မာယာ သဲကိုးဖြာ
Vol. 60 Ch. 833
မန်ဟိုက ဖန်ရှန်ရှန်းကို လှည့်ကြည့်လိုက်ရာ ဖန်ရှန်ရှန်းမှာ သိုလှောင်အိတ်ထဲမှ ပုလင်းအစုတ်တစ်လုံး ထုတ်လိုက်သည်။
“ဝမ်းကွဲအစ်ကို ၊ ဒါ တောင်တန်းထဲမှ ကျွန်မ ရှာတွေ့ခဲ့တဲ့ ပစ္စည်းတစ်ခုပါ။ အထဲမှာ တာအိုတစ်ပါးရဲ့ တေးသွားပါရှိတယ်......”
သူမမှာ ရင်ထဲ စူးအောင့်နာကျင်နေသော်လည်း ယခုတင် မျက်ဝါးထင်ထင် မြင်ခဲ့ရသော ဖန်ယွင်ရီ၏ ကံတရားကို စဉ်းစားရင်း ပုလင်းအား မပေးရဲဘဲ မနေတော့ပေ။ အထူးသဖြင့် မန်ဟို့မိဘနှစ်ပါးအရှေ့၌ ပြောခဲ့သမျှစကားများပင်။ သူမမှာ ထိုအကြောင်း ပြန်တွေးမိလျှင် ဦးရေပြားတို့ ထုံကျင်လာရ၏။
ထိုနည်းတူစွာပင် မန်ဟို့အနေဖြင့်လည်း စောစောက သူမပြောခဲ့သောအရာအားလုံးကို မည်သို့ မေ့နိုင်မည်နည်း။ သူက ပုလင်းကို လှမ်းယူ၍ စစ်ဆေးကြည့်ပြီးနောက် ဖန်ရှန်ရှန်းဆီ ပြန်ပစ်ပေးလိုက်သည်။ ပုလင်းမှာ သူနှင့် မစိမ်းပေ။ ၎င်းကဲ့သို့ပစ္စည်းများ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းထဲတွင် တစ်ပုံကြီးရှိသည်။
အထဲတွင် တာအိုတစ်ပါး၏တေးသွား ပါရှိသော်လည်း ဝတ်ပြုကျောင်းထဲ၌ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ချေ၏။
မန်ဟိုက ဖန်ရှန်ရှန်းကို လျစ်လျူရှုရင်း ချာခနဲ လှည့်ကာ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားလေသည်။ သူ ပျောက်သွားသည့်အခါမှ ဝာာအိုစောင့်ရှောက်သူသုံးယောက်မှာ သက်ပြင်းချနိုင်ပြီး ဒဏ်ရာရထားသော ဖန်ယွင်ရီကို ထူပြီး သူနှင့် ကြောက်လန့်နေသော ဖန်ရှန်ရှန်းကို အဝေးသို့ ခေါ်သွားတော့သည်။
ရက်အနည်းငယ်မှာ လျှပ်တပြက် ကုန်ဆုံးသွားသည်။ မန်ဟိုသည် အရှေ့ဘက်နယ်မြေတွင် လှည့်လည်သွားလာနေ၏။ များသောအားဖြင့် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းရှိရာ တောင်တန်းများ၏ပတ်ဝန်းကျင်တွင်။ သူသည် ပုံပန်းသွင်ပြင်ကိုသော်လည်းကောင်း၊ အရှိန်အဝါကိုသော်လည်းကောင်း မဖော်ပြဘဲ ဝါးခမောက်ဖြင့် ဖုံးကွယ်ထား၏။
အဝတ်အစားများအတွက်မူ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှ စွန်းဟိုက်အပိုင် ဝတ်ရုံတစ်စုံကို ထုတ်ဝတ်လိုက်သည်။ သူက ပတ်ဝန်းကျင်တွင် အေးအေးလူလူ လျှောက်သွားရင်း စောင့်စားနေသည်။
သူ စောင့်နေသည်မှာတော့ ... ထိုသောက်ကောင်းကျိုးမပေးသော ဓားပြနှစ်ကောင်ပင်။
“ရာရာစစ ငါ့စီးပွားရေးကို တုတ်နဲ့ ထိုးရဲတယ်လို့” သူက မျက်နှာကြီး မှုန်ကုပ်လျက် တွေးလိုက်သည်။ မန်ဟိုသည် သူ့အပိုင်ဖြစ်သင့်သည့် ပစ္စည်းအားလုံးကို လုယက်သွားခဲ့သော လျှို့ဝှက်ဆန်းကြယ်ဓားပြနှစ်ယောက်နှင့်ပတ်သက်၍ တနုံ့နုံ့မကျေမချမ်း ဖြစ်နေခဲ့သည်မှာ ကြာလေပြီ။
“ငါ ထင်တာမမှားရင် ဘယ်လိုကောင်မျိုးတွေ ဒီလိုအရှက်မရှိတဲ့လုပ်ရပ်နေတာလဲ ငါသိတယ်” သူက အေးစက်စက်နှာမှုတ်ကာ လေကို ခွင်းသွားလေသည်။
“အဲဒီနှစ်ကောင်က ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးနဲ့ ငါ တိုက်နေတဲ့အတောအတွင်း ထွက်ပြေးသွားပြီး အဲ့ဒီကတည်းက မျက်နှာမပြရဲ ဖြစ်နေတာလေ။ ဒီတစ်ခေါက်တော့ သေချာပေါက် လိုက်ရှာမယ်” အကြောင်းတစ်စုံတစ်ရာကြောင့် မန်ဟိုသည် သူ့ကို ဤမျှ အရှုံးပေါ်အောင် လုပ်နိုင်မည့်သူများမှာ အသားဂျယ်လီနှင့် ကြက်တူရွေးအပြင်မရှိကြောင်း သေချာနေ၏။
“အဲဒီနှစ်ကောင်က အဲဒီလောက်လည်း အစွမ်းမထက်ပါဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်ရွေးချယ်ခံအများကြီးကို ဓားပြတိုက်နိုင်ခဲ့တာပါလိမ့်” မန်ဟိုမှာ ဤအခြင်းအရာကို အလွန်သိချင်နေပြီး စဉ်းလည်း မစဉ်းစားတတ်ပေ။
“မုတ်ဆိတ်ပျားဆွဲပြီး ကံကြမ္မာကောင်းတစ်ခုခုများ ရသွားတာလား” သူသည် တွေးရင်း တောင်တန်း၏အနားပတ်ဝန်းကျင်သို့ ရောက်သည်အထိ ပျံသန်းလာခဲ့၏။ သုံးရက်ကြာသော် အရှေ့ဘက်နယ်မြေကို ခြံရံထားသော မြို့များအထဲမှ တစ်မြို့ကို တွေ့လိုက်ရသည်။ သူက ၎င်းကို ကြည့်ပြီး မြို့ထဲတွင် ဖြေးဖြေးမှန်မှန် လှည့်ပတ်ပျံသန်းပြီးနောက်ဆုံး အဝေးသို့ ထွက်သွားရန် ပြင်လိုက်သည်။
သူသတိမထားမိသည်မှာ ထိုမြို့တစ်မြို့ထဲရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မျက်လုံးနှစ်စုံက သူ့ကို ခိုးကြောင်ခိုးဝှက် ကြည့်နေသည်ကိုပင်။
ထွားထွားကြိုင်းကြိုင်းလူနှစ်ယောက်သည် အရက်များ တကျိုက်ကျိုက် သောက်ပြီး အသားများ တကျွတ်ကျွတ် ဝါးစားနေကြ၏။ တစ်ယောက်က ခုံတစ်လုံးတွင် တင်ပျဉ်ခွေထိုင်နေပြီး တစ်ယောက်က စားပွဲဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်။ ဤရသရွေ့ ထိုသို့ထိုင်မှ သူတို့အတွက် သက်တောင့်သက်သာ ရှိသယောင်ပင်။
ပို၍ပင် ထူးဆန်းသည်ကား တင်ပျဉ်ခွေထိုင်နေသော လူထွားကြီးက အရက်များကို တရှူးရှူး စုပ်သောက်နေပြီး စားသောက်ဖွယ်တစ်ပုံတစ်ခေါင်းကို ပါးစပ်ထဲ ပစ်ထည့်တတ်သည်။ ကျန်တစ်ယောက်မှာ ငှက်တစ်ကောင် အစာကောက်သလို တို့ကနန်းဆိတ်ကနန်း စားနေလေသည်။
“မြင်လိုက်လား” ငှက်လိုလူက ပြောသည်။ သူက အဝေးသို့ ထွက်သွားသော မန်ဟို့ကို ကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်၍ မျက်လုံးများ တောက်ပလာတော့သည်။
“ဟမ်” ကျန်တစ်ယောက်က မန်ဟို၏ထွက်သွားသောပုံရိပ်ကို မော့ကြည့်ရင်း ပြောသည်။
“သောက်ပိန်း” ငှက်လိုလူက ကျန်တစ်ယောက်၏ ခေါင်းကို ဖြတ်ရိုက်ရင်း ပြောသည်။ “သောက်ရူး။ ဦးနှောက်ရှိစမ်းကွာ ငါ့ချီးပဲ။ သခင်ငါးက မင်းကို ဒီလောက်နှစ်တွေအများကြီး ဆုံးမပေးနေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်ပိန်းတိန်းနေရသေးတာတုန်း”
“သောက်ကျိုးနည်း” လူထွားကြီးက ဟိန်းဟောက်လိုက်ရာ သူ့ပါးစပ်ထဲမှ အစာများထွက်လာပြီး အတွင်းထဲ၌ ကခုန်နေသော မိုးကြိုးလျှပ်စီးများကို ဖော်ပြလိုက်၏။ “မင်းက အကျင့်ပျက်နေတာပဲ။ အရှက်သိက္ခာမဲ့လိုက်တာ။ မဖြစ်သေးဘူး။ မင်းကို ပြောင်းလဲပစ်ရမယ်”
“တိုးတိုးပြောစမ်း” ငှက်လိုလူက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ “ငါ ပြောတာနားထောင်။ ဟို ဝါးမောက်နဲ့လူကို မြင်လား။ သူက သူ့အရှိန်အဝါကို ဖုံးကွယ်ထားတာ။ အဲဒီဦးထုပ်က သေချာပေါက် ရတနာတစ်မျိုးမျိုး ဖြစ်ရမယ်”
“ရတနာ ဟုတ်လား” လူထွားကြီးက မျက်လုံးများ လင်းလက်သွားရင်း ပြောသည်။
“ဟုတ်တယ်။ သေချာပေါက် ရတနာတစ်ပါးပဲ။ ငါ့အတွေ့အကြုံအရ အဲဒီလိုရတနာတွေကို သယ်လာတဲ့ လူတွေက များသောအားဖြင့် ငဖျင်းတွေပဲ။ ပြောရရင် အသတ်ခံရမှာ စောင့်နေတဲ့ သိုးငယ်လေးတွေလိုပေါ့ကွာ
“သခင်ငါးကို ယုံကြည်စမ်းပါ။ အဲဒီလူက သေချာပေါက် အလွယ်လေးနှပ်ချလို့ရမယ့် ပစ်မှတ်။ ဒါ့အပြင် သူ့ကျင့်ကြံခြင်းအခြေခံက သိပ်မမြင့်မားလောက်ပေမယ့် သူ့သိုလှောင်အိတ်ကတော့ တော်တော်တန်လိမ့်မယ်။ သူ့အဝတ်အစားတွေ မြင်လား။ ငါတို့ တလောက ဓားပြတိုက်ခဲ့တဲ့ ကောင်လည်း အဲဒီအတိုင်း ဝတ်ထားတာလေ
“အားလုံးအထဲ အရေးအကြီးဆုံးကတော့ သူက သူ့ကို ဘယ်သူမှ သတိမထားစေချင်တာ သိသာတယ်။ အဲ့ဒါက သူ့မှာ လျှို့ဝှက်ချက်တွေရှိတယ်လို့ ဆိုလိုတယ်ကွ။ လျှို့ဝှက်ချက်တွေ” ငှက်လိုလူမှာ ပိုပို၍ စိတ်လှုပ်ရှားလာနေတော့သည်။
“လျှို့ဝှက်ချက်တွေ” လူထွားကြီးက မျက်လုံးများ တလက်လက် တောက်ပနေလျက် ကောက်ချက်ချသည်။
“အဲဒီလိုလျှို့ဝှက်ချက်တွေနဲ့ အားနည်းတဲ့ ကျင့်ကြံခြင်းအခြေခံအပြင် ခပ်ဖောင်းဖောင်း သိုလှောင်အိတ် ... သူက ကျိန်းသေပေါက် ခူးဆွတ်ဖို့ မှည့်နေပြီ။ ပြီးတော့ တစ်ချက်လေးကြည့်လိုက်ရုံနဲ့ သူက ဘယ်လိုဝတ်ရစားရမလဲ သိတဲ့လူမျိုးဆိုတာ ပြောနိုင်တယ်။ ငါ့ကို ယုံ၊ ငါတို့ သူ့ကို ဓားပြတိုက်ပြီးရင် ဘဝကို ဇိမ်ရှိရှိ နေထိုင်နိုင်ပြီ” ငှက်လိုလူမှာ ယခင်ထက်ပင်ပို၍ စိတ်လှုပ်ရှားလာတော့သည်။
လူထွားကြီးမှာ မျက်လုံးများ တောက်ပနေသော်လည်း တုံ့ဆိုင်းနေသည်။
“ဒါမဲ့ ငါတို့ မအောင်မြင်တာ များနေပြီလေ ဖမ်းတောင် အဖမ်းခံရတော့မလို့။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မင်း သူ့ပုံစံပြောင်းလိုက်တိုင်း ငါတို့ လူတိုင်းရဲ့ လိုက်ဖမ်းတာ ခံရတာလေ... နေပါဦး ဒီကောင်က လူယုတ်မာလား”
“ဒါတော့ သိသားပဲ” ငှက်လိုလူက ခေါင်းညိတ်ရင်း ပြောသည်။ “ဟုတ်တာပေါ့ သူက လူယုတ်မာ။ တခြားဘာဖြစ်နိုင်ဦးမလဲ။ ကြည့် ငါတို့ ဒီတစ်ခေါက် သေချာပေါက် အောင်မြင်လိမ့်မယ်။ သခင်ငါးကို ယုံကြည်လိုက်စမ်းပါ။ ပြီးခဲ့တဲ့အခေါက်တွေက မတော်တဆဖြစ်သွားရုံလေးပဲ။ အခု အဲဒီရွေးချယ်ခံတွေအကုန် ထွက်သွားပြီဆိုတော့ သူငယ်နှပ်စားလေးတွေပဲ ကျန်ခဲ့ပြီလေ”
“သူ့ကို ဖြောင့်မတ်အောင် လုပ်ကြစို့” လူထွားကြီးက အံတင်းတင်းကြိတ်၍ ခေါင်းညိတ်ရင်း ပြောသည်။ “သခင်သုံး သူ့ကို ဖြောင့်မတ်အောင် လုပ်ပေးမယ်”
“ခဏနေဦး ၊ သခင်ငါး စီစဉ်ကြည့်မယ်။ အဲဒီလိုလူတစ်ယောက်က အင်း ... မိန်းမလိုက်စားတဲ့သူဖြစ်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိတယ်။ ဟုတ်ပြီ ငါတို့အရင်က သုံးခဲ့တဲ့ ဗျူဟာအတိုင်းသွားလို့ မဖြစ်တော့ဘူး။ ဒီတစ်ခေါက် ငါတို့ အစီအစဉ် (၉) ကို အကောင်အထည်တန်းဖော်ကြမယ်။ မြန်မြန် ခပ်လန်းလန်းစော်လေး အသွင်ပြောင်းလိုက်”
“(၉) ။ ဘာက (၉) လဲ။ ရာရာစစ သခင်သုံးကို စော်ကားရဲတယ်လို့” လူထွားကြီးက ဒေါကန်သွားသည်။
“အာ.... (၃) ။ အစီအစဉ် (၃)” ငှက်လိုလူက ပြန်ဖြေသည်။
“စောစောကပြော ပြီးရောကို။ ကဲ ဘယ်သူ့ပုံပြောင်းရမလဲ”
“ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး။ လန်းပြီး စွဲမက်စရာကောင်းရင် ရပြီ။ မြန်မြန် ငါတို့ သွားရတော့မယ်”
“လန်းပြီး စွဲမက်စရာကောင်းရမယ်” လူထွားကြီးက တခဏ တွေးပြီးနောက် ဖောက်ခနဲ အသွင်ပြောင်းလိုက်တော့သည်။ ယခုတွင် သူသည် စွဲမက်ဖွယ်မျက်နှာလေး၊ နှလုံးသားနှင့် ဝိညာဉ်ကို အပိုင်သိမ်းနိုင်သော မျက်ဝန်းလေးတစ်စုံ၊ ဖွံ့ထွားသော ကောက်ကြောင်းလေးနှင့် အလွန်ညှို့ချက်ပြင်းသော အမျိုးသမီးတစ်ဦးအသွင်ပြောင်းသွား၏။
မန်ဟိုသာ ဤနေရာတွင် ရှိလျှင် .... ဤမိန်းကလေးကား မိစ္ဆာဧကရီကျင်ရှန်းဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလိမ့်မည်။
“အဝတ်တွေ များလွန်းတယ်” ငှက်လိုလူက ပြောသည်။ “လုပ်စမ်းပါ အဝတ်နည်းနည်း”
ဖောက်
လူထွားကြီးက ထပ်ပြောင်းလိုက်ပြန်သည်။
“ဟာ ကိုယ်လုံးတီးမဖြစ်ရုံတမယ်ပဲ။ မ...မ.. မင်း သောက်ဦးနှောက်ကို မရှိဘူး။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အပြင်ထွက်မှာတုန်း”
ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ပြောင်းပြီးနောက် ငှက်လိုလူမှာ ကျေနပ်သွားပြီး ကျင်ရှန်းအတု လူထွားကြီးကို တံခါး၏အပြင်သို့ တွန်းပို့လိုက်သည်။
ကျင်ရှန်းပုံစံနှင့် လူထွားကြီးကား အလွန်လျှပ်ပေါ်လျှပ်လီ ဝတ်ဆင်ထားပြီး ထိုသို့ဝတ်ထားရသည့်အတွက် မကျေမနပ်ဖြစ်နေ၏။ သူက နှာခေါင်းနှိုက်ပြီး ခြေလှမ်းကြဲကြီးများဖြင့် ယောက်ျားကြီးလို လျှောက်သွားရာ ငှက်လိုလူမှာ ဒေါသတကြီး ပျံလာပြီး ပြောင်းလဲပေးနေတော့သည်။
မန်ဟိုသည် မြို့ထဲမှ ယခုလေးတင် ထွက်လာခဲ့၏။ ဝါးခမောက်အောက်တွင် သူက မျက်မှောင်ကြုတ်နေလေသည်။ တောင်တန်းအနားပတ်ဝန်းကျင်၌ ရက်အနည်းငယ် လှည့်ပတ်ပျံသန်းနေခဲ့သော်လည်း သူ ရှာနေသော ငနဲနှစ်ကောင်နှင့် ပက်ပင်းမတိုးသေးပေ။
“ထွက်သွားကြပြီများလား” သူက တွေးလိုက်သည်။ “ဒါမှမဟုတ် ငါ့အရှိန်အဝါကို သတိထားမိသွားတာလား” ရုတ်တရက် သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ချာခနဲ လှည့်လိုက်သည်။ ထိုနေရာတွင် သိပ်မလှမ်းသော လေလယ်တွင် အမျိုးသမီးတစ်ယောက်သည် သူ့အနား ချဉ်းကပ်လာနေ၏။ နောက်မှလိုက်ဖမ်းခံနေရသည့်အလား စိုးရိမ်ကြောင့်ကြနေသော အမူအရာတစ်ခုအား သူမမျက်နှာအပေါ်တွင် မြင်ရနိုင်သည်။
အမျိုးသမီးပေါ်လာသော အခိုက်အတန့်တွင် မန်ဟိုမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဤအမျိုးသမီးမှာ လူထွားကြီးဖြစ်သည့် ကျင်ရှန်းအတုမှတစ်ပါး အခြားမဟုတ်ပေ။
သူမသည် မလုံ့တလုံ အဝတ်အစားများကို ဝတ်ထားပြီး ဆောင်းဦးလေညင်းလေးသဖွယ် မွှေးကြိုင်နေ၏။ စွဲမက်ဖွယ်ကောင်းသော အလှတရားနှင့် တင့်တယ်မှုကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် မျက်လုံးချင်းဆုံသွားသူတိုင်းကို မြူဆွယ်နေသော အရိပ်အယောင်က သူမ၏ ညှို့အားပြင်းမျက်ဝန်းများတွင် နေရာယူထားသည်။ သူမအပေါ် အကြည့်ရောက်သွားသူတိုင်း ရင်ခုန်သံတို့ မြန်လာကြောင်း တွေ့ရပေမည်။
သူမသည် မန်ဟို့အနားမှ ဖြတ်သွားရင်း သူ့ကို လှမ်းကြည့်ကာ ရှက်ကိုးရှက်ကန်း ပြုံးပြ၏။ ထို့နောက် ခပ်သုတ်သုတ် ထွက်သွားသည်။ သို့သော် သိပ်ဝေးဝေး မရောက်ခင် သူမက တစ်နည်းနည်းဖြင့် သူ့ကို မျက်စိကျသွားသည့်အလား ပြန်လှည့်ကြည့်သည်။ သူမသည် သူ့ကို အသည်းယားဖွယ်ကောင်းလောက်အောင် မြူဆွယ်သလို ကြည့်ပြီး သူမ၏ဖွံ့ထွားသောတင်ပါးလေးကို ညင်ညင်သာသာ ရမ်းရင်း လမ်းလျှောက်ထွက်သွား၏။ သူမ၏နောက်ကျောလေးက မည်သည့်အမျိုးသားကိုမဆို ရမ္မက်တို့ ထကြွသွားစေရန် လုံလောက်လေ၏။
မန်ဟိုမှာတော့ ပါးစပ်အဟောင်းသား။
ကျင်ရှန်းအတုမှာ သိသိသာသာ အထာပေးနေသည့်တိုင် ပစ်မှတ်မှ အထာမနပ်သဖြင့် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း မပျော်တော့ပေ။ ထိုလူကား ပါးစပ်အဟောင်းသားနှင့်သာ စိုက်ကြည့်နေလေသည်။ နောက်ဆုံးတော့ ကျင်ရှန်းအတုက တမင်တကာ သွေးတစ်ပွက် အန်လိုက်၏။
“တာအိုရောင်ရင်း ကယ်ပါဦး” သူမက မန်ဟို့ကို ပြန်လှည့်ကြည့်ရင်း အော်သည်။
မန်ဟိုမှာ မျက်လုံးအပြူးသားနှင့် ကျင်ရှန်းအတုကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မသိသာသောအပြုံးတစ်စအား သူ၏မျက်ဝန်းများတွင် မြင်တွေ့ရနိုင်သည်။ သူက လူယုတ်မာပြုံးပြုံးရင်း ချဉ်းကပ်လာ၏။
“ကျုပ်သာ ဒီမှာရှိရင်” သူက ပြောသည်။ “ဘာကိုမှ ကြောက်စရာမလိုဘူး တာအိုရောင်ရင်း”
“တစ်ယောက်ယောက် ကျွန်မနောက်ကို လိုက်နေတယ်” ကျင်ရှန်းအတုက အတော်လေးအားနည်းနေသည့်အတိုင် ပို၍ပင်အသည်းယားဖွယ် အသံလေးဖြင့် ညုတုတုလေး ပြောသည်။ “အဲ့ဒါကြောင့် ထွက်ပြေးလာရင်း ဒဏ်ရာရသွားတယ်။ တာအိုရောင်ရင်း၊ ကျွန်မကို ကျွန်မရဲ့ ကျင့်ကြံခြင်းဂူဆီ လိုက်ပို့ပေးမယ်ဆိုရင်လေ အရမ်းကျေးဇူးတင်မိမှာပါ...”
စိတ်ထဲတွင် မန်ဟိုသည် အကျယ်ကြီး အော်ရယ်နေပြီး သရုပ်ဆောင်မည်မျှဆိုးရွားသလဲ ပြက်ရယ်ပြုနေသည့်တိုင် ပြုံးမြဲပြုံးပြီး ချက်ချင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အမျိုးသမီးနှင့်အတူ လေပေါ် ပျံတက်လိုက်သည်။ သူတို့နှစ်ယောက်သား တောင်တန်းထဲက ကျင့်ကြံခြင်းဂူတစ်ဂူထံ တဟုန်ထိုး ထွက်သွားကြလေသည်။ အမျိုးသမီးက သူ့ကို အထဲဝင်လာဖို့ လက်ဟန်ပြ၏။
ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကျင့်ကြံခြင်းဂူကား ထူးခြားလေသည်။ အပြင်ရှိ မန္တန်ဝင်္ကပါက အန္တရာယ်အငွေ့အသက်ကို ထုတ်လွှတ်နေပြီး မန်ဟို့ကျင့်ကြံခြင်းအခြေခံအရ သူပင်လျှင် ၎င်းကို ချိုးဖျက်ရန် အခက်တွေ့မည်ဖြစ်ကြောင်း သိလိုက်ရသည်။
ကျင့်ကြံခြင်းဂူထဲ ဝင်လာပြီးနောက် အမျိုးသမီးက သက်ပြင်းချကာ တုံ့ခနဲ ရပ်ပြီး မန်ဟို့ကို ချစ်စဖွယ်အပြုံးလေးနှင့် ကြည့်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း” သူမက သူ့အနား တမင်တိုးကပ်လာရင်း ပြောသည်။ “ဒီနေရာမှာ ကျွန်မရဲ့ တာအိုစောင့်ရှောက်သူအဖြစ် နေပေးနိုင်မလားဟင်။ ဒဏ်ရာတွေ သက်သာသွားတာနဲ့ သေချာပေါက် ကျေးဇူးပြန်ဆပ်ပေးပါ့မယ်နော်”
“ရတာပေါ့ ပြဿနာမရှိဘူး” မန်ဟိုက အန်ချင်စိတ်များကို ချုပ်တည်းရင်း ပြောလိုက်သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
ကျင်ရှန်းအတုမှာ မျက်မှောင်ကြုတ်သွားသည်။ အခြေအနေကား စီစဉ်ထားသလို မသွားသည့်အတွက် သူ့မှာ ဘာလုပ်ရမည်လဲ မသိတော့ပေ။ ထို့ကြောင့် မြေကြီးကို အလျင်အမြန် ဆောင့်နင်းရင်း ငှက်လိုလူကို တိတ်တဆိတ် အချက်ပေးလိုက်သည်။
အသက်ရှိုက်စာအနည်းငယ်ကြာသော် ကျင့်ကြံခြင်းဂူတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး မန်ဟို့ကို လန့်ဖျပ်သွားစေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဝင်ရောက်လာသည်။ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ခပ်ချောချော ယောက်ျားတစ်ယောက် ဝင်လာ၏။ သူက စာပေသမားတစ်ဦး၏အရှိန်အဝါကိုပင် ထုတ်လွှတ်နေလေသည်။
“ပြန်ရောက်ပြီပေါ့လေ မိန်းမ” လူငယ်က တဟားဟား ရယ်ရင်း ပြောသည်။ သို့သော် မန်ဟိုနှင့် ကျင်ရှန်းအတုကို မြင်သောအခါ သူက တုံ့ခနဲ ရပ်ပြီး မျက်လုံးပြူးသွား၏။
“အပျက်မ။ မင်း.... တကယ်ပဲ ဒီနေရာမှာ ဖောက်ပြန်နေတာပေါ့လေ” လူငယ်၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး သူ၏အရှိန်အဝါက စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။ ကောင်းကင်နှင့်မြေကြီးမှာ မှောင်မိုက်လာပြီး အရာအားလုံးမှာ တုန်ခါရင်း ပေါက်ကွဲတော့မည့်အလားပင်။ ကျင့်ကြံခြင်းဂူတံခါးသည် ပျက်စီးသွားပြီး မန်ဟို မြင်ခဲ့သော မန္တန်ဝင်္ကပါလည်း တစစီကျိုးပျက်သွားသည်။
စိတ်ဝိညာဉ်နယ်ပယ်ထက် ကျော်လွန်သော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ ၎င်းမှာ မယုံနိုင်လောက်အောင် အားကောင်းပြီး အင်မော်တယ်တစ်ဦး ဆင်းသက်လာနေသည့်အလား ထင်ရ၏။ တစ်နေရာလုံးမှာ ချက်ချင်း ပိတ်လှောင်ခံလိုက်ရရာ အန္တရာယ်အာရုံအား မန်ဟို့ရင်ထဲတွင် ပေါက်ဖွားလာစေသည်။
သူ့အရှေ့ရှိ လူတွင် သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သော အရှိန်အဝါရှိနေသည့်အလားပင်။
“ယောက်ျား ဒါ နားလည်မှုလွဲတာလေးပါ...” ကျင်ရှန်းအတုက ပြောသည်။
“လီးကို နားလည်မှုလွဲတာလား။ ငါ့အရှေ့က ထွက်သွားစမ်း။ ငါတို့က လင်မယားဆိုတာ ထောက်ထားပြီး မင်းကို ဒီနေ့ မသတ်သေးဘူး။ မင်းရဲ့ လင်ငယ်ကိုတော့ လျော်ကြေးကောင်းကောင်းပေးခိုင်းရမယ်။ သူ ဘယ်ဂိုဏ်းကလာလာ ဂရုမစိုက်ဘူး။ မန်မျိုးရိုး လူတစ်ယောက်ကို သေစေချင်ရင် ဘယ်သူ သူ့ကို ကယ်ရဲမလဲ”
မန်ဟိုသည် လူငယ်ကို ကြည့်လိုက်စဉ် မျက်လုံးများ တောက်ပသွားပြီး မျက်နှာအမူအရာထူးဆန်းသွားတော့သည်။
ဤလူငယ်ကား ... မန်ဟိုနှင့် ချွတ်စွပ်တူချေသည်။
မှန်ပါသည်၊ မန်ဟိုက ရုပ်ပြောင်းပေးသော ဝါးခမောက်ကို ဆောင်းထားသည့်အတွက် မည်သူမှ သူ့ကို မှတ်မိမည်မဟုတ်ပေ။
***