အနိုင်ယူ၍မရနိုင်
Vol. 59 Ch. 828
ဖန်းတုံးအာ၏မျက်ဆံများသည် သေးငယ်သောအစက်လေးများ ဖြစ်သည်အထိ ကျုံ့သွားပြီး သူမက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း နောက်ဆုတ်လိုက်သည်။ ချက်ချင်းပင် နေများ၊ လများအပါအဝင် နက္ခတ်တာရာများဖြင့် ဖွဲ့စည်းထားသည့် အဆုံးမဲ့ ပင်လယ်ပြင်ကြီး သူမအနောက်တွင် ပေါ်လာသည်။
“နဝမပင်လယ်နတ်လောက” သူမက အော်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် သူမအနောက်ရှိ ပင်လယ်ကြီးသည် အဆများစွာ ကြီးမားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်းအတွင်းရှိ နက္ခတ်တာရာအကုန်လုံး မန်ဟို့ဆီ ပြေးဝင်လာသည်။
တစ်ချိန်တည်းမှာပင် ရွေးချယ်ခံရှစ်ယောက်ကား သူနှင့် နီးကပ်လာလေပြီ။
“မျက်နှာမဲ့၊ စကားတစ်ခွန်း၊ စစ်ပွဲမီးတောက်ပေါင်းစည်းစေ” မန်ဟိုသည် ရွှေရောင်သိမ်းငှက်ကြီးအသွင်ဖြင့် ပြေးဝင်လာစဉ် အရောင်ပြောင်းလာသည်။ သူကား ယခုတွင် နီရဲတောက်နေလေပြီ။ သွေးမိစ္ဆာမဟာမှော်သိုင်းက ဧရာမဝဲကြီးတစ်ခုကို ဖော်ဆောင်ရင်း သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။
ထို့နောက် ဝဲသည် အရပ်မျက်နှာတစ်ခွင်သို့သွေးရောင်လှိုင်းများ ဖြန့်ကျက်လိုက်သော မျက်နှာကြီးအဖြစ် ပြောင်းလဲလိုက်၏။ လာနေသော ရွေးချယ်ခံများမှာ ချက်ချင်း သက်ရောက်ခံလိုက်ရသည်။ မျက်နှာကြီးသည် ပါးစပ်ဟပြီး အသံမဲ့အော်လိုက်ရာ မ
ချက်ချင်း သူတို့၏စိတ်နှလုံးများအား တုန်ရီသွားစေသည်။
ချက်ချင်းပင် စစ်ပွဲမီးတောက်များမှ မြောက်တက်လာသည့်အလား မီးခိုးငွေ့များက သူတို့၏ခေါင်းထိပ်မှ မျောထွက်လာသည်။ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားလေသည်။
ရုတ်တရက် သူတို့သွေးများသည် ပြောင်းပြန်စီးသွားပြီးနောက် ခန္ဓာကိုယ်များ ပြိုကွဲပျက်စီးစပြုလာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့မှာ သွေးသံရဲရဲ ဖြစ်သွားဖြင့် မျက်နှာများတွင် အံ့ဩထိတ်လန့်မှုတို့ ပြည့်နှက်လျက် သွေးအန်ပြီး နောက်ဆုတ်လိုက်ကြရသည်။
“ကွဲကွာနေသော တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့် ပင်လယ်တွေ” မန်ဟိုကား ဖန်းတုံးအာနှင့် နဝမပင်လယ်ဆီ ဦးတည်သွားသော ဧရာမသွေးရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်သွားသောအခါ ကွဲကွာတိမ်တိုက်များ ကောင်းကင်ထက်တွင် ပေါ်လာပြီး သွေးမိုးရွာကျလာကာ သွေးပင်လယ်တစ်စင်းဖြစ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ယခုတွင် ကောင်းကင်၌ ဧရာမပင်လယ်ကြီးနှစ်စင်းအား မြင်ရနိုင်လေပြီ။
တစ်စင်းသည် နဝမပင်လယ်ဖြစ်ပြီး ကျန်တစ်စင်းက သွေးပင်လယ်ဖြစ်သည်။ နဝမပင်လယ်၏အထက်တွင် နတ်ဘုရားမလေးတုန်းအာသည် ထွန်းလင်းတောက်ပနေသည်။ သွေးပင်လယ်ထက်တွင် မန်ဟို၏ ဓမ္မဆင်းတုကြီး ကြောက်မက်ဖွယ်ဘီလူးတစ်ကောင်အလား ရပ်နေ၏။ နှစ်ဖက်သည် ဝင်တိုက်သွားပြီး ကြီးမားသော ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်လာသည်။
ကောင်းကင်နှင့်မြေကြီးမှာ တသိမ့်သိမ့် တုန်ခါပြီး နှစ်ခြမ်းကွဲလာသည်။ လူတိုင်းမှာ မြင်နေရသောအရာကြောင့် အံ့ဩတုန်လှုပ်လျက် နောက်ဆုတ်သွားကြလေသည်။
ပင်လယ်နှစ်စင်းဝင်တိုက်သွားသည့်အခါ မန်ဟို၏သိမ်းငှက်အသွင်က ဖန်းတုံးအာဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်ပြီး ခြေသည်းချွန်ချွန်များဖြင့် သူမကို ရက်ရက်စက်စက် ကုတ်ခြစ်လိုက်သည်။
ဖန်းတုံးအာက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ နဝမပင်လယ်နဂါးများ သူမပတ်ပတ်လည်တွင် ဖြစ်ပေါ်လာကာ ဟိန်းဟောက်ရင်း မန်ဟို့ကို တားဆီးဖို့ ရွေ့လျားသွားကြသည်။ သို့ရာတွင် ၎င်းတို့မှာ နဂါးအစစ်များမဟုတ်ဘဲ ဧရာမမြွေကြီးများသာ ဖြစ်၏။ ရွှေရောင်သိမ်းငှက်ကြီး၏ ချွန်ထက်သော ခြေသည်းများက ၎င်းတို့ကို တစစီ စုတ်ဖြဲပစ်လိုက်သည်။ ၎င်းတို့၏ စူးစူးဝါးဝါး အော်သံများ ပဲ့တင်ထပ်နေဆဲမှာပင် မန်ဟိုက ဖန်းတုံးအာအနား ရောက်လာခဲ့လေပြီ။
ချွန်ထက်နေသော ခြေသည်းများက သူမကို ပိုင်းချလိုက်၍ သူမပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူမမှာ ဆံပင်စုတ်ဖွားနှင့် နောက်ဆုတ်လိုက်ရပြန်သည်။ သူမသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်၍ ခရုခွံအား ထပ်မံပေါ်လာစေသည်။ သူမ နတ်ဘုရားစွမ်းရည်အား ထုတ်လွှတ်တော့မည့်အချိန်မှာပင် မန်ဟိုနှင့်သူ၏ဓမ္မဆင်းတုက ဟိန်းဟောက်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို စွမ်းအားအပြည့်အဝဖြင့် လှည့်ပတ်လိုက်သည်။
အံ့ဩတုန်လှုပ်ဖွယ် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး မိုးမှောင်ကျလာသည်။ ခရုခွံမှ အသံမှာ ... ဖိနှိပ်လွှမ်းမိုးခံလိုက်ရပြီး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ဖန်းတုံးအာမှာ သွေးတစ်ပွက် ထပ်အန်လိုက်ရ၏ ။
သူမ နောက်ဆုတ်သွားသည့်အခိုက်အတန့်မှာပင် မန်ဟိုက ကြယ်ခူးသိုင်းကို ထုတ်ဖော်ရင်း ညာလက်ကို ဆန့်ထုတ်လိုက်သည်။
ဖန်းတုံးအာမှာ မျက်နှာပျက်သွားပြန်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ညှို့အားပြင်းသော ပုံရိပ်ယောင်ရေသူမများအား ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားစေသည်။ ၎င်းတို့က မန်ဟို့ကို ပိတ်ဆို့ဖို့ တခဏအတွင်း နေရာယူလိုက်ကြသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီး စူးရှသော သွေးအလင်းရောင် ဖြာထွက်သွားသည်။ သွေးမိစ္ဆာမဟာမှော်သိုင်းကား စွမ်းအားအပြည့်အဝဖြင့် ထုတ်ဖော်ခံလိုက်ရလေပြီ။ မျက်တစ်မှိတ်အတွင်း မီတာသုံးရာတိတိ ကျယ်သော သွေးရောင်ဝဲကြီးတစ်ခု ပေါ်လာသည်။ သို့သော် မန်ဟို ရှေ့တက်သွားသည့်အခါ မြင်မြင်ရသမျှမှာ ရေသူမများကို ထိပ်တိုက်ဝင်ဆောင့်လိုက်သော သွေးမိစ္ဆာခေါင်းကြီးကိုသာ ဖြစ်ချေ၏။
ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက တောင်တန်းတစ်ခုလုံးတွင် ဆူညံသွားသည်။ မန္တန်ဝင်္ကပါသည် ပြိုကွဲသွားပြီး ရေသူမများ ခြောက်သွေ့သွား၏။ မန်ဟို့သွေးမိစ္ဆာခေါင်းကြီးလည်း ပျောက်ကွယ်သွားသော်လည်း မန်ဟို၏ခန္ဓာကိုယ်ကား သွေးရောင်တောက်နေချေသည်။ လက်သီးတစ်လုံး ကျရောက်လာပြီး အုန်းခနဲ ရိုက်ညောင်းသွားသည်။ ဖန်းတုံးအာမှာ အံ့ဩကြီးစွာဖြင့် ပါးစပ်မှ သွေးများ ပန်းထွက်ရင်း နောက်ဆုတ်လိုက်ရပြန်သည်။
ယခုပုံစံမန်ဟိုက လူတိုင်းအား အဆုံးအစွန်အထိ ထိတ်လန့်တုန်လှုပ်သွားစေသည်။ မန်ဟို့အရှိန်အဟုန်ကား ဟန့်တား၍မရပေ။
“သေစမ်း” သူက လက်အား ဖန်းတုံးအာ၏လည်တိုင်ဆီသို့ ပိုင်းချရင်း ပြောသည်။ ၎င်း ထိတော့မည့်ဆဲဆဲတွင် ဖန်းတုံးအားက စူးစူးဝါးဝါး အော်လိုက်သည်။ သူမခန္ဓာကိုယ်ကား တွန့်လိမ်ကောက်ကွေးကာ အပြာရောင်ရေနဂါးကြီးအသွင်ပြောင်းလာလေပြီ။ သူမသည် ရွှေရောင်သိမ်းငှက်ကြီးကို ဝါးမြိုရန် ပါးစပ်ကြီးဟရင်း ရှေ့တက်လာ၏။
ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ရေနဂါးပြိုကွဲသွားသည်။ မန်ဟို၏ရွှေရောင်သိမ်းငှက်လည်း စုတ်ပြတ်ပျောက်ကွယ်ကာ မန်ဟို့အား ပေါ်လာစေသည်။
ဖန်းတုံးအာသည် လျှို့ဝှက်မှော်ပညာရပ်တစ်ခုအား သုံးဖို့ ဤအခြေအနေကို အခွင့်ကောင်းယူလိုက်၏။ အဝေးသို့ ရောက်သွားစေသည့် အဖိုးအခအနေဖြင့် သူမခန္ဓာကိုယ်မှာ လျင်မြန်စွာ အားနည်းလာသော အခြေအနေကို ရုတ်ခြည်း ကြုံတွေ့လိုက်ရသည်။ ထို့နောက် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ကာ သူမလက်ကောက်ဝတ်ပေါ်ရှိ အပြာရောင်လက်ကောက်ကို ပျံထွက်သွားစေ၏။ ၎င်းက လေလယ်တွင် ကြေမွသွားပြီးနောက် နက္ခတ်တာရာများအသွင်ရှိသော အပိုင်းအစများဖြင့် ဖွဲစည်းထားသည့် တံခါးတစ်ချပ်အား ဖန်တီးလိုက်သည်။
ယခုတွင် သူမနှင့် မန်ဟို၏ ဧရိယာနှစ်ခုမှာ ကြီးမားသော စည်းကြီးတစ်စည်းဖြင့် ခြားခံလိုက်ရသယောင်ပင်။
ဖန်းတုံးအာသည် မန်ဟို့မျက်နှာကို အရိုးထဲထိ စွဲနေအောင် မှတ်သားနေသည့်အလား မန်ဟို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
“ငါတို့ ပြန်တွေ့ဦးမှာပါ” သူမက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောသည်။ “နောက်တစ်ခါကျရင် ငါ နင့်ကို သတ်ပစ်မယ်” သူမသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်လိုက်ရာ ဧရာမတံခါးကြီးသည် ဂျိန်းခနဲ ရုပ်လုံးပေါ်လာစပြုလာ၏။
ထိုတံခါးက နဝမပင်လယ်နတ်လောကသို့ ဦးတည်ပေသည်။
အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်လုံးများတွင် တောက်ပနေပြီး သူသည် နက္ခတ်တာရာများဖြင့် ဖွဲ့စည်းထားသော စည်းအား စုတ်ဖြဲပစ်ရန် ပြင်လိုက်စဉ် ဖန်းတုံးအာကို ကိုးကွယ်သော ရွေးချယ်ခံခုနစ်ယောက်၊ ရှစ်ယောက်က သူ့လမ်းကို ပိတ်လိုက်၏။
သူတို့က နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်ရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာသည်။ နဂါးအစစ်တစ်ကောင်နှင့် ဖီးနစ်ငှက်ကောင်အပြင် ရက်စက်ကြမ်းကြုတ်သော ရွှေရောင်ကျားတစ်ကောင်၏ပုံရိပ်များ ပေါ်လာသည်။ ရွေးချယ်ခံတစ်ယောက်က လက်ကို ဝှေ့ယမ်းကာ တစ်မီတာအရှည် ဧရာမပုရွက်ဆိတ်များကို ထုတ်လိုက်သည်။ ပုရွက်ဆိတ်တစ်ထောင်ကျော်က ကောင်းကင်အပြည့် နေရာယူရင်း မန်ဟို့အား ဟန့်တားရန် ရွေ့လျားလာကြ၏။
“နောက်တစ်ကြိမ် ရှိလာမှာမဟုတ်ဘူး” မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း ပြောသည်။ သူ၏မျက်လုံးများပိတ်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့အနောက်ရှိ ဓမ္မဆင်းတုသည် အရွယ်အစားကျုံ့လာပြီးနောက် ၎င်း၏ကိုယ်အား သူ့ကိုယ်အပေါ် ထပ်လိုက်၏။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်အတွင်းရှိ အင်မော်တယ်ချီက ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်အတန့်တွင် သူကား ဓမ္မဆင်းတု၊ ဓမ္မဆင်းတုက သူ ဖြစ်သွားလေပြီ။
သူ့အနား ချဉ်းကပ်လာနေသော လူရှစ်ယောက်မှာ ချက်ချင်း ကြောက်လန့်တုန်လှုပ်သွားကြသည်။ ပြင်းထန်သောအန္တရာယ်အာရုံက သူတို့၏နှလုံးသားထဲတွင် ပြည့်နှက်နေပြီး သူတို့မှာ မန်ဟိုကား အနားကပ်သွားဖို့ပင် အန္တရာယ်များလွန်းသည်ဟူသော ခံစားချက်အား ရုတ်တရက် ရလိုက်၏။
သူတို့မျက်နှာပျက်သွားစဉ် မန်ဟိုက ရှေ့သို့လျှောက်လာသည်။ လေထုသည် တုန်ခါလာပြီး မန်ဟို့နှင့် အနီးဆုံးရှိ ရွေးချယ်ခံနှစ်ယောက်မှာ ပါးစပ်မှ သွေးများ ပန်းထွက်ရင်း လွင့်ထွက်သွားလေသည်။ သူ့အတွက် တိုက်ခိုက်စရာပင် မလိုလိုက်ပေ။ သူ၏စွမ်းအင် မြင့်တက်သွားရုံလေးက သူတို့ကို ထိခိုက်သွားရာ သူတို့၏ သူ့အပေါ် ကြောက်စိတ်သည် ပို၍ပင်ကြီးထွားလာတော့သည်။
ဤလူအားလုံး ပင့်သက်ရှိုက်ပြီး မန်ဟို့ကို အထိတ်တလန့် ကြည့်နေကြသည်။ သူတို့ခန္ဓာကိုယ်များသည် တုံ့ခနဲ ရပ်သွားကြပြီး တစ်လက်မလေးပင် ရှေ့မတိုးရဲတော့ပေ။ ပတ်ဝန်းကျင်ရှိလူများမှာ မန်ဟို မည်မျှအင်အားကြီးမားသလဲ ကောင်းကောင်းသိသွားကြ၍ နောက်ဆုတ်နေကြလေပြီ။
ဖန်းတုံးအာပင်လျှင် က္ကန္ဒြေမဆည်နိုင်လောက်အောင် မျက်နှာပျက်သွားသည်။
မန်ဟိုက ပထမဆုံး ခြေလှမ်းလှမ်းကို လှမ်းလိုက်ပြီး သူ့ကိုယ်ထဲရှိ ပုံရိပ်ယောင်အင်မော်တယ်အကြောသည် မန်ဟို့ကို ရစ်သိုင်းနေသော အလင်းရောင်အား ထုတ်လွှတ်စပြုလာ၏။ သူ၏ဒုတိယခြေလှမ်းက သူ့ကို လေကိုခွင်း၍ ပိုင်းခြားစည်းထဲ ဝင်ရောက်သွားစေသည်။ ၎င်းအထဲ ဝင်ရောက်သွားစဉ် သူ၏ခန္ဓာကိုယ်မှာ အတန်ငယ် တုန်ရီသွားသည့်တိုင် သူက တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သေး၏။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများကို ကြားရနိုင်လေသည်။
“သူက ဓမ္မဆင်းတုနဲ့ ပေါင်းစည်းသွားတယ်လား။ အဲ့ဒါက အင်မော်တယ်နယ်ပယ်အဆင့်လူတွေပဲ လုပ်နိုင်တဲ့အရာလေ ။ သူက အင်မော်တယ်နယ်ပယ်ကို မရောက်သေးတာတောင် အဲ့ဒါနဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်တယ်လား “
“သူက တောင်ကောင်းကင်က ကျင့်ကြံသူရော ဟုတ်ရဲ့လားဟ”
“ဒီမန်ဟိုက အစွမ်းထက်လွန်းတယ်။ သူ ဒီတိုက်ပွဲမှာ မသေရင် သေချာပေါက် နဝမတောင်မှာ ထင်ရှားကျော်ကြားလာလိမ့်မယ်”
ကောက်ချက်ချသံများက မန်ဟို တတိယခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင် ကြားလာရခြင်းဖြစ်သည်။ ထိုခြေလှမ်းကျရောက်သွားသောအခါ ပိုင်းခြားစည်းသည် တုန်ခါလာ၏။ သိသာပင် သူကား ၎င်းအထဲမှ ထွက်လာတော့မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဖန်းတုံးအာ၏ အနောက်ရှိ ဧရာမတံခါးကြီးအား ထင်ထင်ရှားရှား မြင်လာရလေပြီ။ တံခါးက ပွင့်လာပြီး ဖန်းတုံးအာမှာ သက်ပြင်းဖွဖွ ချလိုက်သည်။ သူမသည် မန်ဟို့ကို နောက်ဆုံးအကြိမ် အေးစက်စက် ကြည့်ပြီးနောက် ဧရာမတံခါးကြီးထဲ လှည့်ဝင်သွားသည်။
“အမည်းတုံးလေး” မန်ဟိုက ရုတ်တရက် ပြောသည်။
မန်ဟို၏အသံ ပိုင်းခြားစည်းထဲမှ ထွက်လာလျှင်ချင်း ဖန်းတုံးအာနောက် တကောက်ကောက် လိုက်နေခဲ့သော အလောင်း၏ အသက်မဲ့မျက်လုံးများက ရုတ်တရက် လင်းခနဲ လက်သွားသည်။ အနက်ရောင်ဆံပင်ရှည်ရှည်များ ဖြာထွက်လာပြီး ဖန်းတုံးအာကို ရစ်ပတ်လိုက်လေပြီ။
ဖန်းတုံးအာမှာ ကြောက်စိတ်တို့ မွှန်ထူသွားသဖြင့် သွေးအန်လုနီးပါး ဖြစ်သွားသည်။ သူမ တံခါးထဲ ဝင်တော့မည့်ဆဲဆဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။ မန်ဟိုက လေးလှမ်းမြောက်ကို လှမ်းကာ ပိုင်းခြားစည်းထဲမှ ထွက်လာခဲ့လေပြီ။ ထိုအခိုက်အတန့်တွင် သူ၏အင်မော်တယ်ချီသည် အပြည့်အဝ လည်ပတ်သွားပြီး သူ၏လက်က လက်သည်းလက်ကြီးသဖွယ် ခံပြင်းစွာ အော်ဟစ်နေသော ဖန်းတုံးအာဆီသို့ ဆန့်ထွက်သွားသည်။
ဖန်းတုံးအာမှာ မမြင်ရသော တံခါးထဲသို့ ကိုယ်တစ်ဝက် ရောက်နေပြီဖြစ်ပြီး ပျောက်ကွယ်ပေတော့မည်။ မန်ဟို မျက်မှောင်ကြုတ်သွား၏။ တံခါးနောက်မှ လာသော ကြောက်မက်ဖွယ် အန္တရာယ်ကို ခံစားနေရသော်လည်း သူကား တုံ့ဆိုင်းခြင်းမရှိဘဲ ကြယ်ခူးသိုင်းကို ထုတ်ဖော်လိုက်သည်။ ဧရာမပုံရိပ်ယောင်လက်ကြီးတစ်ဖက်က ပျောက်ကွယ်တော့မည့် ဖန်းတုံးအာကို .... ဆံပင်မှ လှမ်းဆွဲလိုက်လေ၏။
လက်ကြီးက မညှာမတာ ဆောင့်ဆွဲလိုက်သည်။ ထိုအခိုက်အတန့်တွင် ဖန်းတုံးအာဆီမှ အင့်ခနဲ ညည်းသံအား ကြားရနိုင်သည်။ သူမသည် ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်တံခါးလည်း ဂျိန်းခနဲ ပျောက်ကွယ်သွား၏။ မန်ဟိုမှာ အရင်းမှ သွေးများ စက်လက်စက်လက် ကျနေသော ဆံပင်အထွေးလိုက်နှင့်သာ ကျန်ရစ်ခဲ့ရာ မျက်နှာကြီး မည်းမှောင်သွားလေသည်။
မန်ဟိုက ဆံပင်ကို တခဏ ကြည့်ပြီးနောက် ရှေးဟောင်းမိစ္ဆာအင်မော်ဂိုဏ်းမှာတုန်းက သင်ယူခဲ့ရသော တာအိုမှော်ကျင့်စဉ်တစ်ခုကို ပြန်တွေးမိလိုက်သည်။ ၎င်းသည် ကျိန်စာတိုက်မှော်ပညာရပ်ဖြစ်ပြီး သူက မဆိုင်းမတွ ထုတ်ဖော်လိုက်ရာ သူ့လက်ထဲရှိ ဆံပင်များအား အစိမ်းရောင်မီးတောက်များဖြင့် ထတောက်သွားစေသည်။ ထို့နောက် မီးတောက်များကို ငြှိမ်း၍ မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ အနက်ရောင်ဆံမျှင်တစ်မျှင်တည်း သူ့အရှေ့တွင် ဖြစ်တည်လာလေသည်။ သူက ဆံပင်ကို လျင်မြန်စွာ သိမ်းလိုက်၏။ ယခုတွင် ဖန်းတုံးအာနှင့် ထပ်ဆုံလျှင် အသုံးပြုနိုင်မည့် အစွမ်းထက်လက်နက်တစ်ခုအား သူ ပိုင်ဆိုင်လိုက်လေပြီ။
အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ မျက်လုံးအားလုံးက မန်ဟို့အပေါ်တွင် ဖြစ်ပြီး ဘယ်သူမှ စကားပြောမနေကြပေ။ ရွေးချယ်ခံများအတွက် မန်ဟိုကား လက်ဖျားခါလောက်အောင် လွှမ်းမိုးကြီးစိုးနေ၏။ ထို့အပြင် သူတို့၏တာအိုစောင့်ရှောက်သူများမှာလည်း ကျင့်ကြံခြင်းအခြေခံများအား ချိတ်မဖွင့်နိုင်ရာ ... သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။
ထိတ်လန့်မှုက အထူးသဖြင့် စောစောက မန်ဟိုနှင့် တိုက်ခိုက်ခဲ့သူများအကြား ပို၍ပြင်းထန်လေသည်။ သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်စွာဖြင့် နောက်ဆုတ်သွားကြသည်။ မန်ဟို့အကြည့်က လူအုပ်ကြီးကို ဖြတ်သွားပြီးနောက်ဆုံးတွင် အဝေးရှိ တောင်ထိပ်ပေါ်၌ တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သော ကျီယင်အပေါ်သို့ ကျရောက်သွားလေသည်။
အစမှ အဆုံးအထိ ကျီယင်သည် ထိုတောင်မှ ရွေ့လျားခြင်း မရှိခဲ့ဘဲ မန်ဟို အစစ်အမှန်အင်မော်တယ်စွမ်းအား (၈၀) ရာခိုင်နှုန်းရရှိသွားမှုနှင့် သူ၏ ထူးချွန်ပြောင်မြောင်မှုကို စောင့်ကြည့်နေခဲ့၏။
“ကျီယင် မင်း ငါ့အပိုင်ပစ္စည်းတစ်ခုကို ယူသွားခဲ့တယ်” မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ “ငါတို့နှစ်ယောက်ကြားမှာ တကယ်ပဲ ကံကြွေးရှိစေချင်လို့လား”
“မင်းလည်း အပိုင်ပစ္စည်းတစ်ခုကို ယူသွားခဲ့တာပဲ” ကျီယင်က မန်ဟို့ကို လှမ်းကြည့်ရင်း ဖြေးညင်းစွာ ပြန်ဖြေသည်။
မန်ဟို၏မျက်လုံးများ အေးစက်သွားပြီး သူက အင်မော်တယ်ချီတို့ဖြင့် ဟုန်းဟုန်းတောက်နေသော သိန်းငှက်အသွင်ပြောင်းသွား၏။ သူသည် လေကိုခွင်း၍ ကျီယင်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားလေပြီ။
သူကား သွေးရောင်အလင်းဖြင့် ခြံရံလျက် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ သိမ်းငှက်ကြီးကား ရွှေရောင်သိမ်းငှက်မဟုတ်တော့ဘဲ ကြက်သွေးရောင်သိမ်းငှက်ကြီးဖြစ်သွား၏။
“မင်းကို အနိုင်ယူရမှာ အလွယ်လေးပါ” မန်ဟိုက ချဉ်းကပ်လာရင်း ပြောသည်။ စကားလုံးများက ရိုးရှင်းသော်လည်း အလွန်လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက် ပါဝင်နေသည်။ ၎င်းတို့ကို ကြားလိုက်ရသည့် မည်သူမဆို ရင်တုန်သွားကြ၏။
ကျီယင်သည် ကျီမျိုးနွယ်စု၏ တာအိုကလေးနေရာအား လက်လွှတ်ခဲ့ရသော်လည်း ကျီမျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးဖြစ်နေသေးသည်။
ထို့အပြင် ... ကျီမျိုးနွယ်စုက နဝမတောင်ကို အုပ်ချုပ်လေသည်။
“ဟာသပဲ” ကျီယင်က အေးစက်စက် ပြောသည်။
***