အကုန်လုံး လွတ်သွားခြင်း
Vol. 60 Ch. 832
"ရာရာစစ" ဖန်ရှန်ရှန်းဘေးရှိ အဘိုးအိုက ပြောသည်။ သူသည် အေးစက်စက် နှာမှုတ်ပြီး မန်ဟို့ကို စိုက်ကြည့်၏။ သိသာစွာပင် သူကား ... အရိပ်ပြအကောင်မမြင်သေးပေ။ သို့သော် ဤအခိုက်အတန့်တွင် ဖန်ရှုံ့ဖုန်း၏အနောက်ရှိ အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်အနက် အများစုမှာ ... ပတ်ဝန်းကျင်၏အငွေ့အသက်က တစ်ခုခုမူမမှန်ကြောင်း သတိထားလိုက်ကြလေပြီ။
ဖန်ရှုံ့ဖုန်းနှင့် မန်ဟို တစ်ယောက်နှင့်တစ်ယောက် စကားပြောနေသောပုံစံအရ သူစိမ်းနှင့် မတူပေ။ တကယ်တမ်း ဖအေနှင့် သား စကားပြောနေသည့်အလားပင်။
ပင့်သက်ရှိုက်သံသဲ့သဲ့အား ကြားလိုက်ရသည်။ ဤအကြောင်းပြချက်အတိုင်း လိုက်စဉ်းစားကြည့်သော် သူတို့သည် ဖန်ရှုံ့ဖုန်းနှင့် မန်လီ တောင်ကောင်းကင်ဂြိုဟ်သို့ လာခဲ့သော အကြောင်းရင်းအား လျင်မြန်စွာ မှတ်မိလိုက်ကြ၏။ ထို့နောက် မန်ဟို့ကို ပြန်ကြည့်လိုက်သော်လည်း ကြည့်သည့်ပုံစံက စောစောကနှင့်မတူတော့ပေ။
"ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့။ အကုန်လွှတ်လိုက်တော့" ဖန်ရှုံ့ဖုန်းက ပြောသည်။ စိတ်ထဲတွင် သူ့မှာ ခပ်ယဲ့ယဲ့ ရယ်နေသော်လည်း မာန်လည်း တက်မိချေ၏။ မန်ဟိုက အခြားသူများ မလုပ်နိုင်သောအရာကို လုပ်ခဲ့သည်မဟုတ်ပါလော။
မန်ဟိုသည် မျက်နှာမဲ့တဲ့တဲ့နှင့် နှုတ်ခမ်းဆူရင်း ဖန်ယွင်ရီနှင့် စုန့်လော့တန်ကို အလွှတ်ပေးလိုက်၏။ သူတို့နှစ်ယောက်လုံး သနားဖွယ်ကောင်းစွာ စုတ်ပြတ်လျက် ပေါ်လာသည်။ ဖန်ယွင်ရီ၏ဒဏ်ရာများမှာ အထူးသဖြင့် ပြင်းထန်ပုံရပြီး သူ့မှာ သွေးတချို့ အန်ကာ ချက်ချင်း သတိလစ်သွားတော့သည်။ ဖန်ရှန်ရှန်း၏ ဘေးတွင် ရပ်နေသော အဘိုးအိုက သူ့ကို အပြေးအလွှား ဖမ်းပြီးနောက် သတ်ဖြတ်လိုသော မျက်လုံးများဖြင့် မန်ဟို့ကို ပြန်ကြည့်လေသည်။
စုန့်လောတန်ကတော့ တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်ထွက်သွားသည်။ သူက ခေါင်းလှည့်၍ မန်ဟို့ကို အဓိပ္ပါယ်ပါပါ စိန်းစိန်းဝါးဝါး ကြည့်သော်လည်း ဘာမှမပြောပေ။ စုန့်မျိုးနွယ်စုအစွမ်းထက်ပညာရှင်၏ ဘေးသို့ ရောက်သောအခါ သူသည် မျက်လုံးများပိတ်လျက် ရပ်လိုက်၏။ သူ ဘာတွေးနေသလဲ ပြောရခက်ချေသည်။
"ထပ်ရှိသေးလား" ဖန်ရှုံ့ဖုန်းက မေးသည်။
"ဟို ... နည်းနည်း" မန်ဟိုက ပြန်ဖြေသည်။ သူသည် သူ၏သိုလှောင်အိတ်ထဲမှ နောက်ထပ်လူသုံးယောက်ကို မလွှတ်ချင် လွှတ်ချင် လွှတ်ပေးလိုက်၏။ ဤသုံးယောက်မှာ ပြီးခဲ့သည့်ရက်ပိုင်းတုန်းက သူ ဖမ်းခဲ့သော ရွေးချယ်ခံများ ဖြစ်သည်။ သူတို့က အလွှတ်ပေးခံလိုက်ရလျှင်ချင်း ဒေါသများနှင့်အတူ သတ်ဖြတ်လိုစိတ်များ တဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို လှည့်ကြည့်လေသည်။
မန်ဟို့ သိုလှောင်အိတ်ထဲမှ နောက်ထပ်ရွေးချယ်ခံသုံးယောက် အထုတ်ခံလိုက်သည်ကို မြင်လျှင် ဖန်ရှုံ့ဖုန်းနှင့် မန်လီပင် အပါအဝင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မန်ဟို ဤမျှလူအများကြီးကို ဖမ်းနိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ အထူးသဖြင့် အပြင်ရှိ ဂိုဏ်းများ၊ မျိုးနွယ်စုများမှ အစွမ်းထက်ပညာရှင်များပင်။
သူတို့သည် မန်ဟို့သိုလှောင်အိတ်ထဲမှ ထွက်လာသူများကို ကြောင်၍ကြည့်နေကြပြီး မန်ဟိုကား ... အမှန်တကယ် ကြောက်စရာကောင်းလှသည်ဟု မတွေးမိဘဲ မနေပေ။
"ဒါအကုန်ပဲ" မန်ဟိုက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားရင်း သူ့အဖေနှင့် အမေ အနောက်၌ ရပ်နေသော အစွမ်းထက်ပညာရှင်များကို ကြည့်ကာ ပြောလိုက်သည်။
သူ၏စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကျီနှင့်လီမျိုးနွယ်စုမှ အစွမ်းထက်ပညာရှင်များက မျက်လုံးကြီးပြူးလျက် ပြန်စိုက်ကြည့်ကြသည်။ ဖန်ရှုံ့ဖုန်းက အေးစက်စက် နှာတစ်ချက် မှုတ်လိုက်၏။
"ကျီမျိုးနွယ်စုက ရွေးချယ်ခံနဲ့ လီလင်းအာရော"
မန်ဟိုမှာ ရုတ်တရက် အတန်ငယ် လန့်သွားပုံရသည်။
"လီလင်းအာ။ ဘယ်သူကြီးလဲ။ ကျွန်တော် သူ့ကို မသိဘူး။ ကျီမျိုးနွယ်စု ရွေးချယ်ခံလား။ ကျီမျိုးနွယ် ရွေးချယ်ခံတစ်ယောက်မှ မြင်တောင် မြင်ခဲ့ဖူးဘူး" မန်ဟို တောင်စဉ်ရေမရ လျှောက်ပြောနေစဉ် ဖန်ရှုံ့ဖုန်းက မျက်နှာသေဖြင့် သူ့ကို ပြန့်ကြည့်ပြီးနောက်ဆုံး သက်ပြင်းချလိုက်သည်။
"ငါ တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်သွားဖို့လိုတယ်" မန်ဟိုက တစ်ယောက်တည်း တွေးလိုက်သည်။ "ဒီမှာနေရမှာ ပျင်းစရာကြီး" နောက်ဆုံးတော့ သူသည် ကျီယင်ကို သိုလှောင်အိတ်ထဲမှ ထုတ်ပေးရန် ရွေးချယ်လိုက်၏။
ကျီယင်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထူထူထဲထဲ မြူထုက သူမကို ရစ်သိုင်းကာ သူမ၏ပုံပန်းသွင်ပြင်ကို ဖုံးကွယ်လိုက်သည်။ သူမသည် မန်ဟို့ကို လျှို့ဝှက်နက်နဲသောအမူအရာဖြင့် ပြန်ကြည့်လိုက်၏။ ထို့နောက် ချာခနဲ လှည့်၍ ကျီမျိုးနွယ်စုမှ အစွမ်းထက်ပညာရှင်ဆီ လျှောက်သွားလေသည်။
"မင်း ငါ့အတွက် စာချုပ်တစ်ခု အကြွေးတင်နေတယ်နော်" မန်ဟိုက ပြောလိုက်သည်။ မန်ဟိုကား သူ၏ဒုတိယကိုယ်အစစ်ကို ပြန်ယူထားပြီးပြီသာမက ကျီယင်၏သိုလှောင်အိတ်ကို အပြောင်ရှင်းခဲ့ပြီးလေပြီ။
ကျီယင်မှာ သူမစိတ်သူမ မနည်းထိန်းနေရသည့်အလား ခြေလှမ်းအနည်းငယ် တုံ့ဆိုင်းသွား၏။ တခဏကြာသော် သူမက အံတင်းတင်းကြိတ်ရင်း ဆက်လျှောက်သွားလေသည်။
"ဟုတ်ပြီ၊ အဲ့ဒါ နောက်ဆုံးတစ်ယောက်ပဲ" မန်ဟိုက ခိုင်မာပြတ်သားစွာ ဆိုသည်။
ဖန်ရှန်ရှန်းအနောက်ရှိ ဆယ်ယောက်ကျော်မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ ယခု မည်သည့်အရာတို့ ဖြစ်ပျက်နေသလဲ သဘောမပေါက်လျှင် သူတို့အနေဖြင့် လက်ရှိကျင့်ကြံအဆင့်နှင့် မထိုက်တန်ပေ။ လီမျိုးနွယ်စုမှ အစွမ်းထက်ပညာရှင်က သက်ပြင်းချပြီး ခေါင်းကိုက်လာသည်။ ထိုနှစ်တုန်းက လီမျိုးနွယ်စုနှင့် ဖန်မျိုးနွယ်စုအကြား သဘောတူညီမှုအရ လီလင်းအာမှာ ဖန်ရှုံ့ဖုန်း၏ မသန်စွမ်းသားနှင့် စေ့စပ်ရမှာဖြစ်သည်။
အခြေအနေကို ကြည့်ရသရွေ့ ... အဆိုပါမသန်စွမ်းသားမှာ ယခု သူတို့ မျက်နှာချင်းဆိုင်နေရသော မန်ဟိုမှတစ်ပါး အခြားမဟုတ်ကြောင်း သူမ ပြောနိုင်၏။
လီမျိုးနွယ်စုပညာရှင်အမျိုးသမီးက သက်ပြင်းချ၍ ဖန်ရှုံ့ဖုန်းကို ကြည့်သည်။ "အစ်ကိုဖန်ရယ် ... ကြည့်ပါဦး..."
ဖန်ရှုံ့ဖုန်းခမျာ အားတုံ့အားနာ ပြုံးပြီးနောက် မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်လေသည်။
"လွှတ်ပေးလိုက်"
မန်ဟိုက အံတင်းတင်းကြိတ်၍ ရှေ့တစ်လှမ်းတက်ပြီး ဖန်ရှုံ့ဖုန်းကို စူးစူးရဲရဲ ပြန်ကြည့်သည်။ "သူက အမေ့အတွက် အစေခံမိန်းကလေး ဖြစ်သင့်တာ"
သူ၏စကားလုံးများက အတော်လေး ရိုင်းစိုင်းသော်လည်း တကယ်တမ်း ဖန်ရှုံ့ဖုန်း၏နှလုံးသားကို ပျော့ပျောင်းသွားစေသည်။ မန်ဟိုငယ်ငယ်လေးကတည်းက သူနှင့် မန်လီမှာ သူ့အတွက် ရှိမနေပေးခဲ့သည့်အတွက် မန်ဟိုအနေဖြင့် ချုပ်ချယ်ဆုံးမခံရသည်ကို မည်သို့မျှ အသာတကြည် သည်းခံလိမ့်မည်မဟုတ်ကြောင်း သူ သိလေသည်။
မန်လီက လက်ကလေးအုပ်ကာ ပြုံးပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်ကာ သားဖြစ်သူကို ကြည့်သည်။ သူမက နူးညံ့ပျော့ပျောင်းသောလေသံလေးနှင့် ပြောချေ၏။ "ထုတ်ပြပါဦး ကြည့်ရအောင်"
မန်ဟိုသည် သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်း၌ သွေးများ ပေကျံလျက်ရှိသေးသည့် ဆံပင်စုတ်ဖွားနှင့် လီလင်းအာ ပျံထွက်လာသည်။ သူမတင်ပါးနှစ်မြွှာမှာ အတန်ငယ် ရွဲ့နေသေးသည်သာမက လက်ဝါးရာကြီးလည်း ထင်းနေပြီး သူမမျက်နှာလေးမှာ ဖျော့တော့နေလေသည်။ သူမမှာ နာကျင်လွန်း၍ သတိလစ်တော့မည့်အလားပင်။
သူမပေါ်လာလျှင်ချင်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်က သူမ၏မျက်လုံးများတွင် တောက်ပလာပြီး သူမသည် မန်ဟို့ဘက် ချာခနဲ လှည့်လိုက်၏။ သူမလက်နှစ်ဖက်က မန်ဟို့မျက်နှာကို ကုတ်ခြစ်တော့မည့် လက်သည်းလက်များသဖွယ် လိမ်ကောက်သွားသည်။ မန်ဟိုက သူမကို သုန်သုန်မှုန်မှုန် ကြည့်ပြီး ညာလက်ကို ဆန့်ထုတ်လိုက်သည်။
လီလင်းအာမှာ ရင်ခုန်သွားပြီး မန်ဟို့ကို စိတ်တိုတိုကြည့်ရင်း ချက်ချင်း နောက်ဆုတ်သွား၏။
"မင်းလို ရိုင်းစိုင်းကြမ်းတမ်းတဲ့မိန်းမမျိုးက အမေ့ရဲ့ အစေခံမိန်းကလေးဖြစ်ဖို့ မသင့်တော်ဘူး။ ထွက်သွားစမ်း" မန်ဟိုက အရေးမပါသလို လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မှာ သူမည်မျှအရှုံးပေါ်ခဲ့သလဲ စဉ်းစားရင်း စိတ်သိပ်မကြည်ပေ။
"မန်ဟို" လီလင်းအာက တဆတ်ဆတ် တုန်လာသည့်တိုင်အောင် အလွန်စိတ်တိုသွားသဖြင့် အာခေါင်ခြစ်အော်လိုက်သည်။ သူမ ရှေ့တက်၍ ထပ်မံတိုက်ခိုက်တော့မည့်အချိန်မှာပင် လီမျိုးနွယ်စုပညာရှင်အမျိုးသမီးက သူမလမ်းကို တားလိုက်သည်။ ပညာရှင်အမျိုးသမီးသည် သူမကို ဘေးသို့ဆွဲပြီး စကားတချို့အား သူမထံသို့ ကူးပြောင်းပေးပို့လေ၏။ လီလင်းအာမှာ မျက်လုံးများဝိုင်းစက်သွားပြီး မန်ဟို့ကို စိုက်ကြည့်ကာ ဖန်ရှုံ့ဖုန်းနှင့် မန်လီကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူမတစ်ဘဝလုံး အမှောင်ဖုံးသွားခဲ့သည့်အလား သူမမျက်နှာလေးမှာ ဖြူဖျော့သွားတော့သည်။
"မဖြစ်နိုင်ဘူး...." သူမမှာ သရဲသဘတ်ဝင်စီးခံထားရသလို ရေရွတ်လိုက်သည်။ "မဖြစ်နိုင်ဘူး..."
"ဟမ့် ဒါ အကုန်ပဲ" မန်ဟိုက ပြောသည်။ "တခြားမရှိတော့ရင် ကျွန်တော် အခု သွားတော့မယ်" သူသည် အင်္ကျီလက်စကို ခါ၍ ထွက်သွားရန် ပြင်လိုက်စဉ် ယခုထက်ထိ သဘောမပေါက်သေးသော ဖန်မျိုးနွယ်စုမှ အဘိုးအိုက ရုတ်တရက် ကောက်ကျစ်စွာ ထရယ်သည်။
"ထွက်သွားချင်တယ်တဲ့လား။ မင်းရဲ့ သိုလှောင်အိတ်ပေးပြီး ဒူးထောက်တောင်းပန်စမ်း" သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ မန်ဟို့ဆီ ရောက်သွားသည်။ အဘွားအိုနှစ်ယောက်မှာမူ တခဏ ချီတုံချတုံ ဖြစ်နေသည်။ တစ်ခုခုက မူမမှန်သော်လည်း နောက်ဆုံးတော့ သူတို့လည်း အံတင်းတင်းကြိတ်ပြီး မန်ဟို့ဆီ ဦးတည်သွားကြလေသည်။
ဖန်ရှန်ရှန်းမှာမူ ကျင့်ကြံအားထုတ်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်း တစ်ခုခုက လွဲနေကြောင်း ပြောနိုင်လေသည်။ မည်သည့်အရာမှန်းတော့ သူမ မသိ။
ဤလူသုံးယောက် သူ့ဆီ ချဉ်းကပ်လာနေသည်ကို မြင်လျှင် မန်ဟို့မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
"မင်းတို့ကိုယ်မင်း ဘာကောင်တွေ မှတ်နေလဲ" သူ၏ညာလက်က လက်သီးဆုပ်ပြီး ချက်ချင်း ထိုးချလိုက်လေသည်။ အုန်းခနဲ မြည်ဟည်းသွားကာ တာအိုစောင့်ရှောက်သူသုံးယောက်၏ ခန္ဓာကိုယ်များ တုန်ရီသွားသသည်။ သူတို့က နောက်ဆုတ်ပြီး ကျင့်ကြံခြင်းအခြေခံများကို ဖွင့်တော့မည့်အချိန်....
ရုတ်တရက် နှာမှုတ်သံနောက်တစ်သံ ပေါ်လာပြီး ဖန်ရှုံ့ဖုန်း၏အသံက ဟိန်းထွက်လာလေသည်။
"မင်းတို့ကိုယ်မင်း ဘာကောင်တွေ မှတ်နေလဲ" သူ၏မျက်လုံးများမှ ရေခဲတမျှ အေးစက်သောအလင်းရောင် ဖြာထွက်လာသည်။ ၎င်းသည် အကြည့်လေးတစ်ချက်ထက် မပိုသော်လည်း တာအိုစောင့်ရှောက်သူသုံးယောက်အား ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားစေပြီး သွေးတစ်လုပ်ပြီးတစ်လုပ် အန်လိုက်ရစေသည်။ မရေမတွက်နိုင်သောဓားဒဏ်ရာများ သူတို့အပေါ်တွင် ပေါ်လာ၏။ သူတို့မှာ အရှင်လတ်လတ် အတုံးလိုက် ပိုင်းဖြတ်ခံရတော့မည့်အလားပင်။
တာအိုစောင့်ရှောက်သုံးယောက်သည် သူတို့ကျင့်ကြံခြင်းအခြေခံ၏ ကိုးဆယ်ရာခိုင်နှုန်း ဖယ်နုတ်ခံလိုက်သဖြင့် မျက်နှာပျက်သွားကြတော့၏။ သွေးများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားပြီး သူတို့မှာ အသတ်ခံလုနီးနီး ဖြစ်သွားကြလေသည်။
"သခင်ကြီးဖန်...."
ဘေးတွင် ဖန်ရှန်ရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။ "ဦးလေး..."
"ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများတို့၊ တာအိုရောင်ရင်းတို့" ဖန်ရှုံ့ဖန်းက မဆိုစလောက် ပြုံးရင်း ဆိုသည်။ "ကျုပ် သေသေချာချာ မိတ်ဆက်မပေးရဘူး ..... ဒါက ကျုပ်ရဲ့ သားငယ်လေးပါ"
အစွမ်းထက်ပညာရှင်များမှာ သူ့စကားကို ကြားလျှင် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကြသည်။ စောစာကတည်းက သူတို့သည် ရိပ်မိနေခဲ့ပြီးဖြစ်၍ ဖန်ရှုံ့ဖုန်းကိုယ်တိုင် ပြောသောအခါ အံ့ဩခြင်းမရှိတော့ပေ။
သို့သော် ကျီယင်နှင့် အခြားသူများအားလုံး မန်ဟို့ကို မှင်သက်စွာ ကြည့်လိုက်ကြသည်။ လီလင်းအာမှာ တုန်ရီနေပြီး ကြောင်တောင်တောင်ကလေး ဖြစ်နေသည်။ သို့သော် အားလုံးအထဲ အလန့်ဆုံးသူမှာတော့ သူမမဟုတ်ဘဲ စွန်းဟိုက်ပင်။ သူသည် ဖြစ်ပျက်နေသော မြင်ကွင်းကို ငိုင်ငိုင်ကြီး ကြည့်ရင်း အစောပိုင်းက သူပြောခဲ့သမျှအရာအားလုံးကို ပြန်တွေးမိလိုက်သည်။ ချက်ချင်းပင် သူ့တစ်ဘဝလုံး အမှောင်ဖုံးသွားသည့်အလား သူ့မျက်နှာမှာ ညှိုးငယ်သွားတော့သည်။
ဤအခိုက်အတန့်တွင် ဖန်ယွင်ရီသည် သတိရလာခဲ့၏။ သူနှင့် ဖန်ရှန်းရှန်းမှာ ခေါင်းများ ထူပူလျက် ရပ်နေကြပြီး ရင်ဒိန်းခနဲ ဒိန်းခနဲ ခုန်နေကြသည်။ အဘိုးအိုနှင့် အဘွားအိုနှစ်ယောက်မှာ မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။
သူတို့မှာ သူ့မိဘနှစ်ပါးအစား ဆုံးမပေးမည်ဟု ... ပြောခဲ့သော စကားကို ပြန်သတိလိုက်ရလေသည်။ ထို့နောက် ကြောက်ဒူးတုန်လာကြတော့သည်။
"အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းကို ကျုပ်သား လေ့ကျင့်ဖို့အတွက် ကျုပ် ဖွင့်ပေးခဲ့တာပါ။ သားက ငယ်ငယ်တုန်းက ကြမ်းတမ်းပြီး အချုပ်အနှောင်ကင်းတဲ့ဘဝအတိုင်း နေထိုင်လာခဲ့တာမလို့ ကျုပ်မျက်နှာထောက်ထားပြီး တာအိုရောင်ရင်းတို့ ကျုပ်သားရဲ့ အနေအထိုင်မတတ်မှုကို ခွင့်လွတ်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဖန်ရှုံ့ဖုန်းကက တဟားဟား ရယ်ရင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအကုန်လုံးကို လက်ယှက်အရိုအသေပေးလိုက်သည်။
အစွမ်းထက်ပညာရှင်ဆယ်ယောက်ကျော်မှာ အသက်မပါစွာ ရယ်ပြီး ခေါင်းရမ်းလိုက်ကြသည်။ သူတို့က ဝတ္တရားအတိုင်း ဖန်ရှုံ့ဖန်းနှင့် မန်လီနှင့်အတူ စကားစမြည်နည်းနည်းပါးပါးပြောရင်း မန်ဟို့ကို ရံဖန်ရံခါ လှမ်းကြည့်တတ်သည်။ သူ လုယူခဲ့သော သိုလှောင်အိတ်များအတွက်မူ ၎င်းတို့အကြောင်း စကားဟဖို့ သင့်တော်သောအခြေအနေ မဟုတ်တော့ပေ။
"အကုန်လုံး ဒီကို ရောက်လာမှတော့ ကတိုက်ကရိုက် မပြန်ကြပါနဲ့လား" ဖန်ရှုံ့ဖုန်းက ပြောသည်။ "ကျေးဇူးပြုပြီး ကျုပ်ရဲ့ မျိုးနွယ်စုဌာနချုပ်ကို လိုက်ခဲ့ကြပါလား။ ကျုပ် ဧည့်ခံချင်လို့ပါ" ပညာရှင်ဆယ်ယောက်ကျော်က သဘောကျစွာ ရယ်လိုက်ကြသည်။ ဂျူနီယာမျိုးဆက်များ၏ ကိစ္စအား သူတို့ ဥပေက္ခာပြုနိုင်လေသည်။ ထို့ကြောင့် သူတို့သည် ရယ်ရယ်မောမော ပြောပြောဆိုနှင့် ဖန်ရှုံ့ဖန်း၏အနောက်မှ လိုက်သွားကြလေ၏။
စုန့်လော့တန်နှင့် ကျန်ရွေးချယ်ခံများမှာမူ မုန်းမြဲမုန်းဆဲဖြစ်ပြီး မန်ဟိုလည်း ထိုနည်းတူပင်။ သူတို့သည် အမုန်းအား ဖုံးကွယ်မထားသလို၊ မန်ဟိုလည်း ဖုံးကွယ်ထားခြင်းမရှိ။ သူက သူတို့ကို မုန်းမုန်းတီးတီး ပြန်ကြည့်ပြီးနောက် စာချုပ်အထပ်လိုက်ကြီး ထုတ်၍ တစ်ရွက်ပြီးတစ်ရွက် လှန်တော့သည်။ စုန့်လော့တန်နှင့် အခြားသူများမှာ အံတင်းတင်းကြိတ်ပြီး ကျန်စီနီယာမျိုးဆက်ဝင်များနောက် လိုက်သွားရုံမှတစ်ပါး အခြားမရှိပေ။
မန်ဟိုက ဖန်မျိုးနွယ်စုကို မပြန်သလို၊ ဖန်ရှုံ့ဖုန်းကလည်း ဖိအားမပေး။ မန်ဟို့အမေက သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ပေးပြီးနောက် နှာခေါင်းထိပ်ကို ဖြစ်လေသည်။ ထို့နောက် ကလေးလေးတစ်ယောက်ကို စကားပြောနေသည့်အလား ပြဿနာထပ်မရှာဖို့ သတိပေး၏။ နောက်ဆုံးတွင် သူမလည်း လှည့်ထွက်သွားသည်။
ဖန်ယွင်ရီနှင့် ဖန်ရှန်ရှန်းမှာ လိပ်ပြာလွင့်မတတ် ကြောက်နေပြီး သူတို့၏စီနီယာများအနောက်သို့ လိုက်သွားတော့မည့်ဆဲဆဲ မန်ဟိုက ရှေ့တက်ပြီး သူတို့လမ်းကို ပိတ်လိုက်သည်။
"ဝမ်းကွဲအစ်ကို...." ဖန်ရှန်ရှန်းက အ,ထစ် အ,ထစ် ဆိုသည်။
ဖန်ယွင်ရီက အေးစက်စက် နှာမှုတ်၍ စကားမပြောလိုသည့်အလား အကြည့်လွှဲသွားသည်။
မန်ဟိုက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ရုတ်တရက် သူ့ပါးကို ဖြန်းခနဲ ချလိုက်သည်။ သွေးများ ဖန်ယွင်ရီ၏ ပါးစပ်မှ ထွက်သွားပြီး သူ့မှာ မြေကြီးနှင့် မိတ်ဆက်သွားတော့သည်။ သူ၏တာအိုစောင့်ရှောက်သူမှာ ဖြစ်ပျက်နေသောအရာကို မမြင်ယောင်ဆောင်ရင်း ခါးသီးစွာ ပြုံးကာ ခေါင်းငုံ့ထား၏။
"မင်း" ဖန်ယွင်ရီက မန်ဟို့ကို မော့ကြည့်ရင်း ပြောသည်။ သို့သော် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အခိုက်အတန့်တွင် မန်ဟို့ခြေထောက်က ခြေကားရားလက်ကားရား လဲနေသော ဖန်ယွင်ရီအပေါ် ဆောင့်နင်းချလိုက်သည်။
"မင်းက ငါ့ကို မြင်တာတောင် အစ်ကိုလို့ မခေါ်ချင်ဘူးပေါ့လေ။ မင်း ဘယ်လိုကြီးပြင်းလာတာလဲ ဟမ်" မန်ဟိုက သူ့ကို ပြင်းပြင်းထန်ထန် ကန်ကျောက်နေ၍ ဖန်ယွင်ရီမှာ အော်ဟစ်နေရတော့သည်။ သူ့ခေါင်းမှာ သွေးအလိမ်းလိမ်း ဖြစ်နေရာ ရပ်ကြည့်နေသော ဖန်ရှန်ရှန်းမှာ ကြောက်လန့်နေလေ၏။ မန်ဟို၏ ရက်စက်မှုက သူမငယ်ငယ်တုန်းက အဖြစ်အပျက်တချို့ကို ပြန်မှတ်မိသွားစေသည်။ သူမ မှန်မှန်ကန်ကန် မှတ်မိလျှင် ဤဝမ်းကွဲအစ်ကို၏ အနိုင်ကျင့်ခြင်းအား သူမ မကြာခဏ ခံစားခဲ့ရလေသည်။
"အားးးးးးး မင်းကို သတ်မယ်" ဖန်ယွင်ရီက ကြိမ်းဝါးသည်။
မန်ဟို့မျက်လုံးများမှာ အေးစက်သွားပြီး သူက ဖန်ယွင်ရီ၏ပါးစပ်ကို လက်သီးဖြင့် ထိုးချလိုက်ကာ သူ၏သွားများအား ကြေမွသွားစေပြီး စကားပြောမရအောင် လုပ်လိုက်တော့သည်။ သွေးများ ပန်းထွက်လာ၏။
ယခုတွင် ဖန်ရှန်ရှန်းမှာ တဆတ်ဆတ် တုန်နေလေပြီ။ အဘိုးအိုနှင့် အဘွားအိုမှာ အထိတ်တလန့် ကြည့်နေသော်လည်း ဝင်မစွက်ဖက်ရဲကြပေ။
ဖန်ယွင်ရီသည် လူရုပ်သူရုပ်မပေါ်အောင် ရိုက်ခံနေရ၏။ သူ့ခန္ဓာကိုယ်မှာ ကိုက်ခဲနာကျင်နေပြီး သူ့မှာ သတိပင်လစ်ခါနီးလေပြီ။ သူ့ကလေးဘဝတုန်းက မှတ်ဉာဏ်များ ပေါ်လာပြီး မောင်နှမနှစ်ယောက်၏ ရိုက်နှက်ခံခဲ့ရသော အဖြစ်အပျက်များကို ဝိုးတိုးဝါးတား မှတ်မိလိုက်သည်။
မန်ဟိုက သူ့ကို ကန်လိုက်ပြန်သဖြင့် စူးစူးဝါးဝါး အော်သံများ ကြားလိုက်ရပြန်သည်။ ဖန်ယွင်ရီမှာ သူအလိုရှိသော စကားလုံးများကို မပြောလျှင် သေသည်အထိ ရိုက်နှက်ခံရတော့မည့်အလားပင်။
ဖန်ယွင်ရီသည် ကြောက်စိတ်အပြည့်ဖြင့် သွေးတစ်လုပ်အန်ပြီးနောက် ရေရွတ်လိုက်၏။ "ဝမ်း...ဝမ်းကွဲအစ်ကို"
မန်ဟို့ခြေထောက်က ဖန်ယွင်ရီ၏မျက်နှာအပေါ်တွင် ရပ်သွားသည်။ သူက ခြေထောက်ကို ပြန်ရုတ်ပြီးနောက် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
"ညီလေး ၊ တောင်ကောင်းကင်ဂြိုဟ်မှ ကြိုဆိုပါတယ်ကွာ"
***