← Chapters

လုပ်လိုက်တော့ အမည်းတုံးလေး

Vol. 59 Ch. 817

လုပ်လိုက်တော့ အမည်းတုံးလေး

Vol. 59 Ch. 817

ကြယ်ခူးသိုင်း သက်ဝင်လှုပ်ရှားလျှင်ချင်း ဖန်းတုံးအာမှာ ပရဝုဏ်ထဲမှ မထွက်ပြေးနိုင်မီ မန်ဟို၏ ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။ အဆိပ်ပြင်းသောအမုန်းအား သူမမျက်နှာပေါ်တွင် မြင်ရနိုင်ပြီး သူမက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်မုဒြာလက်ကွက်ဖော်လိုက်ရာ ခရုခွံထပ်ပေါ်လာပြန်သည်။

သူမ မှုတ်တော့မည့်ဆဲဆဲ မန်ဟိုက သူမကို ပရဝုဏ်ထဲရှိ ရေတွင်းဆီသို့ ပစ်ပေါက်လိုက်၏။

“ရေတွင်းထဲသွားပြီး ငါ့အမည်းတုံး‌လေးအတွက် သွားမှုတ်ပေးလိုက်” သူက ပြောသည်။

ဖန်းတုံးအာမှာ ခရုခွံကို မမှုတ်နိုင်ခင် သူမခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရေတွင်းထဲ ပြုတ်ကျသွားတော့သည်။ ထိတ်လန့်ကြောက်ရွံ့သွားသောအမူအရာက သူမမျက်နှာကို စိုးမိုးလျက်ရှိချေသည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် နဝမတောင်ကို ဆင့်ခေါ်ကာ ရေတွင်းဆီ ပစ်လွှတ်လိုက်၏။

နဝမတောင်က ထစ်ချုန်းသံများနှင့်အတူ ကျရောက်လာပြီး တွင်းဝကို ပိတ်လိုက်သဖြင့် ရေတွင်းထဲမှ ခံပြင်းပြင်းအော်သံများ ထွက်လာသည်။ မန်ဟိုမှာ ‌တောင်ထိပ်သို့ ပျံသွားကာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူ၏ညာမျက်လုံးထဲရှိ အသတ်အဖြတ်အရိပ်အယောင်နှင့် သူ၏ကိုယ်တွင်းမှ တလိပ်လိပ် ထနေသော အဆုံးမဲ့အနက်ရောင်မြူများမှာ သူ၏ဒုတိယကိုယ်အစစ်အဖြစ် နောက်တစ်ဖန် ပြောင်းလဲသွားသည်။

မန်ဟို့နှုတ်ခမ်းထောင့်နှစ်ဖက်မှ သွေးများ စီးကျလာပြီး ဒုတိယကိုယ်အစစ်၏ မျက်လုံးများမှာလည်း ပုံမှန်ထက် အတော်လေး မှေးမှိန်ဖျော့တော့နေသည်။

ဤသည်မှာ ခွဲခွာထားသည်ကို အတင်းအဓမ္မ ပေါင်းစည်းလိုက်ခြင်းမှ တန်ပြန်သက်ရောက်မှု၏ရလဒ် ဖြစ်သည်။

ပရဝုဏ်၏အပြင်ရှိ လူတိုင်းမှာ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေကြပြီး မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြလေသည်။

“သူ... သူက နဝမပင်လယ်နတ်လောကရဲ့ နတ်ဘုရားမလေးကို ရေတွင်းထဲမှာ တကယ်ကြီး ပိတ်လှောင်လိုက်တယ်ဟုတ်လား”

“ငါ မှတ်မိတာ မှန်ရင် ... ဟို‌လေ ရေထဲမှာ နှစ်သန်းပေါင်းများစွာ မြုပ်နေခဲ့သလို ခေါင်းကြီးလေ ... အဲ့ဒီရေတွင်းထဲက ထွက်လာတာမဟုတ်လား”

“ငလူးမသား။ နတ်ဘုရားမလေးကို အဲဒီလိုလုပ်ရတယ်လို့ သတ်ပစ်မယ် အဲဒီကောင်ကို”

စကားသံများ ဆူညံနေစဉ် ကျောက်ရီဖန်း၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူသည် မန်ဟို့ကို စိုက်ကြည့်ရင်း တိုက်ခိုက်လိုစိတ်တို့ ပြင်းထန်သထက် ပြင်းထန်လာ၏။ သူကား တိုက်ခိုက်ဖို့အတွက် ရှင်သန်နေသူမဟုတ်ပါလော။

“မင်းအနေနဲ့ ဖန်းတုံးအာကို ဖမ်းချုပ်နိုင်တဲ့အထိ တော်တယ်ဆိုရင်တော့” သူက တွေးသည်။ “ငါတို့တိုက်ခိုက်ဖို့အတွက် မိုးလင်းတဲ့အထိ မစောင့်နိုင်တော့ဘူး”

စုန့်လော့တန်မှာ ဖြစ်ပျက်သွားခဲ့သောအရာကြောင့် ပါးစပ်အဟောင်းသား မဖြစ်မိဘဲ မနေသလို ဝမ်မူ၊ လီလင်းအာ၊ ဖန်တုံးဟန်နှင့် အခြားသူများလည်း ထိုနည်းတူပင်။ သူတို့သည် မန်ဟို ဖန်းတုံးအာကို တိုက်ခိုက်၍ ဖမ်းချုပ်လိုက်သည်ကို မြင်သောအခါ ဘယ်တော့မှ မမေ့ပျောက်နိုင်အောင် အထင်ကြီးသွားခဲ့ပြီဖြစ်သည်။

ထိုက်ယန်ကျစ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း အကျောမခံနိုင်သဖြင့် အေးစက်စက် နှာမှုတ်ကာ ပြောသည်။ “မင်းက မသမာနည်းနဲ့ အနိုင်ပိုင်းသွားတာ။ မင်း အပြင်ကို ခြေချရဲရင် ငါ မင်းရဲ့ အရိုးတွေနဲ့ သွေးကို ရောသမမွှေ၊ မင်းဝိညာဉ်ကို မီးလောင်ပြာချပြီး မင်းကို သတ်ပစ်မယ်”

ကျန်အထွတ်အမြတ်မြေများနှင့် ဂိုဏ်းများမှ ရွေးချယ်ခံများသည် ယခုတွင် မန်ဟိုက မည်ကဲ့သို့လူမျိုးဖြစ်သည်ကို နားလည်ကြသွားလေပြီ။ မျက်လုံးများ တောက်ပနေကြသော ‌တာအိုစောင့်ရှောက်သူများ အလားတူပင်။

ညသည် နက်သထက် နက်လာ၏။ မန်ဟိုက အောက်မှ ပဲ့တင်ထပ်လာနေသော ဖန်းတုံးအာ၏ စူးစူးဝါးဝါး အော်သံများကို နားထောင်ရင်း တောင်ထိပ်တွင် ထိုင်နေသည်။

ဖန်းတုံးအာမှာ ရေတွင်းထဲတွင် ကိုယ်တစ်ပိုင်း နစ်မြုပ်လျက်ရှိ၏။ ဆံပင်မည်းမည်းကြီးများက သူမကို ဝန်းရံထားသဖြင့် သူမမှာ ဦးရေပြားတို့ ထုံကျင်နေလေသည်။ ပတ်ဝန်းကျင်မှာ ပိတ်ပိတ်ပိန်း မှောင်မည်းနေသော်လည်း သူမ၏ အံ့ဖွယ်ကျင့်ကြံခြင်းအခြေခံကြောင့် သူမရှိရာဘက်သို့ မမှိတ်မသုန် ကြည့်နေသော ခေါင်းကြီးအား မြင်သည်ဆိုရုံကလေး မြင်နေရ၏။

တွေးကြည့်လျှင် ယခုလိုအခြေအနေမျိုးမှာ မည်သူမဆိုအတွက် ‌ခြေဖျားလက်ဖျားတို့ အေးစက်ပြီး ခေါင်းမွှေးထောင်စရာကြီးဖြစ်သည်။ ဖန်တုံးအာမှာ မအော်မိဘဲ မနေတော့ပေ။

အနက်ရောင်ဆံမျှင်များက သူမကို ရစ်ပတ်စပြုလာပြီး ခေါင်းကြီးသည်လည်း နီးသထက် နီးလာ၏....

“မန်ဟို ငါ နင့်ကို အရှင်မထားဘူး” သူမက ဒေါသတကြီး အော်သည်။ သို့သော် သူမအတွက် မည်သည့်နတ်ဘုရားစွမ်းရည်သုံးသုံး၊ မည်သည့်မှော်သိုင်းသုံးသုံး ရေတွင်းထဲမှ မထွက်နိုင်ဖြစ်နေသည်။ အမှန်တွင် မှော်အစွမ်းများများ သုံးလေ၊ ဆံပင်မည်းမည်းကြီးများက သူမကို ရစ်ပတ်လေလေ ဖြစ်ပြီး တစ်နေရာတွင် ရေတွင် ပေါလောပေါ်နေသော ခေါင်းကြီးက သူမခေါင်းကိုပင် ထိသွားလေပြီ။

စိမ့်ခနဲ အေးသွားသော ခံစားချက်က သူမအရေပြားတစ်လျှောက် ပျံ့နှံ့သွားပြီး ဖန်းတုံးအာ၏အော်သံမှာ ယခင်ထက် ပို၍ပင် စူးဝါးလာသည်။

မန်ဟိုက တောင်ထိပ်၌ ထိုင်နေစဉ် နှာခေါင်းရှုံ့၍ ပြောသည်။ “အမည်းတုံးလေး ဒီမိန်းမကို မင်း ထိန်းပေးထားနိုင်ရင် သူ့ကို ယူလိုက်လို့ ရတယ်”

ယခုတွင် မန်ဟိုသည် ဒဏ်ရာအများစုအား ကုသပြီးဖြစ်ပြီး ဖန်းတုံးအာ ဝတ်ပြုကျောင်းခန်းမထဲသို့ မဝင်ရောက်နိုင်ခဲ့သည့်အတွက် ငြိမ်းမသွားခဲ့သော ကြေးမီးအိမ်ကို လှမ်းကြည့်လိုက်သည်။

ထူးဆန်းသောအလင်းစတစ်စ သူ၏မျက်လုံးများတွင် တောက်ပလာပြီး ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်နေမှုအား မြင်ရနိုင်လေသည်။

“ဒီရွေးချယ်ခံတွေအကုန်လုံးမှာ ချစ်စရာကောင်းတဲ့ ရတနာလေးတွေ ရှိနေလောက်တယ်မဟုတ်လား ...” သူက နှုတ်ခမ်းသပ်ပြီး ပြုံးလိုက်ရာ အပြင်ရှိ လူအုပ်ကြီးမှာ မျက်လုံးပြူးသွားကြတော့သည်။

“ဘာအတွက် မန်ဟို အဲဒီလိုပြုံးနေတာလဲ”

“ဟမ် အဲဒီအပြုံးက ... ရှက်ကိုးရှက်ကန်းဖြစ်နေသလိုပဲ။ တစ်ခုခုတော့ မူမမှန်ဘူးဟေး ...”

မန်ဟိုသည် တောင်ထိပ်မှ ပျံဆင်းလာပြီး လူတိုင်း၏ရှေ့မှောက်မှာပင် တွင်းတူးပြီး အခွံနက်ဆေးလုံးများကို ထုတ်ကာ ဂရုတစိုက် မြှုပ်လိုက်သည်။ ထို့နောက် ထိုနေရာတွင် သတိကြီးကြီး ရပ်၍ လက်ကို ဆန့်ထုတ်၏။ မိုးကြိုးဒယ်အိုးပေါ်လာလေသည်။

လျှပ်စီးများက တဝင်းဝင်း လက်လျက် သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာပြီး သူ လူအုပ်ကြီးကို မျှော်လင့်ချက်များဖြင့် ရွှန်းရွှန်းစားစား ကြည့်နေစဉ် သူ့အပြုံး၏ ရှက်ကိုးရှက်ကန်း ဖြစ်နေမှုမှာ ပို၍ထင်ရှားလာတော့သည်။

“‌ငါလခွမ်း၊ မန်ဟိုတော့ ကလိမ်ကျတော့မယ်ဟ”

“သူ့မှာ နေရာလဲမိုးကြိုးဒယ်အိုးရှိတယ်။ သူ့ ခြေထောက်အောက်မှာ အခွံနက်ဆေးလုံးတွေ။ ဆေးလုံးကို ခပ်ဖွဖွလေး နင်းရင် အကြောင်းမဟုတ်ဘူး။ သူ တစ်ယောက်ယောက်နဲ့ နေရာချင်းလဲလိုက်လို့ ဖိနင်းမိလိုက်တာနဲ့ ပေါက်ကွဲသွားလိမ့်မှာ”

“သောက်ကျိုးနည်း။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ယုတ်မာရတာလဲ”

“အရှက်မရှိလိုက်တာ။ သူ့လို အရှက်မရှိတဲ့ ခွေးကောင်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

လူအုပ်ကြီးမှာ မျက်နှာအမူအရာတစ်မျိုးပြီးတစ်မျိုးပြောင်းရင်း နောက်ဆုတ်ဆုတ်သွားကြသည်။ မန်ဟို့မျက်လုံးများသည် နောက်ဆုံးတွင် ထိုက်ယန်ကျစ်အပေါ် ကျရောက်လာရာ ထိုက်ယန်ကျစ်မှာ ချက်ချင်း မျက်နှာဖြူဆုပ်သွားပြီး မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွား၏။ သူ ဘာမှမပြောနိုင်ခင် မန်ဟို့ မိုးကြိုးဒယ်အိုးက ဝင်းခနဲ လျှပ်စီးလက်ပြီး သူကား ထိုက်ယန်ကျစ်နှင့် နေရာချင်းလဲသွားခဲ့လေပြီ။

နေရာလဲသွားလျှင်ချင်း ထိုက်ယန်ကျစ်သည် ပရဝုဏ်၏အလယ်တွင် စူးစူးဝါးဝါး အော်လျက် ပေါ်လာခဲ့၏။ ကြည့်ရသရွေ့ ပရဝုဏ်ထဲသို့ ယခုလို ဝင်ရောက်လိုက်ခြင်းက တားမြစ်မန္တန်များကို မချိုးဖောက်သည့်ပုံရသဖြင့် ထိုက်ယန်ကျစ်မှာ ချက်ချင်းလက်ငင်း သွေးအိုင်ဘဝ မရောက်သွားခဲ့ပေ။ သို့သော် သူ့ခြေထောက် ဆေးလုံးများကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် လေးလုံး၊ ငါးလုံး ပေါက်ကွဲသွားပြီး အနက်ရောင်မြူများက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။

ဖွားခနဲ လွင့်စင်ပန်းထွက်သွားသော သွေးများနှင့်အတူ ထိုက်ယန်ကျစ်မှာ ကယောင်ချောက်ချား အော်လိုက်ရလေသည်။ မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်က သူ့အနား ချက်ချင်း ရောက်လာ၏။

မန်ဟိုကမူ ပရဝုဏ်၏အပြင်သို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း စစ်ရထားကို ထုတ်လိုက်သည်။ သူကား ပရဝုဏ်ထဲသို့ ရွှီးခနဲ ပြန်ဝင်သွားလေသည်။

စော‌စောက သူ ရှိခဲ့သော နေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ခဲ့ပြီး ထိုပုံရိပ်ယောင်မှာ လျှပ်တပြက်လေးအတွင်း အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများ၏ လွှမ်းမိုးခြင်းခံလိုက်ရလေသည်။

“သိပ်ပြီး ယဉ်ကျေးမနေပါနဲ့ တာအိုရောင်ရင်းတို့” မန်ဟိုက လူအုပ်ကြီးကို ပြန်လှည့်ကြည့်ပြီး လက်ကို ဝှေ့ယမ်းကာ အော်ပြောသည်။ “မင်းတို့ရဲ့ လက်ဆောင်တွေကို မလိုပါဘူး တကယ်ပါ” ပေါက်ကွဲမှုများမှ လှိုင်းများက သူ့ကို လိုက်မမှီရာ ကြည့်နေ‌သူများမှာ အံတကြိတ်ကြိတ်နှင့် ခံပြင်းနေတော့သည်။

“အရှက်မရှိတဲ့ကောင်”

“ဘယ်လိုလုပ်ပြီး ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံရှိတာတောင် ရွံစရာကောင်းနေတာလဲ” ထိုကဲ့သို့ဆဲရေးသံများအား နားမခံသာအောင် ကြားရနိုင်သည်။

မန်ဟိုသည် မမှုသလို ပြုံးတခွေ့ခွေ့နှင့် သီချင်းညည်းရင်း သူ၏ဒုတိယကိုယ်အစစ် ထိုက်ယန်ကျစ်အား ဖမ်းချုပ်လိုက်သည်ကို ကြည့်နေ၏။

ထိုက်ယန်ကျစ်မှာ မန်ဟို ချဉ်းကပ်လာသည်ကို မြင်သောအခါ တုန်ရီလာပြီး မျက်လုံးများ တောက်ပလာသည်။

“ငါက နေသူရိန်တောင်အထွတ်အမြတ်မြေကပဲ။ ငါတို့ရဲ့ တည်ထောင်သူက ခေါင်းဆောင်ကြီးနေ...”

ဖြန်း

မန်ဟိုက ထိုက်ယန်ကျစ်၏ပါးကို ပယ်ပယ်နှယ်နှယ် ချလိုက်ရာ ထိုက်ယန်ကျစ်ပါးစပ်မှ သွားနှစ်ချောင်းနှင့်အတူ သွေးများ ပန်းထွက်သွားချေသည်။ သူက မန်ဟို့ကို အမဲဖြတ်တော့မည့်အမူအရာဖြင့် စိန်းစိန်းဝါးဝါး ပြန်လှည့်ကြည့်သည်။

“ငါ ကျင့်ကြံခြင်းကို စတင်အားထုတ်ခဲ့တဲ့ အခိုက်အတန့်ကတည်းက” မန်ဟိုက ပြောသည်။ “မင်းလို ရွေးချယ်ခံတွေ သေခါနီးကျရင် ‌အဲဒီလိုစကားကြီးစကားကျယ်ပြောတာ ကြားခဲ့ဖူးတယ်။ အဲ့ဒါ ဘယ်လောက်စိတ်ရှုပ်စရာကောင်းလဲသိလား” ထိုက်ယန်ကျစ်ပြောခဲ့သကဲ့သို့ စကားလုံးများအား မကြာခဏ ကြားခဲ့ရသည်ကို ပြန်တွေးရင်း မန်ဟိုသည် ထိုက်ယန်ကျစ်ကို ညာခြေဖြင့် ခပ်ပြင်းပြင်း‌ ဆောင့်ကန်လိုက်၏။

“ငါ့အရိုးနဲ့သွေးကို ရောသမမွှေပြီး ငါ့ဝိညာဉ်ကို မီးလောင်တိုက်သွင်းမယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား” မန်ဟိုက ထပ်ကန်လိုက်ပြန်သည်။

ထိုက်ယန်ကျစ်၏ စိတ်မချမ်းမြေ့ဖွယ် အော်သံများ နားထဲ ဝင်ရောက်လာနေစဉ် လူအုပ်ကြီးမှာ အံ့ဩတုန်ရီလျက် ကြည့်နေကြ၏။ နေသူရိန်တောင်မှ တာအိုစောင့်ရှောက်သူများနှင့် ကျန်ကျင့်ကြံသူများမှာ ဒေါသူပုန်ထသွားကြပြီး တော်တော်များများ ပျံထွက်လာကြသည်။

“မင်း လက်ဖယ်စမ်း”

“လခွမ်း။ သခင်လေးကို ထိရင် မင်းတစ်မျိုးနွယ်လုံး အသေဆိုးနဲ့ သေစေရမယ်”

“နေထွက်လာတာနဲ့ မင်း သေပြီသာမှတ်။ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး”

နေသူရိန်တောင် တာအိုစောင့်ရှောက်သူနှစ်ယောက်သည် မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ခြိမ်းခြောက်စကားများဆိုကာ ပရဝုဏ်၏အပြင်၌ ရပ်နေသည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက ထိုက်ယန်ကျစ်ကို ထပ်ကန်လိုက်ပြန်ကာ မချိတင်ကဲ အော်သံအား ထပ်မံထွက်လာစေပြီးနောက် ‌တာအိုစောင့်ရှောက်သူနှစ်ယောက်အား ပြန်စိုက်ကြည့်လိုက်သည်။

“ငါက‌ ရှေးခတ်ဟောင်း ‌အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့ကပဲ။ ငါ့အဖေက...” မန်ဟိုက ရုတ်တရက် စကားပြောနေသည်ကို ရပ်ပြီး လည်ချောင်းရှင်းလိုက်သည်။ လူအုပ်ကြီးထံမှ မုန်းတီးစက်ဆုပ်သောအကြည့်များစွာ သူ့ဆီ ရောက်လာသည်။ မန်ဟိုသည် စောစောက ထိုက်ယန်ကျစ်၏စကားလုံးများကို လှောင်ပြောင်နေကြောင်း သိသာထင်ရှားချေသည်။

မန်ဟိုက ထိုက်ယန်ကျစ်ကို ရေတွင်းဆီ ဆွဲခေါ်သွားသည်။ သူက တောင်ကို မြှောက်၍ ပြောလိုက်သည်။ “မင်းနဲ့ ဟိုမိန်းမ အဲဒီအောက်မှာ ကစားကြရင် ဘယ်လိုလဲ”

ထိုက်ယန်ကျစ်မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ကြောက်အားလန့်အား ထိတ်ထိတ်ပျာပျာ အော်ရင်း ရုန်းတော့သည်။

မန်ဟိုက ချောင်းဟန့်ပြီးနောက် ပြောသည်။ “ကောင်းပြီ။ ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ မင်းမှာ မှော်ပစ္စည်းတော်တော်များများ ရှိတယ်မဟုတ်လား”

“ငါ့ကို လွှတ်ပေးရင် အဲ့ဒါတွေအကုန်လုံး မင်းယူလို့ရတယ်” ထိုက်ယန်ကျစ်က ကပျာကယာ ပြောသည်။ သူသည် ဟိုးအောက်ထဲတွင် ဖန်းတုံးအာအပြင်၊ တာအိုဆရာများဝတ်ပြုကျောင်းနှင့် ဆက်စပ်နေသော လျှို့ဝှက်ဆန်းကြယ် မကောင်းဆိုးဝါးသရဲတစ်ကောင်၏ ခေါင်းကြီးကို မြင်လိုက်ရ၏။

“ဟေ့ကောင် ငါက လူကြီးလူကောင်း‌ကွ၊ ပြောပြီးစကားတည်တယ်” မန်ဟိုက ခပ်တည်တည် ပြောသည်။ “မင်းရဲ့မှော်ပစ္စည်းတွေကို ခိုးပြီး ငါ့ကံကြွေးကိုငါ ညစ်ညမ်းအောင် လုပ်လိမ့်မယ်ထင်လား” သူ၏မျက်နှာထားမှာ လျင်မြန်စွာ တင်းမာအေးစက်လာရာ ထိုက်ယန်ကျစ်အား ပင့်သက်ရှိုက်မိသွားစေသည်။ သို့သော် သူ့အတွက် ဒက်ခနဲ သဘောပေါက်သွားရန် တခဏသာ ကြာလိုက်၏။ သူက သိုလှောင်အိတ်ကို ကမန်းကတန်း ထုတ်ပြီး ရိုရိုသေသေ မြှောက်ပေးလိုက်လေသည်။

“ဒီမှာပါ လက်ဆောင်ပေးပါတယ်”

မန်ဟိုက ယူပြီး ပါဝင်သည့်အရာများကို အကဲခတ်လိုက်သည်။ သူ၏မျက်လုံးများ တောက်ပသွားပြီး ထိုက်ယန်ကျစ်၏လက်ကောက်ဝတ်၌ ဆွဲထားသော အမိန့်တံဆိပ်ပြားကို လှည့်ကြည့်လေသည်။

“တကယ့်တကယ် ကြည့်တော့ အဲ့ဒါက တော်တော်လေး ကောင်းမယ့်ပုံပဲနော်...” သူက ပြောသည်။

“ယူလိုက်ပါ*

“အီး ဒါလေးလည်း မဆိုးဘူး”

“ယူ... ယူလိုက်”

“ဒါမျိုး အရင်က တစ်ခါမှ မမြင်ခဲ့ဖူးဘူး...”

“ယူလို့ရတယ်....” ထိုက်ယန်ကျစ်မှာ မန်ဟို့ကို တစ်ခုပြီးတစ်ခု ကမ်းပေးရင်း မျက်ရည်ဝဲတဲဝဲတဲ ဖြစ်နေသည်။

မန်ဟို့လက်က ပြင်းထန်သော အပူလှိုင်းနှင့် စူးရှသော အရောင်အဝါကို ထုတ်လွှတ်နေသော လက်သီးဆုပ်အရွယ် ရွှေရောင်ကျောက်ခဲတစ်ခဲအနား ရောက်လာသည်။ ကျောက်ခဲမှ ပေးစွမ်းနေသော ခံစားချက်အရ ၎င်း၏အထဲတွင် အိပ်ပျော်နေသော တစ်စုံတစ်ခု ရှိနေယောင်ပင်။ မန်ဟို ၎င်းကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံကြည့်လိုက်သောအခါ သူ၏စိတ်တွင် မဟာတာအိုတစ်ပါးပြည့်နှက်သွားပြီး အန္တရာယ်ကို ခံစားလိုက်ရ၏။

ဤကျောက်ခဲကား .... နေတစ်စင်းအလားပင်။

မန်ဟို၏မျက်လုံးများသည် ၎င်းကို လှမ်းကြည့်ရင်း ပြူးကျယ်ဝိုင်းစက်သွား၏။ ဤပစ္စည်းမျိုးအား သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သူသည် ထိုက်ယန်ကျစ်၏ သိုလှောင်အိတ်ထဲမှ ကျောက်ခဲအား ဖြေးဖြေးချင်း ထုတ်လိုက်၏။

“ရတနာမှော်ပစ္စည်း။ ‌နေသူရိန်တောင်ရဲ့ အဖိုးထိုက်ရတနာမှော်ပစ္စည်း”

“နေသူရိန်တောင်တော့ ဒီနေ့ တကယ် ကံဆိုးတာပဲ...”

ထိုက်ယန်ကျစ်မှာ ‌မန်ဟို့လက်ထဲရှိ ကျောက်ခဲကို နှမြောတသစွာ ကြည့်ရင်း မျက်နှာဖြူဆုပ်နေသည်။ မန်ဟို သူ့ဆီမှ ၎င်းကို မယူခင် သူ့မှာ ၎င်းအား တစ်ခါမှပင် မသုံးခဲ့ရဖူးပေ။

မန်ဟိုက မျက်လုံးများပိတ်၍ နတ်ဘုရားအာရုံဖြင့် ကျောက်ခဲကို စစ်ဆေးကြည့်လိုက်သည်။ တခဏကြာသော် ကျောက်ခဲမှ ထုတ်လွှတ်နေသော အပူဓာတ်မှာ လျော့ကျသွားပြီး မန်ဟိုက ၎င်းကို သိမ်းလိုက်လေသည်။ ထို့နောက် သူ၏မျက်လုံးများ ပွင့်လာပြီး ထိုက်ယန်ကျစ်ကို ကြည့်သည်။ သူသည် မျက်လုံးများကျဉ်းမြောင်းထားရင်း စာရွက်တစ်ရွက်နှင့် စာရေးတံတစ်ချောင်းအား သူ့ဝတ်ရုံထဲမှ ထုတ်ပြီးနောက် မျက်လုံးပြူးနေသော ထိုက်ယန်ကျစ်ကို ကမ်းပေးလေသည်။

***

All Chapters