာ ကြာပြီဖြစ်၏။ သူတို့အား သာမန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများအဖြစ် မြင်၍မရကြောင်းလည်း သိသည်။ ဤလူများသည် အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းရဖို့အတွက် ပြင်းပြသောရည်မှန်းချက်များနှင့် လူများဖြစ်ကြ၏။

တချို့ဆိုလျှင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ပြီးဖြစ်သော်လည်း အင်မော်တယ်ကံတရားကို စောင့်စားရန် ကျင့်ကြံခြင်းအခြေခံများကို တမင်ဖိနှိပ်ချုပ်တည်းထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သူတို့ထဲမှ တချို့က မန်ဟို့အား အန္တရာယ်ကို ခံစားရစေသည်။ တစ်ယောက်က ကျောက်ရီဖန်း၊ နောက်တစ်ယောက်က ဖန်တုံးအာ။

“ရွေးချယ်ခံတွေ ၊ အစွမ်းထက်ပညာရှင်တွေက တိမ်တိုက်တွေလို ‌များပြားလိုက်တာ” သူက တွေးသည်။ “ငါရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ အခုမှ အစပဲ ရှိသေးတယ်။ ကြီးမားကျယ်ပြောတဲ့ လောကကြီးက ငါ့အတွက် ပွင့်လာခဲ့ပြီ...” တိုက်ခိုက်လိုစိတ်သည် မန်ဟို၏မျက်ဝန်းများတွင် တောက်လောင်နေသည်။ သူ့မှာ နဝမတောင်နှင့်ပင်လယ်၏ ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်ဖို့အတွက် တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ရန် မစောင့်နိုင်တော့ပေ။

“ဒီနေ့က ‌လှစ်ခနဲ ကြည့်လိုက်တာလောက်ပဲ ရှိသေးတယ်” သူက တွေးသည်။ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားသွား၏။ သူ၏ဓမ္မဆင်းတုက ဟိန်းဟောက်ရင်း ပို၍ပင်ကြီးမားလာကာ ညာလက်အား ဖန်းတုံးအာဆီသို့ ဆန့်ထွက်သွားစေသည်။

ရွှေရောင်မိုးကြိုးတန်းလေးတန်းသည် အံ့မခန်း လှိုင်းဂယက်များကို ထုတ်လွှတ်နေသော်လည်း မန်ဟို့ဓမ္မဆင်းတု၏ တားဆီးခြင်းခံလိုက်ရ၏။

ပဲ့တင်သံများ ရိုက်ခတ်သွားပြီး ဖန်းတုံးအာ မျက်နှာပျက်သွားသည်။ ဒုတိယကိုယ်အစစ်သည် အသတ်အဖြတ်အရှိန်အဝါဖြင့် ဟုန်းဟုန်းတောက်လျက် အချိန်မြစ်နှင့်အတူ လိုက်လာသည်။ သူက ဖန်းတုံးအာ၏လည်ပင်းကို ဖြတ်ရန် ဓားကွက်အား ရက်ရက်စက်စက် လွှဲရမ်းလိုက်သည်။

“ဒီမန်ဟိုက တကယ်ပဲ ဘယ်သူလဲ...” သူမက တွေးသည်။ “သူ့ကိုယ်ပွားကို အသာထား။ သူကိုယ်တိုင်က မယုံနိုင်လောက်အောင် အစွမ်းထက်နေတဲ့အပြင် သူ့ဓမ္မဆင်းတုက သူ့ပုံသဏ္ဌာန်ကို ဖော်ဆောင်တယ်။ သူ့အစွမ်းကို ကြည့်ရ‌သလောက် အစစ်အမှန်အင်မော်တယ်တစ်ပိုင်းအဆင့် ဖြစ်ရမယ်

“လောလောဆယ်မှာ သူက ကိုယ်ပွားနဲ့ ပြန်မပေါင်းရသေးဘူး။ ပေါင်းသာ ပေါင်းလိုက်လို့ကတော့...” ဖန်းတုံးအာ၏မျက်လုံးများ လင်းခနဲ လက်သွားသည်။

“သူ့ကြည့်ရတာ ဝတ်ပြုကျောင်းခန်မထဲ သူများတွေ ဝင်မှာ စိုးရိမ်နေတဲ့ပုံပဲ။ မဟုတ်မှ ခန်းမထဲမှာ ဒဏ္ဍာရီလာအမွေလွှဲအပ်ပေးနေတဲ့ ဖြစ်စဉ်ဖြစ်နေဆဲမလို့ ‌သူများတွေ နှောင့်ယှက်မှာ စိုးနေတာများလား။ ငါ အဲဒီအမွေအနှစ်ကို နှောင့်ယှက်မှဖြစ်မယ်

“ဒီအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းမှာ ငါးယောက်မြောက် သီးသန့်ဂိုဏ်းသား ပေါ်လာခွင့်ပြုလို့မဖြစ်ဘူး”

“နဝမပင်လယ်နတ်စိတ်ဆန္ဒ” သူမသည် သိုလှောင်အိတ်ထဲမှ ခရုခွံတစ်ခုကို ထုတ်ရင်း ပြော၏။ ခရုခွံက ချက်ချင်း စူးရှတောက်ပလာကာ အရာအားလုံးကို တုန်ခါလာစေသည်။ မဟာတာအိုတစ်ပါး၏တေးသွားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့စပြုလာသည်။

အပြင်ရှိလူတိုင်းမှာ အထဲ၌ ဖြစ်ပေါ်နေသော တိုက်ပွဲ၏ပြင်းထန်မှုကြောင့် အချိန်အတော်ကြာကတည်းက တုန်လှုပ်နေခဲ့ကြပြီးဖြစ်သည်။ ထို့အပြင် မန်ဟို့အပေါ် ကြောက်လန့်မှုက သူတို့၏နှလုံးသားတွင် အမြစ်တွယ်နေခဲ့လေပြီ။

“နဝမပင်လယ်နတ်လောကရဲ့ ဖန်းတုံးအာနဲ့ တိုက်ခိုက်နိုင်တယ်ဆိုကတည်းက မန်ဟိုက ... သေချာပေါက် ရွေးချယ်ခံဖြစ်မယ်”

“အဲ့ဒါ... နဝမပင်လယ်နတ်လောကရဲ့ အဖိုးထိုက်ရတနာတစ်ပါး နတ်ကိုးပါးခရုံခွံမဟုတ်လား”

“ဒဏ္ဍာရီတွေအရ အဲ့ဒီခရုံခွံက တာအိုနယ်ပယ်အဆင့် အစွမ်းထက်ပညာရှင်တစ်ဦးကို သတ်နိုင်ခဲ့တယ်တဲ့လေ...”

“အခုဟာက အစစ်မဟုတ်ဘူး။ ပွားထားတဲ့ဟာ။ ဒါပေမဲ့ အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်သေးတယ်”

အပြင်ဘက်၌ စကားသံများ ဆူညံနေစဉ် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ဤခရုခွံက အလွန်အမင်း အန္တရာယ်များကြောင်း သူ ခံစားလိုက်ရသည်။ သူ၏မျက်လုံးများ လင်းလက်သွားပြီး သူသည် မုဒြာလက်ကွက် နောက်တစ်ကွက်ဖော်ကာ သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၆) ကို ပေါ်လာစေလိုက်သည်။

တစ်ချိန်တည်းမှာပင် ဖန်းတုံးအာသည် မျက်လုံးများ သွေးအေးအေး တောက်ပနေလျက် ခရုခွံကို မြှောက်၍ မှုတ်လိုက်၏။ သူမ မှုတ်လိုက်သောလေ ခရုခွံထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ခရုခွံက တာအိုတေးသွားအမျှင်တစ်မျှင်ပါရှိသော ရွှေရောင်အလင်းကို ဖြန့်ကျက်လိုက်သည်။

တေးသွား လေတွင် ပျံ့လွင့်လာသည့်အခါ အမျိုးသမီးတစ်ဦး သီချင်းဆိုနေသံနှင့် တူလာသည်။ ၎င်းသည် အထဲ၌ မှော်သင်္ကေတတစ်ခုစီ ရှိနေဟန်တူသော ပူစီဖောင်းသုံးလုံးအသွင်ပြောင်းရင်း ဖြာထွက်လာ၏။ ပူစီဖောင်းတစ်လုံး မန်ဟို့ဆီ အသာအယာ ‌လွင့်မျောသွားနေစဉ် မိုးမှောင်ကျလာပြီး လေများ တဝေါဝေါ တိုက်ခတ်လာသည်။ မန်ဟိုမှာ တုန်ရီလာပြီး သူ၏ဒုတိယကိုယ်အစစ်မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အလား လေလယ်တွင် ရပ်သွား၏။ ဤအခိုက်အတန့်တွင် ပူစီဖောင်းက ဖောက်ခနဲ ပေါက်သွားလေသည်။

ဒုတိယကိုယ်အစစ်မှာ နားထဲ၌ ထစ်ချုန်းသံအကျယ်ကြီး ကြားလိုက်ရသဖြင့် ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ နောက်ဆုတ်သွားစဉ် ဒုတိယပူစီဖောင်းက ရှေ့သို့ မျောလွင့်လာပြီး ဖောက်ခနဲ ပေါက်သွားသည်။ မန်ဟိုမှာ သွေးအန်လိုက်ရပြီး ရုတ်တရက် သူ့အရေပြားမှတစ်ဆင့် ဖောက်ထွက်လာရင်း သူ၏ခန္ဓာကိုယ်ကို ဝါးမြိုလွှမ်းခြုံဖို့ ကြိုးစားနေသော ရေမှော်ပင်များအား မြင်လိုက်ရလေ၏။ တစ်ချိန်တည်းမှာပင် အရေပြားမှ ထိုးထွက်လာသော ရေမှော်ပင်များက သူ့အား သွေးသံရဲရဲဖြစ်သွားစေသည်။

သူ၏ဒုတိယကိုယ်အစစ်မှာလည်း ရေမှော်ပင်များဖြင့် ဖုံးလွှမ်းခံထားရ၍ တဆတ်ဆတ် တုန်ရီနေသည်။ အုံနေသော ရေမှော်ပင်များက မန်ဟို၏ အသက်စွမ်းအားကို စုပ်ယူစားသုံးရင်း ရှည်လျားလာကာ မြေကြီး၌ပင် အမြစ်တွယ်လာ၏။ ရလဒ်အနေဖြင့် မန်ဟိုနှင့် ဒုတိယအစစ်အမှန်ကိုယ်မှာ မြေကြီးတွင် အမြစ်တွယ်လျက် တုပ်တုပ်မှလှုပ်မရတော့ပေ။

ပရဝုဏ်အပြင်ရှိ လူများ ပင့်သက်ရှိုက်သွားကြသည်။

“နဝမပင်လယ်ကျိန်စာ”

“ဒီမန်ဟိုတော့ ... သေပြီ”

ဖန်းတုံးအာမှာ သွေးတစ်ပွက်အန်၍ မျက်နှာဖြူဖပ်‌ဖြူလျော်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ယိမ်းယိုင်သွားသည်။ သူမမှာ ဤခရုခွံကို မှုတ်နိုင်ဖို့ မယုံကြည်နိုင်ဖွယ် အဖိုးအခကို ပေးဆပ်ခဲ့ရလေသည်။

သူမသည် မန်ဟိုနှင့် သူ၏ဒုတိယကိုယ်အစစ် ရေမှော်များဖြင့် တုပ်နှောင်ခံထားရသည်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးစွာဖြင့် ဝတ်ပြုကျောင်းခန်းမဆီသို့ လှည့်လျှောက်သွား၏။

ခန်းမထဲသို့ ခြေချတော့မည့်ဆဲဆဲမှာပင် ဖန်းတုံးအာမှာ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမခြေထောက်အောက်ရှိ ရွှံ့ထဲမှ အနက်ရောင်မြူများ ထွက်လာသည်။ တစ်ပြိုင်တည်းမှာပင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်နေရာလုံးတွင် မြည်ဟည်းသွား၏။

ပရဝုဏ်ပင် ပေါက်ကွဲမှုကြောင့် တုန်ခါသွားပြီး ဖန်းတုံးအာမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူမမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပါးစပ်မှ သွေးများ ပန်းထွင်လျက် လွင့်ထွက်သွားလေသည်။

“မန်ဟို” သူမက ဒေါနှင့်မောနှင့် အော်သည်။ သူမသည် မည်သည့်အရာတွင်မဆို လွန်စွာ သတိထားတတ်သော်လည်း ဝတ်ပြုကျောင်းခန်းမတံခါး၏အရှေ့၌ အခွံနက်ဆေးလုံးများကို မန်ဟို မြှုပ်ထားခဲ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

ထိုဆေးလုံးများကို မန်ဟိုက အပြင်မှလူများအထဲမဝင်နိုင်အောင် တိုးတိုးတိတ်တိတ် နေရာချထားခြင်းဖြစ်လေသည်။

ဖန်းတုံးအာ လွင့်ထွက်သွားသည့် တစ်ချိန်တည်းမှာပင် တတိယမြောက်ပူစီဖောင်းက မန်ဟို့အနား ရောက်လာခဲ့သည်။ သူ့မှာ တုန်ရီသွားပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူ၏ဒုတိယအစစ်အမှန်ကိုယ်လည်း တုန်ရီသွားသည်။ သူသည် တဖြေးဖြေး မှေးမှိန်လာပြီး မန်ဟို၏အရိပ် ပြန်ဖြစ်သွား၏။

“ပေါင်းစည်းလိုက်” ဒုတိယကိုယ်အစစ်နှင့် ပြန်ပေါင်းစည်းသွားသည့်အခါ မန်ဟို၏ဘယ်မျက်လုံးက ရေခဲတမျှ အေးစက်သွားပြီး ညာမျက်လုံးမှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာသည်။ သူ့အနောက်ရှိ ဓမ္မဆင်းတုလည်း ပြောင်းလဲသွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ကိုယ်တစ်ပိုင်းလုံး ပိတ်ပိတ်ပိန်းအောင် မည်းနက်လာလေသည်။

၎င်းကို ကြည့်နေသည့်လူတိုင်းအတွက် ၎င်းသည် သန့်စင်မွန်မြတ်ခြင်းမရှိတော့ဘဲ အင်မော်တယ်နှင့် နတ်ဆိုးအကြားက ဖြစ်တည်မှုအလား ဖြစ်လာသည်။

တတိယပူစီဖောင်းက ဖောက်ခနဲ ပေါက်သွား၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် မန်ဟိုက ရေမှော်များကြားမှ ရုန်းထွက်လာခဲ့ပြီး လက်သီးတစ်လုံး တန်ပြန်ပစ်သွင်းလိုက်သည်။

ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားပြီး မန်ဟိုမှာ သွေးတစ်လုပ် အန်လိုက်ရသည်။ မည်သို့ဆိုစေ သူ့လက်က အလှပဂေးလေးဖန်းတုံးအာဆီသို့ မြွေလိမ်မြွေကောက် ထွက်သွား၏။

ဖန်းတုံးအာ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီး ယခုတွင် မန်ဟိုက လွတ်လာခဲ့ပြီဖြစ်ရာ ပရဝုဏ်ထဲမှ ဆုတ်ခွာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ထိုအခိုက်တွင် မန်ဟို့လက်က သူမကို လှမ်းဆွဲလိုက်သည်။

“ထွက်ပြေးဖို့ကြိုးစားတယ်ပေါ့”

***

All Chapters