အင်မော်တယ်
Vol. 59 Ch. 826
ယနေ့သည် မန်ဟို ကြေးမီးအိမ်ကို မငြိမ်းအောင် ထိန်းသိမ်းခဲ့သော ၄၉ ရက်မြောက်နေ့ဖြစ်သည်။
ယနေ့ကား နောက်ဆုံးနေ့ဖြစ်၏။
လက်ရှိအချိန်သည် ညအချိန်ဖြစ်ပြီး လမသာပေ။ တောင်တန်းတစ်ခုလုံးသည် မည်သည့်အလင်းရောင်မှ မရှိဘဲ ပိတ်ပိတ်ပိန်း မှောင်မိုက်နေ၏။
တစ်မြေလုံးရှိ တစ်ခုတည်းသော အလင်းရောင်မှာ ... မန်ဟို၏ ကျင့်ကြံခြင်းဂူထဲမှ .... တဖျပ်ဖျပ် လှုပ်နေသော မီးတောက်မှ အလင်းရောင်သာ။
မန်ဟိုသည် ကြေးမီးအိမ်ကို စိုက်ကြည့်ရင်း စောင့်စားနေ၏။ သူ့မှာ ဤအခိုက်အတန့်သို့ ရောက်ဖို့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပြီး ... ယခုတော့ ထိုအခိုက်အတန့်ကား ရောက်ရှိလာလေပြီ။
“မီးအိမ်ကို ၄၉ရက်ကြာ မငြိမ်းအောင် ထိန်းထားရင်” သူက ရေရွတ်လိုက်သည်။ “ငြိမ်းသွားတဲ့ အခိုက်အတန့်ရောက်တဲ့အခါ ငါ့ခန္ဓာကိုယ်ထဲမှာ အင်မော်တယ်အကြောတစ်ကြော ဖော်ဆောင်ပေးလိမ့်မယ်
“အဲဒီအင်မော်တယ်အကြောနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရသွားရင်တော့... ငါ့ရဲ့လမ်းစဉ်ဟာ ရှေးခေတ်ရဲ့ လမ်းစဉ် ဖြစ်သွားလိမ့်မယ်” ဤအခိုက်အတန့်တွင် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ ရွေးချယ်ခံများနှင့် တာအိုစောင့်ရှောက်သူများသည် တစ်ခုခု မူမမှန်ကြောင်း အာရုံရလိုက်ကြ၏။
တောင်တစ်တန်းတစ်ခုလုံးအပေါ် သက်ရောက်နေခဲ့သော ဖိအားက တဖြေးဖြေး မြောက်တက်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် လေပိုင်နက်အပေါ် ကန့်သတ်ထားမှုများလည်း .... ပြေလျော့သွားသည်။
တဖြေးဖြေး ကျရောက်လာတော့မည့် အန္တရာယ်အာရုံကို ခံစားရနိုင်သည်။
ကျီယင်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း တောင်ထိပ်တစ်ခုအပေါ်တွင် ရပ်နေ၏။ ကံကြွေးက သူ့ကို ရစ်သိုင်းလှည့်ပတ်နေရာ ဘယ်သူမှ သူ့အား သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် သူ၏မျက်လုံးများမှာတော့ စူးရှတောက်ပလျက်ရှိသည်။
“သောက်ကျိုးနည်း .... ဒီကံကြွေးက သူ့အပိုင်ဖြစ်ရမှာမဟုတ်ဘူး” ကျီယင်သည် တောင်တန်းအတွင်း ဝင်ရောက်သွားသည့် မရေမတွက်နိုင်သော အလင်းမျှင်များ အသွင်ပြောင်းရင်း ဖျတ်ခနဲ ပျောက်သွား၏။ ဤသည်မှာ မန်ဟိုကို ရှာတွေ့နိုင်မည့် ပြိုင်ဘက်ကင်းနည်းလမ်းတစ်ခု ဖြစ်လေသည်။
တောင်တန်းထဲရှိ ကျန်ရွေးချယ်ခံများလည်း မန်ဟို့ကို ရှာဖို့ နည်းလမ်းပေါင်းစုံအသုံးပြုနေကြသည်။ အထူးသဖြင့် ဖန်းတုံးအာ။ ဤအခိုက်အတန့်တွင် သူမလက်မှ အကောင်းအတိုင်း ပြန်ဖြစ်နေသော်လည်း မန်ဟို၏ နှစ်ကြိမ် အနိုင်ယူခံခဲ့ရခြင်းက သူမမာနအား ရစရာမရှိအောင် ထိခိုက်သွားစေခဲ့သည်။
“သူ့ကို အနိုင်ယူမှပဲ ငါ့တာအိုနှလုံးသားကို ခိုင်မာစေနိုင်မယ်” သူမက သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် တွေးလိုက်သည်။
ဖန်တုံးဟန်သည် နောက်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်ရင်း ဖြစ်ပျက်နေသော အရာအားလုံးကို ပြုံး၍ ကြည့်နေသည်။ စောစောက သူ၏အပြုအမူက သံသယဝင်စရာဖြစ်ခဲ့သော်လည်း သူက ဂရုမစိုက်ပေ။
“ဖန်ဟို၊ မန်ဟို ... စိတ်ဝင်စားစရာပဲ။ သူနဲ့ ဖန်ဝေ ထိပ်တိုက်တွေ့မှာ ငါ မစောင့်နိုင်တော့ဘူး”
ဝမ်မူ၏မျက်နှာသည် တင်းမာခက်ထန်နေသည်။ သူ့မှာ မန်ဟို့ကို ဖမ်းမိဖို့ ခြေလှမ်းတစ်လှမ်း အမြဲ နောက်ကျနေသည်ဟု ခံစားနေရ၏။ သူတို့နှစ်ယောက်ဆုံတိုင်း သူ့အတွက် သူနှင့် ထိပ်တိုက်ချရန် အခွင့်အရေးမရခဲ့ပေ။ လောလောဆယ်တွင် သူသည် အရှေ့ရှိ မြေကြီးအပေါ် ညာလက်တင်ရင်း ထိုင်နေသည်။ သူ၏မျက်လုံးများက ပိတ်ထားပြီး လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုနေသဖြင့် သူ၏မျက်နှာမှာ ငေးမှိုင်လျက်ရှိသည်။ ယခုတွင် သူသည် ဝိညာဉ်ကို မြေကြီးနှင့် တစ်သားတည်းဖြစ်စေရင်း နတ်ဘုရားအာရုံကို သုံး၍ မန်ဟို့အား ရှာနေလေသည်။
အားလုံးအထဲ အပူတပြင်းအဖြစ်ဆုံးသူများမှာတော့ နေသူရိန်တောင်၊ စုန့်မျိုးနွယ်စု၊ လီမျိုးနွယ်စုနှင့် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ ကျင့်ကြံသူများပင်။ သူတို့၏ရွေးချယ်ခံများမှာ မန်ဟို၏ဖမ်းဆီးခြင်းခံထားရသဖြင့် လုံးဝအရှက်တကွဲအကျိုးနည်းဖွယ်ရာကြီး ဖြစ်လေသည်။ ပိုက်စိတ်တိုက် ရှာနေကြစဉ် သူတို့၏တာအိုစောင့်ရှောက်သူများမှာ မှုန်သုန်နေကြ၏။
“ငါချီးတဲ့မှပဲ။ ငါတို့ရဲ့ကျင့်ကြံခြင်းအခြေခံတွေသာ ချိတ်ပိတ်မခံထားရရင် မန်ဟိုတော့ ဘယ်တော့မှ ဒီလောက်မောက်မာရဲမှာမဟုတ်ဘူး”
“သေပြီသာမှတ်။ ငါတို့ရှာတွေ့တာနဲ့ သူ သေရမှာ မလွဲဧကန်ပဲ”
လူတိုင်း မန်ဟို့ကို ရှာဖွေနေကြပြီး ရှာဖွေနေသောစက်ကွင်းမှာ သေးငယ်လာသည်။ အကုန်လုံး မန်ဟိုနှင့် သူ၏ကျင့်ကြံခြင်းဂူအနား ရောက်သထက် ရောက်လာကြလေပြီ။
ညကား .... မိုးသောက်ချိန်အဖြစ် ပြောင်းလဲလာသည်။
ရုတ်တရက် ကြေးမီးအိမ်၏မီးတောက်သည် မယုံနိုင်လောက်အောင် အားကောင်းလာ၏။ ၎င်းက ကျင့်ကြံခြင်းဂူကို အလင်းရောင်ပေးနေသော မီးတုတ်တစ်ချောင်း ဖြစ်လာလေသည်။ အမှန်တွင် အလင်းက ဂူနံရံမှ စိမ့်ထွက်ကာ ... အပြင်လောကတွင် လင်းထိန်လာလေပြီ။
မန်ဟိုမှာ သိမ့်ခနဲ တုန်ရီလာပြီး သူ၏သွေးများ ရုတ်တရက် ပြောင်းပြန်စီးလာသည်။ သူ၏မျက်လုံး၊ နား ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သွေးစက်များက ပျံတက်သွားပြီး မီးတောက်နှင့်ပေါင်းစည်းကာ ၎င်းအား ပို၍ပင် လင်းထိန်သွားစေသည်။
ဝုန်း
တောင်တန်းတစ်ခုလုံး တုန်ခါနေပြီး ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခု လိမ့်ထွက်လာသည်။ ကျင့်ကြံသူများစွာ တုန်ရီလာပြီး ဖိအားကြောင့် တင်ပျဉ်ခွေကာ တရားထိုင်လိုက်ရလေသည်။
ဝုန်း
ဒုတိယထစ်ချုန်းသံတစ်သံ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မီးတောက်အလင်းရောင်က ကောင်းကင်အထိ မြင့်တက်သွားသဖြင့် မန်ဟို၏ကျင့်ကြံခြင်းဂူမှာ အရည်ပျော်သွားလေသည်။
ဘီလူးကြီးများ ဖြတ်ပြေးနေသည့်အလား မြေကြီးသည် ပို၍ပြင်းပြင်းထန်ထန် လှုပ်ခါလာပြီး ဖိအားက အဆပေါင်းများစွာ တိုးလာသည်။ တောင်တစ်လုံးအပေါ်တွင် မရေမတွက်နိုင်သော ကံကြွေးမျှင်များ လျှပ်တပြက် ပေါ်လာပြီး လူတစ်ယောက်အဖြစ် ပေါင်းစပ်သွားသည်။ ၎င်းက ကျီယင်ဖြစ်ပြီး သွေးများ ပါးစပ်မှ စီးကျနေ၏။
သူ့မှာ တင်ပျဉ်ခွေထိုင်ပြီး ဖိအားကို အစွမ်းကုန် ပြန်တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ဝမ်မူမှာမူ သွေးများ ပါးစပ်မှ ပန်းထွက်သွားကာ တရားထိုင်လိုက်ရသည်။ ဖန်းတုံးအာနှင့် ကျန်ရွေးချယ်ခံအကုန်လုံးလည်း တုန်လှုပ်သွားပြီး တရားထိုင်လိုက်ကြရသည်။
ထို့နောက် တတိယထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး တောင်တန်းထဲရှိ တာအိုစောင့်ရှောက်သူတစ်ယောက်မကျန် သွေးအန်ပြီး တရားထိုင်လိုက်ရသည်။
တောင်များမှာ တုန်ခါနေပြီး ခေါင်းအထက်တွင် ဘယ်တော့မှ အဆုံးမသတ်တော့မည့်အလား ထင်ရသည့် ဝဲကြီးတစ်ဝဲပေါ်လာသယောင်ပင်။ အလွန်ပြင်းထန်သော ထစ်ချုန်းသံများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းနေစေပြီး မြေပြင်၏ပုံသဏ္ဌာန်ပြောင်းလဲလာသည်ကိုပင် မြင်ရနိုင်လေသည်။
တောင်များ၏အပြင်၊ အရှေ့ဘက်နယ်မြေ.... လေလယ်တွင် မန်ဟို့အဖေနှင့်အမေသည် ရွှေတုန်းလျှိုနှင့်အတူ ပျံဝဲရင်း တောင်များအား ငေးကြည့်နေသည်။ ရွှေတုန်းလျှို၏မျက်ဝန်းများ၌ ထူးဆန်းသောအလင်းရောင်တောက်ပနေသည်ကို မြင်ရနိုင်၏။
“ကံကြမ္မာ ပြောင်းလဲသွားပြီ”
နဂါးငွေ့တန်းပင်လယ်တွင် အဘိုးကြီးသည် သင်္ဘောအပေါ်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူက မျက်လုံးများကို ဖြေးညှင်းစွာ ဖွင့်၍ တောင်တန်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
တောင်တန်းအတွင်း၊ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း မူလရှိခဲ့သောနေရာတွင် ချောက်နက်ကြီးသာ ရှိတော့လေသည်။ သို့သော် ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ထိုချောက်နက်ကြီး၏အလယ်၌ ရုပ်လုံးပေါ်လာ၏။
၎င်းက စုတ်ပြတ်နေသော မီးခိုရောင်ဝတ်ရုံကို ဝတ်ထားသော အဘိုးကြီးဖြစ်ပြီး မန်ဟို့အား လှမ်းကြည့်နေသည်။
ဝုန်း
လေးသံမြောက် ဟိန်းထွက်လာပြီး ဤတစ်ကြိမ်တွင် ၎င်းသည် မိုးကောင်းကင်က ဖြဲစုတ်ပစ်နိုင်သော စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ညအမှောင်ထု ပြောင်းလဲသွားစဉ် တောင်တန်းများ၏အထက်ရှိ ကောင်းကင်ပြင်ကြီးမှာ ပုံပျက်ရှုံ့တွသွားပြီးနောက် ရှေးခတ်၏ ကြယ်တာရာကောင်းကင် ဖြစ်လာသည်။
ကြယ်တာရာကောင်းကင်ထက်တွင် တရိပ်ရိပ်လာနေသော ဝိုးတိုးဝါးတားပုံရိပ်များအား မြင်ရနိုင်သည်။ မရေမတွက်နိုင်သော နဂါးအစစ်များနှင့် အင်အားကြီးမားသော အင်မော်တယ်သားရဲများ တစ်ကောင်ပြီးတစ်ကောင် လာနေကြသည်။
ငါးသံမြောက် ပဲ့တင်ထပ်လာသည်။ မြေပြင်သည် တသိမ့်သိမ့် တုန်ခါလာပြီး မရေမတွက်နိုင်သောတောင်များ ပျောက်ကွယ်ကာ တာအိုဆရာများဝတ်ပြုကျောင်းတစ်ကျောင်း ရုတ်တရက် ပေါ်လာသည်။
ဤသည်ကား တင်ပျဥ်ခွေလျက် တရားထိုင်နေသည့် မရေမတွက်နိုင်သော ပုံရိပ်များနှင့် တာအိုဆရာများဝတ်ပြုကျောင်းအစစ်အမှန် ဖြစ်ချေသည်။ မြင့်သွန်းနေသော တိုင်လုံးကြီးတစ်လုံးအား မြင်ရပြီး အဘိုးကြီးတစ်ယောက်က ၎င်းအပေါ်တွင် ထိုင်ကာ တာအိုတရားဟောနေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ၏ခေါင်းပေါ်တွင်ကား .... ကြေးမီးအိမ်တစ်လုံး။
မီးအိမ်က ကောင်းကင်ထက်သို့ လွင့်လူတက်နေသော အစိမ်းရောင်အငွေ့ကို ထုတ်လွှတ်နေပြီး ထိုအဘိုးကြီးက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည့်အခါ ... မီးခိုးသည် ဧရာမစာလုံးကြီးတစ်လုံးအသွင်ပြောင်းသွား၏။
‘အင်မော်တယ်’
စာလုံး၏ ဖြစ်တည်မှုကို တုံ့ပြန်သည့်အနေဖြင့် တာအိုဆရာများဝတ်ပြုကျောင်းထဲရှိ ပုံရိပ်အားလုံး အဘိုးကြီးကို ရှိခိုးလိုက်ကြသည်။ ကောင်းကင်ရှိ ကြယ်များ မှေးမှိန်သွားပြီး ခေါင်းအထက်ရှိ မရေမတွက်နိုင်သော ပုံရိပ်များလည်း ရှိခိုးလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် နေနှင့်လသည် တောက်ပနေခြင်းအား ရပ်လိုက်ပြီး ကြယ်များပင်လျှင် ဦးညွှတ်အရိုအသေပေးကြသည်။ သက်ရှိသတ္တဝါခပ်သိမ်း ဝပ်တွားရှိခိုးနေကြပြီး ဖြစ်တည်မှုအားလုံး ဦးညွှတ်ခစားနေကြသယောင်ပင်။
ထို့နောက် ခြောက်သံမြောက် ဟိန်းထွက်လာသည်။ အကန့်အသတ်မရှိသော မီးတောက်များက မန်ဟို့ကို ဝန်းရံရင်း မယုံနိုင်လောက်အောင် တောက်ပသော အလင်းရောင်အား အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်လိုက်သည်။
မန်ဟိုက အနန္တအလင်းရောင်ဖြင့် ခြံရံလျက် လေပေါ် ဖြေးဖြေးချင်း မြောက်တက်လာရာ တောင်တန်းတစ်ခုလုံးရှိ ကျင့်ကြံသူအကုန်လုံး ယခုတွင် မန်ဟို့ကို မြင်သွားကြလေပြီ။
သူသည် တင်ပျဉ်ခွေထိုင်နေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ကြေးမီးအိမ်တစ်လုံးအား သူ့ခေါင်းပေါ်တွင် မြင်ရ၏။
သူကား ထိုအဘိုးကြီးနှင့် တစ်ပုံစံတည်းပင်။
အထူးသဖြင့် .... မန်ဟို အလင်းရောင်များ ကွန့်မြူးတောက်ပလျက် ဖြေးညင်းစွာ မြောက်တက်သွားပြီး အဘိုးကြီး၏ပုံရိပ်အပေါ် ထပ်တူကျသွားသည့်အခါတွင်။ လူတိုင်းမှာ လုံးလုံးလျားလျား ရင်သပ်ရှုမောသွားကြလသည်။
မန်ဟို့စိတ်မှာ ဗလာကျင်းနေပြီး လောလောဆယ်တွင် သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေသည်။ သူ့သွေးကြောထဲရှိ သွေးအကုန်လုံး ကြေးမီးအိမ်ထဲသို့ စီးဆင်းနေရာ သူ၏နောက်ဆုံးလက်ကျန်အသက်စွမ်းအားအား တောက်လောင်လာစေသည်။
ကြည့်နေသူများ၏ရှုထောင့်တွင် မန်ဟိုကား ထိုအဘိုးကြီး၏နေရာသို့ အစားဝင်နေလေပြီ။
ရှိခိုးနေသော ပုံရိပ်အားလုံးမှာ အဘိုးကြီးကို ရှိခိုးနေခြင်းမဟုတ်တော့ဘဲ မန်ဟို့ကို ရှိခိုးနေကြလေပြီ။ နေနှင့်လသည် တုန်ရီလာပြီး ကြယ်များ မှေးမှိန်သွား၏။ နဂါးအားလုံး၊ အင်မော်တယ်သားရဲအားလုံး ဒူးထောက်ဂါဝရပြုလိုက်ကြသည်။
ကြယ်ခူးနေသော အင်အားကြီးပုဂ္ဂိုလ်များအပြင် ကြယ်တာရာကောင်းကင်ကို ထမ်းထားသော ဘီလူးကြီးပင် ဒူးထောက်ဂါဝရပြုနေသည်။ ကောင်းကင်နှင့်မြေကြီးပင် ပါဝင်၏။
ဤအခိုက်အတန့်တွင် ခုနစ်ကြိမ်မြောက် ထစ်ချုန်းသွားသံအား ကြားလိုက်ရသည်။
၎င်းသည် ခေါင်းလောင်းသံသဖွယ် တောင်ကောင်းကင်တစ်ဂြိုဟ်လုံးတွင် မြည်ဟည်းသွား၏။ တောင်ကောင်းကင်ဂြိုဟ်အပြင်သို့ ထွက်မသွားခဲ့သော်လည်း ... နဝမတောင်ပေါ်ရှိ အခြားအင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် ခေါင်းလောင်းသံအား ကြားရနိုင်ပြီး မရေမတွက်နိုင်သော အင်မော်တယ်ပုံရိပ်များ ပေါ်လာရာ နဝမတောင်ပေါ်ရှိ လူတိုင်းအား အံ့အားသင့်သွားစေသည်။
တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်ဂြိုဟ်၊ တောင်တန်းအထက်ရှိ လေလယ်တွင် မန်ဟို့ခေါင်းပေါ်က ကြေးမီးအိမ်သည် ... ခုနစ်သံမြောက်ကို တုံ့ပြန်ကာ မှေးမှိန်သွား၏။
မီးတောက်က ငြိမ်းသွားသော်လည်း အလင်းရောင်က ဖြာထွက်နေဆဲဖြစ်သည်။
မဟာတာအိုတစ်ပါးအသွင်ဆောင်နေဟန်တူသော အစိမ်းရောင်အငွေ့တစ်မျှင်က ကြေးမီးအိမ်ထက်တွင် မြောက်တက်လာသည်။ ၎င်းပေါ်လာသည့်အခိုက်အတန့်တွင် ‘အင်မော်တယ်’ စာလုံးအသွင်ပြောင်းသွား၏။
အစိမ်းရောင်အငွေ့များဖြင့် ဖွဲ့စည်းထားသော စာလုံးလေးတစ်လုံးက ကြည့်နေသူအားလုံးကို ချာချာလည်သွားစေသည်။
ထို့နောက် ‘အင်မော်တယ်’ စာလုံးသည် အစိမ်းရောင်အငွေ့အသွင်ပြန်ပြောင်းပြီးနောက် မန်ဟို့ဆီ ပြေးဝင်လာ၏။ ၎င်းက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးဝင်ကာ သူခန္ဓာကိုယ်တစ်လျှောက် စီးဆင်းရင်း အတူတကွ ချိတ်ဆက်ကာ ... ပုံရိပ်ယောင်အကြောတစ်ကြော ဖြစ်လာသည်။
၎င်းကား... အင်မော်တယ်အကြောတစ်ကြာပင်။
အင်မော်တယ်အကြောပေါ်လာသည့်အခိုက်အတန့်တွင် မန်ဟိုသည် တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်ရီသွားကြောင်း ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ အရာအားလုံး ပြောင်းလဲနေသည့်အလားပင်။ သူ၏အရိုး၊ အသား၊ သွေး၊ အကုန်လုံး လုံးလုံးလျားလျား ပြောင်းလဲနေလေပြီ။
အင်မော်တယ်တစ်ဦး သူ၏ကိုယ်ထဲတွင် မွေးဖွားနေသည့်အလား သူ၏စွမ်းအင်မှာ တဖွေးဖွေး လှုပ်လာပြီး မိုးမှောင်ကျလာ၏။
သူ၏ဓမ္မဆင်းတုသည် သူ့အနောက်တွင် ပေါ်လာခဲ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ အံ့ဩတုန်လှုပ်ဖွယ် အပြောင်းအလဲအား ကြုံတွေ့နေရလေသည်။
အစစ်အမှန်အင်မော်တယ် (၅၀) ရာခိုင်နှုန်း
အစစ်အမှန်အင်မော်တယ် (၆၀) ရာခိုင်နှုန်း
အစစ်အမှန်အင်မော်တယ် (၇၀) ရာခိုင်နှုန်း
အစစ်အမှန်အင်မော်တယ် (၈၀) ရာခိုင်နှုန်း
မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ မြင့်တက်နေပြီး သူ၏အင်မော်တယ်ချီမှာ ပို၍အားကောင်းလာသည်။ သူ၏သွေးသားကား စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
သူက ထိုနေရာတင် တင်ပျဉ်ခွေထိုင်နေစဉ် အင်မော်တယ်တစ်ဦးနှင့် တစ်ထေရာတည်း တူချေ၏။
အင်မော်တယ်အကြောမှာ ပြည့်စုံသွားပြီး သူ၏အင်မော်တယ်လမ်းစဉ်ကား ပွင့်လာခဲ့လေပြီ။
သူသည် နှစ်တစ်ထောင်ကြာတိုင်း တစ်ကြိမ်ပေါ်လာတတ်သော အင်မော်တယ်ကံတရားကို မလို။ အင်မော်တယ်လမ်းပြနွယ်ပင်ကိုလည်း မလို။ မန်ဟို၏အင်မော်တယ်လမ်းစဉ်သည် သူ့ကိုယ်ပိုင်ဖြစ်၏။ သူကား ... သူ၏ကိုယ်ပိုင်အစစ်အမှန်အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းမှာဖြစ်သည်။
သူ့အနေဖြင့် ယခုထက်ထိ အစစ်အမှန်အင်မော်တယ်မဟုတ်သေးပေ။ သို့သော် သူလျှောက်လှမ်းနေသော လမ်းစဉ်အရ ထိုပုံရိပ်ယောင်အင်မော်တယ်အကြော အစစ်အမှန်ဖြစ်လာသည်နှင့် ... အစစ်အမှန်အင်မော်တယ်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အကြောတစ်ရာ ဖွင့်လိုက်သည့် နေ့ရောက်လျှင် ဤအပိုအင်မော်တယ်အကြောအား ပိုင်ဆိုင်ထားသည့်အတွက် တခြားသူများထက် အင်မော်တယ်အကြော ပိုများလိမ့်မည်။ သူက ... အကြော (၁၀၁)ကြော အင်မော်တယ် ဖြစ်လာလိမ့်မည်။
ထိုအကြောတစ်ရာနှင့်ပတ်သက်လျှင် တစ်ကြောပိုပို၊ အကြောတစ်သောင်းပိုပို ၊ အပိုက အပိုဖြစ်သည်။ ထို့ကြောင့် ... အပိုတစ်ကြောရှိခြင်းက အကြောတစ်သောင်းရှိခြင်းနှင့်တူပြီး အကြောတစ်သောင်းရှိခြင်းက အဆုံးမရှိသော ပမာဏနှင့် ညီမျှသည့် အကြောသန်းတစ်ရာ ရှိသည်နှင့်တူသည်။
အရာအားလုံး ထစ်ချုန်းနေစဉ် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ တစ်လောကလုံး စိုးမိုးနေသော အလင်းရောင်မှာ ရုတ်တရက် မှေးမှိန်သွားပြီး မန်ဟို့အသံက တောင်တန်းတစ်ခုလုံးတွင် ပြည့်နှက်သွား၏။
“ဖန်းတုံးအာ၊ ကျီယင်၊ ကျောက်ရီဖန်း ... ဘယ်သူ ငါနဲ့တိုက်မလဲ”
***