လူကြီးတွေ ရောက်လာပြီ....
Vol. 60 Ch. 831
လောလောဆယ်တွင် ဖန်ရှန်းရှန်းနောက် လိုက်နေသော မန်ဟိုအပါအဝင် အရှေ့ဘက်နယ်မြေ၏ကျင့်ကြံသူအားလုံး ကောင်းကင်အထက်က ဧရာမအကွဲကြောင်းကြီးကို မြင်လိုက်ကြရသည်။ ရုတ်တရက် မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး အတန်ငယ် အပြစ်ရှိသလို ခံစားရစပြုလာတော့သည်။
သို့သော် သူ၏မျက်လုံးများက လျင်မြန်စွာ တည်ငြိမ်အေးဆေးသွားပြီး သူက ဆက်လိုက်ဖမ်းလေ၏။
ဖန်ရှန်ရှန်းက အရှေ့တွင် ဖြစ်သည်။ တာအိုစောင့်ရှောက်သူအဘိုးအိုက သူမလက်မောင်းကို ဆွဲရင်း တတ်နိုင်သမျှ အမြန်ဆုံး ပြေးနေသည်။ သူက လျှို့ဝှက်မှော်ပညာရပ်များနှင့် သွေးရှောင်ခွင်းသိုင်းများကိုပင် အသုံးပြုလေသည်။ ဤနေရာသည် တောင်တန်း၏အစပ်အနား ရောက်နေပြီဖြစ်၍ သူတို့ တောင်များအထဲမှ ထွက်နိုင်ဖို့ မကြာတော့ပေ။ သူတို့သည် အရှေ့ဘက်နယ်မြေ၊ တန်နိုင်ငံတော်ရှိ ဖန်မျိုးနွယ်စု၏ခံတပ်သို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းများအသွင် ပြောင်းသွားကြ၏။
တစ်ချိန်တည်းမှာပင် အဘွားအိုနှစ်ယောက်က မုန်းတီးမှုအပြည့်ဖြင့် မန်ဟို့အနောက်သို့ အပူတပြင်း လိုက်နေကြသည်။
“မျိုးနွယ်စုဦးလေးကို ရှာတွေ့တာနဲ့ ဒါတွေအကုန်လုံး ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်” အဘိုးကြီးက ပြောသည်။ “ပြီးတာနဲ့ မန်ဟိုလည်း သေချာပေါက် သေလိမ့်မယ်” ဖန်ရှန်ရှန်းက အောက်နှုတ်ခမ်းလေးကို ကိုက်၍ ခေါင်းညိတ်လိုက်သည်။ သူမမှာ စိတ်ထဲတွင် သတိရှိနေသော်လည်း ဖန်မျိုးနွယ်စုရှိ သူမ၏အဆင့်အတန်းအရ မျိုးနွယ်စုဦးလေးမှ ဤပြဿနာကို ဖြေရှင်းလိမ့်မည်ဟုလည်း သေချာနေလေသည်။ ထိုမျှသာမက သူက မန်ဟို လုပ်ခဲ့သည့်အရာအတွက်လည်း မုချ ပြန်ပေးဆပ်ခိုင်းလိမ့်မည်။
ဖန်ရှန်ရှန်းသည် ယခုကဲ့သို့ ယုံကြည်နေသလို အဘိုးအိုလည်း ယုံကြည်သည်။ မန်ဟို့အနောက်ရှိ အဘွားအိုနှစ်ယောက်လည်း ယုံကြည်သည်။
“ငါ့မျိုးနွယ်စုဦးလေးက ဒီတောင်ကောင်းကင်ဂြိုဟ်မှာ အခြေချထားတယ်။ ဒါကြောင့် တစ်ယောက်ယောက် ဖန်မျိုးနွယ်စုရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ရဲရင် တားဖို့ သေချာပေါက် တစ်ခုခုလုပ်လိမ့်မယ်”
“သခင်မလေးရဲ့ မျိုးနွယ်စုဦးလေးက တောင်ကောင်းကင်ဂြိုဟ်ကို လူတွေ မဝင်ရောက်နိုင်အောင် ကန့်သတ်ချက်တွေ ထားရှိခဲ့ပေမယ့် ဖန်မျိုးနွယ်ဝင်ဖြစ်နေသေးတာပဲလေ။ ဒီမန်ဟိုက အဆုံးစွန်အထိ ယုတ်မာလွန်းတယ်၊ သေချာပေါက် သေမယ့်ကောင်”
“ငါတို့လုပ်ရမှာက မျိုးနွယ်စုဦးလေးကို တွေ့ဖို့ပဲ။ ပြီးရင်း မန်ဟို သေရလိမ့်မယ်။ ဒီတောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ မန်ဟို့ရဲ့ဂိုဏ်းနောက်ခံ ဘယ်လိုပဲရှိရှိ ဘယ်အရာမှ သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး”
အရှေ့တွင် လူနှစ်ယောက် ၊ အလယ်တွင် မန်ဟို ၊ အနောက်တွင် အဘွားအိုနှစ်ဦးရှိသည်။ လူငါးယောက်သည် တရွှီးရွှီး ပျံသန်းလာရင်း နောက်ဆုံး တောင်တန်းထဲ ထွက်လာကြ၏။ ဤအခိုက်အတန့်တွင် မန်ဟိုက ညာလက်ကို ဆန့်ထုတ်ကာ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ သူကား ဖန်ရှန်းရှန်းဘေး၌ ပျံနေသော အဘိုးအိုကို လှမ်းဆွဲလိုက်လေပြီ။ အဘိုးအို၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး မန်ဟို့တိုက်ကွက်ကို ရှောင်လိုက်သဖြင့် သွေးတစ်ပွက်အန်လိုက်ရသည်။ သူက မှုန်ကုပ်ကုပ်ဖြင့် ရှေ့ဆက်သွားပြန်တော့သည်။
မန်ဟို့အနောက်ရှိ အဘွားအိုနှစ်ယောက်က တိုက်ကွက်များအား စိုးရိမ်တကြီး ထုတ်လွှတ်ကာ လေထုတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားစေသည်။
“သိပ်လွန်မလာနဲ့နော် မန်ဟို။ ဒီနေရာက တောင်ကောင်းကင်ဂြိုဟ်ဆိုပေမယ့် ဒီမြေက ဖန်အုပ်စိုးသူမြေပဲ”
“နင် ဒီနေ့ သေချာပေါက် သေတော့မယ်”
မန်ဟိုက မထီမဲ့မြင် နှာမှုတ်ပြီး တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။ မှန်ပါသည်၊ သူ့တွင် တစ်ယောက်ကိုမှ သတ်လိုစိတ်မရှိပေ။ ဖန်ရှန်ရှန်း၏ သိုလှောင်အိတ်ကိုသာ မွှေနှောက်ရှာလိုခြင်းဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် အလင်းတန်းတစ်ဒါဇင်ကျော်က အမြန်ဆုံးနှုန်းဖြင့် အဝေးမှ ချဉ်းကပ်လာကြလေပြီ။
ခေါင်းဆောင်နေရာတွင်ကား ဖန်ရှုံ့ဖုန်းနှင့် မန်လီ။ သူတို့၏အနောက်တွင်တော့ ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးမှ အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်။
ဖန်ရှုံ့ဖုန်းနှင့် မန်လီတို့နှစ်ယောက် မန်ဟို့ကို မြင်သောအခါ ဖန်ရှူံ့ဖုန်းသည် သူ့ကို စိန်းစိန်းကြည့်၏။ မန်ဟို့အမေ မန်လီမှာမူ အပေါ်ယံကြည့်လျှင် အလားတူ ခက်ထန်သောမျက်နှာထားရှိသော်လည်း အပြုံးတစ်စအား သူမမျက်ဝန်းများတွင် မြင်ရနိုင်လေသည်။
မန်ဟိုမှာ သူတို့ကို မြင်လျှင် အပြစ်ရှိသလို ပို၍ခံစားလာရသည်။ ဖန်ရှန်ရှန်း၏ဘေးရှိ အဘိုးအိုမှာမူ ချဉ်းကပ်လာနေသူများကို မြင်သည်နှင့် ဝမ်းသာအားရ မျက်နှာဝင်းပသွားတော့သည်။
အဘွားအိုနှစ်ယောက်မှာလည်း ပြုံးပျော်ကာ ရယ်ပင်ရယ်တော့မည့်အလားပင်။
“ဦးလေး ကျွန်မကို ကယ်ပါဦး” ဖန်ရှန်ရှန်းက အော်သည်။ အဘိုးအိုမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ လက်နှစ်ဖက်ယှက်ကာ ဖန်ရှုံ့ဖုန်းကို အရိုအသေပေးလိုက်လေသည်။
“ဂါဝရပြုပါတယ် သခင်ကြီးဖန်”
အဘွားအိုနှစ်ယောက်က ဝမ်းသာပီတိဖြာလျက် တုံ့ခနဲ ရပ်လိုက်ကြသည်။ သူတို့သည် မန်ဟိုမပြေးနိုင်အောင် အလျင်အမြန် ဝိုင်းလိုက်ကြ၏။ သူတို့၏မျက်နှာများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေသည်။ သူတို့အတွက် မန်ဟိုကား သေလူထက် မပိုတော့ပေ။
ဤသို့ဝိုင်းပြီးနောက် သူတို့သည် လက်ယှက်၍ ဖန်ရှုံ့ဖုန်းနှင့် မန်လီကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ဂါဝရပြုပါတယ် သခင်ကြီးဖန်”
မန်ဟိုက အရှိန်လျှော့၍ ရပ်လိုက်ပြီးနောက် နှာခေါင်းကို ပွတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ဖန်ရှုံ့ဖုန်းနှင့် မန်လီကား ဆင်းသက်လာနေလေပြီ။ သူတို့၏အနောက်တွင် အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်ကို မြင်ရနိုင်သည်။ ဝိုးတိုးဝါးတား မထင်မရှား ဖြစ်နေသော်လည်း မိုးကောင်းကင်ကိုပင် မှေးမှိန်သွားစေသည့် ပြင်းထန်သောစွမ်းအားနှင့် ဖိအားကို ထုတ်လွှတ်နေ၏။
သူတို့၏အကြည့် မန်ဟို့အပေါ် ကျလာသည်နှင့် တောင်အပုံလိုက် သူ့အပေါ် ကျရောက်လာပြီး သူ့ကို လှုပ်မရအောင် ချုပ်လိုက်သည့်အလားပင်။
“ဦးလေး ကျွန်မပါ ရှန်းအာ” ဖန်ရှန်ရှန်းက စိတ်လှုပ်တရှား အော်သည်။ “ဦးလေး ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါဦး” ယခုတွင် သူမသည် ဆွေမျိုးနှစ်ယောက်ကို လှမ်းမြင်လိုက်ပြီဖြစ်၍ သူမ သည်းခံခဲ့ရသော အရှက်ခွဲခံရမှုများကို စောဒကမတက်ဘဲ မနေနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် အဘိုးအိုနှင့် အဘွားအိုနှစ်ယောက်က မန်ဟို့ကို လှမ်းကြည့်သည်။ သူတို့သည် ကျေနပ်အားရနေပုံပေါ်ပြီး မုန်းတီးမှုတို့ ပြည့်သျှံနေသော မျက်ဝန်းများဖြင့် သေလူတစ်ယောက်အကြောင်း ပြောနေသည့်အလား စကားပြောလာကြသည်။
“သခင်ကြီးဖန်၊ ဒါ မန်ဟိုတဲ့။ ရက်စက်ယုတ်မာတဲ့အပြင် အရှက်မရှိတဲ့ကောင်ပေါ့။ ယွင်ရီကို ဖမ်းဖို့ အောက်တန်းကျတဲ့နည်းလမ်းတွေတောင် သုံးခဲ့တယ်”
“သခင်ကြီး ဒီလူ့ကို အရှင်မထားပါနဲ့။ သူက ယွင်ရီကို ဖမ်းထားတဲ့အပြင် နဝမပင်လယ်နတ်လောကက နတ်ဘုရားမလေးဖန်းတုံးအာကိုလည်း အရှက်ခွဲခဲ့တယ်။ ဒါ့အပြင် တခြားဂိုဏ်းနဲ့ မျိုးနွယ်စုက ရွေးချယ်ခံတွေကိုလည်း ဖမ်းခဲ့သေးတယ်။ အဆုံးစွန်ထိ စက်ဆုပ်စရာကောင်းတဲ့သူပါ”
“ဟုတ်တယ်။ ပိုပြီးဆိုးရွားတာက အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့ ကံကြမ္မာကောင်းအကုန်လုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးသွားတာပဲ။ တွေးကြည့်လိုက်ရုံနဲ့ ခေါင်းမွှေးထောင်လောက်အောင် စိတ်တိုစရာကောင်းတယ်”
“ဒီကောင်က အမြုတေအထိ ပျက်စီးစုတ်ပြတ်နေပြီ။ သူက တာအိုဝတ်ပြုကျောင်းရဲ့အပြင်မှာ မြေမြှုပ်မိုင်းတွေ ထားခဲ့ရုံတင်မကဘူး ၊ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရဲ့အပြင်မှာ တာအိုစောင့်ရှောက်သူပုံစံ ဖမ်းခဲ့သေးတယ်။ သူ့ကိုယ်သူ မြေအစောင့်အရှောက်တဲ့လေ”
“သူ့မှာ တကယ်ဟီရိဩတ္တပတရားကို မရှိဘူး။ အင်မော်တယ်ရှေးတာအိုဆရာများ ဝတ်ပြုကျောင်းကို တစ်ယောက်တည်း အပိုင်စီးထားတဲ့အပြင် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ဘူး။ ပြီးတော့လည်း ကျုပ်တို့တွေကို ဓားပြတိုက်ဖို့ သိက္ခာမဲ့နည်းလမ်းတွေကို သုံးခဲ့သေးတယ်။ သူ့ကြောင့် ထိခိုက်သွားတဲ့ ကျင့်ကြံသူတစ်ပုံကြီးပဲ”
ယခုတွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီကို ကြည့်ရင်း ထပ်တလဲလဲ ဦးညွှတ်နေသော ဖန်ရှန်ရှန်း၏ မျက်ဝန်းများမှ စီးကျနေလေပြီ။
“ဦးလေး၊ ဒေါ်ဒေါ်။ ဒီလူက ကျွန်မကို လိုက်ဖမ်းပြီး သတ်ဖို့ ကြိုးစားနေတာ။ ဦးလေးတို့နဲ့သာ မတွေ့ရင် ရှန်းအာ သေချာပေါက် ဒီနေရာမှာ မြေမြှုပ်ခံရပြီ ဘယ်တော့မှ ဦးလေးတို့နဲ့ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး” ဖန်ရှန်ရှန်းသည် ဖန်မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်မဟုတ်သည့်အတွက် “ဦးလေး” ဆိုသော ရိုးရိုးသာမန်အသုံးကိုသာ အသုံးပြုနိုင်လေ၏။ တိုက်ရိုက်သွေးဆက်သာဆိုလျှင် “ဦးရီးတော်ဖန်ရှုံ့ဖုန်း” ဟု ခေါ်ရမည်ဖြစ်သည်။ ယင်းက ‘ဦးလေး’ စကားလုံးထက် ပို၍ယဉ်ကျေးရာရောက်ပေ၏။ ဖန်မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်နှင့်ပတ်သက်လျှင် ဖန်ရှုံ့ဖုန်းကား သားအကြီးဆုံးဖြစ်ပြီး မန်ဟိုက မြေးအကြီးဆုံးမဟုတ်ပါလော။
ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာ ပြောလိုက်သော စကားလုံးများကို ကြားလျှင် မျက်နှာမည်းမှောင်သွားကြသည်။ မန်ဟိုမှာ ပို၍ပင် အပြစ်ရှိသလို ခံစားလာရပြီး အားတုံ့အားနာနှင့် ပြုံးနေသော ရှက်ကိုးရှက်ကန်းအပြုံးတစ်စ သူ့မျက်နှာတွင် ပေါ်လာသည်။
ဖန်ရှုံ့ဖုန်း၏အနောက်ရှိ လူဆယ်ယောက်ကျော်က မန်ဟို့ကို ကြည့်ကာ အေးစက်စက် ရယ်လိုက်ကြသည်။
“ဆိုတော့ မင်းက ဂျူနီယာမျိုးဆက်က မန်ဟိုပေါ့”
“အတင့်ရဲချက်ပဲ။ မင်း အခုထိ ငါတို့ နေသူရိန်တောင်ရဲ့ ရွေးချယ်ခံကို မလွှတ်ရသေးဘူးလား။ မင်းရဲ့ပြစ်မှုအတွက် ဒဏ်ခတ်ခံရဖို့ ငါနဲ့အတူ နေသူရိန်တောင်ကို မင်း လိုက်လာရမယ်”
“မင်းမှာ လီမျိုးနွယ်စုရဲ့ ရွေးချယ်ခံလင်းအာ ရှိတယ်။ အဲဒီအပြစ်အတွက် ပေးဆပ်ဖို့ မင်း အခုချက်ချင်း ဒူးထောက်ပြီး ကျင့်ကြံခြင်းအခြေခံ ဖျက်စီးခံရမယ်။ မင်းမျက်လုံးနှစ်လုံးကိုလည်း ဖောက်ထုတ်ပစ်မယ်”
“စုန့်လော့တန်က စုန့်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ။ သူဟာ ရိုးသားဖြောင့်မတ်ပြီး ထူးခြားတဲ့ ကျင့်ကြံခြင်းအခြေခံပိုင်ရှင်ပဲ။ သူ့ကို ဖမ်းဖို့ ဘယ်လိုအောက်တန်းကျတဲ့ နည်းလမ်းတွေကို မင်း သုံးခဲ့တာလဲ”
“မင်း စွန်းဟိုက်ကို ဖမ်းထားပြီး မလွှတ်ရသေးဘူးမလား ။ မင်းက သေချာပေါက် ငယ်ပြီး မသိတတ်တဲ့ကောင်ပဲ။ ဒါကြောင့် မင်းအဖေနဲ့ အမေအစား မင်းကို ငါ ဆုံးမပေးမယ်”
ဖန်ရှုံ့ဖုန်းနှင့် မန်လီသာ မရှိလျှင် ဤအဖွဲ့ထဲရှိ မည်သူမဆို မန်ဟို့ကို ရပ်နေသောနေရာမှာတင် သတ်ပစ်လိုက်နိုင်သည်။ ထိုအစား သူတို့သည် အရာအားလုံးကို ရေခဲတမျှ အေးစက်သွားစေသော စကားလုံးများသာ ပြောနေ၏။
ဖန်ရှုံ့ဖုန်းနှင့် မန်လီ၏မျက်နှာ တင်းမာသွားသည်။
ဖန်ရှန်ရှန်းမှာ ဖန်ရှံ့ဖုန်းအနောက်ရှိ လူအားလုံးကို မြင်သောအခါ ဝမ်းသာလာပြီး ချက်ချင်းကို မန်ဟို့ကို မျက်စောင်းထိုးကာ ပြောလေသည်။ “ဦးလေး၊ ဒေါ်ဒေါ် ။ ဒီလူ့မှာ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားတောင် ရှိတယ်”
“ဂုဏ်သရေ အမျိုးသားများနှင့် အမျိုးသမီးအပေါင်းတို့” ဖန်မျိုးနွယ်စုမှ အဘိုးအိုက ပြောသည်။ “ဒီလူ့မှာ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားတင်မဟုတ်ဘဲ ကြေးမီးအိမ်တစ်လုံးလည်း ရှိတယ်။ အဲဒီမီးအိမ်က သူ့ကို အစစ်အမှန်အင်မော်တယ်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို ပေးနေတာ”
အခြားသူများမှာ ဤစကားကို ကြားသောအခါ လက်ထဲတွင် အိုဗာတင်းဘူးနှင့် လက်ပူးလက်ကြပ် အမိခံလိုက်ရသော ကလေးငယ်သဖွယ် ရှက်ကိုးရှက်ကန်း ပြုံးရင်း ခေါင်းငုံထားသော မန်ဟို့ကို စိုက်ကြည့်လိုက်ကြ၏။
ဖန်ရှုံ့ဖုန်းက မန်ဟို့ကို ခေါင်းလှည့်ကြည့်သည်။
“သူတို့ပြောတာ အမှန်ပဲလား” သူက မေးသည်။
မန်ဟိုက မျက်တောင်ခတ်ပြီးနောက် အသံတိုးတိုးနှင့် ပြောလေ၏။ “သူတို့ပြောသလို အံ့ဩစရာကောင်းနေတာမဟုတ်ပါဘူး... ကျွန်တော် တမင်လုပ်တာလည်း မဟုတ်ဘူးလေ”
ဖန်ရှန်ရှန်းနှင့် အခြားသူများမှာ ဖန်ရှုံ့ဖုန်းနှင့် မန်ဟို စကားပြောနေသော ပုံစံနှင့်ပတ်သက်ပြီး ထူးထူးခြားခြား သတိမထားမိပေ။ သို့သော် အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်အနက် ရင်ဒိန်းခနဲ တုန်သွားသူများ ရှိလေသည်။ ရုတ်တရက် အကုန်လုံး တစ်ခုခုမူမမှန်သလို ခံစားလိုက်ရ၏။
ဖန်ရှုံ့ဖန်းက အေးစက်စက် နှာတစ်ချက်မှုတ်၍ အင်္ကျီလက်စခါလိုက်သည်။ ချက်ချင်းပင် မန်ဟို့အပေါ် သက်ရောက်နေသော ဖိအားများ ပျောက်ကွယ်သွားသည်။ လှုပ်ရှားမှုက သာမန်သာ ထင်ရသော်လည်း စောင့်ကြည့်နေသူများမှာ ဤအခြင်းအရာကို မြင်သောအခါ ရင်ခုန်သွားကြလေသည်။
အင်ပါယာဧကရာဇ်ဘုရားကျောင်းမှ ပညာရှင်က မျက်လုံးများကျဉ်းမြောင်းသွားသည်။ “ဖန်ရှုံ့ဖုန်းနဲ့ ဒီကလေးကြားမှာ ... ထူးဆန်းတဲ့ ပတ်သက်မှုတစ်ခုခု ရှိနေသလိုပဲ...”
ကျီမျိုးနွယ်စုမှ ကိုယ်စားလှယ်က မျက်လုံးများ တလက်လက် တောက်ပနေလျက် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် ဖန်ရှုံ့ဖုန်းကို တွေးတွေးဆဆ ပြန်ကြည့်လေ၏။
ဖန်ရှုံ့ဖုန်းက မျက်မှောင်ကြုတ်၍ မန်ဟို့ကို လေးနက်စွာ ကြည့်သည်။
“ဘာလို့ အဲဒီလူတွေကို မလွှတ်သေးတာလဲ” သူက မေးသည်။
မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူသည် သူ့အမေကို ချီတုံချတုံ ကြည့်ပြီးနောက် ဖိအားပေးနေဟန်ဆောင်ထားသော ဖခင်ဖြစ်သူကို ပြန်ကြည့်လိုက်၏။ နောက်ဆုံးတော့ သက်ပြင်းချ၍ သိုလှောင်အိတ်ကို ပုတ်လိုက်လေသည်။
စွန်းဟိုက် ပထမဆုံး ထွက်လာ၏။
သူ၏အဝတ်အစားများမှာ စုတ်ပြတ်နေပြီး မျက်တွင်းလည်း ချောင်ကျနေသည်။ သို့သော် သူက ပေါ်လာလျှင်ချင်း မန်ဟို့ထံသို့ ချက်ချင်း လက်ယှက်၍ မျက်နှာချိုသွေးလိုက်သည်။ “အစ်ကိုကြီးမန်၊ ဟိုက်ကလေး အရိုအသေပေး....” သူက စကားဆက်ပြောတော့မည့်အချိန် ရုတ်တရက် ပတ်ဝန်းကျင် လူတိုင်းကို သတိပြုမိသွားလေသည်။ သူ့မှာ ပင့်သက်ရှိုက်သွားပြီး စိတ်လှုပ်ရှားတုန်ရီလာတော့၏။
အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ ပညာရှင်မှာ မျက်နှာမသာယာလှပေ။ သူသည် စွန်းဟိုက်ရှိရာသို့ ခက်ထန်စွာ ကြည့်ရင်း စောစောက မျက်နှာပျက်စရာစကားလုံးများနှင့်ပတ်သက်၍ မနှစ်မြို့နေကြောင်း ထင်ရှားလေသည်။
စွန်းဟိုက်မှာ ရင်တုန်သွားသည့်တိုင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ မျက်ရည်များက သူ၏ပါးပြင်တစ်လျှောက် ချက်ချင်း စီးကျလာသည်။
“ဦးလေး” သူက လေးစားသောအသုံးကို သုံးရင်း အကျယ်ကြီး အော်လိုက်သည်။ “ကျွန်တော့်ကို ကယ်ပါဦး ဦးလေးရယ်။ ဒီကောင်ကလေ ကျွန်တော့်ကို အတင်းဖိအားပေးခဲ့တာပါ။ ဒီအရှက်မရှိတဲ့ကောင် ဘယ်လောက်ရက်စက်လဲ ဦးလေးမသိဘူး။ သူက ကျွန်တော့်ရဲ့ သိုလှောင်အိတ်တွေ၊ ပိုင်ဆိုင်မှုတွေ အကုန်လုံး လုယူပြီး ကျွန်တော့်ကို အကြွေးစာချုပ် အတင်းရေးခိုင်းခဲ့တယ်
“ကျွန်တော် မရေးချင်ခဲ့ပေမယ့် ကျွန်တော့်ကို ဆံပင်ကနေ တရွတ်တိုက် ဆွဲခေါ်ပြီး နှိပ်စက်လို့ရတဲ့ နည်းလမ်းမှန်သမျှနဲ့ နှိပ်စက်ခဲ့တယ်။ ကြည့် ကျွန်တော့်မှာ အစုတ်အပြဲတွေကလွဲပြီး အဝတ်တောင် မရှိတော့ဘူး။ သူက ကျွန်တော့်ကို အတင်းလုပ်ခိုင်းခဲ့တာ” စွန်းဟိုက်၏စကားလုံးများ ပဲ့တင်ထပ်နေစဉ် လူတိုင်းသည် သူ ဖြတ်သန်းခဲ့ရသော စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြုံကို ခံစားလိုက်ရလေ၏။
မန်ဟိုက မျက်လုံးကြီးပြူးလျက် စွန်းဟိုက်ကို အေးစက်စွာ ကြည့်နေသည်။ သူက ဘာမှမပြောပေ။
“ဟေ့ကောင် ဘာကြည့်တာလဲ” စွန်းဟိုက်က မျက်လုံးကြီးပြူးလျက် ခြိမ်းခြောက်ရင်း ပြန်အော်သည်။ “မင်းသေပြီပဲ” သို့သော် သူက တစ်ချိန်တည်းမှာပင် သူ့ဦးလေးအနား ကပျာကယာ ပြေးသွားသည်။ ထိုနေရာရောက်မှ သူသည် စိတ်သက်သာရာရသွားကာ မန်ဟို့ကို စိန်းစိန်းဝါးဝါး ပြန်စိုက်ကြည့်လေ၏။
ဖန်ရှုံ့ဖုန်းမှာ ဤအခြင်းအရာအားလုံးကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြည့်နေလေသည်။ မန်လီက မျက်တောင်တဖျပ်ဖျပ် ခတ်ပြီးနောက် မန်ဟို့ကို အပြုံးမျက်ဝန်းများဖြင့် ပြန်ကြည့်သည်။
“ကျန်တဲ့လူတွေလည်း လွှတ်ပေးလိုက်” ဖန်ရှုံ့ဖုန်းက ပြောသည်။ သူ့မှာ ခေါင်းကိုက်နေသည့်အလားပင်။
“အာ ဟုတ်သားပဲ” မန်ဟိုက ပြန်ဖြေပြီးနောက် သိုလှောင်အိတ်ကို ပုတ်ကာ ထိုက်ယန်ကျစ်အား ထုတ်လိုက်သည်။
ထိုက်ယန်ကျစ်မှာ သနားစဖွယ်ပင်။ သူ့ဆံပင်များက ရှုပ်ပွနေပြီး အတော်လေး ညစ်ပတ်ပေတေနေသည်။ သူ၏မျက်လုံးများမှာ ကြောင်စီစီဖြစ်နေဟန်ပင် တူပြီး သူ့မှာ စိတ်လှုပ်ရှားတုန်ရီခြင်း မစမီ တခဏကြာ ကြောင်ကြောင်ကြီး ရပ်နေခဲ့သည်။
“ဆရာဦးလေး....” သူ့မှာ သူ့ဘဝတွင် မျှော်လင့်ချက်ရောင်ခြည်ကို ရုက်တရက် တွေ့လိုက်သည့်အလား၊ နေ့အလင်းရောင်ကို နောက်ဆုံးတွင် ပြန်မြင်လိုက်ရခြင်းမှ ပေါက်ဖွားလာသော ခံစားချက်များဖြင့် အသံတုန်ရီစွာ ပြောသည်။ ထို့နောက် သူက နေသူရိန်တောင်မှ အစွမ်းထက်ပညာရှင်၏ ဘေးတွင် ကမန်းကတန်း သွားရပ်သည်။ ထိုနေရာသို့ရောက်မှ မန်ဟို့ကို မုန်းတီးနာကြည်းစွာ ပြန်ကြည့်၏။
“မန်ဟို မင်း ဒီနေ့ မသေပါစေနဲ့လို့ ငါ မျှော်လင့်တယ်။ အဲ့ဒါမှ တစ်နေ့ကျရင် မင်းကို ငါ့လက်နဲ့ ငါကိုယ်တိုင် သတ်နိုင်မှာ။ အခုကစပြီး ငါကျိန်တယ် မင်းကို သေတာထက် ဆိုးတဲ့ ဘဝနဲ့ နေထိုင်ရတာ ဘယ်လိုမျိုးလဲ မင်း နားလည်အောင် လုပ်ပေးမယ်”
မန်ဟိုက ထိုက်ယန်ကျစ်ကို စူးစူးရဲရဲ ပြန်ကြည့်သည်။
“မင်း ထပ်ပြောရဲ ပြောကြည့်စမ်း” မန်ဟိုက သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ပြောသည်။ ထိုက်ယန်ကျစ်မှာ ပါးစပ်ဟတော့မည့်အချိန် ရုတ်တရက် ရင်ဒိန်းခနဲ ခုန်သွားပြီး နောက်တစ်ခွန်း ထပ်မပြောရဲတော့ပေ။
***