ဘယ်သူ ငါ့စီးပွားရေးကို တုတ်နဲ့ထိုးဖို့ ကြိုးစားတာလဲ
Vol. 59 Ch. 820
နဝမတောင်နှင့်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ လူတိုင်း လှုပ်ရှားရန် တခဏသာ ကြာလိုက်သည်။ သူတို့သည် နည်းလမ်းပေါင်းစုံသုံး၍ တောင်တန်းတစ်ခုလုံးကို ပိတ်လှောင်လိုက်ကြပြီး မန်ဟို့ကို ရှာဖို့ အရပ်လေးမျက်နှာသို့ လူစုခွဲကာ နတ်ဘုရားစိတ်ဆန္ဒများ၊ လျှို့ဝှက်မှော်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်အထွေထွေကို သုံးလိုက်ကြသည်။
အထူးသဖြင့် ခံပြင်းနာကျည်းစွာ အော်ရင်း လေကိုခွင်းသွားနေသော ဖန်းတုံးအာ။ ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးပြီး မြင့်မြတ်သော အငွေ့အသက်က သူမကို ဝန်းရံထားတတ်၏။ ယခုတော့ ထိုအငွေ့အသက်လည်း မရှိတော့ပေ။ အလောင်းကြီးတစ်လောင်း၏ တကောက်ကောက် လိုက်ခြင်း ခံနေရသော မိန်းမလှလေးတစ်ယောက်အနေဖြင့် မည်သို့ တည်ငြိမ်နေနိုင်တော့မည်နည်း။
သူမသည် ဤသတင်း နဝမတောင်နှင့်ပင်ပင်လယ်တစ်ခုလုံးတွင် မည်ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်လဲ တွေးရင်း မန်ဟို့ကို ဆထက်တိုး မုန်းတီးနေတော့၏။
ကျန်ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ရွေးချယ်ခံများအတွက်မူ သူတို့ကား မာနကြီးသော လူများဖြစ်ကြပြီး တစ်စုံတစ်ယောက်၏အကျောမခံနိုင်သူများ ဖြစ်ကြလေသည်။ သူတို့သည် တခြားရွေးချယ်ခံများဖြင့် စဉ်ဆက်မပြတ် ယှဉ်ပြိုင်ခြင်း၊ တိုက်ခိုက်ခြင်းတို့အပြင် ၎င်းတို့နှင့်အတူ လိုက်ပါလာသော အန္တရာယ်များအား ကျင့်သားရနေသော်လည်း လက်ဗလာသက်သက် ဖြစ်ရသည်ကိုတော့ ကျင့်သားမရသေးပေ။ သူတို့က သူတို့အကြားရှိ မည်သူက အခြားသူများထက်ပို၍ ကံကြမ္မာကောင်းများများ ရရှိသွားသလဲ ယှဉ်ပြိုင်တတ်ကြပေသည်။
သို့သော် ဤတစ်ခေါက်... တောင်ကောင်းကင်ဂြိုဟ်တွင် မန်ဟိုနှင့် ပထမဆုံး ဆုံတွေ့သည့်အချိန်မှာပင် နောက်ထပ် ပထမဆုံးအရာကိုလည်း ကြုံတွေ့ရပြန်သည်။ သူတို့မှာ အံ့ဖွယ်ကံကြမ္မာကောင်းနှင့် မျက်နှာချင်းဆိုင်ခဲ့ရသော်လည်း ၎င်း၏အစအနလေးကိုပင် ဖမ်းဆုပ်ခွင့် မရခဲ့ပေ။
ထို့အပြင် မန်ဟို သူတို့အားလုံးကို မည်ကဲ့သို့ တစ်ပတ်ရိုက် ကလိမ်ကျပြီး ထွက်ပြေးသွားသလဲ တွေးလိုက်မိလျှင် သူတို့မှာ သူ့ကို သွားများပင်ကြိမ်းလာသည်အထိ မုန်းမိလေသည်။
“သောက်ရှက်မရှိဘူး။ အဲဒီကောင်က ရိုးတွင်းခြင်ဆီထဲထိတောင် ယုတ်မာကောက်ကျစ်နေတာ”
“အဲဒီလောက်ရမ်းကားတဲ့ကောင်မျိုး အပြင်လောကမှာ နာမည်မကြီးတာ မဖြစ်နိုင်ဘူး။ ဒီကောင်က တောင်ကောင်းကင်ဂြိုဟ်က ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်”
“ဘယ်ကောင်ပဲဖြစ်ဖြစ်ကွာ။ ငါတို့ဆီက လုသွားတဲ့ ကံကြမ္မာကောင်းကို ပြန်ယူရမယ်”
ကျင့်ကြံသူရာပေါင်းများစွာက အဆုံးမဲ့တောင်များဆီသို့ အမြန်ဆုံး လူဖြန့်လိုက်သဖြင့် တရွှစ်ရွှစ် လေတိုးသံများ ဆူညံသွားသည်။ သူတို့သည် ဧရာပင့်ကူအိမ်ကဲ့သို့ ကွန်ရက်ကြီးသဖွယ် မန်ဟို့ကို လိုက်ရှာနေကြလေပြီ ။
မန်ဟိုက သတိကြီးကြီးထား၍ ရှေ့ဆက်သွားနေသည်။ သူ့မှာ နည်းလမ်းပေါင်းစုံ အသုံးပြုကြည့်သည့်တိုင် ကြေးမီးအိမ်အား သူ၏သိုလှောင်အိတ်ထဲသို့ ထည့်မရပေ။ သူ့ခေါင်းထက်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလျက် ပျံဝဲနေသည်ကိုသာ မတတ်သာဘဲ ခွင့်ပြုထားရ၏။
သူ့ပတ်ပတ်လည်ရှိ မြေကြီးမှာ တုန်ရီလာပြီး နတ်ဘုရားအာရုံများ လွှမ်းမိုးလာသည်။ မန်ဟိုက အရှိန်တင်လိုက်သည်။ ဤတောင်များသည် ကြီးမားသည့်အပြင် ခြေချော်လက်ချော်သွားလျှင် သူ့ကို သတ်ပစ်နိုင်ခြေများသော တားမြစ်မန္တန်များလည်း ပြည့်နေ၏။ ထို့ကြောင့် သူ့မှာ အမြန်ဆုံး သွားမရပေ။
သတိရှိရှိ ရှေ့ဆက်သွားနေစဉ် သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ ယခင်က သူသည် ဝတ်ပြုကျောင်းအရှေ့ရှိ ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားခဲ့ရသော်လည်း ယခုတော့ လဲလျောင်းနေသော တောင်စဉ်တန်းတစ်ခုလုံးက သူ့အတွက် ပွင့်နေချေပြီ။
“အခု သူတို့ ငါ့ဆီကို မဖြစ်မနေ တစ်ယောက်ချင်းစီပဲ လာရလိမ့်မယ်။ အပြင်က ရွေးချယ်ခံတွေထဲမှာ ဘယ်သူက အစွမ်းထက်ဆုံးဖြစ်မလဲ သိချင်မိသား”
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ နေ့လည်သို့ ရောက်လာခဲ့၏။ မန်ဟိုမှာ သစ်ပင်ထူထဲသော တောတစ်နေရာတွင် သွားနေစဉ် ရုတ်တရက် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်လိုက်သည်။ အနက်ရောင်မြားတစ်စင်းက သူ စောစောက ရပ်နေခဲ့သော နေရာသို့ စိုက်သွားသည်။ မြေကြီးကား ဝုန်းခနဲ ပေါက်ကွဲကာ ဖုန်များ၊ သစ်ပင်များအား လွင့်စင်ပြန့်ကြဲသွားစေသည်။ ထို့နောက် အေးတိအေးစက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။
“ဆိုတော့ ဒီနေရာမှာ မင်း ပုန်းနေတာကိုး” တစ်စုံတစ်ယောက်က ပြောသည်။ နဂါးများဖြင့် တန်ဆာဆင်ထားသော တောက်တောက်ပြောင်ပြောင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးပေါ်လာ၏။ သူသည် ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားပြီး ကျင့်ကြံခြင်းအခြေခံမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်အလွန် ဖြစ်သည်။ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အကြည့်က မန်ဟို့ခေါင်းပေါ်ရှိ ကြေးမီးအိမ်အပေါ် ကျရောက်သွားသည်။
“မင်းကို အနိုင်ယူနိုင်ရင် ငါ စွန်းဟိုက် အရင်ထက်ပိုပြီး အောင်မြင်ကျော်ကြားလာလိမ့်မယ်။ အင်မော်တယ်ရှေးတာအိုဆရာများ ဝတ်ပြုကျောင်းရဲ့ ကံကြမ္မာကောင်းက ငါ့အပိုင် ဖြစ်လာစေရမယ်”
စွန်းဟိုက်၏ ဘေးတွင် ရှေးကျသော အရှိန်အဝါအား ထုတ်လွှတ်နေသည့် အဘိုးကြီးတစ်ယောက်ရှိသည်။ ထိုအဘိုးကြီးသည် အတိုင်းထက်အလွန် ရှေးဆန်ပြီး မျက်နှာသွင်ပြင်က ရွက်ကြမ်းရေကြိုသာ ဖြစ်သော်လည်း မျက်လုံးများက ရုတ်တရက် နေလုံးကြီးနှစ်လုံးပမာ စူးရှတောက်ပစပြုလာလေသည်။
စွန်းဟိုက်က အဘိုးကြီးဘက် လှည့်ကာ ပြောသည်။ “သူ့ကို ချုပ်လိုက်”
အဘိုးကြီးက မန်ဟို့ကို ကြည့်ပြီး ပြုံးလေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်တစ်ဦး သူ့ကိုယ်ထဲတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေသည့်အလား စွမ်းအင်များဖြင့် ဟုန်းဟုန်းတောက်လာ၏။ သူက ရှေ့တက်လိုက်ရာ လှိုင်းများက သူ၏ပတ်ပတ်လည်ရှိ လေထုကို ပုံပျက်ရှုံ့တွသွားစေရင်း ဖြာထွက်သွားသည်။
မန်ဟိုသည် လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်ရန် ဖြေးညင်းစွာ လှည့်လာပြီး မျက်မှောင်ကြုတ်သွား၏။ ဤနှစ်ယောက်ကို သူ သိလေသည်။ လူငယ်က ဝတ်ပြုကျောင်းတွင် တွေ့ခဲ့ရသော ရွေးချယ်ခံများထဲမှ တစ်ယောက်၊ သူ့ကို ဝိုင်းတိုက်ခိုက်ခဲ့သော ခုနစ်ယောက်ရှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
“မင်းမှာ မန်ဟို့ကို ချုပ်နိုင်တဲ့ အစွမ်းအစရှိလား ကြည့်ကြသေးတာပေါ့” သူက မထီတထီပြုံးရင်း ဆိုသည်။
အဘိုးကြီး ရှေ့တက်လာသည့်အခါ မန်ဟို့အရှေ့ရှိ ကမ္ဘာကြီးမှာ ဆန့်ထွက်သွားပုံရပြီးနောက် ရုတ်ခြည်း နဂိုအတိုင်း ပြန်ကျုံ့သွားသည်။ ပြောင်းလဲမှု ပြီးဆုံးသည်နှင့် အဘိုးကြီးကား မန်ဟို့အရှေ့တည့်တည့်တွင် ရပ်နေလေပြီ။
“သေစမ်း” သူက ညာလက်ကို ဆန့်ထုတ်ရင်း အေးတိအေးစက် ပြောသည်။ နေလုံးကြီးသဖွယ် စူးရှတောက်ပနေသော တစ်စုံတစ်ခုက သူ့လက်ထဲတွင် ပေါ်လာ၏။ အလင်း မန်ဟို့ကို လွှမ်းခြုံစပြုလာစဉ် မန်ဟိုက အရေးမစိုက်သလို နှာမှုတ်လိုက်သည်။ သူသည် နောက်မဆုတ်ရုံတင်မကဘဲ ရှေ့တက်လိုက်ပြီး ထိုသို့တက်လိုက်သည့်အချိန်တွင် သူ့အနောက်ရှိ အရိပ်က သူ၏ဒုတိယကိုယ်အစစ် အသွင်ပြောင်းသွား၏။ ၎င်းက အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်ကာ ခရမ်းရောင်ဝတ်ရုံနှင့် စွန်းဟိုက်ဆီသို့ ဦးတည်သွားလေသည်။
“အဘိုးကြီးကို အရင်သတ် ပြီးမှ အငယ်မှ လက်စသတ်လိုက်” မန်ဟိုက သွေးအေးအေး ပြောသည်။ သူ၏ဓမ္မဆင်းတုသည် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တစ်ပိုင်းဝင်ရောက်နေပြီဖြစ်သော ကျင့်ကြံခြင်းအခြေခံ၏ စွမ်းအင်များဖြင့် ခံ့ညားထည်ဝါစွာ ပေါ်လာ၏။ ဓမ္မဆင်းတု၏ လက်နှစ်ဖက်လုံးက မြောက်တက်သွားပြီး အဘိုးကြီးကို ပြန်တိုက်ခိုက်ရန် တွန်းထုတ်လိုက်သည်။
ဝုန်းးးးး
အဘိုးကြီး၏လက်မောင်းနှစ်ဖက်လုံး တုန်ရီသွားသည်။ သူ၏မျက်လုံးများတွင် အသတ်အဖြတ်အရှိန်အဝါအပြည့်ဖြင့် အေးစက်သော အလင်းတစ်စ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် အားနည်းပိန်ချုံးသွားပုံပေါ်သော်လည်း မယုံကြည်နိုင်ဖွယ်စွမ်းအင်တစ်ရပ်က သူ၏ကိုယ်အတွင်းမှ ပြည့်သျှံထွက်လာ၏။ သူက လက်သီးဆုပ်ပြီး မန်ဟို့ထံသို့ ထိုးချလိုက်လေသည်။
ဘေးတွင် မန်ဟို၏ဒုတိယကိုယ်အစစ်မှာ စွန်းဟိုက်နှင့် တိုက်ခိုက်နေပြီဖြစ်သည်။ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး လှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာသည်။
အသက်ဆယ်ရှိုက်စာလေးအတွင်း မန်ဟိုနှင့် အဘိုးကြီးသည် အကွက်ပေါင်းတစ်ရာကျော် ဖလှယ်ခဲ့ပြီးလေပြီ။ ရုတ်တရက်သွေးရောင်ဝဲတစ်ခု မန်ဟို့အောက်တွင် ပေါ်လာပြီး အဘိုးကြီး၏မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေသည်။ ထို့နောက် မန်ဟိုက နောက်ဆုတ်လိုက်ရာ ဝဲသည် ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမဆို စုပ်ယူတော့မည့်အလား အဘိုးကြီးဆီ တဟုန်ထိုး ထွက်သွား၏။
အဘိုးကြီး၏မျက်လုံးများ လင်းခနဲ လက်သွားပြီး သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧကရာဇ်တစ်ပါး၏ ပုံရိပ်ယောင်မှာ အဘိုးကြီး၏အနောက်တွင် ပေါ်လာကာ မန်ဟို့ထံ လက်ကို ဝှေ့ယမ်းလိုက်သည်။
အထင်သေးသောအရိပ်အယောင်က မန်ဟို့မျက်နှာအပေါ်တွင် ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း သူသည် ဧရာမဒဏ္ဍာရီသိမ်းငှက်ကြီးတစ်ကောင်ပုံသဏ္ဌာန် ပြောင်းလိုက်၏။ ရင်သပ်ရှုမောဖွယ်ရာ အမြန်နှုန်းဖြင့် သူကား အဘိုးကြီးကို ဖြတ်ကာ ဒုတိယကိုယ်အစစ်နှင့် စွန်းဟိုက်ဆီ ပျံသန်းသွားလေပြီ။
အဘိုးကြီး မျက်နှာပျက်သွားပြီး ချက်ချင်း မန်ဟို့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
စွန်းဟိုက်မှာ မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး ဟိန်းဟောက်လိုက်သည်။ “ဧကရာဇ်မင်းမြတ် ရပ်တော်မူတဲ့နေရာတိုင်းက ဘုရင့်ပိုင်နက်” သူသည် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီး သွေးတစ်လုပ် ထွေးလိုက်၏။ အဘိုးကြီး၏အနောက်၌ ပေါ်လာခဲ့သော တစ်ယောက်နှင့် ချွတ်စွတ်တူသော ဧကရာဇ်တစ်ပါးက သူ့အနောက်တွင် ပေါ်လာပြီး ရှေ့တစ်လှမ်းလှမ်းလိုက်ရာ တစ်နေရာလုံးအား ချုပ်နှောင်ပိတ်လှောင်လိုက်သည်။
မန်ဟိုက ဘာမှမပြောပေ။ သူသည် ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ကာ သားရဲလက်သည်းလက်တစ်ဖက်အား ထုတ်လိုက်၏။ ၎င်း၏အလုပ်လုပ်ပုံနှင့်ပတ်သက်၍ သိထားသော အသိအမြင်ကို သုံးရင်း သူက ၎င်းကို ရှေ့သို့ ကုတ်ချလိုက်စေသည်။
မိုးနှင့်မြေ မှောင်မိုက်လာပြီး ကြောင်တစ်ကောင်၏ စူးစူးဝါးဝါး အော်သံက လေတွင် နေရာယူသွားသည်။ ပုံရိပ်ယောင်ကြောင်နက်တစ်ကောင် ထွက်လာကာ ပတ်ဝန်းကျင်ကို အဝင်အထွက်ပိတ်ပင်လိုက်သော အချုပ်အနှောင်စွမ်းအားကို ကုတ်ခြစ်လိုက်သည်။ အချုပ်အနှောင်စွမ်းအားမှာ ဝုန်းခနဲ တစစီ ကြေမွသွားတော့သည်။
ထိုအခိုက်အတန့်တွင် သိမ်းငှက်ပုံသဏ္ဌာန် မန်ဟိုက မျက်လုံးများ ကျဉ်းမြောင်းသွားသော စွန်းဟိုက်၏အရှေ့သို့ လျှပ်စီးလို ရွေ့လျားလာခဲ့သည်။ စွန်းဟိုက်နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟိုက အနားရောက်လာပြီး သူ့အား လက်သည်းနှင့် ကုတ်ချလိုက်ပြီး နှစ်ယောက်သား စတိုက်ကြတော့သည်။
နဝမတောင်သည် အဘိုးကြီး၏ တိုက်ကွက်တစ်ကွက်ကို ခုခံရင်း မန်ဟို့ဘေးတွင် ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက ကြယ်ခူးသိုင်းကို ထုတ်ဖော်လိုက်သည်။ စွန်းဟိုက်ကို ဖမ်းဆွဲလိုက်သော ဧရာမလက်ကြီးတစ်ဖက်ပေါ်လာသည်။ စွန်းဟိုက်ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အားအင်ပြည့်နှင့် ရုန်းသော်လည်း မန်ဟိုက သူ့အနား ချဉ်းကပ်လာကာ သူ၏ရင်ဘတ်ကို ဖိချလိုက်၏။ သွေးမိစ္ဆာမဟာမှော်သိုင်း ဖြစ်ပေါ်လာသဖြင့် ခန္ဓာကိုယ် ခြောက်သွေ့လာရာ စွန်းဟိုက်မှာ အော်ဟစ်နေရတော့သည်။ ထို့နောက် မန်ဟိုက သူ့ကို မြန်မြန်ဆန်ဆန် ချုပ်ပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်၏။
သူ လှည့်လာသည့်အခါ အဘိုးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်စိရှေ့မှာတင် မန်ဟိုက သခင်လေးစွန်းဟိုက်ကို ဖမ်းသွားလေရာ သူ၏မျက်လုံးများ နီရဲသွားပြီး အကြီးအကျယ် ဒေါသထွက်သွားတော့၏။
“အော်နေလို့ ဘာမှထူးမလာဘူး” မန်ဟိုက ညစ်ကျယ်ကျယ် ရယ်ရင်း ပြောသည်။ “မင်းက ငါ့ကို ချုပ်ဖို့ အရည်အချင်းမပြည့်မှီတာတောင် ငါ့လာရန်စသေးတယ်လေ။ မင်း သေမင်းကို မင်းလာသာမင်း လက်ယပ်ခေါ်လိုက်တာ” မန်ဟို လှစ်ခနဲ နောက်ဆုတ်သွားစဉ် အဘိုးကြီးက ရှူးရှူးရှားရှား ဒေါကန်ရင်း မန်ဟို့ဆီ ပြေးဝင်လာသည်။ သူ့အနောက်ရှိ ဧကရာဇ်ပုံရိပ်က အံ့ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ မန်ဟို့အား မျက်နှာ ရိပ်ခနဲ ဖြစ်သွားစေသည်။ ဤအဘိုးကြီးသည် တာအိုစောင့်ရှောက်သူတစ်ဦးဖြစ်၍ ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားသည့်တိုင် လက်ဖျားခါလောက်အောင် အစွမ်းထက်သေးလေသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီး မျက်လုံးများ တလက်လက် တောက်ပနေ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို ဝမ်မူကား မန်ဟို့အနောက်ရှိ တောအုပ်ထဲမှ ဝုန်းဒိုင်းကြဲ ထွက်လာခဲ့သည်။ သူသည် တိုက်ပွဲမှ ဖြာထွက်လာသော လှိုင်းများကို အာရုံရထားပြီးဖြစ်၏။ သူ ပေါ်လာလျှင်ချင်း သူ့အမြင်အာရုံမှာ ရုတ်ခြည်း လှိုင်းထပုံပျက်သွားပြီး လျှပ်စီးများ သူ့ပတ်ပတ်လည်တွင် ဝင်းခနဲ လက်သွားသည်။ နောက်အသက်တစ်ရှိုက်တွင် သူနှင့်မန်ဟိုမှာ နေရာလဲသွားခဲ့လေပြီ။
“ကျေးဇူးအများကြီးတင်ပါတယ် ညီလေးဝမ်” မန်ဟိုက ရယ်သည်။ သူသည် ချက်ချင်း တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ သူ၏ဒုတိယကိုယ်အစစ်လည်း အရိပ်အသွင်ပြောင်းပြီးနောက် ပျောက်ကွယ်သွားသည်။
ဝမ်မူနှင့် ဒေါသူပုန်ထနေသော အဘိုးကြီးမှာ တစ်ယောက်ကို တစ်ယောက် အုန်းခနဲ ဝင်တိုက်မိသွားလေသည်။ ထို့နောက် သူတို့သည် မန်ဟို ပျောက်ကွယ်သွားခဲ့သောဘက်သို့ လှည့်ကြည့်ရင်း အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်သွား၏။ စကားတစ်ခွန်းမှမဆိုဘဲ နှစ်ယောက်လုံး မန်ဟို့နောက် လိုက်သွားကြလေပြီ။
မန်ဟိုမှာ တစ်ယောက်တည်း စိတ်တိုတိုနှင့် ငြီးတွားနေပြီးနောက် အံကြိတ်ကာ ရှေ့ဆက်သွားလိုက်သည်။
နှစ်နာရီကား လျှပ်တပြက် ကုန်ဆုံးသွား၏။ မန်ဟို့တွင် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းအပြင် မိုးကြိုးဒယ်အိုးကိုလည်း ပိုင်ဆိုင်ထားလေသည်။ သူက တောအုပ်ထဲ ဖျတ်ခနဲ ဖျတ်ခနဲ သွားနေစဉ် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ တောအုပ်ဝန်းကျင်သည် သိပ်မသေးငယ်သည့်အပြင် နောက်မှလိုက်ဖမ်းခံနေရသော်လည်း သူ့အတွက် သစ်ပင်များအကြား လွတ်လွတ်လပ်လပ် သွားဖို့ အတော်လေး လွယ်ကူ၏။
တခဏကြာသော် သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သရဖူဆောင်းထားသော စွန်းဟိုက်ပေါ်လာသည်။
“ငါက အင်မော်တယ်ဧကရာဇ်ဘုရားကျောင်း.... “
ဖြောင်း
မန်ဟိုက သူ့ပါးကို ရိုက်ချလိုက်သည်။
စွန်းဟိုက်၏မျက်လုံးများ နီရဲသွားပြီး ဟောဟဲဟောဟဲ အသက်ရှူရင်း မန်ဟို့ကို စိုက်ကြည့်သည်။ သို့သော် သူက ဘာမှဆက်မပြောပေ။ မန်ဟိုက သူ့ကို အဖက်မလုပ်ဘဲ သူ၏သိုလှောင်အိတ်ကို ရှာပြီး စွန်းဟိုက်ကို ထိုင်ခိုင်းလိုက်သည်။ အဆုံးသတ်တွင် မန်ဟို့မျက်လုံးများ ပြူးကျယ်သွား၏။
“မင်းမှာ ဘာတစ်ခုမှ မရှိဘူးလား” သူက ဒေါသတကြီး ပြောသည်။ “ဒီကိုလာတဲ့လမ်းမှာ ဘာဖြစ်ခဲ့တာတုန်း၊ ဓားပြတိုက်ခံခဲ့ရတာလား ဘာလားဟ” သူ့မှာ သူ့ထက် မွဲနေသော လူကို ဖမ်းပြီး အရူးဖြစ်သွားသလို ခံစားလိုက်ရသည်။
စွန်းဟိုက်၏ သိုလှောင်အိတ်တွင် ဘာဆိုဘာမှ အမှန်တကယ် ရှိမနေပေ....
စွန်းဟိုက်မှာ စိတ်ရှိတိုင်း အော်ဟစ်ပစ်လိုက်ချင်နေသည်။ သူသည် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ ရွေးချယ်ခံတစ်ဦးအနေဖြင့် များစွာသော မှော်ပစ္စည်းများသာမက အလွန်ရှားပါသောပစ္စည်းများဖြင့်ပင် တောင်ကောင်းကင်သို့ လာရောက်ခဲ့၏။ အမှန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံအမျိုးအစားကြောင့် နတ်ဘုရားစွမ်းရည်များကို အမြင့်ဆုံးအဆင့်အထိ တွန်းပို့ပေးနိုင်သော မှော်လက်နက်တစ်ချို့လည်း ရှိခဲ့သည်။ သို့သော် .... မန်ဟိုနှင့် မတွေ့ခင် သူ့မှာ အလွန်ရှက်စရာကောင်းသောပုံစံနှင့် ဓားပြတိုက်ခံခဲ့ရလေသည်။
ယင်းက မန်ဟို့ကို သူ့အား အလွယ်တကူ ဖမ်းနိုင်သွားစေသော အကြောင်းအရင်းတစ်ခုဖြစ်သည်။
“မင်းတို့ တောင်ကောင်းကင်ဂြိုဟ်က လူတွေအကုန်လုံး ဓားပြတွေလားကွာ” စွန်းဟိုက်မှာ နှလုံးသွေးတို့ ယိုစီးလျက် အံကြိတ်ထားသည့်ကြားမှ ပြောလိုက်သည်။
မန်ဟိုမှာ အံ့ဩသွားသည်။ မေးခွန်းလေးတစ်ခုသာ မေးရုံရှိသေး၊ စွန်းဟိုက်ကား အမှန်ဖွင့်ပြောလိုက်လေပြီ။ မန်ဟိုသည် တွေးကြည့်သောအခါ တောင်ကောင်းကင်တွင် သူ့စီးပွားရေးအား တုတ်နှင့်ထိုးဖို့ ကြိုးစားခဲ့သူတစ်ယောက်တစ်လေကိုမှ မမှတ်မိပေ။ သို့သော် ယခုတော့ အပြိုင်အဆိုင် ပေါ်လာခဲ့ပြီဖြစ်၍ သတိထားဖို့လိုကြောင်း သူ သဘောပေါက်လိုက်သည်။
“ကဲ ဘယ်လိုပဲဖြစ်ဖြစ်” မန်ဟိုက သက်ပြင်းဖွဖွချရင်း ပြောသည်။ “ငါ ကံဆိုးတယ်ပဲ ထားပါတော့။ အခု ရေးစမ်း စာချုပ်”
“မ...မ…မင်း ... မရေးဘူးကွာ။ ငါ စာချုပ်မရေးနိုင်ဘူး”
“မင်းက ငါ့ကို ဘာမှော်ပစ္စည်းမှာလည်း မပေးဘူး၊ စာချုပ်လည်း မရေးဘူးပေါ့။ ဆန်ကုန်မြေလေး ချီးထုပ်ကောင်။ အဖေနဲ့အမေ့အတွက် ပြဿနာဖြစ်မှာစိုးလို့နော်၊ မဟုတ်လို့ကတော့ မင်း သေပြီ” မန်ဟိုသည် စိန်းစိန်းဝါးဝါး ကြည့်ရင်း စွန်းဟိုက်၏ဆံပင်ကို လှမ်းဆွဲပြီးနောက် ပါးစပ်ကို ချိတ်ပိတ်ကာ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက သင်ယူခဲ့ရသော အသေးစားမှော်မန္တန်တစ်ခုအား သူ့အပေါ် မန်းမှုတ်လိုက်သည်။ ထို့နောက် စွန်းဟိုက်ကို ဆံပင်မှ တရွတ်တိုက်ဆွဲရင်း တဟုန်ထိုး ထွက်သွား၏။
စွန်းဟိုက်ခမျာ တဆတ်ဆတ် တုန်နေလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ပါးစပ်မှာ ချိတ်ပိတ်ခံထားရသည်။ မန်ဟို စောစောက သူ့အပေါ် မန်းမှုတ်ခဲ့သော မှော်ပညာရပ်တစ်ခုခုက သူ၏နာကျင်မှုအား အဆများစွာ ဆတ်ဆတ်ထိမခံနိုင်ဖြစ်သွားစေသည့်အတွက် မြေကြီးပေါ်မှ တရွတ်တိုက် ဆွဲသွားခံရခြင်းက ဓားချွန်ချွန်များဖြင့် မွှန်းရင်း အနာကို အက်စစ်လောင်း၊ ဆားသိပ်နေသကဲ့သို့ ဖြစ်နေတော့သည် .....
***