ရှေးခေတ်၏ မှိန်ပျပျ မြင်ကွင်း
Vol. 59 Ch. 819
တစ်ချိန်တည်းမှာပင် နဂါးငွေ့တန်းပင်လယ်၏ အတွင်းပတ်လမ်းထဲ၌ ရေများ တပွက်ပွက် ဆူနေသည်။ မီးခိုးရောင်မြူများ ရုတ်တရက် မြောက်တက်လာပြီး သေခြင်းအရှိန်အဝါအပြည့်ဖြင့် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
ရှေးဟောင်းသင်္ဘောကြီးတစ်စင်းက မြူထုကို ဖြေးညင်းစွာ ဖြတ်လာပြီး ထိုသို့ဖြတ်လာစဉ် ၎င်းက မြူထုထဲတွင် မရေမတွက်နိုင်သောကမ္ဘာလောကများ၏ ပုံရိပ်များအား မှိတ်တုတ်မှိတ်တုတ် လက်လာစေသည်။
သင်္ဘောမှာ ရှေးခေတ်မှဖြစ်ပြီး ဤခေတ် ဤအချိန်တွင် ထွက်လာနေသည့်အလားပင်။
သင်္ဘောဦးပိုင်းတွင် စုတ်ပြတ်သပ်နေသော ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦးရှိသည်။ သူ၏ရှည်လျားသော ဆံပင်များက ငွေရောင်ဖြစ်ပြီး သူ၏မျက်နှာသွင်ပြင်အား မမြင်ရပေ။ အဖြေမရှိသော မေးခွန်းတချို့အတွက် အဖြေရှာရင်း ထာဝရတစ်လျှောက်လုံး စိုက်ကြည့်နေမည့်ပုံရသည့် ငေးကြောင်ကြောင်မျက်ဝန်းတစ်စုံကိုသာ မြင်ရနိုင်သည်။
ရုတ်တရက် အဘိုးကြီးက ခေါင်းထောင်ပြီး အရှေ့ဘက်နယ်မြေရှိ ရှေးတာအိုဆရာများဝတ်ပြုကျောင်းရှိရှာသို့ လှမ်းကြည့်လိုက်သည်။
“ဘယ်သူက ... တစ်ကမ္ဘာလုံးကို လှုပ်သွားအောင် လုပ်လိုက်တာလဲ”
တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်းလုံး ဖြာထွက်နေသော လှိုင်းအကုန်လုံး ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။
တန်မျှော်စင်အပြင်တွင် မန်ဟို့မိဘနှစ်ပါးသည် ရွှေတုန်းလျှို၏စကားကို နားထောင်ပြီး တုန်လှုပ်သွား၏။
“ခန့်မှန်းလို့ မရတော့ဘူး။ သူ့ကံတရားကိုသူ ပြောင်းလဲလိုက်ပြီ
“မင်းတို့နှစ်ယောက် ဝင်ပါလို့ မဖြစ်ဘူး။ ကံကြွေးပတ်သက်မှုတွေ များလွန်းရင် သူ့အတွက် ထိခိုက်နစ်နာရလိမ့်မယ်... သူဟာ .... တောင်ကောင်းကင်နဲ့ ရေစက်ပါပြီးသားပဲ”
“စီနီယာ...” မန်ဟို့အဖေက ရွှေတုန်းလျှိုကို ကြည့်ရင်း စိုးရိမ်ကြောင့်ကြနေသောအသံဖြင့် ပြောသည်။
“ပြစ်ဒဏ်.... လာနေပြီ” ရွှေတုန်းလျှိုက ရေရွတ်လိုက်သည်။ “မရေမတွက်နိုင်တဲ့ အလောင်းတွေ၊ အဆုံးမရှိတဲ့ သွေးမြစ်တွေ ငါ မြင်ခဲ့ရတယ်။ ကြယ်တာရာကောင်းကင်မှာ တောင်ကိုးလုံးပဲ ကျန်ရစ်ခဲ့တော့မယ့် ကပ်ဘေးကို မြင်နေရတယ်။ အဲဒီကပ်ဘေးက ... သိပ်မဝေးတော့ဘူး
“တစ်ခါက ဖိနှိပ်နှိမ်နင်းခံထားရတဲ့ ဖြစ်တည်မှုတွေဟာ ရှေးခေတ်ကနေ ဖြတ်သန်းလာလို့မရခဲ့ပေမယ့် ဖိနှိပ်မှုကနေ လွတ်မြောက်လာခဲ့တဲ့သူတွေကတော့ အငြိုးအာဃာတအပြည့်နဲ့ ပြန်လာကြလိမ့်မယ် ...
“ရန်ငြိုးတွေဟာ ဘယ်အချိန်က ဖန်တီးခံလိုက်ရတာလဲ။ အဲဒီလိုဖြစ်စေတဲ့ အကြောင်းရင်းက ဘာလဲ။ မေ့သွားကြပြီ ... သူတို့အားလုံး မေ့သွားကြပြီ.... ဘယ်သူမှ မမှတ်မိတော့ဘူး ....
“သူတို့က.... မိုးကောင်းကင်ရဲ့တာအိုကို ကျွန်အဖြစ် သွတ်သွင်းခဲ့တယ်။ ဒါ့အပြင် သူတို့ လာနေကြပြီ” သူက ခေါင်းကို ဖြေးဖြေးချင်း ခါလိုက်သည်။
ထိုစဉ် တောင်စဥ်တန်းများ၏ အနက်ပိုင်း၊ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း .... ကျောင်းအပြင်၌ မြေကြီးသည် တသိမ့်သိမ့် တုန်ခါဟည်းနေ၏။ လူတိုင်းမှာ ငိုလိုက်၊ရယ်လိုက်ဖြစ်နေသော အသံစူးစူးများနှင့် မြေကြီးအောက်မှ လာနေသော ကြောက်စရာ ထစ်ချုန်းသံကြီးကို နားထောင်ရင်း မှင်သက်နေကြသည်။ ထို့နောက် ဝတ်ပြုကျောင်းကြီးပါ တုန်ခါလာသည်ကို သူတို့မြင်လိုက်ရသည်။ အက်ကွဲသံများ ပျံ့နှံ့လာပြီး ရုတ်တရက် ပုံရိပ်ယောင်တာအိုဆရာများဝတ်ပြုကျောင်းကား နောက်တစ်ဖန် ပေါ်လာလေသည်။
ဝတ်ပြုကျောင်းခန်းမထဲတွင် မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေသည်။ သူ့မှာ ကြေးမီးအိမ်ကို ကောက်ယူခဲ့ရုံသာ လုပ်ခဲ့သော်လည်း အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးနှင့် မြေငလျင်လှုပ်ခတ်သွားခြင်းက သူ၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။
ထိုမျှသာမက ယခုတော့ သူ့မှာ ကြေးမီးအိမ်ထံမှ လက်ကို ခွာ၍မရတော့ပေ။ ပြင်းထန်သောနာကျင်မှုက သူ့လက်ကို ထိုးကျင့်နေသည့်အတွက် အရေပြားမှာ ပြဲထွက်သွားပြီး ပန်းထွက်လာသည့်သွေးတို့ကို ကြေးမီးအိမ်မှ စုပ်ယူလိုက်သည်။
သွေးကို စုပ်ယူပြီးနောက် မီးအိမ်၏မီးတောက်မှာ ပို၍ပင် လင်းထိန်လာသည်။ ၎င်းသည် အနီရောင်တောက်လာရင်း လေထုကို စုတ်ဖြဲ၍ ရှေးခတ်နှင့်ပိုင်းခြားထားသော စည်းအတားအဆီးကို ချိုးဖျက်ပစ်လိုက်သယောင်ပင်။ မန်ဟိုသည် အရာအားလုံး လှုပ်ရှားနေသည်ကို ရုတ်တရက် အာရုံရလိုက်၏။
သူ၏ပတ်ပတ်လည်ရှိ ပုံရိပ်များမှာ မြန်သထက် မြန်မြန် လည်လာပြီး ရုတ်တရက် တုံ့ခနဲ ရပ်သွားသည်။ မန်ဟိုမှာ ကတုန်ကယင်ဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ... ယခင်က မြင်ခဲ့ရသည့် ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို ထပ်မြင်လိုက်ရသည်။။ တာအိုတရားဟောနေသောအသံကို ကြားလိုက်ရသည့်အပြင် ကြယ်မြစ်အောက်တွင် တင်ပျဉ်ခွေထိုင်နေသော လူတိုင်းကို မြင်လိုက်ရသည်။
ပလ္လင်ပေါ်ရှိ အဘိုးကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို ရုတ်တရက် ပြောင်းပြန်ဖြစ်သွားစေသည်။ ဧရာမ ‘အင်မော်တယ် 仙’ စာလုံးကြီး ပေါ်လာ၏ ....
အံ့ဩဖွယ်ကောင်းစွာနှင့် “အင်မော်တယ်仙”က မန်ဟို့အပေါ်တွင် ထပ်သွားသည်။ သူ့လက်ထဲရှိ ဆီမီးအိမ်သည် တောင် (山) ဖြစ်လာခဲ့ပြီး သူက လူ (人) ဖြစ်သွားသည့်အလားပင်။ သူတို့မှာ အတူတူပေါင်းကာ ... အင်မော်တယ် (仙) စာလုံးအသွင်ပြောင်းသွား၏။
မရေမတွက်နိုင်သော မျက်လုံးများ သူ့အပေါ် ကျရောက်လာပြီး မန်ဟို့စိတ်မှာ ချာချာလည် မူးဝေနေသည်။ ဖြစ်ပျက်နေသော အရာအားလုံးမှာ မယုံကြည်နိုင်ဖွယ်ကောင်းလွန်းသဖြင့် မန်ဟိုမှာ ယုံကြည်ဖို့ ခက်ခဲနေသည်။
ထို့နောက် မီးအိမ်သည် သူ၏သွေးများကို အငမ်းမရ စုပ်ယူစပြုလာ၏။ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီး လည်နေစဉ် သူ့မျက်နှာမှာ သွေးမရှိတော့ပေ။ အရာအားလုံးမှာ ဝုန်းခနဲ နောက်တစ်ဖန် ရပ်သွားပြန်သည်။ အံ့ဖွယ်ကောင်းစွာနှင့် မန်ဟိုမှာ နောက်ကမ္ဘာလောကတစ်ခုကို ကြည့်နေမိကြောင်း တွေ့လိုက်ရ၏။
ပထဝီမြေကြီးဆီသို့ တန်းတန်းမတ်မတ် ရိုက်ချလိုက်သော ဧရာမလက်ကြီးတစ်ဖက်အား ကောင်းကင်ထက်တွင် မြင်ရနိုင်သည်။ အကြိတ်အနယ် စစ်ဆင်နွဲနေသော ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့သည် အပြင်ဘက်ကောင်းကင်မှ ကြယ်များကို လှမ်းခူးဆွတ်၍ နတ်ဘုရားစွမ်းရည်များ အသွင်ပြောင်းခြင်းဖြင့် တိုက်ခိုက်နေကြ၏။
ခုခံကာကွယ်ဖို့အတွက်မူ ဧရာမမြေစိုင်ကြီးများ အက်ကွဲမြောက်တက်လာပြီး ကောင်းကင်သို့ ပစ်ပေါက်ခံလိုက်ရသည်။
နဖူးတွင် တောက်ပနေသော ကြယ်စင်များနှင့် ပုံသဏ္ဌာန်မဲ့ ဧရာမပုံရိပ်ကြီးတစ်ခုရှိသည်။ ၎င်း၏ဘေးတွင် လက်တံအရှည်ကြီးများနှင့် ဂြိုဟ်ကြီးတမျှ ကြီးမားသော အမွှေးထူထူသတ္တဝါအမြောက်အမြားရှိသည်။ ၎င်းတို့က အရပ်လေးမျက်နှာတွင် ဒေါသတကြီး သောင်းကျန်းနေသည်။
မန်ဟို့အတွက် မည်သူက မိတ်ဆွေလဲ၊ ရန်သူလဲ ပြောရခက်သည်။ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသော အင်အားစုများမှာ အလွန်များပြားလှသည်။ ခပ်ဝေးဝေးတွင် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပွင့်လာပြီး ... နေကိုးစင်းပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
နေကိုးစင်းက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေပြီး အာကာသဟင်းလင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေသည့်အပြင် သက်ရှိအားလုံး လောင်ကျွမ်းပြာကျသွားကြသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် နေကိုးစင်းသည် အကွဲကြောင်းမှတစ်ဆင့် ဧရာမကျောက်ရုပ်တုကြီးတစ်ခုကို ဆွဲယူနေ၏။ ရုပ်တုက ရွက်ကြမ်းရေကြို ပုံပန်းသွင်ပြင်ဖြစ်သည့်တိုင် မေ့မရနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် လူတစ်ယောက်ကို ဖော်ပြနေသည်။
ဖော်ပြမတတ်လောက်အောင် ကြီးမားသော အရိပ်ကြီးတစ်ခုက ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံရန် ရည်ရွယ်နေသည့်အလား ပျံ့နှံ့လာသည်။ ၎င်းကို ကြည့်လျှင် ၎င်းသည် ပြိုင်ဘက်ကင်းပြီး ဆန်းပြားသောအရာတစ်ခုဖြစ်ကြောင်း မြင်နိုင်လေသည်။
လူများက အလန့်တကြား အော်ဟစ်ရင်း မိုးကောင်းကင်၏တာအိုနှင့်ပတ်သက်ပြီး တိုင်တည်လာကြသည်။
ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်မှာ မတူညီသောလားရာဘက်မှ လိပ်ပြာကိုးကောင် ချဉ်းကပ်လာနေသည်ကို မြင်ရခြင်းပင်။ ၎င်းတို့သည် ဖော်ပြ၍မရလောက်အောင် ဧရာမကြီးဖြစ်ပြီး မည်သည့်အရာမဆိုထက် အရွယ်အစားကြီးမား၏။ ၎င်းတို့ပေါ်လာသော အခိုက်အတန့်တွင် အခြားကမ္ဘာလောကများသို့ ဦးတည်နေသော မုခ်ဝများသည် ၎င်းတို့၏ခန္ဓာကိုယ်အပေါ်တွင် ပေါ်လာပြီး ထိုမုခ်ဝများထဲမှ ပုံရိပ်အစုအဝေးများ ထွက်လာသည်။ ပို၍ပင် အံ့ဩဖွယ်ကောင်းသေးသည်က လိပ်ပြာများ၏အနောက်တွင် ကောင်းကင်အပြည့် စိုးမိုးတော့မည့်အလား ကြောက်စရာကောင်းလောက်အောင် ကြီးမားသော ကုန်းမြေထုကြီးတစ်ခု ချဉ်းကပ်လာသည်ကို မန်ဟို မြင်လိုက်ရ၏။
“အင်မော်တယ်တွေရဲ့ ကမ္ဘာက ဖရိုဖရဲဖြစ်မှုအကုန်လုံးရဲ့ အရင်းခံ။ အင်မော်တယ်တွေက ဆိုးယုတ်မှုအားလုံးရဲ့ အထွတ်အထိပ်” မန်ဟို့ မြင်ကွင်း၌ ဟိန်းထွက်နေသော အသံ၏ပိုင်ရှင်မှာ မည်သူလဲ ပြောရန်မဖြစ်နိုင်ပေ။ မန်ဟို မြင်နေရသည့်အရာများမှာတော့ နေကိုးစင်း၊ လိပ်ပြာကိုးကောင်နှင့် ၎င်းတို့အောက်ရှိ ရင်သပ်ရှုမောဖွယ် တောင်ကြီးကိုးလုံးသာ။
အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက အရာအားလုံးကို လွှမ်းခြုံစိုးမိုးသွားပြီးနောက် မြင်ကွင်းသည် မှေးမှိန်ပျောက်ကွယ်သွား၏။ မန်ဟို့စိတ်မှာ ချာချာလည်နေပြီး ပတ်ပတ်လည်ရှိ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။ ထပ်မံ၍ ဝဲကြီးတစ်ခုက မန်ဟို့ကို အလယ်ဗဟိုတွင် ထားလျက် လည်သွားသည်။ မန်ဟိုမှာ ရှေးခေတ်မှ ပြန်ပေါ်လာပြီး ဝတ်ပြုကျောင်း၏အပြင်သို့ ထွက်လာလေသည်။
သူ့ကိုယ်ထဲရှိ သွေးအကုန်လုံးနီးပါးမှာ ကြေးမီးအိမ်ထဲသို့ စုပ်ယူခံခဲ့ရ၏။ မီးအိမ်မှာမူ ... မန်ဟို့ခေါင်းအထက်ရှိ လေထဲသို့ အလိုလို မြောက်တက်သွားကာ ယခုတွင် မှိန်ပျပျ တဖျပ်ဖျပ် လှုပ်နေသည်။
ဤအခိုက်အတန့်တွင် အပြင်ရှိ ကောင်းကင်မှာ .... လင်းထိန်လာ၏။
အရုဏ်တက်လာသည့်အခိုက်အတန့်တွင် မန်ဟို့ ခေါင်းအထက်ရှိ မီးအိမ်မှာ မှိတ်တုတ်မှိတ်တုတ် လက်သွားပြီး မီးကျီးခဲအသွင် ပြောင်းသွား၏။ ၎င်းက ငြိမ်းမသွားဘဲ မန်ဟို့မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့ထဲ ထိုးဖောက်ဝင်ရောက်လာသော ခပ်မျှင်မျှင် အစိမ်းရောင်အခိုးအငွေ့ဖြစ်လာသည်။ ရုတ်တရက် မန်ဟိုသည် တစ်ခါမှ မခံစားရဖူးသော ရှင်းလင်းကြည်လင်မှုကို ကြုံတွေ့လိုက်ရ၏။
မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားပြီး မျက်လုံးများ တောက်ပလာသည်။ ယခုအချိန်မှာ တုံ့ဆိုင်းနေရသည့်အချိန်မဟုတ်ကြောင်း သူ သိသည်။ ဒုတိယကိုယ်အစစ်ဖြစ်သော အရိပ်နှင့်အတူ မန်ဟိုသည် ဝတ်ပြုကျောင်းခန်းမမှ ထွက်လာကာ အင်္ကျီလက်စခါ၍ ထိုက်ယန်ကျစ်နှင့် စုန့်လော့တန်ကို ကောက်ပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်၏။ ထို့နောက် နဝမတောင်နှင့် ပိတ်ခံထားရဆဲဖြစ်သော ရေတွင်းကို ကြည့်ပြီးနောက် ပရဝုဏ်ထဲမှ တုံ့ဆိုင်းခြင်းမရှိ ထွက်သွားတော့သည်။
ပင်မဂိတ်ဝမှ ထွက်လာသောအခါ အပြင်ရှိ လူတိုင်း၏မျက်နှာများအပေါ်တွင် ကြောင်စီနေသော အမူအရာများကို မြင်လိုက်ရသည်။ ကြည့်ရသရွေ့ သူတို့မှာ ရှေးခေတ်၏မြင်ကွင်းထဲတွင် ပိတ်မိနေကြဆဲ ဖြစ်တန်ရာသည်။ ကျီသားတော်များပင်လျှင် တုန်ရီနေကြ၏။
မန်ဟိုက ချက်ချင်း ပျံသန်းဖို့ ပြင်လိုက်သည်။ သို့သော် သူ သိပ်ဝေးဝေး မသွားနိုင်ခင် ဓားအလင်းတန်းတစ်တန်းက လေကိုခွင်း၍ သူ့ဆီ ပြေးဝင်လာသည်။ ၎င်းကား ကျောက်ရီဖန်းမှတစ်ပါး အခြားမဟုတ်။
သူက ပထမဆုံး နိုးလာသည့်သူ ဖြစ်နေ၏။
တော်တော်များများ နိုးစပြုလာကြပြီး မန်ဟို့ကို မြင်လျှင် နောက်မှ ပြေးလိုက်လာရင်း မှော်သိုင်းကွက်များ မဆိုင်းမတွ ပစ်လွှတ်လိုက်ကြသည်။
“ဟေး ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို မင်းတို့ကြိုက်သလို လုပ်လိုက်တော့” သူက အော်ပြောသည်။ စစ်ရထား ပေါ်လာပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွှစ်ခနဲ ထွက်သွားတော့သည်။ သူ့နောက်မှ လိုက်လာနေသူများ၏ မှော်သိုင်းကွက်များက သူ့ကို လွှမ်းမိုးခါနီးလေပြီ။
ကံကောင်းထောက်မစွာနှင့် သူက နည်းနည်းမှ မရပ်ခဲ့ပေ။ ထိုမျှသာမက သူ၏စိတ်အစဉ်သည် ကြေးမီးအိမ်ကြောင့် အလွန်တရာ ရှင်းလင်းကြည်လင်နေ၏။ ကျန်ရှိသူများအတွက်မူ ကျောက်ရီဖန်းပင်လျှင် ယခုလေးတင် သတိပြန်လည်လာခဲ့ပြီးနောက် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝ ထုတ်လွှတ်ဖို့ ခက်ခဲကြောင်း တွေ့ရလေသည်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး မန်ဟိုမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သို့သော် သူ့မှာ ထပ်ကြပ်မကွာ လိုက်ဖမ်းခံနေရသည့်အတွက် ဘေးနှစ်ဖက်မှ ကျောက်ကမ်းပါးနံရံဖြင့် ခြံရံခံထားရသော လမ်းကျဉ်းလေးသို့ ရောက်သည်အထိ အမြန်ဆုံး ပျံသန်းလာခဲ့လေသည်။
ကံဆိုးစွာနှင့် လေပိုင်နက်မှာ ကန့်သတ်ခံထားရ၍ စစ်ရထားမှာ ပျံသန်းရန် ခက်ခဲနေကြောင်း ထင်ရှားလာသည်။ ၎င်းမှာ လျင်မြန်စွာ အရှိန်လျော့ကျလာခဲ့ပြီး လမ်းကျဉ်းသို့ ရောက်လျှင်ချင်း မန်ဟိုမှာ ၎င်းကို သိမ်းလိုက်ရတော့၏။ သူသည် မြေကြီးကို ခြေထောက် ထိလိုက်သည်နှင့်တစ်ပြိုင်နက် လေးညို့မှ လွှတ်လိုက်သော မြှားသဖွယ် ရွှီးခနဲ တဟုန်ထိုး ထွက်သွားတော့သည်။
သူ့အနောက်မှ လူပေါင်းရာချီ လိုက်လာနေကြသော်လည်း တစ်ယောက်မှ ရွေးချယ်ခံမဟုတ်ပေ။ သူတို့သည် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ တာအိုစောင့်ရှောက်သူများဖြစ်ကြ၏။ နေသူရိန်တောင်နှင့် စုန့်မျိုးနွယ်စုက သူတို့လူများကို သူ့နောက် လိုက်ခိုင်းခဲ့လေသည်။
ကျန်ရွေးချယ်ခံများကမူ နိုးလာပြီးနောက် ဝတ်ပြုကျောင်းအလွတ်ကြီးကို ကြည့်ပြီး ဝင်သွားကြသည်။
သူတို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရေတွင်းအပေါ်ရှိ တောင်ကြီးမှာ တစစီ ပြိုကွဲသွားပြီး အမျိုးသမီးတစ်ယောက်၏ စိတ်ဆင်းရဲဖွယ်ကောင်းသော အော်ငိုသံအား ကြားလိုက်ရသည်။
“မန်ဟို ၊ နင်နဲ့ငါ ကိစ္စမပြီးသေးဘူးနော်” ဖန်းတုံးအားသည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဆံပင်များ ဖွာလန်ကြဲလျက် ရေတွင်းထဲမှ ပျံတက်လာ၏။ သူမကို ချစ်ခင်စုံမက်နေသော ရွေးချယ်ခံအကုန်လုံး ပြာပြာသလဲလဲ သူမဆီ ပြေးသွားရန် ပြင်လိုက်စဉ် ရုတ်တရက် ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့သည် ဖန်းတုံးအာကို အလန့်တကြား ကြည့်ပြီး တဖြေးဖြေး နောက်ဆုတ်သွားကြ၏။
ဖန်းတုံးအာမှာ မှင်သက်သွားပြီး မျက်နှာပျက်သွားသည်။ ထို့နောက် သူမ၏ညာလက်လေးကို မြှောက်လိုက်လေသည်။ အလင်းရောင်တစ်ရောင် လင်းလက်သွားပြီး မှန်တစ်ချပ် ပေါ်လာ၏။ မှန်ကို ကြည့်လိုက်သောအခါ အတော်လေး ဖြူဖျော့နေသော်လည်း လှမြဲလှနေဆဲ ဖြစ်နေသော သူမမျက်နှာလေးကို မြင်လိုက်ရသည်။
သူမမှာ စိတ်သက်သာရာရသွားသော်လည်း ....
“တုံးအာ အ… အနောက်မှာ...”
“တုံးအာ အနောက်မှာ တစ်ယောက်ယောက် ရှိနေတယ်”
“ဘာ...ဘာ... ဘာလို့ အလောင်းတစ်လောင်းကို ကျောပေါ်မှာ သယ်ထားတာလဲ....”
ဤအခိုက်အတန့်တွင် ဖန်းတုံးအာသည် မှန်၏ရောင်ပြန်ထဲ၌ တစ်စုံတစ်ခုကို တွေ့လိုက်၏။ သူမအနောက်တွင် .... အမျိုးသမီးတစ်ဦး၏အလောင်းကြီး.... ရေတွင်းထဲမှာတုန်းက သူမကို ဒုက္ခပေးခဲ့သော အလောင်းကြီး ပျံဝဲနေသည်။
ဖန်းတုံးအာမှာ တစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူမသည် လေပေါ် ချက်ချင်း ပျံတက်လိုက်သော်လည်း အလောင်းလည်း ထိုအတိုင်း ပျံတက်လာသည်ကိုသာ တွေ့လိုက်ရသည်။ သူတို့ဝိညာဉ်များမှာ ပူးနေသည့်အလားပင်။ ၎င်းကား သူမ မည်သည့်နေရာသွားသွား၊ လိုက်လာမည့်ပုံရသည်။
မည်သည့်နေရာသွားသွား၊ ရေထဲ၌ နှစ်သန်းပေါင်းများစွာ နစ်မြုပ်နေခဲ့သော အလောင်းကြီးတစ်လောင်း တကောက်ကောက် လိုက်နေခြင်းက မည်သည်နှင့်တူလိမ့်မည်ကို ဖန်းတုံးအာမှာ စိတ်သာကူးကြည့်နိုင်တော့သည်... ထိုကိစ္စကား သတင်းပြန့်သွားသည်နှင့် နဝမတောင်နှင့်ပင်လယ်တစ်ခုလုံးကို လုံးလုံးလျားလျား တုန်လှုပ်သွားစေလိမ့်မည်။
ဖန်းတုံးအာမှာ စူးစူးဝါးဝါး အော်လိုက်လေသည်....
“မန်ဟို ငါနင့်ကို သတ်မယ် ။ သတ်ပစ်မယ်”
ဤအခိုက်အတန့်တွင် ကျန်ရွေးချယ်ခံအကုန်လုံး ဝတ်ပြုကျောင်းခန်းမထဲ ဝင်ရောက်ခဲ့ပြီးကြလေပြီ။ သူတို့သည် ဘေးဘီဝဲယာကို တခဏ အထိတ်တလန့် ကြည့်ပြီးနောက် ဝတ်ပြုကျောင်းထဲမှ ကရောသောပါး ပျံထွက်လိုက်ကြ၏။ အက်ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့လာပြီး မြေကြီးမှာ ချောက်နက်ကြီးအဖြစ် ပြိုကျသွားကာ ဝတ်ပြုကျောင်းတစ်ခုလုံး ချက်ချင်း ပြုတ်ကျသွားလေသည်။
ကံကောင်းထောက်မစွာနှင့် လူတိုင်း လျင်မြန်စွာ လှုပ်ရှားခဲ့သည့်အတွက် ဘယ်သူမှ အပျက်အစီးထဲ မပါသွားလိုက်ပေ။ သို့သော် သူတို့သည် မြေကြီးထဲ နစ်ဝင်ကျွံကျသွားသော ဝတ်ပြုကျောင်း၏ အကြွင်းအကျန်များကို တအံ့တဩ ပြန်ကြည့်လိုက်ကြ၏။ ထို့နောက် မြေကြီးမှာ ဝတ်ပြုကျောင်း ဘယ်တုန်းကမှ မရှိခဲ့သည့်အလား မူလအတိုင်း ပြန်ဖြစ်သွားလေသည်.....
“သေစမ်း။ မန်ဟို ယူသွားတဲ့ အဲဒီကြေးမီးအိမ်က အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ အဖိုးထိုက်ရတနာတစ်ခု သေချာပေါက် ဖြစ်ရမယ်”
“သူ့မှာ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြား ရှိကို ရှိလိမ့်မယ်”
“သူ့ကို အမိဖမ်းကြ။ ဒီနေရာမှာ လေပိုင်နက် ကန့်သတ်ခံထားရတာမလို့ သူ ဝေးဝေး မသွားနိုင်လောက်ဘူး။ တောင်တန်းတစ်ခုလုံးကို ပိတ်လိုက်၊ လေကိုလည်း ဖိနှိပ်ကြ။ သူ့ကို မတွေ့မချင်း မြေလှန်ရှာမယ်”
***