← Chapters

ထွက်ခွာရခြင်း

Vol. 60 Ch. 830

ထွက်ခွာရခြင်း

Vol. 60 Ch. 830

မန်ဟိုက အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။ ရာပေါင်းများစွာသော ကျင့်ကြံသူများက သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသော်လည်း ယခုတွင် အများစု၏ကျင့်ကြံခြင်းအခြေခံမှာ သူနှင့်မယှဉ်နိုင်တော့သည့်အပြင် အခြားသူများအနေဖြင့်လည်း သူနှင့်ယှဉ်နိုင်ဖို့ ချိတ်ဖွင့်ရမည်ဖြစ်သည်။ ထိုမျှသာမက မန်ဟို့တွင် အံ့ဖွယ်မိုးကြိုးဒယ်အိုးနှင့် ၎င်း၏နေရာလဲနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူ့အတွက် နောက်မှလိုက်လာသူများကို မျက်ခြည်ဖြတ်ရန် နာရီပိုင်းမျှသာ ကြာလိုက်၏။

နောက်ကျန်ရစ်ခဲ့သူရာပေါင်းများစွာမှာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ တခဏကြာသော် တချို့က လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်ကြပြီး တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာရန် ချက်ချင်း ပျံတက်သွားကြလေသည်။ သို့သော် အလွယ်တကူ လက်မလျှော့လိုသူများလည်း ရှိသေးသည်။

အထူးသဖြင့် အဖမ်းခံထားရသော သခင်လေး၊ သခင်မလေးတို့၏ ဂိုဏ်းများ၊ မျိုးနွယ်စုများပင်။ သူတို့သည် ထွက်သွား၍မရသဖြင့် မန်ဟို့ကို အတူလိုက်ဖမ်းကြရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ဤအခိုက်အတန့်တွင် သူတို့သည် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း၏ ကံကြမ္မာကောင်းကို နည်းနည်းလေးမှ ဂရုမစိုက်တော့ပေ။ ၎င်းတို့အားလုံးကို မန်ဟိုက ရယူပြီးသွားပြီဖြစ်၏။ ထို့ကြောင့် သူတို့အကုန်လုံး တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားသည်နှင့် မကြာခင် နဝမတောင်တွင် မန်ဟို၏နာမည် မည်မျှကျော်ကြားလာမည်လဲ တွေးသာကြည့်နိုင်သည်။

မန်ဟိုသည် ယခုတွင် ဝါးခမောက်ကို ဆောင်းရင်း တောင်များအကြား တိတ်ဆိတ်စွာ ပျံသန်းလျက်ရှိ၏။ ခမောက်မှာ အတော်လေး ဆန်းကြယ်လေသည်။ သူ၏အရှိန်အဝါမှာ အလုံးစုံ ဖုံးကွယ်ခံလိုက်ရကာ သူ့အား လျှို့ဝှက်နက်နဲသွားစေသည်။ ခမောက်ကို သုံး၍ ရုပ်ပြောင်းရုပ်လွှဲပင် လုပ်နိုင်လေသည်။

ဤရွေ့ဤမျှသာဆိုလျှင် အကြောင်းမဟုတ်။ ခမောက်ကား ကြက်ရိုးများသဖွယ် အသုံးမဝင်သောအရာလည်း ဖြစ်သည်။ ရုပ်ပြောင်းရုပ်လွှဲလုပ်၍ အရှိန်အဝါကို ဖုံးကွယ်ထားလျှင်တောင်မှ ဦးနှောက်ပါသော မည်သူမဆို ခ‌မောက်ကို မြင်လိုက်လျှင် သူမှန်း တန်းသိနိုင်သည်မဟုတ်ပါလော။

သို့ရာတွင် .... ဝါးခမောက်တွင် လုပ်ဆောင်ချက်နောက်တစ်မျိုး ရှိသေးသည်။ ၎င်းကို ဆောင်းထားသည့်အခါ မဟာတာအိုတစ်ပါး၏ တေးသွားက သူ့ကို ဝန်းရံလိုက်မည်ဖြစ်သည်။ တေးသွားက သိပ်မရှင်းလင်းသော်လည်း နားထဲဝင်လာလျှင် သူ၏စိတ်အစဉ်ကို မယုံနိုင်လောက်အောင် တည်ငြိမ်အေးချမ်းသွားစေ၏။

မန်ဟိုသည် သိပ်မဆိုးလှဟု ခံစားရသောကြောင့် ၎င်းကို ဆောင်းရင်း ရရှိထားသာ သိုလှောင်အိတ်များကို မွှေနှောက်နေတော့သည်။ ဝမ်မူ၏သိုလှောင်အိတ်တွင် ပစ္စည်းအမျိုးမျိုးအထွေထွေ ပါရှိလေရာ မန်ဟို၏မျက်လုံးများကို တောက်ပလာစေသည်။ တာအိုစောင့်ရှောက်သူများ၏ အိတ်များမှာလည်း ပြည့်သျှံလျက်ရှိ၏။

“‌ချမ်းသာချက်ပဲ။ တောင်ကောင်းကင်ရဲ့ အပြင်က ရွေးချယ်ခံတွေက လုံးဝ ချမ်းသာလိုက်တာ” သူ၏မျက်လုံးများကား နေလုံးကြီးနှစ်လုံးသဖွယ် တောက်ပနေလေပြီ။ သိုလှောင်အိတ်များကို လျင်မြန်စွာ သိမ်းပြီးနောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့ဆက်သွားတော့သည်။

နှစ်နာရီကြာသော် ပေါက်ကွဲသံကြီး ဟိန်းထွက်သွားပြီး မြေငလျင်တို့ လှုပ်ခတ်သွားသည်။ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သွေးပျက်မတတ် အော်သံကြီးတစ်သံအား ကြားရနိုင်သည်။ အခင်းဖြစ်ရာ အရင်းအမြစ်ကား ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းထဲက သွေးသစ်ခွဘုရားကျောင်းမှ တစ်ဖွဲ့ဖြစ်၏။ လွန်ခဲ့သော  အခိုက်အတန့်လေးက မန်ဟိုသည် ‌‌ဗြုန်းခနဲ ပေါ်လာခဲ့ပြီး သူတို့ကို ‌တိုက်ခိုက်ခဲ့လေသည်။ တစ်ယောက်ကိုမှ မသတ်သော်လည်း သူတို့ ဒဏ်ရာအပြင်းအထန် မရမချင်း တဖြောင်းဖြောင်း ဆော်ပလော်တီးကာ သိုလှောင်အိတ်များ လုယူသွား၏။

သူက ထွက်သွားဖို့ ပြင်လိုက်သည့်အချိန်မှာပင် သွေးသစ်ခွဘုရားကျောင်းမှ ရွေးချယ်ခံများ၏ သိုလှောင်အိတ်များကို စစ်ဆေးပြီး ဒေါပွသွားသည်။

သိုလှောင်အိတ်အကုန်လုံးတော့ ‌ပြောင်တလင်းမခါနေသော်လည်း ရှိသင့်သည်ထက် ပေါ့နေချေသည်။ တစ်ယောက်ယောက်က အစောပိုင်းတစ်ချိန်ချိန်တွင် လုသွားခဲ့သည်အလားပင်။

“လခွမ်းလိုပဲ” မန်ဟိုက အော်ဟစ်လိုက်သည်။ သူသည် ပြန်လှည့်ပြီး သွေးသစ်ခွဘုရားကျောင်းသားများကို အနည်းငယ် ထပ်ရိုက်လိုက်ပြန်၏။ သူတို့၏ တာအိုစောင့်ရှောက်သူများမှာ ရူးမတတ် ဒေါသထွက်နေကြသော်လည်း ကျင့်ကြံခြင်းအခြေခံများ ချိတ်ပိတ်ထားရသဖြင့် သည်းခံရုံသာ တတ်နိုင်လေသည်။

ရွေးချယ်ခံများမှာမူ စာချုပ်များ မရေးချင်လည်း ရေးရ၏။ မန်ဟို့အပေါ် သူတို့ခံစားနေရသော အမုန်းမှာ ဖော်ပြနိုင်သောအတိုင်းအတာထက်ပင် ကျော်လွန်နေချေပြီ။

“‌ဒီတောင်ပိုင်းဒေသက လူတွေအကုန်လုံး ဓားပြတွေ သူခိုးတွေချည်းပဲ” သွေးသစ်ခွဘုရားကျောင်းမှ ရွေးချယ်ခံတစ်ယောက်ဖြစ်သော မိန်းကလေးက ငိုတော့မည့်ပုံဖြင့် ပြောသည်။

“မပူပါနဲ့” မန်ဟိုက ဇွဲမလျှော့တမ်း ဆိုသည်။ “မင်း လက်စားချေနိုင်အောင် ငါ ကူညီပေးမယ်။ ဘယ်ငနဲက ငါ့စီးပွားရေးကို တုတ်နဲ့ ထိုးဖို့ ကြိုးစားတာလဲ”

ခြောက်နာရီကြာသော် တောင်တန်းအတွင်း နောက်တစ်နေရာတွင် အထွတ်အမြတ်မြေငါးခု၏ ကြာပန်းပြာကောင်းကင်အဖွဲ့ မှ မှော်သိုင်းလှိုင်းများသည် အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွား၏။

သူတို့၏ကံတရားမှာ သွေးသစ်ခွဘုရားကျောင်းနှင့် အလားတူပင်။ မန်ဟိုမှာ အနိုင်ယူ၍မရနိုင်ပြီး တဖြောင်းဖြောင်း မြည်သံများ ထွက်လာကာ ဒဏ်ရာအပြင်းအထန်ရကုန်ကြသည်။ ထို့နောက် မန်ဟိုက သူတို့၏ သိုလှောင်အိတ်များကို ယူကြည့်ပြီး ယခင်အဖွဲ့ထက် ပိုများသည့်အပြင် လုခံထားရခြင်းမရှိကြောင်း တွေ့ရသဖြင့် အပျော်ကြီးပျော်သွားတော့သည်။

နောက်ရက်များတွင် မန်ဟိုသည် ရံဖန်ရံခါ လူသတ်သော်လည်း များသောအားဖြင့် ဒဏ်ရာအပြင်းအထန် ရစေရင်း လျှောက်ပတ်သွားနေ၏။ ထိုအခြင်းအရာကြောင့် အမျိုးမျိုးသောအဖွဲ့များအကြား ခံပြင်းမှုတို့၊ မနှစ်မြို့တို့ ပေါက်ဖွားလာလေသည်။ သို့သော်လည်း အတော်များများမှာ ထွက်သွားဖို့သာ ရွေးချယ်ကြပြီး တောင်ကောင်းကင်ဂြိုဟ်၏အပြင် ကြယ်တာရာကောင်းကင်သို့ ရောက်သည့်အခါမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ တာအိုစောင့်ရှောက်သူများ၏ ကျင့်ကြံခြင်းအခြေခံများ မူလအတိုင်း ပြန်ဖြစ်သွားပြီး သူတို့မှာ မန်ဟို့ကို အရိုးထဲထိ မုန်းနေတော့သည်။ သို့ပင်ငြား ဂြိုဟ်ပေါ် ခြေပြန်ချ၍မရတော့သဖြင့် ဒေါသတကြီး ခြေဆောင့်နင်းကာ ပြန်သွားကြလေသည်။

ဤသည်ကား .... အန္တရာယ်ကင်းရာအရပ်သို့ ထွက်ခွာရခြင်းဖြစ်ချေသည်။

မန်ဟိုက နဝမတောင်နှင့်ပင်လယ်၏ ရွေးချယ်ခံများ၊ တာအိုစောင့်ရှောက်သူများကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်မဟုတ်ပါလော။ ယခုတွင် သူနှင့် ပက်ပင်းတိုးသူတိုင်း မထွက်ပြေးနိုင်တော့ဘဲ အရေခွံစုတ်ခံရပေတော့မည်။

သူသည် သိုလှောင်အိတ်ဗလာများကို တွေ့လျှင် စာချုပ်ရေးခိုင်းတတ်၏။ မပူးပေါင်းလျှင် စွန်းဟိုက်ကဲ့သို့ ဆံပင်မှ ဆွဲခံရမည်။

တဖြေးဖြေး ထွက်သွားရန် ရွေးချယ်ကြသော ဂိုဏ်းများ၊ မျိုးနွယ်စုများ များပြားလာသည်။ နေသူရိန်တောင်နှင့် လီမျိုးနွယ်စုပင်လျှင် နောက်ဆုံးတော့ မနေရဲတော့ဘဲ ထွက်သွားကြ၏။ ထွက်မသွားဘဲ ပေတေနေ‌လျှင် သူတို့အတွက် သည့်ထက်ပို၍ ထိခိုက်ရုံသာ ရှိပေမည်။

တာအိုစောင့်ရှောက်သူများမှာ မန်ဟို့ထက် ကျင့်ကြံအဆင့်မြင့်မားပါသော်လည်း ချိတ်ပိတ်ခံထားရရာ အငယ်ပိုင်းမျိုးဆက်ဖြစ်သော မန်ဟို၏ ရိုက်နှက်ခံရခြင်းက သူတို့ကို ရူးမတတ် ဖြစ်စေသည်။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် တစ်နေ့လုံး တောင်တန်းထဲတွင် တစ်ယောက်မှ မတွေ့ရတော့သဖြင့် အတန်ကြာတွေးပြီးနောက် လူတိုင်းထွက်သွားခဲ့ပြီဟူ၍ ကောက်ချက်ချလိုက်၏။ သို့သော် ဤအခိုက်အတန့်တွင် သူက ရုတ်တရက် တုံ့ခနဲ ရပ်ပြီး အဝေးကို လှည့်ကြည့်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကြောင့် ခပ်ပါးပါးလှိုင်းတချို့ကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရလေသည်။

“ထွက်မသွားတဲ့သူ ရှိသေးတယ်လား” သူက တအံ့တဩ တွေးလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက သူသည် လူအများ မတတ်သာဘဲ ထွက်သွားရအောင် စနစ်တကျ ကြိုးစားခဲ့၍ အကုန်လုံး ထွက်သွားဖို့ ရွေးချယ်ခဲ့လောက်ပြီဟု ထင်ခဲ့လေ၏။ မထင်မှတ်ထားဖွယ်ရာကား လူတချို့ ကျန်နေသေးသည်။

သူက ဖျတ်ခနဲ ပျောက်ကွယ်ကာ အဝေးတွင် ပေါ်လာသည်။ မကြာမီ အမြန်ဆုံး ခရီးနှင်လာနေသော လူလေး‌ယောက်ကို လှမ်းမြင်လိုက်၏။ သူတို့ထဲမှ တစ်ယောက်ကား ဖန်ရှန်ရှန်းပင်။ သူမဘေး၌ သူမ၏ တာအိုစောင့်ရှောက်သူများ ဖြစ်ဟန်တူသော အဘွားအိုနှစ်ယောက်ရှိသည်။ နောက်တစ်ယောက်ကတော့ အဘိုးအိုတစ်ဦး။ ကြည့်ရသရွေ့ ဖန်ယွင်ရီ၏ တာအိုစောင့်ရှောက်သူ ဖြစ်လိမ့်မည်။

မန်ဟို ချဉ်းကပ်လာသဖြင့် ဖန်မျိုးနွယ်ဝင်လေးယောက်၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။ အဘွားအိုနှစ်‌ယောက်က ရှေ့တက်လာပြီး မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်၏။ ဖန်ရှန်ရှန်းမှာမူ မန်ဟို့ကို ကြည့်နေသော သူမမျက်ဝန်းများတွင် အမုန်းတို့ ပြည့်နှက်နေသည်။

“ကျန်တဲ့သူတွေအကုန် ထွက်သွားပြီ” မန်ဟိုက ပြောသည်။ “မင်းတို့တွေ ဘာလို့မသွားသေးတာလဲ”

သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ဖန်ရှန်ရှန်း၏မျက်နှာတွင် သံသယရိပ်တို့ ဖြတ်ပြေးသွားပြီး သူမက မန်ဟို့ကို တိုက်ခိုက်ရန် တာအိုစောင့်ရှောက်သူနှစ်ယောက်၏အနောက်မှ ဝုန်းဒိုင်းကြဲ ထွက်လာသည်။

အဘိုးအိုက ဖန်ရှန်ရှန်း၏ လက်မောင်းကို ကပျာကယာ လှမ်းဆွဲလိုက်သည်။

“သခင်မလေး ဒီက ထွက်သွားကြစို့”

ကျန်တာအိုစောင့်ရှောက်သူအဘွားအိုနှစ်ယောက်က မန်ဟို့ဆီ ပြေးဝင်လာသော အလင်းတန်းများအသွင်ပြောင်းသွားသည်။

“မျိုးနွယ်စုဦးလေး ဖန်ရှုံ့ဖုန်းကို သွားရှာချည်။ အဲ့ဒီမှာ သခင်မလေး အန္တရာယ်ကင်းလိမ့်မယ်။ ဒီကထွက်သွားတော့”

သူတို့သည် သတိကြီးကြီးထား၍ သွားနေခဲ့ကြပြီး မန်ဟို့အာရုံကို ဆွဲဆောင်မိမှာစိုးခဲ့လေသည်။ သို့သော် ယခုတော့ မန်ဟိုက ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်ရာ ပုန်းအောင်းနေရန် မလိုတော့သဖြင့် အမြန်ဆုံး ဆက်သွားကြတော့သည်။

မန်ဟိုမှာတော့ ‘ဖန်ရှုံ့ဖုန်း’ ဆိုသော စကားလုံးကို ကြားလျှင် ချောင်းဖွဖွမဆိုးမိဘဲ မနေပေ။ သူက တစ်ခုခုပြောရန် ပြင်လိုက်စဉ် အဘွားအိုနှစ်ဦးက စူးစူးဝါးဝါး အော်ရင်း ရက်ရက်စက်စက် တိုက်ခိုက်လိုက်ကြသည်။ အဆိပ်တိမ်တိုက်တစ်တိုက် ထွက်လာပြီး အတွင်းထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို ထုတ်လွှတ်နေသော အရိုးစုနှစ်စု ရှိလေသည်။ အရိုးစုနှစ်စု လေကို ဖြတ်သန်းလာသည့်အခါ သူတို့ခြေထောက်အောက်ရှိ အပင်များ နွမ်းခြောက်သေဆုံးသွားကြ၏။

မန်ဟိုက မျက်မှောင်ကြုတ်၍ ညာလက်ဖြင့် လက်သီးထိုးချလိုက်သည်။ တောင်ဝါးမြိုမန္တန်က အဘွားအိုနှစ်ယောက်အပေါ် ဖိချလိုက်သော တောင်တန်းတစ်တန်းအား ဖော်ဆောင်ပေး‌လိုက်သည်။

အဘွားအိုနှစ်ယောက်က အားကုန်တိုက်ခိုက်လိုက်သဖြင့် ထစ်ချုန်းသံကြီးအား ကြားရနိုင်လေသည်။ သူတို့သည် အတုအယောင်အင်မော်တယ်ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ကာ မန်ဟို့ကို တားဖို့ ကြိုးစားလိုက်ကြ၏။

မန်ဟိုက အေးစက်စက် နှာမှုတ်ပြီးနောက် လက်ကို ဝှေ့ယမ်း၍ ဓမ္မဆင်းတုအား ဆင့်ခေါ်လိုက်သည်။ ဓမ္မဆင်းတု၏လက်သီးက မြေကြီးကို ထိုးချလိုက်ကာ အရာအားလုံးကို တသိမ့်သိမ့် တုန်ရီသွားစေပြီး မြေပြင်ပေါ်၌ အက်ကြောင်းများ ပေါ်လာစေသည်။ သွေးမိစ္ဆာမဟာမှော်သိုင်း ဖြစ်ပေါ်လာပြီး သူက ဖန်ရှန်ရှန်းနောက် လိုက်မည့်အစား အဘွားအိုနှစ်ယောက်ကို ဆက်လက်တိုက်ခိုက်လေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် တဖောင်းဖောင်း ပေါက်ကွဲသွားပြီး အဘွားအိုများ သွေးအန်လိုက်ရသည်။ သူတို့မှာ ခန္ဓာကိုယ်များ သနားဖွယ်ကောင်းလောက်အောင် ပိန်ချုံးခြောက်ကပ်လျက် မြေပေါ် ပုံရက်သား လဲကျသွားကာ မန်ဟို့ကို မုန်းမုန်းတီးတီး စိုက်ကြည့်လိုက်ကြသည်။

“နင် သေပြီ”

“ငါတို့ ဖန်မျိုးနွယ်စုရဲ့ အစွမ်းထက်ပညာရှင်တစ်ယောက် ဒီမှာနေတယ်။ အခု နင်က ငါတို့ကို ဒီလို ဆက်ဆံရဲတယ်ဆိုတော့ နင်သေမှာ သံသယဝင်စရာတောင်မလိုဘူး”

“ကျုပ် ခင်ဗျားတို့ကို မသတ်ပါဘူး၊ သတ်ချင်အောင် မလုပ်နဲ့” မန်ဟိုက အေးတိအေးစက် ပြန်ပြောလေသည်။

ထို့နောက် သူသည် လှည့်၍ ဖန်ရှန်ရှန်းနောက် လိုက်သွား၏။ သူမနှင့်ပတ်သက်၍ တစ်ခုခုက မူမှန်ကြောင်း သူ ခံစားနေရသည်။ လူတိုင်း တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားခဲ့ကြပြီဖြစ်သော်လည်း သူမက ဤနေရာတွင် ရှိနေသေး၏။ အားလုံးအထဲ အရေးအကြီးဆုံးကား စောစောက သူ၏စကားလုံးများနှင့်ပတ်သက်ပြီး သူမ၏တုံ့ပြန်မှုပင်။

“ဒီနေရာမှာ ကံကြမ္မာကောင်းတချို့ ကျန်နေသေးတာ ဖြစ်နိုင်မလား” သူက သိချင်စိတ်များဖြင့် တွေးလိုက်သည်။ သူ လေကို ခွင်းသွားသည့်အချိန်မှာပင် အဘွားနှစ်ယောက်၏ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူတို့က အံတင်းတင်းကြိတ်ရင်း သူ့နောက် လိုက်သွားကြလေ၏။

ထိုစဉ် တောင်ကောင်းကင်၏အပြင် ကြယ်တာရာကောင်းကင်တွင် ဧရာမနေရာရွှေ့ပြောင်းခြင်းမုခ်ဝကိုးခု ပွင့်လာခဲ့သည်။ တဖျပ်ဖျပ် လက်နေသော အလင်းရောင်များ အရပ်လေးမျက်နှာသို့ ‌ဖြာထွက်သွားစဉ် အဆိုပါမုခ်ဝကြီး ကိုးခုမှ ပုံရိပ်တစ်ဒါဇင်ကျော် ထွက်လာ၏။

ပုံရိပ်အားလုံးက တစ်ပြိုင်တည်းဆိုသလို စကားပြောလိုက်ကြသည်။

“တာအိုရောင်ရင်းဖန်၊ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းမှာ ဖြစ်ခဲ့တာကို ကျုပ်တို့ ဗွေမယူပါဘူး... ဒါမဲ့ ကျီမျိုးနွယ်စုရဲ့ ကျီယင်ကိုတော့ ပြန်ပေးဖို့ မျှော်လင့်ပါတယ်။ ‌တာအိုရောင်ရင်းဖန်၊ ကျေးဇူးပြုပြီး စာနာထောက်ထားပေးပါ...”

“အစ်ကိုဖန်၊ နေသူရိန်တောင်ရဲ့ ရွေးချယ်ခံတစ်ဦးလည်း အဖမ်းခံထားရပါတယ်.... ကျေးဇူးပြုပြီး လွှတ်ပေးပါလားခင်ဗျာ”

“လီမျိုးနွယ်စုက ဖန်မျိုးနွယ်စုနဲ့ ဆက်ဆံရေးကောင်းပါတယ်။ ဘယ်လိုလုပ်ပြီး အငယ်ပိုင်းမျိုးဆက်ရဲ့ လီလင်းအာက ဒီမှာ ဓားစာခံဖြစ်နေရတာလဲ.... သူက မိန်းမငယ်လေးနော်၊ သူ့သိက္ခာအစွန်းအထင်းခံရရင် လီမျိုးနွယ်စုအနေနဲ့ သည်းခံနိုင်‌ပေမယ့် မမေ့နဲ့ ဖန်ရှုံ့ဖန်း ၊ လီလင်းအာက ကျွန်မတို့မျိုးနွယ်စု‌နှစ်စုကို ရွှေလမ်းငွေလမ်းဖောက်ပေးမယ့် သတို့သမီးလောင်းနော်”

“အစ်ကိုဖန်၊ ကျုပ်ရဲ့ အကြီးဆုံးသား စုန့်လော့တန်လည်း အဖမ်းခံထားရပါတယ်။ အဲ့ဒီတုန်းက ကျုပ်တို့ ဆုံဆုံချင်း မိတ်ဆွေဖြစ်ခဲ့တာလေ။ အစ်ကိုကြီးဖန်ရာ အခု ကြည့်ပါဦး ဘာဖြစ်‌နေလဲဆိုတာ...”

“အစ်ကိုဖန်၊ အစ်ကိုက အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးနဲ့ မိတ်ဆွေရင်းတွေလေ။ အီး.... ဘုန်းတော်ကြီးက အရေးကြီးတဲ့ ကျင့်ကြံခြင်းကို အားထုတ်နေလို့ ထွက်လာလို့မရဘူး။ ဒါကြောင့်... ကျုပ်တို့ကို ငဲ့ညှာပေးလို့မရဘူးလား။ စွန်းဟိုက်က ကျုပ်ရဲ့မျိုးဆက်ထဲက တစ်ယောက်ပါ”

“အစ်ကိုကြီးဖန်... ခေါင်းဆောင်ကြီးရယ် ဖြစ်ပျက်‌နေတာနဲ့ပတ်သက်ပြီး ဆွံ့အနေလို့ ကျုပ်ကို အစ်ကိုကြီးနဲ့ စကားပြောဖို့ လွှတ်လိုက်တာ.... ကျုပ်သား ၊ အစ်ကိုကြီးရဲ့တူ ဖန်ယွင်ရီလည်း အဖမ်းခံထားရတယ်...”

အရှေ့ဘက်နယ်မြေ၊ ကြီးမြတ်သောတန်နိုင်ငံတွင် ရွှေတုန်းလျှိုသည် ‌ပြုံးတုံးတုံးဖြင့် ခေါင်းခါရမ်းပြီး ပျောက်ကွယ်သွား၏။ ဖန်ရှုံ့ဖုန်းနှင့် မန်လီလည်း ခါးသီးစွာ ရယ်လိုက်ကြသည်။ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းမှ တားမြစ်မန္တန်များ ဖယ်ရှားခံလိုက်ရပြီးနောက်တွင် သူတို့မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်လည်းမြင်၊ ကြားလည်း ကြားခဲ့ရလေသည်။

“အဲဒီလူဆိုးလေးကတော့ တကယ်ပဲ...” ဖန်ရှုံ့ဖုန်းမှာ သက်ပြင်းချလိုက်ပြီး အပြစ်ရှိသလို မခံစားရဘဲ မနေပေ။ တောင်ကောင်းကင်၏အပြင်မှလူများသာ ရိုင်းပျပြီး စိတ်လိုက်မာန်ပါလုပ်ခဲ့လျှင် ရင်ဆိုင်ရလွယ်ကူဦးမည်။ သို့သော် သူတို့က အလွန်တည်ငြိမ်ပြီး ယဉ်ကျေးသည့်အပြင် ပတ်သက်မှုများကိုလည်း ထောက်ပြနေသည့်အတွက် ဖန်ရှုံ့ဖန်းမှာ အတန်ငယ် ရှက်ရွံ့မိသွား၏။

သူ၏ဇနီးဖြစ်သူ မန်ဟို့အမေ မန်လီကတော့ ဝမ်းသာအားရစွာ ပြုံးနေပြီး သဘောကျနေကြောင်း သိသာသည်။

လင်မယားနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ဖန်ရှုံ့ဖုန်းက တီးတိုးရေရွတ်ပြီး လက်ကို ကောင်းကင်ထံ ဝှေ့ယမ်းလိုက်၏။ အရာအားလုံး တုန်ခါလာပြီး ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။ ပုံရိပ်ဆယ်ခုကျော်က အပေါ်မှ ချက်ချင်း ပျံဆင်းလာကြ၏။

သူတို့သည် ဝါးတားတားသာ ဖြစ်နေသေးသော်လည်း သူတို့၏ပေါ်ပေါက်လာမှုကြောင့် ဖြာထွက်လာသောဖိအားက တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးအား တုန်ခါသွားစေသည်။ သို့သော် ဤနေရာသည် တောင်ကောင်းကင်ဂြိုဟ်ဖြစ်၍ သူတို့အနေဖြင့် ဂရုတစိုက် ပြုမူဖို့ လိုသေးလေသည်။

သူတို့က လက်ယှက်၍ ဖန်ရှုံ့ဖုန်းနှင့် မန်လီကို အရိုအသေပေးလိုက်ရာ ဖန်ရှုံ့ဖုန်းက အားတုံ့အားနာ ပြန်ပြုံးပြလေ၏။

“တာအိုရောင်ရင်းတို့ ၊ ဒီကိစ္စက... အာ ထားပါတော့။ ခင်ဗျားတို့ ဂျူနီယာမျိုးဆက်တွေ အကုန်လုံး အန္တရာယ်ကင်းတာ သေချာအောင် ကျုပ် အဲဒီကို ခေါ်သွားပေးပါ့မယ်”

ဤလူများမှာ ဖန်ရှုံ့ဖုန်းကို အတိုက်အခံမလုပ်လိုသည့်အတွက် ယဉ်ကျေးနေကြခြင်းဖြစ်သည်။ သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် သူတို့အားလုံးကား အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရှိရာ တောင်တန်းသို့ ဦးတည်သွားသော အလင်းတန်းများ ဖြစ်သွားကြတော့သည်။

***

All Chapters