လက်စားချေတယ်ဆိုတာ နောက်ကျတယ်မရှိဘူး
Vol. 59 Ch. 827
မန်ဟို၏အသံက အနန္တကောင်းကင်တစ်ပြင်လုံး ပဲ့တင်ထပ်သွားသည်။ သူသည် မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို အထင်သေးနိုင်သော စွမ်းအားအပြည့်ဖြင့် လေလယ်တွင် ပျံဝဲနေ၏။ စူးရှတောက်ပသော အလင်းရောင်က သူ့ကို ခြံရံနေပြီး သူ့အနောက်ရှိ ဓမ္မဆင်းတုသည် မည်သို့မျှ ပုံရိပ်ယောင်မဟုတ်တော့ပေ။ ထိုမျှသာမက သူသည် အင်မော်တယ်အားလှိုင်းများကို ထုတ်လွှတ်နေ၏။
ယင်းက ... အတုအယောင်အင်မော်တယ်တစ်ဦးထက် သာသော ဖိအားတစ်ရပ်ဖြစ်သည်။
ယင်းက ... အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအား (၈၀) ရာခိုင်နှုန်းပင်။
သူသည် မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အင်မော်တယ်တစ်ဦးသဖွယ် လေလယ်တွင် တင်ပျဉ်ခွေလျက် ဝဲနေ၏။ သူ၏မျက်လုံးများတွင် ကြယ်တာရာများ ပါရှိနေဟန်တူပြီး သူ၏အသံကြီးက ဩဇာအာဏာအပြည့်ဖြင့် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။
အရိုင်းဆန်သောအလင်းရောင်များ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ တဝေါဝေါ တိုက်ခတ်လာသည်။ စောင်းမြောင်းပဲ့ရွဲ့နေသော တောင်များအကြားရှိ ကျင့်ကြံသူများမှာ ချာချာလည်လျက်သာ ကြည့်နေနိုင်သည်။ အထူးသဖြင့် မန်ဟို အော်ခေါ်လိုက်သည့် သုံးယောက်ပင်။ သူတို့၏စိတ်ထဲတွင် စိုးထိတ်မှု၊ ကြောက်လန့်မှုတို့ ပြည့်နှက်သွားသည်။
ဖန်းတုံးအာမှာ က္ကန္ဒြေမဆည်နိုင်လောက်အောင် မျက်နှာပျက်နေပြီး မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း မန်ဟို့ကို စိုက်ကြည့်နေလေသည်။ သူမသည် ရင်ခုန်သံတို့ ဗြောင်းဆန်နေပြီး မယုံနိုင်ဖြစ်နေ၏။
“အစစ်အမှန်အင်မော်တယ်အင်အား။ သူ့မှာ အစစ်အမှန်အင်မော်နယ်အင်အား ရှိနေတယ်”
သူတို့သုံးယောက်အနက် အဝေးဆုံးတွင် ရှိသူမှာ ခပ်လှမ်းလှမ်း တောင်တစ်လုံးပေါ်တွင် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်နေသော ကျောက်ရီဖန်းဖြစ်သည်။ သူ့မှာ ပြင်းထန်သော ဒဏ်ရာများစွာ ရရှိခဲ့၍ ဤကံကြမ္မာကောင်းလုပွဲမှ နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ ယခုတွင် သူသည် လေလယ်ရှိ မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်ရင်း အသက်ပြင်းပြင်း ရှူလာမိသည်။ တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးများတွင် တောက်လောင်နေသော်လည်း သူငယ်အိမ်များက ကျုံ့နေရာ စိတ်မတည်မငြိမ်ဖြစ်နေကြောင်း အလွန်တကူ မြင်ရပေမည်။
မန်ဟို စိန်ခေါ်လိုက်သော နောက်ဆုံးတစ်ယောက်မှာတော့ ကျီယင်ပင်။ သူသည် တောင်ထိပ်နောက်တစ်ခုတွင် တင်ပျဉ်ခွေထိုင်ရင်း မန်ဟို့ကို ခံစားချက်မဲ့စွာ ကြည့်နေသော်လည်း လက်နှစ်ဖက်လုံးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
ပဲ့တင်ထပ်နေသော မန်ဟို့အသံမှအပ တောင်တန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ မရေမတွက်နိုင်သော ရွေးချယ်ခံများနှင့် တာအိုစောင့်ရှောက်သူများမှာ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြ၏။
ဤအခိုက်အတန့်တွင် ရုတ်တရက် လေပိုင်နက်ကန့်သတ်မှုကား ... ပျောက်ကွယ်သွားလေသည်။
လေပိုင်နက်ကန့်သတ်မှုမှာ မန်ဟို့ကိုယ်ထဲတွင် ကံကြမ္မာကောင်းပေါ်လာဖို့အတွက်သာ ထားရှိခံထားရသည့်အလားပင်။
“ငါ မင်းကို တိုက်မယ်” တစ်ယောက်က ဟိန်းဟောက်လိုက်သည်။ တောင်များကြားမှ ဓားသဖွယ် မျက်ခုံးများနှင့် ကြယ်သဖွယ် မျက်ဝန်းများပိုင်ရှင် လူငယ်တစ်ဦးထွက်လာသည်။ ၎င်းကား ဝမ်မူမှတစ်ပါး အခြားမဟုတ်ပေ။
သူပျံထွက်လာသောအခါ သူ၏တိုက်ခိုက်လိုစိတ်အဟုန်သည် တောက်လောင်နေပြီး သူ၏နှလုံးသားမှာ ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ မန်ဟို ခေါ်ခဲ့သော နာမည်သုံးခုတွင် သူ့နာမည်မပါခဲ့ခြင်းက သူ့အတွက် အရှက်ရစရာဖြစ်သည်။
သူသည် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ရင်း မိုးနှင့်လေကို ဆင့်ခေါ်လိုက်၏။ မိုးနှင့်လေက နဂါးနက်များအသွင်ပြောင်းရင်း ဟိန်းဟောက်၍ မန်ဟို့ဆီ ပြေးဝင်သွားသဖြင့် အရာအားလုံး တုန်ခါလာသည်။
မန်ဟိုက လာနေသော ဝမ်မူကို အေးတိအေးစက် လှမ်းကြည့်သည်။ သူ အနားရောက်လာလျှင် မန်ဟိုသည် လက်ကို ဝှေ့ယမ်းရင်း ကြယ်ခူးသိုင်းအား ထုတ်လွှတ်လိုက်သည်။
အစစ်အမှန်အင်မော်တယ်တစ်ဦး၏ (၈၀) ရာခိုင်နှုန်းကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် ကြယ်ခူးသိုင်းက အရာအားလုံးကို မှောင်မိုက်လာစေကာ ဧရာလက်ကြီးတစ်ဖက်ပေါ်လာပြီး ဝမ်မူထံ ပြေးဝင်သွားသည်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး ဝမ်မူက မာန်သွင်းဟိန်းဟောက်၍ လက်ကို ဆန့်ထုတ်ကာ လက်ခလယ်ဖြင့် ညွှန်လိုက်သည်။ ကျဆင်းလာနေသော ဧရာမလက်ကြီးကို တုံ့ခနဲ ရပ်သွားစေသည့် မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ရပ်ပေါ်ထွက်လာ၏။
ဝမ်မူက မခိုးမခန့် ရယ်ပြီး မန်ဟို့ဆီ ဆက်လက်ဦးတည်လာသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် မန်ဟို့ကို ညွှန်လိုက်၏။ သုတ်သင်ခြင်းစိတ်ဆန္ဒထွက်လာပြီး အဆုံးမဲ့အဖျက်အစီးစွမ်းအားတစ်ရပ်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအင်အဖြစ် ပြောင်းသွားသည်။
ထိုစွမ်းအား အနားပင် ကပ်မလာနိုင်ခင် မန်ဟိုသည် ရှေ့တစ်လှမ်းတက်၍ ဝမ်မူ၏အရှေ့တည့်တည့်တွင် ပေါ်လာကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရိုက်ချလိုက်သည်။ ဝမ်မူသည် မန်ဟို သုတ်သင်ခြင်းတိုက်ကွက်အား ဂရုမစိုက်သည့်အပြင် သူ့အပေါ် သက်ရောက်ခွင့် ပေးထားကြောင်း မြင်လျှင် အံ့အားသင့်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို့လက်ဝါးက ဝမ်မူနှင့် မိတ်ဆက်သည်။
ဖြန်းးးးး
ဝမ်မူမှာ အင့်ခနဲ ငြီးလိုက်ရသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ သူသည် ရှူးရှူးရှားရှား ဖြစ်သွားပြီး တိုက်ခိုက်ရန် ပြေးဝင်တော့မည့်အချိန် မန်ဟိုက နှာခေါင်းရှုံ့ပြီး ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းလိုက်သည်။
ရွှေရောင်သိမ်းငှက်ကြီးက တောင်ပံနှစ်ဖက် ဖြန့်လိုက်ရာ ရွှေအလင်းရောင် ဖြာထွက်လာသည်။ ထို့နောက် သိမ်းငှက်ကြီးက ဖျတ်ခနဲ ပျောက်ကွယ်ကာ ဝမ်မူဆီ ထိုးဝင်လာသော ရွှေရောင်အတန်းတစ်တန်း အသွင်ပြောင်းသွား၏။ မရေမတွက်နိုင်သော တောင်များလည်း ပေါ်လာပြီး တောင်တန်းတစ်ခုကို ဖော်ဆောင်ကာ ဝမ်မူကို ပြေးတိုက်လိုက်သည်။
ပြင်းထန်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ ဝမ်မူက ဒေါသတကြီး ဟိန်းဟောက်ပြီး အားကုန်ရုန်းသော်လည်း မန်ဟိုက လေဆင်နှာမောင်းကြီးသဖွယ် သူ့ဆီ လည်လာ၏။ ရုတ်တရက် သွေးအလင်းရောင်က လင်းခနဲ လက်ကာ ဝမ်မူ၏ပခုံးကို ဝင်ဆောင့်လိုက်သည်။
ဂျွတ်ခနဲ ဝမ်မူ၏ညာပခုံးမှာ ကြေမွသွားလေပြီ။ ပြင်းထန်သော နာကျင်မှုက သူ့ကို စိုးမိုးသွားပြီး ချွေးစေးများ သူ့တစ်ကိုယ်လုံးပြန်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ခြောက်သွေ့စပြုလာသော်လည်း အရှုံးမပေးလိုသည့်အလား အံတင်းတင်းကြိတ်လိုက်၏။
“ထွက်သွားစမ်း” မန်ဟိုက အစစ်အမှန်အင်မော်တယ်တစ်ဦး၏ ရှစ်ဆယ်ရာခိုင်နှုန်းအားဖြင့် ဝမ်မူ၏ ဗိုက်ကို ထိုးရင်း ပြောသည်။ သွေးများသည် ရေပန်းသဖွယ် ဝမ်မူ့ပါးစပ်မှ ပန်းထွက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ မန်ဟိုက ဝမ်မူ၏ သိုလှောင်အိတ်ကို ဆွဲယူလိုက်၏။ ဝမ်မူကိုယ်တိုင်မှာ ကြယ်တံခွန်ကြီးသဖွယ် အောက်သို့ ထိုးဆင်းသွားကာ မြေကြီးနှင့် မိတ်ဆက်သွားသည်။ သူ့မှာ မန်ဟို၏စွမ်းအားအဆင့်ကို လုံးလုံးလျားလျား အံ့ဩမှင်သက်သွားလေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအကုန်လုံး ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။ ရွေးချယ်ခံများ မျက်လုံးပြူးနေကြပြီး တာအိုစောင့်ရှောက်များမှာ လေးနက်သောအမူအရာများဖြင့် စောင့်ကြည့်နေကြလေသည်။
“သူက အစစ်အမှန်အင်မော်တယ်ဖြစ်ခါနီးနေပြီ”
“ဒီကောင် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ ကံကြမ္မာကောင်းအကုန်လုံး ရသွားတာပဲ သေစမ်း”
စောင့်ကြည့်နေသူများ အံ့အားသင့်နေကြစဉ် မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် လူအုပ်ကြီးကို လှမ်းကြည့်လိုက်ရာ နေသူရိန်တောင်နှင့် လီမျိုးနွယ်စုမှ တာအိုစောင့်ရှောက်သူများကို မြင်လိုက်၏။ အသတ်အဖြတ်စိတ်ဆန္ဒတို့ သူ၏မျက်လုံးများတွင် တောက်ပလာသည်။
မန်ဟိုက မိုးကြိုးဒယ်အိုးရှိနေသော ညာလက်ကို ဆန့်ထုတ်လိုက်သဖြင့် သူတို့မျက်နှာပျက်သွားကြသည်။ လျှပ်စီး လင်းခနဲ လက်သွားပြီး မန်ဟိုကား လီမျိုးနွယ်စုတာအိုစောင့်ရှောက်သူအနား၌ ရပ်နေသော တစ်စုံတစ်ယောက်နှင့် နေရာလဲသွားလေပြီ။ သူက ပေါ်လာလျှင်ချင်း ညာခြေကို မြေကြီးအပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းချလိုက်၏။ ဝုန်းခနဲ မြေကြီးမှာ ကြေမွသွားသည်။ သွေးရောင်ဝဲတစ်ဝဲ ပေါ်လာပြီး အဘိုးကြီး ထွက်ပြေးတော့မည့်အချိန်မှာပင် မန်ဟိုက ညာလက်ခလယ်ကို ညွှန်လိုက်သည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ထွက်ပေါ်လာပြီး အဘိုးကြီး၏မျက်နှာပျက်သွား၏။ သူ့မှာ နေရာတွင် ရပ်သွားပြီး မန်ဟိုက ချဉ်းကပ်လာလေပြီ။ မန်ဟို့တွင် အံ့ဖွယ်အပြင်အားကိုယ်နှင့် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအား (၈၀) ရာခိုင်နှုန်းရှိပြီး သူက ၎င်းတို့အားလုံးကို အဘိုးကြီးအား ဆက်တိုက်ထိမှန်သွားသော လက်သီးသုံးချက်အတွင်း စီးဆင်းဝင်ရောက်စေခဲ့သည်။
အဘိုးကြီး၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး မျက်နှာဖြူဆုပ်သွားသည်။ သူသည် ဟိန်းဟောက်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ နတ်ဘုရားစွမ်းရည်တစ်ခုအား ပေါ်လာစေ၏။ ဧရာမမှော်ပုလင်းကြီးတစ်ပုလင်း လေလယ်တွင် အကောင်အထည်ပေါ်လာသည်။ ၎င်းက ချက်ချင်း အကန့်အသတ်မဲ့စွမ်းအင်ကို ဖြန့်ကျက်ကာ မန်ဟို့အား လွှမ်းမိုးစေလိုက်သည်။
မန်ဟို၏ဓမ္မဆင်းတုက ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးအား တုန်ခါလာစေသည်။ လှိုင်းများ ဖြာထွက်လာပြီး မှော်ပုလင်းကြီး ပုံပျက်ရှုံ့တွသွားသည်။ အဘိုးကြီးမျက်နှာပျက်သွားသည့်အချိန်မှာပင် မန်ဟို့ဓမ္မဆင်းတုက လက်သီးထိုးချလိုက်သည်။
မန်ဟိုနှင့်အဘိုးကြီးက လေလယ်တွင် သူတစ်ပြန် ၊ ကိုယ်တစ်ပြန် တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ ဆူညံနေတော့သည်။ သွေးမိစ္ဆာမဟာမှော်သိုင်းပေါ်လာပြီး လည်နေသောသွေးရောင်ဝဲက သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းအသွင်ပြောင်းကာ အဘိုးကြီးကို ရက်ရက်စက်စက် တိုက်ချလိုက်၏။
အဘိုးကြီးမှာ သွေးအန်လိုက်ရပြီး တစ်ကိုယ်လုံး လျင်မြန်စွာ ခြောက်သွေ့လာသည်။ သူသည် အရုပ်ဆိုးနေသောမျက်နှာထားဖြင့် နောက်ဆုတ်သွားသည်။ ဤအခိုက်အတန့်တွင် သူကား ကျင့်ကြံခြင်းအခြေခံကို ချိတ်ဖွင့်ဖို့ ပြင်လိုက်သော်လည်း ... ဖွင့်၍မရကြောင်းသာ တွေ့လိုက်ရလေ၏။
“ဘာ....” အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားစဉ် မန်ဟိုက နောက်တစ်ဖန် ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းသွားသည်။ သူက အဘိုးကြီးဆီသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထိုးဆင်းလာရာ ရွှေအလင်းရောင်မှာ မျက်စိကျိန်းမတတ် တောက်ပလာ၏။ ကြည့်နေကြသူများမှာ အော်သံနက်ကြီးကိုသာ ကြားလိုက်ရလေသည်။ ရွှေရောင်အလင်း နောက်ဆုံး မှေးမှိန်ပျောက်ကွယ်သွားသောအခါမှ သူတို့သည် အဘိုးကြီး၏ခေါင်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့ကြောင်း မြင်လိုက်ရ၏။
မန်ဟိုက အဘိုးကြီး၏ သိုလှောင်အိတ်ကို ယူပြီး ထိုလူ့အနုသုခုမနတ်ခန္ဓာ ထွက်မပြေးနိုင်ခင် သူ၏ဓမ္မဆင်းတုက အနုသုခုမနတ်ခန္ဓာကို ဆွဲယူပြီး ပါးစပ်ထဲ ထည့်လိုက်တော့သည်။
ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်က ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး ပင့်သက်ရှိုက်သံများအား အရပ်လေးမျက်နှာမှ ကြားရနိုင်သည်။ မန်ဟို၏ ခန္ဓာကိုယ်က ရိပ်ခနဲ နေသူရိန်တောင်တာအိုစောင့်ရှောက်သူဆီ ရွေ့လျားလာသည်။ ယခုအချိန်မှာ စောစောက သူ့ကို ချုံခို၍ဝိုင်းတိုက်ခဲ့သူများအား ကလဲ့စားပြန်ချေရမည့်အချိန်ဖြစ်သည်။
နေသူရိန်တောင်တာအိုစောင့်ရှောက်သူမှာ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ကျင့်ကြံခြင်းအခြေခံကို ချိတ်ဖွင့်ရန် ပြင်လိုက်သည်။ ထို့နောက် ဖွင့်မရကြောင်း.... သဘောပေါက်လိုက်သဖြင့် သူ၏မျက်နှာမှာ အကြီးအကျယ် အိုစာသွားတော့သည်။
သူသည် ခေါင်းနပန်းကြီးသွားပြီး တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးတော့သည်။
“တာအိုရောင်ရင်းတို့” သူက ပျာတီးပျာတာ အော်သည်။ “ဒီခွေးမသားကို သတ်ဖို့ ကျုပ်နဲ့ ပူးပေါင်းပေးကြပါ”
ချက်ချင်းပင် လူလေးငါးယောက်က မန်ဟို့လမ်းကို ပိတ်ရန် ရည်ရွယ်ရင်း ပျံထွက်လာသည်။ သို့သော် ဤအခိုက်အတန့်တွင် လျှပ်စီး ဝင်းခနဲ လက်သွားပြီး မန်ဟိုက နေရာလဲသိုင်းသုံးကာ နေသူရိန်တောင်မှ အဘိုးကြီး၏ အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။ သူ ညာလက်ကို မြှောက်လိုက်စဉ် သူ၏မျက်နှာထားသည် ခံစားချက်မဲ့နေပြီး သူ၏မျက်လုံးများ သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးတဝင်းဝင်း တောက်နေသည်။ သွေးမိစ္ဆာမှော်သိုင်းပေါ်လာကာ ဧရာမဝဲကြီးတစ်ခုက တာအိုစောင့်ရှောက်သူအဘိုးကြီးကို ချက်ချင်း လွှမ်းခြုံလိုက်၏။
အဘိုးကြီး၏ သွေးပျက်ဖွယ် အော်သံများ ရောယှက်နေသော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ မန်ဟိုနှင့် အဘိုးကြီးမှာ အပြင်လူလေးငါးယောက် ရောက်လာပြီး နတ်ဘုရားစွမ်းရည်များ မထုတ်လွှတ်ခင် ဝဲထဲတွင် အသက်ရှိုက်စာအနည်းငယ်သာ ရှိခဲ့လေ၏။ သွေးရောင်ဝဲ ပျောက်ကွယ်လာပြီး မန်ဟို၏ခန္ဓာကိုယ်က ရိပ်ခနဲ အဝေးတွင် ပြန်ပေါ်လာသည်။ နေသူရိန်တောင်မှ အဘိုးကြီးမှာမူ အရိုးစုထက် မပိုတော့ပေ။
သူ၏အသွေးအသား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်အကုန်လုံး စုပ်ယူခံခဲ့ရလေပြီ။
“သူ့ကို သတ်ကြ”
“ဝိုင်းရှင်းကြစို့”
“သူက အစစ်အမှန်အင်မော်တယ်အဆင့်ရောက်ခါနီးနေပြီ။ သူ့ခန္ဓာကိုယ်ကို သန့်စင်လိုက်ရင် ငါတို့ အစစ်အမှန်အင်မော်တယ်ဆေးလုံးဖော်ရင် ဖော်လို့ရလောက်တယ်” ရွေးချယ်ခံများနှင့် တာအိုစောင့်ရှောက်သူများပါဝင်သော လူခုနစ်ယောက်၊ ရှစ်ယောက် ပျံထွက်လာသည်။ ယခုလေးတင် တိုက်ခိုက်လိုက်သူများနှင့် ပူးပေါင်းပြီးသော သူတို့သည် မန်ဟို့ထံ ပြေးဝင်သော အလင်းတန်းတစ်ဒါဇင်ကျော် အသွင်ပြောင်းသွား၏။
လူဆယ်ယောက်ခန့်ရှိသည့် နောက်တစ်ဖွဲ့က မတူညီသောဘက်မှ ချဉ်းကပ်လာသည်။
တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသူများရှိသည်။ မန်ဟိုက အစွမ်းထက်ကြောင်း သူတို့ ဝန်ခံရမည်ဖြစ်သော်လည်း သူသည် တစ်ယောက်တည်းသာ မဟုတ်ပါလော။ သူတို့၏စိတ်ထဲတွင် သူတစ်ယောက်တည်း သူတို့ကို ကိုင်လှုပ်ဖို့ဆိုရန်မှာ မဖြစ်နိုင်ပေ။
လူပေါင်းဒါဇင်ချီသည် လေလယ်တွင် ပျံဝဲနေသော မန်ဟို့ထံ ချဉ်းကပ်လာကြသည်။ သူတို့ သေစေနိုင်သော တိုက်ကွက်များ ထုတ်လွှတ်တော့မည့်အချိန်မှာပင် မန်ဟိုက သွေးအေးအေး ရယ်လိုက်သည်။ သူက သူ့အဖေ၏ ပထမဓားကွက်ကို မြင်ယောင်ကာ အသက်ပြင်းပြင်း ရှူသွင်းရင်း ခန္ဓာကိုယ်ကို လေးညို့သဖွယ် ကွေးရင်း ညာလက်ကို မြှောက်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း သူကား ကောင်းကင်နှင့်မြေကြီးရှိ စွမ်းအင်အကုန်လုံးကို စုပ်ယူနေသော တွင်းနက်ကြီးပမာဖြစ်လာသည်။ ဓားချီပေါ်လာပြီး လူများ နီးကပ်လာစဉ် မန်ဟို့လက်က ရုတ်တရက် အောက်သို့ ပိုင်းချလိုက်၏။
ရင်သပ်ရှုမောဖွယ် ဓားချီကား အရပ်လေးမျက်နှာကို ပိုင်းခြမ်းရင်း ဖြာထွက်လာသည်။ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး တိုက်ခိုက်သူဒါဇင်ချီမှာ ထိတ်လန့်နေသောမျက်နှာထားများဖြင့် နောက်ဆုတ်လိုက်သည်။ ဓားချီ၏ အပိုင်းခံလိုက်ရသဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး သွေးပျက်ချောက်ချားဖွယ် အော်သံများသာ ချန်ရစ်ခဲ့သော နှစ်ယောက်၊ သုံးယောက်ပင် ရှိလေသည်။
မန်ဟိုက ဤခဏလေး ရပ်သွားမှုကို အခွင့်အကောင်းယူ၍ နေရာလဲသိုင်းကို အသုံးချရင်း ... ဖန်းတုံးအာထံ ချဉ်းကပ်လာသည်။
“ဖန်းတုံးအာ မင်း ငါ့ကို သတ်ချင်တယ်မလား။ လာ သတ်လေ”
ဖန်းတုံးအာ မျက်နှာပျက်သွားသည်။ ဤအခိုက်အတန့်တွင် မန်ဟို၏စွမ်းအားက သူ့အား အနိုင်ယူ၍မရလောက်အောင် ဖြစ်စေသည်။ မည်သူမျှ သူ့လမ်းကို မပိတ်နိုင်ပေ။ ထို့အပြင် ဖန်းတုံးအာမှာ လက်ပြတ်ခဲ့သည့်အပြင် ဒဏ်ရာအပြင်းအထန်လည်း ထားရ၏။ အတန်ငယ် သက်သာလာသော်လည်း ကုသခြင်းဖြစ်စဉ်မှာ မပြီးမြောက်သေး၍ မန်ဟို့အား ဘယ်နည်းနှင့်မှ မနိုင်နိုင်ကြောင်း သူမ သိလေသည်။ သူမက မျက်စိမျက်နှာပျက်လျက် နောက်ဆုတ်သွားသည်။
သူမ နောက်ဆုတ်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူမဆီသို့ ပြေးဝင်လာသော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင် ဖြစ်လာခဲ့ချေပြီ။ ရွှေအလင်းရောင်က လေတွင် ပြည့်နှက်သွားပြီး သူကား မျက်စိတစ်မှိတ်အတွင်း သူမအပေါ် ရောက်လာခဲ့သည်။
အဝေးမှကြည့်လျှင် နတ်ဘုရားမလေးဖန်းတုံးအာမှာ သူမထံသို့ ခြေသည်းများအား ရက်ရက်စက်စက် ဆန့်ထုတ်ထားသော ရွှေရောင်သိမ်းငှက်ကြီးနှင့် ရင်ဆိုင်နေရကြောင်း လူတိုင်း မြင်ရပေမည်။
ပတ်ဝန်းကျင်ရှိ ရွေးချယ်ခံများအနက် အတော်များများမှာ ဖန်းတုံးအာက ချစ်ခင်လေးစားသူများဖြစ်သည့်အတွက် ဖြစ်ပျက်နေသောအရာကို မြင်လျှင် မျက်နှာပျက်သွားကြသည်။ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က မန်ဟို့ဆီ ချက်ချင်း ပျံသန်းလာသည်။
“မန်ဟို ၊ နင်လွန်နေပြီနော်” ဖန်းတုံးအာက ခံပြင်းနာကျည်းစွာ အော်သည်။
“လွန်တော့ရော ဘာဖြစ်လဲ” မန်ဟိုက အေးစက်စက် ပြန်ဖြေသည်။ ရွှေရောင်သိမ်းငှက်ကြီးကား နီးကပ်သွားလေပြီ။
(T/N : တော်တ်ောများများတော့ သိပြီးသားဖြစ်လောက်မှာပါ။ အခုဝမ်မျိုးနွယ်စုက တကယ်တော့ နှောင်ဖွဲ့ကင်းတန်ခိုးရှင်က ဝမ်လင်းရဲ့မျိုးဆက်တွေပါ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်နဲ့ ဝမ်မူသုံးခဲ့တဲ့ ‘မိုးလေဆင့်ခေါ်ခြင်း’ နဲ့ ‘လက်ချောင်းသုံးချောင်းတိုက်ကွက်” တွေက ဝမ်လင်းရဲ့တိုက်ကွက်တွေပဲ ဖြစ်ပါတယ်)
***