လီလင်းအာနှင့် တစ်ပွဲတစ်လမ်း
Vol. 59 Ch. 821
စွန်းဟိုက်မှာ ဆံပင်မှဆွဲ၍ တရွတ်တိုက် ဆွဲခေါ်ခံနေရစဉ် နာကျင်မှုကြောင့် အကြိမ်ပေါင်းများစွာ သတ်လစ်သွားတတ်၏။ ဤခံစားချက်မှာ သူ့တစ်ဘဝလုံးတွင် တစ်ခါမှ မကြုံတွေ့ဖူးသော ခံစားချက်မျိုး ဖြစ်လေသည်။
သူ့မှာ အော်၍သာ ရလျှင် သေချာပေါက် ခါးခါးသီးသီး အော်ဟစ်နေမှာ အသေအချာပင်
မန်ဟိုက သူ့ကို ကြည့်ပင်မကြည့်။ သူ၏ဆံပင်ကို မလွှတ်တမ်း ဆုပ်ကိုင်ပြီး ကြမ်းသောလမ်းကိုမှ တမင်ရွေးကာ ဆွဲခေါ်သွားနေသည်။ စွန်းဟိုက်မှာ ဆားတို့ခံရသော တီကောင်သဖွယ် သူ့အနောက် မြေကြီးပေါ်တွင် လူးလွန့်လိုက်ပါလာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
မကြာမီ မှောင်ရီပျိုးလာ၏။ မိုးစုန်းစုန်း ချုပ်သွားသောအခါ မန်ဟို့ခေါင်းအထက်ရှိ ကြေးမီးအိမ်မှာ ရုတ်တရက် တုန်ခါသွားသည်။ မန်ဟိုသည် ခန္ဓာကိုယ်ထဲရှိ သွေးများအား မီးအိမ်မှ စုပ်ယူနေကြောင်း အာရုံရလိုက်သဖြင့် သွားနေရာမှ ရပ်လိုက်သည်။ မီးတောက်က တရှဲရှဲ မြည်ရင်း ထတောက်လာသောအခါ မန်ဟို့မျက်နှာမှာ ဖြူဆုပ်နေလေပြီ။
မီးတောက်သည် မှိန်သော်လည်း မရေမတွက်နိုင်သော အရိပ်များအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ထား၏။ အဝေးရှိ ဘယ်သူမှ ၎င်းကို မြင်ရမည်မဟုတ်သော်လည်း အနီးနားရှိ ဘယ်သူမဆို သေချာပေါက် သတိထားမိလိမ့်မည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားသော်လည်း အလင်းဖြာထွက်မသွားအောင် တတ်နိုင်သမျှ ဟန့်တားကြည့်ပြီး မအောင်မြင်သော် သက်ပြင်းဖွဖွချပြီး မျက်လုံးများ တလက်လက် တောက်ပနေလျက် ရှေ့ဆက်လျှောက်သွားလေသည်။ သူသည် တောင်တန်းထဲမှ ထွက်သွားမည့်အစား မြန်နိုင်သမျှ မြန်မြန်သွားရင်း အနက်ပိုင်းထဲသို့ ဝင်ရောက်သွား၏။
ဤနေရာတွင် တားမြစ်မန္တန်များ ပိုများပြားလေသည်....
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လေတိုက်နေသော်လည်း ၎င်းက မည်သည့်အသံမှမပြုဘဲ သူ၏မျက်နှာကို ကျီစယ်သွားလေသည်။ နာရီပေါင်းများစွာ ဆွဲခေါ်ခံလာရသဖြင့် နာကျင်မှုက စွန်းဟိုက်အား သေလုမျောပါး ဖြစ်နေစေတော့သည်။ ညသန်းခေါင်တွင် မန်ဟိုသည် တရွေ့ရွေ့ လျှောက်လာစဉ် တုံ့ခနဲ ရပ်လိုက်၏။ သေစေနိုင်သောအန္တရာယ်အာရုံ ပေါက်ဖွားလာ၍ လှည့်ကြည့်လိုက်ရာ သစ်ပင်ကြားထဲမှ ချဉ်းကပ်လာနေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
သူမသည် လက်ဖျားခါလောက်အောင် လှပပြီး အမှောင်ထုထဲမှ လမ်းလျှောက်ထွက်လာစဉ် အင်မော်တယ်ဗိမာန်တစ်ခုမှ သက်ဆင်းလာနေသယောင်ပင်။ သူမက ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် မိုးမခသစ်ရွက်တစ်ရွက်ပုံသဏ္ဌာန်အမှတ် ရှိသည်။ တစ်လောကလုံးတွင် သူမတစ်ယောက်တည်းသာ ကြည့်ဖို့ ထိုက်တန်ပြီး သူမအလှတရားနှင့် နှိုင်းယှဉ်လျှင် အရာအားလုံးမှာ မှေးမှိန်သွားသည့်အလား ထင်ရ၏။
“ငါ့ကို ရှေးအင်မော်တယ်တာအိုဆရာများတံဆိပ်ပြားပေး” သူမက တည်ငြိမ်စွာ ပြောသည်။ ဤသည်မှာ မြောက်ကျုပင်ဂြိုဟ်မှ လီလင်းအာအပြင်တစ်ခြားမဟုတ်ပေ။ မန်ဟို့ကို လှမ်းကြည့်နေသော သူမ၏မျက်ဝန်းများတွင် ကြယ်စင်တာရာများဖြင့် ပြည့်နှက်နေဟန်တူ၏။
သူမ လမ်းလျှောက်လာစဉ် သူမ၏အရှိန်အဝါက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သက်ဝင်လာစေသည့်အလား မြက်ပင်များသည် နူးညံ့ညင်သာစွာ ယိမ်းနွဲ့နေပြီး ရှည်ထွက်လာကာ ပန်းပွင့်များလည်း ဖူးပွင့်လာသည်။
“ဖန်းတုံးအာ ရှိနေတုန်းက သတိမထားမိခဲ့ပေမယ့် မင်းက တကယ့်ကို တော်တော်လှသားပဲ” မန်ဟိုက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ပြောသည်။ လီလင်းအာသည် စောစောက သူ့ကို ဝိုင်းတိုက်ခဲ့သောလူများအနက်မှ တစ်ယောက်ဖြစ်ပြီး သူမနှင့် တခဏလေး တိုက်ကွယ်ဖလှယ်ခဲ့သည့်အတောအတွင်း သူမသည် သာမန်လူမဟုတ်ကြောင်း သူပြောနိုင်၏။
သူမအရှိန်အဝါနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ကြောက်စရာကောင်းလောက်အောင် နက်နဲနေသော်လည်း မန်ဟို့စိတ်ကို ဆွဲဆောင်လိုက်သည့် တစ်ခုတည်းသော အရာမှာတော့ ... သူမနဖူးအပေါ်က မိုးမခအမှတ်ပင်။
သို့သော်လည်း သူ၏မျက်လုံးများကို ဘလိတ်ဓားသဖွယ် စူးရှသွားစေသည့်အရာကား .... သူမဘေး၌ ရပ်နေသော တာအိုစောင့်ရှောက်သူများမရှိခြင်း ဖြစ်သည်။
ပရဝုဏ်၏အပြင်မှာတုန်းက သူမနောက်မှ တာအိုစောင့်ရှောက်သူများ လိုက်နေခဲ့ကြောင်း သူ ရှင်းရှင်းလင်လင်း မှတ်မိသည်။ ယခု သူမနှင့်အတူ တစ်ယောက်မှ မလိုက်ပါလာခြင်းက သူမသည် မိမိကိုယ်ကို အလွန်တရာ ယုံကြည်ချက်ရှိကြောင်း ညွှန်ပြနေသည်။ ထိုကဲ့သို့ ယုံကြည်ချက်မျိုး ပိုင်ဆိုင်ထားသော ရွေးချယ်ခံအနည်းငယ်သာ ရှိ၏။
ကျောက်ရီဖန်း၊ ကျီယင်၊ ဖန်းတုံးအာ၊ ယခု လီလင်းအာ။
လီလင်းအာသည် မန်ဟို့စကားလုံးများကို နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား မျက်နှာတစ်ချက်ပျက်ခြင်း မရှိပေ။ သူမသည် သူမအနောက်၌ ရင်သပ်ရှုမောဖွယ် ဧရာမသစ်ပင်ကြီးတစ်ပင်ကို ပေါ်ပေါက်လာစေသော စွမ်းအင်များဖြင့် တဟုန်းဟုန်းတောက်လျက် လမ်းဆက်လျှောက်လာသည်။
ဧရာမသစ်ပင်ကြီးသည် ညှိုးနွမ်းခြောက်ကပ်နေပြီး ရေနဂါးတစ်ကောင်နှင့်တူသော နွယ်တစ်နွယ်က ၎င်းကို ရစ်ပတ်နေသည်။ သစ်ပင်မှာ မည်းနက်နေသော်လည်း ၎င်း၏သစ်ရွက်များက မြစိမ်းရောင်ဖြစ်သည်။
“ပေးမလား၊ မပေးဘူးလား” သူမက မေးသည်။ သူမ၏အမူအရာသည် တည်ငြိမ်နေပုံပေါ်သော်လည်း မန်ဟို့ကို စိုက်ကြည့်နေသောမျက်ဝန်းများတွင် မောက်မာတင်စီးသော မာနက အတိုင်းသား ပေါ်လွင်နေသည်။
မန်ဟိုက သက်ပြင်းချပြီးနောက် ပြောသည်။ “ပေးချင်ပေမယ့်... ငါက လက်ထပ်ပြီးသားဖြစ်နေတယ်”
သူ၏စကားလုံးများက လီလင်းအာကို က္ကန္ဒြေမဆည်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ မန်ဟို့အဖြေက သူမ၏တကယ့်မေးခွန်းနှင့် ဘာဆိုဘာမှ မအပ်စပ်ပေ။
သူမ ပါးစပ်အဟောင်းသား ဖြစ်နေသည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများက တလက်လက် တောက်ပလာသည်။ သူ၏ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာပြီး သူက လက်သီးဆုပ်ရင်း လှစ်ခနဲ ရှေ့တက်ကာ လီလင်းအားဆီသို့ ပစ်သွင်းလိုက်သည်။
စွန်းဟိုက်မှာ ဘေးသို့ လွှင့်ပစ်ခံထားရပြီးဖြစ်သည်။ သူ့မှာ တုပ်နှောင်ခံထားရသဖြင့် မန်ဟိုနှင့် လီလင်းအာ စတိုက်တော့မည်ကိုသာ မျှော်လင့်တကြီး စောင့်စားနေနိုင်သည်။
“နင်တို့ ရှေးတောင်ကောင်းကင်ကျင့်ကြံသူတွေက ယှဉ်စရာကိုမလိုတဲ့ ပိုးမွှားတွေပဲ” သူမက အေးတိအေးစက် ပြောသည်။ သူမအနောက်ရှိ သစ်ပင်ကြီးအပေါ်က နွယ်သည် တောက်ပစပြုလာပြီးနောက် မရေမတွက်နိုင်သော အကိုင်းအခက်များက မန်ဟို့၏ ဓမ္မဆင်းတုကို ဖြောင်းခနဲ ရိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် မန်ဟို့လက်သီးမှာ သစ်ရွက်ကြီးတစ်ရွက်၏ တားဆီးခြင်းခံလိုက်ရသည်။
သို့သော် လီလင်းအာမျက်နှာအမူအရာပင် မပြောင်းလဲနိုင်ခင် မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် ဘယ်လက်ကို မြှောက်လိုက်သည်။ မိုးကြိုးဒယ်အိုးပေါ်လာသည်။ လျှပ်စီးများ ဖျစ်ဖျစ်ဖြောက်ဖြောက် ကခုန်နေစဉ် လီလင်းအာ၏မျက်နှာအပေါ်၌ အထင်သေးသောအပြုံးတစ်စ ဖြစ်ထွန်းလာသည်။
“နင် ပြေးမလွတ်ဘူး” သူမက ပြောသည်။ စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည့်အခါ မရေမတွက်နိုင်သော အကိုင်းအခက်များသည် စွန်းဟိုက်၏ပတ်ပတ်လည်တွင် ပေါ်လာကာ သူ့ကို ချုပ်လိုက်၏။
“ငါက ပြေးဖို့ ကြံနေတာမဟုတ်ဘူး” သူက တစ်ပြိုင်တည်းဆိုသလို ပြောလိုက်သည်။ လျှပ်စီး ဝင်းခနဲ လက်သွားပြီး မန်ဟိုနှင့် လီလင်းအာ နေရာချင်းလဲသွားသည်။
မန်ဟိုသည် ထွက်ပြေးဖို့ စဉ်းစားနေခဲ့ခြင်းမဟုတ်ဘဲ စွန်းဟိုက်အစား လီလင်းအာနှင့် နေရာချင်းလဲလိုက်၏။
လီလင်းအာမှာ အံ့ဩသွားပြီး သူမ မတုံ့ပြန်နိုင်ခင် ဂျိန်းခနဲ ထစ်ချုန်းသွားပြန်သည်။ မျက်နှာတစ်မှိတ်အတွင်း သူမနှင့် မန်ဟိုကား ခုနစ်ကြိမ်၊ ရှစ်ကြိမ်ကျော် နေရာလဲပြီးလေပြီ။
နေရာလဲနေခြင်း၏ လျင်မြန်သောကြိမ်နှုန်းက လီလင်းအာအတွက် ခံနိုင်ရည်မရှိသော အရာဖြစ်သည်။ တစ်ကြိမ်က အဆင်ပြေသည်။ နှစ်ကြိမ်လည်း ခံနိုင်သည်။ သို့သော် တတိယအကြိမ်ပြီးနောက်တွင်တော့ ဟိုဟိုသည်သည် နေရာလဲခံနေရခြင်းက သူမကို တစစီ စုတ်ပြတ်တော့မည့်အလား ခံစားရစေသည်။
ကံကောင်းထောက်မစွာနှင့် မန်ဟို့တွင် မယုံနိုင်လောက်အောင် မာကြောသော အပြင်အားကိုယ်ကို ပိုင်ဆိုင်ထား၏။ မဟုတ်လျှင် သူလည်း ခံနိုင်ရည်ရှိမည်မဟုတ်။
လီလင်းအာကို ပို၍မျက်နှာပျက်သွားစေသည်မှာ ဟိုဟိုသည်သည် နေရာရွှေ့ပြောင်းနေသည့်အချိန်မှာပင် မန်ဟိုက တိုက်ကွက်များ ထုတ်လွှတ်နိုင်သေး၍ပင်။ သူသည် နတ်ဘုရားစွမ်းရည်များကို ပုံမှန်အတိုင်း သုံးနိုင်သော်လည်း လီလင်းအာ၏တိုက်ကွက်များမှာမူ နှောင့်ယှက်ခံနေရသည်။
ဝုန်းးးးး
မျက်စိတစ်မှိတ်အတွင်း လီလင်းအာ၏မျက်လုံးများ စူးရှတောက်ပလာသည်။ နွယ်တစ်နွယ်က ရေနဂါးတစ်ကောင်အသွင်ပြောင်းကာ သူမနှင့်မန်ဟို့အကြား ကူးသန်းသွားကာ လေထုကို စုတ်ဖြဲပစ်ရင်း သူတို့နှစ်ယောက်အား တွန်းထုတ်ပစ်လိုက်သည်။
“ရွံစရာအကောင်” သူမက ပြောသည်။ သို့သော် သူမ စကားပြောလိုက်သည့်အချိန်မှာပင် လျှပ်စီးများက မန်ဟို့ပတ်ပတ်လည်တွင် တဝင်းဝင်း လက်လာရာ သူမအား မျက်နှာပျက်သွားစေသည်။
သို့သော် မန်ဟိုက နေရာမလဲပေ။ သူမကို ခြောက်ဖို့ လျှပ်စီးများအား သုံးနေခြင်းသာ ဖြစ်သည်။ သူက သူ၏ဓမ္မဆင်းတုနှင့်အတူ လက်သီးထိုးချလိုက်ပြန်သည်။ တစ်ပြိုင်တည်းမှာပင် သူ၏ဒုတိယကိုယ်အစစ်က ပေါ်လာခဲ့ပြီး လီလင်းအာကို ဖမ်းချုပ်ဖို့ ကူညီပေးတော့မည့်ဆဲဆဲ အံ့ဩဖွယ်ကောင်းစွာနှင့် လီလင်းအာ၏ ဓမ္မကိုယ်ပွားက လေထဲမှ ထွက်လာသည်။
ဓမ္မကိုယ်ပွားသည် မန်ဟို၏ဒုတိယကိုယ်အစစ်နှင့် ချက်ချင်း စတင်တိုက်ခိုက်တော့၏။
ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေပြီး မန်ဟိုက ဒဏ္ဍာရီသိမ်းငှက်ကြီးအသွင်ပြောင်းကာ ဟိန်းဟောက်ရင်း လျှပ်စီးလို လျင်မြန်စွာ ပျံသန်းလာသည်။ လီလင်းအာမှာ ဒဏ်ရာရထားပြီးဖြစ်၍ ယခုတွင် နည်းနည်းချင်းစီ တွန်းထုတ်ခံနေရလေပြီ။ မန်ဟိုမှာ အညှာအတာ ကင်းမဲ့ပြီး သူ၏တိုက်ကွက်များက မိုးခြိမ်းသံများ၊ လျှပ်စီးလက်သံများကို လှုံ့ဆော်နေသည်။ သူ့ကို ဝန်းရံလျက်ရှိသည့် အနိုင်ယူ၍မရနိုင်သော အရှိန်အဝါက လီလင်းအာအား ဖိအားကို ခံစားရစေသည်။
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူတို့သည် သူတစ်ပြန်၊ ကိုယ်ပြန် အသေအကြေ တိုက်ခိုက်နေကြ၏။ သွေးမိစ္ဆာမဟာမှော်သိုင်း ထပ်ပေါ်လာသည်။ တုံ့ပြန်သည့်အနေဖြင့် လီလင်းအာက သူမခေါင်းပေါ်တွင် လက်နှစ်ဖက်ကို အတူတကွ ဆုပ်လိုက်ကာ သူမတစ်ကိုယ်လုံးအား မြစိမ်းရောင်တောက်လာစေသည်။ ထို့နောက် အလင်းရောင်က သွေးမိစ္ဆာမဟာမှော်သိုင်းကို တန်ပြန်တိုက်ခိုက်လိုက်သော မှော်ပုလင်းပုံသဏ္ဌာန်ပြောင်းသွား၏။
မန်ဟိုက သိမ်းငှက်တစ်ကောင်အသွင်မှ သွေးမိစ္ဆာခေါင်းကြီးအသွင်ပြောင်း၍ မှော်ပုလင်းကို ဝင်တိုက်ကာ ၎င်းအား ပေါက်ကွဲသွားစေသည်။ တစ်ချိန်တည်းမှာပင် လီလင်းအာက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နွယ်တစ်နွယ်၏ပုံရိပ်ကို ရုပ်လုံးပေါ်လာစေပြီးနောက် မန်ဟို့ကို ရွှမ်းခနဲ ရိုက်ချလိုက်စေသည်။
သွေးမိစ္ဆာခေါင်းကြီးမှာ ကြေမွသွားလေသဖြင့် မန်ဟို့ပါးစပ်မှာ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူက နည်းနည်းလေးမှ နောက်မဆုတ်ပေ။ ထိုအစား ပြင်းထန်သော စွမ်းအင်တို့ ပြည့်နှက်နေသည့် အပြင်အားကိုယ်ဖြင့် ရှေ့တက်၍ လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဧရာမတောင်ကြီးများအား တစ်လုံးပြီးတစ်လုံး ပေါ်လာစေသည်။ ၎င်းတို့က တောင်တန်းကြီးတစ်တန်း ဖြစ်လာရာ လီလင်းအာမှာ ရင်တုန်ပန်းတုန်ဖြင့် နောက်ဆုတ်လိုက်ရတော့သည်။ သူမပြောနိုင်သည့်အရာအရ ယခု မန်ဟိုကား ဖန်းတုံးအာနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကထက် အစွမ်းပိုထက်နေလေသည်။
အမှန်တွင် သူအား စွမ်းအင်များကို စုဆောင်းနေပုံရသည်။
“သူက ဒီထက်ပိုပြီး အနိုင်ယူလို့မရနိုင် ဖြစ်လာနိုင်တယ်” သူမက တွေးသည်။ “သူ့ကို အဲဒီ စွမ်းအင်တွေ စုဆောင်းခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် .... ဒီတိုက်ပွဲကို ငါရှုံးလိမ့်မယ်” သူမသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မျက်လုံးများ တောက်ပနေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ရင်း နောက်ဆုတ်လိုက်၏။
“လောကသစ်ပင် ပေါက်ကွဲလော့။ သင့်ရဲ့ စိတ်ဝိညာဉ်နဲ့ မိုးကောင်းကင်ကို ပြစ်တင်ကြိမ်းမောင်းလော့။ အကျွန်ုပ်အတွက် ပြောင်းလဲလော့။ ကမ္ဘာမြေအားလုံးကို ထိန်းချုပ်လော့” သူမက စကားပြောရင်း လက်နှစ်ဖက်လုံးကို အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ပေါက်ကွဲသွားသော အသံကဲ့သို့ အသံတစ်သံအား ကြားလိုက်ရသည့်တိုင် တစ်ချိန်တည်းမှာပင် နှလုံးခုန်သံတစ်သံကဲ့သို့လည်း ထင်ရပြန်သည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ဒုတိယအသံတစ်သံ မြည်ဟည်းလာပြီး သုံးသံမြောက်၊ လေးသံမြောက်။ ထိုအခိုက်အတန့်တွင် လီလင်းအာနောက်ရှိ သစ်ပင်ကြီးမှာ ယခုလေးတင် အချိန်များမရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ရသည့်အလား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ အပိုင်းအစများက လီလင်းအာကို ဖြတ်၍ မန်ဟို့ဆီ ပြေးဝင်လာသော မီတာသုံးရာအရှည် သစ်လုံးကြီးတစ်လုံးအသွင်ပြောင်းသွား၏။
သစ်လုံးကြီး ချဉ်းကပ်လာစဉ် ၎င်းတွင် သေခြင်းပါရှိနေသည့်အလား မန်ဟို့မှာ ကြီးမားသောအန္တရာယ်အာရုံကို ခံစားလိုက်ရသည်။ ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် သူက သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်ခဲတစ်ခဲ ထုတ်လိုက်သည်။
၎င်းသည် နေတစ်စင်းနှင့် တူသော ရွှေရောင်ကျောက်ခဲတစ်ခဲဖြစ်ပြီး သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ဖြင့် ၎င်းအား လာနေသော သစ်လုံးကြီးဆီသို့ ပစ်ပေါက်လိုက်၏။ သူက ရှိရှိသမျှ အစွမ်းအလုံးစုံ ဆင့်ခေါ်လိုက်သဖြင့် သူ၏ဓမ္မဆင်းတုကြီးပင်လျှင် မှေးမှိန်သွားလေသည်။ တောင်တန်းတစ်ခုလုံးရှိ လူတိုင်း မြင်ရနိုင်သည်အထိ ပတ်ဝန်းကျင်တစ်ခွင် လင်းထိန်သွားစေသော အလင်းရောင်ဖြာထွက်တောက်ပသွား၏။
အလျှံတညီးညီး တောက်ပနေသော နေတစ်စင်းကဲ့သို့ အရာက သစ်လုံးကြီးကို ဝင်တိုက်လိုက်ရာ မြေငလျင်တို့ လှုပ်ခတ်သွားသည်သာမက ခေါင်းအထက်ရှိ နက္ခတ်တာရာများပင် တုန်ခါသွားလေသည်။ သစ်လုံးမှာ အရည်ပျော်သွားပြီး ကျောက်ခဲ၏အလင်းရောင်လည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ မန်ဟို့ပါးစပ်မှ သွေးများ စီးကျလာပြီး လီလင်းအာမှာ တသိမ့်သိမ့် တုန်ရီသွားလေ၏။ သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး သူမက လုံးလုံးလျားလျား မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် နောက်ဆုတ်သွားလေသည်။
“ထွက်ပြေးချင်တယ်ပေါ့” မန်ဟိုက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ပြောသည်။ “ငါ့အမေမှာ အစေခံမိန်းကလေးမရှိဘူး။ မင်းနဲ့ဆို အဆင်ပြေလောက်တယ်” သူသည် ပြောပြောဆိုဆို လီလင်းအာဆီသို့ လက်ကို ဆန့်ထုတ်လိုက်၏။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ချက်ချင်း ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် လီလင်းအာ မျက်နှာပျက်သွားသည်။ ရုတ်တရက်ဆိုသလို သူမမှာ ကျင့်ကြံခြင်းအခြေခံ မရှိတော့သည့်အလားပင်။ ၎င်းက တခဏသာ ကြာလိုက်သော်လည်း တိုက်ပွဲအတွင်း တခဏလေးက အရာရာကို ပြောင်းလဲသွားစေနိုင်သည်။
သူမမှာ လေလယ်တွင် တုံ့ခနဲ ရပ်သွားခဲ့ပြီး မန်ဟိုက သူမဘေးတွင် ပေါ်လာခဲ့သည်။ သူက သူမကို လှမ်းဆွဲတော့မည့်အချိန် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု သူမမျက်နှာလေးပေါ်တွင် ပေါ်လာ၏။ သူမသည် စောစောက အသုံးပြုခဲ့သော မှော်ပညာရပ်ကို ထပ်မံအသုံးချရန် ပြင်လိုက်သဖြင့် သူမအနောက်ရှိ လေထုမှာ တဖျပ်ဖျပ် လက်သွားလေသည်။
သိုသော် မန်ဟိုက ဘယ်နည်းနှင့်မှ ထိုသို့လုပ်ခွင့်ပေးမည်မဟုတ်။ မိုးကြိုးဒယ်အိုးပေါ်လာပြီး သူတို့နှစ်ယောက် နေရာထပ်လဲသွားပြန်သည်။ ထို့နောက် နောက်တစ်ကြိမ်။ နောက်ဆုံးတော့ အကြိမ်ဒါဇင်များစွာ နေရာလဲခဲ့ပြီးလေပြီ။
မန်ဟိုပင်လျှင် တောင့်ခံရန် ခက်ခဲသဖြင့် အရေပြားတို့ ကွဲအက်စုတ်ပြဲလာသည်။ လီလင်းအာမှာ ပို၍ပင်ဆိုးသေး၏။ သူမမှာ အတွင်းဒဏ်ရာများ ပြင်းပြင်းထန်ထန် ရသွားသဖြင့် သွေးအန်လိုက်ရလေသည်။
သူမက အံတင်းတင်းကြိတ်ရင်း ကျောက်စိမ်းပြားတစ်ပြားကို ချိုးဖျက်လိုက်ကာ လှိုင်းများဖြာထွက်သွားစေသည်။ သိသိသာသာပင် သူမသည် နေရာရွှေ့ပြောင်းတော့မည်ဖြစ်၏။ မန်ဟိုက နှာမှုတ်ပြီးနောက် ညာလက်ကို မြှောက်ရင်း ကြယ်ခူးသိုင်းကို သုံး၍.... ရုတ်တရက် လီလင်းအာ၏ တင်းတင်းရင်းရင်း တင်ပါးလေးကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ပြီး သူ့ဆီ ပြန်ဆွဲခေါ်လိုက်သည်။
လီလင်းအာမှာ တုန်ရီသွားပြီး တစ်ကိုယ်လုံး ကျဉ်တက်သွားသည်။ မန်ဟို့ထံ ဆွဲခေါ်ခံနေရစဉ် သူမတစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွား၏။ မန်ဟိုက သူမ၏ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ပြီးနောက် သူမမှာ သိုလှောင်အိတ်ထဲ ပစ်ထည့်ခံလိုက်ရသဖြင့် အရာအားလုံး အမှောင်ဖုံးသွားလေတော့သည်။
***