ဝိုင်းတိုက်ခိုက်ခြင်းအား ဖောက်ထွက်ခြင်း
Vol. 59 Ch. 824
၎င်းကား သေစေနိုင်သော ဝိုင်းအုံတိုက်ခိုက်ခြင်းဖြစ်သည်။ မန်ဟိုမှာ လီလင်းအာနှင့် အခြားသူများကို ထုတ်၍ ဓားစာခံအဖြစ် သုံးဖို့ အချိန်ပင် မရလိုက်ပေ။ ဖိအားက သူ့အပေါ်သို့ အဘက်ဘက်မှ သက်ရောက်နေပြီး မည်သည့်ပင်ဆိုစေ ဖန်းတုံးအာနှင့် ကျောက်ရီဖန်သည် ဓားစာခံများကို ညှာတာနေမှာမဟုတ်ချေ။
မီးတစ်ခတ်စာ ကြာချိန်လေးအတွင်း မန်ဟို၏မျက်လုံးများ၌ အန္တရာယ်များသော အေးစက်စက်အလင်းရောင် ပေါ်လာပြီး သူက တုံ့ခနဲ ရပ်လိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် နေကျောက်ခဲရှိနေသည့် ညာလက်ကို ဆန့်ထုတ်လိုက်၏။ အကန့်အသတ်မရှိသော အပူလှိုင်းကြီးက ချက်ချင်း အရပ်မျက်နှာတစ်ခွင် လိမ့်ထွက်သွားသည်။
ထစ်ချုန်းသံကြီး ကြားရနိုင်ပြီး လှိုင်းများ ဖြာထွက်လာသဖြင့် အရာအားလုံး ပုံပျက်ရှုံ့တွလာသည်။ တာအိုစောင့်ရှောက်သူအဘိုးကြီးနှစ်ယောက်မှာ ရပ်လိုက်ပြီး ကျောက်ရီဖန်း၏မျက်ဝန်းများက စူးရှသော အလင်းကို ထုတ်လွှတ်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မန်ဟို့ကို ပိုင်းချလိုက်သော ဓားတစ်လက်အသွင်ပြောင်းသွား၏။
တစ်ချိန်တည်းမှာပင် ဖန်းတုံးအာ၏ကြယ်ကျောက်ခဲမှ ကြယ်အလင်းရောင်က မန်ဟို၏နေကျောက်ခဲကို ခုခံရန် ဖြာထွက်လာသည်။
နေကျောက်ခဲလေးတစ်ခဲမျှမှာ ပညာရှင်လေးဦး၏ ပူးပေါင်းတိုက်ကွက်ကို ဘယ်နည်းနှင့်မှ တောင့်မခံနိုင်ပေ။ ၎င်းမှာ သူတို့အား တခဏ ရပ်သွားစေရုံသာ တတ်နိုင်၏။ သို့သော် မန်ဟိုက ထိုတခဏကို အသုံးချရင်း ချာခနဲ လှည့်ကာ ဖန်းတုံးအာဆီ ပြေးဝင်သွားသော ရောင်စုံအလင်းအသွင်ပြောင်းသွားသည်။
သူ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားရင်း အနားရောက်သွားသည့်အခါ သူ၏ဓမ္မဆင်းတုက ပေါ်လာပြီး တိုက်ခိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား ဖန်းတုံးအာနှင့် အကွက်များစွာ ဖလှယ်ပြီးလေပြီ။ မန်ဟိုမှာ တုန်ရီနေပြီး ပါးစပ်မှ သွေးများပင် လျှံကျလာသော်လည်း နောက်မဆုတ်ပေ။ ရက်စက်သောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပနေပြီး သူက ရုတ်တရက် ခြေထောက်ကို လွှဲကန်ကာ လေဆင်နှာမောင်းသဖွယ် လေကို ခွင်းသွားစေသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများ ဆက်တိုက်မြည်ဟည်းသွားပြီး ဖန်းတုံးအာ မျက်နှာပျက်သွားသည်။ သူမအတွက် မန်ဟိုမှာ စောစောတုန်းကနှင့် လုံးဝခြားနားသွားသယောင်ပင်။ ယခုတွင် သူသည် သွေးဆာနေသော ရက်စက်ကြုမ်းကြုတ်မှုဖြင့် မရပ်မနား တိုက်ခိုက်နေ၏။
ဖန်းတုံးအာက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ပြီး ဧရာမခရုခွံကြီးတစ်ခု သူမအနောက်တွင် ပေါ်လာသည်။ ခရုခွံ၏ ခပ်လေးလေးအသံ လေတွင် ပြည့်နှက်သွားစဉ် မန်ဟိုက သားရဲလက်ကို ထုတ်လိုက်၏။ ကြောင်နက်တစ်ကောင်၏ပုံရိပ် အကောင်အထည်ဖြစ်ပေါ်လာပြီး ခပ်စူးစူးအော်ရင်း ဖန်းတုံးအာထံ ကုတ်ချလိုက်သည်။
ဖောက်ခနဲ ကြောင်နက်၏ပုံရိပ်မှာ ဖျက်စီးခံလိုက်ရလေပြီ။ သို့သော် ခရုခွံမှာလည်း တုန်ခါပြီး ပေါက်ကွဲသွားသည်။ ဖန်းတုံးအာက အေးစက်စက် နှာမှုတ်ပြီး လက်နှစ်ဖက်မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်ကာ အရှေ့သို့ တွန်းထုတ်လိုက်၏။ ခရုခွံ၏ ကြေမွနေသော အပိုင်းအစများက မန်ဟို့ဆီ ပြေးဝင်လာသော လေဆင်နှာမောင်းတစ်လုံးအဖြစ် အတူတကွ လည်သွားသည်။
ဖန်းတုံးအာကိုယ်တိုင်ကမူ လျင်မြန်စွာ နောက်ဆုတ်ပြီး မန်ဟို၏ဒုတိယကိုယ်အစစ်အား ရင်ဆိုင်လိုက်၏။
မန်ဟို့အမူအရာမှာ ပို၍ရုန့်ရင်းကြမ်းတမ်းလာသည်။ သူ့အနောက်တွင် ကျောက်ရီဖန်း၏ ကြောက်မက်ဖွယ် ဓားချီရှိသည်။ သူ့ဆီ တဟုန်ထိုးလာနေသော တာအိုစောင့်ရှောက်သူအဘိုးကြီးနှစ်ယောက်၏ အသတ်အဖြတ်စိတ်ဆန္ဒများမှာလည်း ပို၍ပင် ပြင်းထန်လာနေသည်။ မန်ဟို့နေကျောက်ခဲမှ စွမ်းအားလှိုင်းတို့အနေဖြင့် သူတို့ကို ဘယ်နည်းနှင့်မှ မချုပ်ထားနိုင်တော့ပေ။
မန်ဟိုသည် မာန်သွင်းဟိန်းဟောက်ရင်း သူ၏အံ့ဖွယ်အပြင်အားကိုယ်ခွန်အားကို အားကိုး၍ ခရုခွံအပိုင်းအစများဖြင့် ဖွဲ့စည်းထားသော လေဆင်နှာမောင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။ သူကား ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းရင်း လျှပ်စီးတန်းသဖွယ် လေဆင်နှာမောင်းကို ထုတ်ချင်းဖောက်ထွက်သွားလေသည်။ သူက အခြားတစ်ဖက်တွင် သွေးသံရဲရဲနှင့် ထွက်လာခဲ့ပြီး ကျောက်ရီဖန်းသော်လည်းကောင်း၊ တာအိုစောင့်ရှောက်သူနှစ်ယောက်သော်လည်းကောင်း ချဉ်းကပ်မလာနိုင်ခင် ဖန်းတုံးအာ နောက်လိုက်သွားသည်။
ဖန်းတုံးအာမှာ မျက်စိမျက်နှာပျက်သွားသည်။ မန်ဟိုက ဤမျှရက်စက်ကြမ်းတမ်းလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပေ။ သူတို့၏ယခင်ဆုံတွေ့မှုတွင် သူ့အား အရှက်မရှိတော့လူအဖြစ်သာ သူမ မှတ်ယူခဲ့သည်။ သို့သော် ဤတိုက်ပွဲတွင် သူ့ကိုယ်ပေါ်၌ သူမ တစ်ခါမှမမြင်ခဲ့ဖူးသော အရိုင်းဆန်ရက်စက်မှုကို အာရုံရလိုက်လေသည်။
ထိုကဲ့သို့ အရိုင်းဆန်ရက်စက်မှုမျိုးမှာ လူအများစု ပိုင်ဆိုင်နိုင်သည့်အရာမဟုတ်။ ၎င်းသည် သာမန်လူများ မကြုံတွေ့နိုင်သော အဖြစ်အပျက်များမှ ရရှိနိုင်သည့်အရာဖြစ်ပြီး ယင်းက မယုံနိုင်ဖွယ်ကောင်းလောက်အောင် အင်အားကြီးစေသည်။
မန်ဟို့မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်နေသည်။ ရွှေသိမ်းငှက်က တောင်ပံနှစ်ဖက်ကို ဖြန့်ရင်း ဖန်းတုံးအာကို ရိုက်ချလိုက်သည်။ သူမကလည်း ကမန်းကတန်း ပြန်တိုက်လိုက်သဖြင့် ဂျိန်းခနဲ မြည်ဟည်းသွားသည်။ ပေါက်ကွဲမှုကြီး ခတ်ညောင်းသွားပြီး ဖန်းတုံးအာပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူမသည် မုန်းတီးစိတ်တို့ပြည့်နေသော မျက်လုံးများဖြင့် ချက်ချင်း နောက်ဆုတ်ရင်း လက်ထဲရှိ ကြယ်ကျောက်ခဲကို ခြေပစ်လိုက်၏။
ကျောက်ခဲ ကြေမွသွားရာတွင် အနန္တကြယ်အလင်းရောင်က ဖြာထွက်လာပြီး မန်ဟို့ကို လွှမ်းခြုံလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုမှာ လှုပ်မရတော့ပေ။
ထိုအခြေအနေကြောင့် ကျောက်ရီဖန်းထံမှ လာနေသော ဓားချီက ... မန်ဟို့ကို ပိုင်းချနိုင်လိုက်သည်။
ဓားချက်က သူ့ကျောကို သွေးများပန်းထွက်လျက် ဟက်တက်ကွဲသွားစေပြီး အရိုးတို့ပင် ပေါ်လာစေသဖြင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ အံ့ဖွယ်အပြင်အားကိုယ်နှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အားနည်းသွားစေခဲ့သော နေကျောက်ခဲမှ လှိုင်းများကြောင့်သာမဟုတ်လျှင် ထိုဓားက မန်ဟို့ကို နှစ်ပိုင်းပိုင်းခဲ့ပြီးဖြစ်လိမ့်မည်။
သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်လာသည်။ သူ ဓားနှင့် ခုတ်ခံလိုက်ရသည့် အခိုက်အတန့်မှာပင် တာအိုစောင့်ရှောက်သူအဘိုးကြီးနှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်စီမှ ချဉ်းကပ်လာခဲ့လေပြီ။ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များက မန်ဟို့ကို တိုက်ရိုက်ထိမှန်သွားကြသည်။
ကြီးမားသော ပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားပြီး မန်ဟို့ပါးစပ်မှ သွေးများထပ်မံပန်းထွက်သွားသည်။ ကံကောင်းထောက်မစွာနှင့် သူသည် ကောင်းကောင်းပြင်ဆင်ထားခဲ့၏။ တောင်တန်းတစ်ခုက ပုလဲဖြူပုလဲနက်တို့နှင့်အတူ သူ၏ပတ်ပတ်လည်တွင် အကောင်အထည် ဖြစ်ပေါ်လာခဲ့သည်။ နေကျောက်ခဲမှာ အားနည်းသွားသော်လည်း မန်ဟိုမှာ မသေလိုက်ပေ။ သို့သော် ကြိုးဖြတ်ခံလိုက်ရသောစွန်ပမာ လည်ထွက်သွားသည်။ သူသည် လေကို ခွင်းပြီးနောက် ခပ်လှမ်းလှမ်းရှိ မြေကြီးနှင့် မိတ်ဆက်သွား၏။ သူက ကုန်းရုန်းထရင်း သွေးထပ်အန်လိုက်ရပြန်သည်။
“သေစမ်း” ဖန်းတုံးအာက လှစ်ခနဲ သူ့ဆီ ပြေးဝင်လာရင်း အော်လိုက်သည်။ နတ်ပင်လယ်တစ်စင်းက သူမပတ်ပတ်လည်တွင် ပေါ်လာခဲ့ကာ ပင်လယ်ထဲရှိ မရေမတွက်နိုင်သော ပင်လယ်နဂါးများက မန်ဟို့ဆီ တဟုန်ထိုး ဦးတည်လာကြသည်။
ကျောက်ရီဖန်း၏အမူအရာမှာ အနည်းငယ် စိတ်ပျက်နေသည်မှအပ တည်ငြိမ်နေ၏။ တာအိုစောင့်ရှောက်သူအဘိုးကြီးနှစ်ယောက်မှာမူ မန်ဟို့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သွေးအေးအေးပြုံးရင်း ချဉ်းကပ်လာကြသည်။
မန်ဟို၏အမြင်အာရုံမှ ဝေဝါးနေပြီး သူ့ခေါင်းအထက်ရှိ ကြေးမီးအိမ်မှာ မှေးမှိန်နေသည်သာမက ငြိမ်းလုဆဲဆဲ ဖြစ်နေလေပြီ။ ထိုအခြင်းအရာကို မြင်သောအခါ မန်ဟိုက ရုတ်တရက် သွေးအေးစွာ ပြုံးလိုက်သည်။
“ဒုတိယကိုယ်အစစ်... နတ်ဆိုးစိတ်ဆန္ဒပြန်လာစမ်း” သူ၏စကားလုံးများ ဟိန်းထွက်သွားသောအခါ ကောင်းကင်နှင့်မြေကြီးမှာ တဂျုန်းဂျုန်း တုန်ခါထစ်ချုန်းသွားသည်။ သူ၏ဒုတိယကိုယ်အစစ် မျက်လုံးများ ပိတ်လိုက်သည့်အခါ လေထုမှာ ပုံပျက်ရှုံ့တွလာ၏။ ချက်ချင်းဆိုသလို အနက်ရောင်မြူများက ဒုတိယကိုယ်အစစ်၏ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့မှ စီးမျောထွက်လာသည်။
တုန်လှုပ်ဖွယ်ကောင်းစွာနှင့် မြူများသည် ဖော်ပြမတတ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်လျက် ရှေ့ထွက်လာသော ဧရာမခေါင်းကြီးအသွင်ပြောင်းသွား၏။ ဤသည်မှာ ရန်သူပေါင်းမရေမတွက်နိုင်အောင် သတ်ဖြတ်စေခဲ့သော အသတ်အဖြတ်စိတ်ဆန္ဒမှ ဖြစ်ပေါ်လာခဲ့သည့် မန်ဟို၏ နတ်ဆိုးစိတ်ဆန္ဒပင်။
တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်ခဲ့တုန်းက သူသည် ၎င်းကို ခွဲထုတ်ခဲ့ပြီးနောက် ဘယ်တော့မှ ထပ်မံအသုံးပြုတော့မည်မဟုတ်ကြောင်း ယုံကြည်ခဲ့ရင်း ဒုတိယကိုယ်အစစ်နှင့် တစ်သားတည်း ဖြစ်စေခဲ့သည်။ နတ်ဆိုးစိတ်ဆန္ဒသည် သူ့အား ပို၍ပင် အစွမ်းထက်စေနိုင်သော်လည်း အကျိုးဆက်များက ဆိုးရွား၏။
၎င်းက သူ၏စိတ်ကိုပင် လွှမ်းမိုးခြယ်လှယ်ကောင်း ခြယ်လှယ်နိုင်သည်။ သို့သော် ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အသက်ပြင်းပြင်းရှူသွင်းကာ အကန့်အသတ်မရှိသော အနက်ရောင်မြူများကို သူ့ကိုယ်ထဲ စီးဝင်စေလိုက်သည်။
မြူများက အပြေးအလွှား ရွေ့လျားလာကာ မျက်စိတစ်မှိတ်အတွင်း သူနှင့် တစ်သားတည်း ဖြစ်သွားလေပြီ။ ချက်ချင်း အနက်ရောင်သွေးကြောများက သူ့အရေပြားတစ်လျှောက် ပေါ်ပေါက်လာ၏။ တစ်ချိန်တည်းမှာပင် တစ်ခါမှမမြင်ဖူးသော အသတ်အဖြတ်အရှိန်အဝါက သူ့ထံမှ ဖြာထွက်လာသည်။
ဤသည်ကား နတ်ဆိုးတစ်ကောင်၏ အရှိန်အဝါ။
ဤသည်ကား အသတ်အဖြတ်အရှိန်အဝါ။
ဤသည်ကား ယခင်တုန်းက မန်ဟို၏အထွတ်အထိပ်အဆင့်ပင်။
မရေမတွက်နိုင်သော မကောင်းဆိုးဝါးနာနာဘာဝများသည် ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် အသံမဲ့စွာ ဟိန်းဟောက်ရင်း မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာ၏။ ဤအရာများမှာ မန်ဟိုသတ်ခဲ့သော လူအားလုံး၏ဝိညာဉ်များ ဖြစ်လေသည်။
တစ်နေရာလုံးမှာ ရုတ်တရက် မယုံနိုင်လောက်အောင် အေးစိမ့်လာပြီး အနက်ရောင်နှင်းပွင့်ချပ်များ ကျလာသည်။
စွမ်းအင်များ တရိပ်ရိပ် ထိုးတက်နေသဖြင့် မန်ဟို့ဆံပင်များမှာ မြောက်တက်လွင့်မျောနေသည်။ အညှာအတာကင်းမဲ့မှုက သူ၏မျက်လုံးများတွင် နေရာယူထားပြီး သူကား သေခြင်းနတ်ဘုရားတစ်ပါးအလား ခံစားချက်ကို ပေးစွမ်းနေသည်။
ဖန်းတုံးအာမှာ တုန်ရီစပြုလာပြီး မယုံကြည်နိုင်မှုတို့ဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာသည်။
“ဒီလူက ဘယ်သူလဲ” သူမက တွေးသည်။ “ဒီလိုအသတ်အဖြတ်အရှိန်အဝါမျိုး ရုတ်တရက် ပေါ်လာစေနိုင်တာက ... သူ လူဘယ်နှယောက်တောင် သတ်ခဲ့တာမလို့လဲ။ အလောင်းတောင်ကို ဖြတ်၊ သွေးပင်လယ်ကို လက်ပစ်ကူးလာခဲ့တဲ့ အစွမ်းထက်ပညာရှင်တစ်ယောက်မှာပဲ အဲဒီလို နတ်ဆိုးဆန်တဲ့ အသတ်အဖြတ်အရှိန်အဝါမျိုး ရှိနိုင်တာလေ”
ကျောက်ရီဖန်း၏ မျက်လုံးများသည် နောက်တစ်ဖန် တောက်ပလာ၏။
တာအိုစောင့်ရှောက်သူနှစ်ယောက်မှာ တအံ့တဩ ငေးကြည့်နေသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ပို၍အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မန်ဟို့ဆီ ပြေးဝင်သွားသည်။
သူတို့ အနားရောက်လာသည့်အခါ မန်ဟိုက ရုတ်တရက် ခေါင်းမော့လာသည်။ ထို့နောက် တဟားဟား အော်ရယ်လေ၏။ သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာရာ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များကို ခြောက်သွေ့ညှိုးနွမ်းလာစေသည်။ မြေကြီးပင်လျှင် ပက်ကြားအက်လာသည်။
မန်ဟို၏စွမ်းအင်မှာ တဟုန်ထိုး မြင့်တက်နေဆဲဖြစ်ပြီး သူ၏ရန်သူလေးဦး ချဉ်းကပ်ရောက်လာစဉ် ခြေထောက်ကို မြှောက်၍ ရှေ့တစ်လှမ်းတက်လိုက်သည်။ သူသည် ညာလက်ကို ဆန့်ထုတ်ပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို စွမ်းအားအပြည့်အဝဖြင့် အသုံးပြုလိုက်၏။
ဂျိန်းးးးး
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က သူ့ကိုယ်အတွင်း၌ ရှိသည့် အသတ်အဖြတ်စိတ်ဆန္ဒနှင့် နတ်ဆိုးစိတ်ဆန္ဒအလုံးစုံကို စုစည်းလိုက်သည်။ မမြင်ရသော မိစ္ဆာချီများက ကျင့်ကြံသူလေးယောက်ကို တုံ့ခနဲ ရပ်သွားစေလိုက်သဖြင့် ကြီးမားသောစွမ်းအားကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။
မန်ဟိုက နောက်တစ်လှမ်းတက်ပြီး ဖန်းတုံးအာ၏အရှေ့တွင် ရပ်နေလေပြီ။ သူသည် ညာလက်ကို မြှောက်၍ ဖန်းတုံးအာ၏ ဗိုက်ကို ရက်ရက်စက်စက် ထိုးကာ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ သူမကိုယ်ပေါ်ရှိ ကျောက်စိမ်းပြားသုံးပြားက သူမအစား သေဆုံးသွားသည့်အလား ကြေမွသွားလေသည်။
မန်ဟို့ညာလက်က ရုတ်တရက် ဖန်းတုံးအာ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူက အားပြင်းပြင်း ညစ်ချလိုက်၍ ဖန်းတုံးအာမှာ ခိုင်မာပြတ်သားသော မျက်ဝန်းများဖြင့် လက်ကို ပြတ်ထွက်သွားစေကာ အမြန်ဆုံး နောက်ဆုတ်လိုက်သည်။ မန်ဟိုက သူမကို သွေးအေးအေး ကြည့်လိုက်သော်လည်း လိုက်မသွားပေ။ ထိုအစား သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ကျောက်ရီဖန်း၏ အရှေ့တည့်တည့်တွင် ပေါ်လာ၏။ နောက်ထပ်လက်သီးတစ်လုံး ထွက်သွားပြီး ကျောက်ရီဖန်းမှာ ပါးစပ်သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားလေသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက နေကျောက်ခဲအား ကိုင်ထားသောလက်ကို မြှောက်လိုက်သည်။
“ကြေမွလိုက်” သူက အက်ကွဲကွဲဩဩကြီးဖြင့် ပြောသည်။ နေကျောက်ခဲသည် ကြေမွပြီး ပေါက်ကွဲသွားရာ ပြင်းထန်သောအပူလှိုင်းတစ်လှိုင်းအား ဖြာထွက်သွားစေရင်း ကျောက်ရီဖန်းကို လွှမ်းခြုံသွားစေ၏။
ကျောက်ရီဖန်းတစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်သွားသည်။ သူ့မှာ ငြီးငြူအော်ဟစ်ပြီးနောက် သွေးအန်ရင်း အမြန်ဆုံး နောက်ဆုတ်သွားလေသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက တတိယလက်သီးကို ပစ်သွင်းလိုက်သည်။ ဤလက်သီးက လီလင်းအာ၏တာအိုစောင့်ရှောက်သူအပေါ် ကျရောက်သွား၏။ နတ်ဆိုးစိတ်ဆန္ဒ၏စွမ်းအားအပြည့်အဝဖြင့် အထောက်အပံ့ပေးထားသော လက်သီးချက်က အဘိုးကြီးအား သွေးအန်လိုက်ရစေသည်။ အဘိုးကြီးမှာ ထိတ်လန့်သွားရင်း ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် နတ်ဆိုးစိတ်ဆန္ဒ၏စွမ်းအားကို ငှားယူ၍ စိတ်ဝိညာဉ်နယ်ပယ်၏အထွတ်အထိပ်အား ခဏတဖြုတ် ကျော်လွန်သွားခဲ့သယောင်ပင်။
သူ့မှာ အမြင်အာရုံဝေဝါးလာသဖြင့် လေးချက်မြောက်လက်သီးကို မပစ်လွှတ်လိုက်ပေ။ သူ့အနေဖြင့် နတ်ဆိုးစိတ်ဆန္ဒကို ပြန်ခေါ်နိုင်သော်လည်း အချိန်ကြာလွန်းလျှင် သက်ရောက်မှုများအား တွန်းလှန်၍ရတော့မည်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် အဝေး၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“ဝေးဝေးနေ” ဖန်းတုံးအာက မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားရင်း လှမ်းအော်သည်။ သူတို့ဝိုင်းတိုက်ကြသောကဏ္ဍတွင် အရေးအကြီးဆုံးမှာ မန်ဟို၏ မိုးကြိုးဒယ်အိုးသုံးနိုင်စွမ်းကို ကန့်သတ်ရန် ဖြစ်ခဲ့၏။ ၎င်းကို ဖိနှိပ်ဖို့ ကြယ်ကျောက်ခဲကို သုံးရမည့်အပြင် သူ နေရာလဲနိုင်သော ပတ်ဝန်းကျင်အတွင်း မည်သူမျှရှိမနေဖို့လည်း လိုအပ်သည်။
ဤသည်မှာ လူတိုင်း နားလည်သောအရာဖြစ်၍ တခြားသူများ မန်ဟိုမမြင်နိုင်သော နေရာမှ စောင့်နေကြစဉ် လေးယောက်တည်း သူ့ကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ချဉ်းကပ်လာနေသော ပုံရိပ်မှာ ဖန်းတုံးအာ၏အသံကို ကြားလိုက်လျှင်ချင်း အမြန်ဆုံး နောက်ဆုတ်လိုက်သည်။ သို့သော် အဝေးရှိ ပုံရိပ်ကို ကြည့်ရင်း မန်ဟို့မျက်လုံးများ လင်းလက်သွား၏။ ရုတ်တရက် မိုးကြိုးဒယ်အိုး သူ့လက်ထဲတွင် ပေါ်လာသည်။ လျှပ်စီးများ ကခုန်လာပြီး မန်ဟိုက အဝေးရှိ ပုံရိပ်နှင့် နေရာချင်း လဲလိုက်လေပြီ။
သူတို့နေရာလဲသွားသည့်အခိုက်အတန့်တွင် မန်ဟိုသည် နားတွင် အသံတစ်သံအား ကြားလိုက်ရ၏။
“အစ်ကိုမန်၊ အစ်ကို ဒီကဖြတ်သွားမှာကို အရင်သိခဲ့တာ ကျီယင်ပဲ”
မန်ဟိုက အသံကို ကြားပင်မကြားသည့်အလား ဂရုမစိုက်ပေ။ သူ၏မျက်လုံးများက မည်းနက်နေပြီး အသိစိတ်မရှိတော့သည့်အလား ထင်ရ၏။ သို့သော် သူနှင့် နေရာချင်းလဲသွားသည့်လူမှာ ဖန်တုံးဟန်မှတစ်ပါး အခြားမဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် မည်သူမှ မတွေ့ရှိနိုင်သောအလင်းရောင်တစ်စ သူ၏မျက်လုံးများတွင် တောက်ပသွားသည်။
သူနှင့်နေရာလဲပြီးနောက် မန်ဟိုသည် ဝိုင်းတိုက်နေသည့်ရန်မှ လွတ်သွားသည်။ အဝေးရှိ အံ့ဩထိတ်လန့်နေသော လူအုပ်ကြီးအား လှမ်းကြည့်လိုက်စဉ် လျှပ်စီးများက သူ၏ပတ်ပတ်လည်တွင် ကခုန်လျက်ရှိချေသည်။
သူက နေရာလဲရန် ပစ်မှတ်နောက်တစ်ခုကို လျင်မြန်စွာ ရှာတွေ့သွားသည်။ တစ်စုံတစ်ယောက်ကို မြင်ရသရွေ့ နေရာလဲနိုင်ပြီး စောစောကကဲ့သို့ ဝိုင်းတိုက်ခံရတော့မည်မဟုတ်ပေ။
နေရာလဲသိုင်းအား ထပ်ကာထပ်ကာ အသုံးပြုနေခြင်းကြောင့် သူ၏ခန္ဓာကိုယ်မှ ပျက်စီးတော့မတတ် ဖြစ်နေပြီး ထာဝရအလွှာမှာလည်း အသည်းအသန် အလုပ်လုပ်ပေးနေသည်။ သို့သော် သူ့မှာ စောစောက အားအင်ကုန်ခမ်းခဲ့မှုမှ နာလန်ထူဆဲဖြစ်သည့်အတွက် အပြည့်အဝ မကုသပေးနိုင်ပေ။ ထို့ကြောင့် အချိန်လိုလိမ့်မည်။
***