ကျင်ရှန်း အကြွေးဆပ်ခြင်း
Vol. 59 Ch. 825
ကံဆိုးစွာနှင့် မန်ဟို့အတွက် အေးဆေးသက်သာနေရန် အချိန်ကားမရှိ။
သူ့မှာ နဝမတောင်နှင့်ပင်လယ်၏ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ ရွေးချယ်ခံများ၏ အဝိုင်းခံထားရလေသည်။ အားလုံးနီးပါး ရောက်ရှိနေကြပြီး သူ့အနေဖြင့် နေရာလဲသိုင်းကို သုံးနိုင်လျှင်တောင်မှ သူ့အတိုင်းအတာနှင့်သူ ရှိသေး၏။
ထိုမျှသာမက ရွေးချယ်ခံများနှင့် တာအိုစောင့်ရှောက်သူများသည် မန်ဟို ဝိုင်းတိုက်နေသည့်ကြားမှ လွတ်မြောက်သည့်အဖြစ်ကို မှင်သက်နေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်သွားကြပြီဖြစ်ပြီး သူ့ကို ဖမ်းဖို့ လိုက်လာကြလေပြီ။
မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တရိပ်ရိပ် သွားနေစဉ် ဝမ်မူနှင့် ကျန်ရွေးချယ်ခံများက နောက်မှလိုက်နေကြသည်။ တဖြေးဖြေး သူ့နောက်မှ လိုက်လာသူများ များသထက်များလာသည်။
လက်တစ်ဖက်ပြတ်နေသော ဖန်းတုံးအာ သူ့အနောက်မှ လိုက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း ကျောက်ရီဖန်းကိုတော့ အရိပ်အယောင်ပင် မမြင်ရပေ။
မန်ဟိုသည် လူအုပ်ထဲတွင် ဖန်မျိုးနွယ်စု၏ ဖန်ရှန်ရှန်းကိုလည်း မြင်လိုက်ရ၏။
ကြည့်ရသရွေ့ အကြီးစားတိုက်ပွဲကြီး ဖြစ်ပျက်တော့မည့်အလားပင်။ သို့သော် ဤအခိုက်အတန့်တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ မန်ဟို့ခြေထောက်အောက်ရှိ မြေကြီးမှာ တုန်ခါလာပြီး မန်ဟို့အရှေ့ရှိ တောင်ထိပ်တစ်ခုမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသဖြင့် အက်ကြောင်းများ ပျံ့နှံ့လာလေသည်။
တောင်ထိပ်ပေါက်ကွဲသွားစဉ် အလင်းတန်းကြီးတစ်တန်းက အပျက်အစီးများကြားမှ ထိုးထွက်လာသည်။ ၎င်းသည် အဖိုးထိုက်ရတနာတစ်ပါး၏အသွင်ကို ဆောင်နေပြီး မန်ဟို့နောက်လိုက်နေသူအားလုံး၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်၏။
တစ်ချိန်တည်းမှာပင် မြေကြီးမှာ ပြိုကျတော့မည့်ပုံပေါ်လာသည်။ မီတာတစ်ထောင်နီးပါးရှည်လျားသော ဧရာမအဝါရောင်ငါးသလဲထိုးတစ်ကောင်က ရုတ်တရက် မြေကြီးကို ဖောက်ထွက်လာသဖြင့် မြေကြီးမှာ အိကျသွားလေသည်။ ငါးသလဲထိုးတစ်ကောင်တည်းမဟုတ် ၊ စုစုပေါင်းကိုးကောင် ပေါ်လာခဲ့ခြင်းပင်။
ဗြုန်းခနဲ စစ်တလင်းအခြေအနေကား လုံးဝ ပြောင်းလဲသွားတော့သည်။
“မိစ္ဆာငါးသလဲထိုး”
“မိစ္ဆာငါးသလဲထိုးက ဘယ်လိုလုပ် ဒီမှာ ရှိနေနိုင်မှာလဲ”
“သောက်ကျိုးနည်း။ မိစ္ဆာငါးသလဲထိုးတွေက မြောက်ကျူပင်ဂြိုဟ်ဇာတိမဟုတ်လား”
မိစ္ဆာငါးသလဲထိုးကိုးကောင်က ဆိုင်းမဆင့်ဗုံမဆင့် ပေါ်လာခဲ့သဖြင့် တစ်နေရာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ မြေငလျင်တို့ လှုပ်ခတ်နေစဉ် အလျင်လိုနေသောအသံတစ်သံက မန်ဟို့စိတ်ထဲ ပေးပို့ခံလိုက်ရသည်။
“မန်ဟို တတိယမိစ္ဆာငါးသလဲထိုးဆီ သွားလိုက်”
အသံကြောင့် မန်ဟိုသည် သတိလက်လွတ်ဖြစ်နေသော အခြေအနေမှ နိုးထလာ၏။ သူက တတိယမိစ္ဆာငါးသလဲထိုးကို လှမ်းကြည့်ပြီးနောက် ချက်ချင်း ၎င်းဆီ ဦးတည်လိုက်သည်။ သူ အနားရောက်လာလျှင် ဧရာမမိစ္ဆာငါးသလဲထိုးက ပါးစပ်ကြီးဟ၍ သူ့ကို ဝါးမြိုကာ မြေကြီးထဲ ပြန်ဝင်သွားလေသည်။
မြေကြီးပေါ်ရှိ လူများမှာ အော်ဟစ်သတိပေးပြီး ဝင်နေသော ငါးသလဲထိုးကို တားဖို့ ကြိုးစားလိုက်ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် ကျန်မိစ္ဆာငါးသလဲထိုးများက တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွား၏။ ကြီးမားသော ပေါက်ကွဲမှုများက မြေပြင်တစ်လျှောက် လိမ့်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် တောင်ထံမှ ဖြာထွက်နေသော အလင်းရောင်က အဆုံးစွန်အထိ တောက်ပလာရင်း မည်သူမှ အလင်းမှတစ်ပါး ဘာဆိုဘာမှမမြင်တော့သည်အထိ မြေပြင်ကို လွှမ်းခြုံလိုက်သည်။
နောက်ဆုံးတော့ အလင်းသည် မှောင်မိုက်လာ၏။
မန်ဟိုမှာမူ မိစ္ဆာငါးသလဲထိုး၏ ဝါးမြိုခြင်းခံလိုက်ရပြီးနောက် တစ်လောကလုံး အမှောင်ဖုံးသွားခဲ့သည်။ သို့သော် သူသည် ထိုသတ္တဝါကြီး အမြန်ဆုံး ရွေ့လျားနေသည်ကို ခံစားရသဖြင့် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ ထို့နောက် နတ်ဆိုးစိတ်ဆန္ဒကို အလျင်အမြန် နှင်ထုတ်ပြီး ဆေးလုံးအမြောက်အမြားစားကာ ကုသခြင်း စတင်တော့သည်။
မန်ဟိုသည် စောစောက တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရခဲ့၏။ သို့သော် သူ့ဘဝတစ်လျှောက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးသော အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ပင် မရတော့သဖြင့် အစမှ အဆုံးအထိ သူ့စိတ်မှာ တည်ငြိမ်အေးဆေးနေခဲ့လေသည်။
အချိန်များ ကုန်လွန်သွားသည်။ ရက်အနည်းငယ်ကြာသော် မိစ္ဆာငါးသလဲထိုးသည် ရွေ့လျားနေခြင်း ရပ်သွားပြီး မြေကြီးထဲ နစ်မြုပ်သွား၏။ မန်ဟို မျက်လုံးများ ဖွင့်လိုက်သောအခါ မိစ္ဆာငါးသလဲထိုး၏ တူးမြောင်းသဖွယ် ကိုယ်ထဲတွင် သူနှင့်အတူ လူသုံးဦးရှိနေကြောင်း မြင်လိုက်ရသည်။
ခေါင်းဆောင်နေရာရှိ လူမှာ မျက်နှာလွှားဇာနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမမျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမမျက်ဝန်းလေးများမှာ လှပလွန်းလေရာ အမျိုးသမီးကိုယ်တိုင်လည်း ကြည့်မဝအောင် လှကြောင်း ပြောနိုင်လေသည်။
သူမ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ပါးရေတွ့န်နေသော အဘွားအိုတစ်ယောက်စီ ရှိသည်။ သူတို့သည် အတွေ့အကြုံများ ရှိပုံပေါ်ပြီး မျက်လုံးများက မှေးမှိန်ဖျော့တော့နေသည်။ မှန်ပါသည်၊ ထိုမှေးမှိန်မှုအတွင်း မုန်တိုင်းသဖွယ် သောင်းကျန်းတတ်မှုအား မြင်ရပေမည်။
မန်ဟိုက အမျိုးသမီးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။ “ငါတို့ မတွေ့ရတာ နှစ်နဲ့ချီပြီပဲ”
အမျိုးသမီးကား ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။
ကျင်ရှန်းဘေးတွင် ရပ်နေသော အဘွားအိုတစ်ယောက်က အေးစက်စက် ပြောသည်။ “နင် မိစ္ဆာအင်မော်တယ်ဂိုဏ်းကို ပြသပေးခဲ့တဲ့ ကြင်နာမှုကို ဒီနေ့ ငါတို့နှစ်ယောက် ပြန်ဆပ်ပြီးပြီ။ ငါတို့ရဲ့မိစ္ဆာငါးသလဲထိုးက နင့်ကို ကျီယင် အကွက်ချထားတဲ့ ပူးပေါင်းတိုက်ခိုက်မှုကနေ ကယ်တင်ပေးခဲ့ပြီးပြီ”
အဘွားအိုက မန်ဟို့ခေါင်းပေါ်ရှိ ကြေးမီးအိမ်ကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ ဘာမှ မပြောတော့ပေ။ သူမသည် ကျန်တာအိုစောင့်ရှောက်သူနှင့်အတူ တင်ပျဉ်ခွေထိုင်လိုက်၏။
ကျင်ရှန်းက မန်ဟို့အရှေ့တွင် လာရပ်သည်။ သူ့ကို တခဏကြည့်ပြီးနောက် သူမသည် ပါးစပ်ကလေးကို လက်နှင့်အုပ်ကာ ရယ်လေ၏။
မျက်နှာလွှားဇာဖြင့် မျက်နှာအား ဖုံးကွယ်ထားသည့်တိုင် သူမ၏ရယ်သံလေးမှာ ချိုမြိန်ပြီး ဆွဲဆောင်မှုရှိလေသည်။
“ငါပြောခဲ့သလိုပဲ မိစ္ဆာအင်မော်တယ်ဂိုဏ်းက နင့်အပေါ် ကျေးဇူးအကြွေးတင်နေပါတယ်ဆို” သူမက ပြောသည်။ သူမသည် မန်ဟို့အား ကျောက်စိမ်းပုလင်းတစ်ပုလင်း ကမ်းပေး၏။ “ဒါက ဆေးလုံး၊ မိစ္ဆာအင်မော်တယ်ဂိုဏ်းက ရှေးဟောင်းဆေးလုံးတစ်လုံးပဲ။ နင့်ဒဏ်ရာတွေကို မြန်မြန် ကုသပေးလိမ့်မယ်”
မန်ဟိုက ဘာမှမတုံ့ပြန်သလို၊ အံ့ဩသွားပုံလည်း မရပေ။ စောစောက သူ့စိတ်ထဲသို့ ပေးပို့ခဲ့သည့် အသံမှာ သူမအသံဖြစ်ခဲ့သည်မဟုတ်ပါလော။
သူက ကျောက်စိမ်းပုလင်းကို ယူ၍ ဖွင့်လိုက်သည်။ အထဲတွင် အနီရောင်ဆေးလုံးတစ်လုံး ရှိနေပြီး သူ၏ဆေးဝါးတာအိုအသိအရ သာမန်မဟုတ်ကြောင်း ချက်ချင်း ပြောနိုင်လေသည်။ တခဏကြာ စဉ်းစားပြီးနောက် သူက ဆေးလုံးကို သေချာစစ်ဆေးပြီး မြိုချလိုက်သည်။
“မကြောက်ဘူးလား” ကျင်ရှန်းက ကောက်ကာ ငင်ကာ မေးသည်။
“တောင်ကောင်းကင်ဂြိုဟ်မှာ ဘယ်သူမှ ငါ့ကို အန္တရာယ် မပေးနိုင်ဘူး” မန်ဟိုက အေးအေးဆေးဆေး ပြောသည်။
“ဟုတ်လား ဒါဆို စောစောက ဝိုင်းတိုက်ကြတဲ့ဟာကရောဟင်”
“ငါ့ကိုယ်ငါ လေ့ကျင့်ပေးနေတာ။ ငါ တကယ်သေဖို့ ဖြစ်လာခဲ့ရင် အခြေအနေ ပြောင်းလဲသွားလိမ့်မယ်” ထိုသို့ပြောရင်း သူက မျက်လုံးမှိတ်လိုက်ရာ အဘွားအိုနှစ်ယောက်အား မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်မိစေသည်။
ဆေးလုံးတွင် အဆိပ်မရှိပေ။ သူ စားလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက နွေးထွေးသောစီးကြောင်းလေးအလား သူ့ကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ သူ့ကျောရှိ ဓားဒဏ်ရာမှာ ချက်ချင်း ပျောက်ကင်းသွားပြီး အနက်ရောင်မြူများက သူ့ညာလက်ဖဝါးမှ စိမ့်ထွက်လာသည်။
ရက်အနည်းငယ် ကြာသွားပြီး မန်ဟို မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါတွင် သူ့လက်မှာ သူ့ခန္ဓာကိုယ်ထဲမှ တစ်စက်မကျန် ထုတ်ခံထားရသော နတ်ဆိုးစိတ်ဆန္ဒအနက်ရောင်မြူများဖြင့် ပြည့်နေလေပြီ။
နတ်ဆိုးစိတ်ဆန္ဒကို နှင်ထုတ်ပြီးနောက် မန်ဟိုမှာ ရင်တဒိန်းဒိန်းတုန်နေသည်ကို ခံစားလိုက်ရသည်။ ဤမတော်တဆမှုတွင် ကြုံတွေ့ခဲ့ရသော အန္တရာယ်မှာ သူ့အသက်အတွက် အန္တရာယ်မဟုတ်ဘဲ နတ်ဆိုးစိတ်ဆန္ဒ၏လွှမ်းမိုးမှု ဖြစ်ခဲ့သည်။ နတ်ဆိုးစိတ်ဆန္ဒက သူ့ကို မယုံနိုင်ဖွယ်စွမ်းအားကို ပေးစွမ်းနိုင်သော်လည်း ထိုအတွက် ပေးဆပ်ရသည့် တန်ရာတန်ကြေးကား နည်းနည်းနောနော မဟုတ်ပေ။
ယခုတွင် နတ်ဆိုးစိတ်ဆန္ဒအား ကိုင်တွယ်ပြီးပြီဖြစ်၍ မန်ဟို့ဒဏ်ရာများမှာ အကောင်းပကတိနီးပါး သက်သာသွားလေပြီ။
”ကျေးဇူးတင်ပါတယ်” သူက ထိုင်နေသော အဘွားအိုနှစ်ယောက်နှင့် ကျင်ရှန်းကို ပြောလိုက်သည်။
ကျင်ရှန်းက မန်ဟို့လက်ထဲရှိ နတ်ဆိုးစိတ်ဆန္ဒကို ကြည့်ပြီး တခဏတွေးကာ မန်ဟို့ကို ပြန်ကြည့်သည်။
“ကျီယင်က နင့်ဒုတိယကိုယ်အစစ်ကို ချိတ်ပိတ်ပြီး သူနဲ့အတူ ခေါ်သွားတယ်”
မန်ဟို၏မျက်လုံးများ သွေးအေးသွားသည်။
“ကိစ္စမရှိဘူး” သူက ပြန်ဖြေသည်။ “သွားပြန်ယူရုံပဲပေါ့” ထိုသို့ပြောပြီး သူက ထရပ်ကာ လက်နှစ်ဖက်ယှက်၍ ကျင်ရှန်းနှင့် အဘွားအိုနှစ်ဦးကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”
“ယဉ်ကျေးနေစရာမလိုပါဘူး” ကျင်ရှန်းက ပြန်ပြောသည်။ “ငါတို့က အဲဒီနှစ်တုန်းက ကျေးဇူးကို ပြန်ဆပ်ပေးရုံတင်ပါ” အဘွားအိုနှစ်ယောက်က မန်ဟို့ကို လေးလေးနက်နက် ကြည့်ရုံသာ ကြည့်နေလေသည်။
ကျင်ရှန်းက ပြုံးလိုက်သည်။ မန်ဟို ခွဲခွာလိုကြောင်း မြင်သောအခါ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့အနောက်၌ လည်နေသော ဝဲတစ်ဝဲအား ပေါ်လာစေ၏။ ဝဲတွင် အပြင်လောကရှိ တောင်တန်းကြီးအား မြင်ရနိုင်လေသည်။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ့အတွက် မင်း လုပ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ငါ မှတ်ထားမှာပါ” မန်ဟိုက ပြောသည်။ သူသည် ထပ်မံ အရိုအသေပေးပြီးနောက် ကျင်ရှန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်၏၏။ ကျင်ရှန်းမှာ ရှေးခေတ်မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်ပြောင်းသတိရလိုက်သဖြင့် နှလုံးသားလေး မတုန်ရီသွားအောင် မထိန်းနိုင်တော့ပေ။
မန်ဟိုက လှည့်၍ မုခ်ဝဆီသို့ လမ်းလျှောက်သွားသည်။
“နင် လက်ထပ်ပြီးပြီဆို ဟုတ်လား” ကျင်ရှန်းက မေးလိုက်သည်။
မန်ဟိုက လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။
“ဟုတ်တယ်”
“ဝမ်းသာပါတယ်” ကျင်ရှန်းက ပုံမှန်အတိုင်း တည်ငြိမ်နေသော အပြုံးလေးဖြင့် ပြောသည်။ “ဪ ဒါနဲ့ ငါ နင့်ကို ပြောပြချင်တဲ့ တခြားသတင်းတစ်ခု ရှိသေးတယ်။ သိပ်မကြာခင် နဝမတောင်နဲ့ပင်လယ်မှာ ကိစ္စကြီးတစ်ခုဖြစ်တော့မယ်။ တာအိုဆရာအဖွဲ့အစည်းသုံးခုက အထွတ်အမြတ်မြေငါးခု၊ ဘုရားကျောင်းသုံးကျောင်းနဲ့ ဂိုဏ်းခြောက်ဂိုဏ်းဆီက အထောက်အပံ့နဲ့အတူ ဂိုဏ်းသားအသစ်လက်ခံပွဲကျင်းပလိမ့်မယ်
“အဲဒီလိုပွဲမျိုးက မကြာမကြာ ကျင်းပတတ်ပြီး အချိန်ကျလာရင် နဝမတောင်နဲ့ပင်လယ်မှာရှိတဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်အထက်၊ အင်မော်တယ်နယ်ပယ်အဆင့်အောက် ဘယ်သူမဆို ဝင်ပြိုင်ခွင့်ရှိတယ်
“တချို့က ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ရဖို့ မျှော်လင့်ရင်း ဝင်ပြိုင်ကြတယ်။ တချို့ကတော့ ဆုလာဘ်အဖြစ် ပေးမယ့် အဖိုးထိုက်ရတနာတွေအတွက် ဝင်ပြိုင်ကြတာပေါ့”
မန်ဟို၏မျက်လုံးများက အာရုံစူးစိုက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် တခဏ တွေးပြီးသော် ခေါင်းညိတ်ပြီး ဝဲထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
တိတ်ဆိတ်မှုက မိစ္ဆာငါးသလဲထိုးထဲတွင် မင်းမူသွား၏။ အဘွားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကို ချီတုံချတုံ ကြည့်လိုက်ကြသည်။
“သူက ကျွန်မအပေါ် ကျေးဇူးတော်တော်ရှိခဲ့တာပါ” ကျင်ရှန်းက တည်ငြိမ်စွာ ဆိုသည်။
အဘွားနှစ်ယောက်က ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ ဒဏ်ရာရထားတဲ့ပုံပေါ်ပေမယ့် အရင်အတိုင်း သတိရှိနေတုန်းပဲ။ သူ့လို ရွေးချယ်ခံမျိုးမှာ သေချာပေါက် ဝှက်ဖဲတွေ ရှိလိမ့်မယ်
“ဒါ့အပြင် နိုးလာတုန်းက သူ့မှာ ကျောထောက်နောက်ခံ ရှိနေသလို ယုံကြည်ချက်ရှိနေတဲ့ပုံပေါ်တယ်။ အခုမှ စဉ်းစားကြည့်တော့ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို သူများတွေထက် စောပြီး သူ ဝင်နိုင်ခဲ့တာကို ထည့်တွက်ရင် ယုတ္တိရှိတယ်”
**
မန်ဟိုသည် ဝဲမှတစ်ဆင့် မိစ္ဆာငါးသလဲထိုးအတွင်းမှ ထွက်လာကာ ညနေခင်းကောင်းကင်အောက်တွင် ပေါ်လာသည်။ သူ့ခေါင်းအထက်ရှိ ကြေးမီးအိမ်၏ မီးတောက် လင်းလာသော် မန်ဟိုမှာ စိတ်သက်သာရာရသွားလေသည်။
မီးအိမ်မှာ မငြိမ်းသေးသည့်အတွက် မန်ဟို၏တွက်ချက်မှုများ မှန်ကန်လျှင် ၄၉ ရက်အနက် လေးရက်သာ ကျန်တော့လေသည်။
“လေးရက်...” သူက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် တွေးလိုက်သည်။
“လေးရက်အတွင်း ကြေးမီးအိမ်ရဲ့ ကံကြမ္မာကောင်းက ပြည့်သွားလိမ့်မယ်။ အဲဒီလိုဖြစ်ရင် ငါ ဒီလူတွေ ဒီကို လာခဲ့အတွက် တန်ရာတန်ကြေးပေးဆပ်ခိုင်းဖို့ ငါ့ကိုယ်ငါ ချုပ်တည်းနေစရာမလိုတော့ဘူး” သူက အေးစက်စက် နှာမှုတ်ရင်း အဝေးသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ပထမဆုံး သူလုပ်သည့်အရာမှာ လျှို့ဝှက်ကျင့်ကြံခြင်းဂူလုပ်ဖို့ သင့်တော်သော နေရာကို ရှာခြင်းဖြစ်သည်။ သူသည် တင်ပျဉ်ခွေလျက် တရားထိုင်ပြီးနောက် အချိန်ကုန်သွားသည်ကို စောင့်နေလိုက်၏။
ရက်များ ကုန်လွန်သွားစဉ် အပြင်လောကရှိ အခြေအနေမှာတော့ သွေးရူးသွေးတန်းဖြစ်နေခဲ့လေပြီ။ အဆုံးမရှိသော တောင်တန်းကြီးထဲတွင် မရေမတွက်နိုင်သော ရွေးချယ်ခံများနှင့် တာအိုစောင့်ရှောက်သူများသည် မန်ဟို့ကို ရှာရန် လူဖြန့်ထားကြ၏။
သူတို့မှာ မန်ဟို မထွက်ပြေးနိုင်အောင် ချုပ်နှောင်မန္တန်များအား တောင်အားလုံး၌ စီရင်ထားကြသည်။ သူတို့သည် သူကို ရှာတွေ့ဖို့အရေး တတ်နိုင်သမျှ လုပ်နေကြ၏။
ချုံခို၍ ဝိုင်းတိုက်ခိုက်ခဲ့ခြင်းမှ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲက လိုက်ဖမ်းနေသူများအား သူ့ကို အထင်သေးခြင်း ကင်းမဲ့သွားစေသည်။ အမှန်တွင် ရွေးချယ်ခံများအကြား၌ အထူးချွန်ဆုံးဟုပင် မြင်နေကြလေပြီ။
တခြားရွေးချယ်ခံတစ်ဦးသာ သူ့လို ချုံခို၍ ဝိုင်းအတိုက်ခံရလျှင် သေချာပေါက် အသတ်ခံရလိမ့်မည် မဟုတ်ပါလော။
ဆန့်ကျင်ဘက်တွင် မန်ဟိုသည် ကျောက်ရီဖန်းကို ဒဏ်ရာဆိုးဆိုးရွားရွား ရစေခဲ့ပြီး ဖန်းတုံးအာ၏လက်ကို ဖြတ်ကာ တာအိုစောင့်ရှောက်သူတစ်ယောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ထိုအတောအတွင်း သူလည်း ဒဏ်ရာရခဲ့သည့်တိုင် ဝိုင်းထားသည့်ကြားမှ ထွက်ပြေးနိုင်ခဲ့သေးလေသည်။
သူ တစ်ယောက်ယောက်ထံမှ အကူအညီရခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း ပြောနိုင်သော်လည်း သူ၏ဂုဏ်သတင်းကား လျင်မြန်စွာ ကြီးထွားလာနေဆဲပင်။
ဤလူများ တောင်ကောင်းကင်ဂြိုဟ်မှ ပြန်သွားလျှင် မန်ဟို၏ သည်းထိတ်ရင်ဖို စွန့်စားမှုများအကြောင်း နဝမတောင်နှင့်ပင်လယ်တစ်ခုလုံး မည်သို့ ဟိုးလေးတကျော်ကျော် ပျံ့နှံ့သွားမည်လဲ စိတ်ကူးကြည့်နိုင်လေသည်။
သူသည် ထိုက်ယန်ကျစ်ကို ဖိနှိပ်၍ စုန့်လော့တန်ကို ချုပ်ကာ လီလင်းအာကို ဖမ်းပြီး စွန်းဟိုက်နှင့် ဖန်ယွင်ရီအား ဆော်ပလော်တီးခဲ့သည်။
သူ့ကြောင့် ဖန်းတုံးအာသည် နတ်ဘုရားမလေးအဖြစ်မှ သရဲကပ်ခံနေသော အမျိုးသမီးဘဝ ရောက်ခဲ့ပြီး လက်တစ်ဖက်လည်း ပြတ်ခဲ့ရသည်။ ကျောက်ရီဖန်းလည်း ဒဏ်ရာအပြင်းအထန် ရထားပြီး တိုက်ပွဲမှ ဆုတ်ခွာခဲ့ရသည်။ သူသည် တာအိုစောင့်ရှောက်သူတစ်ဦးကို ဒဏ်ရာစေခဲ့သည့်အပြင် လူတစ်ထောင်နီးပါးလိုက်ရှာနေခြင်းကိုလည်း ရက်ပေါင်းများစွာ ရှောင်တိမ်းနိုင်ခဲ့၏။ ထိုအရာအားလုံးက ... မည်သည့်ရွေးချယ်ခံကိုမဆို လုံးလုံးလျားလျား တုန်လှုပ်သွားစေရန် လုံလောက်လေသည်။
ဤအခိုက်အတန့်တွင် မန်ဟို့လေ့ကျင့်ရေးကား ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
သို့ရာတွင် သူကား .... စိတ်မကျေနပ်သေး။
“အဆုံးသတ်ကို ရောက်တော့မယ်”
လေးရက်တာ ကုန်သွားသည်။ အပြင်လောကတွင် ဆက်လက်ရှာဖွေနေကြစဉ် မန်ဟို၏မျက်လုံးများ ပွင့်လာပြီး ကြေးမီးအိမ်နှင့်ပတ်သက်၍ မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။
***