← Chapters

အခုကစပြီး ကျွန်တော့်ကို ဟိုက်ကလေးလို့ ခေါ်ပါ

Vol. 59 Ch. 822

အခုကစပြီး ကျွန်တော့်ကို ဟိုက်ကလေးလို့ ခေါ်ပါ

Vol. 59 Ch. 822

ဘေးတွင် စွန်းဟိုက်မှာ မန်ဟို လီလင်းအာအား သိုလှောင်အိတ်ထဲ ကောက်ထည့်လိုက်သည်ကို ကြည့်ရင်း မျက်လုံးကြီးပြူးနေသည်။ စောစောက သူ မြင်ခဲ့ရသော တိုက်ကွက်များက သူ့အား ခေါင်းနပန်းကြီးသွားစေ၏။

“ဒီလူက ဒီရှေးဒေသခံကျင့်ကြံသူတွေထဲက တစ်ယောက်ပဲကို ဘယ်လိုလုပ် ... ဒီလောက်အစွမ်းထက်ရတာလဲ”

ထိုစဉ် အဝေးတစ်နေရာမှာ ဒေါသတကြီး အော်သံတစ်သံ ပျံ့လွင့်လာသည်။ အသံပိုင်ရှင်မှာ ‌နောက်မှလိုက်နေသော လူအုပ်လိုက်ကြီးဖြင့် ဖန်းတုံးအာပင်။

မန်ဟိုက စွန်းဟိုက်ကို သိုလှောင်အိတ်ထဲ ထပ်ထည့်ပြီး လှစ်ခနဲ ‌ပြေးထွက်သွားသည်။ သူ၏ဒုတိယကိုယ်အစစ်က သူ၏အရိပ်အဖြစ် ပြန်ပြောင်းသွားလေပြီ။

မန်ဟို ရှေ့ဆက်သွားနေစဉ် ‌သူ့ခေါင်းအထက်ရှိ မီးအိမ်မှ မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူသည် ပါးစပ်မှ သွေးများကို သုတ်ပြီးနောက် ‌ဆေးလုံးတချို့ ထုတ်စားလိုက်၏။ ပုံရိပ်တစ်ခုတည်းအား မြင်ရသော ‌အနီးနားရှိ တောင်ထိပ်တစ်ခုမှ  ဓားအလင်းတန်းတစ်တန်း ထိုးဆင်းလာသဖြင့် မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။

၎င်းသည် မန်ဟိုနှင့် တောင်ကြားတစ်ကြား ခြားနေသော ကျောက်ရီဖန်းဖြစ်၏။ ဤနေရာတွင် လေပိုင်နက်အား ကန့်သတ်ထားသည့်အတွက် သူ့အနေဖြင့် တန်းတန်းမတ်မတ် ပျံသန်းလာ၍မရပေ။ သို့သော် သူ၏ဓားချီသည် လေကို ပိုင်းဖြတ်နိုင်၍ ၎င်း မန်ဟို့အပေါ် ထိုးဆင်းလာစဉ် ၎င်း၏အံ့ဖွယ်စွမ်းအင်က ဧရာမလှိုင်းများကို အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားစေ၏။

မန်ဟိုက လာနေသော ဓားချီကို မော့ကြည့်ပြီး သူ့အဖေ သင်ပေးခဲ့သော ဓားကွက်ကိုးကွက်ကို ပြန်တွေးကြည့်လိုက်သည်။ လာနေသော ဓားမှာ သူ့အဖေဓားနှင့် နှိုင်းယှဉ်၍မရသော်လည်း ၎င်းအတွင်းရှိ ဓားတာအိုနှင့်ပတ်သက်ပြီး သဲလွန်စတချို့အား မြင်ရနိုင်သေးလေသည်။

သူသည် မျက်လုံးများ ဝင်းလက်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ဘယ်ခြေကို ထုတ်လိုက်၏။ ကိုယ်ကို လေးကိုင်းသဖွယ် ကွေးညွတ်ပြီး စိတ်ထဲတွင် သူ့အဖေ သူ့ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သော အသက်ရှူပုံရှူနည်းအား မြင်ယောင်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် လှိုင်းအထပ်ထပ် ဖြာထွက်လာပြီး မြေကြီးကား ကျုံ့သွားသယောင်ပင်။ မန်ဟိုကိုယ်တိုင်မှာလည်း ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာပုံရသည်။

သူ အသက်ရှူလိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးရှိ စွမ်းအင်အကုန်လုံး သူ့ကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည့်အလားပင်။ သူ့လက်သည် ဓားတစ်လက်အား မကိုင်ထားသော်လည်း ... ဓားချီအစအနများ ပေါ်ပေါက်လာသဖြင့် တဖျောက်ဖျောက် မြည်သံများ ကြားလာရ၏။

မန်ဟိုမှာ တစ်ကိုယ်လုံး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ နောက်အကွက်တွင် ညာခြေကို ရှေ့ထုတ်ရခြင်း ပါဝင်ပြီး ‌လေပြင်းတိုက်သွားစေသည်အထိ လျင်မြန်ရမည်ဖြစ်ကြောင်း သူ သိသည်။ ကံဆိုးစွာနှင့် သူ့မှာ ထိုအကွက်ကို စနစ်တကျ မထုတ်ဖော်နိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် မယုံကြည်နိုင်‌လောက်အောင် များပြားလှသည့် စွမ်းအားများပြည့်သျှံလျက် နောက်ဆုံးတတ်နိုင်သော အတိုင်းအတာသို့ ရောက်နေပြီဖြစ်၏။

ထို့ကြောင့် ဒုတိယအကွက်သို့ မသွားတော့ဘဲ လက်‌မောင်းကို မြှားသဖွယ် ကောင်းကင်သို့ မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအလုံးစုံ ထောင်မတ်သွားပြီး ကိုယ်ထဲရှိ ကြောက်မက်ဖွယ်စွမ်းအင်ကြီးက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။

စောင့်ကြည့်နေသူများ မန်ဟိုရပ်နေသော တောင်ပေါ်တွင် အံ့ဖွယ်ဓားချီတစ်ခုကို မြင်လိုက်စဉ် ဂျိန်းခနဲ ထစ်ချုန်းသွား၏။ ဓားချီသည် ဦးတည်ရာမရှိသော်လည်း ထွက်ပေါ်လာနိုင်ဆဲဖြစ်ပြီး ကျောက်ရီဖန်းဆီမှ လာနေသော ဓားချီနှင့် မိတ်ဆက်သွားသည်။

တအံ့တဩ ရေရွတ်သံများ တောင်များတစ်လျှောက် ချက်ချင်း ဆူညံ့သွားသည်။

“ဓားတာအို”

“ဘာရယ်။ သူက .... သူက ဓားတာအိုမှာလည်း ကျွမ်းကျင်တယ်ပေါ့”

“ဓားတဲ့လား ဖြောင့်မတ်တဲ့ ‌‌နှလုံးသားပိုင်ရှင်တွေပဲ အဲဒီတာအိုကို ကျင့်ကြံနိုင်တာ။ ဒီလူက ရှက်ကြောမပါတဲ့ကောင်လေ။ ဘယ်လိုလုပ်ပြီး ဓားတာအိုကို အသုံးပြုနိုင်မှာလဲ”

ဓားချီတန်းနှစ်တန်းက တစ်တန်းနှင့်တစ်တန်း ဝုန်းခနဲ ဝင်တိုက်သွားလေသည်။ စူးရှတောက်ပသော အရောင်အဝါက လေလယ်တွင် လင်းခနဲ လက်သွားပြီး တစ်နေရာလုံးအား လင်းထိန်သွားစေသည်။

“မင်းပဲ.... မင်းက ငါ့ဓားအတွက် ဓားသွေးကျောက်”

ကျင်ရှန်းမှာ မနီးမဝေးတွင် ဖြစ်ပြီး ဖြစ်ပျက်နေသောအရာကို မြင်လျှင် သူမ၏နှစ်လိုဖွယ် နှုတ်ခမ်းလေးသည် အံ့ဩမှုကြောင့် ဟဟလေးဖြစ်သွားလေသည်။ သူမသည် မန်ဟို့အကြောင်း သိရသည်နှင့်အမျှ သူ့အား နားလည်ရခက်လာ‌ကြောင်း တွေ့‌လိုက်ရ၏။ အမှန်တွင် သူသည် သူ မမှတ်မိသော မန်ဟိုနှင့် တခြားစီဖြစ်သွားသယောင်ပင်။

“ဘယ်လိုလုပ် ဒီလောက်တောင်... ပြောင်းလဲနိုင်သွားရတာလဲ” သူမမှာ ပင့်သက်ရှိုက်ရင်း တွေးလိုက်မိသည်။ ဤအခိုက်အတန့်တွင် အဝေးမှ ပဲ့တင်ထပ်လာသော ဖန်းတုံးအာ၏ ဒေါသတကြီး အော်သံကို ကြားလိုက်ရ၏။

“မန်ဟို ငါ နင့်ကို သတ်ပစ်မယ်” သူမမှာ စူးစူးဝါးဝါး အော်ဟစ်သောင်းကျန်းရင်း ရူးတော့မည့်ပုံရသည်။ အမျိုးသမီးအလောင်းက သူမ၏အနောက်တွင် အရိပ်သဖွယ် ‌ပျံဝဲနေသည်။ နေ့အချိန်တွင် ၎င်းက သိပ်မဆိုးလှပေ။ ချောက်ချားစရာကောင်းသော်လည်း အနည်းဆုံးတော့ မည်သည့်အသံမှမထွက်....

သို့သော် ညအခါတွင်တော့ ... အလောင်း၏ဆံပင်များက ဟိုဟိုသည်သည် ပျံထွက်လာတတ်ပြီး ၎င်း၏မျက်လုံးကြီးများလည်း ထူးဆန်းစွာ တောက်ပလာတတ်သည်။ ၎င်းသည် တဟင့်ဟင့် ရှိုက်၍ရှိုက်၍ ငိုခြင်းစတင်ပြီး ထိုချောက်ချားဖွယ်ငိုသံများက ဖန်းတုံးအာ၏ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာမည်ဖြစ်သည်။ ဖန်းတုံးအာ တရားထိုင်လျှင် ငိုသံများက သူမကို သတိရတစ်ချက်မရတစ်ချက် အခြေအနေသို့ ရောက်စေတတ်သည်။

နေသူရိန်တောင်အထွတ်အမြတ်မြေ နှင့် စုန့်မျိုးနွယ်စုမှာ မန်ဟို့ကို အထူးသဖြင့် သတ်ချင်နေကြသည်။ သို့သော် သူတို့၏သခင်လေးများမှာ ဓားစာခံအဖြစ် အဖမ်းခံထားပြီး သေလားရှင်လား မသိရသဖြင့် စိတ်ပူနေကြလေသည်။ ထို့ကြောင့် သူတို့မှာ စိုးရိမ်ပူပန်စိတ်အပြင် သတ်ဖြတ်လိုစိတ်တို့ဖြင့် မန်ဟို့နောက် လိုက်နေကြသည်။

ဖန်မျိုးနွယ်ဝင်သုံးယောက်က လိုက်ရှာဖို့ မတူညီသောအရပ်မျက်နှာသုံးခုသို့ လူစုခွဲခဲ့ကြသည်။ ဖန်တုံးဟန်မှာ လျှို့ဝှက်ပြီး လူရှေ့သူရှေ့ ထွက်လာခဲ၏။ တကယ်တမ်း သူ့ကို သတိမထားမိသူ အတော်များလေသည်။ သို့သော် လူမဟုတ်သော ဖန်ဝေကြောင့်သာမဟုတ်လျှင် ဖန်မျိုးနွယ်စု၏ တောက်ပနေသော နေမင်းမှာ ဖန်တုံးဟန်ဖြစ်လာခဲ့မှာ ဖြစ်သည်။

ဖန်ယွင်ရီမှာ မန်ဟို၏ဓားချီနှင့်ပတ်သက်ပြီး ထူးထူးခြားခြား မမြင်ပေ။ ဖန်ရှန်ရှန်းကမူ သူမသည် ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ် အာရုံစိုက်ထား၍ အပြင်လောကကို သိပ်အာရုံမရှိပေ။ ခေါင်းဆောင်ကြီး တောင်းဆိုခဲ့သည့်အတွက်ကြောင့် မဟုတ်ပါက သူမအနေဖြင့် ဤနေရာသို့ လာခဲ့မည်မဟုတ်။ ထို့ကြောင့် သူမသည် မန်ဟို့အား မလိုတမာစိတ်မရှိသလို၊ စေတနာလည်း မရှိပေ။

သို့သော် လောလောဆယ်တွင် ဖန်တုံးဟန်သည် မန်ဟို တောင်တန်းများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေပြီး ချာချာလည်မူးဝေနေ၏။ ထိုဓားကွက်ကို ... သူ မှတ်မိသည်။ ၎င်းက ဖန်မျိုးနွယ်စု၏ ရှေးမှတ်တမ်းများ၌ မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ်တာအိုမှော်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ကောင်းကင်ဖျက်စီးဓား

ဖန်တစ်မျိုးနွယ်လုံးတွင် လူတစ်ယောက်တည်းသာ ကောင်းကင်ဖျက်စီးဓားကို တတ်မြောက်ခဲ့ပြီး ကိုယ်ပိုင်တာအိုကို ထုဆစ်နိုင်ခဲ့သည်။ ထိုလူကား ... ဖန်ရှုံ့ဖုန်း။

“မန်ဟို ... အဲဒီနှစ်တုန်းက ကလေးက တကယ်တမ်းဆိုရင် ငါ့ရဲ့ အစ်ကိုဝမ်းကွဲဖြစ်လာမှာ။ သူက ငါတို့မျိုးဆက်ရဲ့ အကြီးဆုံးမြေး .... နာမည်က ဖန်ဟို

“ဖန်ဟို၊ မန်ဟို ...” ဖန်တုံးဟန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး မျက်လုံးများ တောက်ပလာသည်။

လူတိုင်း စောစောက မန်ဟို့ကို မြင်ခဲ့ရသော တောင်သို့ အပြေးအလွှား ရောက်သွားကြသောအခါ မန်ဟို့အား အရိပ်အယောင်ပင် မမြင်ရတော့ပေ။

သို့သော် လီမျိုးနွယ်စုအတွက် သူတို့၏သန့်စင်သမီးတော် လီလင်းအာ ပျောက်နေသည်ကို သတိထားမိဖို့ ... မကြာလိုက်။

မကြာမီ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ လူများလည်း သူတို့၏ရွေးချယ်ခံ ပျောက်သွားခဲ့ကြောင်း တွေ့လိုက်ရသည်.....

နှစ်ကြိမ်နှစ်ခါ စစ်ဆေးပြီးနောက်တွင် သူတို့သည် လီလင်းအာနှင့် စွန်းဟိုက် အမှန်တကယ် ပျောက်ဆုံးသွားကြောင်း ကောက်ချက်ချလိုက်ကြသည်။ ဤအတွက် ဖြစ်နိုင်သောလူမှာတော့ ... မန်ဟိုအပြင် မရှိချေ။

“ဘုရားရေ၊ ထိုက်ယန်ကျစ်၊ စုန့်လော့တုန်၊ လီလင်းအာနဲ့ စွန်းဟိုက်တို့အကုန်လုံး မန်ဟိုဖမ်းတာ ခံလိုက်ရပြီဟ”

“ဖန်းတုံးအာကိုလည်း မမေ့နဲ့ဦး။ သူက အဖမ်းမခံရပေမယ့် ဖမ်းခံရတာထက်တောင် အခြေအနေဆိုးနေသေးတယ်”

“ဒီကောင်မန်ဟိုကတော့ ...မိုးကောင်းကင်ကို အာခံချင်နေတာပဲ”

ပွစိပွစိပြောသံများက တစ်ညလုံး ဆူညံနေသည်။ မန်ဟို့ကို ရှာနေကြသူ အတော်များလှသော်လည်း တောင်တန်းမှာ ကြီးမားကျယ်ပြောလွန်းလေသည်။ ဂိုဏ်းများနှင့် မျိုးနွယ်စုများမှာ လျှို့ဝှက်စွမ်းအားတချို့အား စိတ်တိုင်းကျ သုံးနေကြသော်လည်း မပျံသန်းနိုင်သည့်အတွက် မန်ဟို့ကို အနည်းဆုံးတော့ လတ်တလော မရှာနိုင်ကြပေ။

လျှို့ဝှက်ဆန်းကြယ်စွာနှင့် လေပိုင်နက်ကန့်သတ်မှုမှာ ရှေးဟောင်းဝတ်ပြုကျောင်း ပျောက်ကွယ်သွားသော်လည်း မလျော့ကျသွားခဲ့သည့်အပြင် တကယ်တမ်း ပို၍ပင်တင်းကြပ်လာပြီး ကျယ်ပြန့်လာသည်။

မကြာမီ အရုဏ်တက်လာသည်။ မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နေသည်။ နာရီအနည်းငယ် အနားယူပြီးနောက် သူသည် အားအင်ပြန်လည်ပြည့်ဝသွား၍ ရှေ့ဆက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် သိုလှောင်အိတ်ကို ပုတ်ကာ လီလင်းအာနှင့် စွန်းဟိုက်ကို ထုတ်လိုက်သည်။

ကျင့်ကြံခြင်းအခြေခံများ ချိတ်ပိတ်ခံထားရသဖြင့် လီလင်းအာမှာ မန်ဟို့ကို မျက်စောင်းထိုး၍သာ ကြည့်နေနိုင်သည်။ သူမဆံပင်များက စုတ်ဖွာနေပြီး သူမက အံတင်းတင်းကြိတ်ထားသည်။ ဤအခိုက်အတန့်တွင် သူမ၌ မောက်မာတင်းစီးသောမာနဟူ၍ မရှိတော့ပေ။

စွန်းဟိုက်မှာ တုန်ရီနေပြီး မန်ဟို သူ့အား ဆံပင်မှ ဆွဲတော့မည်ကို မြင်လျှင် ချက်ချင်း ထငိုသည်။ “စာချုပ်ရေးပါ့မယ်ခင်ဗျာ”

သူ့မှာ မန်ဟို့အား သည့်ထက်ပို၍ ကလန်ကဆန် မလုပ်ရဲတော့ပေ။ သူ၏အဝတ်အစားများမှာ စုတ်ပြတ်သပ်နေပြီး အသားတို့လည်း ပွန်းရာပဲ့ရာ ဗလပွနှင့် ရစရာမရှိပေ။ ထို့နောက် သူသည် မန်ဟိုနှင့် လီလင်းအာ၏တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီး အလျှော့ပေးဖို့ ဆုံးဖြတ်လိုက်၏။

“ဘာလို့ စောစောစီးစီး မပြောတာလဲ” မန်ဟိုက နားရွက်တက်ချိတ်မတတ် ပြုံးရင်း ပြောသည်။ သူသည် စာရွက်တစ်ရွက်နှင့် စာရေးတံတစ်ချောင်းအား အလျင်အမြန် ထုတ်ပြီး စွန်းဟိုက်ကို ကမ်းပေး၏။ စွန်းဟိုက်မှာ သက်ပြင်းချပြီး ပမာဏတစ်ပုံတစ်ခေါင်း ရေးလိုက်လေသည်။ သူက မန်ဟို့ကို ဆူပုပ်ပုပ် ကြည့်ပြီးနောက် ဤဒုက္ခမှ လွတ်လျှင် ဘဝတစ်လျှောက်လုံး မန်ဟို့မျက်နှာအား ဘယ်တော့မှ မေ့တော့မည်မဟုတ်ဟု ကျိန်လိုက်တော့သည်။

စွန်းဟိုက်ကိစ္စပြီးနောက် မန်ဟိုက လီလင်းအာကို လှည့်ကြည့်သည်။ သူမက မန်ဟို့ကို စိတ်ဆိုးမာန်ဆိုး ပြန်မျက်စောင်းထိုးရာ သူ့အား လည်ချောင်းရှင်းလိုက်မိစေသည်။

“ငါ့ကို အဲဒီလိုမကြည့်ပါနဲ့” သူက ပြောသည်။ “ငါက တကယ် လက်ထပ်ပြီးသားဟ။ ပြီးတော့ ငါ့မိန်းမက မင်းထက် အပုံကြီး လှတယ်” သူသည် ထိုသို့ပြောရင်း လီလင်းအာ၏ သိုလှောင်အိတ်ထဲ ကြည့်ပြီး မျက်လုံးများ ချက်ချင်း တောက်ပလာတော့သည်။

“မင်းတို့ ရွေးချယ်ခံတွေက.... ကျိကျိတက် ချမ်းသာလိုက်တာ” သူ့မှာ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးတစ်ပုံတခေါင်းကို ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ ‌ရှားပါးသော ‌ဆေးလုံးများနှင့် ကျောက်စိမ်းသေတ္တာတစ်လုံးလည်း ရှိသည်။

‌ကျောက်စိမ်းသေတ္တာထဲတွင် ရွှေရောင်ရင့်ရင့် ဓားတိုတစ်လက်ရှိပြီး အပေါ်တွင် မှော်အဆောင်စက္ကူတစ်ရွက်အား ကပ်ထားသည်။

၎င်းထုတ်လွှတ်နေသော ဖိအားမှာ စောစောက သူ အသုံးပြုခဲ့သည့် နေကျောက်ခဲနှင့် ယှဉ်နိုင်လေသည်။ ၎င်းသည် သေချာပေါက် အဖိုးထိုက်ရတနာတစ်ပါး ဖြစ်၏။

ဓားကား ကိုင်စွဲဖို့ ကြိုတင်ပြင်ဆင်မှုလိုအပ်သော တစ်စုံတစ်ခု ဖြစ်လေသည်။ တိုက်ပွဲအတောအတွင်းက မန်ဟို၏ မယုံကြည်နိုင်ဖွယ်စွမ်းအားက လီလင်းအာကို ၎င်းအား သုံးဖို့ အချိန်မရတော့သည့်အထိ အခြေအနေဆိုးရွားစေခဲ့လေသည်။

“ငါ ပြောတော့မပြောချင်ပေမယ့်ကွာ ဒီဓားကို ယူဖို့ လိုနေတယ်” သူက လည်ချောင်းရှင်းရင်း ပြောသည်။ လီလင်းအာ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်လာသယောင်ပင်။ မန်ဟိုက သိုလှောင်အိတ်ကို သိမ်းပြီးနောက် သူမဝတ်ရုံထဲ လက်ထည့်ရင်း ရှာလိုက်ရာ ကျောက်စိမ်းပြားတစ်ပြားနှင့် အခြားအံ့ဖွယ်ပစ္စည်းများ ထွက်လာသည်။

ဘေးတွင် စွန်းဟိုက်က မျက်လုံးပြူးကြီးဖြင့် ကြည့်ရင်း  မန်ဟို့ကို မနာလိုဖြစ်နေသည်။

လီလင်းအာ၏မျက်နှာလေးမှာ ရဲတွတ်သွားပြီး သတ်ဖြတ်လိုစိတ်နှင့်‌ ဒေါသတို့မှာ ပို၍ပင် ဟုန်းဟုန်းတောက်လာသည်။ မန်ဟို သူမ၏အံ့ဖွယ်ပစ္စည်းအကုန်လုံးအား ယူလိုက်သည့်အချိန်မှာပင် သူမခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားသွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူမကား ကျင့်ကြံခြင်းအခြေခံအနည်းငယ်အား အသုံးပြု၍ရ‌သေးလေသည်။ သူမသည် ဘေးသို့ စောင်း၍ ကြေးမီးအိမ်ကို လှမ်းယူလိုက်သည်။ ဤအခိုက်အတန့်လေးအတွက်၊ ဤသို့လှုပ်ရှားဖို့လေးအတွက် သူမမှာ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ရသဖြင့် လျှပ်စီးလို လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။ သူမ၏လက် မီးအိမ်နှင့် နီးလာသောအခါ မီးတောက်မှာ ငြိမ်းတော့မည့်အလား မှိန်ကျသွား၏။

“ဘယ်လောက်စိတ်ရှည်တဲ့ အောက်တန်းစားမလေးလဲ” မန်ဟိုက အေးစက်စက် ပြောသည်။ ထို့နောက် ညာလက်ကို မြှောက်၍ သူမတင်ပါးကို ရိုက်ချလိုက်လေသည်။

ဖြန်း ။ လီလင်းအာမှာ အင့်ခနဲ အော်လိုက်ရသည်။ သူမတစ်ကိုယ်လုံး ထုံကျင်သွားပြီး ‌ရှေးဟောင်းကြေးမီးအိမ်ကို မထိနိုင်တော့ဘဲ မြေကြီးပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။ သူမမျက်နှာလေးမှာ ဖြူဆုပ်နေပြီး ချွေးစေးများပင် နဖူးမှ ကျလာသည်။ မန်ဟို့ရိုက်ချက်ကား ... အလွန်ရက်စက်လွန်းလေသည်။ စွန်းဟိုက်နေရာမှာကြည့်လျှင် ... လီလင်းအာ၏ တင်ပါးနှစ်မြွှာမှာ မညီတော့ကြောင်း သိသာ၏....

“မင်းက မလိမ္မာတာကိုး” မန်ဟိုက ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြန်ပြီး စွန်းဟိုက် ပါးစပ်အဟောင်းသား ဖြစ်နေသည့်အချိန်မှာပင် ....

ဖြန်းးး

လီလင်းအာ၏ တင်ပါးနှစ်မြွှာ ပြန်ညီသွားကြောင်း မြင်လိုက်ရသဖြင့် စွန်းဟိုက်မှာ မှင်သက်သွားလေတော့သည်....

လီလင်းအာမှာ နာလွန်းသဖြင့် မျက်ရည်များပင် စီးကျလာပြီး အမြင်အာရုံဝေဝါးနေသည်။ သို့သော် ထိုအဖြစ်လေးက သူမကို မြင်သူတကာ စွဲမက်သွားစေလောက်အောင် ပို၍ပင် လှပသွားစေသည်။ မန်ဟို့ပုံစံမှာ ပြုံးနေသယောင် ထင်ရသော်လည်း တကယ်တော့ သူ၏မျက်လုံးများက တည်ငြိမ်လျက်ရှိ၏။ သူသည် ဘဝ အတွေ့အကြုံများစွာ ရရှိခဲ့ပြီးနောက် ထိုကဲ့သို့အရာများအတွက်နှင့် အလွယ်တကူ ယိမ်းယိုင်သွားတတ်သော လူစားမျိုးမဟုတ်တော့ပေ။

လီလင်းအာကို လှုပ်မရအောင် ချုပ်၍ သိုလှောင်အိတ်ထဲ ပြန်ထည့်ပြီးနောက် သူ့အကြည့်က စွန်းဟိုက်ထံသို့ ရောက်လာသည်။

“ကဲ ကြည့်ရအောင် မင်းက တာအိုရောင်ရင်းစွန်းမဟုတ်လား”

စွန်းဟိုက်မှာ မန်ဟို သူ့ကို ကြည့်နေကြောင်း သဘောပေါက်လိုက်သောအခါ ကျောချမ်းလာသည်။ သူ့မှာ ရင်တဒိန်းဒိန်းခုန်လာပြီး ဖားနေသောမျက်နှာထားအား ဆင်မြန်းလိုက်၏။

“အစ်ကိုကြီးမန်၊ ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်မဆက်ပေးရသေးဘူးကိုး။ ကျွန်တော့်ကို အခုကစပြီး ဟိုက်ကလေးလို့ ခေါ်လို့ရပါတယ်...

“အစ်ကိုကြီးမန် ၊ အစ်ကိုကြီးမန်သိလား၊ ကျွန်တော်လေ ဝတ်ပြုကျောင်းရဲ့အရှေ့မှာ အစ်ကိုကြီးကို ပထမဆုံးမြင်မြင်ချင်း အစ်ကိုကြီးက ယောက်ျားတွေကြားက နဂါး၊ ရွေးချယ်ခံတွေကြားက တာအိုကလေး၊ တာအိုကလေးတွေကြားက ပါရမီရှင်ဆိုတာ တန်းသိလိုက်တာ။ အစ်ကိုကြီးရဲ့ မျက်လုံးတွေဟာ ကြယ်ပင်လယ်နှစ်စင်းအတိုင်းပဲ။ အစ်ကိုကြီးကို မြင်လိုက်ရတဲ့အချိန်ကတည်းက အစ်ကိုကြီးအတွက် ကျွန်တော့်ရဲ့ အထင်ကြီးလေးစားမှုတွေက ဝိညာဉ်ထဲအထိ စွဲထင်ကျန်ရစ်သွားခဲ့ပါပြီ

“တကယ့်တော့လေ ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျွန်တော့်ကို ဒူပေနာပေခံအောင် လေ့ကျင့်ပေးခဲ့လို့ ကျွန်တော် ၊ ဟိုက်ကလေး ကျေးဇူးတင်လို့ မဆုံးပါဘူး။ အဲဒီကျေးဇူးတရားက ကျွန်တော့်နှလုံးသားရဲ့ ချောင်ကြိုချောင်ကြားမကျန် ပြည့်နှက်နေရာယူသွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ဝိညာဉ်အစိတ်အပိုင်းတစ်ခုစီတိုင်းက အစ်ကိုကြီးကို လေးစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်”

မန်ဟိုမှာ သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။

“ကျေးဇူးပြုပြီး” စွန်းဟိုက်က တည်ကြည်လေးနက်စွာ ထပ်ပြောသည်။ “အခုကစပြီး ကျွန်တော့်ကို ဟိုက်ကလေးလို့ ခေါ်ပါ”

***

All Chapters