ကံကြမ္မာကို ပြောင်းလဲခြင်း
Vol. 59 Ch. 818
“ဘာကြည့်နေတာလဲ၊ ရေးလေ စာချုပ်။ မင်း အသက်ဘယ်လောက်တန်တယ်ထင်လဲ ရေးလိုက် အဲ့ဒီတန်တဲ့ပမာဏကို။ နည်နည်းလေးပဲ ရေးမယ် မစဉ်စားနဲ့ ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ တစ်ပုံကြီးရှိတယ်နော်။ မင်းအသက်ကို ပြန်ဝယ်လိုက်မယ် ဘာမှတ်”
“မင်း” ထိုက်ယန်ကျစ်မှာ မန်ဟို့ကို စူးစူးရဲရဲ ကြည့်ရင်း သွေးအန်တော့မလို ဖြစ်သွားသည်။ အချိန်အတန်ကြာသော် သူသည် သက်ပြင်းချပြီး စာချုပ်ပေါ်၌ ပမာဏများများ ရေးချလိုက်လေ၏။ မန်ဟိုက ၎င်းကို တခြားစာချုပ်များနှင့်အတူ ဂရုတစိုက် သိမ်းလိုက်သည်။
လူအုပ်ကြီးထဲရှိ လူများနှင့် ထိုက်ယန်ကျစ်မှာ မန်ဟို့သိုလှောင်အိတ်ထဲရှိ စာချုပ်အထပ်လိုက်ကြီးကို မြင်လျှင် ပါးစပ်ဟောင်းသားဖြစ်သွားကြသည်။
“သူ လူဘယ်နှယောက်တောင် ကလိမ်ကျခဲ့တာလဲဟ.... များလိုက်တဲ့ စာချုပ်တွေ ယုံတောင်မယုံနိုင်ဘူး”
“ဒီကောင် ဘယ်ကနေ လာတာတုန်း။ တောင်ကောင်းကင်ဂြိုဟ်က ကျင့်ကြံသူတော့မဟုတ်ဘူးမလား”
“မဖြစ်နိုင်တာ။ တောင်ကောင်းကင်က ထူးဆန်းတဲ့နေရာဆိုပေမယ့် ဒီလိုအရှက်မရှိတဲ့ ငါ့လူးမသားကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာတုံး”
ထိုက်ယန်ကျစ်မှာ စာချုပ်အားလုံးကို ကြည့်ပြီး နည်းနည်းခံသာသွားတော့သည်။ သူက အားတင်းပြုံးရင်း မန်ဟို့ကို ကြည့်လိုက်သည်။
“အစ်ကိုကြီးမန်....”
“မပူနဲ့” မန်ဟိုက အလေးအနက် ပြောသည်။ “မန်ဟိုက ဖောက်သည်တွေ အကုန်လုံးအပေါ် ရိုးသားတယ် ၊ ပွင့်လင်းတယ်။ မင်းကို အကြပ်ကိုင်ဖို့ စာချုပ်ကို ဘယ်တော့မှ မသုံးပါဘူး” ရုတ်တရက် သူက သူ့အသံကို တိုးတိုးလေးဖြစ်သည်အထိ နှိမ့်လိုက်သည်။ “ကဲ မင်းက သိပ်ပူးပေါင်းဆောင်ရွက်ပေးတတ်တာပဲ။ လာ လာ ဟိုခွေးကောင်တွေကြားမှာ ဘယ်သူ မင်းနဲ့ မတည့်ဘူးလဲ ပြောစမ်းပါဦး။ ငါ အဲဒီလူကို ပြီးရင် ဆွဲခေါ်လိုက်မယ်
“သေသေချာချာ ရွေးနော်” ထိုသို့ပြောပြီး မန်ဟိုက ဘေးတွင် နောက်တစ်တွင်း တူးပြီး ဆေးလုံးတချို့ ထည့်လိုက်လေသည်။
ထိုက်ယန်ကျစ်က မန်ဟို့ကို မျက်လုံးအပြူးသားနှင့် ကြည့်သည်။ အပြင်ရှိ လူအုပ်ကြီးမှာ ထိတ်ပျာသွားပြီး တော်တော်များများ နောက်ဆုတ်သွားကြလေသည်။ တချို့ဆိုလျှင် ထွက်ပင်ပြေးကုန်ကြ၏။
ထိုက်ယန်ကျစ်မှာ တခဏမျှ ကြောင်နေပြီးနောက်ဆုံး မျက်လုံးများ တောက်ပသွားပြီး လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်သည် ဝမ်မျိုးနွယ်စုမှ ဝမ်မူနှင့် အကြည့်ချင်းဆုံသွားလေပြီ။
“ဝမ်မူ” ထိုက်ယန်ကျစ်က မုန်းတီးနေသော မျက်နှာထားဖြင့် ပြောသည်။ “သူပဲ။ အဲဒီနှစ်က င့ါကံကြမ္မာကောင်းကို လုယူသွားခဲ့တာ။ သူ”
အဝေးတွင် ရပ်နေသော ဝမ်မူမှာ ထိုက်ယန်ကျစ် ပြောသည်ကို ကြားလျှင် မျက်လုံးများ လင်းလက်သွား၏။ သူ့အနားရှိ တာအိုစောင့်ရှောက်သူများက သွေးအေးသော မျက်လုံးများဖြင့် ရှေ့တက်လာကြသည်။
“ဟုတ်ပြီ” မန်ဟိုက ပြောသည်။ သူသည် ထိုက်ယန်ကျစ်ကို လှမ်းဆွဲ၍ ဖမ်းချုပ်ပြီးနောက် စပျစ်နွယ်စင်ဘက်သို့ ပစ်လိုက်လေ၏။ ထို့နောက် လျှပ်စီး တဝင်းဝင်း လက်နေသော မိုးကြိုးဒယ်အိုးကို ထုတ်ကာ ဝမ်မူကို လှမ်းကြည့်လိုက်သည်။ ဝမ်မူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ချက်ချင်း လှည့်ပတ်လိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် မန်ဟို့အကြည့်သည် စုန့်လော့တန်ဆီသို့ လှစ်ခနဲ ရောက်သွား၏။ ချက်ချင်း နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်။ ထို့နောက် စုန့်လော့တန်သည် ပရဝုဏ်ထဲတွင် ပြန်ပေါ်လာ၏။ သို့သော် သူကား လေပေါ်တွင် ပျံဝဲလျက်သာ ရှိပြီး မြေကြီးနှင့် မထိပေ။
“ဒီလို သောက်အဓိပ္ပာယ်မရှိတဲ့ ကစားနည်းတွေ ကစားရတာ တန်တယ်ထင်လား” စုန့်လော့တန်က မခိုးမခန့် ရယ်သည်။ ယခုတွင် လူအုပ်ထဲရှိ အများစုမှာ မန်ဟို၏မိုးကြိုးဒယ်အိုးအတွက် ပြင်ဆင်ထားကြပြီးဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟို၏ဒုတိယကိုယ်အစစ်က မြေကြီးကို ခပ်ပြင်းပြင်း ဆောင့်နင်းလိုက်၏။ ချက်ချင်းပင် စုန့်လော့တန်၏ ခြေထောက်အောက်ရှိ ဆေးလုံးများမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲလှိုင်း ဖြာထွက်လာသဖြင့် စုန့်လော့တန်မှာ သွေးအန်လိုက်ရသည်။ သူ့တွင် ရှောင်ရန် အချိန်မရှိခဲ့ပေ။ သူ၏ဆံပင်များမှာ ဖွာလန်ကြဲသွားပြီး သူက မချိတင်ကဲ အော်ဟစ်ငြီးတွားလိုက်လေသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်က ချဉ်းကပ်လာ၏။
မန်ဟို အပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီလင်းအာ၊ ဖန်ယွင်ရီ၊ ဖန်ရှန်းရှန်းနှင့် ကျီမျိုးနွယ်ဝင်များအပြင် တခြားဂိုဏ်းများမှ ရွေးချယ်ခံများပင် သူတို့၏တာအိုစောင့်ရှောက်သူများဖြင့် ပြိုင်တူ တိုက်ခိုက်လိုက်ကြသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားလေ၏။
မန်ဟို့ကို ဒုက္ခပေးဖို့အတွက် ကြိုတင်ခင်းထားခဲ့သော မန္တန်ဝင်္ကပါများ၏ အလင်းရောင်များက မြေကြီးတွင် တလက်လက် တောက်ပလာသည်။
တချို့က မှော်ပစ္စည်းများကိုပင် အသုံးပြုလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။ မန်ဟိုမှာ သွေးတစ်ပွက် အန်လိုက်ရပြီးနောက် စစ်ရထားဖြင့် ပြန်ဆုတ်သွားသည်။ သူသည် သူ့ကိုယ်သူ မကယ်တင်နိုင်မချင်း နေရာလဲနေသဖြင့် လျှပ်စီးများလည်း ဝင်းခနဲ ဝင်းခနဲ လက်နေ၏။ သူ ပရဝုဏ်ထဲ ပြန်ဝင်နိုင်တော့မည့်ဆဲဆဲမှာပင် ဓားတစ်လက်က လေကို ခွင်းလာသည်။ ဓားက ညအမှောင်ထုကို လင်းထိန်သွားစေပြီး မန်ဟို့ဆီ ထိုးဆင်းလာနေစဉ် ၎င်း၏သွားရာလမ်း၌ တောက်ပသောအတန်းတစ်တန်း ကျန်ခဲ့စေသည်။
ဓားက မန်ဟို့မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူသည် မုဒြာလက်ကွက်အား လျင်မြန်စွာ ပေါ်လိုက်ရာ နတ်ဘုရားစွမ်းရည်များ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဓမ္မဆင်းတု ပေါ်လာကာ ဓားကို ဟန့်တားလိုက်သည်။ ဓားက မထင်မှတ်ထားဘဲ ဓမ္မဆင်းတုကို ပိုင်းဖြတ်ပြီးနောက် စစ်ရထားပေါ် ကျရောက်လာသဖြင့် မြည်ဟည်းသံကြီးက အရာအားလုံးကို လှုပ်ရမ်းသွားစေသည်။
ပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားပြီး မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သေည် သူသည် တန်ပြန်အား၏ အဟုန်ကို ငှားယူရင်း ပရဝုဏ်ထဲ ပြန်ဝင်သွား၏။ အထဲရောက်လျှင်ချင်း သူက သွေးတစ်လုပ် ထပ်အန်ပြီးနောက် မော့ကြည့်လိုက်သည်။ တစ်နေရာတွင် ကျီယင်သည် ဝတ်ပြုကျောင်းဂိတ်ပေါက်၏အရှေ့တည့်တည့်တွင် ပေါ်လာခဲ့၏။ သူ့ညာလက်က ကံကြွေးစွမ်းအားတို့ဖြင့် ရစ်သိုင်းလျက် ဆန့်ထွက်လာကာ ပရဝုဏ်ထဲ ရောက်လုနီးလေပြီ။
ထို့နောက် ၎င်းသည် တားမြစ်မန္တန်များ၏ သက်ရောက်မှု မခံရသည့်အလား ပရဝုဏ်ထဲသို့ အမှန်တကယ် ရောက်ရှိလာခဲ့၏။ သူက သူ့လက်ကို ပရဝုဏ်ထဲ သုံးလက်မခန့် ရောက်အောင် တွန်းပို့လိုက်သဖြင့် မိုးတဂျိန်းဂျိန်း ခြိမ်းသွားလေသည်။ သို့ရာတွင် သူ့မှာ ထို့ထက်ပို၍ ဆက်မသွားနိုင်တော့သဖြင့် လက်ကို ဖြေးညင်းစွာ ပြန်ရုတ်လိုက်သည်။
သူတို့အားလုံးကို ကျောပေးထားသဖြင့် မျက်နှာအမူအရာကို မမြင်ရသော ကျီယင်ကို ကြည့်ရင်း လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။
မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ရင်တုန်သွားသည်။ ဤအခိုက်အတန့်တွင် သူသည် ကျီယင် မည်မျှလက်ဖျားခါလောက်အောင် အစွမ်းထက်သလဲ သိသွားပြီဖြစ်၏။
“ငါ့ကို ဝင်ခွင့်ပေး ။ မင်းအသက်ကို ချမ်းသာပေးမယ်” ကျီယင်က ပြောသည်။ သူ့အသံမှာ ယောက်ျားသံလား၊ မိန်းမသံလား ပြောရခက်သည်။ သို့သော် ၎င်းသည် သွေးအေးပြီး တိုက်ခိုက်လိုသော အာသီသတို့ဖြင့် ပြည့်နှက်နေ၏။
မန်ဟိုက ပြုံး၍ ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် ဒုတိယကိုယ်အစစ်၏ ဖမ်းချုပ်တုပ်နှောင်ခံထားရပြီးဖြစ်သော ဒဏ်ရာအပြင်းအထန်ရထားသည့် စုန့်လော့တန်ဆီသို့ လှည့်လျှောက်သွားလေသည်။
စုန့်လော့တန်က သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် မန်ဟို့ကို မုန်းမုန်းတီးတီး စိုက်ကြည့်သည်။
မန်ဟိုမှာ စကားပြောရန် စိတ်မပါသဖြင့် စုန့်လော့တန်၏ပါးကို ဘယ်ပြန်ညာပြန် ချလိုက်ရာ စုန့်လော့တန်မှာ ပို၍ဒေါသူပုန်ထသွားလေသည်။ မန်ဟိုက ဘာစကားမှမပြောဘဲ စုန့်လော့တန်၏ သိုလှောင်အိတ်ကို ယူ၍ မွှေနှောက်ပြီးနောက် စာရွက်တစ်ရွက်နှင့် စာရေးတံတစ်ချောင်း ထုတ်လိုက်သည်။
“မင်း ငါ့ကို သတ်ရင်တောင်မှ ဘယ်တော့မှ လက်မှတ်မထိုးပေးဘူး” မျက်နှာပေါ်ရှိ ကန့်လန့်ဖြတ်အမာရွတ်ကြီးကြောင့် အထူးသဖြင့် အကျည်းတန်နေသော စုန့်လော့တန်က အော်ကြီးဟစ်ကျယ် ပြောသည်။
“လက်မှတ်မထိုးဘူးလား” မန်ဟိုက အေးတိအေးစက် ပြန်မေးသည်။ သူသည် ခပ်သဲ့သဲ့ ရယ်သံများနှင့် သွေးမည်းမည်းကြီးများ ပေါက်ခနဲ ပေါက်ခနဲ ကျနေသံအား ကြားနေရသည့် လွှဲရမ်းနေသော နွယ်ဒန်းကို လှမ်းကြည့်လိုက်သည်။ “နှင်းနှင်းလေး ဒန်းတူတူစီးဖို့ သူငယ်ချင်းရှာနေတာမလား”
မန်ဟို စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် နွယ်ဒန်းက လွှဲနေခြင်း ရပ်သွားသည်။ ထို့နောက် အံ့အားသင့်နေသော စုန့်လော့တန်မှာ သူ့ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အလိုလို လေပေါ် မြောက်တက်လာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ကျုံ့စပြုလာသည်။ မျက်စိတစ်မှိတ်အတွင်း သူကား ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကလေးနှင့် တူသွားလေပြီ။ နောက်ဆုံးတွင် သူသည် နွယ်ပေါ် ရောက်သွားပြီး ရှေ့နောက် လွှဲနေရတော့၏။
သူ၏အမူအရာမှာ အူတူတူ ကြောင်တောင်တောင် ဖြစ်နေသော်လည်း ပြင်းပြင်းထန်ထန် ကြောက်လန့်နေမှုအား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။
ဤအခိုက်အတန့်တွင် အရုဏ်တက်လာသော အလင်းရောင်အား မှိန်ဖျော့ဖျော့ မြင်လာရသည်။ မကြာမီ ပရဝုဏ်ထဲရှိ ထူးဆန်းသော ဖြစ်စဉ်အကုန်လုံး ပျောက်ကွယ်တော့ပေမည်။
ပရဝုဏ်အပြင်ရှိ လူအုပ်ကြီး၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။ အထူးသဖြင့် နေသူရိန်တောင်နှင့် စုန့်မျိုးနွယ်စုမှ ကျင့်ကြံသူများအပြင် နဝမပင်လယ်နတ်လောကမှ ဖန်းတုံးအာကို ချစ်ကျွမ်းဝင်နေသော ရွေးချယ်ခံများ ဖြစ်သည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သူသည် ကောင်းကင်ကို မော့ကြည့်ပြီး ဝတ်ပြုကျောင်းခန်းမထဲ ပြန်လျှောက်သွားကာ တာအိုအရိပ်များနှင့် ရှေးဟောင်းကြေးမီးအိမ်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။
“စုစုပေါင်း ၄၉ ရက်။ တစ်ဝက်ကျော်ပဲ ကုန်သေးတယ်။ ငါ သေချာပေါက် ... ဒီနေရာမှာ ဒီလူတွေကို အဲဒီလောက်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး
“သူတို့က အများကြီးလေ။ ပြီးတော့ ငါ အချိန်ဆွဲထားတာ နှစ်ရက်ပဲရှိသေးတယ်...” သူသည် ကြေးမီးအိမ်အရှေ့တွင် ရပ်ပြီး တဖျတ်ဖျတ် လှုပ်နေသော မီးညွန့်ကို ကြည့်လေသည်။ နေ့ဆိုလျှင် မီးငြိမ်းတတ်သော်လည်း ထိုပစ္စည်းကို အတန်ကြာ ကြည့်ရှုလေ့လာခဲ့ပြီးနောက်တွင် မီးတောက်မှာ အမှန်တကယ် ငြိမ်းသွားခြင်းမဟုတ်ကြောင်း မန်ဟို သိလိုက်သည်။ မီးတောက်၏နှလုံးသားက တည်ရှိနေဆဲဖြစ်၏။
မီးအိမ်မှာတော့ ညဘက်တွင်သာ လင်းလေသည်။
မန်ဟိုက တစ်ယောက်တည်း ရေရွတ်ရင်း သွေးတချို့ကို မီးတောက်ထဲ ထပ်မံညစ်ချလိုက်ရာ မီးတောက်သည် ရှဲခနဲ မြည်သွားပြီး သူ့ကို တက်ကြွလန်းဆန်းသွားစေသော အနံ့သင်းသင်းလေးအား ထုတ်ပေးလေ၏။
“တစ်ယောက်ယောက် မီးအိမ်ကို ထိပြီး သူတို့ရဲ့ အရှိန်အဝါနဲ့ ညစ်ညမ်းသွားအောင် လုပ်ခွင့်ပေးလို့ မဖြစ်ဘူး။ အဲ့ဒီသတ်မှတ်ချက်က .... စောင့်ထိန်းဖို့ တော်တော် မဖြစ်နိုင်တာပဲ” မန်ဟိုက သက်ပြင်းချလိုက်သည်။ သူ ထိုအကြောင်းတွေးလေလေ၊ လက်တွေ့မကျပုံပေါ်လေလေပင်။ ထိုမျှသာမက မိုးကား လင်းချေတော့မည်...
မန်ဟိုသည် ပရဝုဏ်၏အပြင်ရှိ အဖွဲ့များမှ လာနေသော အသတ်အဖြတ်စိတ်ဆန္ဒကို အာရုံရလိုက်၏။ သူတို့အတွက်တော့ သူ့မှာ သူတို့၏ကံကြမ္မာကောင်းထံသို့ သွားရာလမ်းကို ပိတ်နေသော ဆူးတစ်ဆူးအလားပင်။ ထိုမျှသာမက ထိုအသတ်အဖြတ်စိတ်ဆန္ဒတချို့မှာ လူများကို စိတ်အနှောင့်အယှက်ပေးနေသော သူကိုယ်တိုင်ကြောင့်ဖြစ်သည်။
“ဒီလိုအသေးအဖွဲ ကိစ္စလေးအတွက်နဲ့ အဖေနဲ့အမေ့ကို လှမ်းအကူအညီတောင်းလိုက်ရင် ငါက မန်ဟိုမဟုတ်တော့ဘူး” သူ၏မျက်လုံးများက အေးစက်စွာ တောက်ပလာ၏။ တာအိုရှာဖွေခြင်းအဆင့်မရောက်ခင်ကတည်းက သူသည် မိဘနှစ်ပါးဆီမှ အကူအညီတစ်ခုမှ မယူခဲ့ပေ။ အစစ်အမှန်အင်မော်တယ်တစ်ပိုင်းအဆင့်သို့ သူ့ဘာသာသူ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
သူ့မှာ များစွာသော သေရေးရှင်ရေးအခြေအနေများကို ကြုံတွေ့ခဲ့ရပြီး နဂါးငွေ့တန်းပင်လယ်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို တိုက်ခိုက်ခဲ့ကာ ရှင်ခြင်းနှင့်သေခြင်းအကြားက အဟလေးတွင် ကျဉ်းကျဉ်းကျုပ်ကျုပ် လျှောက်လှမ်းခဲ့ရသည့်အပြင် တောင်ပိုင်းဒေသ၏ မဟာစစ်ပွဲကြီးတွင် ပါဝင်ဆင်နွှဲ၍ ထွန်းတောက်ကျော်ကြားလာခဲ့၏။
ဤအရာအားလုံးက မန်ဟို့အား သူ့ကိုယ်သူ ဂုဏ်ယူစေသည်။
“ပြီးတော့ ငါ့လမ်းက ... အဖေနဲ့ အမေ နှစ်တစ်သိန်းကြာ နေရမယ့် တောင်ကောင်းကင်ရဲ့အပြင်ကို ဦးတည်တယ်။ ဒါကြောင့် ငါ့ဟာ ငါ့လမ်းကို ငါတစ်ယောက်တည်း လျှောက်ရမယ့်လူ။ ကံကြမ္မာကောင်းကို လိုချင်ရင် .... ငါ့ဘာသာငါ တစ်ယောက်တည်း စွန့်စားပြီး ရယူမယ်
“အဲဒီအတိုင်းမလုပ်ရင်တော့ ငါက အဲဒီကလူတွေနဲ့ အတူတူ ဖြစ်လိမ့်မယ်” တိုက်ခိုက်လိုစိတ်သည် သူ၏မျက်လုံးများတွင် တောက်ပလာ၏။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည့်အချိန် ရုတ်တရက် အကြံအသစ်တစ်ခုက သူ့ခေါင်းထဲ ပေါ်လာသည်။ သူသည် တုံ့ခနဲ ရပ်သွားပြီး ထူးဆန်းသောအမူအရာတစ်ခုက သူ၏မျက်နှာကို ဖုံးလွှမ်းသွားလေသည်။
“ခဏနေပါဦး.....
“ဟိုအရူးအိုကြီး ပြောသွားတာက မီးတောက်ကို ၄၉ ည မငြိမ်းစေနဲ့တဲ့။ မီးအိမ်ကို ဘယ်သူမှ မထိစေနဲ့လို့လည်း ပြောသွားတယ်
“တစ်နည်းပြောရရင် ဒီနေရာကို ဝင်လာတာက ပြဿနာမဟုတ်ဘူး။ မီးအိမ်ကို ဘယ်သူမှ မထိသရွေ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်မလား” မန်ဟို၏မျက်လုံးများ တလက်လက် တောက်ပလာသည်။
“အဲဒါသာ မှန်ရင် ... ငါ ဘာလုပ်လုပ် အရေးမကြီးဘူး။ ဒီကနေတောင် ကြေးမီးအိမ်ကို ယူသွားလို့ရနိုင်တယ်။ ဘယ်သူမှ မထိသရွေ့ ၊ မငြိမ်းဘဲ ကျန်နေသရွေ့ အကုန်လုံးအဆင်ပြေမယ်”
အတွေးရထား ဤဘူတာဆိုက်သော် သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူမိလာသည်။ စိတ်ပိုင်းဖြတ်လိုက်သော အလင်းရောင်က သူ၏မျက်လုံးများတွင် ပေါ်လာပြီး ဤနေရာသို့ မည်သူမျှ မဝင်နိုင်အောင် မတားနိုင်မှတော့ ... အကြံအသစ်ကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ချက်ချင်းက လက်ကို ဆန့်ထုတ်ပြီး မီးအိမ်ကို ဆွဲယူလိုက်သည်။ ကောက်ယူဖို့ ကြိုးစားလိုက်လျှင်ချင်း မီးအိမ်မှာ တုတ်တုတ်မှ မလှုပ်ကြောင်း သဘောပေါက်သွား၏။ ၎င်းကို သိုလှောင်အိတ်ထဲ ထည့်မရတော့ပေ။ သူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားပြီး ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝ လှည့်ပတ်လိုက်သည်။ သူ၏ဓမ္မဆင်းတုက အနောက်တွင် ပေါ်လာကာ မန်ဟိုသည် ကြေးမီးအိမ်ကို အားကုန် ဆွဲယူလိုက်၏။
ဝတ်ပြုကျောင်းခန်းမတစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းသွားသည်။ မြေကြီးမှာ တုန်ခါလာပြီး ဝတ်ပြုကျောင်းမှာ ယိမ်းထိုးလာသည်။ ဟိုးမြေကြီးအောက်ထဲမှ ထစ်ချုန်းသံကြီးတစ်သံနှင့်အတူ ပရဝုဏ်ထဲမှ ရယ်သံလိုလို၊ ငိုသံလိုလိုအသံများ ကြားလိုက်ရ၏။ တောင်တန်းများ၊ မြေပြင်များ အကုန်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါနေချေပြီ။
ပရဝုဏ်၏ အပြင်ရှိ လူအုပ်ကြီးများမှာ ဝတ်ပြုကျောင်းခန်းမအား အထိတ်တလန့် ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်၏ နယ်မြေအလုံးစုံမှာ တစ်ဂြိုဟ်လုံး လည်နေခြင်း ရပ်သွားသည့်အတိုင်းအတာအထိ တုန်ခါသွားလေသည်။
နဂါးငွေ့တန်းပင်လယ်မှာ တဝုန်းဝုန်း ဆူပွက်သောင်းကျန်းနေပြီး ကုန်းမြေအကုန်လုံး တသိမ့်သိမ့် တုန်ရီနေသည်။ တောင်ကောင်းကင်ရှိ အစွမ်းထက်ပညာရှင်အကုန်လုံး ထိတ်လန့်သွားကြသည်။
တန်မျှော်စင်တွင် မန်ဟို့အဖေနှင့်အမေမှာ ကျားကစားနေရင်းတန်းလန်းဖြစ်၏။ ရုတ်တရက် မန်ဟို့အဖေ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ ခေါင်းမော့လိုက်သည့်အချိန်မှာပင် မန်ဟို့အမေလည်း မျက်နှာရိပ်ခနဲ ဖြစ်သွား၏။
“အဲ့ဒါက...”
“အင်မော်တယ်ရှေးဟောင်း လှုပ်ရှားနေပြီ။ မကောင်းတော့ဘူး။ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့တာပဲ ဖြစ်မယ်” မန်ဟို့အဖေက ထရပ်ပြီး လေပေါ် ပျံတက်တော့မည့်အချိန် သူနှင့် မန်ဟို့အမေပါ တုံ့ခနဲ ရပ်သွားသည်။ နှစ်ယောက်လုံး အဝေးမှ ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်သဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။
ထိုပုဂ္ဂိုလ်ကား မီးခိုးရောင်ဆံပင်များကို ပိုင်ဆိုင်ထားပြီး သာမန်ဝတ်ရုံကို ဝတ်ထားကာ အလွန်ရှေးဆန်လေသည်။ သူ၏မျက်လုံးများက နက္ခတ်တာရာအလင်းရောင်များဖြင့် တောက်ပနေသည်။ သူသည် ပန်းချီထဲတွင် တည်ရှိသော လူတစ်ယောက်နှင့် တူသည်သာမက လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် စကြဝဠာများကို ဆေးခြယ်မှုန်းနိုင်သည့်အလားပင်။
မန်ဟို့မိဘများမှာ ချက်ချင်း တုန်လှုပ်သွားကြသည်။ သူတို့က လက်နှစ်ဖက်ယှက်ပြီး ဦးညွတ်လိုက်ကြ၏။
“ရှုံ့ဖန်း အရိုအသေပေးပါတယ် စီနီယာ”
“မန်လီ အရိုအသေပေးပါတယ် စီနီယာ”
ဤသည်မှာ အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှာတုန်းက သူတို့ဆီ ရောက်လာခဲ့သော လူ၊ သူတို့အား တောင်ကောင်းကင်သို့ သွားသင့်ကြောင်း ညွှန်ကြားခဲ့သူ။ သူတို့ကို တောင်ကောင်းကင်အား နှစ်တစ်သိန်းစောင့်ရှောက်စေခဲ့သူ ... အပြင်လူပင်။
မန်ဟိုသာ ဤနေရာတွင် ရှိလျှင် ဤပုဂ္ဂိုလ်ကို ချက်ချင်း မှတ်မိလိမ့်မည် .... ရွှေတုန်းလျှို။
“အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးကို မိုးကောင်းကင်ရဲ့တာအိုက ဝါးမြိုလိုက်ပြီ” သူက ရေရွတ်သည်။ “တာအိုလမ်းစဉ်ဟာ ရှေးဟောင်းနဲ့ ထပ်တူကျသွားခဲ့ပြီ။ လိပ်ပြာကိုးကောင် တောင်ပံတွေ တဖျပ်ဖျပ် ခတ်ရင်း နောက်တစ်ကြိမ် ချဉ်းကပ်လာနေတာ ငါ မြင်လိုက်တယ်။ ပျောက်ကွယ်သွားတဲ့ တစ်ယောက်ကို ငါ မြင်လိုက်တယ်။ သူ ခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲက အကြည့်က.... ခန့်မှန်းလို့မရတော့ဘူး။ ဘာကို ဖောက်ထွင်းမမြင်ရတော့ဘူး ... သူက ... သူ့ကံကြမ္မာကို တကယ် ပြောင်းလဲနိုင်ခဲ့ပြီ” အဝေးက တောင်တန်းများထဲရှိ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းသို့ လှမ်းကြည့်နေစဉ် ထူးဆန်းသောအလင်းရောင်သည် သူ၏မျက်လုံးများတွင် တောက်ပလျက်ရှိ၏။
***