ဖြတ်တောက်ခြင်း အပြိုင် ညှို့ခြင်း
Vol. 60 Ch. 829
စကားလုံးများ ပဲ့တင်ထပ်သွားပြီး ကျီယင်၏မျက်လုံးများ လင်းလက်သွားသည်။ မန်ဟို သူ့အပေါ် ထိုးဆင်းလာနေစဉ် သူက ညာလက်ကို ဖြေးညင်းစွာ မြှောက်၍ မန်ဟို့ကို လက်ညှိုးထိုးလိုက်လေသည်။
ဖြာထွက်သွားသော လှိုင်းများနှင့်အတူ ငါးနက်ကြီးနှစ်ကောင် ပေါ်လာပြီးနောက် လေတွင် ကူးခတ်ရင်း မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်သွား၏။
၎င်းတို့ အနားကပ်လာသည့်အခါ မန်ဟိုက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။ သူသည် ညာလက်ကို ခါရမ်းလိုက်ကာ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို လိမ့်ထွက်သွားစေ၏။ ၎င်းက အရပ်လေးမျက်နှာရှိ လေထုကို ကြေမွသွားစေသော ကြောက်မက်ဖွယ်အသံကြီးတစ်သံ ဖြစ်လာပြီးနောက် သွေးရောင်ဝဲကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ဝဲကြီးက ဧရာမပါးစပ်ကြီးသဖွယ် ဟရင်း ငါးနှစ်ကောင်ကို မြိုချလိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် ငါးနှစ်ကောင်က ခုန်ထွက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့သည် လေလယ်တွင် မန်ဟိုထံ တဟုန်ထိုး ထွက်သွားသော နဂါးနက်နှစ်ကောင်အသွင်ပြောင်းသွား၏။ မန်ဟိုက နှာခေါင်းရှုံ့လိုက်ပြန်ပြီး လက်သီးထိုးချလိုက်သည်။ တောင်တန်းတစ်တန်း ပေါ်လာပြီး နဂါးနက်နှစ်ကောင်ကို အုန်းခနဲ ဝင်ဆောင့်ကာ ဖိချလေသည်။
နဂါးနက်နှစ်ကောင်သည် ဖောင်းခနဲ စိစိညက်ညက် ကြေသွား၏။ သို့သော် ဖုံးကွယ်ပစ်၍ မရပုံပေါ်သော အနက်ရောင်အလင်းမျှင်နှစ်မျှင်က ချက်ချင်း မန်ဟို၏လက်ဝါးနှစ်ဖက်တွင်ပေါ်တွင် ချုပ်နှောင်အင်းကွက်တစ်ကွက်ကို ဖော်ဆောင်ပြီးနောက် အသားထဲ နစ်ဝင်သွားလေသည်။ ထိုအခိုက်အတန့်တွင် မန်ဟို့ကို သိသည့်လူတိုင်းမှာ သူနှင့် သူတို့အကြားရှိ ကံကြွေးကို ပုံသဏ္ဌာန်မဲ့အားတစ်ရပ်က စွက်ဖက်နေသည့်အလား ခံစားလိုက်ရသဖြင့် ရုတ်ခြည်းဆိုသလို စိတ်နှလုံးတုန်ရီသွားကြတော့သည်။
လေးနက်သောအမူအရာတစ်ခုက မန်ဟို၏မျက်နှာကို ဖုံးလွှမ်းသွားသော်လည်း အေးစက်စက်အပြုံးတစ်စက သူ၏နှုတ်ခမ်းထက်တွင် နေရာယူထားသည်။ သူသည် ကံကြွေးမတည်မငြိမ်ဖြစ်နေမှုများကို သတိပင်မထားမိသကဲ့သို့ ရှေ့တက်လာ၏။ ထို့နောက် ကျီယင်၏အရှေ့တွင် ပေါ်လာပြီး သူ၏ညာလက်ကို မြှောက်လိုက်ရာ ထိုလက်ထဲတွင် သွေးရောင်ဝဲတစ်ဝဲအား မြင်ရလေသည်။ သူက ကျီယင်ထံသို့ လက်ကို ဝှေ့ယမ်းလိုက်၏။
ကျီယင်၏အမူအရာကား ပုံမှန်အတိုင်းသာ။ သို့ရာတွင် သူ၏မျက်လုံးများ လင်းခနဲ လက်သွားပြီး သူ့ကို ဝန်းရံလျက်ရှိသော ကံကြွေးအကုန်လုံး တဖွေးဖွေး လှုပ်လာကာ သူ့အနောက်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်အရိပ်များအသွင် ပြောင်းသွားလေ၏။ ဤပုံရိပ်များကား သူ မှတ်မိသူများ သို့မဟုတ် သူ့ကို မှတ်မိသူများ ဖြစ်နေသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ထိုထဲက ပုံရိပ်တစ်ခုသည် မန်ဟိုဖြစ်၏။
ဤပုံရိပ်အားလုံးတွင် စွမ်းအားများဖြင့် ပြည့်သျှံနေလျက် ချိတ်ဆက်နေသော ကံကြွေးမျှင်များကိုယ်စီ ရှိကြချေသည်။ မန်ဟိုမှာ သူတို့အားလုံးကို တစ်ပြိုင်တည်း ပြန်လည်တိုက်ခိုက်နေရသည့်အလားပင်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး အနီးနားရှိ တောင်တန်းများ ကြေမွသွားသည်။ မန်ဟိုနှင့် ကျီယင်က လေပေါ် ပျံတက်လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်းတစ်ရာကျော် ဖလှယ်ခဲ့ပြီးလေပြီ။
သွေးမိစ္ဆာကြီး ထွက်လာ၍ ကျီယင်က မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက နောက်မဆုတ်ပေ။ သူနှင့်ချိတ်ဆက်နေသော ကံကြွေးသည် တလက်လက် တောက်ပလာပြီးနောက် ပတ်ဝန်းကျင်ကို ပိတ်လှောင်ရန် ဖြာထွက်လာ၏။ အကျဉ်းချမှော်အလင်းရောင်က သွေးမိစ္ဆာကြီးကို တန်ပြန်ထိုးနှက်လိုက်ပြီး သွေးမိစ္ဆာကြီးမှ ထုတ်လွှတ်နေသော ဆွဲငင်အား၏သက်ရောက်ခြင်းအား နည်းနည်းလေးမှ မခံရသယောင်ပင်။
ကျီယင်က လက်ကို ဝှေ့ယမ်းလိုက်ပြန်ပြီး လက်ကွက်တစ်ကွက် ဖော်သည်။ ထို့နောက် သူက သူ့အနောက်ရှိ မရေမတွက်နိုင်သော ပုံရိပ်များကို လက်ညှိုးထိုးလိုက်ရာ မန်ဟို့ပုံစံပုံရိပ်မှာ တုန်ရီလာပြီးနောက် သွေးအန်လိုက်ရ၏။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ရင်ထဲ စူးအောင့်သွားသော ဝေဒနာကို ခံစားလိုက်ရသည်။ သို့သော် သူ၏မျက်လုံးများက တောက်ပသွားပြီး နောက်တစ်လှမ်း ထပ်လှမ်းနိုင်အောင် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။ သူ လက်မြှောက်လိုက်သည့်အခါ သူ့အနောက်တွင် ကျီယင်ကို ဖိချလိုက်သော နဝမတောင်အပါအဝင် တောင်တန်းများ မရေမတွက်နိုင်အောင်ပေါ်လာ၏။
အုန်းခနဲ မြည်ဟည်းသွားစဉ် မန်ဟို့သွေးမိစ္ဆာခေါင်းကြီးက ရှေ့သို့ ဆောင့်တိုက်လိုက်သည်။ ကောင်းကင်ထက်၌ အရိုင်းဆန်ဆန်အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားပြီး ကျီယင်မှာ မတတ်သာဘဲ နောက်ဆုတ်လိုက်ရ၏။ မုဒြာလက်ကွက်တစ်ကွက်က သူ့လက်တွင် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ့ကို ဝန်းရံလျက်ရှိသော အကန့်အသတ်မဲ့ကံကြွေးသည် ဖြာထွက်လာကာ မန်ဟို့ဆီ ပြေးဝင်သွားသော အမျှင်များအသွင်ပြောင်းသွားလေ၏။
“ကံကြွေးတာအိုနဲ့ ပတ်သက်ရင် မင်းကိုယ်မင်း အညစ်ညမ်းခံလို့မဖြစ်ဘူး။ အကြွေးတင်မိသွားရင် စာရင်း ရှင်းကို ရှင်းရတယ်” ကျီယင်စကားပြောနေစဉ် ကံကြွေးမျှင်များက မန်ဟို့ကို ရစ်ပတ်စပြုလာသည်။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ တိတ်တဆိတ် တုန်လှုပ်သွားလေသည်။ ကံကြွေးမျှင်များ သူ့ကို ရစ်ပတ်တုပ်နှောင်လာတော့မည်ကို မြင်လျှင် သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ ချက်ချင်းဆိုသလို သူ၏ဓမ္မဆင်းတုက အကန့်အသတ်မဲ့ကံကြွေးလက်မှ လွတ်အောင် ရုန်းကန်နေသည့်အလား ခန္ဓာကိုယ် ကြီးထွားလာလေသည်။
“ကံကြွေးဖြတ်တောက်ခြင်း” ကျီယင်၏ မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ သူသည် လက်ကို မြှောက်၍ လေကို ပိုင်းချလိုက်သည်။
သူ စကားလုံးများ ရေရွတ်လိုက်သည့်အခါ ကောင်းကင်တစ်ပြင်လုံး၊ မြေအကုန်လုံး ၊ တစ်လောကလုံး ရုတ်တရက် သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။ သဘာဝနိယာမအကုန်လုံး ပြောင်းလဲသွားခဲ့သည့်အလား သို့မဟုတ် သက်ရောက်ခံလိုက်ရသည့်အလားပင်။ အချိန်ပင် ရပ်တန့်သွားသယောင် ထင်ရသည်။
အရာအားလုံးနီးပါး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မန်ဟိုမှာ လေလယ်တွင် လှုပ်မရအောင် ချုပ်ခံထားရ၏။ သို့ထိတိုင် သူက ညာလက်ကို မြှောက်၍ ကျီယင်ထံ လက်ညှိုးထိုးလိုက်နိုင်သေးသည်။
သူက ဘာမှမပြောသော်လည်း သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးမန္တန်၏စွမ်းအားကား ထုတ်လွှတ်ခံလိုက်ရလေပြီ။
တစ်ခုသည် ကံကြွေးဖြတ်တောက်ခြင်း၏ စွမ်းအား၊ တစ်ခုက ကံကြွေးညှို့ခြင်း၏စွမ်းအား။
ကံကြွေးဖြတ်တောက်ခြင်းတွင် ကံကြွေးမျှင်များ ဖျက်စီးဖြတ်တောက်ခံရပြီး ရှင်ခြင်းသည် သေခြင်းဖြစ်လာ၏။
ကံကြွေးညှို့ခြင်းတွင်မူ ကံကြွေးသည် ချုပ်နှောင်ခံရ၏။ လူတစ်ယောက်တွင် ကံကြွေးများများ ရှိလေလေ၊ အစွမ်းအာနိသင်ပိုရှိလေလေ ဖြစ်သည်။
ကျီယင်ကို ရစ်သိုင်းလှည့်ပတ်နေသော ကံကြွေးသည် ကြောက်စရာကောင်းပုံပေါ်သော်လည်း မန်ဟို့ရှုထောင့်အရတော့ ကျီယင်မှာ ကံကြွေးမန္တန်အတွက် အကောင်းဆုံးပစ်မှတ်ဖြစ်နေသည်။
မန်ဟို မလှုပ်နိုင်ဖြစ်နေစဉ် သူ၏ကိုယ်ထဲမှ ရောင်စုံတောက်ပနေသော အမျှင်များ မရေမတွက်နိုင်အောင် ထွက်လာသည်။ ဤအမျှင်များကား မန်ဟို့ကံကြွေးအကုန်လုံးပင်။
၎င်းတို့သည် အစုအထွေးလိုက် လုံးသွားပြီးနောက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ ကံကြွေးမျှင်တချို့က အနီးအနားရှိ ကျင့်ကြံသူများနှင့် ချိတ်ဆက်နေသော်လည်း အများစုက တောင်ကောင်းကင်၏ နယ်မြေအနှံ့အပြားသို့ ဖြာထွက်ပျံ့နှံ့လျက်ရှိသည်။
“ငါဟာ ငယ်ငယ်ကတည်းက ကံကြွေးတာအိုရဲ့ အရိပ်ကို ခိုလှုံခဲ့တယ်” ကျီယင်က ပြောသည်။ “မင်းရဲ့ကံကြွေးအကုန်လုံးကို မဖြတ်တောက်ဘူး။ တစ်ခုတည်းပဲ ဖြတ်တောက်ပစ်မယ်။ ဒါမဲ့ အဲ့ဒါက မင်း အင်မော်တယ်နယ်ပယ်ကို ဘယ်တော့မှ မတက်ရောက်နိုင်တော့ဘူးလို့ ဆိုလိုတယ်” သူ့လေသံက တည်ငြိမ်နေသော်လည်း အမှန်တွင် မန်ဟို့ကို ထိတ်လန့်နေခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး နှစ်ယောက်ဆုံသောအခါ သူ၏အစွမ်းအထက်ဆုံး တာအိုမှော်သိုင်းနှင့် တိုက်ခိုက်နေခြင်းပင်။
သူက လက်ကို အသာအယာ လှုပ်ရှားလိုက်ပြီး မန်ဟို့ကံကြွေးမှာ တစ်စုံတစ်ယောက်၏ လှန်ခြင်းခံနေရသော စာရွက်များအလား တဖျပ်ဖျပ် လှုပ်ခါသွားပြီးနောက် ကျီယင်၏ကံကြွေးနှင့် လျင်မြန်စွာ ချိတ်ဆက်စပြုလာသည်။
ရှေ့မှောက်တွင် ဖြစ်ပေါ်နေသော ဤမြင်ကွင်းက ရွေးချယ်ခံများပင် အပါအဝင် အနီးအနားကျင့်ကြံသူများ၏အမူအရာများတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်သွားစေသည်။
“ဒီတော့ ဒါက ကျီမျိုးနွယ်စုရဲ့ စွမ်းအားပေါ့...”
“ကံကြွေးတာအိုဆိုတာ မိုးကောင်းကင်အောက်က ဘယ်သူမှ ပြန်မတိုက်ခိုက်နိုင်တဲ့အရာပဲ။ ဒဏ္ဍာရီတွေအရ သခင်ကျီဟာ သခင်လီအပေါ်မှာ မိုးကောင်းကင်ကို ထားရှိဖို့ ကံကြွေးတာအိုကို အသုံးပြုခဲ့တာတဲ့လေ”
“ကျီယင်က တာအိုကလေးအဆင့်အတန်းအတွက် ယှဉ်ပြိုင်နိုင်တာ အံ့ဩစရာမရှိဘူး။ သူ မွေးဖွားလာတုန်းက ထူးဆန်းတာတစ်ခု ရှိခဲ့တယ်ကြားတယ်။ သူ ကမ္ဘာလောကထဲ ပေါ်လာတဲ့ အခိုက်အတန့်မှာ သူ့အပေါ်မှာ ကံကြွေးပါလာခဲ့တယ်တဲ့လေ။ အဲ့ဒါကြောင့် သူ့ရဲ့ ကံကြွေးတာအိုအသိက မယုံနိုင်စရာကောင်းနေတာ နေမှာ”
“မန်ဟိုတော့ ... သေချာပေါက် သေပြီပဲ”
သို့သော် ကျီယင်သည် မန်ဟို့ကံကြွေးကို လှန်လှောကြည့်ရှုနေစဉ် ရုတ်တရက် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ မည်သူမှ မမြင်နိုင်သော်လည်း သူ့ကို ဝန်းရံလျက်ရှိသော ကံကြွေးအကုန်လုံး ရုတ်တရက် ဖရိုဖရဲဖြစ်သွားလေသည်။
ထို့နောက် မန်ဟို၏ ကံကြွေးမျှင်များက ခွဲထွက်စပြုလာကြသည်။ တစ်မျှင်တည်းမဟုတ်၊ အကုန်လုံး။ သူတို့နှစ်ယောက်ကို ချိတ်ဆက်ထားသော ကံကြေးမျှင်အကုန်လုံး တစ်မျှင်နှင့်တစ်မျှင် ခွဲခွာလာသဖြင့် ထစ်ချုန်းသံကြီးများ လေတွင် ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာပင် သူနှင့် မန်ဟို့အကြားရှိ ကံကြွေးမျှင်တစ်မျှင်ပြီးတစ်မျှင် ထောင်းခနဲ ထောင်းခနဲ မြည်ရင်း ပြတ်သွား၏။ သူတို့နှစ်ယောက်အကြားရှိ ကံကြွေးချိတ်ဆက်မှုကား လျင်မြန်စွာ ပျက်စီးသွားလေပြီ။
တစ်ပြိုင်တည်းဆိုသလို မန်ဟို့ကို ဝန်းရံလျက်ရှိသည့် ကံကြွေးမျှင်များမှာ တဖြေးဖြေး မှေးမှိန်စပြုလာရာ မန်ဟိုသည် ချုပ်ထားမခံရတော့ဘဲ ပုံမှန်အတိုင်း ရွေ့လျားနိုင်သွား၏။ သူက ကျီယင်ကို ခံစားချက်မဲ့စွာ ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။
ကျီယင်မှာမူ တုန်ရီနေပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ သူ၏ကံကြွေးမျှင်များမှာ ထိန်းမနိုင် သိမ်းမရနိုင်အောင် ဖရိုဖရဲဖြစ်သွားပြီး တဖျစ်ဖျစ်တဖျောက်ဖျောက် မြည်လာကြသည်။ မရေမတွက်နိုင်သော အော်သံများ ပဲ့တင်ထပ်နေသည့်အလားပင်။
သူ၏ကံကြွေးမျှင်များ အရပ်လေးမျက်နှာသို့ ဖရိုဖရဲဖြာထွက်သွားခြင်းက ကျီယင်၏ပတ်ပတ်လည်ရှိ လေထုကို ပုံပျက်ရှံ့တွသွားစေသည်။ ထို့နောက် ကံကြွေးမျှင်များက တစ်မျှင်နှင့်တစ်မျှင် ပေါင်းခြင်းစတင်သည်။ တစ်မျှင်နှင့် တစ်မျှင်ဝင်တိုက်သွားတိုင်း အလင်းရောင်များ ဝင်းခနဲ လင်းခနဲ တောက်ပသွားတတ်ချေ၏။
ကျီယင်မှာ တုန်ရီနေသည်။ ဤအခိုက်အတန့်တွင် သူ၏ကံကြွေးမျှင်များအနက် တစ်မျှင်က သူ့အပေါ် ကိုင်းညွတ်ကျလာပြီး ချုပ်နှောင်အင်းကွက်သဖွယ် သူ၏ကိုယ်ထဲသို့ ထိုးစိုက်ဝင်ရောက်ကာ ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ ထို့နောက် နောက်ကံကြွေးမျှင်တစ်မျှင်က သူ့အပေါ် ထိုးဆင်းလာ၍ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြန်သည်။ အလားတူစွာပဲ နောက်တစ်မျှင်။ နောက်တစ်မျှင်။
ကံကြွေးမျှင်တစ်မျှင်ပြီးတစ်မျှင် ပျောက်ကွယ်လာသည်နှင့်အမျှ ကျီယင်၏ပုံပန်းသွင်ပြင်သည် နောက်ဆုံးတွင် မြင်သာလာရ၏။
စောင့်ကြည့်နေသူများမှာ ဤအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကြပြီး ဘာတွေဖြစ်ပျက်နေသလဲ မသိတော့ပေ။ စောစောကတင် ကျီယင်သည် ကျီမျိုးနွယ်စု၏ ကံကြွေးဖြတ်တောက်ခြင်းကို သိသိသာသာ ထုတ်လွှတ်နေခဲ့၏။ သို့ထိတိုင် တခဏကြာသော် ကျီယင်မှာ ဗြုန်းခနဲ အရေးနိမ့်သွားလေပြီ။
ဤအခြင်းအရာအားလုံးက အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ယခုတွင် လူများသည် ကျီယင်၏မျက်နှာသွင်ပြင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရပြီဖြစ်၏။ သူတို့မျက်လုံးများ ကျီယင်အပေါ် ကျရောက်သွားလျှင်ချင်း ပင့်သက်ရှိုက်သံများ ကြားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။
သူတို့ မြင်နေရသည်ကား ဖျော့တော့သော အသားအရေလေးနှင့် မိန်းမလှလေးတစ်ဦး၏မျက်နှာ။ သူမနဖူးအပေါ်တွင် ငါးမောင်နှံကို ဖော်ပြနေသော ပုံသဏ္ဌာန်အား မြင်ရနိုင်ပြီး သူမတစ်ကိုယ်လုံးမှ နွမ်းဖတ်ဖတ် အလှတရားလေး၏ အငွေ့အသက်ကို ထုတ်လွှတ်နေချေသည်။
သူမကား... ကျီယင်။
ကျီမျိုးနွယ်စု၌ပင် ကျီယင်က မိန်းကလေးဆိုသည့်အကြောင်းကို သိသူမရှိသလောက်ရှားပေ၏။
ကျီယင်၏ပုံစံအမှန် ဖော်ပြခံလိုက်ရစဉ် လူတိုင်းမှာ ဆွံ့အတိတ်ဆိတ်နေကြတော့သည်။ ကျီယင်သည် သူမ၏ကျင့်ကြံခြင်းအခြေခံ ပျောက်ကွယ်လာနေသည်ကို အာရုံရလိုက်သဖြင့် တုန်ရီချောက်ချားသွား၏။ သူမကိုယ်တိုင် ကျင့်ကြံခဲ့သော ကံကြွေးမှာ ယခုတော့ သူမ၏ထိန်းချုပ်မှုအောက်တွင်ပင် မရှိတော့ပေ။ အံ့ဖွယ်အားတစ်ရပ်ရပ်က ၎င်းကို နှောင့်ယှက်နေသဖြင့် သူမ၏ပြိုင်ဘက်အတွက် သူမကို ချုပ်နှောင်ရသွားစေသည့်အလားပင်။
“မဖြစ်နိုင်ဘူး...” သူမက ချာချာလည် မူးဝေလျက် တွေးလိုက်သည်။ ကံကြွေးကို ကျင့်ကြံနေခဲ့သည့် တစ်ချိန်လုံး သူမမှာ ယခုလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။ ၎င်းက သူမကို အမှန်တကယ်... ကြောက်စိတ်တို့ မွှန်ထူသွားစေသည်။
“နင်...” သူမသည် မျက်နှာလေး ဖြူဖပ်နေလျက် မန်ဟို့ကို ကြည့်၏။ ဤအခိုက်အတန့်တွင် သူမ၏နောက်ဆုံးကံကြွေးမျှင်သည် သူမ၏ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်၍ သူမကို ချုပ်နှောင်နေသော အပိုင်းတစ်ပိုင်းဖြစ်လာသည်။
ယခုအချိန်တွင် သူမသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦးဖြစ်ကြောင်း ထင်ထင်ရှားရှား မြင်ရနိုင်လေပြီ။ သူမ၏ ဖျော့တော့နေသော မျက်နှာလေးသည် ဝတ်ရုံ၏နက်မှောင်မှုနှင့် တခြားစီဖြစ်နေ၏။ အကြောင်းတစ်စုံတစ်ရာကြောင့် အဆိုပါတခြားစီကွဲလွဲနေမှုက သူမကို အတော်လေး ထိလွယ်ခိုက်လွယ် နုနယ်အားနွဲ့ပုံပေါ်စေသည်။
“နင် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်နေတာလဲ” သူမက မေးသည်။
မန်ဟိုက တည်ကြည်သောမျက်နှာထား၊ အေးစက်သော မျက်ဝန်းများဖြင့် ရှေ့တက်လာကာ ကျင့်ကြံခြင်းအခြေခံမရှိ၍ မရုန်းနိုင်တော့သော ကျီယင်၏အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမကို လှမ်းဆွဲပြီး သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းမှာ ကြက်သေသေ သွားကြတော့သည်။ သူတို့သည် မန်ဟို့ကို ကြည့်ရင်း မည်သည့်လျှို့ဝှက်ချက်များအား လျှိုထားသေးသလဲ သိချင်နေကြ၏။
ကြည့်နေကြသူများမှာ အမှန်တော့ စောစောက တိုက်ပွဲကို နားမလည်ပေ။ မန်ဟိုနှင့် ကျီယင်သာလျှင် အမှန်တရား၏ ထိတ်လန့်ဖွယ်ကောင်းမှုကို ကောင်းကောင်းသိပေသည်။ မန်ဟိုသည် ယခင်က ကျီမျိုးနွယ်စုကံကြွေးဖြတ်တောက်ခြင်း၏ ပစ်မှတ်ဖြစ်ခဲ့ဖူးသည့်အတွက် ကျီယင်သာ အောင်မြင်သွားခဲ့လျှင် မည်မျှကြောက်စရာကောင်းလိမ့်မည်ကို နားလည်လေ၏။
သူ၏ကံကြွေးမန္တန်မှာမူ ကံကြွေးတာအိုကို လိုက်စားသူများအတွက် အတားအဆီးဖြစ်သည်။ လူတစ်ယောက်တွင် ကံကြွေးများများ ရှိလေလေ၊ ၎င်း၏သက်ရောက်မှုက အစွမ်းထက်လေလေ ဖြစ်ချေရာ ကျီမျိုးနွယ်စုအတွက် မည်မျှတုန်လှုပ်စရာ ကောင်းလိမ့်မည်လဲ စဉ်းစားကြည့်နိုင်သည်။
ဤအခိုက်အတန့်တွင် လူအုပ်ထဲမှ အသံတစ်သံ ထွက်လာသည်။
“သတ် သူ့ကို သတ်ကြ။ သူ အသက်ရှင်နေသရွေ့ ကံကြမ္မာကောင်းအကုန်လုံးကို သူရနေမှာ။ အရှင်ထားထားလို့ မဖြစ်ဘူး
“သူက ထိုက်ယန်ကျစ်၊ လီလင်းအာ၊ စွန်းဟိုက်၊ ဖန်းတုံးအာနဲ့ စုန့်လော့တန်တို့ကို ဖမ်းခဲ့ပြီးပြီ။ အခု ကျီယင့်ကိုရောပဲ။ ဒီကောင်က တကယ့်ကို စံချိန်တင်လောက်တဲ့ ပြဿနာကောင်။ သေချာပေါက် သေမှဖြစ်မယ်
“သေကိုသေမှ ဖြစ်မယ်။ သူက အစွမ်းထက်တဲ့ပုံပေါ်ပေမယ့် တစ်ယောက်တည်းပဲလေ
“ကံကြွေးတာအိုကို ပြန်တိုက်ခိုက်နိုင်တယ်ဆိုတော့ အဖိုးထိုက်ရတနာတစ်မျိုးမျိုး ဖွက်ထားတာပဲဖြစ်မယ်။ အဲ့ဒါက အင်မော်တယ်ရှေးတာအိုဆရာများ ဝတ်ပြုကျောင်းက ကံကြမ္မာကောင်းဖြစ်လောက်တယ်” အသံ ပတ်ဝန်းကျင်တစ်ခွင် ပျံ့လွင့်လာစဉ် ဤပုဂ္ဂိုလ်သည် မန်ဟို့ကို တိုက်ခိုက်ဖို့ လူအုပ်ကြီးအား လှုံ့ဆော်နေခြင်းဖြစ်ကြောင်း သိသာပေ၏။
အသံကို တုံ့ပြန်သည့်အနေဖြင့် လူအုပ်ကြီး၏မျက်လုံးများ တောက်ပလာသည်။ ဤပုဂ္ဂိုလ်၏ ရည်ရွယ်ချက်ကို သူတို့မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။ သူ၏ဆိုလိုရင်းက အကျိုးအကြောင်းညီညွတ်လေသည်။
သူတို့ စိတ်အားတက်ကြွလာသည့်အချိန်မှာပင် အသတ်အဖြတ်စိတ်ဆန္ဒတို့ မန်ဟို၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ မိုးကြိုးဒယ်အိုးသည် လျှပ်စီးများဖြင့် တောက်ပလာပြီး မန်ဟို ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဝါးခမောက်တစ်လုံး ဆောင်းထားသော အမျိုးသားတစ်ယောက်၏ ဘေးတည့်တည့်တွင် ရပ်နေခဲ့လေပြီ။
မန်ဟို၏ ဗြုန်းစားကြီး ရောက်ရှိလာမှုက ထိုလူ့ကို မျက်စိမျက်နှာပျက်သွားစေသည်။ မှန်ပါသည်၊ ဤလူကား စောစောက စကားပြောခဲ့သော လူဖြစ်၏။ သူက နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း မန်ဟိုက မြန်လွန်းလေသည်။ မန်ဟိုက အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို ထုတ်ဖော်၍ လက်သီးခုနစ်ချက် ဆက်တိုက်ထိုးလိုက်ရာ လေထုတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားစေသည်။ ဝါးခမောက်နှင့်လူမှာ မြက်ခြောက်လေးသဖွယ် လွယ်ကူစွာ ချေမှုန်းခံလိုက်ရပြီး သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲသွားတော့၏။
မန်ဟိုက သူ၏ဝါးခမောက်နှင့် သိုလှောင်အိတ်ကို ယူကာ သူ့အပေါ် ထိုးဆင်းလာနေကြသော ပုံရိပ်ပေါင်းဒါဇင်များစွာကို လှည့်ကြည့်လိုက်သည်။ သူတို့၏အနောက်တွင် သူ့ကို ဝိုင်းချဖို့ ပျံသန်းလာသော ကျင့်ကြံသူရာချီရှိ၏။
“မင်းတို့ ငါ့ကို တိုက်ခိုက်ဖို့ လောကြီးနေစရာမလိုပါဘူး” မန်ဟိုက အေးစက်စက် ပြောသည်။ “အခုကစပြီး မင်းတို့ တောင်ကောင်းကင်ကနေ ထွက်သွားမယ့် အချိန်မရောက်မချင်း ... ကစားနည်းလေးတစ်ခု ကစားကြတာပေါ့ကွာ
“ကစားနည်းက ကြောင်နဲ့ကြွက်ကစားနည်းတဲ့” သူသည် နေရာလဲသိုင်းကို သုံးရင်း အဝေးတွင် ဖျတ်ခနဲ ပေါ်လာ၏။ စောစောက သူသည် ချုံခို၍ဝိုင်းတိုက်ခိုက်ခဲ့ကြခြင်းမှ အစစ်အမှန်အင်မော်တယ်စွမ်းအားငါးဆယ်ရာခိုင်နှုန်းနှင့်သာ ရုန်းထွက်ခဲ့ခြင်းဖြစ်သည်။ ယခု ရှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားလေရာ ဤနေရာမှာ သူ ထွက်သွားချင်လျှင် မည်သူမှ သူ့ကို မတားနိုင်ပေ။
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ သူ့စကားကို ကြားလျှင် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
***