ချုံခို၍ ဝိုင်းတိုက်ခိုက်ကြခြင်း
Vol. 59 Ch. 823
မန်ဟိုသည် အတက်အကျမြန်သော ဘဝအတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရသော်လည်း အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ စွန်းဟိုက် လျင်မြန်စွာ လေသံပြောင်း၍ မျက်နှာချိုသွေးကာ ဖားနေသောပုံစံက သူ့အား ပါးစပ်အဟောင်းသားဖြစ်သွားစေပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိစေသည်။ သူ့မှာ ဆိုင်းမဆင့် ဗုံမဆင့် အရှက်သိက္ခာမရှိသော အသားဂျယ်လီနှင့် ကြက်တူရွေးကို လွမ်းသွား၏။
စွန်းဟိုက် စကားပြောပြီးနောက် မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူသည် ကြိတ်၍ ဘဝင်ခွေ့နေသော်လည်း စွန်းဟိုက်ကို ခပ်တည်တည် ကြည့်ပြီး ပြောလေသည်။ “တယ်လျှာသွက်ပါလား။ ငါက အဖားကြိုက်တဲ့သူလို့ မင်း တကယ်ထင်လား”
စွန်းဟိုက်မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး အခြေအနေမကောင်းတော့ကြောင်း ရေရွတ်လိုက်သည်။ သူ့တစ်ဘဝလုံးတွင် ဤကဲ့သို့ အကျင့်စရိုက်မျိုးနှင့် အစွမ်းထက်သော လူအနည်းအကျဉ်းသာ ဆုံတွေ့ခဲ့ဖူးပြီး ထိုလူများမှာ ပေါင်းရသင်းရ အခက်ဆုံး ဖြစ်ကြောင်း သိလေသည်။ သူ တခဏ ချီတုံချတုံဖြစ်နေစဉ် မန်ဟိုက ရုတ်တရက် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့” မန်ဟိုက ပြောသည်။ “မင်းပြောခဲ့တာတွေအကုန်လုံး သွေးထွက်အောင် မှန်နေမှတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်” ထို့နောက် သူသည် စွန်းဟိုက်ကို ဆံပင်မှဆွဲပြီး သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်၏။
စွန်းဟိုက်မှာ ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့ဆံပင်မှာ အုံလိုက်ကျွတ်ထွက်ပေတော့မည်။ သို့သော် သူသည် မရုန်းရဲသည်သာမက ကျေးဇူးတင်နေသောပုံစံပင် ဖမ်းထားသေး၏။ စိတ်ထဲတွင်တော့ မခံမရပ်နိုင်စွာ ကျိန်ဆဲနေလေသည်။
စွန်းဟိုက်ကို ထည့်ပြီးနောက် မန်ဟိုက ချောင်းဖွဖွ ဟန့်လိုက်သည်။
“ကျေးဇူးတရားက နှလုံးသားရဲ့ ချောင်ကြိုချောင်ကြားမကျန် ပြည့်နှက်နေရာယူသွားခဲ့ပါတယ်။ ဝိညာဉ်အစိတ်အပိုင်းတစ်ခုစီတိုင်းက လေးစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်တဲ့လား။ သိပ်ကောင်းတဲ့စကားပဲ” မန်ဟိုသည် ကောင်းကင်ကို မော့ကြည့်ပြီးနောက် လှစ်ခနဲ တောင်တန်းများ၏အနက်ပိုင်းထဲ ဝင်ရောက်သွားတော့သည်။ သူ၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း သူသည် မျက်လုံးများ သွေးအေးအေး တောက်ပနေလျက် အသံမထွက်ဘဲ ဆက်သွားနေခြင်းဖြစ်၏။
“အဖေ့ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဉ်းစားရင် ဒီကို ဒီလူတွေ မလာနိုင်အောင် ဟန့်တားခဲ့လို့ ရတယ်။ ဒီနတ်မီးလျှံစမ်းသပ်ပွဲက ငါ့အတွက်ပဲ ... ဒါကြောင့် ငါ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေမှာ မဟုတ်ဘူး
“အဲဒီခွေးသူတောင်းစားတွေ အကုန်လုံးက တကယ့်တကယ် အင်မော်တယ်တွေ။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက စိတ်ဝိညာဉ်နယ်ပယ်ထက် သေချာပေါက် ကျော်လွန်နေပေမယ့် သူတို့ကိုယ်သူတို့ ချုပ်တည်းထားတာ သိသာတယ်....” မန်ဟိုသည် သူ့တွင် ရှိသည့် သဲလွန်စများကို အတူတကွ ဆက်စပ်စဉ်းစားကြည့်ရင်း မျက်လုံးများ တလက်လက် တောက်ပနေ၏။
“မချုပ်တည်းဘဲ ဘာလို့မနေရဲတာလဲဆိုရင် ... အသေဆိုးနဲ့ သေရမှာစိုးလို့”
တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။
မန်ဟိုသည် နားလိုက်၊ ခရီးဆက်လိုက် တစ်လှည့်စီ လုပ်လေသည်။ နောက်မှလိုက်လာသူများနှင့် ဆုံလျှင် နည်းနည်းပါးပါး တိုက်ခိုက်ပြီးသည်နှင့် ထွက်ပြေးတတ်သည်။ ရံဖန်ရံခါ သူ မည်သည့်နေရာရောက်နေသလဲ သူတို့ ဝေခွဲမရနိုင်ဖြစ်စေဖို့ တမင်တကာ လူယောင်ထွက်ပြတတ်၏။
ရက်ပေါင်းများစွာ ကြာသွားသည်။ နောက်ဆုံးတွင် လီလင်းအာနှင့် တိုက်ခိုက်ခဲ့တုန်းက ရရှိခဲ့သော ဒဏ်ရာအကုန်လုံး ပျောက်ကင်းသွားလေပြီ။ သူ့ခေါင်းပေါ်တွင် ပျံဝဲနေသော ကြေးမီးအိမ်သည် ဆက်လက်လောင်ကျွမ်းနေ၏။ ယခုအချိန်တွင် သူသည် ၎င်း၏အတွင်းထဲ၌ လှည့်ပတ်နေသော အင်မော်တယ်အင်အား၏အရိပ်အယောင်ကို ဝိုးတိုးဝါးတား အာရုံရနေလေပြီ။
ထိုအခြင်းအရာက သူ့ကို စိတ်လှုပ်ရှားစေပြီး ၄၉ ရက်လုံး တောင့်ခံဖို့အတွက် စိတ်ခိုင်မာသွားစေသည်။
“အဆုံးကို မြင်နေရပါပြီ” သူက တွေးသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း အဝေးသို့ ထွက်သွား၏။
နောက်ထပ်သုံးရက် ကြာမြင့်သွားသည်။ ညနေစောင်းအချိန်ဖြစ်ပြီး မန်ဟိုမှာ ခါတိုင်းလိုပဲ ရှေ့ဆက်သွားစဉ် ရုတ်တရက် တုံ့ခနဲ ရပ်ပြီးနောက် နောက်ပြန်ဆုတ်လိုက်သည်။ သရဲသဖွယ် ပုံရိပ်တစ်ခုက သူ၏နဖူးတည့်တည့်သို့ ဦးတည်လာနေလေသည်။
တစ်ချိန်တည်းမှာပင် အဝေးမှ လူတစ်ယောက် ချဉ်းကပ်လာသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးသည် သိမ့်ခနဲ သိမ့်ခနဲ တုန်ရီသွား၏။ သူကား လူမဟုတ်ဘဲ ရှေးဟောင်းသားရဲကြီးတစ်ကောင်အလားပင်။
သူသည် ကတုံးပြောင်ဖြစ်ပြီး မယုံနိုင်လောက်အောင် ဗလတောင့်၏။ သူ၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေပြီး သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေသော ကြယ်စင်များဖြင့် ပြည့်နှက်နေသယောင်ပင်။ မျက်စိကျိန်းမတတ် စူးစူးရှရှ အလင်းက သူ့ကို ဝန်းရံလျက်ရှိသည်။
ဤသည်မှာ သူ၏အပြင်အားကိုယ်အား အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံထားခဲ့ပြီးဖြစ်သည်ဟူသော လက္ခဏာများပင်။ ဤပုဂ္ဂိုလ်ကား ဖန်မျိုးနွယ်စုမှ ဖန်ယွင်ရီပင်။
“မင်းကို ဒီနေရာမှာ တွေ့မယ် ထင်သားပဲ” သူက မာန်တက်နေသော အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ ‘ထင်သားပဲ’ ဆိုသော စကားလုံးက အဓိပ္ပါယ်များစွာ ပါဝင်ပြီး ဤဖန်ယွင်ရီမှာ မန်ဟိုနှင့် မရင်းနှီးသည့်လူ မဟုတ်ပေ။ သူသည် ဝတ်ပြုကျောင်း၏အပြင်မှာတုန်းက မန်ဟို အထူးသတိပြုခဲ့သော ဖန်မျိုးနွယ်သုံးဦးထဲမှ တစ်ယောက် ဖြစ်၏။
ဖန်မျိုးနွယ်စုနှင့် ပတ်သက်ပြီး မန်ဟို၏ခံစားချက်များမှာ ရှုပ်ထွေးနေသည်။
“မင်းရဲ့ ကံကြမ္မာကောင်းကို ငါ စိတ်မဝင်စားဘူး။ ငါ စိတ်ဝင်စားတာက မင်းကိုယ်တိုင်ပဲ” သူသည် စကားပြောရင်း လေသဖွယ် ဝုန်းဒိုင်းကြဲ ရှေ့တက်လာကာ သူနှင့်မန်ဟို့အကြား အကွာအဝေးကို လျင်မြန်စွာ ချုံ့လိုက်၏။
“ငါ့နောက်လိုက်လုပ်မလား ... သေမလား” သူစကားပြောနေစဉ် သူ့မျက်လုံးထဲရှိ ကြယ်တာရာများမှာ ပို၍ထင်ရှားလာပြီး သူ၏စွမ်းအားက အထွတ်အထိပ်အထိ ထိုးတက်သွားလေသည်။
“ထွက်သွားစမ်း” မန်ဟိုက ဖန်ယွင်ရီကို အေးစက်စက် ကြည့်ရင်း ပြောသည်။ သူ၏ရိုးရှင်းသော စကားလုံးလေးများက မိုးထစ်ချုန်းသွားစေပြီး ဖန်ယွင်ရီ၏ မမြင်ရသောစွမ်းအင်မှ ဖြစ်ပေါ်လာသော ဖိအားကို ဖြိုခွဲပစ်လိုက်သည့် အသံလှိုင်းတစ်လှိုင်းအား ဖန်တီးလိုက်၏။
“သေချင်နေလား” ဖန်ယွင်ရီက အေးစက်စက် ရယ်ကာ ပြောသည်။ သူသည် ခြေတစ်လှမ်းတက်၍ ညာလက်ကို လက်သီးဆုပ်ပြီးနောက် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ထက် ကျော်လွန်သောသော အပြင်အားကိုယ်ခွန်အားဖြင့် ထိုးချလိုက်၏။ ကြီးမားသောအားကြီး ပေါက်ကွဲထွက်လာသည်။ ထိုမျှသာမက ပုံရိပ်ယောင်ဓမ္မဆင်းတုကြီးတစ်ဆူ သူ့အနောက်တွင် ပေါ်လာလေသည်။ ၎င်းသည် ဝေဝါးနေသဖြင့် မည်သည့်အရာလဲ သဲသဲကွဲကွဲ မမြင်ရသော်လည်း လူပုံစံရှိကြောင်းတော့ သိသာ၏။
မန်ဟို၏မျက်လုံးများက အေးစက်သွားပြီး ဘာမှဆက်မပြောတော့ပေ။ သူသည် ရှေ့သို့ လျှောက်လာကာ ဖန်ယွင်ရီ၏လက်သီးအား တိုက်ရိုက်ရင်ဆိုင်ဖို့ အပြင်အားကိုယ်ခွန်အားကို ထုတ်ဖော်လျက် သူ၏ညာလက်သီးကို ထိုးချလိုက်၏။
ထို့နောက် မန်ဟိုက ဝုန်းခနဲ သိမ်းငှက်အသွင်ပြောင်းသွားသည်။ တောင်ဝါးမြိုမန္တန်က ဆန့်ထွက်သွားသော တောင်တန်းကြီးတစ်တန်းအား ဖော်ဆောင်လိုက်သည်။ ဖန်ယွင်ရီ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်တစ်ရာနီးပါး ဖလှယ်ခဲ့ပြီးလေပြီ။
တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံနေပြီး လေထုမှာ တစစီ စုတ်ပြတ်သွားသည်။ နောက်ဆုံး နှစ်ယောက်သား လူချင်းကွဲသွားသည်။ ဖန်ယွင်ရီ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့မှာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျမလာအောင် မထိန်းနိုင်ပေ။
မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ထွက်သွားဖို့ ပြင်သည်။
“ငါ့ကို စိတ်အနှောင့်အယှက်မပေးနဲ့တော့” သူက ပြောသည်။
ဖန်ယွင်ရီ၏မျက်လုံးများ သွေးချင်းနီသွားပြီး သွေးကြောပြာပြာကြီးများ သူ၏လည်ပင်းနှင့် မျက်နှာတို့တွင် ဖောင်းကြွလာသည်။
“ကောင်းကင်ပိုင်းဖြတ်ခြင်း” သူက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ ဂျိန်းခနဲ သူ့အနောက်ရှိ ဓမ္မဆင်းတု၏ ဝေဝေဝါးဝါး ပုံရိပ်သည် လျှပ်တပြက် ရှင်းလင်းပြတ်သားလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းကား ခေါင်းနှစ်လုံးဘီလူးကြီးပင်။
ဓမ္မဆင်းတုဘီလူးကြီးကား ရှေးခေတ်၌ အခြေတည်ပြီး အချိန်ခရီးသွားရင်း ဤနေရာသို့ ရောက်ရှိလာခဲ့သည့်အလား ရှေးကျသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ခေါင်းကြီးနှစ်လုံးက နောက်လှန်၍ အသံမဲ့ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဖန်ယွင်ရီ၏စွမ်းအင်က အသွင်ပြောင်းသွားပြီး စောစောကနှင့် လုံးဝမတူတော့ပေ။
၎င်းကား ယခုတွင် ထိတ်လန့်စရာ အရိုင်းဆန်မှုကို ပိုင်ဆိုင်ထားလေပြီ။
သူက ထပ်မံဟိန်းဟောက်ကာ မန်ဟို့ဆီသို့ လက်သီးတစ်လုံးအား ထပ်ရွယ်ရင်း ရှေ့တက်လာသည်။
ဖန်ယွင်ရီဆီမှ ခံစားလိုက်ရသော အန္တရာယ်အာရုံက မန်ဟို့အား သူငယ်အိမ်များ ကျဉ်းမြောင်းသွားစေသည်။ သူ၏ဓမ္မဆင်းတု၊ ထိုနည်းတူ ရင်သပ်ရှုမောဖွယ်ကောင်းသော ဘီလူးကြီး ပေါ်လာ၏။ မန်ဟိုက လက်သီးဆုပ်ရင်း ဖန်ယွင်ရီကို တားမြစ်ရန် ရွေ့လျားလာသည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နီးကပ်သွားသည့်အချိန်မှာပင် ပုံရိပ်တစ်ခုက ငိုယိုရင်း လျှပ်စီးသဖွယ် မန်ဟို့ဆီ ပြေးဝင်လာသည်။
ဝမ်းနည်းပက်လက် ငိုသံများအပြင် ပုံရိပ်က စူးစူးဝါးဝါး အော်လိုက်သည်။ “မန်ဟို”
အသံတွင် အဆုံးမရှိသောအမုန်းတို့ ပြည့်နှက်နေပြီး ပိုင်ရှင်က အမျိုးသမီးဖြစ်သည်။ ၎င်းကား ဖန်းတုံးအားမှတစ်ပါး အခြားမဟုတ်ပေ။ ငိုသံများက သူမဆီမှ မဟုတ်ဘဲ ... သူမအနောက် လက်မအနည်းငယ်အကွာရှိ အမည်းတုံးလေးဆီမှပင်။
တစ်ပြိုင်တည်းမှာပင် နောက်ထပ်ပုံရိပ်နှစ်ခု အနားကပ်လာသည်။ သူတို့သည် ကျင့်ကြံသူအဘိုးကြီးများ ဖြစ်ကာ တစ်ယောက်က နေသူရိန်တောင်မှ၊ နောက်တစ်ယောက်က လီမျိုးနွယ်စုမှ ဖြစ်သည်။ သူတို့ရောက်ရှိလာသောနည်းလမ်းအရ သူတို့လည်း မန်ဟို ဤနေရာတွင် ပေါ်လာလိမ့်မည်ကို သိထားသယောင်ပင်။
အုန်း
အသစ်ရောက်ရှိလာသူသုံးယောက် နီးကပ်လာစဉ် ဖန်ယွင်ရီက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူသည် ကြမ်းတမ်းပြီး စိတ်မြန်လက်မြန် ရှိပုံပေါ်သော်လည်း တကယ်တမ်း အလွန်ဉာဏ်နီဉာဏ်နက်များနိုင်လေ၏။ သူ၏လက်သီးက လက်ဝါးအဖြစ် ပြန့်သွားပြီး မန်ဟို့လက်သီးကို ဆုပ်ကိုင်လိုက်သည်။ သူသည် အချိန်နည်းနည်းဆွဲထားနိုင်လျှင် မန်ဟို ရှုံးနိမ့်လိမ့်မည်ဟု အပိုင်တွက်နေလေသည်။
ဤကျဉ်းထဲကြပ်ထဲ အခြေအနေတွင် မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူ၏ညာလက်ခလယ်က ညွှန်လိုက်ရာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် သက်ဝင်လာသည်။ မိစ္ဆာချီတို့ ဖြာထွက်လာပြီး ဖန်ယွင်ရီ တုန်ရီသွားလေသည်။ သူ့မှာ ရုတ်တရက် လှုပ်မရတော့ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။
ထို့နောက် မန်ဟိုသည် လက်ချောင်းငါးချောင်းအား ထိပ်အချင်းအချင်း ထိကာ တောင်တစ်လုံးပုံသဏ္ဌာန် လုပ်လိုက်သည်။ ထိုလက်အား ဖန်ယွင်ရီ၏ လက်ဝါးထဲသို့ ထိုးချလိုက်စဉ် ရက်စက်ကြမ်းကြုတ်သောအမူအရာက သူ့မျက်နှာကို စိုးမိုးနေ၏။
တစ်ချိန်တည်းမှာပင် လေလယ်၌ သူ၏ဓမ္မဆင်းတုသည် ဟိန်းဟောက်ရင်း ဖန်ယွင်ရီ၏ဓမ္မဆင်းတုကို ဝင်တိုက်လိုက်၏။
တောင်များ တဝုန်းဝုန်း ပြိုကျသွားသည်။ ဖန်ယွင်ရီ၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ အံ့ဩတုန်လှုပ်မှုက သူ၏မျက်နှာတွင် ပြည့်နှက်နေသော်လည်း သူ နောက်မဆုတ်နိုင်ခင် မန်ဟိုက သူ့ရင်ဘတ်ကို ဝင်ဆောင့်လိုက်သော သိမ်းငှက်အသွင်ပြောင်းလိုက်သည်။ ဂျွတ်ခနဲ ကျိုးအက်သံ ကြားလိုက်ရပြိး ဖန်ယွင်ရီ မျက်နှာပျက်သွားသည်။ သူ၏ရင်ညွှန့်ရိုးကျိုးသွားသည့်အချိန်မှာပင် မန်ဟိုက သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်ဖော်ကာ ဖန်ယွင်ရီ၏စွမ်းအားကို စုပ်ယူလိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ၏ဒုတိယကိုယ်အစစ်က ထွက်လာပြီး ဖန်းတုံးအာထံ ပြေးဝင်သွားသည်။
မန်ဟိုသည် ယခုတွင် ဖန်ယွင်ရီ၏အပြင်အားကိုယ်မှ ခွန်အားကို ငှားယူရင်း သူ့ကိုယ်သူ အားဖြည့်လိုက်၏။ တစ်ချိန်တည်းဆိုသလို ကျင့်ကြံသူအဘိုးကြီးနှစ်ဦးထံမှ လာနေသော တိုက်ကွက်များကို ခုခံလိုက်သည်။
အုန်းခနဲ အကျယ်ကြီး မြည်ဟည်းသွားပြီး မန်ဟိုမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ ဖန်ယွင်ရီမှာတော့ တစ်ကိုယ်လုံး ပိန်ချုံးခြောက်သွေ့လာသဖြင့် အထိတ်တလန့် အော်ဟစ်နေလေသည်။ သူ သတိလစ်တော့မည့်အချိန်မှာပင် မန်ဟိုက သူ့ကို သိုလှောင်အိတ်ထဲ ပစ်ထည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
မိုးကြိုးဒယ်အိုးက လျှပ်စီး တဝင်းဝင်းလက်လျက် ပေါ်လာသည်။ သူ ၎င်းအား သုံးတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် ကြယ်အလင်းတန်းတစ်တန်း ပေါ်လာသည်။ လျှပ်စီးမှာ ငြိမ်းသွားပြီး မန်ဟို၏နေရာလဲမှု မအောင်မြင်လိုက်ပေ။
အံ့ဩဖွယ်ကောင်းစွာနှင့် ဖန်းတုံးအာသည် တလက်လက် တောက်ပနေသော ကြယ်အလင်းရောင်ကို ထုတ်လွှတ်နေသည့် ကြယ်ကျောက်ခဲတစ်ခဲအား ကိုင်ထား၏။
ထိုအခိုက်အတန့်တွင် အရှေ့မှ မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်လာသော ဓားချီတန်းတစ်တန်း ပေါ်လာသည်။ ယင်းကား ကျောက်ရီဖန်းမှတစ်ပါး အခြားမဟုတ်။
“ဒီတော့ ငါ ဒီလမ်းကို ဖြတ်မယ်ဆိုတာ တစ်ယောက်ယောက်က သိသွားပြီး... ချုံခိုတိုက်ခိုက်ဖို့ ကြံထားကြတာကိုး” ဤပဟေဠိကို ဆက်စပ်မစဉ်းစားကြည့်နိုင်လျှင် တောင်ကောင်းကင်ဂြိုဟ်တွင် မန်ဟို ဘယ်တော့မှ ထင်ရှားကျော်ကြားလာခဲ့မည်မဟုတ်ပေ။
သူ့ခေါင်းအထက်ရှိ ကြေးမီးအိမ်ထဲရှိ မီးတောက်မှာ လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း ယခင်ထက် များစွာ အားနည်းနေလေပြီ။ ၎င်းကား အချိန်မရွေး ငြိမ်းတော့မည့်အလားပင်။ ထိုမျှသာမက မန်ဟိုမှာ အလွန်တရာ ခက်ခဲသောအခြေအနေသို့ ရောက်နေသည်။ အကုန်လုံး သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်နေကြသည်သာမက ဤတစ်ခေါက်တွင် သူလည်း ဒဏ်ရာအပြင်းအထန် ရထားလေ၏။
ဓားအင်မော်တယ်တစ်ဦးသဖွယ် ရပ်နေသော ကျောက်ရီဖန်းဆီမှ ဓားချီက သူ့လမ်းကို ပိတ်ထားသည်။ သူ့အနောက်တွင် ဒုတိယကိုယ်အစစ်နှင့် သတ်ပုတ်နေသော ဖန်းတုံးအာ ရှိသည်။ သူမ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး သူမပတ်ပတ်လည်ရှိ ကြယ်ပင်လယ်ကြီးက မန်ဟို့ကို လွှမ်းမိုးရန် တဖွေးဖွေး လှုပ်လာသည်။
ဘယ်နှင့်ညာတွင် ကျင့်ကြံသူအဘိုးကြီးနှစ်ယောက်ရှိသည်။ သူတို့၏မျက်နှာများသည် တင်းမာခက်ထန်နေပြီး ချုပ်တည်းထားသော ကျင့်ကြံခြင်းအခြေခံက သူတို့အား အတုအယောင်အင်မော်တယ်နှင့် ညီမျှသော စွမ်းအားကို ပေးစွမ်းနေ၏။
မန်ဟိုမှာ ဘက်ပေါင်းစုံမှ အဝိုင်းခံထားရပြီး သူ့ကို မုချ အသက်နုတ်ပစ်မည့် တိုက်ကွက်များ၏ ပစ်မှတ်ဖြစ်နေသည်။
ကြယ်အလင်းရောင်က လေပိုင်နက်နှင့် သူ၏ပတ်ပတ်လည်ကို ချုပ်ချယ်ကန့်သတ်ရင်း ပတ်ဝန်းကျင်ကို စိုးမိုးထားသည်။
တစ်ချိန်တည်းမှာပင် ကျီမျိုးနွယ်စုမှ ကျီယင်သည် အနီးနားရှိ တောင်ထိပ်တစ်ခုအပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ အကန့်အသတ်မရှိသော ကံကြွေးက တဝဲဝဲ လည်ရင်း သူ့ကို ဝန်းရံလျက်ရှိသဖြင့် သူ၏ပုံပန်းသွင်ပြင်အား ရေရေရာရာ မမြင်ရပေ။
သို့သော် သူ၏မျက်လုံးများက ကံကြွေးအလွှာများကို ထိုးဖောက်၍ ... မန်ဟို့ခေါင်းအထက်ရှိ ကြေးမီးအိမ်ကို ကြည့်ရင်း သွေးအေးစွာ တောက်ပနေသည်။
“အဲဒီမီးအိမ်က ... ကံကြွေးစက်ဝန်းထဲမှာ မတည်ရှိဘူး” သူက ရေရွတ်လိုက်သည်။ တစ်ခါမှမမြင်ဖူးသော စိတ်အားထက်သန်မှုက သူ၏ အေးစက်စက်မျက်ဝန်းထဲတွင် တစတစ ပေါ်လာသည်။
“ငါ တောင်ကောင်းကင်ဂြိုဟ်ကို လာခဲ့တဲ့ အဓိကအကြောင်းအရင်းက ဒီနေရာမှာ ငါနဲ့ ရေစက်ပါတဲ့ ပစ္စည်းတစ်ခုရှိတယ်ဆိုတာကို ကံကြွေးကနေတစ်ဆင့် အာရုံရခဲ့တာကြောင့်ပဲ
“ဒီမန်ဟိုက ထူးချွန်ပြောင်မြောက်ပေမယ့် အဲဒီရေစက်က ... ငါ့အပိုင်”
***